ဆောင်းပါး

တရုတ်မုန်းတီးရေးအသံ လေနဲ့ ဝမ်းနဲ့ ကွဲရဲ့လား

မင်းသေ့ (ဆောင်းပါး)

ဖက်ဒရယ်ဂျာနယ်၊ အောက်တိုဘာ ၂၀၊ ၂၀၂၁

၁။ မြန်မာတွေ တရုတ်ရဲ့ လွှမ်းမိုးမှုကို မရှောင်နိုင်ပါ။ လောလောဆယ်မှာ တရုတ်ကို ထိပ်တိုက်တွေ့တာထက် တရုတ်နဲ့ ဘယ်လို အလိုက် သင့်အလျားသင့်နေထိုင်မလဲဆိုတာကိုသာ တွေးသင့်တယ်။ ဒါဟာ မြန်မာ့နိုင်ငံရေးကို ဦးဆောင်နေတဲ့သူတွေရဲ့ အဓိက သဘော ထားတိမ်းညွှတ်ချက်ဖြစ်သင့်တယ်။ မြန်မာ့လူ့အဖွဲ့အစည်းအနေနဲ့ ကြည့်ရင်လည်း၊ တရုတ် ရဲ့ ဝါးမြိုမှုကို လက်ခံဖို့လည်း မဟုတ်ဘူး၊ လိုက်လျောပေးလိုက်ရမှာလည်း မဟုတ်ဘူး။ ကိုယ့်ဘက်က လက်တွေ့ အားထုတ်မှုနဲ့ တုံ့ပြန်ဖို့ဖြစ်ပါတယ်။

၂။ တရုတ်ကို အလုံးစုံ ဆန့်ကျင်ရင် ကောင်းကျိုးထက် ဆိုးကျိုးများပါလိမ့်မယ်။ ဒါဆို… တရုတ်လက်အောက်ခံ လုပ်ရမှာလား ဆိုတော့၊ မဟုတ်ပါ။ မဟုတ်ပါ။ တရုတ်ရဲ့ နိုင်ငံရေးကို မြန်မာက လွန်ဆန်ကောင်း လွန်ဆန်နိုင်ပါ လိမ့်မယ်။ သို့သော် တရုတ်ရဲ့ လူဦးရေနဲ့ စီးပွားရေးအင်ပါယာကို မလွန်ဆန်နိုင်ပါ။ အကြောင်းကတော့ မြန်မာ့ လူ့အဖွဲ့အစည်းဟာ ကိုယ်ခံအားနည်းနေလို့ ဖြစ်ပါတယ်။ တရုတ်ကို လွန်ဆန်နိုင်ဖို့အတွက်ဆိုရင် မြန်မာ့လူ့အဖွဲ့ အစည်း ကိုယ်ခံအားကောင်းမှ လွန်ဆန်နိုင်ပါလိမ့်မယ်။

၃။ ကိုယ့်လူ့အဖွဲ့အစည်းကို အင်အားတောင့်တင်းအောင် ကုန်ထုတ်လုပ်မှုအရ၊ ယဉ်ကျေးမှုအရ၊ အသိဉာဏ်ဓလေ့အရ မမြှင့်တင်ဘဲနဲ့ တရုတ်မုန်းတီးရေး၊ တရုတ်ဆန့်ကျင်ရေးကို လုပ်နေတယ်ဆိုရင် ဘိန်းစား အိပ်မက်မက်တာနဲ့ တူနေပါလိမ့်မယ်။ တခါတရံ မြန်မာလူထုကြားထဲက တရုတ်မုန်းတီးရေး လေသံနဲ့ တရုတ်ဆန့် ကျင်ရေးလေသံဆိုတာ အနောက်နိုင်ငံအုပ်စုတွေက ဒေါ်လာနဲ့ မောင်းတဲ့ လေသံသက်သက်မျှသာဖြစ်ပါတယ်။ အောက်ခြေ မြန်မာ့လူ့အဖွဲ့အစည်းထဲမှာ တရုတ်ကို လက်တွေ့အားဖြင့် လွန်ဆန်နိုင်တဲ့သူ ခဲယဉ်းပါတယ်။

၄။ မြန်မာလုပ်ငန်းရှင်တွေဟာ တရုတ်ကို မမှီခိုပဲ ကိုယ့်အားကိုယ်ကိုး ကုန်ထုတ်သတ္တိကို မြှင့်တင်နိုင်တယ်ဆိုတာ လက်ရှိမှာ ဖြစ်နိုင်ပါ့မလား။ တရုတ်ကို မမှီခိုရင်လည်း တခြားနိုင်ငံတစ်ခုခုကို မှီခိုနေရတာပဲ မဟုတ်လား။ ဆန် မရှိပဲ အစား မကြီးသင့်။ မြန်မာတွေဟာ ဆန်မရှိ အစား ကြီးနေတာများတယ်။ မြန်မာပြည်ဟာ ဆင်းရဲမွဲတေမှုမျဉ်း ပေါ်က မတက်နိုင်သေးပါ။ ဒီတော့ နေ့စဉ်သုံးစွဲနေရတဲ့ ကုန်ပစ္စည်းတွေမှာ၊ တရုတ်ထုတ်ကုန်တွေအပေါ် ရာခိုင်နှုန်း ၈၀ လောက် မှီခိုနေရပါတယ်။ ပေါချောင်ကောင်းထုတ်လုပ်နိုင်တဲ့ တရုတ်ရဲ့ကုန်ထုတ်လုပ်မှုပေါ်လစီဟာ တတိယ နိုင်ငံလူထုစျေးကွက်အတွက် လက်တွေ့ကျတယ်၊ အလုပ်ဖြစ်ပါတယ်။ မြန်မာတွေဟာ တရုတ်ကို အမြင် မကြည် တာသာ ရှိတယ်၊ ကိုယ့်လူ့အဖွဲ့အစည်းမှာ တရုတ်အမှီအခို ကင်းအောင် ရပ်တည်လုပ်ဆောင်ဖို့ အားမထုတ်နိုင်သေး ပါ။

၅။ မြန်မာ့လူ့အဖွဲ့အစည်းရဲ့ အထွေထွေ ကိုယ်ခံအားကို မြှင့်မှ တရုတ်ကို လွန်ဆန်ချင်ရင် လွန်ဆန်နိုင်ပါတယ်။ မြန်မာအတော်များများဟာ စိန်နားကပ်ရောင်နဲ့ ပါးပြောင်နေတာ များတယ်။ တရုတ်ကို ပထွေးမတော်ချင်ပေမယ့်၊ တခြားသူကို ပထွေးတော်ချင်စိတ် ပေါက်နေတယ်။ တကယ်တော့ ပထွေးကိုလည်း မမျှော်ရဘူး၊ အမေကျော် ဒွေးတော်လည်း မလွမ်းသင့်ဘူး။ ကိုယ့်ပြည်ကို ကိုယ့်အားတင်းအောင် နယ်ပယ်အသီးသီးမှာ လုပ်ရမှာ ဖြစ်ပါတယ်။

၆။ ကိုယ့်ပြည်တွင်းကို အားကိုးရမယ်ဆိုလို့ ၊ ဗိုလ်နေဝင်းခေတ်ကလို အလုံးစုံ တခါးပိတ်စနစ်နဲ့ ကိုယ့်ဥခွံထဲမှာ ကိုယ့်ကမ္ဘာလုပ်နေရမလားဆိုတော့၊ မဟုတ်ပါ။ မဟုတ်ပါ။ လူ့အဖွဲ့အစည်းရဲ့ ကိုယ်ခံအားကို မြှင့်ဖို့ ဖြစ်ပါတယ်။ ဒီနေရာမှာ quality of society လို့ သုံးနှုန်းချင်ပါတယ်။ နိုင်ငံရေး၊ စစ်ရေးတွေမှာ အမှီခိုကင်းဖို့ အသာထား၊ နေ့စဉ် စားဝတ်နေမှု အတွက် လိုအပ်တဲ့စျေးကွက်မှာ တရုတ်ကုန်ပစ္စည်းတွေကို မလွန်ဆန်နိုင်ပါ။ ဆင်းရဲတဲ့၊ ဝင်ငွေ မမြင့်တဲ့၊ ငွေကြေးဖောင်းပွတဲ့ မြန်မာ့လူ့အဖွဲ့အစည်းတွင်းက အောက်ခြေနဲ့ လူလတ်တန်းစားအလွှာတွေဟာ တရုတ်ကုန်ပစ္စည်းတွေကို ဝယ်ယူသုံးစွဲနေရပါတယ်။ အကြောင်းကတော့ စျေးပေါတယ်၊ သုံးပျော်တယ်၊ အလုပ်ဖြစ် အောင်တော့ သုံးနိုင်တယ်၊ ဝတ်နိုင်တယ်။ အထည်များ အယားပြေတယ်။

၇။ မြန်မာတွေရဲ့ ကိုယ်ပိုင်လုပ်နိုင်စွမ်းက တဖြည်းဖြည်း နိမ့်လာတာတွေ့ရပါတယ်။ ရှေးမြန်မာတွေဟာ ယနေ့ ခေတ် မြန်မာတွေထက် ကိုယ်ပိုင်လုပ်ယူမှုမှာ ကျွမ်းကျင်တယ်၊ ပါးနပ်တယ်၊ ထူးချွန်ပါတယ်။ ယနေ့မြန်မာတွေ ကတော့ အလွယ်ရတာများတာကြောင့် အလွယ်ပဲ တွေး၊ အလွယ်ပဲ လုပ်ပါတယ်။ လက်တွေ့အားဖြင့် ကာယကံ မြောက်အားထုတ်တာ မလုပ်ဘဲ၊ ပါးစပ်ကနေ မကျေနပ်ဘူး၊ မလိုချင်ဘူး၊ ဘာဖြစ်တယ်၊ ညာဖြစ်တယ်လို့ မြည်တွန် တောက်တီး ဝေဖန်စောကြောတတ်ပါတယ်။ လူကတော့ ကျောခင်းနေပါတယ်။ ဒါဟာ မြန်မာ့လူ့အဖွဲ့အစည်းရဲ့ အခြေခံအားနည်းချက်ဖြစ်ပါတယ်။

၈။ တရုတ်ကို လွန်ဆန်နိုင်ဖို့အတွက်ဆိုရင် လက်တွေ့အားဖြင့် လူ့အဖွဲ့အစည်းရဲ့ ကဏ္ဍအထွေထွေက ကိုယ်ခံအား ကို မြှင့်တင်မှ ရပါလိမ့်မယ်။ မြန်မာတွေဟာ မျိုးချစ်စိတ်၊ အမျိုးသားရေးစိတ်ကိုသာ ဇောင်းတင်ပြောတာတွေ့ရ တယ်။ လက်တွေ့အားဖြင့် ကိုလိုနီအပြုမခံရပေမယ့်၊ အသိဉာဏ်ပညာအားဖြင့်၊ ယဉ်ကျေးမှုအားဖြင့်၊ စီးပွားရေး အားဖြင့်၊ စစ်ရေးအားဖြင့် ကိုလိုနီအပြုခံနေရတာကို သတိမထားမိပါ။ အမျိုးသားရေးဝါဒကို ကိုင်ဆွဲတဲ့ ခေါင်းဆောင် ပိုင်းဆိုတာလည်း၊ ပြည်ပနိုင်ငံကြီးတစ်ခုခုကို ပထွေးတော်ထားပြီး၊ ပြည်တွင်းမှာ မျိုးချစ် လုပ်ပြနေကြ တယ်။ ကမ္ဘာကြီးဟာ ဂလိုဘယ်လိုက်ဇေးရှင်းဖြစ်နေတယ်ဆိုတာ နားခါးအောင် ကြားရပြီးပြီ။ အပြန်အလှန် အမှီသဟဲပြုခြင်းဆိုတဲ့ အညမညသဘောတရားသတ္တိကို တကယ်နားမလည်ပါ။ ကိုယ်မလိုချင်ရင် နောက်မြီးဆွဲ ၊ လက်ကိုင်တုတ် ဆိုပြီး တံဆိပ်ခတ်သလို၊ ကိုယ်လိုချင်ရင်တော့ ပထွေးနဲ့ ပလူးတာကို မေ့နေပါတယ်။

၉။ မြန်မာ့လူ့အဖွဲ့အစည်းရဲ့ ကိုယ်ပိုင်လုပ်ယူနိုင်စွမ်းတွေကို မြှင့်မှ ကောင်းပါလိမ့်မယ်။ နိုင်ငံတကာကို အတုမခိုးရ ဘူးလို့ မပြောပါ။ အတုခိုးပြီး အစစ်ဖြစ်အောင် ကြိုးစားရပါလိမ့်မယ်။ တရုတ်တွေကို ကြည့်ပါ။ သိပ္ပံနည်းပညာနဲ့ အတတ်ပညာတွေကို အတုခိုးပြီး အစစ်ဖြစ်အောင် လုပ်ခဲ့လို့ ၊ ယနေ့ တရုတ်အမျိုးသားရေးဟာ အောင်မြင်နေပါပြီ။ အမေရိကနဲ့ ဆိုဗီယက်တို့ လပေါ်ကို ဒုံးပျံနဲ့ သွားဖို့ ကြိုးစားနေချိန်မှာ၊ တရုတ်တွေရဲ့ အိမ်နောက်ဖေးမှာ သံတိုသံစ တွေကြိုတဲ့ မီးဖိုတွေ ထားတဲ့အဆင့်ရှိနေပါသေးတယ်။ ဒါပေမယ့် တရုတ်တွေ ကိုယ့်အမှားကို ကိုယ်သိပြီး ပြုပြင် ပြောင်းလဲနိုင်တယ်။ အတုခိုးပြီး အစစ်ဖြစ်အောင်လုပ်တယ်။ ကလေးကစားစရာအရုပ်က အစ တရုတ်တွေ အတုခိုး ပြီး ပေါချောင်ကောင်း စျေးကွက်ကို ရအောင် ဖန်တီးတယ်။ ကမ္ဘာမှာ ဆင်းရဲတဲ့တတိယနိုင်ငံတွေဟာ အများစုဖြစ် ပါတယ်။ ထိပ်ပိုင်းစျေးကွက်ကို ငြင်းဆန်ထားပြီး အောက်ခြေစျေးကွက်ကို သိမ်းကျုံးရယူပါတယ်။ တရုတ်တွေ ချမ်းသာလာတာ ဒါ့ကြောင့်ပါပဲ။

၁၀။ အခု တရုတ်တွေဟာ ထိပ်ပိုင်းသိပ္ပံနဲ့ နည်းပညာကဏ္ဍတွေမှာ ကိုင်လှုပ်နိုင်စွမ်းရှိ သူတွေဖြစ်နေပြီ။ မြန်မာတွေကတော့ အချင်းချင်း ကွဲပြဲလို့ ကောင်းနေကြတုန်းပါပဲ။ လူ့အဖွဲ့အစည်းအတွက် အခြေခံလုပ်ရမယ့် အလုပ်တွေကို မသွားနိုင်သေးပါ။ အစိုးရလုပ်သူတွေကလည်း မသွားနိုင်ပါ။ လူထုရဲ့ ထိပ်ပိုင်းအလွှာ၊ အလယ်အလတ်အလွှာနဲ့ အောက်ခြေအလွှာကလည်း မသွားနိုင်သေးပါ။ စနစ်ဆိုတာကို အလေးမထား၊ မလေးစားတဲ့ မြန်မာ့လူ့အဖွဲ့အစည်းဟာ အထွေထွေချွတ်ခြုံကျမှုကို ရောက်နေပြီ။ စနစ်ကို စဖျက် – ဆက်ဖျက် – စနစ်တကျ ဖျက်ခဲ့တဲ့ အကျိုးဆက်တွေဖြစ်ပါတယ်။ ယခုလည်း ကြည့်ပါ။ စနစ်တစ်ခုကို တည်ဆောက်ရမယ် မကြံသေးဘူး၊ ဖျက်စီးခံရပါပြီ။ မြန်မာဟာ ဒီအကျင့်ကို မပြင်နိုင်ဘူး၊ မပြင်ချင်ဘူးဆိုရင် ပိုမှန်မယ်။

၁၁။ တရုတ်မုန်းတီးရေးလေသံဟာ လေနဲ့ ဝမ်းနဲ့ ကွဲဖို့ လိုပါပြီ။ ဒေါ်လာလှိုင်းက တွန်းတင်တဲ့ တရုတ်ဆန့်ကျင်ရေး လေသံ မဖြစ်သင့်ပါ။ ဒီမိုကရက်တစ်နိုင်ငံရေးသမားဆိုသူတွေဟာ အနောက်မျှော်တဲ့အကျင့်ကို မပျောက်သလို၊ မျိုးချစ်ဝါဒီ လက်ယာစွန်းသမားတွေကလည်း အရှေ့ကို မျှော်တဲ့အကျင့် မပျောက်ပါ။ အတိတ်သမိုင်းမှာ လက်ဝဲဝါဒီတွေအကြား စတာလင်ဂိုဏ်းသားနဲ့ မော်ဝါဒီဂိုဏ်းသားတွေဆိုတာလည်း နောက်မြီးဆွဲတွေသာ များပါတယ်။ နောက်မြီးဆွဲအဆင့်ကနေ ဘယ်နိုင်ငံရေးသမား၊ ဘယ်စစ်ခေါင်းဆောင်မှ တက်မလာသေးပါ။ ဗိုလ်နေဝင်းက ကိုယ့်အားကိုယ်ကိုးပြီး နောက်မြီးဆွဲဘဝက လွတ်ချင်စိတ်ရှိခဲ့ပေမယ့်၊ ဖင်မနိုင်ဘဲ ပဲကြီးဟင်း သောက်တဲ့နေ့ရက်တွေ သိပ်များခဲ့တယ်။

Related Articles

Back to top button