ဆောင်းပါး

စစ်ကောင်စီ ကိုယ်စားလှယ် ကုလ ဝင်ခွင့်မရ

စစ်ကောင်စီ ကိုယ်စားလှယ် ကုလ ဝင်ခွင့်မရ

*********************************

ယနေ့ အဖွဲ့ဝင် ကိုးနိုင်ငံ ပါ ကုလ ကိုယ်စားလှယ် ရွေးချယ် စီစစ်ရေး အဖွဲ့ အစည်း အဝေး တွင်လည်း မြန်မာ အာဏာသိမ်း အဖွဲ့မှ တင်ပြလာသော ကိုယ်စားလှယ် ကို လက်ခံရန် ဆုံးဖြတ်ချက် ကို ရွှေ့ဆိုင်းလိုက်ပြီး လက်ရှိ သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ဘိုနေမြဲ ကြားနေမြဲ ဆက်လက် ထားသွားမည် ဟုတ်မဟုတ် မေးမြန်းချက်ကို အဖွဲ့ ဥက္ကဌ ဖြစ်သူ ဆွီဒင် သံအမတ် က တစုံတရာ ပြန်လည် ဖြေကြားခြင်း မရှိဟု သိရသည်၊ လက်ရှိ အနေအထား တိုးတက်လာခြင်း မရှိသရွေ့ ထိုကဲ့သို့ ရွှေ့ဆိုင်းလိုက်ခြင်းပင် ဖြစ်သည်၊ ဆိုလိုသည်က မြန်မာ အရေး တွင် ကုလ သည် ကြားနေလိုက်ခြင်းပင် ဖြစ်သည်။

ဆိုလိုသည်မှာ ကုလသမဂ္ဂသည် စစ်ကောင်စီ ကို အသိအမှတ် ပြုလိုခြင်း မရှိဆိုသည်ကို ပြဆိုနေပြီး သက်တမ်းကုန်၍ ရာထူးမှ ဆင်းပေးလိုက်သည့် ကုလ အတွင်းရေးမှူးချုပ်၏ အထူး သံတမန် ဟောင်း ခရစ်စတင်း ဘာဂင်ဂါမှလည်း မည်သည့် နိုင်ငံမှ ၎င်းတို့အား အသိအမှတ်မပြု၊ မဆက်ဆံမှ ဖြစ်မည်ဟု သတိပေးထားခဲ့ပြီး ဖြစ်သည်။

ကုလ အတွင်းရေးမှူးချုပ် ကိုယ်တိုင် ရှိရှိသမျှ ဖိအား များကို စုစည်းကာ ၎င်းတို့၏ အာဏာသိမ်းမှု အထ မမြောက်အောင် လုပ်နိုင်မှ ဖြစ်မည်ဟု ကြုံးဝါးခဲ့ပြီး လည်း ဖြစ်၏။နိုင်ငံတော် အတိုင်ပင်ခံအား နိုင်ငံရေး လောကမှ ကွယ်ပျောက်သွားစေရန် ကြိုးပမ်းအားထုတ်လာမှုသည် စစ်အာဏာသိမ်း အဖွဲ့ ထင်သလို ဖြစ်မလာဘဲ ထိုအရေးသည် ၎င်းတို့ကို နိုင်ငံတကာ လူ့အသိုက်အဝန်းအတွင်း ဝင်ရောက်နိုင်ရေး အတွက် အပေးအယူ လုပ်ရမည့် အရေး ဖြစ်လာနေပေပြီ။ ထိုကိစ္စကို အလျော့ပေးလိုက်ပါက လူသတ်သမားများ ဘဝ ရောက်ရသည်အထိ တည်ဆောက်ခဲ့ရသော ၎င်းတို့၏ အခြေမခိုင်သေးသည့် အုပ်ချုပ်‌ရေးသည် တစစီ ပြိုလဲသွားဖို့သာ ရှိပေတော့၍ Catch-22 ခေါ် ဂျာအေး သူအမေရိုက်သည့် အခြေအနေမျိုး ဆိုက်ရောက်နေသည်။

ကမ္ဘာပေါ်တွင် အတော်ဆုံး အကောင်းဆုံး ရှေ့နေကြီး တဦးကို ငှားလျှင်တောင်မှ ဒေါ်အောင်ဆန်းစုကြည်၏ အမှုကို ကာကွယ်ပေးနိုင်တော့မည် မဟုတ်သည့် လုပ်ဇာတ်ကြီး ခင်းကျင်းလာကြပြီး ပြည်တွင်း ပြည်ပကို ၎င်းတို့ အသိဉာဏ်လေးဖြင့် လှည့်ဖျားရန် ကြံစည်လာကြခြင်းလည်း ဖြစ်သည်။ နိုင်ငံသည် ရှေ့သို့ တိုးတက်ပြီးရင်း တိုးတက်လာနေသည် နှင့် အမျှ ၎င်းတို့၏ အကျိုးစီးပွားများအား စွန့်လွှတ် ရတော့မည့် အရေးမှာ တနေ့တခြား နီးကပ်လာနေပြီ ဖြစ်ကာ စိုးရိမ်ကြောက်ရွံ့လာကြသဖြင့် စစ်ခေါင်းဆောင် များက အမြှောက်ကြိုက်တတ်သော မင်းအောင်လှိုင်အား ရှေ့တန်းတင်ပြီး အာဏာကို လက်နက်အားကိုး ဖြင့် လုယုကာ တိုင်းပြည်၏ အနာဂတ်ကို ရိုက်ချိုးလိုက်ကြခြင်း ဖြစ်သည်။

ထိုသို့ တုန်လှုပ်လာနေကြသော စစ်ခေါင်းဆောင်များသည် လမ်းပေါ်ထွက်၍ မိမိတို့ အလိုမရှိကြောင်း ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖေါ်လာကြသူများကို ကလေး၊ လူကြီး၊ မိန်းမဟူ၍ မမြင်တော့ဘဲ ၎င်းတို့အား အန္တရာယ် ပေးလာမည့် ပြဿနာကြီးအဖြစ် ရှုမြင်လာကြခြင်းပင် ဖြစ်သည်။ အလိုတော်ရိ ဝန်ထမ်းများကလည်း မိမိတို့ နှင့် တမြေထဲနေ ‌တရေထဲ မွေးဖွားကြီးပြင်းလာသူများကို ထိုကဲ့သို့ ရက်စက်စွာ ပြုကျင့်လာနေသည့် စနစ် ဆိုးကြီး အတွက် ပျော်ပျော်ကြီး ကောင်းကျိုး ပြုလာနေကြသည်။

လူတိုင်းအား မျက်ရည်ပေါက် ကြီးငယ် ကျစေခဲ့သည့်အပြင် သားတကွဲ မယားတကွဲ သေကွဲ ရှင်ကွဲ ကွဲသည့် ဘဝများ ရောက်အောင် ပြုမူခဲ့ကြသည်။ ဗုဒ္ဓဘာသာ တွင် ကံ၊ ကံ၏ အကျိုးဆိုသည်ကား ခွင့်လွှတ် ချေဖျက်ရန် ပြဋ္ဌာန်းပေးထားခြင်း မရှိ၊ မိမိလုပ်သည့် ကံ ၏ အကျိုးကို ရှောင်လွှဲ၍ မရသဖြင့် သံသရာ တလျှောက် ခံကြ ရတော့မည်လည်း ဖြစ်သည်။

တရားဥပဒေဆိုသည်မှာ ၎င်းတို့ အား အန္တရာယ်ပေးမည်ဟု ထင်သူများကို နှိပ်ကွပ်ရန် အသုံးချရာ စာအုပ်ကြီး သဖွယ် ပြောင်းလဲလာခဲ့ပြီ ဖြစ်သည်။ စစ်တပ်သည် ၎င်းတို့၏ ဘိုးဘေးဘီဘင်များ ကျူးလွန်ရဲခြင်း မရှိသော ပြစ်မှုများကို မရှက်မကြောက် ကျူးလွန်လာရသည့် အနေအထား သို့ ရောက်ရှိလာခဲ့ရလေသည်။ အလိုရှိသူများ မတွေ့လျှင် ကလေးပင် မချန် ဖမ်းဆီး ခေါ်ဆောင်သွားခြင်း၊ အိမ်များကို ဥပဒေမဲ့ ချိတ်ပိတ်ခြင်း အစရှိသည် တို့ ဖြစ်သည်။ ထိုသို့သော အခြေအနေတွင် ပြည်သူများသည် မိမိတို့ အနာဂတ်၊ မိမိတို့ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်ရန် လက်နက်ကိုင် လမ်းစဉ်မှ တပါး အခြား မရှိတော့ဟု ဆုံးဖြတ်လာကြသည်။ ထိုအရေးအပေါ် မိမိ နိုင်ငံသားများ၏ အခွင့်အရေးကို ကာကွယ်ပေးထားသော ကမ္ဘာပေါ်ရှိ နိုင်ငံများက နားလည် လာကြပြီ ဖြစ်သည်။ ထိုသို့ နားလည်လာနိုင်အောင်လည်း နေ့စဉ်နှင့် အမျှ မိုက်မဲစွာ ကျူးလွန်နေသော ၎င်းတို့၏ လုပ်ရပ်များက တွန်းပို့ပေးလာခဲ့ကြသည်။

၎င်းတို့အား ထောက်ခံမှု ပေးနေသော တရုတ်နှင့် ရုရှား တို့က မြန်မာနိုင်ငံ၏ အခြေအနေသည် ပုံမှန် မဟုတ်၊ ဖြေရှင်းနိုင်မှ ဖြစ်မည်ကို လက်ခံလာကြသည်။

ယနေ့ ကရင်မလင်တွင် နိုင်ငံခြား သံအမတ် ခန့်အပ်လွှာများ လက်ခံသော ပွဲ၌ ရုရှားသမ္မတ ပူတင်က မြန်မာ ပြဿနာသည် ပြည်ပ စွက်ဖက်မှု မပါဘဲ ပြည်တွင်း အင်အားစုများ အကြား ဆွေးနွေးညှိနှိုင်းမှု များ ဖြင့်သာ ဖြေရှင်းရမည်ဟု ထုတ်ဖေါ် ပြောဆိုလာခဲ့သည်။

လက်ရှိတွင် ကုလ ဖွံဖြိုးရေး အစီအစဉ်၏ နိုင်ငံတွင်း စစ်တမ်း ကောက်ယူမှုအရ မြို့ပြ ဆင်းရဲမွဲတေမှုသည် သုံးဆခန့် မြင့်တက်လာဖွယ် ရှိနေပြီး တနိုင်ငံလုံး အတိုင်းအတာဖြင့် လူဦးရေ တဝက်နီးပါးသည် ၂၀၂၂ ခုနှစ်တွင် ကုလ သမဂ္ဂ ပြဋ္ဌာန်းထားသည့် ဆင်းရဲနွမ်းပါးမှု စံနှုန်းအောက် ရောက်ရှိသွားတော့မည်ဟု ထုတ်ပြန်လာသည်။ ဤသည်မှာ ၂၀၀၅ ခုနှစ် ရှေ့ပိုင်းကာလ အခြေအနေများသို့ ပြန်ရောက်သွားခြင်း ဖြစ်သည်ဟု ဆိုသည်။

အာရှ နှင့် ပစိဖိတ်ဒေသများ ဆိုင်ရာ UNDP ညွှန်ကြားရေးမှူး ကင်နီ ဝစ်နာရာဂျာ က အဆိုပါ စစ်တမ်းများအရ နိုင်ငံတွင်း လူလတ်တန်းစားများ ပျောက်ကွယ်သွားတော့မည့် နမိတ်ဆိုးကြီး ထွက်ပေါ်လာခြင်း ဖြစ်သည်ဟု ကြေညာချက်တွင် ဖေါ်ပြထားခဲ့သည်။ ကုလ ၏ ဆင်းရဲ မွဲတေမှု စံနှုန်းအောက်တွင် ၂၀၁၉ မှာ တနိုင်ငံလုံး အတိုင်းအတာဖြင့် ၂၄.၈% မှ ၄၆.၃% အထိ၎င်း၊ မြို့ပြဆင်းရဲမှု နှုန်းသည် ၂၀၁၉ တွင် ၁၁.၃% ရှိရာမှ ၂၀၂၂ တွင် ၃၇.၂% အထိ မြင့်တက်လာတော့မည်ဟု ခန့်မှန်းထားသည်။

စစ်တမ်းကောက်ယူခံခဲ့ရသည့် အိမ်ထောင်စု တဝက်ကျော်က ၎င်းတို့တွင် စုဆောင်းငွေများ တပြားတချပ်မျှ မကျန်တော့ဟု ပြောလာပြီး သုံးပုံတပုံသည် အိမ်ရှိ မော်တော်ဆိုင်ကယ်ကို ရောင်းချ၍ စားသောက် နေကြရ သည်ဟု ဆိုသည်။ ထို့အတွက် ရှေ့လျှောက် လူများသည် အစားအသောက် ကို ယခင်ကထက် ပို၍ ခြိုးခြံချွေတာစွာ စားသောက် နေထိုင်ကြရတော့မည် ဖြစ်ပြီး ပညာရေး တဝက်တပျက် နှင့် ဆုံးခန်းတိုင်တော့မည့် အရေအတွက် ပိုများလာ တော့မည့် လက္ခဏာပင် ဖြစ်သည်ဟု ဆိုသည်။ ထိုအရေးကို ကုစားနိုင်ခြင်း မရှိပါက ထိုရလဒ်များ၏ ဒဏ်ရာ ဒဏ်ချက်များကို မျိုးဆက်တခုလုံး တောက်လျှောက် ခံစားသွားရတော့မည် ဖြစ်ကြောင်းလည်း ပါရှိသည်။ 

Hla Soewai (လှစိုးဝေ) 

ဖက်ဒရယ်ဂျာနယ်
ဒီဇင်ဘာ ၂၊ ၂၀၂၁ 

Related Articles

Back to top button