ဆောင်းပါး

နွေဦးတော်လှန်ရေးအား ငေးမျှော်ကြည့်ခြင်း

အပိုင်း(၁)

 

            မင်းအောင်လှိုင်ရဲ့ ဆင်ခြင်မဲ့ အာဏာသိမ်းမှုကြောင့် နွေဦးတော်လှန်ရေးကြီး အစပျိုး အုံးထလာသလို မီးငြိမ်းလုစ ခေတ်အဆက်ဆက် တော်လှန်ရေးကြီးတွေလည်း တစခန်းပြထလာပါတယ်။ နွေဦးတော်လှန်ရေး ဟာ ငြိမ်းချမ်းစွာ ဆန္ဒပြမှုနဲ့ အစပြုခဲ့ပေမဲ့ စစ်တပ်ရဲ့ လူမဆန်စွာ လက်နက်သုံး နှိမ်နှင်းမှုကြောင့် တောခိုခဲ့ရ ပြီး လက်နက်ကိုင်တော်လှန်ရေးနှင့် တော်လှန်ရေးအသက်ဆက်ခဲ့ရပါတယ်။ လက်ရှိအချိန်မှာ ဆန္ဒပြပွဲတွေကို ကွက်ကြား မြင်တွေ့နေရပြီး မြို့ပြပျောက်ကြားတွေကို မြို့ကြီးတွေမှာ ခပ်စိပ်စိပ်တွေ့မြင် နေရပါတယ်။ ပုံသဏ္ဍာန်မျိုးစုံ တိုက်ပွဲတွေကိုတော့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် နီးကပ်သော နေရာများတွင် ပိုမို တွေ့ရှိရပါတယ်။ ဆယ့်တစ်လသား တော်လှန်ရေး၏ အားသာချက်များ အားနည်းချက်များ ကို မှတ်ကျောက်တင် သုံးသပ်တင်ကြည့်မယ်ဆိုရင်

 

၁။ တော်လှန်ရေးအလံ

တော်လှန်ရေးအလံလို့ ဆိုတာနဲ့ ပူးတွဲမြင်တွေ့ရမဲ့ တော်လှန်ရေး ရည်မှန်းချက်၊ လမ်းစဉ်နဲ့ အဆုံးသတ်မှုပုံသဏ္ဍာန်ကို ဆန်းစစ်ကြည့်ပါရစေ။

 

(၁.က) တော်လှန်ရေး ရည်မှန်းချက်

“ အာဏာရှင်စနစ် ပပျောက်ရေး။ ၂၀၀၈ ခုနှစ် ဖွဲစည်းပုံအခြေခံဥပဒေ အပြီးသတ် ဖျက်သိမ်းရေး။ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေး။ ပြည်သူ့အစိုးရ ပေါ်ထွန်းရေး။  ဆိုသည့် ရည်မှန်းချက် ကို ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြုကော်မတီက ၂၀၂၁ခုနှစ် မတ်လ ၃၁ ရက်နေ့ တွင် ထုတ်ပြန်သည့် ဖက်ဒရယ်ဒီမိုကရေစီ ပဋိဉာဉ်တွင် ရေးသားဖော်ပြထားသည်။ ထိုရည်မှန်းချက်ကို ပြည်သူတရပ်လုံးနှင့် တော်လှန်ရေးအင်အားစုအားလုံးနီးပါးက သဘောတူလက်ခံခဲ့ကြသည်။

 

(၁.ခ) တော်လှန်ရေး လမ်းစဉ်

အာဏာရှင်စနစ် ပပျောက်ရေး’    ဆိုသည့်နေရာတွင် ပြည်သူများက လက်ရှိ မတရား အာဏာသိမ်း ထားသော စစ်တပ်အား ဦးတည်ပြီး စစ်အာဏာရှင်နှင့် စစ်အာဏာရှင်စနစ်အား အားပေးနေသော ဒေါက်တိုင် များအား အမြစ်ပြတ်ချေမှုန်းရေးကို မြေပေါ် မြေအောက် နည်းလမ်းနှစ်သွယ်ဖြင့် တိုက်ခိုက်ခဲ့ကြသည်။ မြေပေါ်လမ်းစဉ်အနေဖြင့် အစောပိုင်းကာလတွင် နည်းမျိုးစုံဆန္ဒပြမှုများကို စစ်တပ်မှ အတိုင်းအတာတစ်ခု အထိသာ ဖိနှိပ်ခဲ့ရာမှ နောက်ပိုင်းတွင် လမ်းပေါ်ထွက်လို့ မရအောင်ပင် သတ်ဖြတ်နှိပ်စက်မှုများအထိ ပြုကျင့် လာတာကြောင့် တော်လှန်ရေးအင်အားအများစုသည် တောခိုခဲ့ပြီး လက်နက်ကိုင်ခဲ့ကြသည်။

 

လက်နက်ကိုင်တော်လှန်ရေးကို ဧပြီလတွင် စတင်တွေ့မြင်ခဲ့ရပြီး မြို့ပြပျောက်ကြားနှင့် တိုက်ပွဲများ ကို ဇူလိုင်လတွင် စတင်မြင်တွေ့ခဲ့ရသည်။ ဩဂုတ်လတွင် မြန်မာပြည်မြောက်ပိုင်း၌ တိုက်ပွဲများ ပြင်းထန် လာသည်ကို တွေ့ရှိရသည်။ တောင်ပိုင်းတွင် ကရင့်အမျိုးသားအစည်းအရုံး (KNU) နှင့် စစ်တပ်ကြား ထိတွေ့တိုက်ပွဲငယ်များမှအပ တော်လှန်ရေးအင်အားစုများနှင့် စစ်တပ်ကြား တိုက်ပွဲများသည် လေးကေကော် တိုက်ပွဲ မတိုင်ခင်အထိ သိသာစွာ ဖြစ်ပွားခဲ့ခြင်းမရှိပေ။

 

မြေပေါ်တော်လှန်ရေးတွင် နိုင်ငံရေးစိတ်ဝင်စားသော လူငယ်များ၊ လူလတ်ပိုင်းများက သပိတ်ကို ဦးဆောင်ခဲ့ကြပြီး ထူးဆန်းသည်မှာ နိုင်ငံရေးသမားများနှင့် ထင်ရှားသော နိုင်ငံရေးပုဂ္ဂိုလ်များသည် မြေပေါ်ကဏ္ဍ၌ ဦးဆောင်မှုအခန်းတွင်မပါဝင်ခဲ့တာကို မြင်တွေ့ရသည်။ ပြည်သူလူထုကြီး တရပ်လုံးသည် မြေပေါ်တော်လှန်ရေးကို အားရလက်ခံထောက်ပံ့ခဲ့ကြသည်။

 

လက်နက်ကိုင်တော်လှန်ရေးကြီးတွင် တော်လှန်ရေးအင်အားစုကြီးကရော ပြည်သူကပါ အသံတွေ စထွက်လာကြပါသည်။ မြေအောက်တော်လှန်ရေးတွင် ဦးဆောင်မှုပုံသဏ္ဍာန်၊ လက်နက်ဖြည့်တင်းမှုနှင့် စီမံခန့်ခွဲမှုများတွင် တော်လှန်ရေးအင်အားစုများ၏ ကျေနပ်မှုအဆင့်သို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) မှ မဖြည့်တင်းပေးနိုင်ခဲ့ချေ။

 

‘၂၀၀၈ ခုနှစ် ဖွဲစည်းပုံအခြေခံဥပဒေ အပြီးသတ် ဖျက်သိမ်းရေး။’ထိုရည်မှန်းချက်အတိုင်း ပြည်သူ လူထုကလည်း ၂၀၀၈ခုနှစ် ဖွဲ့စည်းပုံကို လက်မခံကြောင်းကို နည်းလမ်းမျိုးစုံနှင့် ဆန္ဒထုတ်ဖော်ခဲ့ကြ သည်။ ပြည်သူတရပ်လုံးအနေနဲ့ ဖွဲ့စည်းပုံအခြေဥပဒေနဲ့ စစ်တပ်က ထုတ်ပြန်တဲ့ အမိန့်စာဟူသမျှကို လက်ခံခြင်းမရှိ ပေမဲ့ စစ်တပ်၊ အနွယ်အသိုင်းအဝိုင်းနဲ့ အချို့ နိုင်ငံရေးသမားတွေက ၂၀၀၈ ဖွဲ့စည်းပုံကို လက်ခံ လျက်ရှိပြီး ပြင်ဆင်ရေးကိုသာ စောင်းပေးပြောလျက်ရှိသည်။

 

‘ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေး။’ လက်ရှိတော်လှန်ရေးအင်အားစုနှင့် ပြည်သူ တစ်ရပ်လုံးက ဖက်ဒရယ်ဒီမိုကရေစီစနစ်ကို လက်ခံယုံကြည်ထားကြပြီး ဖြစ်ပေမဲ့ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးရဲ့ အခြေခံ အုတ်မြစ်ဖြစ်တဲ့ NUCC ဟာ ထင်သလောက် လမ်းမပေါက်ဘဲ အီလည်လည်ဖြစ်လျက်ရှိပါတယ်။ တိုင်းဒေသနဲ့ ပြည်နယ်အကြား၊ တိုင်းရင်းသားနှင့် ပြည်မအကြား၊ လူများစုနှင့် လူနည်းစုအကြား နိုင်ငံရေးခံယူမှု၊ လိုလားချက်နှင့် လိုအပ်တွေ မတူညီမှုဟာ အနာဂတ် နိုင်ငံတော်တည်ဆောက်ရေးအတွက် အစပျိုးရာမှာ ခက်ခဲ ကြန့်ကြာလျက်ရှိပါတယ်။

 

NUCC ရဲ့ ခြေကွေးတဲ့ခြေလှမ်းတွေကြောင့် ပြည်သူများနဲ့ တော်လှန်ရေးအင်အားစုများအတွက် စိတ်ကျစရာ ဖြစ်စေသလို တော်လှန်ရေးအား ဒေါက်တိုင်အနေနဲ့ ကွပ်ကဲစီမံပေးနေတဲ့ တိုင်းရင်းသား လက်နက်ကိုင် အင်အားစုများအဖွဲ့အစည်းများအတွက် လက်တွန့်ချင်စရာ ဖြစ်လာပါတယ်။

 

‘အရင်တိုက်၊ တိုက်ပြီးမှ ညှိ။ အရင်ညှိ၊ ညှိပြီးမှတိုက်’ဆိုတာနဲ့ လုံးလည်ချာလည်လိုက်နေပါတယ်။ မြန်မာနိုင်ငံရဲ့ ပကတိအခြေအနေအရ အခြေခံမူဝါဒနဲ့ နိုင်ငံရေးမြေပုံစတဲ့ အခြေခံအချက်အလက်များကို အစာကြေအောင် ညှိနှိုင်းနိုင်ပြီးမှသာလျှင် တော်လှန်ရေးဟာ တင်းပြည့်ကျပ်ပြည့် ရုပ်လုံးပေါ်လာနိုင်မှာ ဖြစ်ပါတယ်။

 

ပြည်သူ့အစိုးရ ပေါ်ထွန်းရေး။ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) မှ ၂၀၂၁ ခုနှစ် ဧပြီလတွင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကို ရွေးကောက်ပွဲအနိုင်ရ ကိုယ်စားလှယ်များ၊ တိုင်းရင်း လက်နက်ကိုင်အဖွဲ့အစည်းမှ ကိုယ်စားပြုသူများ၊ နယ်ပယ်စုံမှ ပညာရှင်များ၊ တက်ကြွလှုပ်ရှားသူ များနှင့် ဖွဲ့စည်းခဲ့ပါတယ်။ တော်လှန်ရေးအစိုးရတစ်ရပ်အနေနဲ့ တော်လှန်ရေးကို ဦးဆောင်ပေးနိုင်တဲ့ အခြေအနေ ထက်၊ ပြည်သူ့လိုအပ်ချက်များကို ဖြည့်တင်းပေးနိုင်ဖို့ စောင်းပေးဆောင် ရွက်လျက်ရှိသည်ကို တွေ့ရပါတယ်။

 

(၁.ဂ) တော်လှန်ရေးအဆုံးသတ်

နွေဦးတော်လှန်ရေးကြီးကို ဘယ်လိုအဆုံးသတ်ဆောင်ရွက်မလဲဆိုတဲ့ အဆင့်လိုက်ပန်းတိုင်တွေ၊ သတ်မှတ်ချက်တွေ၊ လမ်းပြမြေပုံတွေ ထင်သာမြင်သာ ရှိမနေခြင်းဟာ အချို့တော်လှန်ရေးအင်အားစု တွေအတွက် နွေဦးတော်လှန်တော်လှန်ရေးအပေါ် စိတ်ပိုင်းဖြတ် ပါဝင်ဖို့ လက်တွန့်စေပါတယ်။

 

နွေဦးတော်လှန်ရေးကြီး ပိုမိုကောင်းမွန်မြန်ဆန်ပြီး ကျစ်လျစ်စွာ အဆုံးသတ်နိုင်ဖို့ဆိုရင် (၁) NUCC မှ ကောင်းမွန်ခိုင်မာသော တနိုင်ငံလုံးဆိုင်ရာ မူဝါဒ၊ လမ်းပြမြေပုံ၊ လုပ်ငန်းစဉ်တွေ၊ ပေါင်းစည်းမှုပုံစံတွေကို အချိန်မှီချမှတ်ဖို့ လိုအပ်သလို၊ အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ ကျစ်လျစ်ခိုင်မာတဲ့ တော်လှန်ရေးအစိုးရ ယန္တရားကို ဖွဲ့စည်းလည်ပတ်နိုင်ဖို့လိုပါတယ်။ ပြည်သူတွေအနေနဲ့လည်း တော်လှန်ရေးအင်အားစုများကို ထောက်ပံ့ကူညီပြီး အတူရပ်တည်ပေးဖို့ လိုပါတယ်။ တော်လှန်ရေးကြီးအောင်မြင်ဖို့အတွက် လူတိုင်း ကျရာနေရာမှာ အကောင်းဆုံး ထမ်းဆောင်ပေးဖို့ လိုအပ်ပါတယ်။

 

အရေးတော်ပုံ အောင်ရမည်။

 

ကံ့ကော်ဖြူ

ဖက်ဒရယ်ဂျာနယ် ( ၂၀၂၂ ခုနှစ် – ဇန်နဝါရီ – ၂ ရက်)

 

Related Articles

Back to top button