စစ်ကောင်စီက ဖမ်းဆီးထားတဲ့ သတင်းသမား (၅၀)ဦး ရှိနေကြောင်း MPFI-D က ထုတ်ပြန်
ဖက်ဒရယ်ဂျာနယ်၊ အောက်တိုဘာ ၁၃၊ ၂၀၂၁
စစ်ကောင်စီက ဖေဖော်ဝါရီလ ၁ ရက်မှာ အာဏာသိမ်းပြီးနောက်ပိုင်း သတင်းသမားတွေကို လိုက်လံဖမ်းဆီးတာတွေ ပြုလုပ်ခဲ့ပြီး လက်ရှိ ဖမ်းဆီးထားတဲ့ သတင်းသမား (၅၀)ဦးရဲ့ စာရင်းနဲ့အချက်လက်တွေကို MPFI-D က အောက်တိုဘာ ၁၁ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။
Myanmar Press Freedom In-Depth အဖွဲ့က စစ်ကောင်စီဟာ သတင်းမီဒီယာတွေ ပိတ်ပင်တာ၊ သတင်းသမားတွေကို ဖမ်းဆီးတရားစွဲတာနဲ့ သတင်းလွတ်လပ်ခွင့်တွေကို ဖိနှိပ်တာတွေ ပြုလုပ်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
သတင်းမီဒီယာ ၈ ခုကိုလည်း သတင်းလုပ်ငန်း လုပ်ပိုင်ခွင့် ပိတ်သိမ်းလိုက်ပြီး သတင်းလွတ်လပ်ခွင့်ကိုလည်း ဆက်လက်ဖိနှိပ်ချိုးဖောက်နေတာ ဖြစ်ပါတယ်။
MPFI-D က မတရားဖမ်းဆီး သတင်းသမားတွေ ဂျာနယ်လစ်တွေကို ခြွင်းချက်မရှိ ချက်ချင်း ပြန်လွှတ်ပေးဖို့၊ သတင်းလွတ်လပ်ခွင့် အပြည့်အ၀ အာမခံပေးဖို့နဲ့ သတင်းမီဒီယာသမားတွေကို သတင်းလုပ်ငန်း လွတ်လပ်စွာ လုပ်ကိုင်ခွင့်ပေးဖို့ စဥ်ဆက်မပြတ် တောင်းဆိုထားပါတယ်။
သတင်းသမားများ ဖမ်းဆီးခံရမှုနဲ့ ပတ်သက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီး ဦးအောင်မျိုးမင်းကတော့ သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာက တဆင့် “သတင်းမီဒီယာကို ပိတ်ပင်ခြင်းဟာ တိုင်းပြည်တခုလုံးရဲ့ မျက်စိနဲ့နားတွေကို ထိုးဖောက်ခြင်းဖြစ်သလို အသိဥာဏ်ဦးနှောဏ်ကို ဖျက်စီးခြင်းပါ။ မီဒီယာမိတ်ဆွေများ အမြန် လွတ်မြောက်နိုင်အောင် အကောင်းဆုံးကြိုးစားနေပါတယ်” ဟု မှတ်ချက်ပြု ရေးသားထားပါသေးတယ်။
ဒီစာရင်းအရ ထူးခြားမှုတခုကတော့ မြန်မာ့အလင်း သတင်းထောက်တစ်ယောက် အဖမ်းခံရတာကို စာရင်းထဲပါနေသာ တွေ့ရပါတယ်။