တိုင်းရင်းသားများသတင်း

အပတ်စဉ် လူမျိုးပေါင်းစုံ သတင်းများစုစည်းတင်ပြခြင်း

(No. 68, August 23, 2024)

၁။ ကျိုက်ထိုပစ်ခတ်မှုအတွင်း သေဆုံးသူ ၄ ဦးအနက် ၂ ဦးမှာ သတင်းထောက်များဖြစ်
 August 22, 2024
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ လက်ပြကျေးရွာတွင် ဖြစ်ပွားခဲ့သည့် စစ်ကောင်စီ၏ စီးနင်းပစ်ခတ်မှုအတွင်း သေဆုံးသူ လေးဦးအနက် နှစ်ဦးမှာ သတင်းထောက်များဖြစ်ပြီး နှစ်ဦးသာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များဖြစ်ကြောင်း သေဆုံးသူများ နှင့် နီးစပ်သူများနှင့် စစ်ရေးသတင်းရင်းမြစ်များထံကသိရသည်။  (သြဂုတ်လ ၂၁ ရက်) နံနက် ၉ နာရီ ဝန်းကျင်က ကျိုက်ထိုမြို့ ပြင်၊ လက်ပြကျေးရွာ၊ ဓမ္မဒူတဘုန်းကြီးကျောင်းဘေးလမ်းရှိ အလွတ်တန်းသတင်း ထောက် ကိုထက်မြတ်သူ၏ မိသားစုပိုင် ခြံဝန်း အတွင်းကို စစ်ကောင်စီက အင်အား ၂၀ ခန့်ဖြင့် ဝိုင်း၍စီးနင်းပစ်ခတ်မှုပြုလုပ်ခဲ့သည်။ ခြံဝန်းအတွင်း အိမ်နှစ်လုံးရှိပြီး စီးနင်း ပစ်ခတ်ခံရသည့်အိမ်မှာ အရှေ့အိမ်ဖြစ်ကြောင်း သိရသည်။ စစ်ကောင်စီ လာရောက်စီးနင်းပစ်ခတ်ချိန်တွင် အဆိုပါခြံအတွင်းရှိ ပထမအိမ်၌ အလွတ်တန်းသတင်းထောက် ကိုထက်မြတ်သူနှင့် ၎င်း၏ ညီ၊ လွတ်လပ်သောဒီမိုကရက်တစ်အသံ (DVB) မှ ဒေသ အခြေစိုက် အလွတ်တန်းသတင်းထောက် ကိုဝင်းထွဋ်ဦး(ခ)ဖိုင်ဇယ် နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်သုံးဦး စုစုပေါင်း ခြောက် ဦး ရှိပြီး ဒုတိယအိမ်တွင်မူ ကိုထက်မြတ် နှင့်သူ၏ အဖိုးနှင့်အဖွားတို့ရှိကြသည်ဟု နီးစပ်သူများကပြောသည်။“ အိမ်မှာ စုစုပေါင်း ရှစ်ယောက်ရှိတယ်။ အဖိုးရယ် အဖွားရယ်၊ ထက်မြတ် ရယ် သူ့ညီရယ် ဝင်းထွဋ်ဦးရယ် ကျင်ဝှက်ရယ် KRF က နှစ်ယောက်ရယ်။ အဖိုးနဲ့အဖွားက အနောက်အိမ်မှာ ဝင်အပစ်ခံရတာက အရှေ့အိမ်။ အပစ်ခံရတော့ ကိုထက်နဲ့ အငယ်ကောင်လေးက ထွက် ပြေးပြီး လွတ်သွားတယ်။ ထက်မြတ်တို့ လေးယောက်ပဲ ပါသွားတာ ” ဟု မိသားစုနှင့် နီးစပ်သူက ပြောသည်။

စစ်ကောင်စီ၏ စီနင်းပစ်ခတ်မှုအတွင်း ကိုထက်မြတ်သူ ၏ ညီနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ကိုထက်ဆိုသူမှာ ထွက်ပြေး လွတ်မြောက်သွားခဲ့သည်။ ကိုဝင်းထွဋ်ဦးနှင့် ကိုကိုဝင်းမှာ ကျည်ဒဏ်ရာများဖြင့် နေရာ၌ပင် သေဆုံးခဲ့ရာ ၎င်းတို့၏ အလောင်းများကို စစ်ကောင်စီက ကျိုက်ထိုဆေးရုံကို ပို့ခဲ့ပြီး မွန်းတည့်ချိန်တွင် တပ်မ (၄၄)က လာရောက်သယ်ယူသွားကြောင်းသိရသည်။ ကိုထက်မြတ်သူနှင့် ကိုကျင်ဝှက်မှာမူ လက်ပြန်ကြိုးတုပ်၍ ကျိုက်ထိုမြို့နယ်၊ တောင်ကလေးကျေးရွာအနီးရှိ စစ်ကောင်စီတပ်မ (၄၄) ဌာနချုပ်အတွင်း ခေါ်ဆောင်ခြင်းခံခဲ့ရပြီးနောက်တွင်မှ သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း တပ်မ (၄၄) နှင့် နီးစပ်သည့် သတင်းရင်းမြစ်ထံက သိရသည်။ သေဆုံးသူ လေးဦးလုံးသည် အသက် ၂၀ ကျော်အရွယ်များဖြစ်သည်။ ထို့နောက် အလောင်းလေးလောင်းလုံးအား (ဩဂုတ် ၂၁ ရက်)နေ့လယ် ၃ နာရီဝန်းကျင်တွင် တောင်ကလေးကျေးရွာ သင်္ချိုင်း၌ စစ်ကောင်စီ က မီးရှို့ခဲ့ကြောင်း မျက်မြင်တွေ့ခဲ့သည့် တောင်ကလေးရွာခံ တဦး၏ ပြောကြားချက်အရ သိရသည်။ စစ်ကောင်စီ လော်ဘီ တယ်လီဂရမ်ချန်နယ်များတွင် သေဆုံးသူ လေးဦးလုံးအား ကျိုက်ထိုတော်လှန်ရေးအင်အားစု (KRF) တပ်ဖွဲ့ဝင်များဟု ရေးသား နေသော်လည်း ကိုထက်မြတ်သူနှင့် ကိုဝင်းထွဋ်ဦး၏ လုပ်ဖော်ကိုင်ဖက်များက ၎င်းတို့မှာ သတင်းထောက်များသာ ဖြစ်ကြောင်း ပြောဆိုခဲ့ကြပြီး ကျန်နှစ်ဦးအနက် ကိုကိုဝင်းတဦးသာ KRF တပ်ဖွဲ့ဝင်ဖြစ်ပြီး ကိုကျင်ဝှက်မှာ ABSDF အမှတ် (၃) တပ်ရင်းမှ တပ်ဖွဲ့ဝင်ဖြစ်သည်ဟု နီးစပ်သူများက ပြောသည်။ Read in Full

၂။ ကျိုက်ထိုမှာ ရှေ့နေတစ်ဦးကို စစ်ကောင်စီတပ်ဖမ်းဆီး
 August 22, 2024
မွန်ပြည်နယ် ကျိုက်ထိုမြို့ ကံ့ကော်ရပ်ကွက်နေ အမျိုးသမီးရှေ့နေတစ်ဦးကို စစ်ကောင်စီတပ် ဝင်ရောက်ဖမ်းဆီးသွား တယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။ ပြီးခဲ့တဲ့ သြဂုတ် ၁၈ ရက်နေ့က အမျိုးသမီးရှေ့နေ ဒေါ်စံပယ်ကို စစ်ကောင်စီတပ်က နေအိမ်မှာ အင်အားအလုံးအရင်းနဲ့ ဝင်ရောက်ဖမ်းဆီးသွားတာ ဖြစ်ပါတယ်။ ရှေ့နေဒေါ်စံပယ်ဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တွေနဲ့ ပတ်သက်ဆက်နွှယ်မှု ရှိတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ လာရောက်ဖမ်းဆီးသွားခဲ့တာပါ။ ကျိုက်ထိုဒေသခံတစ်ဦးက ရှေ့နေ ဒေါ်စံပယ်ဟာ အာဏာသိမ်းကာလအတွင်း နိုင်ငံရေးပုဒ်မတွေနဲ့ တရားစွဲခံရတဲ့သူတွေကို အမှုလိုက်ပေးခဲ့တယ်လို့ ပြောပါတယ်။

လက်ရှိမှာတော့ ရှေ့နေဒေါ်စံပယ်ကို ကျိုက်ထိုအခြေစိုက် စစ်ကောင်စီရဲ့ တပ်မ ၄၄ ဌာနချုပ် စစ်ကြောရေးမှာ စစ် ဆေးမေးမြန်းတာတွေ လုပ်ဆောင်နေပြီး မိသားစုနဲ့လည်းတွေ့ခွင့်မရဘူးလို့ သိရပါတယ်။ ဖမ်းဆီးခံ ရှေ့နေ ဒေါ်စံပယ် ကို ပြီးခဲ့တဲ့ ဇူလိုင်လအတွင်း စစ်ကောင်စီဘက်က ရှေ့နေလိုင်စင်ရုတ်သိမ်းခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။ ကျိုက်ထို မြို့နယ်မှာ အခုလအတွင်း PDF နဲ့ ပတ်သက်ဆက်နွှယ်မှု ရှိတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖမ်းဆီးခံရသူ ၁၀ ဦးထက်မနည်းရှိနေပါ တယ်။ Read in Full

၃။ ချီဖွေမြို့နယ်နဲ့ ဆော့လော်မြို့နယ်အတွင်းမှာ  ပြည်သူ့စစ်တွေကနေ စစ်သားသစ်စုဆောင်းနေဟုဆို
 August 22, 2024
ကချင်ပြည်နယ်အတွင်းက ဝေးလံခေါင်သီတဲ့ ချီဖွေမြို့နယ်နဲ့ ဆော့လော်မြို့နယ်အတွင်းမှာ ကချင်အထူးဒေသ(၁) ပြည်သူ့စစ်တွေကနေ တစ်အိမ်တက်ဆင်း အိမ်ထောင်စုစာရင်းတောင်းယူပြီး စစ်သားသစ်စုဆောင်းတယ်လို့ ဒေသခံတွေကပြောပါတယ်။ စစ်သားသစ်မလုပ်လိုသူတွေအနေနဲ့ ငွေကျပ် ၄ သိန်း ပေးဆောင်ဖို့ပြောဆိုထားပြီး ကျပ် ၂ သိန်းကို လာစုဆောင်း ချိန် ချက်ချင်းပေးလိုက်ရမှာ ဖြစ်ပြီးတော့ ကျန်တဲ့ငွေကြေးကိုတော့ အချိန်သတ်မှတ်ပြီး နောက်မှ ပြန်ပေးခိုင်းတယ်လို့ ချီဖွေ ဒေသခံတစ်ဦးက ပြောပါတယ်။ “၃ သိန်းနဲ့ ၄ သိန်းကြားပေးနိုင်တဲ့သူတွေကိုတော့ ပြန်လွှတ်ပေးတယ်တဲ့။ မပေးနိုင်တဲ့ သူတွေကို တော့ ပြန်မလွှတ်ဘူးတဲ့။ အဲဒီလိုဆိုတော့ ပိုက်ဆံမရှိလို့ ရှာဖွေစားနေရတဲ့ မိသားစုက ကလေးတွေကို အဲဒီလိုလုပ်ပေးလိုက်တော့ ဘယ်လိုလုပ်တော့မလဲ။ အဲဒါကသူတို့စီးပွားရေးလုပ်တာပဲ။” လို့ဆိုပါတယ်။ အဲဒီလိုတွေပြုလုပ်နေတဲ့အတွက် ချီဖွေမြို့နယ်နဲ့ ဆော့လော်မြို့နယ်သာမက ပန်ဝါဒေသမှာရှိတဲ့ လူငယ် တွေဟာ စစ်သားမလုပ်မနေရပုံစံနဲ့ ခြိမ်းခြောက်ခံနေရပြီး စိုးရိမ်စိတ်တွေ နဲ့ နေထိုင်နေရတယ်လို့ သိရပါတယ်။
ပြည်သူ့စစ် တပ်သားတွေဟာ ချီဖွေမြို့ပေါ်မှာတော့ ညဘက်ဝင်ရောက်တာမျိုး မရှိပေမဲ့ ပန်ဝါမြို့မှာတော့ ညအချိန် အိမ်တံခါးတွေဖျက်ပြီး ဝင်ဖမ်းတာတွေ လုပ်ကြတယ်လို့လည်း နောက်ထပ်ချီဖွေဒေသခံတစ်ဦးက ပြောပါတယ်။ “ပြည်သူ့စစ် တွေ စစ်သားအရမ်းစုကြတယ်။ ညသန်းခေါင်မှာတောင် ပန်ဝါမြို့ထဲမှာ သန်းခေါင်ချိန်ဖြစ်ပေမဲ့ တံခါးတွေကို ခြေနဲ့ဖျက်ဝင်လာပြီး စစ်သားစုကြတယ်လို့ ကြားရတယ်။ အဲဒါတော့မှန်တယ်။”လို့ ဆိုပါတယ်။ စစ်သားသစ်အယောက် ၅၀၀ စုသွားမှာဖြစ်ပြီး သတ် မှတ်ဦးရေပြည့်ခဲ့ရင် ပန်ဝါဒေသက ကချင်အထူးဒေသ(၁)ရဲ့ စစ်တပ်အတွင်းမှာ စစ်သင်တန်းပေးပြီး ရှေ့တန်းပို့မယ်လို့ ကြားသိ ရ ကြောင်းလည်း ဒေသခံတွေက ဆိုပါတယ်။ အဲဒီဒေသမှာနေထိုင်ကြတဲ့ ဒေသခံတွေအားလုံးနီးပါးဟာ ကချင်အထူးဒေသ(၁) ရဲ့ နယ်ခြားစောင့်တပ်က စစ်သားလုပ်ဖို့ တစ်အိမ်တစ်ယောက် မဖြစ်မနေ စာရင်းပေးထားပြီးသားဖြစ်ပေမဲ့ အခုကတော့ ပြည်သူ့စစ် ဆိုပြီး ပြန်လည်ခေါ်ယူနေတာလည်း ဖြစ်ပါတယ်။  Read in Full

၄။ CNDF ရဲဘော် ၁ ဦးကို စစ်တပ်က ဖမ်းဆီးသတ်ဖြတ်
 August 22, 2024
ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ CNDF (Chin National Defense Force)ရဲ့ တပ်‌ဖွဲ့ဝင်ရဲဘော် အသက် ၂၆ နှစ်အရွယ် ကိုရိုမင်းထန်း( Ro Hmin Thang) ကို စစ်တပ်ကဖမ်းဆီးပြီးနောက် သတ်ဖြတ်မီးရှို့ခဲ့တယ်လို့ တော်လှန် ရေးအင်အားစု တွေက ပြောပါတယ်။ ဩဂုတ် ၂၀ ရက် မနက်က စစ်ကိုင်းတိုင်း၊ ကလေးမြို့အနီး ရှားတောရွာမှာ စစ်တပ်နဲ့ CNDF တပ်ဖွဲ့တို့ ကြားပစ်ခတ်မှုဖြစ်စဉ်မှာ ဖမ်းဆီးခံခဲ့ရတဲ့ CNDF ရဲဘော် ၄ ဦးထဲက ၃ ဦး ထွက်ပြေး လွတ်မြောက်ခဲ့ပြီး ရဲဘော် ကိုရိုမင်းထန်း (Ro Hmin Thang) ကတော့ ဖမ်းဆီးသတ်ဖြတ် ခံခဲ့ရတာပါ။ ကလေးမြို့တော်လှန်ရေးအင်အားစုအဖွဲ့ဝင် ကိုဗန်‌ထောင်ဘိတ် က “ရှေ့တန်းကာကင်းက ရဲဘော် ၄ ဦးမှာ ၃ ဦးက ခုန်ချထွက် ပြေးနိုင်ခဲ့လို့သာ အကုန်အသတ်မခံရတာ တဲအောက်မှာနေတဲ့ ရဲဘော် လေးကမိသွားတယ်။ အဲဒီမိတဲ့နေရာနားက အိမ်ထဲမှာပဲ မီးရှို့သတ်ဖြတ်ခြင်း ခံခဲ့ရတာပါ။ အခုအဖြစ်မျိုး ထပ်မဖြစ်ဖို့ ကင်းသမား တွေအနေနဲ့ သတိကြီးကြီးထားရမှာဖြစ်တယ်။ အထက် တာဝန်ရှိ လူကြီးတွေကလည်း သေချာကြပ်မတ်ကိုင်တွယ်သင့်ပါတယ်။ စစ်တပ်က‌တော့ ကိုယ့်ရဲဘော်တွေ မိရင်တော့  နှိပ်စက်မှာ သတ်မှာပဲလေ သူတို့ စစ်တပ် ထုံးစံပဲ” လို့ ပြောပါတယ်။

ဩဂုတ် ၂၀ ရက်က ကလေးမြို့အနီး စည်ပင်ကြီးရွာအနီးမှာ PDF အလောင်း ၃ လောင်းနဲ့ လက်နက်ခဲယမ်းတွေ သိမ်း ဆည်းရမိတယ်လို့ စစ်တပ်ဝါဒဖြန့်မီဒီယာ‌တွေက ထုတ်ပြန်ပါတယ်။ စစ်တပ်နဲ့ ဒေသခံကာကွယ်ရေးတပ်တွေကြား ဖြစ်ပွားတဲ့ တိုက်ပွဲအတွင်း ဒေသခံကာကွယ်ရေး တပ်က ရဲဘော် ၃ ဦး ဒဏ်ရာ ရရှိခဲ့ပြီး စစ်တပ်က ထိခိုက်မှုအခြေ အနေကိုတော့ မသိရပါ ဘူး။ မေ ၂၉ ရက်ကလည်း ကလေးမြို့၊တောင်ဇလပ်ရပ်ကွက်၊ ကျန်စစ်သားလမ်းမှာ  ကလေးမြို့ပြ စစ်ဆင်‌ရေး Operation Mo Mo ခေါင်းဆောင် အသက် ၃၇ နှစ်အရွယ် ကိုဒီမို‌ (ခေါ်) ကိုရန်နိုင်ဦးဟာ  စစ်ကောင်စီတပ်ရဲ့ စောင့်ကြိုတိုက်ခိုက်ခံရပြီး  ကျဆုံးခဲ့ ပါတယ်။ Read in Full

၅။ ဆက်ကြေးမဆောင်သည့် ယာဉ်များကို PNO မှ သိမ်းဆည်းမည်ဟု ခြိမ်းခြောက်
 August 22, 2024
သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ် စံကားဒေသအတွင်းရှိ အခွန်(ဆက်ကြေး) မဆောင်သည့်ယာဉ်များကို ပအိုဝ်း ပြည်သူ့စစ် (PNO) မှ သိမ်းဆည်းသွားမည်ဟု ခြိမ်းခြောက်နေကြောင်း စုံစမ်းသိရသည်။ ညောင်ရွှေမြို့နယ် စံကားဒသေ၏  အနောက်ဘက် တပ်စခန်းတွင် PNO မှ ဗိုလ်ယက္ခ ဦးဆောင်ကာ ထောက်ခံစာစာရွက်ဖြင့် (ဩဂုတ်လ ၁၈ ရက်)နေ့ ဆက်ကြေး  လိုက်ခံကောက်ပြီး ဖြတ်ပိုင်းစာရွက်ပါဖြတ်ပေးလိုက်သည်။ လက်ရှိ PNO ကောက်ခံနေသည့် ဆက်ကြေးစျေးနှုန်းများမှာ ယာဥ် ငယ်ဖြစ်ပါက ကျပ်ငွေ ၅ သောင်း ပေးဆောင်ရပြီး၊ ယာဉ်ကြီးတစ်စီးလျှင် ကျပ်ငွေ တစ်သိန်းကျပ် ပေးဆောင်ရကြောင်း စံကား ဒေသမှ အမျိုးသားတစ်ဉီးက ပြောသည်။ “အနောက်ဘက်တပ်စခန်းက ဗိုလ်ယက္ခ ဦးဆောင်ပြီး လိုက်ကောက်တယ်။ ထောက်ခံ စာနဲ့လာတယ် ပြီးတော့ ဖြတ်ပိုင်းပါပေးတယ်။  ကားအသေးဆိုရင် ၅ သောင်း ကျပ်‌ပေးရတယ် ကားအကြီးရှိတဲ့အိမ်ဆို ၁ သိန်း ကျပ် ပေးဆောင်ရတယ်”ဟု ၎င်းက ပြောသည်။

အင်းလေး‌ဒေသ အနောက်ဘက်ခြမ်း  မှော်ဘီရွာ တံတားအောက်ဘက်ခြမ်းတွင်းရှိ ကျေးရွာဒေသများကို ကောက်ခံပြီး သွားပြီဖြစ်သည်။ အခွန်မဆောင်နိုင်သည့်ပြည်သူများသည် သေနတ်သံဖြင့်သာခြိမ်းခြောက်မှုတွေ ရှိနေသည်ဟု မြို့နယ်ခံ အသက် ၄၈ ရှိ အမျိုးသားတစ်ဦးက ပြောသည်။ “အင်းလေး‌ဒေသ အနောက်ဘက်ခြမ်း မှော်ဘီရွာ တံတားအောက်ဘက်ခြမ်းရှိ ကျေးရွာဒေတွေဆို သူတို့ကောက်ပြီးသွားပြီ။ အခွန်မဆောင်နိုင်တဲ့သူတွေဆို သေနတ်သံနဲ့လည်း ခြိမ်း ခြောက်သေးတယ်”ဟု ၎င်း ပြောသည်။ ထို့အပြင် အင်းလေး‌ဒေဘက်ရှိ ကျေးရွာအချို့တွင် PNO က တစ်ဖြေးဖြေးဖြင့် ဆက်ကြေးကောက်မှု ကြမ်းလာကြောင်း  ဒေသခံပြောပြချက်အရသိရသည်။ Read in Full

၆။ ဒီးမော့ဆိုမှာ တုပ်ကွေးကြောင့် ကျောင်းသား၊သူ ထက်ဝက်နီးပါး ကျောင်းမလာနိုင် ကျန်းမာရေးအဖွဲ့လိုအပ်
 August 22, 2024
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းက စာသင်ကျောင်းတစ်ခုမှာ ရာသီတုပ်ကွေးကြောင့် တစ်ပတ် အတွင်း ကျောင်းသူ၊ ကျောင်းသား ထက်ဝက်နီးပါး ကျောင်းမတက်နိုင်ဘဲ ပျက်ကွက်နေကြရတယ်လို့ အဆိုပါ စာသင် ကျောင်းရဲ့ တာဝန်ခံ ဆရာမ ဒေါ်ယူဖော ကပြောပါတယ်။ ”ဆရာရှိရဲ့သားနဲ့ သင်ခန်းစာရပ်နားထားရတယ်ပေါ့နော်၊ ကျောင်းသားတစ်ချို့ဘဲ သင်ရင်လည်း သင်ခန်းစာကို ရှေ့ဆက်လို့မရဘူးဖြစ်နေတယ်။ တစ်ချို့အခန်းမှာဆိုရင် ရပ်နားထားရတယ်။ နေမကောင်းဖြစ် မယ်ဆိုရင် အတတ်နိုင်ဆုံး အိမ်မှာဘဲနေဖို့ပေါ့နော်။ အခြားသူငယ်ချင်းတွေဆီ မကူးစက်ဖို့မှာထားတယ်။”လို့ တာဝန်ခံ ဆရာမ ဒေါ်ယူဖော် ကပြောပါတယ်။ အခုမိုးရာသီအတွင်း ရာသီတုပ်ကွေးရောဂါကူးစက်မှုနဲ့ အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါတွေ ဖြစ်ပွားပြီး ကူးစက်မှုတွေဆက်တိုက် ဖြစ်နေတယ်လို့လည်း သူကဆက်ပြောပါတယ်။ အဆိုပါကူးစက်မှုတွေကို ကာကွယ် ကုသ ပေးဖို့အတွက် ကွင်းဆင်းပြီးကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်မယ့် ကျန်းမာရေးအဖွဲ့ အစည်းတွေလည်းလိုနေတယ်လို့ ထပ်လောင်းပြောပါတယ်။

”အမြဲတိုင်းပုံမှန် နယ်လည့်စစ်ဆေးပေးမယ့် ကျန်းမာရေးအဖွဲ့ရှိမယ်ဆိုရင်လည်းကောင်းမှာဘဲပေါ့နော်၊ အခုကကျောင်း ဖွင့်တာ သုံးလလောက်ရှိနေပြီပေါ့နော်၊ အဲ့လိုလာပြီးတော့ ဆေးကုသပေးဖို့ ကျောင်းကျန်းမာရေးအဖွဲ့ကို ပြောချင်ပါတယ်။”လို့ ကျောင်းတာဝန်ခံက ပြောပါတယ်။ လက်ရှိမှာတော့ ကျောင်းသူ၊သားတွေဟာ နီးစပ်ရာ CHDN ဆေးခန်းတွေ၊ တော်လှန်ရေးတပ် ဖွဲ့တွေရဲ့ ဆေးခန်းတွေနဲ့ ဆေးဆိုင်တွေမှာ ဆေးကုသကြတယ်လို့သိရပါတယ်။” ညီမဖျားတာတော့ ၁၉ ရက်နေ့ကတည်းက ပေါ့နော်၊ ကျောင်းပျက်တာလည်း လေးရက်လောက်ရှိပြီ၊ စစဖျားတုံးကဆိုရင် ကိုယ်ပူလောက်ဘဲ စဖျားတယ်။ နောက်တော့မှ ချမ်းတုန်ပြီးတော့မှ မူးလာတာတွေ၊ အန်ချင်လာတာတို့ဖြစ်လာတယ်ပေါ့နော်၊ ဖျားတာဖြစ်တဲ့အတွက်ကြောင့်မို့ ခွင့်တိုင်ပေးပြီး တော့ ကျောင်းနားရတယ်၊ ကျောင်းစာတွေကို ပြန်ကူးပေးရတာပေါ့နော် ”လို့ ဖျားနေတဲ့ ကျောင်းသူတစ်ဦးရဲ့အစ်မ ဖြစ်သူက ပြောပါတယ်။ Read in Full

၇။ သီပေါမြို့နယ် စစ်ကောင်စီ ခလရ-၁၄၇ တပ်ရင်းကို MNDAA အပြီးသတ်သိမ်းပိုက်
 August 22, 2024
သျှမ်းပြည် သီပေါမြို့နယ် နောင်ကော်ကြီးရွာ အခြေစိုက် စစ်ကောင်စီခြေလျင်တပ်ရင်း ခလရ-(၁၄၇) ကို ကိုးကန့်တပ်ဖွဲ့ (MNDAA)က အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ကြောင်း စုံစမ်းသိရသည်။ (သြဂုတ်လ ၂၁ ရက်) နံနက်ပိုင်းတွင် သီပေါမြို့နယ် နောင်ကော်ကြီးကျေးရွာ အခြေစိုက် အရှေ့မြောက်ပိုင်း တိုင်းစစ်ဌာနချုပ် လက်အောက်ခံ စစ်ကောင်စီ ခြေလျင်တပ်ရင်း ခလရ-(၁၄၇)ကို ကိုးကန့်တပ်ဖွဲ့(MNDAA) က အပြီးသတ် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်တစ်ဦးကပြော သည်။“မနေ့ကပဲ သူတို့ပဲ ထပ်သိမ်းနိုင်တယ်။ ပြီးတော့ ကိုးကန့်က သူတို့အလံထောင်လိုက်ပြီ။ ကိုးကန့်တွေက လက်နက်ကြီးနဲ့ ချတာ၊ သူတို့တပ်ကွဲတော့ စစ်ကောင်စီတပ်မှူးက ထွက်ပြေးသွားတယ်။ နောင်ကော်တပ်ကို ကိုးကန့်တွေက ဝင်သိမ်းလိုက်တာ၊ အခုတော့ ထွက်ပြေးနေတဲ့ တပ်ရင်းမှူးကို လိုက်ရှာနေတာ”ဟု စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောသည်။

ကိုးကန့်တပ်ဖွဲ့ MNDAA သည် ပြီးခဲ့သည့် ဇူလိုင်လ ၂၆ ရက်မှ စတင်ပြီး သီပေါမြို့နယ် နောင်ကော်ကြီးကျေးရွာတွင် အခြေစိုက်ထားသည့် စစ်ကောင်စီ ခြေမြန်တပ်ရင်း ခမရ-(၁၄၇) ကို ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲပြင်းထန်ကာ နှစ်ဘက် ထိခိုက်သေဆုံးမှု များပြားခဲ့သည်။ MNDAA သိမ်းပိုက်လိုက်သည့် နောင်ကော်ကြီးကျေးရွာသည် သီပေါမြို့နှင့် ၁၄ မိုင်ခန့်သာကွာဝေးပြီး သီပေါမြို့နှင့်နမ့်လန်မြို့ ကားလမ်းပေါ်တွင်တည်ရှိကာ ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်း ပြည်တပ်မတော် (SSPP/SSA) ထိန်းချုပ်သည့် နယ်မြေဖြစ်ကြောင်း သိရသည်။ အလားတူ ပြီးခဲ့သည့် ဇူလိုင်လ ၂၀ ရက်တွင် သီပေါမြို့နယ် ဆောင်ကြဲကျေးရွာ အတွင်း စစ်ကောင်စီနှင့် ကိုးကန့်တပ်ဖွဲ့ (MNDAA) တို့ တိုက်ပွဲဖြစ် ပွားခဲ့ပြီး၊ ဆောင်ကြဲကျေးရွာအတွင်းသို့ MNDAA ထိန်းချုပ်နေရာယူ ထားခဲ့ကြောင်းသိရသည်။ Read in Full

၈။  ချင်းတော်လှန်ရေးအဖွဲ့ကြား ပဋိပက္ခ ဖြေရှင်းရေးကို ချင်းလူထုစစ်တမ်း ဖြေဆိုသူ ၉၀ ရာခိုင်နှုန်း ထောက်ပြ
 August 23, 2024
ချင်းပြည်တွင် ချင်းတော်လှန်ရေးအဖွဲ့အချင်းချင်းကြား ဖြစ်ပွားနေသည့် လက်ရှိပဋိပက္ခများ ဖြေရှင်းနိုင်ရေးကို ချက် ချင်းဆောင်ရွက် သင့်သည်ဟု ချင်းလူထုစစ်တမ်းတွင် ဖြေဆိုသူ ၈၈ ရာခိုင်နှုန်းက ပြောကြောင်း Chin Civic Movement – CCM က ထုတ်ပြန်သည်။ ဩဂုတ်လ ၂၁ ရက်က “လက်ရှိဖြစ်ပေါ်နေသော ပဋိပက္ခအပေါ် ချင်းလူထု ၏ သဘောထားအမြင် စစ်တမ်း တွေ့ရှိ ချက်များ”အပေါ် သတင်းစာရှင်းလင်းပွဲတွင် Chin Civic Movement တာဝန်ရှိသူများက ပြောဆိုခြင်းဖြစ်သည်။“ဘယ် အချိန်မှာ ချင်းပဋိပက္ခကိုဖြေရှင်းသင့်လဲလို့ ကျမတို့ မေးတဲ့အခါမှာ ၈၈ ရာခိုင်နှုန်းက ချက်ချင်းကို ဆောင်ရွက်သင့်တယ်ပေါ့နော်။ အဲလိုဖြေဆိုထားတယ်။ ၅ ရာခိုင်နှုန်းက မြို့သိမ်းတိုက်ပွဲပြီးမှ ဆောင်ရွက်ရန်လို့ဖြေဆိုတာတွေလည်းရှိသလို ချင်းပြည်နယ် တစ်ခု လုံးကို သိမ်းပိုက်ပြီးမှ ဆောင်ရွက်သင့်တယ်လို့ ဖြေတာလည်း တွေ့ရှိရပါတယ်။ ဒီမှာ ၈၈ ရာခိုင်နှုန်းက ချက်ချင်းဆောင် ရွက်ဖို့ လိုမယ်ဆိုပြီးတော့ ဖြေထားတာတွေကို အဓိကတင်ပြချင်ပါတယ်”ဟု CCM အဖွဲ့ဝင်တစ်ဦးဖြစ်သူ Mai Mawite က ပြောသည်။ 

ချင်းပြည်ကောင်စီနှင့် ICNCC၊ ချင်းညီနောင်အဖွဲ့တို့ကြား ဖင်လန်နိုင်ငံအခြေစိုက် Crisis Management Initiative – CMI ၏ ကမကထ ဦးဆောင်စီစဉ်မှုဖြင့် ဩဂုတ်လကုန်ပိုင်းတွင် အိန္ဒိယနိုင်ငံ နယူးဒေလီမြို့မှာ နှစ်ဖက်တွေ့ဆုံညှိနှိုင်းကြမည်ဟု သတင်းများထွက်အပြီးမှာ CCM ကလည်း ချင်းလူထုသဘောထားကို ထုတ်ပြန်ခြင်းဖြစ် သည်။ ချင်းလူထုစစ်တမ်းကို မတူကွဲပြားသော ချင်းမျိုးနွယ်စု ၃၅ ဝန်းကျင်မှ ဖြေဆိုထားသူ ၁၀၁၀ ဦးရှိပြီး ချင်းလူထု အသံကို ကိုယ်စားပြုသည့် စစ်တမ်းတစ်ခုဖြစ် ကြောင်း၊ ချင်းပြည်ကောင်စီ အင်အားစုများနှင့် ချင်းညီနောင်အဖွဲ့တို့ကြား ပဋိပက္ခကို စစ်တမ်းဖြေဆိုသူ ၉၈ ရာခိုင်နှုန်းက သတိ ပြုသိထားကြောင်း CCM တာဝန်ရှိသူများက ပြောသည်။  အပြန်အလှန်တန်းတူအသိအမှတ်ပြုမှု၊ ဆွေးနွေးတိုင်ပင်မှု၊ နားလည်မှု တည်ဆောက်ရန် အားနည်းခြင်းများကြောင့် ချင်း အချင်းချင်းကြား ပဋိပက္ခကို ဖြစ်စေကြောင်း ချင်းလူထုစစ်တမ်းတွင် တွေ့ရှိရ သည်။ ပဋိပက္ခဖြေရှင်းနိုင်ရေးကို ဘက်နှစ်ဘက်စလုံးက ခေါင်းဆောင်များ စားပွဲဝိုင်းတွင် ပွင့်လင်းစွာ ဆွေးနွေးရန်၊ နှစ်ဖက်စလုံး အပစ်အခတ်ချက်ချင်းရပ်တန့်ရန်၊ နိုင်ငံရေးနည်းလမ်းဖြင့် အဖြေရှာကြရန် ချင်းလူထုက လိုလားလျက်ရှိသည်။ အနယ်နယ် အရပ် ရပ်က ချင်လူမျိုး ဖြေဆိုသူ ၁၀၀၀ ကျော်၏ သဘောထားကို ဖော်ပြနိုင်သောကြောင့် ချင်းလူထု၏ အမြင် သဘောထားတစ်ခုဖြစ် ကြောင်း CCM တာဝန်ရှိသူများကပြောသည်။  Read in Full

၉။ တိုက်ပွဲကြောင့် ဂွမြို့က ဒေသခံ ငါးထောင်နီးပါး နေရပ်စွန့်ခွာထွက်ပြေး
 August 23, 2024
ရခိုင်ပြည်နယ်၊ ဂွမြို့နယ် ကျိန္တလီမြို့မှာ နှစ်ဖက်တိုက်ပွဲတွေ ဖြစ်နေတာကြောင့် ဂွမြို့က ဒေသခံ ငါးထောင်နီးပါး နေရပ်စွန့်ခွာ ထွက်ပြေးနေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။ သြဂုတ် ၁၂ ရက်နေ့ကစလို့ နေရပ်စွန့်ခွာမှုတွေ ရှိခဲ့တာဖြစ်ပြီး မြို့ပေါ်မှာ ဒေသခံတွေ နည်းပါးသွားတာကြောင့် လုပ်ငန်းအားလုံး ရပ်ဆိုင်းနေတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဂွမြို့က နေ ရန်ကုန်မြို့က ထွက်ပြေးလာသူတစ်ဦးက ပြောပါတယ်။“တိုက်ပွဲအခြေအနေက ကျွန်တော်တို့မြို့မှာတော့ ဘာမှမဖြစ်သေး ဘူး။ ဖြစ်တာက ကျိန္တလီပေါ့။ ကျိန္တလီဆိုတော့ ဂွမြို့နဲ့ မိုင်လေးဆယ်လောက်တော့ ဝေးတယ်။ ဒီက လူတွေကလည်း နီးကပ်လာ တော့ လန့်ပြီးတော့ ထွက်ပြေးကြတယ်။ လုပ်ငန်းတွေက အားလုံးရပ်သွားတာပေါ့” ဂွမြို့နဲ့ မိုင်လေးဆယ်ခန့်ဝေးတဲ့ ကျိန္တလီမြို့ က စစ်ကောင်စီတပ်စခန်းတွေကို အာရက္ခတပ်တော် (AA) က သြဂုတ် ၁၂ ရက်နေ့မှာ စပြီးထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပါတယ်။

ဂွမြို့ကို စစ်မီးကူးဆက်လာမှာ စိုးရိမ်တဲ့ဒေသခံတွေဟာ ဧရာဝတီတိုင်းက ရေကြည်၊ ကျုံပျော်နဲ့ ငသိုင်းချောင်းစတဲ့ မြို့ တွေနဲ့ ရန်ကုန်မြို့တွေကို ထွက်ပြေးတိမ်းရှောင်ခဲ့ရတာလို့ ဒေသခံတွေက ပြောပါတယ်။ ၂၀၁၄ သန်းခေါင်စာရင်းအရ ဂွမြို့မှာနေ ထိုင်သူ လူဦးရေ တစ်သောင်းခန့် (၉၅၁၀ ဦး) ရှိတာကြောင့် လက်ရှိ မြို့ပေါ်မှာ လူဦးရေ တစ်ဝက်ခန့်ပဲ ရှိပါတော့တယ်။ တိုက်ပွဲ တွေကြောင့် ဂွမြို့နဲ့ သုံးမိုင်အကွာမှာ အကောင်အထည် ဖော်နေတဲ့ ရွှေရတီကမ်းခြေ အိမ်ရာစီမံကိန်းလည်း ရပ်နားထားရတယ် လို့ ဒေသခံတွေက ပြောပါတယ်။ အာရက္ခတပ်တော် (AA) က ချင်းပြည်နယ် ပလက်ဝမြို့နယ်အပါအဝင် ရခိုင်ပြည်နယ်က မြို့နယ် ကိုးမြို့နယ်နဲ့ တောင်ပြိုလက်ဝဲ၊ မအီ၊ ကမ်းထောင်းကြီးနဲ့ ကျိန္တလီစတဲ့ မြို့နယ်ခွဲတွေကို သိမ်းပိုက်ထားပါတယ်။ Read in Full

၁၀။ နောင်ခိုင်ရွာလယ်ရှိစေတီကုန်းတစ်ခုကို စစ်ကောင်စီတပ်က တပ်စွဲပြီး လက်နက်ကြီးကုန်းပြုလုပ်ရန် ပြင်ဆင်နေဟုဆို
 August 22, 2024

ပူတာအိုမြို့နယ်၊ နောင်ခိုင်ကျေးရွာရှိ စေတီကုန်းကို စစ်ကောင်စီတပ်က လက်နက်ကြီးကုန်းပြုလုပ်ရန် ရှင်းလင်းရေး လုပ်ငန်းများ စတင်လုပ်ဆောင်နေသဖြင့် ဒေသခံပြည်သူများက စိုးရိမ်နေကြကြောင်းသိရသည်။ နောင်ခိုင် စေတီကုန်း တွင် ခေါင်လန်ဖူးဌာနေ ပြည်သူ့စစ်တပ်ဖွဲ့ဝင်များနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များက လာရောက်တပ်စွဲထားပြီး လက်နက် ကြီးကုန်း ပြု လုပ်ရန် ပြင်ဆင်မှုများပြုလုပ်နေသည်ဟု နောင်ခိုင်ဒေသခံတစ်ဦးက ပြောသည်။“အရင်က ပြဒါခချောင်းနားမှာစခန်းချထားတဲ့ ပြည်သူ့စစ်တွေလည်းပါတယ်။ တချို့ကတော့ နောင်ခိုင်ကျေးရွာစာသင်ကျောင်းနားမှာနေပြီးတော့ တချို့ကတော့ အဲ့စေတီကုန်း မှာတက်နေတာ။ နေ့လယ်မှာတွေတော့ ရှင်းလင်းရေးလာလုပ်တဲ့ သူတွေအများကြီးပဲ။ အခုလောလောဆယ်ကတော့ လက်နက် ကြီးတွေ မထားသေးဘူး” ဟုပြောသည်။ အဆိုပါစေတီကုန်းတွင် လက်ရှိအချိန်တွင်လည်း စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ တပ်စွဲ နေထိုင်နေသည်ကိုတွေ့ရကြောင်း သူကပြောသည်။

စစ်ကောင်စီတပ်က လက်နက်ကြီးတပ်ဆင်ရန်နှင့် တပ်စခန်းတည်ဆောက်ရန်ပြင်ဆင်နေသဖြင့် တိုက်ပွဲဖြစ်ပွားလာ မည်နှင့် ကျေးရွာအတွင်း လက်နက်ကြီးကျရောက်ပေါက်ကွဲမည်ကို စိုးရိမ်ကြောင်း အသက် ၄၀ ခန့်အရွယ် နောင်ခိုင်ဒေသခံ တစ်ဦးကပြောသည်။“အဲ့နားမှာ အဲ့ကုန်းကအမြင့်ဆုံးပဲလေ အဲ့ဒါကြောင့်အဲ့မှာစခန်းချတာပေါ့။ သူတို့ကိုပစ်ရင် ကျွန်မတို့ ဒေသခံတွေ ထိမှာကြောက်တယ်။ တကယ်လို့တိုက်ပွဲတွေဖြစ်ပြီး KIA တွေလာပစ်ရင်လည်း ရွာအလယ်မှာရှိနေတော့ အိမ်တွေ ထိမှာကြောက်ရတယ်။ အဲ့ဒါကြောင့် ကျွန်မတို့က အဲ့မှာ တပ်မဆောက်ခိုင်းစေချင်တာပေါ့” ဟုပြောသည်။ နောင်ခိုင်စေတီကုန်း မှာ ပူတာအိုမြို့မှ မချမ်းဘော့မြို့သို့သွားသည့်လမ်းပေါ် ရွာအလယ်တွင် တည်ရှိနေသောကြောင်း ရွာနှင့်ဝေးသောနေရာများသို့ ပြောင်းရွှေ့သွားစေလိုကြောင်း ဒေသခံများကပြောသည်။ စစ်ကောင်စီတပ်ဖွဲ့ဝင်များက မြစ်ကြီးနား – ပူတာအိုလမ်းတွင် တိုက်ပွဲ စတင်ဖြစ်ပွားခဲ့သည့် အချိန်မှစတင်ကာ လက်ရှိအချိန်အထိ ပူတာအိုမြို့နယ်နှင့် မချမ်းဘော့မြို့နယ်ရှိ မြို့အဝင်၊ အထွက်လမ်း များတွင် ကင်းလှည့်ကာ စစ်ဆေးခြင်းများပြုလုပ်လေ့ရှိကြောင်းသိရသည်။  Read in Full

၁၁။ လားရှိုးမြို့ နှစ်ဘက်တိုက်ပွဲအတွင်း အရပ်သား (၃၀၀) ကျော်သေဆုံး
 August 22, 2024
သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့တိုက်ပွဲအတွင်း အရပ်သား (၃၀၀) ကျော် သေဆုံးခဲ့ကြောင်း လွတ်လပ်သော လူငယ် ပရဟိတအဖွဲ့အစည်း(FYO) ထံမှသိရသည်။ ပြီးခဲ့သည့် ဇူလိုင်(၃)ရက်မှ စတင်ကာ မြန်မာ့အမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော် (MNDAA) ဦးဆောင်သည့် ကိုးကန့်တပ်ဖွဲ့သည် လားရှိုးမြို့ကို စတင် ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပြီး (ဩဂုတ်လ ၃ ရက်) တွင် အရှေ့မြောက်ပိုင်း တိုင်းစစ်ဌာနချုပ် (ရမခ)ကို သိမ်းပိုက်ရရှိခဲ့သည်။ စစ်ကောင်စီတပ်နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့၏ နှစ်ဘက်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ လေကြောင်း၊ လက်နက် ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ရာ နေအိမ်အများ အပြားထိခိုက်ပျက်စီးခဲ့ပြီး ပြည်သူအများအပြား ထိခိုက်ဒဏ်ရာရ သေဆုံးခဲ့ရသည်။“အရပ်သားသေဆုံးမှု အကြမ်းဖျင်း သိရတာ ကတော့ ၃၀၀ ကျော်မယ်။ FYO က ကူညီဆောင်ရွက် ပေးခဲ့တာက ၈၆ လောင်းရှိတယ်” ဟု FYO အဖွဲ့မှ လူငယ်တာဝန်ခံ တစ်ဦး က ပြောသည်။

လက်ရှိတွင် လားရှိုးမြို့ပေါ် လျှပ်စစ်မီး မရရှိသေးသော်လည်း မြို့ပြင်ဖက်တွင် Mytel ဖုန်းလိုင်းများရရှိနေပြီး တိုက်ပွဲ ပြင်းထန်စဉ် စစ်ဘေးတိမ်းရှောင်သွားသည့် ဒေသခံ တချို့တဝက်သာ နေရပ်ပြန်လာကြောင်း သိရသည်။ “တိုက်ပွဲထပ်ဖြစ်ဖို့ ကတော့ ၅၀ ရာခိုင်နှုန်းစီပါပဲ။ ထိုးစစ်လာဖို့တော့ ရှိမယ်ထင်တယ်။ စီးပွားရေးဇုန် တစ်ခုလုံး ပါထားတော့လေ။ ဒါပေမဲ့လည်း မိုင်းလားလိုလည်း ဖြစ်သွားနိုင်တယ်။ သိမ်းထားတဲ့ မြို့တွေထဲက အထူးဒေသ အလံဆိုလို့ ဒီမြို့ပဲထောင်သေးတာ”ဟု FYO လူငယ်တာဝန်ခံတစ်ဦးမှ ၎င်း၏ထင်မြင်ချက်ကို ပြောသည်။ ကိုးကန့်တပ်ဖွဲ့ ထိန်း ချုပ်ထားသည့် လားရှိုး ပြည်သူ့ဆေးရုံကို ပြီးခဲ့ တဲ့ ဩဂုတ်လ ၁၁ ရက်မှာ ပြန်လည် လည်ပတ်နိုင်ခဲ့ပြီး ၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းတွင် MNDAA က သိန္နီ၊ တာမိုးညဲ၊ ကွမ်းလုံ၊ ကြူကုတ်(ပန်ဆိုင်း)၊ မုံးကိုး၊ လောက်ကိုင်၊ ချင်းရွှေဟော်၊ ကုန်းကြမ်းစသည့် မြို့များကို သိမ်းပိုက်ထိန်းချုပ်ထားသည်။ Read in Full

၁၂။ သင်္ဃန်းညီနောင်အတွင်း စစ်ကောင်စီတပ်က စစ်ကြောင်းထိုးလာ၍ ဒေသခံများ မြဝတီမြို့ဘက် စစ်ရှောင်လာနေ
 August 22, 2024
ကရင်ပြည်နယ် မြဝတီမြို့နယ်ရှိ သင်္ဃန်းညီနောင်ဒေသအတွင်း တော်လှန်ရေးတပ်ဖွဲ့ သိမ်းပိုက်ထားသော စစ်စခန်းများ ကို ပြန်လည်သိမ်းပိုက်ရန် စစ်ကောင်စီတပ်က မြဝတီမြို့ဘက်မှစစ်ကြောင်းထိုးလာသည့်အတွက် ကျေးရွာဒေသခံများ မြဝတီမြို့ ဘက်ကို စစ်ဘေးရှောင်ပြောင်း ရွှေ့လာနေကြောင်း ဒေသခံများက ပြောသည်။ ပြီးခဲ့သည့် နှစ်ရက်မှစတင်ကာ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်-KNLA၊ PDF မဟာမိတ်ပူး ပေါင်းတပ်များ တိုက်ခိုက်သိမ်းပိုက်ထားသော သင်္ဃန်းညီနောင်စစ်ဗျူ ဟာကုန်း စစ်စခန်းနှင့် ခြေမြန် တပ်ရင်း -ခမရ ၃၅၅၊ ၃၅၆ နှင့် ၃၅၇ တပ်ရင်း ၃ ခုနေရာများအား စစ်ကောင်စီတပ်များက မြဝတီမြို့ဘက်မှ စစ်ကြောင်းထိုးလာခြင်းဖြစ်သည်ဟု မြဝတီမြို့ရှိအရပ်ဘက် စစ်ဘေးရှောင်အကူ အညီပေးနေသူများက ပြော သည်။“၂ ရက်ရှိပြီ၊ စစ်တပ်ယူနီဖောင်းတွေနဲ့ ပေါလောရွာ၊ သံပုရာရွာဘက်ကို မြဝတီကုန်သွယ်ရေး ဇုန် ၊ ရွာ သစ်နောက်ဘက် လမ်းကနေ ဖြတ်တက်လာပြီး ရွာထဲဝင်လာကြတာ လူရာချီတယ်။ မြန်မာစစ်သား တွေပေါ့၊ သူတို့လာတော့ ရွာသားတွေ အခု မြဝတီတက်ပြေးလာကြပြီ။ အရင်ကတည်းက မပြန်နေကြသေးတဲ့ ရွာသစ်တို့၊ ညီနောင်တို့၊ မဲကနယ်တို့က လူတွေနဲ့ဆို မြဝတီ မှာ လူနှစ်ထောင်လောက်ရှိနေတယ်နေရာစုံမှာပေါ့။ တိုက်ပွဲမဖြစ်ခင် ကြိုရှောင်လာကြတာ။ တချို့ကတော့ရွာမှာနေနေကြတုန်းပဲ”ဟု စစ်ဘေးရှောင်အကူ အညီပေးနေသူတစ်ဦးက ပြောသည်။

မြဝတီမြို့သို့ ပုံစံမျိုးစုံဖြင့် ရောက်ရှိလာသည့် စစ်ကောင်စီတပ်များအား မြဝတီ ခြေလျင်တပ်ရင်း (ခလရ ၂၇၅) တပ်ဝင်း၊ သင်္ဃန်းညီနောင် ရဲစခန်းနှင့်ကုန်သွယ်ရေးဇုန်နေရာများသို့ ကရင်နယ်ခြားစာင့်တပ်အောက်ခြေတပ်ဖွဲ့အချို့၏ အကူအညီဖြင့် ဝင် ရောက်တပ်စွဲနေရာယူ မှုများလုပ်ဆောင်ပြီးနောက် ယခုရက်ပိုင်းအတွင်း စစ်ကြောင်းထိုးလှုပ်ရှား မှုများလုပ်ဆောင်လာခြင်းဖြစ် ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဘက်ကပြောဆိုသည်။“လေယာဉ်တွေဆက်တိုက်ဗုံးကြဲတော့ ရွာသစ်ရော၊ သင်္ဃန်းညီနောင်ရော မီးလောင်ပြင် ဖြစ်နေပြီ၊ ပြန်လို့လည်းမရဘူး။ အခု ၅ လ လောက်ရှိနေပြီ။ အိမ်တော့ မရှိတော့ ဒီရေပူဘုန်းကြီးကျောင်းနဲ့ ရော်ဘာ ခြံ စစ်ရှောင်စခန်းမှာနေနေရတယ်။ အခုစစ်တပ်နဲ့ BGF က ညီနောင်ဗျူဟာကို ပြန်တိုက်မယ့် သတင်းတွေဖြစ်နေတယ်။ လူတွေ ကိုယ့်နေရာကိုယ်ပြန်မနေရဲသေးဘူး”ဟု မြဝတီမြို့တွင် လာရောက်နေထိုင်သူ ရွာသစ်ကုန်းကျေးရွာသားကပြောသည်။ လတ်တလော မြဝတီမြို့ဘက်တွင် စစ်ကောင် စီတပ်၊ BGF၊ ကရင် ငြိမ်းချမ်းရေးကောင်စီနှင့် DKBA တပ်ဖွဲ့များက မြဝတီ မြို့လုံခြုံရေးကို ပူးပေါင်းဆောင်ရွက်သည့် အခြေအနေဖြင့် လှည့်ကင်း၊ ရပ်ကင်း၊ ကင်းပုန်း၊ ရှောင်တခင်စစ်ဆေးမှုများ လုပ်ဆောင်လျက်ရှိသည်။ နယ်စပ် ကုန်စည် စီးဆင်းမှုအတွက် ထို့ကော်ကိုးလမ်း၊ ဒေါနတောင်လမ်းဟောင်း၊ ကြက်ဥတောင်လမ်းပိုင်းများမှ ဖားအံ၊ မော်လမြိုင်ဘက်သို့ ကုန်စည်စီးဆင်းမှု ဆက်ရှိနေကြောင်း မြဝတီမြို့ခံများ ပြောဆိုချက်အရ သိရသည်။ Read in Full

၁၃။ ထီးချိုင့်မှာ ကာကင်းစခန်းတစ်ချို့သိမ်းပိုက်ရရှိတယ်လို့ ဗိုလ်မှူးကြီးနော်ဘူပြော
 August 22, 2024
စစ်ကိုင်းနဲ့ကချင်အစပ် ထီးချိုင့်မြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ KIA ပူးပေါင်းအဖွဲ့တွေအကြားတိုက်ပွဲတွေ ပြင်းထန်နေပြီး ကာကင်းစခန်းတစ်ချို့ သိမ်းပိုက်ရရှိထားတယ်လို့ KIO သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူ ကပြောပါတယ်။ ထီးချိုင့်မြို့နယ် ဧရာဝတီမြစ်တစ်ဖက်ကမ်းက မြတောင်စစ်ကောင်စီတပ်စခန်းကို KIA နဲ့ PDF ပူးပေါင်း အဖွဲ့တွေက ဝင်ရောက် တိုက်ခိုက်နေတာဖြစ်ပြီး ဩဂုတ်လ ၂၁ ရက်နေ့မှာတော့ အဲ့ဒီတပ်စခန်းရဲ့ ကာကင်း စခန်း ၃ ခုကို သိမ်းပိုက်ရရှိခဲ့တာလို့ သိရပါ တယ်။“မနေ့က ထီးချိုင်မြို့နယ် မြတောင်ဘက်မှာ ကာကင်းစခန်းတွေသိမ်းနိုင်တယ်လို့ကြားရတယ်။ အဲ့ဒါ နောက်ဆုံးပါ။ တစ်ခြားသတင်းတွေတော့ဘာမှမရဘူး။ မြတောင်ကတော့ မနေ့ကမနက်အစော ကြီးကို ဝင်တိုက်တာ”လို့ ဗိုလ်မှူးကြီးနော်ဘူ ကပြောပါတယ်။ ကချင်လွတ်လပ်ရေးတပ်မတော် KIA ရဲ့ သတင်းပြန် ကြားရေးသတင်းဌာတော့ ထီးချိုင့်မြို့ဟာ KIA ရဲ့ တပ်မဟာ ၁၁ တပ်ရင်း ၁၂ ဒေသဖြစ်သလို အဲ့ဒီဒေသက ကာကင်း စခန်းတွေဖြစ်တဲ့ ဆီဆိုင်၊ ဟိုပုံးလေး နဲ့ ဘုရင့်နောင် တပ်စခန်း တွေကိုသိမ်းပိုက်ရရှိထားတယ်လို့ ဩဂုတ်လ ၂၁ ရက်နေ့ သတင်းထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီတပ်ဘက်ကတော့ ထီးချိုင်မြို့နယ်ကို ပြီးခဲ့တဲ့ ဩဂုတ်လ ၂၀ ရက်နေ့ကတည်းကစလို့ ဩဂုတ်လ ၂၂ ရက်နေ့အထိ ဂျက်ဖိုက်တာနဲ့ဆက်တိုက် ဗုံးကြဲတိုက်ခိုက်မှုတွေလုပ်ခဲ့တယ်လို့ ထီးချိုင့် သတင်းတွေဖော်ပြနေတဲ့ Tigyaing Revolution-TR က သတင်းထုတ်ပြန်ထားပါတယ်။ ထီးချိုင့်မြို့ဟာ မန္တလေး–ဗန်းမော် လမ်းကြောင်းပေါ်မှာတည်ရှိပြီး ကုန်လမ်း အပြင် ဧရာဝတီမြစ် ရေကြောင်းလမ်းနဲ့ပါသွားလာနိုင်တဲ့ လမ်းကြောင်းပေါ်မှာတည်ရှိတာဖြစ်ပါတယ်။ ဒါ့အပြင် မန္တလေး–ရွှေဘို– မြစ်ကြီးနား ဗျူဟာကားလမ်းမပေါ်မှာရှိတဲ့ ကောလင်းနဲ့ အင်းတော်မြို့ နဲ့လည်း ကပ်လျှက်မှာတည်ရှိတဲ့အတွက် စစ်ရေးအရ နှစ်ဖက်တပ်တွေအတွက် အရေးပါတဲ့နေရာဖြစ်တယ်လို့ စစ်ရေးလေ့လာသုံးသပ်သူတွေကပြောပါတယ်။“မြေပုံအရကတော့ ထီးချိုင့်ကအရေးကြီးမှာပါ။ ကချင်ပြည်နယ်၊ မန္တလေး၊ စစ်ကိုင်းအစပ်မှာဆိုတော့လေ နောက်ပြီး ဗန်းမော်ဘက်ကတက် သွားတဲ့ လမ်းတွေ မြစ်ကြီးနားဘက်ကိုတက်သွားတဲ့လမ်းတွေဆိုတော့ အရေးကြီးတဲ့မြို့ဖြစ်ပါတယ်။” လို့ ဗိုလ်မှူးကြီးနော်ဘူ ကပြောပါ တယ်။ လက်ရှိ ထီးချိုင့်မြို့နယ်အတွင်းတိုက်ပွဲမှာ NUG အမှတ် ၁ စစ်ဒေသလက်အောက်ခံ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တွေ က မြေပြင်မှာအဓိကစစ်ဆင်ရေးဆောင်ရွက်နေတာဖြစ်ပြီး ကချင်လွတ်လပ်ရေးတပ်မတော် KIA ဘက်က ပူးပေါင်းပြီးတိုက်ခိုက် နေတာ လို့ ဗိုလ်မှူးကြီးနော်ဘူကဆက်ပြောပါတယ်။ Read in Full

၁၄။ စစ်ရေးလှုပ်ရှားနေသည့် KNLAKNDO ပူးပေါင်းတပ်ဖွဲ့များကို လိုက်လံပိတ်ဆို့ရန် BGF ဗိုလ်မောင်ချစ်မှ အမိန့်ပေး
 August 23, 2024
KNU အမှတ် ၅ တပ်မဟာ ဘူးသိုမြို့နယ်တွင် စစ်ရေးလှုပ်ရှားနေသည့် KNLA၊ KNDO ပူးပေါင်းတပ်ဖွဲ့များကို လိုက်လံ စောင့်ကြည့်ရန်နှင့် သူတို့၏လှုပ်ရှားသွားလာမှုကို ပိုင်းဖြတ်တားဆီးရန် BGF အမှတ် ၁၀၁၄ တပ်ရင်းမှူးဗိုလ်မောင်ချစ် က ၎င်း၏ လက်အောက်ခံတပ်သားများကို အမိန့်ပေးဆောင်ရွက်ခိုင်းတယ်လို့ KNLA နဲ့နီးစပ်သည့် သတင်းရင်းမြစ်ကပြောပါသည်။ “ဩဂုတ်လ ၂၀ ရက်နေ့ နေ့လယ် ၁၂ နာရီအထိ နယ်မြေခံ KNLA၊KNDO ပူးပေါင်းတပ်ဖွဲ့တွေက နယ်မြေစစ်ရေးလှုပ်ရှားမှုလုပ် တယ်။ ဒါကလုပ်နေကျအလုပ်ပါဘဲ။ ပုဇွန်မြောင်း(ထီသဒေါ့ထ)ကနေ နို့ထအထိ ၁၂ နာရီလောက်မှာရောက်တယ်။ ဒီလိုစစ်ရေး လှုပ်ရှားမှုကို BGF ဗိုလ်မောင်ချစ်က သိတော့ သူ့လက်အောက်ခံတပ်ဖွဲ့ဖြစ်တဲ့ တပ်ခွဲ ဒုတပ်ခွဲမှူး မောင်တင် ဦးစီးအဖွဲ့ကို သွား စောင့်ပိုင်းပြီး ပစ်ခတ်ဖို့အမိန့်ပေးခဲ့တယ်”လို့ အဆိုပါသတင်းရင်းမြစ်ကပြောပါတယ်။“ကိုယ်တွေဘက်က ကိုယ့်နယ်မြေကိုယ်လှုပ်ရှားတာ။ ပိုင်နက်ကျူးကျော်ပြီးလှုပ်ရှားတာမဟုတ်ဘူး။ လှုပ်ရှားတာက ဘူးသိုမြို့နယ် ပုဇွန်မြောင်းကျေးနယ်အုပ်စု နို့ပလေ၊ တလာအောခို့ နှင့်နို့ထ ဖြစ်တယ်” လို့ အဆိုပါသတင်းရင်မြစ်က ဆိုပါတယ်။

ဗိုလ်မောင်ချစ်အနေနဲ့ စစ်ကောင်စီနဲ့ကင်းရှင်းရင် လိုက်ပြီးအနှောက်ယှက်ပေးစရာအကြောင်းမရှိဘူးလို့ သူကဆိုပါတယ်။ အခုလို လိုက်ပြီးအနှောက်ယှက်ပေးတာဟာ စစ်ရေးလှုပ်ရှားမှုကို ရန်သူ (စစ်ကောင်စီ) ဘက်ကသိလို့ ဗိုလ်မောင်ချစ် ကိုအမိန့်ပေးညွန် ကြားလိုက်တယ်လို့ ယူဆသည်ဟု အဆိုပါသတင်းရင်မြစ်က ဆိုပါတယ်။ ဗိုလ်မောင်ချစ်တို့ BGF တပ်ဖွဲ့သည် စစ်ကောင်စီ အတွက် အမြဲအကူညီပေးနေတယ်လို့လည်း သူကဆိုပါတယ်။ Read in Full

၁၅။ တီးတိန်မြို့တွင်း ရေဖြန့်ဝေပေးသူ အမျိုးသားတစ်ဦး မိုင်းနင်းမိကာ ခြေတဖက်ပြတ်
 August 23, 2024
ချင်းပြည်နယ်၊ တီးတိန်မြို့အတွင်း သောက်သုံးရေဖြန့်ဝေပေးနေသူအမျိုးသားတစ်ဦး ယနေ့မနက်ပိုင်းက ရေဖွင့်ရန် အသွားမှာ နင်းမိုင်းနင်းမိကာ ခြေတဖက်ပြတ်သွားသည်ဟု သိရသည်။ တီးတိန်မြို့ခံ အမျိုးသားတဦးက” သောက်သုံး ရေဖြန့်တဲ့ တယောက်ပါ။ ဒီနေ့မနက် သောက်သုံးရေဖြန့်ဖို့ တီးတိန်မြို့က အဓိကသုံးတဲ့ မိုက်ခရိုဝေ့အောက်က ရေဖွင့်သွားတာ မိုင်းနင်းမိ တာ။ အခုတော့ဆေရုံရောက်တယ်၊ ဒဏ်ရာက ပြင်းထန် တယ်ခြေဖဝါးထိတာ။ အသက်အန္တရာယ်တော့မစိုးရိမ်ရပေမယ့် သွေး က လိုနေတာ” ဟုပြောသည်။

မိုင်းနင်းမိသူမှာ အသက် ၄၅ နှစ်အရွယ် Pu Kam Khua Thawn ဖြစ်ပြီး ယနေ့ သြဂုတ်လ ၂၃ ရက် ယနေ့မနက် ၇ နာရီ ခန့်တွင် ပြည်သူ့ဆေးရုံ ဝန်ထမ်းအိမ်ယာ အထက်နားမှာသို့ ရေခလုပ်ဖွင့်ရန်အသွားမှာ မိုင်းနင်းမိခဲ့ခြင်းဖြစ်သည်။  ပြီးခဲ့သည့် မေလ ၂၆ နေ့ တီးတိန်မြို့တွင်း တိုက်ပွဲကြောင့် မြို့တွင်းရေပေးဝေမှုများ ပျက်စီး ပြတ်တောက်ခဲ့ရပြီး  ဒေသခံများ၏ ပြန်လည်ပြု ပြင်မူကြောင့် ဇူလိုင် ၈ ရက်နေ့ကစတင်ကာ ပုံမှန်အတိုင်း ရေများပြန်လည်ဖြန့်ဝေနိုင်ခဲ့ကြ သည်ဟုသိရသည်။  တိုက်ပွဲကြောင့် တစ်မြို့လုံး စစ်ဘေတိမ်းရှောင်ခဲ့ကြရသော ချင်းပြည်နယ်မြောက်ပိုင်း တီးတိန်မြို့ပေါ်က ဒေသခံ ပြည်သူများအားလုံးနီးပါးသည် မိမိနေရပ်သို့ပြန်လည်နေထိုင်ကြပြီဖြစ်ကာ တီးတိန်မြို့သည်လည်း ယခင်အတိုင်း ပုံမှန်အခြေအနေပြန်ရောက်နေပြီဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။ Read in Full

၁၆။ ကွန်ဟိန်းမြို့နယ် ဆိုင်မွန်ရွာကဒေသခံတွေ ယာခင်းထဲသွားချိန် မိုင်းနင်းမိခဲ့လို့ ၁ ဦးသေဆုံးပြီး ၁၈ ဦး ဒဏ်ရာရ
 August 23, 2024
ရှမ်းတောင် ကွန်ဟိန်းမြို့နယ် ဆိုင်မွန်ကျေးရွာက ဒေသခံတွေဟာ ယာခင်းထဲသွားနေချိန် မိုင်းနင်းမိခဲ့လို့ အမျိုးသား ၁ ဦးသေဆုံးခဲ့ပြီး ၁၈ ဦး ဒဏ်ရာရခဲ့တယ်လို့ ဖြစ်စဉ်သိရှိသူ အမျိုးသားတစ်ဦးက ပြောပါတယ်။ ဖြစ်ဉ်က ပြီးခဲ့တဲ့ ဩဂုတ် ၂၀ ရက် မနက်ပိုင်းမှာဖြစ်ပွားခဲ့ပြီး မိုင်းနင်းမိတဲ့နေရာမှာ ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS) တပ်ရဲ့ တပ်စခန်းဟောင်းအနီး ဖြစ်တယ်လို့ ဆိုပါတယ်။ ဖြစ်စဉ်သိရှိသူ အမျိုးသား တစ်ဦးက “ဆိုင်မွန်ရွာက တအာင်းရွာဘဲ။ သူတို့က ယာခင်းသွာရင်းနဲ့ နင်းမိ တာ။ အဲနေရာလည်း RC တပ်ရဲ့ စခန်းဟောင်းဘဲပြောရမှာပေါ့။ ကျန်တဲ့သူတွေက ဆေးရုံတင်ထားရတယ်” လို့ ပြောပါတယ်။

မိုင်းနင်းမိလို့ ဒဏ်ရာရတဲ့ သူတွေထဲမှာ အမျိုးသား ၆ ဦး၊ အမျိုးသမီး ၁၂ ဦးနဲ့ စုစုပေါင်း ၁၈ ဦးထဲမှာ ၁၅ ဦးကတော့ ခိုလမ်ဆေးရုံမှာ ဆေးကုသမှုခံယူနေပြီး ကျန်တဲ့ အမျိုးသမီး ၃ ဦးကတော့ ဒဏ်ရာမပြင်းထန်ဘူးလို့ အထပ်ပါအမျိုးသားက ပြော ပါတယ်။ “သူတို့ နင်းမိတဲ့အချိန်တုန်းက မိန်းကလေး သုံးယောက်က အရင်နင်းမိတော့ ဒဏ်ရာပြင်းထန်တယ်။ အနောက်လာတဲ့ ၁၆ ယောက်က သူတို့ နင်းမိလို့သွားကယ်မယ်လုပ်တော့ သူတို့လည်းထပ်ပါ နင်းမိတယ်။ မိုင်းက တစ်လုံးထဲမကဘူး။ နင်းမိတဲ့ တစ်ယောက်ကဆုံးပြီ ကျန်တဲ့သူတွေက ဒဏ်ရာဘဲရတယ်” လို့ ပြောပါတယ်။ လက်ရှိ ကျန်တဲ့ မပေါက်ကွဲသေးတဲ့ လက်နက် တွေနဲ့ မိုင်းတွေကို RCSS တပ်ဖက်ကဘဲ သွားရောက်ရှင်းပေးနေတာလို့ ၎င်းက ဆိုပါတယ်။ Read in Full

၁၇။ ၁ လ ကျော်ကြာပျောက်ဆုံးနေတဲ့ ဖရူဆိုဒေသခံလူငယ်နှစ်ဦး စစ်ကောင်စီတပ် သတ်ဖြတ်၊ အလောင်းကိုပြန်တူးဖော်ရရှိ
 August 23, 2024
ကရင်နီပြည်၊ ဖားဆောင်းမြို့နယ်၊ မော်ချီးဒေသမှာ သွားရောက်အလုပ်လုပ်ကိုင်ပြီး ပြန်လာတဲ့ ဖရူဆိုဒေသခံ လူငယ် နှစ်ဦးဟာ ၁ လ ကျော်ကြာပျောက်ဆုံးခဲ့ပြီးနောက် ဩဂုတ်လ ၂၁ ရက်နေ့မှာတော့ သေဆုံးတဲ့ ရုပ်အလောင်းကို ပြန် လည်တူးဖော် ရရှိခဲ့တယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။ အဆိုပါ လူငယ်နှစ်ဦးဟာ မော်ချီးမှာ ၂ လကြာ သွား ရောက်အလုပ်လုပ်ပြီးနောက် ဇူလိုင်လ ၅ ရက်နေ့မှာ ပြန်လာတာဖြစ်ပါတယ်။ အပြန်လမ်းမှာ ဘောလခဲမြို့နယ်ထဲကို လမ်းမှား ရောက်ရှိခဲ့ကာ စစ်ကောင်စီ အထိုင်ချတဲ့ ရေကျော်တပ်စခန်းအနီးမှာ ပစ်သတ်ခံရပြီး မြှုပ်ထားတဲ့ အလောင်းကို တော်လှန်ရေးတပ်ဖွဲ့တွေကတွေ့ရှိခဲ့တာဖြစ်ပါတယ်။” စကစ (စစ်ကောင်စီ) သတင်းတော့တင်ထားတာ ဘောလခဲအနီးမှာ ကင်းလှည့်နေချိန်မှာ အရပ်သားနှစ်ဦးက ဆိုင်ကယ်နဲ့လာတာ တားတာမရပ်လို့ ပစ်ခတ်လိုက်တယ်လို့ စကစ (စစ်ကောင်စီ) တင်ထားတာပေါ့၊ အမှန်ကသူတို့ မော်ချီးကနေ အလုပ်သွား၊ ငွေရှာရင်း အပြန်မှာ လမ်းမှားတာ။”လို့ စစ်ကောင်စီဝါဒဖြန့်တယ်လီဂရမ်ချန်နယ်မှာ ရေးသားထားတာနဲ့ ပတ်သက် ပြီး တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

“ဘယ်မှာပြန်တွေ့တာလဲ ဆိုတော့ ဘောလခဲ ရေကျော်စခန်းအနီး တံတားဘေးနားမှာပါ။ အသားတွေတော့ ပုတ်ကုန်ပြီ ဆိုင်ကယ်နဲ့ အဝတ်အစားကိုကြည့်ပြီး သေချာကြောင်းသိရတာပေါ့နော” လို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။  သေဆုံးသူတွေရဲ့ ဦးခေါင်းခွံ၊ အရိုး၊ စုတ်ပြဲနေတဲ့ အဝတ်အစား တွေနဲ့ အလောင်းကို ပြန်သယ်လာရင်း သြဂုတ်လ ၂၂ ရက် နေ့မှာ ပဲ ကယားရိုးရာအရ ပြန်လည် ဂူသွင်းသဂြိုလ်ပေးခဲ့တယ်လို့ သိရပါတယ်။ အဆိုပါလူငယ်နှစ်ဦးက ဖရူဆိုမြို့နယ်၊ ထီးဗျားညေ ကျေးရွာမှာနေထိုင်တဲ့ အသက် ၁၉ နှစ်အရွယ် ခူးဘျားရယ် နဲ့ ခူးမီရယ် တို့ ဖြစ်ကြပါတယ်။ သူတို့နှစ်ဦးကတော့ ကရင်နီအမျိုး သားများကာကွယ်ရေးတပ်  KNDF တပ်ရင်း အမှတ် (၁၅) က တပ်ဖွဲ့ဝင်တွေ ဖြစ်ပြီး တာဝန်ထမ်းဆောင်တာ (၁) နှစ်မပြည့်‌ သေးဘူးလို့ KNDF တပ်ရင်း ၁၅ တာဝန်ရှိသူတစ်ဦးက ပြေ ာဆိုထားပါတယ်။ မော်ချီးခရီးလမ်းကို သွားလာတဲ့ ဒေသခံပြည်သူတွေ အနေနဲ့လည်းအသွားအလာ ဂရုစိုက်ကြဖို့ တော်လှန်ရေးတပ်ဖွဲ့တွေက အသိပေးတိုက်တွန်းထားတယ်လို့ သိရပါတယ်။ Read in Full

၁၈။ သံဖြူဇရပ်မှာ စစ်ကောင်စီစစ်ကြောင်း ဒရုန်းနဲ့တိုက်ခိုက်ခံရလို့ နှစ်ဦး သေဆုံး
 August 22, 2024
မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ် ရဲတံခွန်ကျေးရွာမှာ စစ်ကောင်စီစစ်ကြောင်း ဒရုန်းနဲ့တိုက်ခိုက်ခံရတာကြောင့် နှစ်ဦး သေဆုံးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF ရဲ့ တောင်ညိုစစ်ကြောင်းထံကနေ သိရပါတယ်။ ပြီးခဲ့တဲ့ သြဂုတ် ၂၀ ရက်နေ့ နေ့လယ် ၁၂ နာရီအချိန်ခန့်က ရဲတံခွန်ကျေးရွာ တောင်ပေါက်ဘုန်းကြီးကျောင်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ် စစ် ကြောင်းလှုပ်ရှားစဉ် တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့က ဒရုန်းနဲ့ ဗုံးသုံးလုံးချပြီးတိုက်ခိုက်ခဲ့တာပါ။ ဒရုန်းနဲ့ဗုံးချတိုက်ခိုက် ခံရတာကြောင့် စစ်ကောင်စီဘက်က နှစ်ဦး သေဆုံးပြီး သုံးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ ထိခိုက်သေဆုံးခဲ့တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် တွေကို ဘုန်းကြီးကျောင်းထံပြန်လည်သယ်ဆောင်သွားတယ်လို့ တောင်ညိုစစ်ကြောင်း တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ဒီတိုက်ခိုက်မှုကို တောင်ညိုစစ်ကြောင်းနဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်ရင်း ၂၇ ပူးပေါင်း တပ်ဖွဲ့က လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ သြဂုတ် ၁၈ ရက်နေ့ကလည်း အဲဒီဘုန်းကြီးကျောင်းအတွင်း တပ်စွဲထားတဲ့ စစ်ကောင်စီစစ်ကြောင်းကို တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့ဘက်က ဒရုန်းနဲ့တိုက်ခိုက်ခဲ့ပါသေးတယ်။ ဒရုန်းနဲ့တိုက်ခိုက် ခံရတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ ပြီးခဲ့တဲ့ ဇူလိုင်လကတည်းက ရဲတံခွန်ကျေးရွာထဲ စစ်ကြောင်းထိုးပြီး တပ်စွဲနေထိုင်နေတာပါ။ Read in Full

၁၉။ နောင်ချို အင်အားဖြည့်စစ်ကောင်စီတပ်မှ လက်နက်ကြီးပစ်ခတ်၊ အရပ်သားနေအိမ် ထိခိုက်ပျက်စီး
 August 22, 2024
သျှမ်းပြည် နောင်ချိုမြို့နယ်သို့ အင်အားဖြည့်တင်းနေသည့် စစ်ကောင်စီတပ်နှင့် တအာင်း (ပလောင်) အမျိုးသားလွတ် မြောက်ရေးတပ်မတော် TNLA ၊ PDF ပူးပေါင်းတပ်ဖွဲ့တို့ နှစ်ဘက်တိုက်ပွဲကြား အရပ်သားနေအိမ် ထိခိုက်ပျက်စီးခဲ့ကြောင်း စုံစမ်းသိရသည်။ (ဩဂုတ်လ ၂၁ ရက်) နံနက်ပိုင်းတွင် နောင်ချိုမြို့နယ် တောင်ရှည်ကျေးရွာအုပ်စုသို့ ရောက် ရှိလာသည့် အင်အားဖြည့် စစ်ကောင်စီယာဉ်တန်းကို TNLA နှင့် PDF ပူးပေါင်းတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်လျက်ရှိရာတောင်းခမ်းကျေးရွာရှိ အမြောက် စခန်းကွပ်ကဲမှုဌာနချုပ် (မစခ-၉၀၂) မှ ပစ်ကူလာသည့် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် အရပ်သားနေအိမ် ထိခိုက်ပျက်စီးမှုရှိကြောင်း ဒေသခံများက ပြောသည်။“စစ်ကားတွေက ကံကြီးကနေ ကျော်ပြီး တောင်ရှည် တောင်းခမ်းအထိ ရောက်သွားပြီ၊ တံတားကြီးကိုလည်း ကျော်သွားပြီ။ ယာဉ်တန်းကို TNLA နဲ့ ဓနုတပ်၊ PDF ပူးပေါင်းတပ်က ဝိုင်းတိုက်ကြတာ။ မပြီးသေးဘူး နေ့တိုင်း တိုက်ပွဲဖြစ်နေကြတာ၊ ဖုန်းလိုင်းကလည်း ဖြတ်ထားတာ။ မနေ့ကတော့ နားရှိုးဘက် လက်နက်ကြီးပစ်လို့ နေအိမ်ထိတယ်”ဟု နောင်ချိုမြို့နယ် ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

နောင်ချိုမြို့နယ် တောင်းခမ်းနှင့် သရက်ချိုရွာတို့တွင် ရပ်စောက်မြို့ ကျောက်ဂူမှ အင်အားဖြည့်တင်းလာသည့် စစ်ကောင်စီတပ်နှင့် TNLA ပူးပေါင်းတပ်တို့ ၂ ရက်ဆက် တိုက်ပွဲပြင်းထန်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ အလားတူ တောင်းခမ်းရွာအခြေစိုက် အမြောက်တပ် (မစခ-၉၀၂) တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာဖြင့် တစ်ကြိမ် လာ ရောက်ဗုံးကြဲ တိုက်ခိုက်ခဲ့ကြောင်း TNLA သတင်းနှင့် ပြန်ကြားရေးဌာနက ထုတ်ပြန်ထားသည်။ လက်ရှိတွင် နောင်ချိုမြို့ပေါ် တွင် တိုက်ပွဲများ ငြိမ်သက်နေသော်လည်း မြို့တောင်ဘက်ရှိ ရေဖြူ၊ ကံကြီး၊ ရွှေမုဋ္ဌော၊ တောင်းခမ်း၊ မဲပုတ်၊ နောင်ချိုလေး ကျေးရွာဘက်သို့ ဇူလိုင်လကုန်ပိုင်းက စတင်၍ TNLA ပူးပေါင်းတပ်များနှင့် စစ်ကောင်စီတပ်အကြား တိုက်ပွဲဖြစ်ပွားခဲ့ကာ စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်လျက် ရှိသည်။“အခုက စစ်ရှောင်တွေ မပြန်ရဲဘူးဆိုတာ လေယာဉ်ပျံကြောက်လို့၊ ၁၅ ရက်နေ့က ယာယီဈေးထဲ လေယာဉ်နဲ့ ဗုံး ၂ လုံး လာကြဲတယ် မကွဲဘူး။ နောက်တစ်လုံး ထပ်ချတာ အဲ့တာက လေထဲမှာ ကွဲသွားတယ် လူတော့မထိဘူး။ နောက်ထပ်က သပြေရေဘက်က ဘုန်းကြီးကျောင်းဘက် ထင်းရှူးတောထဲ ကျတယ်”ဟု ၎င်းဒေသခံ အမျိုးသားက ဆက်ပြောသည်။ Read in Full

၂၀။ UN နှင့် စစ်ကောင်စီ စာနာမှုအကူအညီကိစ္စ ဆွေးနွေးမှု ထိရောက်မှုနည်းဟု KNU ပြော
 August 22, 2024
ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးမှူးရုံး-UNOCHA နှင့် စစ်ကောင်စီတို့ စစ်ရှောင်များနှင့် ဘေးဒုက္ခကြုံ တွေ့နေသူများကို အကူအညီပေးရေးကိစ္စ ဆွေးနွေးသော်လည်း ထိရောက်မှုနည်းနိုင်သည်ဟု ကေအဲန်ယူ-ကရင်အမျိုးသား အစည်းအရုံး၊ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။ ပြီးခဲ့သည့် ဩဂုတ် ၁၉ ရက်တွင် UNOCHA ယာယီညှိနှိုင်းရေးမှူးနှင့်စစ်ကောင်စီ ၏ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနတာဝန်ရှိသူတို့ နေပြည်တော်၌တွေ့ဆုံပြီး လူသားချင်း စာနာမှု ဆိုင်ရာ အကူအညီပေးရေးကိစ္စဆွေးနွေးခဲ့သည်ဟု သတင်းထုတ်ပြန်ထားသည်။n“သွားတွေ့တာကတော့ ပုံမှန်တွေ့ရိုး တွေ့စဉ်ပါပဲ။ ဒါပေမယ့် အကူအညီပေးရေးအတွက် သဘောတူစာချွန်လွှာ ကိစ္စဆွေးနွေးတာနဲ့ပတ်သက်ပြီး ပြောရမယ်ဆိုရင် တော့ ထိရောက်မှုက မလွယ်ဘူး လို့မြင်တယ်။ ဘာဖြစ်လဲဆိုရင် နေရပ်စွန့်ခွာ တိမ်းရှောင်နေရသူတွေဟာ စစ်ကောင်စီဘက်က စာရင်း အတိအကျကောက်ယူထား တာတွေမရှိဘူး။ ပြီးတော့ သူတို့အုပ်ချုပ်ရေးနယ်မြေတွေက သိပ်မရှိတော့ဘူး၊ ဝင်ရောက်ဖို့ လည်း မလွယ်တော့ဘူး။ အဲဒါကြောင့် ကူညီမှုအပိုင်းက စစ်ရှောင်တွေထံ မရောက် နိုင်လောက်ဘူးလို့ မြင်တယ်” ဟု ကေအဲန်ယူပြောရေးဆိုခွင့်ရှိသူ ပဒိုကလယ်စေးက ပြောသည်။

UNOCHA နှင့် စစ်ကောင်စီတို့ တွေ့ဆုံရာတွင် လူသားချင်းစာနာမှု အကူအညီပေးရေးဆိုင်ရာ နားလည်မှု စာချွန်လွှာ လက်မှတ်ထိုးနိုင်ရေး၊ UNOCHA နိုင်ငံခြားသားဝန်ထမ်းများ ပြည်ဝင်ခွင့်ဗီဇာကိစ္စများ၊ အကူအညီလိုအပ်သူထံသို့ လူ သားချင်း စာနာမှုအကူအညီ ပေးအပ်နိုင်ရေးနှင့် အစိုးရမဟုတ်သည့် နိုင်ငံတကာ အဖွဲ့အစည်းများ၏ အသင်းအဖွဲ့မှတ်ပုံတင်ခြင်းဆိုင်ရာ ကိစ္စများကို ဆွေးနွေးခဲ့ကြောင်း ထုတ်ပြန်ထားသည်။ ထိုသို့ တွေ့ဆုံဆွေးနွေးမည့်အပေါ် ပြည် တွင်းဌာနေမဲ့ ကရင်ဒုက္ခသည်များ ဆိုင်ရာကော်မတီ-CIDKP အား UNOCHA က အသိပေးပြောဆိုခဲ့ပြီး လက်တွေ့ လုပ်ဆောင်သည့် အချိန်တွင် UNOCHA ၏ သဘောအတိုင်း စစ်ကောင်စီက လိုက်နာနိုင်မည်မဟုတ်ဟု ထင်မြင်ကြောင်း CIDKP ဒုညွှန်ကြားရေးမှူး စောခဲလေက ပြော သည်။“စစ်ကောင်စီနဲ့သွားလုပ်ဆောင်ရင်တော့ လုပ်ရတာခက်ခဲမယ်။ အခုစစ်ကောင်စီက သူတို့ကိုယ်သူတို့တောင် ပြန်မကြည့် နိုင်ဘူး။ စစ်ရှောင်တွေကို သူတို့ ကြည့်ရှုဖို့က မဖြစ်နိုင်ဘူး။ UN ရည်ရွယ်ချက်က ပြည်တွင်းကနေ တစ်ဆင့် စစ်ရှောင်ဆီကို လွယ် ကူစွာ အကူအညီပေးသွားနိုင်ဖို့ အတွက်ဖြစ်မယ်။ ဒါပေမယ့် SAC ဘက်ကတော့ UNရဲ့ သဘောဆန္ဒအတိုင်းကို သူတို့ လိုက်နာ နိုင်မှာမဟုတ်ဘူးလို့ထင်တယ်”ဟု ၎င်းကပြောသည်။ Read in Full

၂၁။လွိုင်ကော် စစ်ကောင်စီနှင့် PNO တို့ ပူးပေါင်းပြီး လူနေများသည့်ရပ်ကွက်ထဲ လိုက်လံဖမ်းဆီး ငွေညှစ်တောင်း ရမ်း
August 23, 2024
ကရင်နီ(ကယား)ပြည်နယ် လွိုင်ကော်မြို့တွင် စစ်ကောင်စီတပ်နှင့် ပအိုဝ်းပြည်သူ့စစ် (PNO) တပ်တို့ ပူးပေါင်းပြီး လူနေ များသည့် ရပ်ကွက်ကို ရှောင်တခင် လိုက်လံဖမ်းဆီး စစ်ဆေးပြီး အဆမတန်ငွေညစ်တောင်းရမ်းနေသည်ဟု စုံစမ်းသိရသည်။ လွိုင်ကော်မြို့ပတ်လည် တစ်လျှောက်တွင် နေရာအပြည့်ယူထားသည့် စစ်ကောင်စီနှင့် PNO တပ်ဖွဲ့သည် လူနေများသည့် ရပ်ကွက်တွင် ရှောင်တခင် လိုက်လံစစ်ဆေးနေပြီး အမှုမဖွင့်နိုင်သူများကို ကျပ်သိန်း(၂၀) ဝန်းကျင်အထိ ငွေညှစ်တောင်းရမ်းနေ သည်ဟု လွိုင်ကော်မြို့နယ်ခံ အမျိုးသားတစ်ဦးက ပြောသည်။ “လွိုင်ကော်မြို့ဘက်မှာ စစ်‌တပ်နဲ့ PNO ပတ်ဖွဲ့တွေက ပိုက်ဆံရှိ တယ် ထင်တဲ့သူတွေ သိန်း (၂၀)ဝန်းကျင်အထိ တောင်းတယ်။ အမှုမလိုက်နိုင်ဘူးထင်ရင် ရုတ်တရက်ဖမ်းတာ ငွေညှစ်တောင်း တာတွေ လုပ်တယ်၊ သေနတ်နဲ့ ခြိမ်းခြောက်တယ်” ဟု ၎င်းဒေသခံက ပြောဆိုသည်။

လက်ရှိ လွိုင်ကော်မြို့ထဲ ပြန်ဝင်လာသူများသည် မြို့မှပြန်ထွက်ရန် စစ်တပ်ထောက်ခံစာပါမှသာ ပြန်ထွက်ခွင့်ပြု ကြောင်း၊ ပစ္စည်းယူဖို့ ပြန်လာသူကိုလည်း ယူသွားသည့် ပစ္စည်းအမျိုးအစားတွေပါ စာရင်းအတိအကျ ပေးရသည်ဟု လွိုင်ကော် ပြည်သူ့ကာကွယ်ရေးတပ်မှ တပ်သားတစ်ဦးက ပြောသည်။“ဟုတ်တယ် မြို့ထဲဝင်လာတဲ့သူဆို ထောက်ခံ စာပါမှ အဝင်အထွက် ပေးတာ။ ပစ္စည်းယူဖို့ ခဏပြန်လာယူတာတောင် ယူ‌သွားတဲ့စာရင်း အတိအကျ ပေးရတယ်။ တိုက်ပွဲပြန်ဖြစ်ဖို့ရှိလို့ ပြည်သူတွေ စိုးရိမ်နေကြတယ်”ဟု ၎င်းက ပြောသည်။ လက်ရှိတွင် စစ်ကောင်စီတပ်က လွိုင်ကော်မြို့ ပတ်ပတ်လည်တွင် ရောက်ရှိနေပြီး လွိုင်ကော်မြို့ကို ပြန်လည် သိမ်းပိုက်ရန် ကြိုးစားနေကြောင်း၊ နေရပ်ပြန်စစ်ရှောင်များအနေဖြင့် တိုက်ပွဲ ပြန်ဖြစ်မည်ကို စိုးရိမ်နေကြကြောင်းသိရသည်။ Read in Full

၂၂။ ကော်သူးလေတပ်ဖွဲ့ဝင်  ၁ ဦး ထိုင်းတွင်အသတ်ခံရ
 August 23, 2024
ထိုင်း-မြန်မာနယ်စပ် တာ့ခ်ခရိုင်၊ အုမ့်ဖန်မြို့နယ်ထဲမှာ လွန်ခဲ့တဲ့ ၅ ရက်လောက်က KTLA ကော်သူးလေကရင်တပ်ဖွဲ့ဝင် တဦး  ရဲဒင်းနဲ့အခုတ်ခံရပြီး သေဆုံးသွားခဲ့ပါတယ်။ KTLA က ဒုတပ်ခွဲမှုးအဆင့်ရှိ ရဲထက်ဇော် ( ၂၂ နှစ် ) ဟာ  ဩဂုတ် ၁၉ ရက် မနက် ၅ နာရီလောက်က ထိုင်းဘက်ခြမ်း အုမ့်ဖန်မြို့ ရှိ ဆဲဗဲင်းအလဲဗင်းကုန်စုံဆိုင်မှာ အဖွဲ့အစည်းအတွက် ရိက္ခာလာဝယ်စဉ် လူတစုရဲ့ ရန်စခြင်းခံရပြီး ရဲဒင်းနဲ့အခုတ်ခံရလို့ သေဆုံးသွားခဲ့တာပါ။ တရားခံတွေဘယ်သူဆိုတာ ဒေသခံတွေသိပေမဲ့ ခုထိ ဖမ်းဆီးအရေးယူတာ မရှိသေးဘူးလို့  KTLA  ဒုမှုခင်းစစ်ဆေးရေးအရာရှိ တပ်ခွဲမှူး စောခွန်သော်က ပြောပါတယ်။ “သူက အဲဒီလို တွေနဲ့လည်းမသိပါဘူး။ ရန်ငြိုးရန်စလည်းမရှိပါဘူး။ သက်သက်မဲ့ အသတ်ခံရတာ။ ကျူးလွန်သူတွေကို ဖမ်းဆီးအရေးယူပေးဖို့ ကျနော်တို့ အုမ့်ဖန်ရဲစခန်းမှာ တိုင်ကြားထားတယ်။ ခုထိ ဘာမှအကြောင်းမထူးဘူး။ သူ့ကိုရန်စတဲ့လူတွေ ဘယ်သူလဲဆိုတာ ရပ်ကွက်ထဲကလူတွေသိတယ်။ တာဝန်ရှိသူတွေနဲ့ ပတ်သက်တဲ့လူတွေလို့ပြောတယ်။ သူတို့က အခုထိအဖမ်းမခံရဘဲ သူတို့ အိမ် မှာသူတို့အေးဆေးနေတာလဲသိတယ်။ တာဝန်ရှိသူတွေက မဖမ်းဘူး၊ ဒီကြားထဲ အမှုကို နောက်ဆုတ်ဖို့ ဘတ်ငွေ ၁ သိန်းနဲ့ ကြား လူကနေတဆင့် လာညှိတာရှိတယ်၊ အမှုဆက်လုပ်ရင် နောက်ကိုထိုင်းဘက်ခြမ်း ပေးမဝင်ဘူး။ ဂိတ်ပိတ်လိုက်မယ် လို့လည်း ခြိမ်းခြောက်တယ်။” တပ်ဖွဲ့ဝင်တယောက်လုံးဆုံးရှုံးရတာ လျော်ကြေးငွေမလိုချင်ပဲ ဖြစ်ရပ်မှန်နဲ့ တရားမျှတမှုကိုပဲ လိုလားတယ် လို့  ဆိုပါတယ်။

ရဲထက်ဇော်ရဲ့ အလောင်းကို အုမ့်ဖန်ရဲစခန်းဘေး နာရေးအဆောင်မှာပဲထားရှိပြီး ခုထိ မသင်္ဂြိုဟ်ရသေးကြောင်း ၊ အုမ့်ဖန်ဒေသခံတွေကတော့  အမှုမပြီးမချင်း မသင်္ဂြိုဟ်ဖို့ အကြံပြု ထားတယ်လို့ ဆိုပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး  Channel 7 ထိုင်းရုပ်သံသတင်းမှာတော့ ရဲထက်ဇော်ဟာ ကုန်စုံဆိုင်မှာ ဆိုင်ကယ်နဲ့ ဈေးလာဝယ်စဉ် လူတစုက အဲဒီနားမှာ ဝိုင်းဖွဲ့ပြီး အရက် သောက်နေကြတယ်၊ သူ့နားလာပြီး မှတ်ပုံတင်စစ်တယ်၊ အဲဒီနောက် စကားများပြီး သူ့ကိုလိုက်လုပ်တယ်၊ သူကရပ်ကွက်ထဲ လှည့်ပတ်ထွက်ပြေးနေပြီး အနောက်မှာ လူတယောက်က ရဲဒင်းနဲ့ လိုက်ခုတ်နေတဲ့ပုံတွေ စီစီကင်မရာမှာတွေ့တယ်လို့ ထုတ်လွှင့် သွားပါတယ်။ ဒီနောက် ရဲထက်ဇော်က အနီးနားရှိအိမ်ဝင်းတထဲပြေးဝင်သွားတယ်၊ အဲဒီအိမ်ဟာ ဒေသတွင်း နိုင်ငံရေးသမား တယောက်ရဲ့ နေအိမ်ဖြစ်တယ်၊  နောက်ကလူကလည်း အိမ်ဝင်းထဲ ထိလိုက်လာပြီး သူ့ခေါင်းကိုရဲဒင်းနဲ့ ခုတ်တယ်၊ ခဏအကြာ ရဲနဲ့  အရေးပေါ် လူနာ တင်ကားရောက်လာပြီး သူ့ကို အုမ့်ဖန်ဆေးရုံပို့လိုက်တယ်၊ ဆေးရုံရောက်ပြီး မကြာခင် သေဆုံးသွားတယ်လို့ ဆိုပါတယ်။ Read in Full

၂၃။ နို့စို့ကလေးအရွယ်ကလေးအပါဝင် ၁၆၀ ကျော်အားမြေမဲဂိတ်တွင် PNO ဖမ်းဆီးမိပြီး စစ်ကောင်စီသို့အပ်
 August 22, 2024
ဧရာဝတီတိုင်းနှင့်ရန်ကုန်တိုင်းဘက်မှ ရှမ်းမြောက်သို့သွားမည့် နို့စို့ကလေးငယ်အပါအဝင် ၁၆၀ ဦးကျော်အား မြေမဲ စစ်ဆေးရေးဂိတ်တွင် PNO ပြည်သူ့စစ်ကဖမ်းဆီးပြီး စစ်ကောင်စီထံသို့ လွဲပြောင်းပေးခဲ့ကြောင်း ဒေသခံထံကသိရသည်။ ရှမ်း ပြည်နယ်တောင်ပိုင်း ရပ်စောက်မြို့နယ် မြေမဲဂိတ်တွင် ဩဂုတ် ၂၀ ရက်နေ့၌ ဧရာဝတီတိုင်းနှင့် ရန်ကုန် တိုင်းဘက်မှ ရှမ်းမြောက်သို့သွားမည့် နို့စို့ကလေးငယ်အပါအဝင် ၁၆၀ ဦးကျော်အား မြေမဲဂိတ်တွင် PNO ပြည်သူ့စစ် ကဖမ်းဆီးထားပြီး ထိုရက်ပင် စစ်ကောင်စီနှင့် လက်အောက်ရဲထံ လွဲပြောင်းပေးခဲ့သည်၊၊ “ဗမာစစ်သားက ဆက်သေရွာထဲမှာရှိနေတယ် ရှမ်းမြောက်ကိုသွားမဲ့ အဖွဲ့ကို မြေမဲဂိတ်မှာ စစ်နေတာနောက်ကားတစ်စီးထဲမှာ လက်နက်တွေလည်းတွေ့တယ်ဆိုလား ဟုတ်မဟုတ်တော့မသိဘူး ရောပြီးအဖမ်းခံရတာနေမှာ အကုန်းလုံးကို ဗမာစစ်သားလက်အပ်လိုက်တယ်တဲ့” ဟု ဒေသခံတစ်ဦးက ပြောသည်၊၊

ဩဂုတ် ၁၉ ရက်နေ့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဆက်သေရွာသို့ ရောက်ရှိလာပြီး တပ်စွဲနေသည့်အတွက် စစ်ကောင်စီလက်ထဲ အပ်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။ နောက်ဒေသခံတစ်ဦးကလည်း “ဗမာစစ်သားလက်ထဲ အပ်လိုက် တာဆိုတော့ သူတို့ဘယ်လိုလုပ်မလဲ ဘယ်လိုစီစဥ်မလဲတော့မသိဘူး သွားတောင်မကြည့်ရဲဘူး”ဟု ပြောသည်၊၊ ထိုကိစ္စနှင့် ပတ် သက်ပြီး PNO ပြည်သူ့စစ်ကသတင်းထုတ်ပြန်ထားခြင်းမရှိသလို စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်ထားခြင်း မတွေ့ သေးပါ။ လက်ရှိအချိန်ထိ ဆက်သေတွင် စစ်ကောင်တပ်ဖွဲ့များ ရွာထဲတွင်တပ်စွဲနေခြင်းကြောင့် ရွာတွင်းတိုက်ပွဲဖြစ်ပွါးမည်ကို ကျေးရွာရှိ ပြည်သူများကစိုးရိမ်နေကြကြောင်းသိရသည်၊၊ Read in Full

၂၄။ စစ်ကောင်စီနှင့် အချိန်မရွေးတိုက်ပွဲ ဖြစ်ပွားနိုင်ဟု CDF – မင်းတပ် ထုတ်ပြန်
 August 23, 2024
ချင်းပြည်နယ်၊ မင်းတပ်မြို့တွင် စစ်ကောင်စီတပ်နှင့် အချိန်မရွေးတိုက်ပွဲများ ဖြစ်ပွားလာနိုင်ကြောင်း ချင်းကာကွယ် ရေး တပ်ဖွဲ့-မင်းတပ်က ထုတ်ပြန်သည်။ မင်းတပ်မြို့နယ်တွင် လေကြောင်းတိုက်ခိုက်မှုများနှင့် ဒရုန်းဖြင့် တိုက်ခိုက်မှုများ ဆက်တိုက် ပြု လုပ်လာနေသောကြောင့် စစ်ကောင်စီ နှင့် ချင်းကာကွယ်ရေးတပ်ဖွဲ့ – မင်းတပ်တို့ အချိန်မရွေး တိုက်ပွဲများ ဖြစ်ပွားလာနိုင် ကြောင်း ဩဂုတ်လ ၂၁ ရက်မှာ ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ ပြည်သူများအနေဖြင့် တိုက်ပွဲများဖြစ်ပွားလာပါက တိုက်ပွဲသတင်း များ၊ ထိခိုက်ကျဆုံးမှုများ၊ တိကျခိုင်လုံမှု မရှိသည့် သတင်းများကို လူမှုကွန်ယက်ပေါ်တွင် ဖြန့်ဝေခြင်းများ လုံးဝ မပြုလုပ်ကြရန် CDF – မင်းတပ်က ကြိုတင် အသိပေးထုတ်ပြန်ခဲ့သည်။

ယခုရက်ပိုင်းအတွင်း မင်းတပ်မြို့ အနောက်ခြမ်း နေရာများ၊ တိုက်နယ် (၁)၊ တိုက်နယ်(၃)၊ တိုက်နယ်(၄)ထဲကနေရာများ၊ မကွေးတိုင်း ကျောက်ထုနယ်စပ်အနီးကနေရာများကို လေကြောင်းတိုက်ခိုက်မှုများ၊ လက်နက်ကြီးဖြင့် ပစ်ခတ်မှုများ ပိုမိုပြု လုပ်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ ချင်းညီနောင်အဖွဲ့နှင့် အာရက္ခတပ်တော် AA/ULA တို့သည် မင်းတပ်မြို့သိမ်းတိုက်ပွဲ ကိုစတင်ဆင်နွှဲရန်ပြင်ဆင်နေသည်ဟု သတင်းတွေထွက်ပေါ်နေပြီးနောက် စစ်ကောင်စီက မင်းတပ်မြို့နယ်အတွင်း လေကြောင်း တိုက်ခိုက်မှုများ ရက်ဆက် ပြုလုပ်လာနေကြောင်း ဒေသခံများက ပြောသည်။  မင်းတပ်မြို့နယ်အတွင်း လေကြောင်းတိုက်ခိုက်မှု ဆက်တိုက် ပြုလုပ်နေသောကြောင့်  လူစုလူဝေးပြုလုပ်ခြင်း၊ နေအိမ်များအနီး ပုန်းခိုစရာနေရာများ သေချာပြင်ဆင်ခြင်း၊ အန္တရာယ်ကင်းရန် သတင်းများကို အုပ်ချုပ်ရေးမှူး သို့မဟုတ် တာဝန်ရှိသူများထံသာ မေးမြန်းခြင်း၊ အများပြည်သူများစိတ် သော က ရောက်စေသည့်သတင်းမှားဖြန့်ဝေခြင်းများ မပြုလုပ်ကြရန်  CDF-Mindat က ယခုရက်ပိုင်းအတွင်း ထပ်မံထုတ်ပြန်ထား သည်။ Read in Full

၂၅။ ထားဝယ်မြို့ပေါ် တွင် နှစ်ဘက်ပစ်ခတ်မှုထပ်ဖြစ်၊ အသက် ၈၀ ကျော်အဘွားတစ်ဦး သေဆုံး
 August 23, 2024
ထားဝယ်မြို့ပေါ်ရှိ ဆင်ဆိပ်ရပ်ကွက်တွင် (ဩဂုတ် ၂၂ ) ညနေ ၅ နာရီခန့်က စစ်ကောင်စီနှင့် တော်လှန်ရေးတပ်ဖွဲ့တို့ ပစ်ခတ်မှုဖြစ်ခဲ့ပြီး အသက် ၈၀ ကျော် အဘွားတစ်ဦး သေဆုံးခဲ့ကြောင်း မြို့ခံအချို့ထံမှ သိရသည်။ ထားဝယ်မြို့၊ ဆင်ဆိပ်ရပ် ကွက်၊ ထားဝယ်မြစ်ကမ်းတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်နှင့်  မြစ်တစ်ဖက်ကမ်း  လောင်းလုံးဘက်ခြမ်းရှိ တော်လှန်ရေး တပ်ဖွဲ့တို့ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ခြင်းဟု ‌၎င်းတို့ကဆိုသည်။  ဆင်ဆိပ်လမ်းဆုံရှိ ဦးကျော်မြင့်သဲဆိပ်တွင် တပ်စွဲထား သည့် စစ်ကောင်စီတပ်သားများက လက်နက်ငယ်များ ဆက်တိုက်ပစ်ခတ်ပြီးနောက် လက်နက်ကြီး ၃ လုံး ထပ်မံပစ်ခတ်ခဲ့ ကြောင်း မြို့ခံတစ်ဦးက ဆိုသည်။ “ဆင်ဆိပ်ဘက်မှာပဲ လက်နက်ကြီးတွေရော လက်နက်ငယ်တွေရော ကြားနေရတယ်။ ဟိုဖက် ကမ်း ဒီဖက်ကမ်း အပြန်အလှန်ပစ်နေကြတဲ့သဘော ပဲ”ဟု အခြားမြို့ခံတစ်ဦးကပြောသည်။ စစ်ကောင်စီတပ်ဘက်က ဆင်ဆိပ် ရပ်ကွက်၏အနောက်ဘက်  လောင်းလုံးဘက်ခြမ်း ထားဝယ်မြစ်ကမ်းတစ်‌လျှောက်ကို လက်နက်ကြီးများဖြင့် ပြန်လည်ပစ်ခတ် သည့်အတွက်  ထိန်တွင်းရွာနေ အသက် ၈၁ နှစ်အရွယ် အဖွား ဒေါ်ဖွားကြီး သေဆုံးခဲ့ကြောင်းဒေသခံကတစ်ဦးပြောသည်။

“ရွာထဲလေးလုံးကျတယ်။ မြစ်ကမ်းနား သုံးလုံး အဖွားအိမ်က မြစ်ကမ်းနားမှာပဲ”ဟု ၎င်းဒေသခံကပြောသည်။  ဆင်ဆိပ် အနီးဝန်းကျင်တွင် ပျံ့နှံ့နေသည့်သတင်းများအရ ယနေ့နံနက် ၉ နာရီခန့်က အထက်ပါသဲဆိပ်တွင် တာဝန်ကျနေသည့် စစ်ကောင်စီတပ်သားတစ်ဦး ထွက်ပြေးသွားပြီးနောက် တစ်နာရီခန့်အကြာတွင် စစ်ကားသုံးစီးရောက်လာပြီး လိုက်လံရှာဖွေနေ ကြာင်း မြို့ခံတစ်ဦးထံမှ သိရသည်။  စစ်ကောင်စီတပ်သားများလိုက်ပါလာသည့်ကားကို ဆင်ဆိပ်ရပ်ကွက် ရေးလမ်းမပေါ်တွင် ရေဖြူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် ဓဝယ်အမျိုးသား လွတ်မြောက်ရေးတပ်တော်က ပစ်ခတ်တိုက်ခိုက်ရာ စစ်ကောင်စီတပ် သား ၃ ဦးသေဆုံးပြီး ၃ ဦးခန့်ဒဏ်ရာရသွားကြောင်း ထုတ်ပြန်ထားသည်။ ယင်းနေ့တွင်ပင် ဆင်ဆိပ်လမ်းကွေ့တွင် နေထိုင်သည့် စစ်ခေါင်းဆောင်ဟောင်း ဦးသန်းရွှေလက်ထက်က အုပ်ချုပ်ရေးမှူးလုပ်ခဲ့ဖူးသူ ဦးကျော်မြင့်ကို လက်နက်ကိုင်အဖွဲ့တစ်ခုက လာရောက်ဖမ်းဆီးသွားပြီး နောက်တစ်ရက်တွင် ဦးခေါင်းသေနတ်ဒဏ်ရာဖြင့် သေဆုံးနေသည့် ရုပ်အလောင်းကို ပြန်တွေ့ရသည်။ Read in Full

၂၆။ PNLA က စောင့်ရှောက်ထားတဲ့ ကလေး ၃ ဦး ကို ကြားခံ ခေါ်ယူပေးသူက ၁ ဦးကို ကျပ် ၁၀ သိန်းစီတောင်း
 August 23, 2024
ရှမ်းတောင်၊ ပအိုဝ်းဒေသ၊ ဆီဆိုင်မြို့က ကလေး ၃ ဦး မိသားစုနဲ့ အဆက်အသွယ်ပြတ်နေတဲ့အကြောင်း သိရှိရတဲ့ အ တွက် အဆိုပါကလေးတွေကို PNLA က စောင့်ရှောက်ထားလို့ မိသားစုကို လာခေါ်နိုင်ကြောင်း အကြောင်းကြားခဲ့တာမှာ ကြား က ခေါ်ပေးသူက ကလေးတစ်ဦးလျှင် မိသားစုထံက ကျပ် ၁၀ သိန်းစီတောင်းခံခဲ့တယ်လို့ သိရပါတယ်။ ဆီဆိုင်မြို့အနီး ဘုရားဖြူရွာ၊ ရပ်ကွက်-၄ က ခွန်ဒုလေး၊ ခွန်အောင်ခင်၊ ခွန်ခမ်းထီ ဆိုတဲ့ အသက် ၁၅ နှစ်အရွယ် လူငယ် ၃ ဦး မှာ ပြီးခဲ့တဲ့ သြဂုတ်လ ၃ ရက်နောက်ပိုင်း စစ်ကောင်စီက တိုက်ခိုက်လာလို့ တကျော့ပြန်တိုက်ပွဲတွေကိုရှောင်ရင်း မိသားစုနဲ့ အဆက်အသွယ် ပြတ်သွားလို့ လူမှုကွန်ရက်ကနေ စုံစမ်းရာက PNLA တပ်ဖွဲ့ စောင့်ရှောက်ထားတာဖြစ်တယ်လို့ သိရပါတယ်။ PNLA က ကလေးတွေ လမ်း ပျောက်နေတဲ့အတွက် ခဏခေါ်ယူစောင့်ရှောက်ထားတာဖြစ်ပြီး လူမှုကွန်ရက်မှာ ကလေးတွေရဲ့မိသားစုတွေ စိုးရိမ်နေကြတာ ကို သိမြင်တဲ့အတွက် မိသားစုဝင်တွေအနေဲ့ လာရောက်ခေါ်ယူနိုင်တယ်လို့ပြောခဲ့တာမှာ လာခေါ်တဲ့သူဆီကလည်း ငွေတပြားမှ တောင်းခံတာ မရှိခဲ့ဘူးလို့ PNLA ထံက သိရပါတယ်။

“ကျနော်တို့ကို အဲဒီငွေတွေ မပေးရပါဘူး၊ ဒီအတိုင်းပဲ ကောင်းကောင်းမွန်မွန် ပြန်အပ်လိုက်တာပါ၊ လာခေါ်တဲ့လူက ကလေးမိဘတွေဆီပိုက်ဆံတောင်းတယ်ဆိုတာ မီဒီယာမှာသတင်းတက်လာမှသိတာပါ”လို့ PNLA ပြောရေးဆိုခွင့်ရှိသူ ခွန်ရိန်းယံ က ပြောပါတယ်။ အဆိုပါ ကလေးတွေကို လွန်ခဲ့တဲ့ တစ်ပါတ်ခန့်ကတည်းက မိသားစုထံ လာခေါ်သူနဲ့ ထည့်ပေးလိုက်တာဖြစ်ပြီး ခုလိုငွေတောင်းခံတယ်ဆိုတာကတော့ ရှင်းလင်းစွာမသိသူတွေအနေနဲ့ PNLA ကို တမျိုးမြင်စေနိုင်တယ်လို့ ပြောပါတယ်။ တစ်ဦး ရဲ့ မိသားစုက ထိုင်းနိုင်ငံ၊ တစ်ဦးက မိခင်က စိတ်ကျန်းမာရေးချို့တဲ့နေသူ၊ နောက် တစ်ဦးက မုဆိုးမဖြစ်တာကြောင့် တစ်ရွာထဲ နေ နန်းရွှေအိမ်ဆိုသူကို အကူအညီတောင်းရာမှာ သွားခေါ်စဉ်က စေတနာနဲ့သွားခေါ်တာဟု ထင်ကြပြီး ပြန်လာမှ အလကား သွားခေါ်ပေးတာမဟုတ်ပဲ မိသားစုတွေဆီက ကလေး တစ်ဦးလျှင် PNLA ထံသွားရောက်ခေါ်ယူခ ငွေကျပ် ၁၀ သိန်းစီတောင်းခံခဲ့တာပါ။ Read in Full

၂၇။ ကျောက်ကြီးကျေးရွာများကို  လက်နက်ကြီး ဆက်တိုက် ပစ်ခတ်နေ
 August 23, 2024
စစ်ကောင်စီသည် ပဲခူတိုင်း၊ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ် ကေအဲန်ယူ−ကရင်အမျိုးသားအစည်းအရုံး၊ ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ခလယ်လွီထူခရိုင်၊ လယ်ဒိုမြို့နယ်အတွင်းသို့ ဟောင်ဝစ်ဇာအပါအဝင် လက်နက်ကြီးများဖြင့် ဆက်တိုက်ပစ်ခတ်နေသည်ဟု ကေအဲန်ယူဗဟိုက သတင်းထုတ်ပြန်သည်။ ခလရ−၂၆၄ တပ်ရင်းက သြဂုတ် ၂၀ရက်တွင် ၁၅၅ မမ ဟောင်ဝစ်ဇာလက်နက်ကြီး ၃ လုံး ပစ်ခတ်ခဲ့ရာ ကုန်းမြင့်သာကျေးရွာအနီး ကျရောက်ပေါက်ကွဲခဲ့ပြီး ကျွဲ ၃ ကောင်ထိခိုက် သေဆုံး၍ ထွန်စက် ၁ စီး၊ လှည်း ၁ စီး၊ တဲ ၁လုံးနှင့် စပါးသိုလှောင်ထားသော တိုင်ကီပုံး ၁ ပုံး တို့ထိခိုက်ပျက်စီးခဲ့သည်။

ယင်းနေ့တွင်ပင်  ခလရ−၂၆၄ တပ်ရင်းက ၁၂၀ မမ လက်နက်ကြီး ၄ လုံးပစ်ခတ်ခဲ့ရာ မိုးခိုကျေးရွာအတွင်းနှင့် ဝမ်ချဲ ကျေးရွာအနီး ကျရောက်ပေါက်ကွဲခဲ့ပြီး မိုးခိုကျေးရွာရှိ စာသင်ကျောင်း ၁ ကျောင်း အနည်းငယ်ပျက်စီးခဲ့ရသည်။ ဩဂုတ် ၁၉ ရက် တွင်လည်း တပ် ခလရ−၂၆၄ တပ်ရင်းမှ ၈၁ မမ လက်နက်ကြီး ၂ လုံးပစ်ခတ်ခဲ့ရာ ကျောင်းကုန်းကျေးရွာအနီး ကျရောက်ပေါက်ကွဲ ခဲ့ပြီး ယမန်နေ့က ၁၂၀ မမ လက်နက်ကြီး ၂ လုံး ပစ်ခတ်ခဲ့ရာ မိုးခိုကျေးရွာနှင့် ရွှေခါးမိုးကျေးရွာတို့အနီး ကျရောက်ပေါက်ကွဲခဲ့ ကြောင်း သိရသည်။ Read in Full

၂၈။ တောင်ကုတ်တက္ကသိုလ်မှာ အမြောက်တပ်စွဲပြီး AA အား ခုခံရန် စစ်ကောင်စီ ပြင်ဆင်ထား
 August 23, 2024
ရခိုင်ပြည် တောင်ကုတ်မြို့မှာရှိသည့် တောင်ကုတ်တက္ကသိုလ်မှာ အာဏာသိမ်း စစ်ကောင်စီက အမြောက်အထိုင်ချတပ် စွဲထားပြီး အာရက္ခတပ်တော် AA အား ခုခံတိုက်ခိုက်ရန် ပြင်ဆင်ထားကြောင်း ခိုင်မာသည့် သတင်းရင်းမြစ်များက ပြောသည်။ ဇွန်လ နောက်ဆုံးအပတ်က တောင်ကုတ်တက္ကသိုလ်ထဲ ဝင်ရောက်လာသည့် စစ်ကောင်စီတပ်သား အင်အား ၃၀ ကျော်ခန့်မှာ လက်ရှိတွင် အင်အား ၁၀၀ ကျော်အထိ တိုးမြှင့်ကာ အမြောက်များဖြင့် အခိုင်အမာအထိုင်ချတပ်စွဲလိုက်ပြီဟု သတင်းရင်းမြစ်တစ်ဦးကပြောသည်။ ” စစ်ကောင်စီဟာ တောင်ကုတ်တက္ကသိုလ်ထဲမှာ အမြောက် ၃ ခုထက်မနည်း အထိုင်ချတပ်စွဲထားတယ်။ တက္ကသိုလ်က မြို့အဝင်မှာဆိုတော့ စစ်ကောင်စီအတွက် ခုခံတိုက်ခိုက်ဖို့ အကောင်းဆုံး နေရာပဲလေ။ တက္ကသိုလ်နဲ့ သိပ်မဝေးတဲ့ မောင်းတံဂိတ်မှာလည်း ဗန်ကာတွေ အများကြီးတူးထားတယ်။”ဟု ပြောသည်။  တောင်ကုတ်တက္ကသိုလ် ဆရာမတစ်ဦးက ” တက္ကသိုလ်ထဲ သူတို့ (စစ်ကောင်စီတပ်သား) ဝင်ချင်လို့ ဝန်ထမ်းတွေနဲ့ ပါချုပ်ကို နှင်ထုတ်တာပါ။ လက်နက်ကြီးပစ်ခတ်ပြီး နှင်ထုတ်တာပါ။ အဲဒီနေ့က ဘာတိုက်ပွဲမှလည်းရှိတာမဟုတ်ဘူး။ ဒီအတိုင်း အုန်းခနဲဆို ကျရောက်ပေါက်ကွဲတော့ အားလုံး ထွက် ပြေးကြတာပေါ့။ မကြာဘူး ရက်ပိုင်းမှာပဲ စစ်ကောင်စီတပ်သားတွေ တပ်စွဲနေရာယူလိုက်တယ်။ ” ဟု ပြောသည်။

တောင်ကုတ်-အမ်းလမ်းမပေါ် တောင်ကုတ်မြို့အထွက် တောင်ကုတ်တက္ကသိုလ်နှင့် မဝေးသည့် ရာဘာတောင် (ခေါ်) ဦးထွန်းလှိုင်တောင်မှာ စစ်ကောင်စီတပ်က အင်အားအများအပြားဖြင့် တပ်စွဲနေရာယူထားကြောင်းလည်း သတင်းရင်းမြစ်များက ဆိုသည်။ မေ၊ ဇွန်လအတွင်း ကြိုကြားတိုက်ပွဲများကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် တောင်ကုတ်မြို့ထဲက လူနေအိမ် အထပ်မြင့်အဆောက်အဦးများ၊ စာသင်ကျောင်းများနှင့် ဌာနဆိုင်ရာ အဆောက်အဦးအချို့တွင် AA အား တိုက်ခိုက်ရန် ပုန်းခေါ် နေရာယူခဲ့သည်ဟု မြို့ခံများက ပြောသည်။ အသက် ၄၀ အရွယ် မြို့ခံတစ်ဦးက ” တောင်ကုတ်တက္ကသိုလ်ထဲ လက်နက်ကြီးကျ ပြီးနောက်ပိုင်း မြို့အနီးမှာ AA နဲ့ စစ်ကောင်စီတို့ တိုက်ပွဲဖြစ်ပွားခဲ့တာတွေရှိတယ်။ AA ကလည်း အဲဒီအချိန်က တောင်ကုတ်မြို့ အပါအဝင် စစ်တွေ၊ သံတွဲ၊ ဂွ၊ အမ်း စတဲ့ မသိမ်းရသေးတဲ့ စစ်ကောင်စီရှိတဲ့ မြို့တွေကို ဝိုင်းရံပိတ်ဆို့ထားတယ်လို့ ကြေညာခဲ့ တယ်လေ။ အဲဒါကို စစ်ကောင်စီတပ်သားတွေက တောင်ကုတ်မြို့ထဲ ဝင်တိုက်လာရင် ပြန်ခုခံမယ်ဆိုပြီး လူနေအိမ်တွေ၊ ဘာသာရေး၊ ပညာရေးအဆောက်အဦးတွေမှာ နေရာယူခဲ့ကြတယ်။ အခုတော့ မတွေ့ရတော့ဘူး။ “ဟု ပြောသည်။ Read in Full

၂၉။ လောင်းလုံးတွင် စစ်သင်္ဘောပေါ်မှ လက်နက်ကြီးပစ်ခတ်မှုကြေင့် ဒေသခံများ ရှောင်တိမ်းနေ
 August 22, 2024
တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံးမြို့နယ်အတွင်းရှိ ကျေးရွာများအတွင်းသို့ ပင်လယ်ပြင်တွင် ကင်းလှည့်နေသည့် စစ်ကောင်စီ စစ်သင်္ဘောပေါ်မှ လက်နက်ကြီးပစ်ခတ်မှုများ ယခုရက်ပိုင်းအတွင်း လုပ်ဆောင်နေခြင်းကြောင့်ထွက်ပြေး တိမ်း ရှောင်နေရသည်ဟု ဒေသခံများက ပြောသည်။ လောင်းလုံးမြို့နယ်ရှိ မောင်းမကန်ရဲစခန်းကို တော်လှန်ရေးတပ်ဖွဲ့ဝင်များမှ ပြီးခဲ့ သည့်ဩဂုတ် ၁၅ ရက်နေ့တွင်ဝင်ရောက်ပစ်ခတ်မှုများ လုပ်ဆောင်ပြီးနောက်ပိုင်း သဲပုံတောင် စစ်ကောင်စီတပ်စခန်းနှင့် သဘော့ ဆိပ်ရွာ အနောက်ဘက် ပင်လယ်ပြင်တွင် ကင်းလှည့်နေသည့် စစ်သင်္ဘောမှ သဘော့ဆိပ်ရွာ၊ ပြင်ကြီးရွာနှင့် ကရင်ကြီးကျေးရွာ များသို့ နေ့စဉ်နီးပါး လက်နက်ကြီးပစ်ခတ်မှုများ လုပ်ဆောင်နေသည်ဟု လောင်းလုံးမြို့နေဒေသခံတစ်ဦးက ပြောသည်။ ၎င်းက “လက်နက်ကြီးကတော့ နေ့တိုင်းလိုလိုပစ်ခတ်နေတာ။ တော်လှန်ရေးတပ်ဖွဲ့တွေ ရှိလောက်မယ် ထင်တဲ့နေရာတွေကို ရမ်းပြီး ပစ်ခတ်နေတဲ့ပုံစံမျိုး။ တစ်ရက်ကို ၁၀ ကြိမ်ကျော်တယ်၊ လက်နက်ကြီးပစ်ခတ်တာ။ ဒေသခံ တော်တော် များများကတော့ ပင်လယ်ကမ်းစပ်နဲ့ နီးတဲ့နေရာတွေကနေရှောင်ပြီးတော့ တခြားရွာတွေကို ပြောင်းကုန်ကြပြီး ” ဟု ပြောသည်။

ယခုလို လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုများကြောင့် သဘော့ဆိပ်ရွာ၊ ပြင်ကြီးရွာနှင့် ကရင်ကြီး ကျေးရွာများမှ ဒေသခံ စုစုပေါင်း ၃,၀၀၀ ဦးကျော် လောင်းလုံးမြို့ပေါ်နှင့် နီးစပ်ရာကျေးရွာများသို့ထွက် ပြေးတိမ်းရှောင်နေသလို လက်နက်ကြီးကြောင့် ပြင်ကြီးကျေးရွာမှ ဒေသခံနေအိမ် ၄ လုံးထက်မနည်းပျက်စီးခဲ့ပြီး အမျိုးသမီး ၂ ဦး ထိခိုက် ဒဏ်ရာရရှိသွားသည်ဟု တော်လှန်ရေး တပ်ဖွဲ့ဝင်များက ပြောဆိုသည်။ လောင်းလုံးမြို့နယ် အခြေစိုက် စစ်ကောင်စီခြေလျင်တပ်ရင်း ခလရ-၁၀၄၊ စစ်ဆင်ရေးကွပ်ကဲမှု ဌာန စကခ-၁၈ လက်အောက်ခံ ခြေမြန်တပ်ရင်း ခမရ-၄၀၆၊ ခမရ-၄၀၇ တပ်ရင်းများက တကျော့ပြန် စစ်ကြောင်းထိုးနိုင်ရန် အင်အားဖြည့်တင်း လျက်ရှိသည်ဟု လောင်းလုံးမြို့ နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ ပြန်ကြားရေးတာဝန်ခံ ကိုရှဲဒိုးက ပြော သည်။“လောင်းလုံးကို စစ်ကောင်စီ အင်အားဖြည့်တင်း နေတာတွေရှိတယ်။ အခုတော့ စစ်ကြောင်း ထိုးတာတွေမရှိသေးဘူး။ ဒါပေမဲ့ စစ်ကြောင်းထိုးဖို့ကို ပြင်ဆင်နေတယ်” ဟု ၎င်းက ပြောသည်။ Read in Full

၃၀။ ခလရ ၃၂ တပ်ရင်းမှ တပ်သားတစ်ဦး လက်နက်ခဲယမ်းနှင့်အတူ KNU ထံလာရောက်ပူးပေါင်း
 August 23, 2024
ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့ အခြေစိုက် စစ်ကောင်စီ လက်အောက်ခံတပ် ခလရ(၃၂)တပ်ရင်းမှ တပ်သားတစ် ဦး ကရင်အမျိုးသားအစည်းအရုံး (KNU)ထံ လက်နက်ခဲယမ်းများနှင့်အတူ လာရောက်ပူးပေါင်းကြောင်း KNU ကယနေ့တွင် ထုတ် ပြန်သည်။ ၂၀၂၄ ခုနှစ် ဩဂုတ်လ (၁၉)ရက်နေ့က အသက် (၂၁)နှစ်အရွယ်ရှိ တပ်သား ဇင်မင်းအောင်သည် လက်နက်ခဲယမ်းနှင့် အတူ KNU တပ်မဟာ (၆)၊ KNLA တပ်ရင်း (၁၇)ထံသို့ လာရောက်ပူးပေါင်းခြင်းဖြစ်ပြီး ၎င်းနှင့်အတူ MA-1 (၁)လက်၊ ကျည် ဘောက် (၈)ခု၊ ကျည်တောင့် (၂၀၆)တောင့်၊ အီနာဂါ (၁)လုံးနှင့် အီကွေးမင့် (၁)စုံတို့ ပါဝင်သည်ဟု သိရသည်။

တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များနှင့်အတူ စစ်ကောင်စီတပ်အား ပြန်လည်တော်လှန်မည့် အဆိုပါတပ်သား ဇင်မင်းအောင် အား KNU – ဒူးပလာယာခရိုင်၊ KNLA-တပ်မဟာ (၆)မှ သတ်မှတ်ထားသည့် ထောက်ပံ့မှုပမာဏအတိုင်း ထောက်ပံ့ ကူညီပေးခဲ့ပြီး ၎င်း၏ ဘဝရှေ့ရေးအတွက် ကူညီဆောင်ရွက်စီစဥ်ပေးထားသည်ဟု သိရသည်။ Read in Full

၃၁။ စစ်ကောင်စီ အဘက်ဘက်က ကျရှုံးနေကြောင်း အရှေ့တီမောသမ္မတ ပြော
 August 23, 2024
စစ်ကောင်စီဟာ မြန်မာ့အရေးမှာ အဘက်ဘက်က ကျရှုံးနေပြီလို့ အရှေ့တီမောသမ္မတ ဟိုးဆေးရာမို့စ်ဟော်တာက သြဂုတ်လ ၂၁ ရက်နေ့မှာ ကျင်းပတဲ့ “မြန်မာ့နွေဦး တော်လှန်ရေးရဲ့ အောင်မြင်မှုတွေအပေါ် ရှုမြင်ချက်များ”ဆွေးနွေးပွဲမှာ ပြောခဲ့ ပါတယ်။ သမ္မတ ဟိုးဆေးရာမို့စ်ဟော်တာက စစ်ကောင်စီဟာ နိုင်ငံတကာမှာလည်း ယုံကြည်လေးစားမှုတွေ ဆုံးရှုံးနေသလို အာဏာသိမ်းသုံးနှစ်အတွင်း ကျရှုံးမှုတွေ ရင်ဆိုင်နေရတယ်လို့ ပြောပါတယ်။“ဒီနေ့မှာ အာဏာ သိမ်း သုံးနှစ်ပြည့်မှာ မျှော်လင့် ချက်တွေ အရှေ့အလားအလာတွေ မြင်လာရပါပြီ။ တပ်မတော်ဆိုတဲ့ စစ်တပ်ဟာ စစ်ရှုံးနေပြီ။ နိုင်ငံရေး စစ်မျက်နှာမှာလည်း ကျဆုံးနေပြီ။ ကဏ္ဍအားလုံးမှာ ကျရှုံးနေပါပြီ။ လေးစားခံရမှုတွေ ဆုံးရှုံးသွားတယ်။ ပြည်သူလူထုနဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းရဲ့ ယုံကြည်လေးစားမှု အားလုံးကိုလည်း ဆုံးရှုံးခဲ့ပြီဖြစ်ပါတယ်” ဒီမိုကရေစီတိုက်ပွဲဝင်သူတွေနဲ့ တော်လှန်ရေးအဖွဲ့တွေဟာ ဒီတိုက် ပွဲမှာ အနိုင်ရနေပြီး ဆက်လက်တိုက်ပွဲဝင်သွားကြဖို့လည်း အရှေ့တီမော သမ္မတက တိုက်တွန်းပါတယ်။

သူဟာ မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းတာကို ကန့်ကွက်သလို NUG အပါအဝင် နိုင်ငံတစ်ဝန်း ဒီမိုကရေစီအရေး လှုပ်ရှားသူတွေနဲ့ လက်နက်ကိုင်ခုခံတော်လှန်မှုတွေကို ထောက်ခံအားပေးသူလည်းဖြစ်ပါတယ်။ သြဂုတ် ၂၁ ရက်နေ့က ဆွေးနွေး ပွဲမှာ အရှေ့တီမော သမ္မတ၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ယာယီသမ္မတ ဒူဝါလရှီးလ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းနဲ့ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (KNPP) ဥက္ကဋ္ဌ ခူဦးရယ်တို့လည်း ပါဝင်ဆွေးနွေးခဲ့ကြပါတယ်။ နိုင်ငံတ ကာ မြန်မာ့သတင်း – BNI – Myanmar Peace Monitor ရဲ့ သြဂုတ် ၂၂ ရက်နေ့ ထုတ်ပြန်ချက်တွေအရ နိုင်ငံတစ်ဝန်း စစ်ရှိန်မြင့် လာပြီးနောက် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့နဲ့ ကာကွယ်ရေး ပူးပေါင်းတပ်တွေက မြို့ပေါင်း ၇၆ မြို့ကို သိမ်းပိုက်ထားတယ်လို့ဖော်ပြပါတယ်။ Read in Full

၃၂။ တနင်္သာရီမြို့နယ်တွင် တိုက်ပွဲမရှိဘဲ လေကြောင်းဖြင့် ဗုံးကြဲမှုများ ပြုလုပ်နေ
 August 23, 2024
တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ်တွင် စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းမှ ဗုံးကြဲ တိုက်ခိုက်မှုများကို ဆက်တိုက်လုပ်ဆောင်နေသည်ဟု ဒေသခံများနှင့် တော်လှန်ရေးတပ်ဖွဲ့ဝင်များက ပြောသည်။ တနင်္သာရီမြို့ နယ်ရှိကျေးရွာများသို့ ပြီးခဲ့သည့်ဩဂုတ်ပထမ အပတ်မှစ၍စစ်ကောင်စီတပ်နှင့် ဒေသအခြေစိုက်တော် လှန်ရေးတပ်ဖွဲ့တို့အကြား နှစ်ဖက်တိုက်ပွဲဖြစ်ပွားခြင်း မရှိသော်လည်း စစ်ကောင်စီက Mi-2နှင့် K8W၊ ဂျက်တိုက် လေယာဉ်တို့ဖြင့် လေကြောင်းမှ ဗုံးကြဲ တိုက်ခိုက်မှုများ ဆက်တိုက်လုပ်ဆောင်နေသည်ဟု တနင်္သာရီမြို့နယ်ရှိ ဒေသခံတစ်ဦးကပြောသည်။“ဒီရက်ပိုင်းမှာ တိုက်ပွဲမရှိဘူး။ ဒါပေမဲ့ လေယာဉ်တွေလာကြဲတာဆို ဒီလထဲမှာ ငါးကြိမ်နဲ့အထက်ရှိနေတယ်။ တချို့တွေကျတော့လည်း နေအိမ်တွေကို စွန့်ခွာပြီးတော့ စစ်ဘေးရှောင်တွေနေတဲ့ နေရာတွေကိုဘဲပြန်ပြီး ရှောင်နေကြရတယ်။ ပြီးတော့ တောတောင်တွေထဲမှာ သွား ရှောင်နေရတယ်”ဟု ၎င်းက ပြောသည်။ ပြီးခဲ့သည့် ဩဂုတ်၂၀ ရက်နေ့တွင်လည်း ထုံမခါကျေးရွာ ဘုရားတောင်ကို စစ်ကောင်စီ က လေယာဉ်ဖြင့် ဗုံးသီး ၇ လုံးဖြင့် ကြဲချတိုက်ခိုက်ခဲ့သည့်အပြင် စက်လက်သေနတ်များဖြင့်ပါ ပစ်ခတ်ခဲ့သောကြောင့် ဘုန်ကြီးကျောင်း အဆောက် အအုံများ ပျက်ဆီးသွားခဲ့သည်ဟု အဆိုပါဒေသခံက ဆက်ပြောသည်။

ထို့အပြင် စစ်ကောင်စီက ပြီးခဲ့သည့် ဩဂုတ် ၇ ရက် ၊ ၉ ရက်နှင့် ၁၄ ရက်နေ့များတွင် တနင်္သာရီမြို့နယ် အတွင်းရှိ သကျက်ရွာ၊ ဆင်ခေါင်းရွာ၊ ခြောက်မိုင်ရွာ၊ ကျောက်မီးကျောင်းရွာ၊ ချောင်းဝရွာ၊ မမသောင်ရွာနှင့် ဂဏန်းကွင်းရွာ တို့ကို တစ်ရက်လျှင် ၂ ကြိမ် စစ်ရေးပစ်မှတ်မဟုတ်သည့် နေရာအများစုကို ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းစစ်ကြောင်း-၂၊ ပြန်ကြားရေးတာဝန်ခံ ရဲဘော်မျိုးကြီးက ပြောသည်။“စစ်ကောင်စီက ပြီးခဲ့တဲ့ရက်တွေကလည်း စာသင် ကျောင်းတွေကို ဗုံးကြဲတိုက်ခိုက်ခဲ့တယ်။ ပြီးတော့ စက်သေနတ် တွေနဲ့ ပစ်ခတ်တာတွေကိုလုပ်ဆောင်တယ်။ အရပ်သားထိခိုက် မှုအခြေနေတွေကိုတော့ စုံစမ်းနေဆဲဖြစ်တယ်။ အာဏာသိမ်းအုပ်စုက တိုက် လေယာဉ်တွေကိုသုံးပြီး ပြည်သူတွေနဲ့ ကျေးရွာတွေ ကိုအဓိကပစ်မှတ်ထားပြီး အခု နောက်ပိုင်းမှာ ပိုမိုလုပ်ဆောင်လာတယ်” ဟု ၎င်းက ပြောသည်။ Read in Full

၃၃။ စစ်သင်တန်းဆင်း PNO လူသစ် ၁ သောင်းကျော်အတွက် လက်နက်၊ ခဲယမ်းတွေ စစ်ကောင်စီက ဝယ်သုံးရမယ်လို့ဆို
 August 22, 2024
ရှမ်းတောင်၊ ပအိုဝ်းဒေသ၊ ပင်လောင်းမြို့နယ်၊ နောင်တယားမှာ မနေ့ကသင်တန်းဆင်းတဲ့ PNO ပြည်သူ့စစ်လူသစ် အင်အား ၁ သောင်း အတွက် လက်နက်၊ ခဲယမ်းလိုအပ်ချက်ကို စစ်ကောင်စီထံက ဝယ်သုံးရမှာဖြစ်တယ်လို့ သိရပါတယ်။ သြဂုတ် လ ၂၁ ရက် က နောင်တယားမှာ PNO ပြည်သူ့စစ်လူသစ်သင်တန်း အမှတ်စဉ်-၁ ဆင်းပွဲကို အင်အား ၁ သောင်းနဲ့ ပြုလုပ်ခဲ့တာ ဖြစ်ပြီး လက်နက်မပါဘဲ သင်တန်းဆင်းပွဲပြုလုပ်တာဖြစ်ကာ ကိုင်ဆောင်ရမယ့် လက်နက်၊ ခဲယမ်းကအစ စစ်အသုံးအဆောင် တွေကို ကျေးရွာအတွင်း ငွေကြေးကောက်ခံပြီး စစ်ကောင်စီထံက ဝယ်သုံးရမှာလို့ ကြားသိရပါတယ်။ ပြည်သူ့စစ် သင်တန်းကို ၅ ရက်သာ တက်ရတယ်လို့သိရပြီး ကျေးရွာတွေအတွင်းက အမျိုးသားတွေကို PNO ကမတက်မနေရ  အဓမ္မစေခိုင်းခံရပြီး သင်တန်း တက်ခဲ့ရတယ်လို့ သင်တန်းတက်ရောက်ခဲ့ရတဲ့ သူတွေဆီက သိရပါတယ်။“အသက်လဲပေးပြီး တိုက်ရမယ်၊ လက်နက်လဲဝယ် ကိုင်ရမယ်၊ ရွာတွေကလဲ တာဝန်ယူပေးရမယ်လို့ပြောတယ်၊ ပအိုဝ်းလူမျိုးတွေကို ကာကွယ်ပေးတဲ့ ပြည်သူ့စစ်လို့ပြောပြီး ပြည်သူ ကို အဖက်ဖက်က နှိပ်စက်နေတာပဲ၊ စားစရာမရှိ လျော်စရာရှိ ငတ်နေတဲ့ကြားက လုပ်ပေးကြရမှာ”လို့ ယင်းသင်တန်းဆင်းပွဲကို သွားခဲ့တဲ့ ဟိုပုံးမြို့ခံ ၁ ဦးက ပြောပါတယ်။

စစ်တပ်ထုတ် လက်နက်ငယ် ၁ လက်ကို ကျပ်သိန်း ၉၀ က ၁၅၀ ကြား၊ ကျည်၁တောင့် ၁ ထောင်နဲ့ အခြားစစ်ဝတ်တန် ဆာပလာတွေအာလုံး စစ်ကောင်စီ ဆီနေ ကျေးရွာတွေက ငွေကောက်ခံပြီး ပြန်ဝယ်ရမှာလို့ သိရပါတယ်။“အဲလက်နက်ကျည် တွေအတွက် ရွာတွေဆီက အရင်ကလဲ ကောက်နေတာ၊ ခုလဲ ထပ်ကောက်အုံးမယ်တဲ့၊ ပအိုဝ်းတွေ ပြေးစရာ မြေမရှိတော့ဘူး၊ ငွေကလည်း ပေးစရာဘယ်လိုရှာရမလဲ မသိတော့ဘူး”လို့ ဆောင်းပြောင်းရွာခံ တစ်ဦးဆီက သိရပါတယ်။ ဆောင်းပြောင်းရွာက စစ်ဘေးရှောင်တွေကို အသက် ၁၈ က ၃၀ နှစ်ကြား အားလုံး PNO ထဲဝင်ဖို့ လက်မှတ်ထိုးမှ ရွာပြန်ရမယ်ပြောပြီး အတင်းအဓမ္မ အင်အားစုနေတာဖြစ်ပြီး အခု နောင်တယား အင်အားပြပွဲဟာလဲ အဆိုပါ အတင်းအဓမ္မဆွဲခေါ်ခံနေရတဲ့သူတွေ အများဆုံးပါဝင်ခဲ့ တာလို့သိရပါတယ်။ Read in Full

မှတ်ချက်။          သက်ဆိုင်ရာ သတင်းမီဒီယာအသီးသီးမှ ကောက်နုတ်ဖော်ပြခြင်းဖြစ်ပါသည်။

Related Articles

Back to top button