ဆောင်းပါး

မြန်မာပြည် လွတ်လပ်ပြီလား

၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်၊ မြန်မာသက္ကရာဇ် ၁၃ဝ၉ ခုနှစ် ပြာသိုလဆုတ် ၉ ရက်၊ တနင်္ဂနွေနေ့ကား မြန်မာနိုင်ငံသည် လုံးဝလွတ်လပ်သော အချုပ်အခြာအာဏာပိုင် သမ္မတ နိုင်ငံတော်အဖြစ်သို့ ကောင်းစွာရောက်ရှိသောနေ့ ဖြစ်လေသည်။ ထိုနေ့သည် ပြည်ထောင်စု မြန်မာနိုင်ငံသားများအဖို့ ထူးမြတ်သော နေ့တစ်နေ့ဖြစ်သည့်အားလျော်စွာ မြန်မာနိုင်ငံအနှံ့ အပြားရှိ မြို့ရွာများတွင် ထိုနေ့ကို မှတ်တမ်းတင်သော မော်ကွန်းကျောက်စာတိုင်များ စိုက်ထူ ကြပြီးလျှင် အောက်ပါအတိုင်း ကမ္ဗည်း ထိုးထားကြသည်။

 

  ဂြီသက္ကရာဇ် တစ်ထောင့်သုံးရာကိုးခုနှစ်၊ ပြာသိုလဆုတ် (၉)ရက်၊ တနင်္ဂနွေနေ့အား ဤငါတို့မြန်မာပြည် လုံးဝလွတ်လပ်သော အချုပ် အခြာအာဏာပိုင် ပြည်ထောင်စုသမ္မတနိုင်ငံတော်ကြီးအဖြစ် ကောင်းစွာ ရောက်သတည်း။  

 

ဗမာပြည်မှ ဗိုလ်ချုပ်အောင်ဆောင်ခေါင်းဆောင်ပြီး ရှမ်း၊ ချင်း၊ ကချင်မှ ခေါင်းဆောင် တို့ ပင်လုံစာချုပ်ကို အောင်မြင်စွာ ချုပ်ဆိုပြီးနောက်တွင် တိုင်းပြည်ကြီးလေးခုသည် တစု တစည်းတည်းဖြင့် ကြားဖြတ် ဗမာအစိုးရနှင့် ပူးပေါင်းပြီး ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ တော်ကြီးတစ်ခုအဖြစ် ဗြိတိသျှကိုလိုနီလက်အောက်မှ လွတ်လပ်ရေးရယူခဲ့ကြသည်။ သို့ပေမဲ့ မြန်မာနိုင်ငံကြီး လွတ်လပ်မှုကို အပြည့်အဝရရှိပြီလား။ ရွှေရည်စိမ် လွတ်လပ်ရေးအဆင့်မှာဘဲ ရှိနေသေးလား ဆိုတာ မေးစရာရှိပါသည်။

 

လွတ်လပ်မှုဆိုတာ ဘာလဲ။ လွတ်လပ်သော တိုင်းပြည်တစ်ခုဆိုတာ ဘာလဲ။ ဘယ်ပြည်သူက လွတ်လပ်နေလဲ။ ဒါ့ပြင် ဘယ်သူတွေမှာ တိုင်းပြည်ရဲ့အာဏာတွေ ရောက်နေ တာလဲ။ တွေးဖို့ ကောင်းသည်။

 

အင်္ဂလိပ်လက်အောက်မှာ နေရသော အဆင့်ထက်ပိုမိုကောင်းမွန်စေရမည် ဆိုသော ဗိုလ်ချုပ်အောင်ချုပ်၏ကတိကဝတ်နှင့် ရှမ်း၊ ချင်း၊ ကချင်မှ တောင်းဆိုသော အချက် (၈)ချက် ကို ခြွင်းချက်မရှိ လက်ခံပေးမှု၊ အဆင်မသင့်ပါက ဆယ်နှစ်ပြည့်သော် ခွဲထွက်နိုင်သည်ဟူ သော ကတိကဝတ်တို့ကြောင့် ကချင်တောင်တန်းဒေသ၊ ချင်းတောင်တန်းဒေသ၊ ဖက်ဒရယ် ရှမ်းပြည်နှင့် ဗမာပြည်တို့ ပူးပေါင်းပြီး ပြည်ထောင်စုနိုင်ငံတော်ကြီးအဖြစ် အင်္ဂလိပ် လက်အောက်မှ လွတ်လပ်ရေးယူခဲ့ကြသည်။

 

သို့သော် ပင်လုံကတိကဝတ်များသည် စာရွက်ထက်၌သာ တည်ရှိနေဆဲ ဖြစ်ပြီး အကောင်အထည် ဖော်ဆောင်ခြင်းမရှိပေ။ လက်ရှိအချိန်အထိ ဗမာမှအပ ကျန်တိုင်းရင်းသား များသည် လွတ်လပ်သောတိုင်းပြည်၊ မိခင်တိုင်းပြည်တွင် နေထိုင်ရသည်ဟု မခံစားရဘဲ ကိုလိုနီလက်အောက်ခံ နိုင်ငံ၊ ဒေသများသဖွယ် ခံစားရပြီး ပင်လုံကတိကဝတ်ရရှိရေးအတွက် လက်နက်နှင့် တနည်း၊ စားပွဲဝိုင်းတွင် တဖုံ တိုက်ပွဲဝင်နေရဆဲဖြစ်သည်။ ဗမာလူမျိုးများသည် လည်း အချင်းချင်း ပြန်လည် ဖိနှိပ်မှုများကြောင့် တိုင်းရင်းသားများနှင့် မထူးခြားနားဘဲ ချုပ်ချယ်ခံနေရဆဲ ဖြစ်ပါသည်။

 

တိုင်းရင်းသားများ၏ နိုင်ငံရေးတောင်းဆိုချက်များသည် တိကျရှင်းလင်းပြီး ပြတ်သား သည်။ ပင်လုံစာချုပ်၏ အခြေခံတောင်းဆိုချက်များအရ ကိုယ်ပိုင်ပြဌာန်းခွင့်၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့်နှင့် ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်များကို ပြည်မအုပ်ချုပ်သူ အဆက်ဆက်တွင် တောင်းဆိုခဲ့သော်လည်း အလှမ်ဝေးနေဆဲဖြစ်သည်။

 

ပြည်မနိုင်ငံရေးသည်လည်း စစ်တပ်၏ အကြိမ်ကြိမ်အာဏာသိမ်းမှုကြောင့် နာလန် မထူနိုင်ဘဲ ရှိသည်။ ဗမာမှအပ တိုင်းရင်းသားအသီးသီးတွင် နိုင်ငံရေးတောင်းဆိုမှု၊ တည်ဆောက်မှုများသည် ရှင်းလင်းသော်လည်း၊ ဗမာ့နိုင်ငံရေးမှာ ဝိုးတဝါးသာ တည်ရှိနေ သည်။ ဗမာပြည်နယ်၊ ဗမာ့နိုင်ငံရေး မထွက်လာသမျှကာလပတ်လုံး တိုင်းရင်းသား နိုင်ငံရေး နှင့် ဗမာနိုင်ငံရေးကြား ရှင်းလင်းပြတ်သတ်သော ညှိနှိုင်းဆောင်ရွက်မှုများကို ပြုလုပ်နိုင်မှာ မဟုတ်သလို လူမျိုးစုအခြေခံနိုင်ငံရေးကိုတည်ဆောက်နိုင်မည်မဟုတ်ပေ။

 

မြန်မာနိုင်ငံ၏ ပထဝီအနေအထား၊ မြန်မာနိုင်ငံရေး၏ လာရာလမ်းနှင့် နိုင်ငံရေးဓလေ့ ထုံးစံအရ လူမျိုးစုနိုင်ငံရေးအပေါ်အခြေခံသော နိုင်ငံတော်တည်ဆောက်မှုနှင့်သာလျှင် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကြီး ပေါ်ပေါက်လာမှာဖြစ်ပြီး အဖန်တလဲလဲ စစ်အာဏာ သိမ်းမှုကို အမြစ်ဖြတ်နိုင်မှာ ဖြစ်ပါသည်။

 

ဖက်ဒရယ်ဒီမိုကရေစီစနစ်ကို အခြေခိုင်အောင် မတည်ဆောက်နိုင်သမျှကာလပတ်လုံး ပြည်တွင်းစစ်ပြီး မငြိမ်းသတ်နိုင်သလို စစ်တပ်၏ အခန်းကဏ္ဍကို လျော့ချနိုင်မှာ မဟုတ်ပေ။ စစ်တပ်အခန်းကဏ္ဍ ကျယ်ဝန်းနေသမျှကာလပတ်လုံး စစ်တပ်နိုင်ငံရေးထဲ ဝင်ရောက် စွက်ဖက်မှုကို ဟန့်တားနိုင်မှာ မဟုတ်ပေ။

 

ထို့ကြောင့် မြန်မာပြည်ကြီး အမှန်တကယ်လွတ်လပ်ရေးရရှိနိုင်ဖို့နှင့် အေးချမ်း တည်ငြိမ်ဖို့အတွက် ဗမာ့နိုင်ငံရေးအခန်းကဏ္ဍ ပေါ်ပေါက်လာဖို့ လိုသလို ဗမာပြည်နယ်နှင့် အမျိုးသားများပြည်နယ်ပေါ်ပေါက်လာရန် အရေးကြီးပြီး လူမျိုးကြီးဝါဒနှင့် မဟာဝါဒကို အဆုံးသတ်ရန် လိုအပ်သည်။

 

လက်ရှိ စစ်ကောင်စီအာဏာသိမ်းမှုကြောင့် ပျက်စီးသွားသော နိုင်ငံရေးကဏ္ဍအတွက် တိုင်းရင်းသားအားလုံးလိုလားပြီး မြန်မာနိုင်ငံနှင့် ကိုက်ညီသော စနစ်တစ်ခုဖြစ်သည့် ဖက်ဒရယ်ဒီမိုကရေစီစနစ်ကို အချိန်ကိုက်တည်ဆောက်သွားနိုင်ပါက စစ်အာဏာရှင်စနစ် ဖြိုချရေးသည် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအပါအဝင် လူမျိုးပေါင်းစုံ၏ တာဝန်ဖြစ်သွားမည် ဖြစ်သလို ပင်လုံကတိကဝတ်ကိုလည်း အကောင်းဆုံးနှင့် အမြန်ဆုံး အကောင်အထည်ဖော်ရာ ရောက်ပါသည်။

 

မြန်မာနိုင်ငံကြီး စစ်မှန်ပြည့်ဝသော လွတ်လပ်ရေးရရှိမည်ဖြစ်ပါသည်။ လှည်းနေ မြင်းစောင်းမကျန် လူမျိုး၊ဘာသာ၊ လူတန်းစား အသီးအသီး လွတ်လပ်ရေးရရှိဖို့ရန်အတွက် စစ်အာဏာရှင်စနစ်ကို အပြီးသတ်ဖြိုချပြီး ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်သွားရမည် ဖြစ်ပါသည်။

 

အရေးတော်ပုံ အောင်ရမည်…..

 

 

ကံ့ကော်ဖြူ

ဖက်ဒရယ်ဂျာနယ် ( ဇန်နဝါရီ – ၄ – ၂၀၂၂ )

Related Articles

Back to top button