ဆောင်းပါး

ရခိုင်လူထုယုံကြည်မှုကျဆင်းလာတဲ့ ပါတီနိုင်ငံရေး

ရခိုင်လူထုယုံကြည်မှုကျဆင်းလာတဲ့ ပါတီနိုင်ငံရေး

ရခိုင့်နိုင်ငံရေးပါတီတွေနဲ့ပတ်သက်ပြီး ခုတလောကြားနေရတာက ဘယ်ပါတီက ဘယ်သူတွေကဖြင့် ပါတီကနေ နုတ်ထွက်စာတင်လိုက်ပြီ။ ပါတီမှာ နှစ်ရှည်လများနေလာခဲ့ပြီးမှ ပါတီရဲ့မူဝါဒကိုမကြိုက်လို့၊ လုပ်ပိုင်ခွင့် အခွင့်အလမ်းတွေ မရလို့၊ ခေါင်းဆောင်တွေရဲ့လုပ်ရပ်ကိုမကြိုက်လို့စသဖြင့် အကြောင်းအမျိုးမျိုးပြပြီး မိခင်ပါတီကနေ နုတ်ထွက်နေကြတာ တွေ့နေရပါတယ်။ ဒီအထဲမှာ လက်ရှိနိုင်ငံရေးအခြေအနေတွေကြောင့် ပါတီနိုင်ငံရေးကိုစိတ်မဝင်စားတော့ဘဲ နုတ်ထွက်ကြသူတွေလည်း ပါနိုင်ပါတယ်။

ရခိုင်မှာ ရခိုင့်အင်အားကြီးပါတီဖြစ်တဲ့ ရခိုင်အမျိုးသားပါတီ(ANP)၊ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်(ALD)နဲ့ ရခိုင်လူထု ခေါင်းဆောင်လို့ဆိုတဲ့ ဒေါက်တာအေးမောင်ဦးဆောင်တဲ့ ရခိုင့်ဦးဆောင်ပါတီ(AFP)တို့ရှိပါတယ်။ ဒီပါတီတွေထဲမှာ လူကြိုက်အများဆုံးနဲ့ ပါတီဝင်အင်အားအကောင်းဆုံးကတော့ ANP ပါပဲ။

ဒီအထဲက ANP ဆိုတာက အရင် ဒေါက်တာအေးမောင်ဦးဆောင်တဲ့ ၂ဝ၁ဝ ရွေးကောက်ပွဲအနိုင်ရ ရခိုင် တိုင်းရင်းသားများတိုးတက်ရေးပါတီ(RNDP)နဲ့ ဦးအေးသာအောင်ဦးဆောင်တဲ့ ၁၉၉ဝ ပြည့်ရွေးကောက်ပွဲအနိုင်ရ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်(ALD)တို့ ပူးပေါင်း ဖွဲ့စည်းထားတဲ့ပါတီဖြစ်ပါတယ်။ နောက်ပိုင်းမှာ RNDP နဲ့ ALD ခေါင်းဆောင်တွေ သဘောထားချင်းမတိုက်ဆိုင်ရာကနေ ပါတီတွင်း အုပ်စုအားပြိုင်မှုတွေပေါ်ပေါက်ခဲ့ပြီး ALD ဘက်တော်သားတွေဟာ လုံးဝခွဲထွက်သွားခဲ့ပါတယ်။ ဒါကြောင့် ANP နဲ့ ALD ဆိုဖြစ်လာခဲ့ပါတယ်။ ANP မှာတော့ ဒေါက်တာအေးမောင်ဥက္ကဋ္ဌအဖြစ်ကျန်ခဲ့ပြီး ALD မှာတော့ ဦးအေးသာအောင်က ဥက္ကဋ္ဌအဖြစ် ထပ်မံ ဦးဆောင် ပါတယ်။

နောက်ပိုင်းမှာ ANP ထဲမှာလည်း ခေါင်းဆောင်ပိုင်းတွေ အုပ်စုဖွဲ့အားပြိုင်မှုတွေဖြစ်ပေါ်လာခဲ့တဲ့အတွက် ပါတီဥက္ကဋ္ဌဒေါက်တာအေးမောင်ဟာ ပါတီထဲကနေ နုတ်ထွက်သွားခဲ့ပါတယ်။ သူ ရသေ့တောင်မြို့မှာ ဟောပြောပွဲလုပ်လို့ တရားစွဲခံနေရချိန်မှာ သူ့ကို ထောက်ခံဝန်းရံအားပေးသူတွေနဲ့ ရခိုင့်ဦးဆောင်ပါတီ(AFP)ကို ၂ဝ၁၉ ခုနှစ်အတွင်းမှာ ထူထောင်ခဲ့ပါတယ်။

ပါတီပေါင်းစည်းရေးကို လုံးဝအပြိုအကွဲမခံဘဲ ပြည်သူလူထုဆန္ဒအတိုင်း တစ်ပါတီတည်းရပ်တည်မယ်လို့ ANP စတင်ဖြစ်ပေါ်လာချိန် သံတွဲညီလာခံမှာ ပါတီခေါင်းဆောင်တွေ ကြွေးကြော်ခဲ့ကြတယ်။ ဒါပေမဲ့ လက်ရှိမှာတော့ ပါတီ(၃)ခုဖြစ်လာခဲ့တယ်။ ပြည်သူတွေကတော့ နွားကွဲရင် ကျားဆွဲမယ်ဆိုပြီး ဝေဖန်ခဲ့ကြရုံမှအပ ဘာမှ မတတ်နိုင်ခဲ့ကြပါဘူး။ ပါတီနိုင်ငံရေးအပေါ် ယုံကြည်မှုတွေလည်း အဲဒီအချိန်ကနေ ကျဆင်းသွားခဲ့ကြပါတယ်။

ဒါပေမဲ့ ၂ဝ၁၅ ကနေ ၂ဝ၂ဝ အထိ ရခိုင်လူထုထိခိုက်နစ်နာနေမှုတွေနဲ့ပတ်သက်ပြီး ANP ကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ်တွေက လွှတ်တော်မှာ အဓိက တင်ပြတောင်းဆိုခဲ့ကြပါသေးတယ်။ ဒါကို ANP ကို အားကိုးယုံကြည်တဲ့ပြည်သူတွေက အားရနေခဲ့ကြပါတယ်။ တင်ပြတောင်းဆိုချက်တွေအများစုကတော့ ပယ်ချ ခံခဲ့ရပါတယ်။ အဲလိုပယ်ချခံခဲ့ရပေမဲ့ ANP ရဲ့လုပ်ဆောင်ချက်အပေါ် ထောက်ခံသူတွေက ကျေနပ်ခဲ့ကြပါတယ်။

အဲလို ကျေနပ်ခဲ့ကြတဲ့အတွက်လည်း ၂ဝ၂ဝ အထွေထွေရွေးကောက်ပွဲမှာ လွှတ်တော်သုံးရပ်အတွက် ရခိုင်အမျိုးသားပါတီက (၁၅) နေရာ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က (၈) နေရာ၊ ရခိုင့်ဦးဆောင်ပါတီက (၃) နေရာနဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက (၂) နေရာ အနိုင်ရရှိခဲ့ပါတယ်။ ဒီရလဒ်အပေါ်မှာလည်း ရခိုင်ပြည်သူတွေက အားရကျေနပ်ခဲ့ကြပါသေးတယ်။ ဒါပေမဲ့ ၂ဝ၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်မှာ စစ်အာဏာသိမ်းပြီးတဲ့နောက်မှာတော့ နိုင်ငံရေးပါတီတွေရဲ့ရည်မှန်းချက်တွေ၊ လွှတ်တော်တက်ခွင့်တွေ၊ အစိုးရဖွဲ့ခွင့်တွေ အားလုံး ငါးပါးမှောက်သွားခဲ့ရပါတယ်။

အာဏာသိမ်းသွားတဲ့ စစ်တပ်ရဲ့လုပ်ရပ်ကိုလည်း နိုင်ငံရေးပါတီတွေအပါအဝင် ပြည်သူတစ်ရပ်လုံး အကြီးအကျယ် ဒေါသထွက်ကြရပါတယ်။ အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြမှုတွေဟာလည်း ဆက်တိုက် ဆိုသလိုဖြစ်ပွားလာခဲ့ကြပါတယ်။ ဆန့်ကျင်ဆန္ဒပြသူတွေဟာလည်း နည်းမျိုးစုံနဲ့ တိုက်ခိုက် သတ်ဖြတ်ခံ ကြရပါတယ်။ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအခြေအနေက လုံးဝကို ရှုပ်ထွေးနေပါတယ်။

အာဏာသိမ်းပြီးစမှာတော့ စစ်ကောင်စီဥက္ကဋ္ဌဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က တစ်နှစ်အတွင်း ရွေးကောက်ပွဲထပ်လုပ်ပေးမယ်လို့ ဆိုထားပါတယ်။ နောက်ပိုင်းမှာ ၂ နှစ်အတွင်းလုပ်ပေးမယ်လို့ ဆိုလာပြန်ပါတယ်။ ဘာပဲပြောပြော သူတို့အုပ်ချုပ်နေချိန်မှာ နိုင်ငံရေးပါတီတွေဟာလည်း အလိုလို မှေးမှိန်း သေးသိမ်သွားရပါတော့တယ်။ ဘာမှလုပ်ခွင့်မရတော့တဲ့အဆုံး စစ်ကောင်စီကို ဆန့်ကျင်ပြီး တိမ်းရှောင်နေတဲ့ နိုင်ငံရေးပါတီတွေရှိသလို နိုင်ငံရေးပါတီကနေ နုတ်ထွက်သွားသူတွေလည်း ရှိကြပါတယ်။ ဒီအထဲမှာ ရခိုင်က လူထုထောက်ခံမှုအများဆုံးရထားတဲ့ ဦးသာထွန်းလှဥက္ကဋ္ဌအဖြစ်တာဝန်ယူထားတဲ့ ရခိုင် အမျိုးသားပါတီ(ANP)နဲ့ ဒေါက်တာအေးမောင်ဥက္ကဋ္ဌအဖြစ်တာဝန်ယူထားတဲ့ ရခိုင့်ဦးဆောင်ပါတီ(AFP) လည်း ပါပါတယ်။ ဒီပါတီနှစ်ခုက ပုဂ္ဂိုလ်တချို့ဟာ လက်ရှိ နိုင်ငံရေးအခြေအနေကြောင့် နုတ်ထွက်ကြတာလား၊ ပါတီတွင်းပြဿနာ အရှုပ်အရှင်း တွေကြောင့် နုတ်ထွက်ကြာတာလားဆိုတာကိုတော့ ကာယကံရှင်တွေကပဲ သိမှာပါ။

သူတို့တွေ ဘယ်လိုပင် နုတ်ထွက်ကြပါစေ။ ပြည်သူတွေကတော့ ရခိုင်က နိုင်ငံရေးပါတီတွေကို လုံးဝ စိတ်မဝင်စားကြတော့ပါဘူး။ ပါတီနိုင်ငံရေးကိုလည်း အယုံအကြည်မရှိကြတော့ပါဘူး။ ရခိုင်ပြည်သူအများစု ပါတီနိုင်ငံရေးကိုအကြီးအကျယ်စိတ်ပျက်သွားစေတဲ့ အချက်တစ်ချက်ကလည်း ရှိနေပြန်ပါသေးတယ်။ အဲဒါကတော့ စစ်အာဏာသိမ်းပြီးနောက် ရခိုင်အမျိုးသားပါတီ(ANP)ရဲ့ ပြောရေးဆိုခွင့်ရှိသူလည်းဖြစ်၊ တရားလွှတ်တော်ရှေ့နေတစ်ယောက်လည်းဖြစ်၊ ANP ရဲ့ မူဝါဒရေးရာဦးဆောင်ကော်မတီဝင်လည်းဖြစ်တဲ့ ဒေါ်အေးနုစိန်ဟာ အာဏာသိမ်းစစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ စစ်ကောင်စီအဖွဲ့ဝင်အဖြစ် ကမ်းလှမ်းမှုကို လက်ခံလိုက်တဲ့အတွက်ကြောင့်ပါပဲ။

ရခိုင်လူထုအများဆုံး ထောက်ခံအားပေးနေတဲ့ ANP ရဲ့ခေါင်းဆောင်တစ်ယောက်ဖြစ်တဲ့ ဒေါ်အေးနုစိန်အနေနဲ့ အခုလို လက်ခံလိုက်တဲ့အပေါ် ANP ကို အားပေးထောက်ခံသူတွေနဲ့ ရခိုင့်နိုင်ငံရေးကို စိတ်ဝင်စားသူတွေ အံ့သြသင့်ခဲ့ကြရပါတယ်။ လက်ခံလိုက်တဲ့ ဒေါ်အေးနုစိန်အနေနဲ့လည်း လူမှုကွန်ရက်တွေမှာရော၊ အပြင်မှာပါ လူထုရဲ့ဝေဖန်မှုကို အကြီးအကျယ်ခံနေရဆဲဖြစ်ပါတယ်။

ရခိုင်မှာ မကြာသေးခင် တစ်နှစ်၊ နှစ်နှစ်အတွင်း တိုက်ပွဲဖြစ်ခဲ့တုန်းက စစ်တပ်ဟာ ရခိုင်ပြည်သူတွေကို အကြီးအကျယ် ထိခိုက်နစ်နာစေခဲ့ပါတယ်။ ရွာတစ်ရွာကို စစ်ကြောင်းဝင်လာပြီးတဲ့နောက် သံသယနဲ့ ဖမ်းဆီးနှိပ်စက်ခံရသူတွေ အများအပြားရှိခဲ့ပါတယ်။ ဒါတောင်မကသေးဘူး။ အပြစ်မဲ့ရခိုင်ပြည်သူတွေကို သံသယနဲ့ဖမ်းဆီးခေါ်ဆောင်သွားပြီးတဲ့နောက် ပျောက်ခြင်းမလှ ပျောက်ဆုံးသွားသူတွေဟာလည်း ရှိခဲ့ပါတယ်။ သံသယနဲ့ဖမ်းဆီးခေါ်ဆောင်သွားပြီးတဲ့နောက် လက်လွန်ပြီး သေဆုံးသွားသူတွေလည်း အများအပြား ရှိခဲ့ပြန်ပါတယ်။ နောက်ပြီး ကျေးရွာအတွင်း ညအချိန်မတော်ဝင်လာတဲ့ စစ်ကြောင်းက အပြစ်မဲ့အမျိုးသမီး တွေကို အဓမ္မကျူးလွန်မှုတွေလည်း ရှိခဲ့ပါတယ်။ ရသေ့တောင်မြို့နယ် ဦးဂါရွာက အမျိုးသမီးက သက်သေပါပဲ။ အစတုန်းကတော့ ဦးဂါရွာက အမျိုးသမီးကို စစ်သားတွေ အဓမ္မကျူးလွန်သူတွေမရှိခဲ့ဘူးလို့ စစ်တပ်ကရော၊ အဲဒီအချိန်က နိုင်ငံတော်အတိုင်ပင်ခံရုံးကတောင် စိတ်တူကိုယ်တူ ငြင်းဆိုခဲ့ကြပါတယ်။ နောက်ပိုင်း ဒေသတွင်း လူ့အခွင့်အရေးလှုပ်ရှားသူတွေရဲ့ စုံစမ်းဖော်ထုတ်မှုကြောင့် အဓမ္မကျူးလွန်တာကို စစ်တပ်က ဝန်ခံခဲ့ရသလို ကျူးလွန်ခဲ့တဲ့ စစ်သားတွေကိုလည်း စစ်ခုံရုံးက ထောင်ဒဏ် နှစ် ၂ဝ စီ ချမှတ်ခဲ့ပါတယ်။

ဆိုတော့ ရခိုင်မှာ ၂ နှစ်တာဖြစ်ခဲ့တဲ့တိုက်ပွဲတွေကြားထဲမှာ အပြစ်မဲ့ရခိုင်ပြည်သူတွေဟာ သံသယတွေကြားထဲမှာ ဖိနှိပ်ခံခဲ့ရတာကို စစ်တွေမှာနေတဲ့ ဒေါ်အေးနုစိန် အသိဆုံးပါ။ အရင် စစ်အစိုးရလက်ထက်ကတည်းကနေ ပြည်သူတွေအပေါ် စစ်တပ်က ဘယ်လိုနှိပ်စက်ဆက်ဆံခဲ့တယ်၊ လူ့အခွင့်အရးတွေကို ဘယ်လောက်ထိ ချိုးဖောက်ခဲ့တယ်ဆိုတာကိုလည်း ရှေ့နေတစ်ယောက်ဖြစ်တဲ့ဒေါ်အေးနုစိန် ကောင်းကောင်းကြီး သိပါတယ်။ လူ့အခွင့်အရေးတွေကို ပြောင်ပြောင်တင်းတင်းချိုးဖောက်ပြီး ပြည်သူတွေအပေါ်နှိပ်စက်ခဲ့တဲ့ ဒီစစ်တပ် လက်အောက်မှာ အလုပ်လုပ်ဖို့ ဒေါ်အေးနုစိန်လက်ခံခဲ့တာဟာ ANP ကိုထောက်ခံသူတွေအားလုံးကို စော်ကား လိုက်ရာရောက်တယ်လို့လည်း ဝေဖန်ကြပါတယ်။ ဒီနောက်ပိုင်းမှာတော့ ANP က ထိပ်ပိုင်းခေါင်းဆောင်တချို့နဲ့ ANP Youth Wing က လူငယ်တချို့ ပါတီကနေ အပြီးတိုင် နုတ်ထွက်သွားကြတာတွေ့ရပါတယ်။ ဒေါ်အေးနုစိန်ကတော့ လက်ရှိအချိန်ထိ စစ်ကောင်စီအဖွဲ့ဝင်အဖြစ် နိုင်ငံတော်အဆင့်အခမ်းအနားတွေမှာ ရခိုင်တို့ရဲ့အထွဋ်အမြတ်ထားရာ သဇင်ပန်းလေးပန်ပြီး ပွဲတက်ကောင်းနေဆဲပါ။

ရခိုင်နိုင်ငံရေးပါတီတွေကို ပြည်သူလူထု ယုံကြည်အားကိုးမှုလျော့ကျလာရတဲ့ နောက်ထပ်တစ်ချက်လည်း ရှိနေပါတယ်။ အဲဒါကတော့ ရခိုင်မှာ ကိုဗစ်ကပ်ဘေးရင်ဆိုင်ရတုန်းက ဘယ်နိုင်ငံရေးပါတီကမှ ဒုက္ခရောက် ပြည်သူတွေကြားမှာ မတွေ့ခဲ့ရတဲ့အချက်ပါပဲ။

ရခိုင်မှာ ၂ဝ၂ဝ ပြည့်နှစ်၊ မတ်လလောက်ကနေ ကိုဗစ်ပထမလှိုင်း စတင်ဖြစ်ပွားခဲ့တာပါ။ ကိုဗစ်ပထမလှိုင်း အတွင်းမှာတော့ ရခိုင်မှာ သိပ်ဆိုးဆိုးဝါးဝါးမဖြစ်ခဲ့ပါဘူး။ ပိုးတွေ့သူတချို့ရှိခဲ့ရုံမှအပ သေဆုံးမှုတွေမရှိခဲ့ပါဘူး။ ဒါပေမဲ့ ကိုဗစ်ဒုတိယလှိုင်းစတင်ခဲ့တဲ့ ၂ဝ၂ဝ ပြည့်နှစ်၊ သြဂုတ်လ ၁၆ ရက်နောက်ပိုင်းမှာတော့ ရခိုင်မှာလည်း ကိုဗစ်ဒဏ်ကို အလူးအလဲခံစားခဲ့ရပါတယ်။ အဲဒီနောက် ၂ဝ၂၁ ခုနှစ်၊ ဇွန်လနောက်ပိုင်းမှာတော့ တတိယလှိုင်းကို ထပ်ပြီး ရင်ဆိုင်ကြရပါတယ်။ ပိုးတွေ့သူတွေများပြီး သေဆုံးသူတွေလည်း နေ့စဉ်ဆိုသလို ရှိနေခဲ့ပါတယ်။

ကိုဗစ်ကြောင့် အပြင်ကို သွားလာလှုပ်ရှားမှုတွေလည်း ကန့်သတ်ခံခဲ့ရပါတယ်။ စားဝတ်နေရေးတွေ ကျပ်တည်း၊ လူတွေ ဒုက္ခရောက်နဲ့ အတော်ကို ဝရုန်းသုန်းကားဖြစ်ခဲ့ကြရပါတယ်။ ကိုဗစ်ကြောင့်စားဝတ် နေရေး ကျပ်တည်းနေကြတဲ့ အခြေခံလက်လုပ်လက်စားပြည်သူတွေကို အမြို့မြို့အနယ်နယ်က စေတနာရှင် အဖွဲ့တွေက စားနပ်ရိက္ခာတွေ၊ ကိုဗစ်ကိုကာကွယ်မဲ့အသုံးအဆောင်ပစ္စည်းတွေကို ကိုယ့်အသက်ကို ပဓာနမထားဘဲ သွားရောက်ထောက်ပံ့ပေးခဲ့တာ တွေ့ခဲ့ရပါတယ်။ ဒီအထဲ ရခိုင်က နိုင်ငံရေးပါတီတွေကိုတော့ လုံးဝ မတွေ့ခဲ့ရပါဘူး။ တကယ့်တကယ်ဒုက္ခရောက်နေချိန်မှာ ရခိုင်က နိုင်ငံရေးပါတီတွေ ပျောက်ခြင်းမလှ ပျောက်နေခဲ့ကြပါတယ်။ ၂ဝ၂၁ ခုနှစ်ကမိုးတွင်းမှာ ရေဘေးကြောင့် ရခိုင်က တချို့မြို့နယ်တွေမှာ လူမှုစီးပွားဘဝတွေ ပျက်စီးကြတယ်။ ဘယ်ပါတီကမှ သွားရောက်အားပေးဖော်မရှိခဲ့ပါဘူး။

ရခိုင်ပါတီတွေ ရွေးကောက်ပွဲမတိုင်ခင်တော့ ရွေးကောက်ပွဲနိုင်လို့ အမတ်ဖြစ်ရင် ဘာလုပ်ပေးမယ်၊ ညာလုပ်ပေးမယ်နဲ့ လူထုကို အယုံသွင်းခဲ့ကြတယ်။ ရွေးကောက်ပွဲမှာ အနိုင်လည်း မရရော ကြက်ပျောက်ငှက်ပျောက်ဖြစ်သွားကြပါတယ်။ ရွေးကောက်ပွဲနိုင်မှ ရခိုင်လူထုအတွက်လုပ်ပေးမှာလားလို့လည်း မေးခွန်းထုတ်စရာဖြစ်နေပါတယ်။ ရွေးကောက်ပွဲနိုင်ပြန်ရင်လည်း လူထုအတွက်လုပ်ပေးတာက အနည်းစုသာဖြစ်ပါတယ်။ သူတို့ ကန်ထရိုက်ရရှိရေး၊ အစိုးရနဲ့ပေါင်းပြီး စီးပွားရေးလုပ်စားရေးလောက်ပဲ သူတို့ခေါင်းထဲမှာရှိတယ်။ သူတို့ရွေးကောက်ပွဲဝင်သည့်ရည်ရွယ်ချက်ကလည်း အစိုးရနဲ့ပေါင်းစားဖို့လောက်သာ ဖြစ်နိုင်ပါတယ်။ ဒါကို ရခိုင်လူထုကလည်း ကောင်းကောင်းကြီး နားလည်သဘောပေါက်နေကြပါပြီ။ နောက်ပြီး စစ်အစိုးရလက်ထက်ကနေ အရပ်သားအစိုးရတက်ခဲ့တဲ့(၁ဝ)နှစ်တာ နိုင်ငံရေးဖြတ်သန်းမှုအရ ပါတီနိုင်ငံရေးဟာ ရခိုင်ပြည်အတွက်အရွေ့တစ်ခုကို အဲလောက်ထိ ထိုးဖောက်နိုင်စွမ်းမရှိခဲ့ဘူးဆိုတာကို ရခိုင်ပြည်သူတွေ ကောင်းကောင်းကြီး နားလည်သဘောပေါက်နေကြပါပြီ။

ဒါကြောင့် လက်ရှိအခြေအနေမှာ ရခိုင်လူထုက ပါတီနိုင်ငံရေးကို လုံးဝ အယုံအကြည်မရှိကြတော့တာ ဖြစ်ပါတယ်။ သူတို့တွေယုံကြည်အားကိုးနေတာက လက်နက်ကိုင်တော်လှန်ရေးပဲဖြစ်ပါတယ်။ ဗိုလ်ချုပ် ထွန်းမြတ်နိုင် ဦးဆောင်တဲ့ ရက္ခိုင့်တပ်တော်(AA)ကသာ ရခိုင်ပြည်အတွက် အရွေ့တစ်ခုကို ဖော်ဆောင် လာနိုင်မယ်လို့ ရခိုင်ပြည်သူတွေက တစ်ထစ်ကျယုံကြည်ထားကြပါတယ်။

ရခိုင်လူထုအကြား AA ရဲ့ ထိုးဖောက်စိမ့်ဝင်နိုင်စွမ်းနဲ့ လက်တွေ့ဆန်တဲ့လုပ်ရပ်တွေကလည်း လူထုကို အကြိုက်တွေ့စေပါတယ်။ ဒါကြောင့် ရခိုင်ပြည်အရွေ့တစ်ခုအတွက် AA မှအပ တခြားအားကိုးရာ အဖွဲ့မရှိတော့ဘူးလို့လည်း ခံယူထားကြပါတယ်။ ရခိုင်ပြည်သူတွေ လိုလားတောင့်တတဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်၊ ကိုယ့်သယံဇာတတွေကို ကိုယ်တိုင်စီမံခန့်ခွဲပိုင်ခွင့်စတဲ့ အခွင့်အရေးတွေကို AA နဲ့အတူ ရခိုင်ပြည်သူတွေ လက်တွဲပူးပေါင်း တိုက်ပွဲဝင်ကြဖို့ကိုလည်း တစ်ညီတစ်ညွတ်တည်း ဆုံးဖြတ် ထားကြတယ်လို့ ကြားသိရပါတယ်။ AA မှအပ ဘယ်နိုင်ငံရေးပါတီကိုမှ ရခိုင်လူထုက အယုံအကြည်မရှိ ကြတော့ပါဘူး။

လှထွန်းဖြူ ရေးတယ်

ဖက်ဒရယ်ဂျာနယ်
ဇန်နဝါရီ ၁၀၊ ၂၀၂၂

Related Articles

Back to top button