ပြည်ထောင်စုနေ့ဆိုသည်မှာ
လေးပြည်ထောင်သော ခေါင်းဆောင်တို့သည် ပြည်ထောင်စုစနစ်ကို အခြေတည်ပြီး ပြည်ထောင်စုသမ္မတနိုင်ငံတော်ကြီး တည်ဆောက်အံ့ ဆိုသော ပဏာမဆုံးဖြတ်ချက်နှင့် ကြားဖြတ်ဗမာအစိုးရနှင့် ပူးပေါင်းပြီး နယ်ချဲ့အင်္ဂလိပ်လက်အောက်မှ အတူတကွ ရုန်းထွက်ခဲ့ကြသည်။
ပင်လုံညီလာခံကို နှစ်ကြိမ်ကျင်းပ၍ ဒုတိယအကြိမ် နောက်ဆုံးရက် ဖြစ်သော ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ခေါင်းဆောင်အသီးသီးမှ လက်မှတ်ရေးထိုးခဲ့ကြသည်။ ပင်လုံစာချုပ်သည် အဆင့် ၃ ဆင့်ကို အခြေခံပြီး တည်ဆောက်ထားခြင်းဖြစ်သည်။
၁။ ပူးပေါင်းရေးအတွက် ကြိုးပမ်းခြင်း –
ပင်လုံညီလာခံ ကျင်းပ၍ ပင်လုံစာချုပ်ချုပ်ဆိုခြင်း။
၂။ ပူးပေါင်းရေးနည်းလမ်းကိုရှာဖွေခြင်း –
နယ်စပ်ဒေသစုံစမ်းရေးကော်မတီ ဖွဲ့စည်း၍ တိုင်းရင်းသားလူမျိုးများ၏ ဆန္ဒသဘောထားကို တောင်းခံခြင်းနှင့် FACE အစီအရင်ခံစာ တင်သွင်းစေခြင်း။
၃။ လွတ်လပ်ရေးရယူခြင်း –
တိုင်းပြုပြည်ပြုလွှတ်တော်ကို ခေါ်ယူကျင်းပ၍ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေကို ရေးဆွဲပြဌာန်းခြင်း။
ပထမပင်လုံညီလာခံကျင်းပခြင်း
– ၁၉၄၆ခုနှစ်၊ မတ်လ ၁ ရက်နေ့မှ ၁၂ ရက်နေ့။
ဒုတိယပင်လုံညီလာခံ ကျင်းပခြင်း
– ၁၉၄၇ ခုနှစ်၊ ဖေဖော်ဝါရီ ၆ ရက်မှ ၁၂ ရကနေ့အထိ ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လုံမြို့။
ဒုတိယအကြိမ် ပင်လုံညီလာခံကို ၁၉၄၇ ခုနှစ်၊ ဖေဖော်ဝါရီ (၆)ရက်နေ့တွင် စတင်ကျင်းပခဲ့ပြီး ရှမ်းပြည်နှင့် ကချင်တောင်တန်းဒေသမှ ကိုယ်စားလှယ်များသာ ရောက်ရှိပြီး ညီလာခံကို တက်ရောက်ခဲ့ကြသည်။
ပထမရက်ဆုံးဖြတ်ချက်–
၁။ ဗမာတို့နှင့် အဆင့်အတန်းတူ၊ အခွင့်အရေးတူ၊ ရပိုင်ခွင့်တူ၊ ဒီမိုကရေစီကျကျ ခံစားခွင့်ရှိရမည်။
၂။ ဘုရင်ခံ၏ အမှုဆောင်ကော်မတီတွင် ပါဝင်ဆောက်ရွက်ကြသော ရှမ်းကိုယ်စားလှယ်နှင့် ကချင်ကိုယ်စားလှယ်တို့သည် မိမိတို့ လူမျိုးအသီးသီး၏ ပြည်တွင်းရေးရာအားလုံးအတွက် တာဝန်ယူဆောင်ရွက်ကြရမည်။ ထို့အပြင် ကာကွယ်ရေး၊ နိုင်ငံခြားရေး၊ မီးရထား၊ အကောက်အခွန် အစရှိသော အားလုံးနှင့် သက်ဆိုင်သည့် ကိစ္စများအတွက် အားလုံးစုပေါင်းတာဝန်ယူဆောင်ရွက်ရမည်။
၃။ ကချင်တို့က သီးခြားကချင်ပြည်နယ်အလိုရှိကြောင်း တောင်းဆိုချက်ကို ဤကော်မတီက ထောက်ခံသည်။
၄။ ဗမာပြည်အစိုးရနှင့် ဗြိတိသျှအစိုးရတို့၏ (အောင်ဆန်း- အက်တလီစာချုပ်) သဘောတူညီချက်များသည် ရှမ်း၊ ကချင်တို့နှင့် သက်ဆိုင်ခြင်းမရှိစေရ။
၅။ လွတ်လပ်ရေးရရှိပြီးသည့်နောက် ‘ပြည်ထောင်စု’ မှ ခွဲထွက်လိုက ခွဲထွက်ခွင့်ရှိစေရမည်။
ဒုတိယနေ့ ဖေဖော်ဝါရီ ၇ ရက်နေ့တွင် ချင်းတောင်တန်းဒေသမှ ကိုယ်စားလှယ်များ ရောက်ရှိလာကြပြီး ထိုကိုယ်စားလှယ်များက အချက် (၃)ချက်ကို ထပ်မံဖြည့်စွက်၍ ရှမ်း၊ ချင်း၊ ကချင် ခေါင်းဆောင်များက သုံးပွင့်ဆိုင် သဘောတူလက်မှတ်ရေးထိုးခဲ့ကြပါသည်။
ဒုတိယနေ့ဖြည့်စွက်ချက် အချက်(၃) ချက်မှာ–
၁။ ဗဟိုအခွန်တော်ငွေနှင့် စပ်လျဉ်း၍ ရှမ်းတို့ ခံစားရသော အခွင့်အရေးနှင့် ရပိုင်ခွင့် အားလုံးတို့အတိုင် ချင်းနှင့် ကချင်တို့ကလည်း လူဦးရေအလိုက် ခံစားခွင့်ရှိစေရမည်။
၂။ ချင်းဒေသတွင် ဘဏ္ဍာရေးမလုံလောက်ရှိခဲ့သော် မြန်မာပြည်အခွန်တော်ဆက်ငွေများမှ ဖြည့်တင်းသုံးစွဲရမည်။
၃။ ရှမ်း၊ကချင်၊ ချင်း ကိုယ်စားလှယ်များပါဝင်သော တောင်တန်းသားများ စည်းလုံးညီညွတ်ရေးဦးစီးအဖွဲ့၏ အမှုဆောင်ကော်မတီတရပ်ကို ဖွဲ့စည်းမည်။ ၎င်းအမှုဆောင် ကော်မတီ၌ တောင်တန်းသားများနှင့် မြန်မာပြည်အစိုးရတို့အကြားတွင် ပေါ်ပေါက်သမျှသော ပေါ်လစီဆိုင်ရာ ကိစ္စရပ်အားလုံးနှင့် စပ်လျဉ်း၍ အဆုံးအဖြတ်ပေးနိုင်သော အာဏာအပြည့်အစုံရှိရမည်ဟူသော အချက်များပင်ဖြစ်သည်။
သုံးပွင့်ဆိုင် သဘောတူညီချက်အရ နယ်စပ်ဒေသ စုံစမ်းရေးကော်မတီ (FACE) ကို ၁၉၄၇၊ ဖေဖော်ဝါရီလ (၁၉) ရက်နေ့တွင် ဖွဲ့စည်းပြီး ၁၉၄၇ မေလ ၁၈ ရက်နေ့အထိ သက်တမ်းရှည်ကြာခဲ့ပါတယ်။ စုံစမ်းစစ်ဆေးရေးလုပ်ခဲ့တဲ့ကာလအစစ်အမှန်ကတော့ မတ်လ ၂ ရက်နေ့မှဧပြီ ၂၁ရက်နေ့အထိသာ ပြုလုပ်ခဲ့ကြပါသည်။
တောင်တန်းသားများစည်းလုံးညီညွတ်ရေးအဖွဲ့ (SCOUHP) ၏ အဆိုပြုချက်များ–
၁။ တိုင်းပြုပြည်ပြုလွှတ်တော်တွင် တောင်တန်းဒေသ (ချင်း၊ ကချင်းနှင့် ရှမ်း) များကို ကိုယ်စားပြုမည့် ကိုယ်စားလှယ်များကို ရွေးချယ်တင်မြှောက်သောအခါ လူမျိုး၊ ဘာသာနှင့် ကိုးကွယ်ယုံကြည်မှုများကို အလျဉ်းမျှထည့်သွင်းစဉ်းစားခြင်း မပြုဘဲ ကိုယ်စားလှယ်တစ်ဦးစီ၏ ပညာအရည်အချင်းကိုသာ အခြေခံ၍ ဒေသန္တရကောင်စီများမှ အဆိုပြုတင်သွင်းရမည်။
၂။ တိုင်းပြုပြည်ပြုလွှတ်တော်ကိုယ်စားလှယ်များကို ရွေးချယ်တင်မြှောက်သောအခါ လူဦးရေကို အခြေခံ၍ ရွေးချယ်တင်မြှောက်ကြရမည်ဖြစ်သော်လည်း ဆုံးဖြတ်ချက်များကို ချမှတ်သောအခါ သက်ဆိုင်ရာဒေသကို ကိုယ်စားပြုသည့် ကိုယ်စားလှယ်များ၏သုံးပုံနှစ်ပုံဆန္ဒမဲဖြင့်သာ ဆုံးဖြတ်ချက်များကို ချမှတ်ရမည်။ (အထူးသဖြင့် ချင်းလူမျိုးများအကြား ဒေသန္တရစကား၊ ဓလေ့ထုံးတမ်းစဉ်လာများ ကွဲပြားခြားနားမှုနှင့် လမ်းပန်းဆက်သွယ်ရေးခက်ခဲမှုကို ထည့်သွင်းစဉ်းစားရမည်)။ ထိုသို့လုပ်ဆောင်ရာတွင်-
(က) ဗမာ/ မြန်မာလူမျိုးများ ရရှိသည့် အခွင့်အရေးအားလုံးကို တန်းတူအခွင့်အရေး ရရှိစေရမည်။
(ခ) တောင်တန်းဒေသ (ချင်း၊ ကချင်နှင့် ရှမ်း) များတွင် မိမိတို့ဒေသဆိုင်ရာ အတွင်းရေးကိုယ်ပိုင်ပြဌာန်းခွင့်အပြည့်အဝရှိစေရမည်။
(ဂ) မြန်မာနိုင်ငံမှ မည်သည့်အချိန်တွင်မဆို လွတ်လပ်စွာ ခွဲထွက်ပိုင်ခွင့် ရှိစေရမည်။
(၃) အနာဂတ်တွင် ဖွဲ့စည်းပြဌာန်းရမည့် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေတွင် သေချာရှင်းလင်းစွာ ပြဌာန်းရမည့ အချက်တခုမှာ- တောင်တန်းဒေသ ရှိ တိုင်းရင်းသားလူမျိုးများ၏ ကြိုတင်သဘောတူညီချက်မပါရှိဘဲ၊
မည်သည့်သံတမန်ဆက်ဆံရေးနှင့် သံအမတ်များ၊ သံအရာရှိများ ခန့်ထား ခြင်း မပြုလုပ်ရ။
(၄) ပြည်ထောင်စုအတိုင်းအတာဖြင့် ပူးပေါင်းဆောင်ရွက်မည့်ကိစ္စရပ်များ – ဥပမာ၊ ကာကွယ်ရေး၊ နိုင်ငံခြားရေးစသည့်ကိစ္စရပ်များတွင် တောင်တန်းဒေသကိုယ်စားလှယ်များ၏ အများဆန္ဒနှင့် ကြိုတင်သဘောတူညီချက်မရှိဘဲ ဆောင်ရွက်ခြင်း မရှိစေရ။ ထိုသို့ဆောင်ရွက်ရာတွင် ဗမာကိုယ်စားလှယ်များ အများစုဆန္ဒဖြင့် တဖက်သတ်ဆုံးဖြတ်ချက် ချမှတ်ခြင်း မရှိစေရ။
(၅) နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲပြဋ္ဌာန်းသောအခါ တောင်တန်းဒေသ (ချင်း၊ ကချင်နှင့်ရှမ်း) များနှင့်ပတ်သက်သော တိကျသည့် ပြဋ္ဌာန်းချက်များကို ထည့်သွင်းပြဋ္ဌာန်းရမည်။ ထိုပြဋ္ဌာန်းချက်များတွင် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ပြဋ္ဌာန်းသောအခါ တောင်တန်းဒေသများနှင့် စပ်လျဉ်း၍ ထိုဒေသများ၏အရေးကိစ္စကို တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်၍သော်လည်းကောင်း ထိခိုက်နစ်နာစေသောအချက် များဖြစ်ပါက သက်ဆိုင်ရာဒေသကို ကိုယ်စားပြုသော ကိုယ်စားလှယ်များ၏ သုံးပုံနှစ်ပုံနှင့်အထက် ထောက်ခံမဲဖြင့်သာ ထိုပြင်ဆင်ပြဋ္ဌာန်းချက်များကို ပြုလုပ်နိုင်သည်။
(၆) နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေတွင်ပါရှိသော အချက်အလက်များနှင့် ရေးသားပြဋ္ဌာန်းချက်များကို အဓိပ္ပါယ်ဖွင့်ဆိုရာတွင် သဘောထားကွဲလွဲချက်များရှိပါက၊ ရန်ကုန်မြို့တွင် ရုံးထိုင်သောတရားလွှတ်တော်ချုပ်ရှိတရားသူကြီးချုပ်နှင့် အခြားတရား လွှတ်တော် တရားသူကြီး (၂) ဦး ပါဝင်သည့် တရားလွှတ်တော်ချုပ်၏ အဆုံးအဖြတ်ကို ခံယူရမည်။
(၇) ပြည်ထောင်စုအစိုးရဝန်ကြီးအဖွဲ့၏ ဝန်ကြီးများကို ခန့်အပ်သောအခါ ဗမာ (ခ) မြန်မာ လူမျိုးဝန်ကြီးဦးရေသည် တောင်တန်းဒေသများမှ ပြည်ထောင်စုအစိုးရတွင် တာဝန် ထမ်းဆောင်မည့် ပြည်ထောင်စုဝန်ကြီးဦးရေ စုစုပေါင်းထက် မပိုစေရ [FACE 11:75]။
တောင်တန်းသားများညီညွတ်ရေးဦးစီးကောင်စီ” (SCOUHP) ၏ တင်ပြချက်များ ထဲတွင် အရေးအကြီးဆုံးသော အခြေခံမူများမှာ –
(၁) အမျိုးသားတန်းတူရေး၊
(၂) ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ရရှိရေး၊
(၃) ပြည်ထောင်စုထဲမှ ခွဲထွက်လိုပါက ခွဲထွက်ခွင့်ရရှိရေးတို့ပင် ဖြစ်သည်။
ယင်းအခြေခံမူ (၃) ရပ်ကို နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဖြင့် ကာကွယ်ပြဋ္ဌာန်းပေး ရန်အတွက် အထက်ဖော်ပြပါ အချက် (၇) ချက်ကို တင်ပြခဲ့ခြင်း ဖြစ်သည်။
နယ်ခြားဒေသစုံစမ်းစစ်ဆေးရေးကော်မတီ” (F A C E) သည် ပင်လုံစာချုပ်ကို လက်မှတ်ရေးထိုးခဲ့ကြသော ချင်း၊ ကချင်နှင့် ရှမ်းတို့သာမက ကရင်နှင့် ကရင်နီလူမျိုး များတို့၏ဆန္ဒကိုပါ စုံစမ်းတောင်းခံပြီး တိုင်းပြုပြည်ပြုလွှတ်တော်သို့ အောက်ပါအချက်များ ပါရှိသည့် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲရေးဆိုင်ရာ အခြေခံမူများကို တင်ပြခဲ့ပါသည်။
FACE ၏တင်ပြချက်များ –
(၁) ပြည်ထောင်စုရှမ်းပြည်နှင့် ကချင်တောင်တန်းဒေသများမှ ကိုယ်စားလှယ်များ၏ ထွက်ဆိုချက်အရ သူတို့သည် ဖက်ဒရယ်ပြည်ထောင်စုစနစ်ဖြင့် [အသစ်ဖွဲ့စည်းထူထောင်မည့် နိုင်ငံတော်သစ်ကို] ဖွဲ့စည်းရန် အထူးလိုလားတောင်းဆို၍ ထိုဖက်ဒရယ်ပြည်ထောင်စုတွင် ပြည်ထောင်စုရှမ်းပြည်နှင့် ကချင်တောင်တန်းဒေသများကို ပြည်ထောင်စုအဖွဲ့ဝင် ပြည်နယ်များဖြင့် ဖွဲ့စည်းရန် လိုလားတောင်းဆိုကြသည်။
(၂) ကိုယ်စားလှယ်အားလုံး၏ ထွက်ဆိုချက်များတွင် ဝိဝါဒကွဲပြားခြင်း မရှိဘဲဘုံ တူညီသော အချက်တချက်မှာ – ပြည်ထောင်စုအဖွဲ့ဝင် ပြည်နယ်များကို ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့် အပြည့်အဝပေးရမည်ဟူသောအချက်ပင် ဖြစ်ပါသည်။ ထို့အပြင် သူတို့အားလုံး တူညီသော သဘောတူညီချက်အမြင်တခုမှာ- သူတို့အားလုံး စုပေါင်းဆောင်ရွက်မည့်ကိစ္စရပ်များသာ ပြည်ထောင်စုထံသို့ အပ်နှင်း၍ သူတို့သီးခြားစီ ဆောင်ရွက်ရမည့်ကိစ္စရပ်များကို သူတို့လက်ထဲတွင် ကိုင်တွယ်ကျင်သုံးခွင့်ရှိစေရမည် ဟူသောအချက်ပင်ဖြစ်ပါသည်။
(၃) ချင်းတောင်တန်းဒေသမှ ကိုယ်စားလှယ်များသည် Burma Proper နှင့်ပေါင်း၍ ဖက်ဒရယ်စနစ်ဖြင့်ပြည်ထောင်စု၏အဖွဲ့ဝင် ပြည်နယ်တခုအဖြစ် ပါဝင်ရန် (To federate) လိုလားကြသည်။ တချို့ကမူ ဗမာပြည်အစိုးရ (Ministerial Burma) နှင့်ပူးပေါင်းရန် (To amalgamate) လိုလားကြသည်။သူတို့အားလုံး၏ လိုလားချက်မှာ- ချင်းလူမျိုးတို့ဓလေ့ထုံးတမ်းအစဉ်အလာအတိုင်း မိမိတို့ ကိုယ်ပိုင်စီမံခြင်းကို လုံးဝအနှောင့်အယှက်မပေးရန်နှင့် သူတို့၏ ရိုးရာအစဉ်အလာ အုပ်ချုပ်ရေးစနစ်အရ ရမ်အုပ် (Ram-Uk) ခေါ် Chieftains များကို သက်ဆိုင်ရာတောင်ကြောအလိုက်အုပ်ချုပ်ခြင်းကိုသာ လိုလားကြသည်။
(၄) ဆုမ္မရာဘွမ်၊ တောင်ဒုတ်၊ ဆင်ကလင်းခမ်းတီးနှင့် ဟုမ္မလင်းခရိုင်ခွဲဒေသမှ ကိုယ်စားလှယ်များ၏ထွက်ဆိုချက်အရ သူတို့သည် Ministerial Burma နှင့် ပေါင်းစပ် (To be incorporated) လိုကြ၍ သူတို့ဒေသများကိုMinisterial Burma တွင် ရရှိသော အခွင့်အရေးအားလုံးကို ရရှိခံစားလိုကြသည်။
(၅) ကရင်နီကိုယ်စားလှယ်များ၏ထွက်ဆိုချက်အရ သူတို့သည် တိုင်းပြုပြည်ပြုလွှတ်တော်ကို တက်ရောက်ရန်ဆန္ဒရှိကြသော်လည်း ပြည်ထောင်စုအဖွဲ့ဝင် ပြည်နယ်တခုအဖြစ် ကရင်နီပြည် ပါဝင်ရေး၊ မပါဝင်ရေးကိုမူ ယတိပြတ်ဆုံးဖြတ်ခြင်း မရှိကြသေးပေ။
(၆) ယခုလက်ရှိအခြေအနေတွင် အသင့်တော်ဆုံးဟု ယူဆရသည်မှာ ယာယီ ဖွဲ့စည်းပုံအခြေခံဥပဒေတရပ်ကိုသာပြဋ္ဌာန်း၍၊ ထိုယာယီဖွဲ့စည်းပုံအခြေခံဥပဒေဖြင့် ဖက်ဒရယ်ကောင်စီ (Federal Council) တခုကို ဖွဲ့စည်းသင့်ပါသည်။ ထိုဖက်ဒရယ်ကောင်စီက ပြည်ထောင်စုအတိုင်းအတာဖြင့် ဆောင်ရွက်ရမည့်ကိစ္စရပ်များကို ကိုင်တွယ်၍ နောင်သောအခါ ထိုဖက်ဒရယ်ကောင်စီကို ပြည်ထောင်စုဥပဒေအဖွဲ့ (သို့မဟုတ်) အထက်လွှတ်တော် (ဆီးနိတ်) အဖြစ် အသွင်ပြောင်းသင့်ပါသည်။
(၇) ကိုယ်စားလှယ်အားလုံး၏ ထွက်ဆိုချက်များတွင် ဝိဝါဒကွဲပြားမှုမရှိဘဲ၊ ဘုံသဘောတူညီချက် ရရှိနိုင်သောအချက်မှာ- ဖက်ဒရယ်ပြည်ထောင်စု မြန်မာနိုင်ငံ (Burma Federation) တွင် ပြည်ထောင်စု အစိုးရက ပြည်ထောင်စုအင်္ဂါရပ် (Federal Organ) ဖြစ်သော အောက်ပါကိစ္စရပ်များကိုသာ ကိုင်တွယ်ကျင့်သုံးပိုင်ခွင့်ရှိရမည်။
ယင်းတို့မှာ –
(က) နိုင်ငံတကာရေးရာ
(ခ) ကာကွယ်ရေး
(ဂ) စာတိုက်နှင့်ကြေးနန်း
(ဃ) ဆက်သွယ်ရေး
(င) ငွေကြေးနှင့်ငွေဒင်္ဂါး
(စ) အကောက်ခွန်
(ဆ) ဘွဲ့ထူးဂုဏ်ထူး (FACE: 11:91)
အထက်တွင်ဖော်ပြထားသော နယ်စပ်ဒေသစုံစမ်းရေးကော်မတီ (F A C E) ၏အစီရင်ခံစာကို လေ့လာသုံးသပ်ပါက အရေးကြီးသောအချက်တခုမှာ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေကို အမြဲတမ်းအတွက်မဟုတ်ဘဲ လွတ်လပ်ရေးရရှိရန် လိုအပ်ချက်ကို ဖြည့်ဆည်းပေးရန် “ယာယီဖွဲ့စည်းပုံအခြေခံဥပဒေ”ကိုသာရေးဆွဲပြဋ္ဌာန်းသင့်ကြောင်း တင်ပြသည့်တင်ပြချက်ပင် ဖြစ်ပါသည်။
ဗိုလ်ချုပ်အောင်ဆန်း၏ လမ်းညွှန်မူ (၇) ချက်
လွတ်လပ်သည့် အချုပ်အခြာအာဏာပိုင် ဗမာနိုင်ငံတော်အတွက် ရေးဆွဲရမည့်ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေနှင့် ပတ်သက်သည့် လမ်းညွှန်ပြဋ္ဌာန်းချက်
(၁) နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေသည် ဗမာပြည်ထောင်စုနိုင်ငံတော် ဟုခေါ်တွင် စေသော လွတ်လပ်သည့် အချုပ်အခြာအာဏာပိုင် သမ္မတနိုင်ငံ၏ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ ဖြစ်စေရမည်။ ထို့အပြင် –
(၂) ပြည်ထောင်စုနိုင်ငံတော်တွင် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေဟု သတ်မှတ်ဖော်ပြသည့် တသီးပုဂ္ဂလပြည်နယ်များသည် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေတွင်သတ်မှတ်ပြဌာန်းထား သည့်နှင့်အမျှ ကိုယ်ပိုင်အုပ်ချုပ်ရေးအာဏာ ရရှိစေရမည်။ ထို့ အပြင် –
(၃) အချုပ်အခြာအာဏာပိုင် လွတ်လပ်သော သမ္မတဗမာနိုင်ငံတော်နှင့်တကွ အပါ အဝင်ဖြစ်သည့် ပြည်နယ်များနှင့် အစိုးရအဖွဲ့အစည်းအားလုံးတို့၏ အခွင့်အာဏာဟူသမျှ တို့သည် တိုင်းသူပြည်သားတို့ထံမှ ဆင်းသက်စေရမည်။ ထို့အပြင် –
(၄) ပြည်ထောင်စုနိုင်ငံတော်၏ တိုင်းသူပြည်သား မှန်သမျှသည် လူမှုရေးရာ၌ လည်းကောင်း၊ စီးပွားရေးရာ၌ လည်းကောင်း၊ နိုင်ငံရေးရာ၌ လည်းကောင်း တရားမျှတမှုရှိစေလျက်၊ အဆင့်အတန်း အခွင့်အရေး ဥပဒေသက်ရောက်မှုတို့တွင် ဆူကြုံနိမ့်မြင့်မရှိ၊ ပကတိ တူညီစေရမည့်အပြင်၊ တရားဥပဒေနှင့် သော်လည်းကောင်း၊ အများပြည်သူတို့ စောင့်စည်း အပ်သော အကျင့်သိက္ခာနှင့် သော်လည်းကောင်း၊ မဆန့်ကျင်သမျှ လွတ်လပ်စွာ ကြံစည်ပိုင်ခွင့်၊ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုပိုင်ခွင့်၊ ယုံကြည်ပိုင်ခွင့်၊ ဘာသာတရားကိုးကွယ်ပိုင်ခွင့်၊ ဝတ်ပြုခွင့်၊ ပရိယေသနရှာမှီးပိုင်ခွင့်၊ စည်းရုံးပိုင်ခွင့်၊ ပြုမူဆောင်ရွက်ပိုင်ခွင့်တို့ ရရှိတည်မြဲစေရန်အတွက် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေတွင် အခိုင်အလုံ သတ်မှတ်ထားရှိစေရမည်။ ထို့အပြင် –
(၅) ဤ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် လူနည်းစုများအဖို့ လုံလောက်သော ကာကွယ်ချက်များ ထည့်သွင်းပြဋ္ဌာန်းထားရှိစေရမည်။ ထို့အပြင် –
(၆) လွတ်လပ်သော အချုပ်အခြာအာဏာပိုင်သမ္မတဗမာနိုင်ငံ၏ နယ်မြေတို့ တပေါင်းတစည်း တည်း တည်တံ့ခိုင်မြဲရေးကို လည်းကောင်း၊ နိုင်ငံ၏ ကြည်း၊ ရေ၊ လေတို့ကို အချုပ်အခြာစိုးမိုးအုပ်ချုပ်ပိုင်ခွင့်ကို လည်းကောင်း၊ တရားဓမ္မနှင့်တကွ ပြည်ထောင်ချင်းချင်း ဥပဒေအရ ထိန်းစောင့်ထားရှိစေရမည်။ ထို့အပြင်-
(၇) ရာဇဝင်တွင် ထင်ရှားခဲ့သော ဤဗမာနိုင်ငံတော်သည် ကမ္ဘာတွင် မိမိ၏ဂုဏ်ကျက်သရေနှင့် လျော်စွာ ရသင့်ရထိုက်သော အဆင့်အတန်းသို့ ရောက်ရှိစေရမည့်ပြင်၊ လူသတ္တဝါတို့၏ တိုးတက်ရေးနှင့် ကောင်းကျိုးချမ်းသာ ပြည့်ဝရေးတို့ကို တာဝန်အလျောက် စေတနာဖြင့် အစွမ်းကုန်ဖြည့်စွက်ထမ်းရွက်ကာ ပြည်ထောင်ချင်းချင်း ဆိုင်ရာ တရားဓမ္မနှင့် ကျင့်ဝတ်သိက္ခာကို အခြေခံပြု၍ ကမ္ဘာ့ငြိမ်းချမ်းရေး ရှေ့ရှုလျက် နိုင်ငံတကာတို့နှင့် မိတ်ဝတ်မပျက် တွဲဘက်ပူးပေါင်း ဆောင်ရွက်မှုကို ခိုင်မြဲသော အဓိဋ္ဌာန်ဖြင့် စောင့်ထိန်းတော့အံ့။
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံကြီးသည် လေးပြည်ထောင်မှ ခေါင်းဆောင်များ၊ ရခိုင်၊မွန်၊ကရင်မှ ခေါင်းဆောင်များအကြား ထားရှိခဲ့သော ကတိကဝတ်များကို မျက်ကွယ်ပြုပြီး ပြည်ထောင်စုစနစ်ကို တပြည်ထောင်စနစ်ဖြစ်အောင် အတင်းအဓမ္မ သွတ်သွင်းရန် ကြိုးပမ်းမှုများကြောင့် စစ်အာဏာရှင်စနစ် ပေါက်ဖွားလာရပြီး အဆုံးမသတ်နိုင်သော မောင်ဖွားချင်း သတ်ဖြတ်ရသည့် ပြည်တွင်းစစ်ကြီး တောက်လောင်ခဲ့ကြရသည်။
ပြည်တွင်းစစ်ကြီးနှင့် စစ်အာဏာရှင်စနစ် အမြစ်ပြတ်ရေးအတွက် တစ်ခုတည်းသော နည်းလမ်းမှာ တန်းတူညီမျှမှုရှိပြီး၊ ကိုယ်ပိုင်ပြဌာန်းခွင့်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့် အပြည့်အဝရှိသော ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေးသည်သာ ဖြစ်သည်။
ကံ့ကော်ဖြူ ရေးတယ်
ဖက်ဒရယ်ဂျာနယ်
ဇန်နဝါရီ ၁၅၊ ၂၀၂၂