တိုင်းရင်းသားများသတင်း

လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခများ ဖန်တီးနေ၍ သတိထားစောင့်ကြည်ရန် ရခိုင်နှင့် မွတ်ဆလင် ကျောင်းသား အဖွဲ့အစည်း ၃ ခုမှ ပူးတွဲထုတ်ပြန်

ဖက်ဒရယ်ဂျာနယ်

ဒီဇင်ဘာ ၂၆ ရက်

ရခိုင်ပြည်တွင် ဒီဇင်ဘာ လ အတွင်းလူမျိုးရေး၊ ဘာသာရေး ပဋိပက္ခဖြစ်စေနိုင်သည့် လုပ်ရပ်ဖန်တီးမှုများရှိနိုင်၍ ရခိုင်ပြည်သူများအနေဖြင့် အဖျက်သမားများ၏ လုပ်ရပ်များအားအစဉ်သတိဖြင့် စောင့်ကြည်နေထိုင်ကြရန် ရက္ခိုင်ပြည် ကျောင်းသားသမဂ္ဂ၊ မွတ်ဆလင်ကျောင်းသား ကျောင်းသူများနှင့် ရက္ခိုင်ကျောင်းသားမျာသမဂ္ဂ(တက္ကသိုလ်- ရန်ကုန်)တို့က ဒီဇင်ဘာ ၂၃ ရက်နေ့က ပူးတွဲထုတ်ပြန်ချက်တစ်စောင်ထုတ်ပြန်ခဲ့သည်။

ယင်းထုတ်ပြန်ချက်တွင် ဒီဇင်ဘာလအတွင်း လူမျိုးရေး၊ ဘာသာရေး ပြဿနာများဖြစ်ပေါ်စေသည့် သံသယဖြစ်ဖွယ်ရာ ရာဇဝတ်မှုများ ဆက်တိုက်တွေမြင်နေရသလို စစ်ကောင်စီ၏ ICJ တွင်တရားရဆိုင်ရမည့် အချိန်နှင့် တိုက်ဆိုင်မှုများရှိနေသည်ကိုတွေ့နေရသည်ဟု ထုတ်ပြန်ချက်တွင်ပါရှိသည်။

ရခိုင်ပြည်တွင် ၂၀၁၂ ခုနှစ်နှင့် ၂၀၁၇ ခုနှစ်များတွင် မလိုလားအပ်သည့် လုံဆော်မှုများကြောင့် လူမျိုးရေး ဘသာရေးဆိုင်ရာ ပဋိပက္ခများဖြစ်ပွားခဲ့ပြီး လူသန်းနှင့်ချီကာ ပဋိပက္ခ၏ ဆိုးကျိုးများနှင့် ရင်ဆိုင်ခဲ့ရသည်ဟု ဖော်ပြထားသည်။

ထို့အပြင်လက်ရှိတွင် ရခိုင်ပြည်သူ့ လွတ်မြောက်မှုကြိုးပမ်းခြင်းနှင့်အတူ ပြည်သူအိုးအိမ်လုံခြုံရေးနှင့် သဟဇာတဖြစ်သည့် လူအသိုင်းအဝန်းတည်ဆောက်ပြီး နိုင်ငံတော်သစ်ဆီသို့ လျှောက်လှမ်းနေချိန်တွင် ရခိုင်ပြည်အတွင်း သံသယဖြစ်ဖွယ်ရာ အဖျက်အမှောင့် ရာဇဝတ်မှုများသည် ရခိုင်ပြည်တည်ဆောက်ရေးအတွက်အဟန့်အတားဖြစ်ပေါ်စေပြီး ရခိုင်ပြည်ဖွားညီနောင်များအနေဖြင့် အဖျက်သမားများ၏ လုပ်ရပ်များအား အစဉ်သတိဖြင့် စောင့်ကြည့်နေထိုင်ကြရန် ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ရခိုင်ပြည်တွင် ဒီဇင်ဘာလဆန်းပိုင်းမှစပြီးထူခြားဖြစ်စဉ်များဆက်တိုက်မြင်တွေလာရပြီး မတူညီသည့် လူမျိုးများအကြား လူမျိုးရေး၊ ဘာသာရေးဖြစ်စေလာနိုင်ပြီး ရခိုင်ပြည်၏လက်ရှိသွားနေသည့် လမ်းကြောင်းမျာအပေါ် အဟန့်အတားဖြစ်စေနိုင်၍ ထုတ်ပြန်ချက်ထုတ်ပြန်ရခြင်းဖြစ်သည်ဟု ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂ ဥက္ကဋ္ဌ ကိုဘုန်းပြည့်ဖြိုးကပြောသည်။

“ ၂၀၂၁ ဒီဇင်ဘာ အစပိုင်းကနေပြီးတော့ ကျွန်တော်တို့ ရခိုင်ပြည်မှာ ထူခြားဖြစ်စဉ်တွေဖြစ်လာတယ်။ အဲဒီထူခြားဖြစ်စဉ်ကိုလည်း ပညာရှင်တွေကသုံးသပ်ကြတယ်။ တပ်တော်၏ ထုတ်ပြန်ချက်အရလည်း ဒီထူခြားဖြစ်စဉ် မတူညီတဲ့ လူမျိုးတွေရှိနေတဲ့ နေရာအနီးတွေမှာ ဖြစ်နေရာဖြစ်တယ်။ အဲတာတွေက နောက်ဆိုရင် အချင်းချင်းအမြင်မကြည်မှုတွေနိုင်ပြီး လူမျိုးရေးပဋိပက္ခ၊ ဘာသာရေးပဋိပက္ခတွေကို ဦးတည်စေနိုင်တဲ့လုပ်ရပ်တွေဖြစ်တယ်။ ကျွန်တော်တို့ရခိုင်ပြည် ဆိုရင် ၂၀၁၂ နဲ့ ၂၀၁၇ တွေမှာ လူမျိုးရေပဋိပက္ခ ဒဏ်တွေကိုခံစားခဲ့ရပြီး အဲဒီကိစ္စတွေဟာ အခုထိမပြီးနိုင်သေးတဲ့ ကိစ္စတွေဖြစ်တယ်။ ထပ်ပြီးတော့ အဲလိုဖြစ်လာရင်တော့ လက်ရှိကျွန်တော်ရခိုင်ပြည်သူတွေသွားချင်နေတဲ့ လမ်းကြောင်းတွေဟာ အဟန့်အတားဖြစ်စေနိုင်ပြီး၊ ပြီးတော့ လူမျိုးအချင်းချင်းသွေးကွဲလာနိုင်သလို ပိုပြီးတော့ ဆိုးရွားတဲ့အခြေတွေ ဖြစ်သွားနိုင်တယ်လို့ ယုံကြည်ပြီး ပြဿနာတွေမဖြစ်လာစေဖို့ ဟန့်တားတဲ့ သဘောအနေနဲ့ ကျွန်တော်တို့ တစ်တောင့်တစ်နေရာကနေပြီးတော့ အကြံပေးထုတ်ပြန်လိုက်တာဖြစ်တယ်”ဟုပြောသည်။

ရခိုင်ပြည်နယ်တွင် လူမျိုးရေး ပဋိပက္ခတွေ ဖြစ်ပြီး ဖွံ့ဖြိုးမှုနောက်ကျကျန်ခဲ့ကာ လူမျိုးတစ်ခုအတွက်အကျိုးမရှိစေသောကြောင့် ပဋိပက္ခတွေမဖြစ်လာရန်အတွက် ပူးတွဲထုတ်ပြန်ခြင်းဖြစ်သည်ဟု မွတ်ဆလင်ကျောင်းသားတစ်ဦးဖြစ်သည့် ကိုဇော်မင်းထွန်းက ပြောသည်။

“ ကျွန်တော်တို့က ရခိုင်ပြည်မှာ ပြဿနာဖြစ်လာမှာကိုမလိုလားဘူး။ ပြဿနာဖြစ်တယ်ဆိုရင် ဘာလူမျိုး၊ ဘာဘာသာဝင်အတွက်မှ ကောင်းကျိုးမရှိဘူး။ ကျွန်တော်တို့ ပူးတွဲထုတ်ပြန်ရတာက ပြည်သူတွေအနေနဲ့ သတိရှိရှိနေပြီး အဲလို လူမျိုးရေး၊ ဘာသာရေးပဋိပက္ခတွေဖြစ်လာနိုင်ပုံစံတွေမြင်ရင် သက်ဆိုင်ရာတွေနဲ့ ပူးပေါင်ဆောင်ရွက်ရန်ဖြစ်တယ်။ ၂၀၁၂ ထဲကအခုလက်ရှိအခြေနေအထိ လူမျိုးစု နှစ်စုကြားမှာသင့်မြတ်ရေး နည်းနည်လေးပဲဖြစ်သေးတယ်။ လုံးဝအပြည့်ဝဖြစ်တာမဟုတ်သေးဘူး။ ကျွန်တော်တို့အကျိုးဆက်အနေနဲ့ ကမ္ဘာမှာ ရခိုင်ပြည်ဟာ အန္တရာယ်ရှိတဲ့ဇုန်အဖြစ်နာမည်တစ်ခုပဲရလိုက်တယ်။ ကျွန်တော်တို့ ၏ ဖွံ့ဖြိုးတိုးတက်မှုအပါဝင်အားလုံးနောက်ကျ ကျန်ခဲ့တယ်။ အခုလည်း ထပ်ဖြစ်လာမယ်ဆိုရင် ပိုပြီးတော့ ဖွံ့ဖြိုးတိုးတက်မှုနောက်ကျကျန်ခဲ့ပြီး ရခိုင်ပြည်မှာနေထိုင်တဲ့ လူမျိုးတွေဟာ ရိုင်းစိုင်းတဲ့လူမျိုးတွေအဖြစ်သတ်မှတ်ခံရမှာဖြစ်ပြီး ဘာကောင်းမှမရှိတာကြောင့် အခုလို ပဋိပက္ခမှမဖြစ်စေရန်အတွက် ပူတွဲထုတ်ပြန်ခြင်းဖြစ်တယ်”ဟုပြောသည်။

ရခိုင်ပြည်နယ်တွင် ဒီဇင်ဘာလူအတွင် ထူးခြားဖြစ်စဉ်များဖြစ်ပေါ်နေသောကြောင့် လူမျိုးရေးပဋိပက္ခကို ဦးတည်လာစေလာစေနိုင်၍ ရခိုင်ပြည်သူများအနေဖြင့် သတိထားကြရန် ရခိုင်အမျိုးသားအဖွဲ့ချုပ် ULA က ဒီဇင်ဘာ ၁၇ ရက်နေ့က ထုတ်ပြန်ခဲ့သည်။
Ref- Western News 

Related Articles

Back to top button