ဆောင်းပါး

ယဉ်ကျေးမှုမြေပုံနှင့် အမျိုးသားရေး

“ယဉ်ကျေးမှုမြေပုံနှင့် အမျိုးသားရေး”

အမျိုးသားရေးကို လုပ်ဆောင်တဲ့နေရာမှာ၊ စာပေ ဂီတ ယဉ်ကျေးမှု အနုပညာမှာ အားသစ်လောင်းတဲ့ကိစ္စဟာ သိပ်အရေးကြီးပါတယ်။ နယ်စပ်မျဉ်းတွေဟာ နိုင်ငံရေးအကွဲအပြဲကြောင့် အပြောင်းအလဲဖြစ်နိုင်တယ်။ ဒါပေမယ့် ယဉ်ကျေးမှုအားဖြင့် စည်းနှောင်ထားတဲ့ ဧရိယာကို နယ်ခြားမျဉ်းတွေ အပြောင်းအလဲလုပ်သလို လုပ်ဖို့ မလွယ်ဘူး။ ဒါ့ကြောင့် ယဉ်ကျေးမှုအားဖြင့် စည်းနှောင်ထားတဲ့ အမျိုးသားနိုင်ငံတွေဟာ ကြာရှည်တည်တံ့တာကို တွေ့ရတယ်။ အကယ်၍ နိုင်ငံရေးနဲ့ စစ်ရေးအပြောင်းအလဲတွေကြောင့်၊ နယ်စပ်မျဉ်းတွေ ခြားနားသွားရင်တောင် ယဉ်ကျေးမှု အားဖြင့် ခွဲခြားလို့ မရတာတွေ့ရတယ်။ ယဉ်ကျေးမှုမြေပုံဆိုတာ သီးခြား ရှိနေပါတယ်။ ယနေ့ လူအတော်များများ နားလည်လက်ခံထားတဲ့ မြေပုံတွေဟာ နိုင်ငံရေးအရ၊ အုပ်ချုပ်ရေးအရ ပိုင်းဖြတ်ထားတဲ့ မြေပုံတွေသာ ဖြစ်ပါ တယ်။

မြေပုံအမျိုးမျိုး ရှိတယ်ဆိုတာ နားလည်အပ်တယ်။

  • လူမျိုးစုတွေ ပျံ့နှံ့နေထိုင်တဲ့ မြေပုံ
  • နိုင်ငံတွေရဲ့ မြေပုံ
  • မြေမျက်နှာသွင်ပြင်မြေပုံ
  • ဘာသာရေးမြေပုံနဲ့
  • ယဉ်ကျေးမှုမြေပုံတွေ အသီးသီး ရှိနေတယ်။

ယဉ်ကျေးမှု မြေပုံ

လူအတော်များများဟာ အုပ်ချုပ်မှုအရ ပိုင်းဖြတ်ထားတဲ့ စီရင်စုနယ်မြေရဲ့ မြေပုံတွေကိုသာ နားလည်ကြတယ်။ လူမျိုးစုတွေ ပျံ့နှံ့နေထိုင်တဲ့ မြေပုံကိုလည်း သိကောင်းသိနေကြတယ်။ သို့သော်လည်း ယဉ်ကျေးမှု​မြေပုံကို သိပ် မမြင်တတ်ကြဘူး။ ကမ္ဘာကြီးမှာ ယဉ်ကျေးမှု (Civilization) ကြီးရဲ့ မြေပုံကို နိုင်ငံရေးပညာရှင် ဆင်မြူရယ် ဟန်တင်တန်က သူ့ရဲ့ ယဉ်ကျေးမှုများ တိုးတိုက်မိခြင်းစာအုပ်မှာ ပိုင်းခြားသတ်မှတ်ပြတယ်။ ကမ္ဘာပေါ်မှာရှိတဲ့ ယဉ်ကျေးမှုဝိသေသတူရာတူရာ အုပ်စုကြီး (၉) ခုရှိတယ်လို့ ဆိုတယ်။

  • (၁) အနောက်တိုင်းယဉ်ကျေးမှု
  • (၂) ကွန်ဖြူးရှပ်ယဉ်ကျေးမှု
  • (၃) ဗုဒ္ဓဘာသာယဉ်ကျေးမှု
  • (၄) ဂျပန်ယဉ်ကျေးမှု
  • (၅) အစ္စလာမ်ယဉ်ကျေးမှု
  • (၆) ဟိန္ဒူယဉ်ကျေးမှု
  • (၇) အော်သိုဒေါ့(ခ်) ယဉ်ကျေးမှု
  • (၈) လက်တင်အမေရိကန်ယဉ်ကျေးမှု နဲ့
  • (၉) အာဖရိကန်ယဉ်ကျေးမှု

တို့ ဖြစ်ပါတယ်။

ဝေါဟာရရှင်းတမ်း

ဒီနေရာမှာ ဆင်မြူရယ်ဟန်တင်တန် တင်ပြတဲ့ ယဉ်ကျေးမှုဆိုတာ “Civilization” ဆိုတာကို ခေါ်တာဖြစ်ပါတယ်။ မြန်မာဝေါဟာရမှာတော့ ယဉ်ကျေးမှုဆိုတာကို Culture လို့လည်း သုံးနှုန်းတယ်။ ဒီတော့ ဒီနေရာမှာ “ကာချာ” နဲ့ “စီဗယ်လိုက်ဇေးရှင်း” ဆိုတာကို ခွဲခြားနားလည်ဖို့ ဖြစ်ပါတယ်။

  • “Civilization” ဆိုတာ အခြေခံဓာတ်ခံတူမျှသော Culture များနဲ့ စည်းရုံးပေါင်းဖွဲ့ထားသော လူ့အဖွဲ့အစည်း တစ်ခုဖြစ်ပါတယ်။ တနည်းအားဖြင့် တူရာတူရာယဉ်ကျေးမှုများ၏ အပေါင်းအစုဖြစ် ပါတယ်။
  • Culture ဆိုတာကတော့ “လူ့အဖွဲ့အစည်းတစ်ရပ်ရှိ လူများမျှဝေ လက်ခံထားတဲ့ အိုင်ဒီယာတွေ၊ ယုံကြည်မှုတွေ၊ ဓလေ့ထုံးတမ်းအစဉ်အလာတွေ” ကို ဆိုလိုခြင်းဖြစ်ပါတယ်။
  • Culture ဆိုတာ မိုက်ခရို (Micro) သဘောဖြစ်ပြီး၊ “Civilization” ကတော့ မက်ခရို (Macro) လို့ နားလည်နိုင်ပါတယ်။

အီကော်နော်မစ်ဆိုတာကို ဘောဂဗေဒလို့ အနက်ပြန်ပါတယ်။ သို့သော်လည်း ဘောဂဗေဒမှာ မက်ခရိုဘောဂဗေဒနဲ့ မိုက်ခရိုဘောဂဗေဒ အဖြစ် ရှိနေသလို၊ ယဉ်ကျေးမှုမှာလည်း မက်ခရိုသဘော၊ မိုက်ခရိုသဘော ရှိတယ်လို့ ယူဆနိုင် ပါတယ်။

ယဉ်ကျေးမှုထီးရိပ်အောက်က အရာတွေ

ကမ္ဘာပေါ်မှာ ယဉ်ကျေးမှုအားဖြင့် စည်းနှောင်ထားတဲ့ စည်းလုံးမှုရှိနေကြပါတယ်။ ဝတ်စားဆင်ယင်ပုံဟာ ယဉ်ကျေးမှုဖြစ်တယ်။ စားသောက်မှုပုံစံဟာ ယဉ်ကျေးမှုဖြစ်တယ်။ နေထိုင်မှုပုံစံဟာ ယဉ်ကျေးမှုဖြစ်တယ်။ ကိုးကွယ်ယုံကြည်မှုဟာ ယဉ်ကျေးမှုဖြစ်တယ်။ ဘာသာစကားဟာ ယဉ်ကျေးမှုဖြစ်တယ်။ ဂီတဟာ ယဉ်ကျေးမှုဖြစ် တယ်။ အနုပညာဟာ ယဉ်ကျေးမှုဖြစ်တယ်။ ဓလေ့ထုံးတမ်းအစဉ်အလာဟာ ယဉ်ကျေးမှုဖြစ်တယ်။ နိုင်ငံရေးတွေ ပြောင်းလို့ နယ်စပ်မျဉ်း အပြောင်းအလဲတွေ ဖြစ်ပေမယ့်၊ ယဉ်ကျေးမှုအရ မခွဲမခွာပဲ တည်ရှိနေတဲ့ လူ့အဖွဲ့အစည်း တွေဟာ ဒုနဲ့ ဒေး။ အုပ်ချုပ်မှုအရ မတူညီတဲ့ စနစ်တွေကို ကျင့်သုံးပေမယ့်၊ ယဉ်ကျေးမှုအရ ပေါင်းစည်းနေတဲ့ လူ့အဖွဲ့အစည်းတွေ ရှိပါတယ်။ တချို့က ဘာသာစကားအရ ပေါင်းစည်းနေတယ်။ တချို့က ကိုးကွယ်ယုံကြည်မှု အရ ပေါင်းစည်းနေတယ်။ တချို့က သွေးသားအရပေါင်းစည်းနေတယ်။ တချို့က အတွေးအခေါ်ယုံကြည်မှုအရ ပေါင်းစည်းနေတယ်။ တချို့ကလည်း ဝတ်စားဆင်ယင်မှု၊ စားသောက်နေထိုင်မှုပုံစံအရ ပေါင်းစည်းနေတယ်။ ပေါင်းစည်းမှု အမျိုးမျိုး ရှိနေတာပဲ။

ဥပမေယျတွေ

ဥပမာ – ကိုရီးယားနိုင်ငံကို ကြည့်ပါ။ တောင်ကိုရီးယားနဲ့ မြောက်ကိုရီးယားရယ်လို့ နိုင်ငံနှစ်ခု ဖြစ်နေသော်လည်း လူမျိုးကတော့ တစ်ခုတည်း။ ကိုရီးယားတွေ ပြောတဲ့ ဘာသာစကားကလည်း အတူတူပဲ။ အုပ်ချုပ်ရေးနယ်ခြားမျဉ်း ကို အပြောင်းအလဲ လုပ်ဖို့ လွယ်တယ်။ ဘာသာစကားယဉ်ကျေးမှုမြေပုံကို အပြောင်းအလဲ ဘယ်လုပ်လို့ ရမလဲ။ တရုတ်ကိုကြည့်ရင်လည်း ထိုနည်းလည်းကောင်း။ တရုတ်ကွန်မြူနစ်ပါတီ အုပ်စိုးတဲ့ တရုတ်ပြည်နဲ့ ထိုင်ဝမ် တရုတ် တို့အကြား လူမျိုးရေးမြေပုံကို ဘယ်လို နယ်ခြားမျဉ်းက ပိုင်းဖြတ်နိုင်သလဲ။ ထိုင်ဝမ် တရုတ်နဲ့ ပြည်မကြီး တရုတ် တွေဟာ ရုပ်ရည်သွင်ပြင်လက္ခဏာတွေ အားလုံးအတူတူပဲ။ ထိုင်း၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်၊ မြန်မာ စတဲ့ အရှေ့ တောင်အာရှက နိုင်ငံတွေကို ကြည့်ရင်လည်း ရုပ်ရည်သွင်ပြင်တွေဟာ အားလုံး ခပ်ဆင်ဆင်တွေချည်းပဲ။ သီရိလင်္ကာ၊ ထိုင်းနဲ့ မြန်မာတွေကိုကြည့်ရင် နိုင်ငံတွေ သီးခြားဖြစ်ပေမယ့် အားလုံးဗုဒ္ဓဘာသာကိုးကွယ်မှုမှာ တူညီနေကြတယ် မဟုတ်လား။

ပိုင်းခြေတူရင်

နိုင်ငံရေးအုပ်ချုပ်ရေးတွေဟာ အမျိုးမျိုး ပြောင်းလဲနိုင်ပါတယ်။ သို့သော်လည်း ယဉ်ကျေးမှုကတော့ ဖြစ်ထွန်းခဲ သလို၊ ပျောက်ဆုံးခဲတယ်။ အခြေခံဓာတ်နဲ့ ပိုင်းခြေတူရင် ပေါင်းလို့ လွယ်ပေမယ့်၊ အခြေခံမှာကိုက ဝိရောဓိဖြစ်နေ ရင် ပေါင်းစည်းဖို့ ခက်ခဲလှတယ်။

လက်ရှိ မြန်မာပြည်မြေပုံထဲမှာ ကြည့်ပါ။ မွန်ပြည်နယ်လို့ နယ်နိမိတ်သတ်မှတ်ထားသော်လည်း၊ မွန်ယဉ်ကျေးမှု ဟာ မွန်ပြည်နယ်ရဲ့ နယ်နိမိတ်ကို ကျော်လွန်ပျံ့နှံ့တည်ရှိနေတယ် မဟုတ်လား။ ရန်ကုန်နဲ့ ဧရာဝတီမှာ မွန်လူမျိုး တွေရဲ့ အငွေ့အသက်ကို အခုထိ တွေ့မြင်နေရသေးတယ်။ ဒါဟာ ယဉ်ကျေးမှုအရ ဖျောက်ဖျက်ဖို့ ခက်တဲ့အရာပေါ့။ ရှမ်းပြည်နယ်လို့ နယ်နိမိတ်သတ်မှတ်ထားသော်လည်း၊ ရှမ်းလူမျိုးတွေရဲ့ ရှမ်းခေါက်ဆွဲဟာ ရန်ကုန်၊ မန္တလေး၊ ပဲခူး၊ ကချင်၊ စစ်ကိုင်း စတဲ့နယ်တွေအထိ ခြေဆန့်တယ် မဟုတ်လား။ ရခိုင်မုန့်တီကလည်း မြန်မာပြည်အနှံ့ ခြေဆန့်တယ် မဟုတ်လား။ ယဉ်ကျေးမှုရဲ့ နယ်နိမိတ်ကို ကန့်သတ်ဟန့်တား ထားလို့ မရဘူးဆိုတာ နားလည် နိုင်တယ်။

ယဉ်ကျေးမှုနယ်ချဲ့ခြင်း

အမေရိကန်နဲ့ အင်္ဂလိပ်တို့ဟာ မြောက်အမေရိကနဲ့ ဥရောပတိုက်က နိုင်ငံတွေဖြစ်ပေမယ့် သူတို့ရဲ့ အတွေးအခေါ်၊ ဒဿနနဲ့ သီချင်းဂီတတွေ၊ အစားအသောက်တွေ၊ ဝတ်စားဆင်ယင်ပုံတွေဟာ ကမ္ဘာအနှံ့ ပျံ့နှံ့တယ် မဟုတ်လား။ အမေရိကန်တွေ စားတဲ့ ဟမ်ဘာဂါဟာ ကမ္ဘာအနှံ့ ရောက်တယ်။ အမေရိကန်တွေ ဝတ်တဲ့ ဂျင်းဘောင်းဘီဟာ ကမ္ဘာအနှံ့ ရောက်တယ်။ ဂျပန်တွေ စားတဲ့ ဆူရှီဟာ ကမ္ဘာအနှံ့ ခြေဆန့်နေပြီ။ ကိုရီယားတွေစားတဲ့ ဂင်ချီဟာ ကမ္ဘာအနှံ့ ခြေဆန့်နေပြီ။ ထိုင်းတွေစားတဲ့ တုံရမ်းအရသာကို မြန်မာတွေ အတော်ခံတွင်းတွေ့နေပြီ။ မြန်မာပြည်က ဗုဒ္ဓအဘိဓမ္မာကို အနောက်တိုင်းသားတွေ သင်ကြားနေကြပြီ။ မိုးကုတ်ဝိပဿနာဟာ ဩစတေးလျ၊ စင်္ကာပူနဲ့ အနောက်နိုင်ငံတချို့မှာ ပျံ့နှံ့နေပြီ။ ဒါဟာ ယဉ်ကျေးမှုအရ စီးမျောနေတဲ့ကိစ္စတွေဖြစ်တယ်။

အမျိုးသားရေးနယ်နိမိတ်

အမျိုးသားရေးစိတ်ထက်သန်တဲ့ နိုင်ငံတွေဟာ သူတို့ရဲ့ အမျိုးသားရေးနယ်မြေကို နည်းအမျိုးမျိုးနဲ့ ချဲ့ထွင်ကြတယ်။ အဲသည်လို ချဲ့ထွင်တဲ့နေရာမှာ – ဘာသာရေးကို အခြေခံထားပြီးချဲ့ထွင်တဲ့ အမျိုးသားရေးကိစ္စတွေဟာ အန္တရာယ် သိပ်များပြီး ဘေးထွက်ဆိုးကျိုးများတယ်လို့ နားလည်ရတယ်။ ဘာသာရေးနဲ့ သိမ်မွေ့စွာ ဆက်သွယ်ပေမယ့်၊ တခြားသော စာပေ၊ ဂီတ၊ အစားအစာ၊ ပန်းချီ၊ အတွေးအခေါ်၊ အဝတ်အစား၊ ပညာရေး … စတာတွေနဲ့ အမျိုးသား ရေးနယ်နိမိတ်ကို ချဲ့ထွင်တဲ့အခါ ပိုလို့ ထိရောက်တယ်၊ ပိုလို့ ဩဇာလွှမ်းမိုးနိုင်တယ်ဆိုတာ တွေ့ရတယ်။ တရုတ်နဲ့ အိန္ဒိယတွေဟာ အစားအစာနဲ့ပတ်သက်ရင် အာရှတစ်ခွင်ကို လွှမ်းမိုးနိုင်တဲ့ ယဉ်ကျေးမှုဩဇာရှိတယ်။ အမေရိကန် နဲ့ ဥရောပနိုင်ငံတွေဟာ ပညာရေးနဲ့ အတွေးအခေါ် ဒဿနမှာ ကမ္ဘာကို လွှမ်းမိုးနိုင်တဲ့ ယဉ်ကျေးမှုဩဇာရှိတယ်။ ဂလိုဘယ်လိုက်ဇေးရှင်းကို  “Westernization” လို့ ပြောကြတယ် မဟုတ်လား။ နည်းပညာလှိုင်းလုံးကို စီးပြီးတော့ ယဉ်ကျေးမှုအရ နယ်ချဲ့လာလိုက်တာ၊ တစ်ကမ္ဘာလုံးကို အနောက်တိုင်းယဉ်ကျေးမှုဟာ ပျံ့လို့၊ နှံ့လို့။ ဒါကို မကျေ နပ်တဲ့ နိုင်ငံတွေဟာ ဂလိုဘယ်လိုက်ဇေးရှင်းကို “အနောက်ဇာတ်သွင်းရေး” လို့ ပြောတယ် မဟုတ်လား။ ဒါဟာ စက်မှု၊ သိပ္ပံ၊ နည်းပညာနဲ့ စီးပွားရေးကို ကောင်းကောင်းအသုံးချနိုင်တဲ့ ယဉ်ကျေးမှုဆိုင်ရာ နယ်ချဲ့ လွှမ်းမိုးနိုင်စွမ်း မဟုတ်လား။

ဒါ့ကြောင့်လည်း အမျိုးသားရေးကို ချဲ့ထွင်လုပ်ဆောင်တဲ့နေရာမှာ – ဟိုးကမ္ဘေ့ ကမ္ဘာက အယူအဆဖြစ်တဲ့ ဘာသာရေးနဲ့ သွေးသားဗီဇအပေါ်မှာပဲ အခြေခံ တည်ဆောက်တာမျိုး မလုပ်သင့်ဘူး။ ခေတ်သစ်နည်းနာနိဿယ ဖြစ်တဲ့ ဒဿန၊ ဂီတ၊ အနုပညာ၊ အစားအသောက်၊ အဝတ်အစား၊ စာပေ စတာတွေကို နည်းပညာတွေ ကောင်း ကောင်းသုံးပြီး စည်းနှောင်ချဲ့ထွင်နိုင်တယ်ဆိုတာကို နားလည်အပ်တယ်။ ပညာရှိတယ်၊ ငွေရှိတယ်၊ လုပ်ချင်စိတ်ရှိ တဲ့ လူ့အဖွဲ့အစည်းလည်း ရှိရင် ယဉ်ကျေးမှုအရ ခပ်များများ စည်းနှောင်လွှမ်းမိုးလို့ ရပါတယ်။

မင်းသေ့ ရေးတယ်

ဖက်ဒရယ်ဂျာနယ်
ဇန်နဝါရီ ၁၆၊ ၂၀၂၂

Related Articles

Back to top button