ဆောင်းပါး

စစ်တပ် လက်အောက် နှစ် ခြောက်ဆယ်

“စစ်တပ် လက်အောက် နှစ် ခြောက်ဆယ်”

နိုင်ငံတကာ နှင့် အိမ်နီးချင်း နိုင်ငံများမှ မြန်မာ အရေး နှင့် ပတ်သက်ပြီး အာဆီယံ၏ မူ ငါးချက်ကို ထောက်ခံကြောင်း နှင့် အကောင်အထည် ဖေါ်ရမည် ဖြစ်ကြောင်း ဂါထာ မန္တာများ အလား ရွတ်ဆိုနေကြဆဲ ဖြစ်သော်လည်း အကြမ်းဖက် ဖြေရှင်းရန်သာ သင်ကြား နားလည် ထားသည့် စစ်အာဏာသိမ်း အဖွဲ့သည် ကျေးရွာများကို မီးရှို့ဖျက်ဆီးခြင်း၊ လူများ အား မထင်လျင် မထင်သလို အတားအဆီး အဟန့်အတား မရှိ ကျူးလွန်လာမှုများကို တိုင်းရင်းသား ပြည်သူများ ခါးစီးခံနေကြရပြီ ဖြစ်သည်။

ယခုမှသာ ဘီလူးခေါင်းစွပ်ထားသူများ၏ မျက်နှာဖုံး ကွာကျခဲ့သော်လည်း ၎င်းတို့၏ အနုနည်းဖြင့် နှိပ်စက်ကလူ ပြုမူကို ခံလာရသည်မှာ ငါးနှစ်ခန့် လူချင်းတူတူ သူချင်းမျှမျှ‌ နေလာခဲ့ရသည်မှ လွဲ၍ နှစ်ပေါင်း ၆၀ တိတိပင် ပြည့်တော့မည် ဖြစ်သည်။

ဤသည်ကလည်း vertical command structure ဖြင့် စစ်တပ်အတွင်း အမိန့်ပေး အမိန့်ခံ စနစ်ဖြင့် နေထိုင်လာခဲ့ရပြီး အလယ်အလတ် အဆင့် စီမံခန့်ခွဲရေး များ လောက်သာ လုပ်နိုင်စွမ်း ရှိခဲ့သည့် စစ်ဖက်အရာရှိများသည် တိုင်းပြည်၏ စီးပွားရေး၊ နိုင်ငံရေး မူဝါဒများကို ဦးဆောင် ရေးဆွဲ ချမှတ် ဖို့ ဖြစ်လာရသည့် အခါတွင်တော့ အလွဲလွဲ အချော်ချော် မလုပ်တတ် မကိုင်တတ် ဖြစ်လာခဲ့ရသော ကြောင့်ပင် ဖြစ်သည်။

ထိုအခါတွင်တော့ အလွဲလွဲ အချော်ချော် ဖြစ်လာ၍လည်း မိမိတို့ အာဏာကို ဆုပ်ကိုင်ထားနိုင်ဖို့က အရေးကြီးလာ၍ လက်အောက်ခံ များအကြား ဝေစားမျှစား စနစ်ကို မဖြစ်မနေ ဖန်တီးပေးလာရသည့် Power Broker အဆင့် ရောက်ရှိသွားခဲ့ရတော့သည်။ ၎င်းတို့ အား လတ်တလော အန္တရာယ် ပေးနိုင်ခြင်း မရှိသည့် ပြည်သူများ၏ အရေးကို မျက်ကွယ်ပြုခဲ့ရပေတော့သည်။ ထို့အတွက် ပြည်သူများ နှင့် လုံးဝကင်းလွတ်လာသည့် ဗျူရိုကရေစီ စနစ်ကြီး ဖြစ်ပေါ်လာကာ သီးခြား လူတန်းစား တရပ် ပေါ်ပေါက်လာရပေတော့သည်။

ယခုအခါ ထိုလူတန်းစားများသည် ပြည်သူများ အပေါ် အကြမ်းဖက် ဆက်ဆံလာကြပြီ ဖြစ်၍ ၎င်းတို့အား တပ်မတော်ဟု မည်သူမျှ ခေါ်ဝေါ်ကြခြင်း မရှိတော့ပဲ လူသတ် တပ်အဖြစ် တညီတညွတ်တည်း သတ်မှတ်လိုက်ကြပြီ ဖြစ်သည်။

ထို့ကဲ့သို့သော အဓမ္မသမားများ ဘယ်လောက်ကြာကြာ ခံနိုင်ကြပေဦးမည်နည်း၊ ထို့အတွက်လည်း နေ့စဉ်လို ၎င်းတို့ဖက်မှ ထိခိုက် ကျဆုံးမှုများကို ပြည်သူများက ဝမ်းပမ်းတသာ ရှိနေကြသည်။ မိမိတို့ကို အနိုင်အထက် ညှင်းပမ်းနေကြသူများအား ပြန်၍ နိုင်သူ ပေါ်လာသည့် အရေးအား အဘယ်သူသည် ကျေနပ်အားရ မဖြစ်ပဲ နေကြအံ့ပေမည်နည်း။

ထိုသို့ ကျေနပ်အားရနေယုံဖြင့် မပြီးသေးပဲ ပြည်သူတရပ်လုံးက ညီညွတ်စွာ တွန်းလှန်နိုင်မှသာ ထိုသို့သော လူတန်းစားများ မြန်မာမြေပေါ်မှ အပြီးအပိုင် ပျောက်ကွယ်သွားနိုင်မည်လည်း ဖြစ်ပေသည်။

မရည်ရွယ်ပဲ မတော်တဆ လက်လွန် ခြေလွန်ဖြစ်သွားသည့် ကိစ္စမျိုးတွင် ရန်ကို ရန်ချင်း မတုံ့နှင်း သင့် ဆိုသည့် စကားက မှန်ကောင်းမှန်နိုင်သော်လည်း စံနမူနာပြ ဆိုကာ ရည်ရွယ်ချက် ရှိရှိ ဖြင့် အပြစ်မဲ့သူများကို သတ်ဖြတ်လာနေခြင်းကို လက်တုန့်မပြန်ပါက မိမိတို့ အသက်ဆုံးဖို့သာ ရှိတော့သည် မဟုတ်ပါလား။

မဲသမာမှု ကြောင့် အာဏာသိမ်းခဲ့ရပါသည် ဆိုသော စစ်တပ်မှ ခန့်ထားသော ရွေးကောက်ပွဲ ကော်မရှင်မှ ဆယ်တလကြာ စုံစမ်း စစ်ဆေးခဲ့ပြီးနောက် တွင် မဲ နှစ်ကြိမ် ထဲ့သူ စုစုပေါင်း ၂,၁၆၉ ဦး အား ဖေါ်ထုတ်နိုင်ခဲ့သည်ဟု ဝမ်းပမ်းတသာ ကြေညာလာခဲ့သည်။

သို့သော် တကယ်တမ်း တွင် ၂၀၂၀ ရွေးကောက်ပွဲ အား လာရောက်မဲပေးခဲ့ကြသည့် မဲဆန္ဒရှင် စုစုပေါင်း ၂၆ သန်း ခန့်ထဲမှ ထိုသို့ ရှာဖွေဖေါ်ထုတ်နိုင်ခဲ့ခြင်း ဖြစ်၍ ရာနှုန်းအားဖြင့် ၀.၁ % သာ ရှိပေသည်ဟု မြန်မာ နောင်းက တွက်ချက် ပြခဲ့သည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ ဦးအောင်ကြည်ညွန့်ကလည်း ၎င်းတို့ လိမ်လည်နေကြသည်ကို ပြည်တွင်းသာ မက တကမ္ဘာလုံး က သိနေကြပြီ ဖြစ်ပြီး ယခုထိလည်း လူ ၁၁ သန်း ခန့်ဆိုသည်ကို မည်မည်ရရ သက်သေမပြနိုင် ဖြစ်နေရသည်ဟု ပြောလာခဲ့သည်။

ရွေးကောက်ပွဲတိုင်းတွင် ဖြစ်လေ့ဖြစ်ထ ရှိသော မပြောပလောက်သည့် မဲစာရင်း ကွာဟမှုကို ယိုးမဲဖွဲ့ကာ အာဏာကို သိမ်းယူခဲ့ကြခြင်းလည်း ဖြစ်သည်။

ထို့အတွက် ပြည်သူများ၏ ဒဏ်ခတ်မှု ကို မလွဲမသွေ ခံကြရတော့မည် ဖြစ်သည်။

ပြည်တွင်း တွင် အခြေအနေများ ဆိုးဝါးလာနေမှု နှင့် ရဟန်းသံဃာများ ပါမကျန် စစ်ပြေးရှောင် ထွက်ပြေးနေရသည့် အခြေအနေများကို နိုင်ငံတကာ က မည်မျှကြာကြာလက်ပိုက်ကြည့်နေ နိုင်ကြပေမည်နည်း။

Hla Soewai (လှစိုးဝေ)

ဖက်ဒရယ်ဂျာနယ်
ဇန်နဝါရီ ၁၈၊ ၂၀၂၂

Related Articles

Back to top button