အင်တာဗျူး

ဖက်ဒရယ်ဂျာနယ်ရဲ့ သီးသန့် ဆက်သွယ်မေးမြန်းချက် အစီအစဉ်

ဒီတပတ်မှာတော့ ကြားကာလ ချင်းအမျိုးသား အတိုင်ပင်ခံကောင်စီ (ICNCC)ရဲ့ (သဘာပတိ အဖွဲ့ဝင်)ဆလိုင်းအိုက်ဇက်ခင်နဲ့ ဖက်ဒရယ်ဂျာနယ် သီးသန့် ဆက်သွယ်မေးမြန်းချက်ကို တင်ဆက်လိုက်ပါတယ်။ 

ဖက်ဒရယ်ဂျာနယ်၊ နိုဝင်ဘာ ၁၃၊ ၂၀၂၁

မေး။ ။ ပထမဆုံးအနေနဲ့ ဆရာတို့ ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ (ICNCC)  အဖွဲ့ရဲ့  ဘယ်လို ပုံစံနဲ့ ဖွဲ့စည်းထားသာကို အရင်ဦးဆုံးပြောပေးပါ။

ဖြေ။ ။ ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ (ICNCC)ကို အဓိကအစုအဖွဲ့ လေးခုပါဝင်ပါတယ်။ ၂၀၂၀ ရွေးကောက်ပွဲ မှာ အနိုင်ရရှိခဲ့တဲ့ လွှတ်တော်ကိုယ်စားလှယ်များ၊ ချင်းအမျိုးသားတပ်ဦး၊ နိုင်ငံရေးပါတီတွေနဲ့ သပိတ်/CDM/အမျိုးသမီး/လူငယ်အစရှိတဲ့အရပ်ဘက်အဖွဲ့ အစည်းတွေဖြစ်ပါတယ်။ နိုင်ငံရေးပါတီတွေမှာတော့ လောလောဆယ် ၂ ပါတီပဲရှိပါသေးတယ်။

မေး။ ။ တစ်ချို့တိုင်းရင်းသားအုပ်စုက ဖက်ဒရယ်အဆင့်ကို ကျော်ပြီး စဉ်းစားနေတယ်လို့ ကြားရတယ်။ တချို့အဖွဲ့ဆိုရင် Pre-Panglong ကို ပြန်သွားချင်တာမျိုးပေါ့။ ဆိုတော့ ဆရာတို့ အဖွဲ့က ဘယ်လိုသွားဖို့ စဉ်းစားထားပြီလဲ။

ဖြေ။ ။ ဒါကတော့ လောလောဆယ် ပြောဖို့နည်းနည်းစောသေးတယ်။ ကောင်စီမှာ ဆွေးနွေးနေတယ်။ ချင်းချာတာထဲမှာ ချင်းအနေနဲ့ ဘယ်လိုအဆင့်မျိုးထိသွားမလဲဆိုတာ ထည့်သွင်းရေးဆွဲပါလိမ့်မယ်။ သေချာတာ ကတော့ လက်ရှိ ၂၀၀၈ ပုံစံမျိုး မဟုတ်မှာကတော့ ကျိန်းသေပါတယ်။ အဲဒီထက်ပိုတဲ့ အဆင့်မျိုးဖြစ်ဖို့တော့ သေချာပါတယ်။

မေး။ ။ NUG/NUCC နဲ့ ချိတ်ဆက်ဆောင်ရွက်မှုရှိပါသလား။ ဘယ်အဆင့်ထိ ချိတ်ဆက်ထားမှု ရှိပြီလဲ။

ဖြေ။ ။ ရှိပါတယ်။ NUG မှာ ICNCC ကိုယ်စား ဒေါက်တာလျန်မှုန်းဆာခေါင်းကို ဝန်ကြီး အဖြစ်နာမည် စာရင်း တင်သွင်းခဲ့ သလို၊ NUCC မှာလည်း ICNCC အနေနဲ့ ကိုယ်စားလှယ်နှစ်ဦး ပါဝင်တက်ရောက် လျက်ရှိပါတယ်။ အနာဂတ် ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်တဲ့နေရာမှာ ICNCC အနေနဲ့ အခြားသော ပြည်နယ်များ၊ ဖက်ဒရယ် ယူနစ်များနှင့်အတူတကွ ပူးပေါင်းဆောင်ရွက်ခြင်း၊ အတူတကွ တည်ဆောက်ခြင်း ရှိရမယ်လို့ ယုံကြည်တဲ့ အတွက် NUG နှင့် NUCC စတင်ကတည်းကပင် ICNCC အနေနဲ့ ပါဝင် ဆောင်ရွက်နေခြင်းဖြစ်ပါတယ်။

မေး။ ။ ဆရာတို့အနေနဲ့ ပြည်နယ်အစိုးရ ဖွဲ့ဖို့ အစီအစဉ်ရှိပြီလား။ ဘယ်လိုပြင်ဆင်ထားပါသလဲ။ NUG နှင့် အနိုင်ရပါတီ/ကိုယ်စားလှယ်များအခန်းကဏ္ဍကို ဘယ်လိုထည့်သွင်း စဉ်းစားထားပါသလဲ။

ဖြေ။ ။ ကြားကာလ ချင်းပြည်နယ်အစိုးရကို မဖြစ်မနေဖွဲ့ရမှာဖြစ်ပါတယ်။ လက်ရှိမှာ မဖွဲ့စည်းရသေးတာက ချင်းချာတာမူကြမ်းကိုအပြီးသတ်ရေးဆွဲပြီး၊ အတည်ပြုဖို့ကျန်နေသေးလို့ဖြစ်ပါတယ်။ အဲဒါပြီးရင်တော့ ကြားကာလ ချင်းပြည်နယ်အစိုးရအဖွဲ့ကို ဖွဲ့စည်းနိုင်ပါလိမ့်မယ်။ ပါဝင်မှုကတော့ ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရ လွှတ်တော် ကိုယ်စားလှယ်တွေရော၊ ကျန်တဲ့အင်အားစုတွေက စေလွှတ်ပေးတဲ့လွှတ်တော်ကိုယ်စားလှယ် မဟုတ်သူတွေရော ပါဝင်ပါလိမ့်မယ်လို့ ပြောချင်ပါတယ်။

မေး။ ။ ဆရာတို့အဖွဲ့ရဲ့ အဓိက စိန်ခေါ်မှုက ဘာတွေဖြစ်နေတယ်ဆိုတာကို ပြောလို့ရမလဲ။

ဖြေ။ ။ စိန်ခေါ်မှုကတော့ အများကြီးရှိပါတယ်။ အကြီးမားဆုံးကတော့ အချင်းချင်း ယုံကြည်မှု တည်ဆောက် ရတဲ့ကိစ္စ ပါပဲ။ သို့သော်အခုတော့ ပန်းတိုင်တူပြီး၊ အတူတကွ အလုပ်လုပ်ကြတာလည်း လအနည်းငယ်ရှိလာတော့ အတိုင်းအတာတစ်ခုအထိ အပြန်အလှန် ယုံကြည်မှုတည်ဆောက်လာနိုင်တယ်လို့ မြင်ပါတယ်။

မေး။ ။ NUG က D-Day ကြေညာထားတာ နှစ်လနီးပါးရှိပေမယ့် ပြည်မ(ရန်ကုန်-မန္တလေး-နေပြည်တော်)မှာတော့ စစ်ပွဲတွေကို မမြင်တွေ့သေးဘူး။ အခုလို စစ်ပွဲခေါ်သံ ကြေညာခဲ့တာက စစ်ရေးအရ မဟုတ်ဘဲ UNGA ကုလညီလာခံနဲ့ ချိန်ကိုက်ပြီး နိုင်ငံရေးသက်သက်နဲ့ ကြောညာတာလားလို့  တစ်ချို့က မေးခွန်းထုတ်ကြတာရှိတယ်။ ဒီအပေါ်မှာ ဘယ်လို မှတ်ချက်ပေးချင်ပါသလဲ။

ဖြေ။ ။ ဒီဒေးကိစ္စကတော့ ပြည်ထောင်စုအဆင့်ကနေကြေညာတာဆိုတော့ မှတ်ချက် မပေးချင်ပါဘူး။ သို့သော် ဒီဒေး မကြေညာခင် နိုင်ငံရေး၊ စစ်ရေးအလားအလားတွေ၊ ဖြစ်နိုင်ခြေ တန်ပြန်ဖိအားတွေ၊ ဒီဒေးအလွန် ဆက်လုပ်ရ မယ့်လုပ်ငန်းစဥ်တွေကို သေချာလေ့လာသုံးသပ်ပြီး ဆောင်ရွက်တယ်လို့ သိရှိကြားသိရပါတယ်။ ကုလ ညီလာခံနဲ့ ချိန်ကိုက်တာမျိုးထက် တိုက်ဆိုင်သွားတာမျိုးလို့ပဲ မြင်ပါတယ်။ ကုလ ညီလာခံကြောင့် ဒီဒေးကြေညာတာတော့ မဟုတ်လောက်ဘူးလို့ မြင်မိတယ်။

မေး။ ။ အခုဆိုရင် လူထုလှုပ်ရှားမှုတွေဟာ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်တဲ့ နည်းလမ်းတစ်ခုတည်း မဟုတ်တော့ဘဲ လက်နက်ကိုင် တော်လှန်ရေး လမ်းစဉ်အထိကို ဉီးတည်လာနေတာပါပြီ။ အဲဒါဟာ ဆယ်စုနှစ် သုံးခုကြာ ဒေါ်အောင်ဆန်းစုကြည့် ကိုင်စွဲထားတဲ့ လမ်းစဉ်မဟုတ်လေတော့ အကယ်၍ သူလွတ်လာရင် NUG/NUCC နဲ့ လက်ရှိ နွေဉီးတော်လှန်ရေး အပြောင်းအလဲ၊ အက်ကြောင်း သို့မဟုတ် ဂယက်ရိုက်မှု ရှိနိုင်မလား။

ဖြေ။ ။ ဒါကို လူတော်တော်များများက ပြောဆိုမေးမြန်းတာကို ကြားရပါတယ်။ ကျနော်က ဒေါ်အောင်ဆန်းစုကြည် မဟုတ်တော့ သူလွတ်လာရင် ဘယ်လိုပြောမလဲဆိုတာတော့ မသိဘူး။ သို့သော် ပြည်သူတွေက အသက်သွေး ချွေးတွေ ပေးပြီး လွတ်မြောက် နယ်မြေတွေရလာတဲ့အထိ တိုက်ခိုက်သိမ်းယူမှုတွေလုပ်ထားပြီဆိုရင် သူ့အနေနဲ့ ဒါတွေကို စစ်ကောင်စီကို ပြန်ပေးလိုက်ဆိုတာမျိုးတော့ လုံးဝမပြောဘူးဆိုတာကိုတော့ ယုံပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကတော့ ရှေ့ကိုပဲ ချီတက်မှာပါ။ နောက်ကြောင်းပြန်လှည့်ဖို့တော့ မရှိနိုင်ပါဘူး။

မေး။ ။ CRPH ရဲ့ Federal Democracy Charter (FDC) မှာ တိုင်းရင်းသားတွေလိုလားတဲ့‘အခြေခံမူ”တွေက တော်တော်လေးတော့ ပြည့်စုံပြီးပေါ့နော်။ သို့သော် တိုင်းရင်းသား တစ်ချို့လိုလားတဲ့ “နိုင်ငံတော်နာမည်ကို လူမျိုး တစ်ခုတည်းအခြေမခံဘဲ နာမည်သစ်နဲ့ ပြောင်းလဲရေးနဲ့ ဗမာ(မြန်မာ) လူမျိုးအခြေခံသော ပြည်နယ်ထားရှိရေး စတဲ့ အဆင့်ထိ လိုက်လျောဖို့က ဗမာ(မြန်မာ)နိုင်ငံရေးခေါင်းဆောင်များဘက်က လိုက်လျော်နိုင်မလား။

ဖြေ။ ။ ဒီကိစ္စကတော့ ဗမာ(မြန်မာ)နိုင်ငံရေးခေါင်းဆောင်တွေနဲ့ ဗမာ(မြန်မာ)လူမျိုးတွေကိုယ်တိုင် စဥ်းစား ဆုံးဖြတ်ရမယ့် ကိစ္စဖြစ်ပါတယ်။ အခြားတိုင်းရင်းသားတွေ မပါဘဲနဲ့ နွေဦးတော်လှန်ရေး အောင်မြင်မှုအပါအဝင် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကို တည်ဆောက်လို့ မရနိုင်ဘူးဆိုတာ တဖြည်းဖြည်းနဲ့ ပေါ်လွင်ထင်ရှားလာနေတာဖြစ်တော့ ဗမာ(မြန်မာ)တိုင်းရင်းသားတွေအနေနဲ့လည်း အနာဂတ်ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုနဲ့ဆီလျော်ကိုက်ညီတဲ့ ပြုပြင်ပြောင်းလဲမှုတွေလုပ်ရတော့မယ်ဆိုတာ သဘောပေါက်ပါ လိမ့်မယ်။ သူတို့ဆီမှာလည်း အပြောင်း အလဲကိုလိုလားတဲ့ နိုင်ငံရေးခေါင်းဆောင်တွေ အများကြီးရှိတာကို သိထားပါတယ်။ မြင်သာအောင် ဥပမာပေးရရင် လင်မယားမြဲဖို့ဆိုတာ လင်ရော၊ မယားရော နှစ်ယောက်စလုံးမှာ တန်းတူ တာဝန်ရှိတာပါ။

မေး။ ။ နောက်ဆုံး မေးခွန်းပါ၊ အခုမြန်မာ့အခင်းအကျင်းနဲ့ ပတ်သက်ပြီး နိုင်ငံတကာနဲ့ ဒေသတွင်း နိုင်ငံများရဲ့ အခန်းဏ္ဍ ဘယ်လောက်အထိ အရေးပါသလဲ။ လူထုက ဘယ်လောက်ထိ မျှော်လင့်ရမှာလဲ။ 

ဖြေ။ ။ ဒေသတွင်းနိုင်ငံများအပါအဝင် နိုင်ငံတကာရဲ့အခန်းကဏ္ဍဟာ အတော်အရေးကြီးပါတယ်။ သို့သော် နိုင်ငံတကာ ကတော့ တစ်ခါတခါမှာ ကြည့်မှန်နဲ့တူပါတယ်။ နဂိုရှိမှ နဂိုင်းထွက်တာမျိုးပါ။ ကိုယ့်ဘက်က ရပ်တည်ချက်၊ လုပ် ဆောင်ချက်ရှိမှ သူတို့ဘက်ကလည်း လိုက်လာတာမျိုးပါ။ အဓိကကတော့ ပြည်တွင်းမှာ ကျနော်တို့ရဲ့ ကြိုးစား အားထုတ်မှုအရေးကြီးပါတယ်။ ပြည်တွင်းက အခြေအနေမှန်တွေကို သူတို့ဆီရောက်အောင် အသိပေးရသလို၊ သူတို့ရဲ့ဆုံးဖြတ်ချက်တွေကို ဆွဲဆောင်နိုင်တဲ့အခင်းအကျင်းမျိုးထိ လုပ်ဆောင်နိုင်ရင် ကျနော်တို့အတွက် အရေးကြီးတဲ့နိုင်ငံတကာထောက်ခံမှုကို ရရှိနိုင်တာဖြစ်ပါတယ်။

Related Articles

Back to top button