တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ

ရိုဟင်ဂျာတွေရဲ့ လူ့အခွင့်အရေးနဲ့ နိုင်ငံသားအခွင့်အရေးကို ကျနော်တို့ အသိအမှတ်ပြုပါတယ်

(ဘင်္ဂလားဒေ့ရှ်အခြေစိုက် Prothom Alo သတင်းစာမှာ ဖော်ပြခဲ့ပြီး၊ Ayesha Kabir က အင်္ဂလိပ်လို ပြန်လည် ရေးသားထားတဲ့ အင်တာဗျူးကို More Mrunt Vlog က ဆီလျော်အောင် ဘာသာပြန်ဆိုထားခြင်းဖြစ်သည်။)

 AA တပ်မှူးချုပ် ထွန်းမြတ်နိုင်

ဖက်ဒရယ်ဂျာနယ်
ဇန်နဝါရီ ၃၊ ၂၀၂၂
——————- 

Pro- ဗိုလ်ချုပ်ထွန်းမြတ်နိုင်ခင်များ အခုလို အချိန်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။

AA- အင်္ဂလိပ်စကားပြောတဲ့ ဂျာနယ်လစ်တွေနဲ့စကားပြောလို့ရှိရင် ကျနော် အတော်လေးသတိထားပါတယ်။ ကျနော်တို့ အခြေအနေက အရမ်းရှုပ်ထွေးပါတယ်။ ကျနော်တို့ရဲ့ မဟာဗျူဟာကလည်း ရှုပ်ထွေးပါတယ်။ အင်္ဂလိပ်စာက ကျနော်တို့ရဲ့ ဘာသာစကားမဟုတ်တဲ့အခါကျတော့ တခြားနိုင်ငံတွေက လူတွေ ကျနော်တို့ရဲ့ တင်ဆက်မှုတွေကို နားလည်ဖို့ခက်သလို၊ ထိခိုက်ဆုံးရှုံးမှုယူရတာလည်းများပါတယ်။ ကျနော်တို့ရဲ့ မဟာဗျူဟာတွေအောင်မြင်မှုမရသေးခင် အပြင်ကို ထုတ်တာမျိုးကျနော်တို့ မလုပ်ချင်ပါဘူး။ ခင်များတို့ကို လက်ခံစကားပြောဖို့ ကျနော် အသေအချာစဉ်းစားခဲ့ပြီးမှ ဆုံးဖြတ်ခဲ့တာပါ။ ခင်များတို့က ကျနော့်ကို ရိုဟင်ဂျာကိစ္စကို မေးမြန်းလာနိုင်လို့ပါ။ ကျနော်တို့က သူတို့ကို “ရခိုင်ပြည်နယ်မှာနေထိုင်တဲ့ မွတ်စလင်တွေ” လို့ သုံးပါတယ်။ ခင်များတို့ကလည်း ကျနော်တို့ရဲ့ အိမ်နီးချင်းတွေပါပဲ။ အဲဒါကြောင့် ကျနော်က ဘင်္ဂလားဒေ့ရှ်နဲ့နားလည်မှုလွဲတာမျိုး မဖြစ်စေချင်ပါဘူး။

Pro -အဲဒီတော့ ကျနော်တို့ကို လက်ရှိရခိုင်ပြည်အခင်းအကျင်းကို ပြောပြပါဦး။ အဲဒီမှာ ရက္ခိုင့်တပ်တော်က ဘာတွေလုပ်နေလဲ။ ဘယ်အခြေအနေကို ဦးတည်နေသလဲ ပြောပြပေးပါဦး။

AA- ကျနော်တို့နဲ့ ဗမာစစ်တပ်ကြားမှာ ယာယီအပစ်ရပ် (တရားဝင်မဟုတ်) သဘောမျိုးလုပ်ထားတာရှိပါတယ်။ အပစ်အခတ်ရပ်စဲမှုမတိုင်ခင်မှာတော့ အတော်လေးပြင်းထန်ခဲ့ပါတယ်။ တပ်ရင်းအနည်းငယ်ကလွဲပြီး ကျန်တဲ့နေရာတော်တော်များများကို သူတို့ ဝင်မလာနိုင်ပါဘူး။ အဲဒီအချက်က  ဒီနယ်မြေတွေမှာ ကျနော်တို့ခုခံမှုနဲ့ လက်ရှိအခြေအနေက ဘယ်လောက်အားကောင်းတယ်ဆိုတာကို ခင်များ ဆဝါးနိုင်မယ်လို့ ထင်ပါတယ်။ လက်ရှိ အပစ်အခတ်ရပ်စဲရေးကို လိုချင်နေတာကတော့ တပ်မတော်ပါပဲ။ နှစ်ဖက်အဖွဲ့တွေကြားမှာ လက်ရှိအချိန်ထိ ဘာတရားဝင်ပြောဆိုဆွေးနွေးမှု၊ သဘောတူညီမှုတွေမရှိသေးပါဘူး။ တခါတလေ ကျနော်တို့ အွန်လိုင်းက တွေ့ဆုံ ဆွေးနွေးတာတွေရှိပါတယ်။ အဲလိုအခါမျိုးမှာ စစ်တပ်က ကျနော်တို့ရဲ့ အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေးတွေကို ကန့်ကွက်လေ့ရှိပါတယ်။ ရခိုင်ပြည်မှာ ကျနော်တို့ရဲ့ အုပ်ချုပ်ရေး ယန္တရားအသက်သွင်းနေတာရှိပါတယ်။ တရားစီရင်ရေးလည်း တည်ထောင်ထားပြီးပါပြီ။ နောက်ပြီး အခွန်ကိစ္စည်း တည်ဆောက်ထားပါပြီ။ ဒါတွေက (ဗမာပြည်တော်လှန်ရေးသမိုင်းမှာ) ဘာမှ အသစ်အဆန်းမဟုတ်ပါဘူး။ တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေး အုပ်စုတိုင်းက သူတို့နယ်မြေတွေမှာ အုပ်ချုပ်ရေး ယန္တရားတည်ဆေက်ကြတာပါပဲ။ ကျနော်တု့ိသိမ်းယူနိုင်ခဲ့တဲ့ လွှမ်းမိုးတဲ့နယ်မြေတွေကို ကျစ်လစ်လာအောင်ပိုပြီးတော့ အာရုံစိုက်နေပါတယ်။

Pro- ခင်များတို့ရဲ့ ထိန်းချုပ်နယ်မြေက တောင်ပိုင်းနဲ့ မြောက်ပိုင်း ဘာတွေကွာခြားမှု ရှိပါသလဲ။

AA – ကျနော်တို့က ရခိုင်ပြည်ရဲ့မြို့နယ်တွေမှာရှိပါတယ်။ မြို့ပေါ်တွေမှာ မဟုတ်ပါဘူး။ မြို့ပေါ်ကိုလည်း ကျနော်တို့ ဝင်ရောက်နိုင်စွမ်းရှိပါတယ်။ ဒါပေမဲ့ အဲဒါက ပိုပြီးတော့ အပျက်အစီးပိုများပါလိမ့်မယ်။ ဗမာစစ်တပ်ဟာ အင်မတန်မှကို ရက်စက် ကြမ်းကြုတ်ပါတယ်။ အဲဒီလို ကြမ်းကြုတ်ခွင့် ကျနော်တို့ သူတို့ကို တစက်လေးမှ အခွင့်မပေးချင်ပါဘူး။

Pro- ပြီးခဲ့တဲ့ ၂၀၂၀ မှာ ရက္ခိုင့်တပ်တော်ရဲ့အလံကို အိုလံပစ်ကစားပွဲမှာ လွှင့်တင်ပြီးတော့ ရက္ခိုင့်နိုင်ငံတော်သီချင်းဆိုနေတာကို မြင်ချင်တယ်လို့ ဗိုလ်ချုပ်ပြောခဲ့တာရှိပါတယ်။ အဲဒါက ရခိုင်ပြည်လွတ်လပ်ရေးအတွက်  ခင်များတိုက်ခိုက်နေတယ်လို့ ဆိုလိုတာပါလား။

AA- ကျနော်တို့ ဘာလွတ်လပ်ရေးမှ မကြေညာရသေးပါဘူး။ ဒါပေမဲ့ ကျနော်တို့က ရခိုင်လူထုကို သွယ်ဝိုက်တဲ့နည်းနဲ့ ကျနော်တို့ရဲ့ နိုင်ငံရေးပန်းတိုင်ကို အသိပေးပြောထားတာတွေတော့ရှိပါတယ်။ နိုင်ငံတာအသိအမှတ်ပြုခံရရေးထက် ကျနော်တို့ရဲ့ ပြည် အချုပ်အခြာပြန်လည်ရရှိရေးအတွက် တိုက်ခိုက်နေရတာဖြစ်ပါတယ်။ ကျနော်တို့က ပြည်တွင်း၊ ပြည်ပ အခြေနေအရပ်ရပ်ကိုလည်း ထည့်သွင်းစဉ်းစားပါတယ်။ ဘင်္ဂလားဒေ့ရှ်ဟာ ၁၉၇၁ မှာ လွတ်လပ်ရေး ရပါတယ်။ အိန္ဒိယနဲ့ တခြားနိုင်ငံအမြော်ကအများက ဒါကို လက်ခံအသိအမှတ်ပြုကြပါတယ်။ ဒါပေမဲ့ ဒေသတွင်း နိုင်ငံရေးအခြေအနေတွေက အခုအချိန်မှာ ဒီအမြင်ပေါ်ပြောင်းလဲသွားကြပါပြီ။ မြန်မာ့အိမ်နီးချင်းနိုင်ငံတွေက ဒေသတွင်းမှာ နိုင်ငံအသစ်ပေါ်လာမှာကို မလိုလားကြပါဘူး။ ဒီလို နိုင်ငံအသစ်တွေပေါ်လာခြင်းက သူတို့နိုငံတွေမှာသက်ရောက်ပြီးတော့၊ သူတို့ဆီမှာလည်း ခွဲထွက်ရေးအုပ်စုတွေပေါ်လာမှာကို စိုးရိမ်ကြတာရှိပါတယ်။

Pro- အဲဒီတော့ ခင်များက ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရေးလိုချင်နေတာပေါ့။

AA- ကျနော်တို့အလိုချင်ဆုံးကတော့ လွတ်လပ်ရေးပါပဲ။ ဒါပေမဲ့ အဲဒီအတွက် အများကြီးလုပ်ရဦးမှာပါ။ ဒါက အချိန်ပေါ်လည်း မူတည်ပါတယ်။

Pro- ၂၀၂၀ တုန်းက AA တပ်သား နှစ်သောင်းလောက်ရှိပြီးတော့ အဲဒါကို တပ်သား ခုနစ်သောင်းလောက် ထပ်တိုးချင်တယ်လို့ပြောခဲ့တာရှိပါတယ်။ အဲဒီရည်မှန်းချက်ကို ဘယ်တော့လောက်ရောက်မှာပါလဲ။

AA- ကျနော်တို့မှာ တပ်သား သုံးသောင်းလောက်ရှိပါတယ်။ အဲဒီတပ်သား သုံးသောင်းအတွက် လက်နက်တပ်ဆင်ဖို့ဆိုတာ လွယ်လှတဲ့ကိစ္စ မဟုတ်ပါဘူး။ အင်မတန်ခက်ပါတယ်။ ကိုယ့်ရဲ့နိုင်ငံရေးရည်မှန်းချက်တစ်ခုရှိတဲ့အခါ အဲဒီရည်မှန်းချက်ဖြစ်ဖို့ ကျန်တာတွေအကုန်လုံးကို ဖြစ်အောင်လုပ်ရတာပါပဲ။ ကျနော်တို့ရဲ့ အဖိုးအဖီးတွေရဲ့မိခင်မြေကို ပြန်လည်ရရှိဖို့အတွက် အနည်းဆုံး တပ်သား အင်အား သုံးသောင်းကနေ ငါးသောင်းလောက်လိုအပ်ပါတယ်။ လူထုကတော့ ဒီလိုပြန်လည်ရရှိရေး ကျနော်တို့နဲ့အတူ ရုန်းကန်ဖို့ အရမ်းစိတ်အားထက်သန်ကြပါတယ်။ ဒါကိုတော့ ကျနော် အများကြီးပြောနိုင်တယ် …. အခြေအနေကတော့ ကျနော်တို့ဖက်မှာပါပဲ။ ဒါပေမဲ့ ဘယ်အခြေအနေမှာ ကျနော်တို့ရည်မှန်းချက်ဖြစ်လာမလဲဆိုတာတော့ ပြောဖို့ခက်ပါတယ်။

Pro- ဗိုလ်ချုပ်က ရခိုင်ပြည်မှာ ရက္ခိုင့်တပ်တော်က အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေးတွေ တည်ထောင်ထားပြီလို့ပြောခဲ့တာရှိတယ်။ တဆက်တည်းမှာပဲ ခင်များတို့က ရခိုင်ပြည်အားလုံးကို မထိန်းချုပ်နိုင်သေးဘူးလို့လည်းဆိုတယ်။ အဲဒီတော့ ခင်များရဲ့ တရားစီရင်ရေးမဏ္ဍိုင်က ဘယ်မှာလဲ။ ဘယ်လို လည်ပတ်ပါသလဲ။

AA – ကျနော်တို့မှာ ကိုယ်ပိုင်ရဲတပ်ဖွဲ့ရှိပါတယ်။ လူထုကြားထဲမှာ ယုံကြည်မှုတည်ဆောက်နိုင်ပြီဆိုရင် ကိုယ်ပိုင်တရားစီရင်ရေးလည်းရှိဖို့လိုအပ်ပါတယ်။ သူတို့ရဲ့ပြသနာတွေကို မျှမျှတတဖြစ်အောင်ဖြေရှင်းရပါမယ်။ ဒါ ကျနော်တို့ရဲ့ အတွေ့အကြုံပါပဲ။

Pro- ရက္ခိုင့်တပ်တော် (AA) က ဘာလို့ အာဏာသိမ်းစစ်တပ် ဆန့်ကျင်ရေး၊ ဒီမိုကရေစီလှုပ်ရှားမှုတွေမှာ မပါရတာပါလဲ။ ဒီကိစ္စမှာ ရက္ခိုင့်တပ်တော်ရဲ့ ရပ်တည်ချက်က  ဘာပါလဲ။

AA- ကျနော်တို့ရဲ့ မူလရည်မှန်းချက်က “ရက္ခိတလမ်းစဉ်”၊ ဆုံးရှုံးထားတဲ့ အချုပ်အချာ အာဏာပြန်လည်ရယူရေးဖြစ်ပါတယ်။ ပြီးခဲ့တဲ့ မျုးိဆက်တွေက ဗမာနိုင်ငံရေးသမားတွေရဲ့ဦးဆောင်မှုနောက်ကို လိုက်ခဲ့ပြီးတော့ အချိန်တွေကုန်ဆုံး၊ လမ်းပျောက်ခဲ့ရတယ်။ ဒုတိယကမ္ဘာစစ်တုန်း၊ ရခိုင်နိုင်ငံရေးသမားတွေက ဗိုလ်ချုပ်အောင်ဆန်းတို့ကို ထောက်ခံပြီး နောက်လိုက်ခဲ့ကြတယ်။ ဒါပေမဲ့ ရခိုင်တွေက နိုင်ငံရေးမှာ ချောင်ထိုးခံလိုက်ရတယ်။ ရခိုင်တွေက ၁၉၈၈ ဒီမိုကရေစီအရေးတော်ပုံ လှုပ်ရှားရေးမှာလည်း ပါခဲ့ကြသေးတယ်။ ဒါပေမဲ့ အဲဒီရဲ့အသီးအပွင့်တွေကိုလည်း ဘာမှ မခံစားခဲ့ရကြပါဘူး။ အဲဒီလို အတွေ့အကြုံတွေများလာတဲ့အခါ ကျနော်တို့မျိုးဆက်မှာ ဗမာနောက်လိုက် ( နိုင်ငံရေး) မလုပ်ချင်တော့ပါဘူး။ ကိုယ်ပိုင်မျှော်မှန်းချက်ကိုပဲ အကောင်အထည်ဖော်ချင်ပါတယ်။  ဒါက ကျနော်တို့ရဲ့ ခပ်ဝေးဝေးကနေ ရပ်ပြီး ဗမာပြည်ဒီမိုကရေစီလှုပ်ရှားမှုကို ကြည့်တဲ့ ဗမဟာဗျူဟာဖြစ်ပါတယ်။ ကျနော်တို့ကိုယ်တိုင် တိုက်ရိုက်ပါဝင်လှုပ်ရှားတာမျိုးမဟုတ်ပေမယ့်လည်း ကျနော်တို့နဲ့ဆက်စပ်တဲ့ အဖွဲ့အစည်းတွေကတော့ ဒီလှုပ်ရှားမှုမှာ ပါကြမှာပါ။ ဒါပေမယ့် ဒီနေရာမှာ ကျနော်ပြောလိုတာက ကျနော်တို့ ရပ်တည်ချက်က ပါးနပ်တယ်လို့မြင်ပါတယ်။ ဒါကြောင့်လည်းပဲ ဗမာပြည်နယ်တစ်ခုလုံးမှာ မငြိမ်မသက်တွေဖြစ်နေပေမယ့် ရခိုင်ပြည်နယ်မှာ အေးအေးချမ်းချမ်းရှိနေတာပါပဲ။

Pro- နောက်ထပ် ကိစ္စတစ်ခုကို ဆက်သွားရအောင်ပါ။ ရိုဟင်ဂျာတွေနဲ့ပတ်သတ်ပြီး ရက္ခိုင့်တပ်တော်က ဘယ်လိုတွေးထားတာရှိပါလဲ။

AA- ကျနော်တို့က ရိုဟင်ဂျာတွေရဲ့ လူ့အခွင့်အရေးနဲ့ နိုင်ငံသားအခွင့်အရေးတွေကို အသိအမှတ်ပြုပါတယ်။ ဒါပေမဲ့  အဲဒီလိုကိစ္စရပ်ကြီးကို ဒီလိုမေးခွန်းလေးတစ်ခုကို စကားတလုံးနှစ်လုံးနဲ့ဖြေဆိုလို့ရမှာမဟုတ်ပါဘူး။ ဒါတွေက ဒီမိုကရေစီနိုင်ငံကြီးတွေမှာတောင် ပြသနာကြီးတစ်ရပ်ဖြစ်ပါတယ်။ ဘင်္ဂလည်းဒေ့ရှ်လည်း အဲဒီပြသနာကို တစ်ယောက်တည်း မဖြေရှင်းနိုင်ပါဘူး။ ကျနော်တို့အတွက်လည်း အင်မတန်ကြီးတဲ့ ကိစ္စရပ်တစ်ခုပါ။ ဒီကိစ္စကို ကျနော်တို့ ဘင်္ဂလားဒေ့ရှ်နဲ့အတူတကွဖြေရှင်းဖို့ စိတ်အားထက်သန်ပါတယ်။

ဒီလိုပြသနာကို ဖြေရှင်းဖို့ အချိန်ယူရမှာပါ။ အထူးသဖြင့် ရိုဟင်ဂျာ အသိအမှတ်ပြုမှု (identity) အပေါ် အငြင်းပွားမှုတွေရှိနေတာပါ။ လူဦးရေတစ်ခုက သူတို့ကို ဘယ်လိုအသိအမှတ်ပြုခေါ်ဝေါ်စေချင်သလဲဆိုတာက  အခြေခံလူ့အခွင့်ရေးရှုထောင့်ဖြစ်ပါတယ်။ ကျနော်တို့အဖွဲ့အစည်းမှာလည်း အခြေခံလူ့အခွင့်အရေးနဲ့ပတ်သတ်တဲ့ ကတိကဝတ်တွေရှိပါတယ်။ တဖက်မှာလည်း ဒေသခံအဖွဲ့အစည်းတွေရဲ့ အမြင်တွေကလည်း အရေးကြီးပါတယ်။ ၁၉၅၀ ခုနှစ်မတိုင်ခင်လောက်ထိတော့ ရိုဟင်ဂျာဆိုတဲ့အခေါ်အဝေါ်ကို သိပ်မကြားဖူးကြပါဘူး။ အဲဒီစကားလုံးပေါ်လာပြီးနောက်မှာတော့ သမိုင်းပုံရိပ်တွေလည်း တဖန်ပေါ်လာပါတယ်။ အာရပ်တွေရဲ့သမိုင်းတွေလည်း ပါလာပါတယ်။ ရခိုင်တွေကလည်း ငါတို့ိရဲ့ဘိုးဘေးဘီဘင်တွေက ဘယ်သူတွေလည်းလို့သိချင်လာကြပါတယ်။ ရခိုင်တွေလည်း သမိုင်းပုံရိပ်ကလွဲပြီး ဗမာတွေလက်အောက်မှာ အကုန်ကျရှုံးခဲ့ရပါတယ်။ အဲဒီ်တော့ သမိုင်းအပေါ် မှာပဲ ဖက်တွယ်ထားကြတယ်။ ရခိုင်တွေရဲ့ အမျိုးသားရေးစိတ်ကလည်း ပြင်းထန်ပါတယ်။ ဒီလိုအခြေအနေက ရခိုင်ပြည်မှာရှိတဲ့ အုပ်စုနှစ်ခုကြား အကွဲအပြဲတွေဖြစ်ပေါ်လာတာပါ။ ဒါက နိုင်ငံရေးအခြေအနေပေါ်မူတည်ပြီး ဖြစ်လာတာပါ။  ရက္ခိုင့်တပ်တော်ရဲ့ လက်ရှိ ရပ်တည်ချက်ကတော့ ဗမာပြည်ကိုဆန့်ကျင်ပြီးတော့ ရခိုင်ပြည်မှာ အတူတကွရှိချင်တယ်ဆိုတဲ့မူဖြစ်ပါတယ်။  ဒီပြသနာကိုဖြေရှင်းရမယ့်အထဲ ဘင်္ဂလားဒေ့ရှ်က တကယ့်အရေးကြီးတဲ့ နိုင်ငံတစ်ခုဖြစ်ပါတယ်။

Pro- ဘင်္ဂလားဒေ့ရှ်အစိုးရကကော ဒီပြသနာတွေကိုဖြေရှင်းဖို့ ခင်များတို့ AA ကို ဆက်သွယ်လာတာမျိုးတွေရှိပါပြီလား။

AA- ကျနော်တို့ သုံးလေးကြိမ်မက ကြိုးစားဆက်သွယ်ဖူးပေမယ့် ကျနော်တို့မျှော်လင့်ထားတဲ့တုံ့ ပြန်မှုမျိုးမရခဲ့ပါဘူး။ ကျနော့်ဆုံးဖြတ်ချက်က ဒီကိစ္စအပေါ် ဘင်္ဂလားဒေ့ရှ် နိုင်ငံရေးသမားတွေနဲ့ ဆွေးနွေးဖို့ပါပဲ။ ကျနော်တို့က သူတို့ရဲ့ တုံ့ပြန်မှုကို ရဖို့စောင့်ဆိုင်းနေတာပါ။ လတ်တလော အာဏာသိမ်းစစ်ကောင်စီရဲ့ ဗဟိုကော်မတီဝင်တွေကို ရခိုင်ပြည် ( မောင်တော) ကို သွားရောက်ခဲ့တာမျိုးတော့ တွေ့မိမိပါတယ်။   ရိုဟင်ဂျာတွေ ပြန်လည်အခြေချထားရေးကိစ္စအတွက် ဆွေးနွေးတယ်လို့ သတင်းမီဒီယာမှာဖော်ပြတာမျိုးတော့ သတိထားမိပါတယ်။

ပြောရမယ်ဆို ဒီပြသနာအတွက် အခြေအနေကတော့ ဘာမှ ရေရေရာရာမရှိလှပါဘူး။ ဗမာစစ်တပ်ကလည်း ဘယ်ကိစ္စမဆို တည်တည်ငြိမ်ငြိမ် ထိန်းထားနိုင်တာမရှိပါ။ အဲတော့ သူတို့ရဲ့စိတ်သဘောထားကို အချိန်မရွေး ရုတ်ချည်းပြောင်းလဲနိုင်ပါတယ်။ သူတို့က ယုံရမှာလား။ ရက္ခိုင်ပြည်နယ်သို့ ရိုဟင်ဂျာတွေပြန်လာရေးက ကြိုဆိုရေးဖြစ်ပြီး (စစ်တပ်နဲ့ AA ကြား) ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးကတော့ အချိန်မရွေးပြန်ပျက်နိုင်တဲ့အနေအထားပါ။ ဗမာစစ်တပ်ကိုယ်တိုင်က သူတို့တပ်စွဲထားတဲ့နေရာတွေက မရုတ်သိမ်းသေးပါဘူး။ ဒါပေမဲ့ ရခိုင်ကတော့ အတော်ငြိမ်းချမ်းတဲ့အနေအထားမှာရှိပါတယ်။

Pro- ဗမာပြည်နယ်က နေရာတွေနဲ့စာရင်တော့ ရခိုင်ပြည်က အေးချမ်းတာ အမှန်ပါပဲ။ ဒါပေမဲ့ အဲဒါကလည်း အမြဲရှိနေမယ့်လို့ ကံသေကံမပြောလို့မရပါဘူး။ ရိုဟင်ဂျာတွေ ပြည်တော်ပြန်မည်ဆိုလည်း ပြန်ကြပါ။ ဒါကို ကျနော်တို့ ကန့်စရာ အကြောင်းမရှိပါဘူး။ သူတို့ပြန်လာချင်တယ်ဆိုတာလည်း သဘာဝကျပါတယ်။ တကယ်ပြောရမယ်ဆို သူတို့ ဒုက္ခသည်စခန်းတွေမှာနေရတဲ့ အခြေအနေကလည်း မကောင်းလှပါဘူး။ ဒါပေမဲ့ သူတို့ပြန်လာရင်ကော အရင်နဲ့မတူတဲ့အခြေအနေတစ်ခု ပြန်ရလာမှာလားဆိုတဲ့ မေးခွန်းရှိပါတယ်။

Pro- ကျနော်တို့ ရိုဟင်ဂျာအဖွဲ့အစည်းတွေဖြစ်တဲ့ ARSA တို့ RSO တို့ကိစ္စတွေလည်း ကြားပါတယ်။ သူတို့ကော ရက္ခိုင့်တပ်တော်နဲ့ဆက်နွယ်မှုတွေရှိပါလား။

AA- ဒီကိစ္စနဲ့ပတ်သတ်ပြီး ကျနော်တို့လည်း နိုင်ငံတကာဖိအားပေးခံရတာတွေရှိပါတယ်။ ဘယ်သူမှတော့ အကြမ်းဖက်လို့ကြေညာခံထားရတဲ့အဖွဲ့အစည်းနဲ့ အဆက်အသွယ်မလုပ်ချင်ပါဘူး။ ကျနော်တို့တောင်မှ အကြမ်းဖက်လို့ကြေညာခံခဲ့ရပါသေးတယ်။ အပစ်အခတ်ရပ်စဲပြီး တစ်လ နှစ်လ အကြာလောက်မှာပဲ စစ်အစိုးရက ကျနော်တို့ကို အကြမ်းဖက်စာရင်းကနေ ပယ်ဖျက်ပေးခဲ့တာပါ။

အိန္ဒိယ၊ တရုတ်၊ နိုင်ငံတော်တော်များများက ကျနော်တို့ကို ARSA ထောက်ပံ့ပေးသလားလို့ မေးတာရှိပါတယ်။ ဒီကိစ္စကို သူတို့သတိထားမိပုံပါပဲ။ ဒါပေမဲ့ ကျနော်ပြောနိုင်တာကတော့ ကျနော်တို့အဖွဲ့အစည်းလှုပ်ရှားမှုထဲ မွတ်စလင်တွေပါဝင်လာရေးအဆင့်ဆင့်လှုပ်ရှားတဲ့ ကြိုးပမ်းမှုတွေရှိတယ်ဆိုတာပါပဲ။ ကျနော်တို့ရဲ့ ရဲတပ်ဖွဲ့ထဲမှာ ဒီကိစ္စတွေပါ ပါတယ်။ ကျနော်တို့ ရဲစနစ်ထဲ သူတို့ ( ရိုဟင်ဂျာ) တွေ ပါဝင်လာပါပြီ။ တရားစီရင်ရေးနဲ့အုပ်ချုပ်ရေးယန္တရားမှာလည်း ပါဝင်ကြတာရှိပါတယ်။ သူတို့က ကျနော်တု့ိကို လိုအပ်ပါတယ်။ ဘာလို့ဆို ရက္ခိုင့်တပ်တော်ကလည်း မွတ်စလင်အများစုရှိတဲ့အုပ်ချုပ်ရေးကို သူတို့ကိုယ်တိုင်စီမံအုပ်ချုပ်စေတဲ့အထဲ ပါဝင်စေချင်တာပါ။ ဒါပေမဲ့ ပြီးခဲ့တဲ့အပတ်လောက်က ကျနော်တို့သင်တန်းပေးထားတဲ့ မွတ်စလင်တစ်ယောက်က လက်နက်တွေပါယူဆောင်ပြီးတော့ အာဆာထဲကို ပြေးသွားတာရှိပါတယ်။ ဒီလိုကိစ္စရပ်တွေက ကျနော်တို့တွေရဲ့ယုံကြည်မှုတွေမှာ အဖုအထစ်တွေဖြစ်စေပါတယ်။

Pro- တတိယနိုင်ငံတွေမှာ ရိုဟင်ဂျာတွေရဲ့ ဒုတိယမျိုးဆက်တွေကြားထဲမှာ ပညာတတ်လူငယ်တွေလည်း ပေါများလာပြီး လျှာသွက် အာသွက်ရှိကြပါတယ်။ သူတို့ကို ခင်များစိတ်ဝင်စားတာရှိပါလား။

AA- ကျနော် အရမ်းကြီးလည်း စိတ်မဝင်စားပါဘူး။ ဘာလို့ဆို ကျနော်တို့ သူတို့ကို ထည့်သုံးဖို့ မစီစဉ်ထားပါဘူး။ ကျနော်တို့ကို ကူညီပေးမယ်ဆိုရင်တော့ အရမ်းကောင်းပါတယ်။ ဒါပေမဲ့ လက်တွေ့အတွေ့အကြုံကို အခြေခံပြီးပြောရမယ်ဆိုရင် အနောက်နိုင်ငံရောက် ပညာတတ်တွေက လက်တွေ့မြေပြင်အခြေအနေကို နားလည်မှုအားနည်းတာကိုတွေ့ရတယ်။  သူတို့က လက်တွေ့တော်လှန်ရေးသမားတွေရဲ့အမြင်နဲ့မတူကြဘူး။ အနောက်နိုင်ငံရောက် ပညာတတ်လူငယ်တွေက မေးခွန်းလောက်ပဲ ထုတ်တတ်ကြတယ်။ ဒါက လက်တွေ့မြေပြင်မှာ အတူအလုပ်လုပ်ဖို့ခါကျတော့ အတော်ကွဲပြားတဲ့ကိစ္စပါ။ 

Pro- ကျနော်တို့သိတာက ရက္ခိုင့်တပ်တော်က တရုတ်နဲ့ဆက်ဆံရေးပြေလည်တယ်။ ရိုဟင်ဂျာကိစ္စနဲ့ပတ်သတ်ပြီး ခင်များတို့ တရုတ်နဲ့ဆွေးနွေးဖူးပါသလား။

AA- တရုတ်က တကယ့်ကိစ္စကြီးပါ။ ကျနော်တို့က (ရက္ခိုင့်တပ်တော် ဌာနချုပ် လိုင်ဇာကို ရည်ညွှန်း) တရုတ်ပြည်နယ် ယူနန်နားမှာရှိပါတယ်။ ကျနော်တို့ အဲဒီနိုင်ငံရဲ့ လုံခြုံရေးအဖွဲ့အစည်းတွေနဲ့ အဆက်အသွယ်ရှိပါတယ်။ ဒါပေမဲ့ ဥပဒေပြုရေးသမားတွေနဲ့တော့မရှိပါဘူး။ တခါတလေတော့ ကျနော်တို့ကို ဘင်္ဂလားဒေ့ရှိနဲ့ ဒုက္ခသည်အရေးတွေမေးတာရှိပါတယ်။ ကျနော်တို့ ဘင်္ဂလားဒေ့ရှ်နဲ့ ကောင်းမွန်တဲ့ဆက်ဆံရေးထိန်းထားရမယ်ဆိုတာ အင်မတန်မှန်ပါတယ်။ ဒါက ကျနော်တို့ရဲ့ ဦးစားပေးအချက်တစ်ခုဖြစ်ပါတယ်။

Pro- ဘင်္ဂလားဒေ့ရှ် ဒေသတွင်းသတင်းတချို့မှာ ဘင်္ဂလားဒေ့ရှ်က လူတချို့ ချင်းပြည်နယ်ဘက်ကို သွားကြတာရှိတယ်လို့ ရေးသားကြတာရှိပါတယ်။ ရက္ခိုင့်တပ်တော်က ဒီနေရာတွေနဲ့ဆက်စပ်မှုတွေ ရှိပါလားခင်များ။

AA- ရက္ခိုင့်တပ်တော်က နယ်စပ်တလျှောက်မှာရှိပါတယ်။ တခြားတဖက်မှာရှိနေတဲ့ အခြေအနေတွေကိုလည်း ကျနော်တို့ သတိထားမိတာရှိပါတယ်။ ဒါပေမဲ့ ဘင်္ဂလားဒေ့ရှ်အစိုးရကလည်း ကျနော်တို့ကို သူတို့နယ်စပ်တွေမှာ မရှိစေချင်ပါဘူး။ ဘင်္ဂလားဒေ့ရှ်ရဲ့စိတ်ဆန္ဒကိုလည်း ကျနော်တို့ အလေးထားပါတယ်။ ကျနော်တို့လည်း ဘင်္ဂလားဒေ့ရှ်နဲ့ကောင်းမွန်တဲ့ဆက်ဆံရေးရှိချင်ပြီးတော့ ဘင်္ဂလားဒေ့ရှ်လူထုကိုလည်း ကျနော်တို့ရဲ့ကြိုးပမ်းမှု အမှန်တွေကို သိစေချင်ပါတယ်။ သူတို့က ကျနော်တို့ရဲ့ ဆက်ဆံရေး၊ နိုင်ငံရေး၊ စီးပွားရေး အခြေအနေရပ်ရပ်နဲ့ပတ်သတ်ပြီး အတွေးအမြင်တွေပေးနိုင်မယ်လို့မြင်ပါတယ်။ 

မူရင်းလင့် (English) –

https://en.prothomalo.com/opinion/interview/we-recognise-the-human-rights-and-citizen-rights-of-the-rohingyas?fbclid=IwAR1pB7xvHVNhRcrl6yDfYlQj-0zrwcg2rPdmbLaf04SV8mx-Pf2tK1BW6_0 

Related Articles

Back to top button