ထန်တလန်မြို့ကို အာဏာသိမ်းစစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်ဖျက်ဆီးနေ
ဖက်ဒရယ်ဂျာနယ်၊ အောက်တိုဘာ ၂၉၊ ၂၀၂၁
ချင်းပြည်နယ်၊ ထန်တလန်မြို့ကို အာဏာသိမ်း စစ်ကောင်စီတပ်က လက်နက် ကြီးများဖြင့် ယနေ့ မွန်းလွဲပိုင်းတွင် ဆက်တိုက် ပစ်ခတ်၍ ဖျက်ဆီးနေကြောင်း ချင်းပြည်နယ် အခြေစိုက် သတင်းမီဒီယာများက ဖော်ပြနေကြသည်။
ထိုသို့ ပစ်ခတ်မှုကြောင့် မြို့ပေါ်က အိမ်ခြေ ၃၀ ကျော် ပျက်ဆီးပြီး မြို့ခံများ ထွက်ပြေး တိမ်းရှောင်နေကြရသည်ဟု သိရသည်။
— ထန်တလန်မြို့၏ နောက်ဆက်တွဲ အခြေအနေ သတင်း —
ချင်းပြည်နယ်၊ ထန်တလန်မြို့တွင် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် မီးလောင်ကျွမ်းနေသည့် နေအိမ်များ ငြှိမ်းသတ်မည့်သူ မရှိသဖြင့် မီးကူးစက်မှုများ များပြားနေပြီး ယခုအချိန်အထိ လောင်ကျွမ်းနေဆဲဖြစ်ကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။
ယနေ့ (အောက်တိုဘာ ၂၉ ) ရက်နေ့ နံနက် ၁၁ နာရီမှ စတင်ကာ နေအိမ်များလောင်ကျွမ်းနေခြင်း ဖြစ်ပြီး ညနေ ၅ နာရီကျော်အထိ လောင်ကျွမ်းနေဆဲဖြစ်ကာ နေအိမ် ၅၀ ကျော်အထိ မီးကူးစက်လာပြီဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။
စက်တင်ဘာလအတွင်းက စစ်ကောင်စီ၏ အကြမ်းဖက် မီးရှို့ဖျက်ဆီးမှုကြောင့် ဒေသခံများ ထွက်ပြေး တိမ်းရှောင်နေရသည့် အတွက် မြို့ထဲတွင် စစ်ကောင်စီတပ်များသာ ကျန်ရှိနေပြီး လက်နက်ကြီးများဖြင့် ဆက်တိုက် မြို့ထဲကို ပစ်ခတ်နေခြင်း ဖြစ်ကြောင်း သိရသည်။
ဒေသခံ တဦးက “၁၁ နာရီလောက်ကတည်းက စ လောင်နေတာ။ ဗိုလ်ချုပ်လမ်းကြီးတလျှောက် လမ်းမကြီးမှာရှိတဲ့ အိမ်တွေကို လက်နက်ကြီးတွေနဲ့ ပစ်တာ။ အခုချိန်အထိ မီးကလောင်နေတုန်း။ ဒီပုံစံအတိုင်း သွားရင် တမျိုးလုံး လောင်နိုင်တဲ့ အနေအထားရှိတယ်။ မီးငြှိမ်းမယ့်လူမရှိဘူး စက်တင်ဘာလတုန်းက မီးလောင်လို့ သွားငြှိမ်းတာ သေနတ်နဲ့ပစ်တာကိုး အခုအချိန်က တမြို့လုံးနီးပါးက ထန်တလန်မြို့ကို စွန့်ခွာပြီးတော့မှ ရွာတွေမှ နေရတဲ့ အခါကျတော့ မြို့ပေါ်မှာ လူက မရှိတော့ဘူး စစ်တပ်ပဲ ရှိတာ” ဟု ပြောသည်။
စက်တင်ဘာလ ၁၈ ရက်နေ့က ထန်တလန်မြို့ပေါ်ရှိ နေအိမ်များကို စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် နေအိမ် ၁၉ လုံး မီးလောင်ပျက်ဆီးခဲ့ပြီး မီးလောင်ရာကို သွားရောက်ငြှိမ်းသတ်ခဲ့သည့် ခရစ်ယာန် အမှုတော်ဆောင် ၁ ဦးကို စစ်တပ်က ပစ်ခတ်သတ်ဖြတ်ခဲ့သည်။