ဆောင်းပါး

မြန်မာ့နွေဦးနဲ့ တရုတ်ရဲ့ နှစ်ဖက်ခွပေါ်လစီ

▄ မြန်မာ့နွေဦးနဲ့ တရုတ်ရဲ့ နှစ်ဖက်ခွပေါ်လစီ

▣ ဆောင်းပါးအကျဉ်းချုပ်

  • ဤဆောင်းပါးနိဂုံးသည် မြန်မာ့နွေဦးတော်လှန်ရေးအပေါ် တရုတ်ထားရှိသည့်သဘောထားအမြင်ကို ဆန်းစစ်တင်ပြ၍ ဝေးသော အတိတ်ကာလ၌သော်လည်းကောင်း၊ နီးသောအတိတ်ကာလ၌သော်လည်း ကောင်း၊ လက်ရှိပစ္စုပ္ပန်ကာလ၌သော်လည်းကောင်း လက်တွေ့အားဖြင့် တရုတ်လုပ်နေသော၊ လုပ်ခဲ့သော မြန်မာအပေါ်ပြုမူခဲ့သည့်လုပ်ရပ်တချို့ကို ဆက်စပ်စဉ်းစားနိုင်ဖွယ်ရာ တင်ပြဆွေးနွေးထားပါသည်။

▄ ဝေးသောအတိတ်

တရုတ်အနေနဲ့ ၁၉၈၀ ခုနှစ်နောက်ပိုင်း၊ တိန့်ရှောင်ဖိန် လက်ထက် တစ်လျှောက်လုံးမှာ စီးပွားရေးအရ ပေါ်လစီ အပြောင်းအလဲတွေ မြောက်မြားစွာ ရှိခဲ့ပါတယ်။ နိုင်ငံရေးဟာ စီးပွားရေးရဲ့ အခြေခံဖြစ်သလို၊ စီးပွားရေးဟာလည်း နိုင်ငံရေးရဲ့ အခြေခံဖြစ်ပါတယ်။ ဒါ့ကြောင့် ပြည်တွင်းမှာ စီးပွားရေးပြုပြင်ပြောင်းလဲမှုတွေ အကြီးအကျယ် လုပ်ခဲ့တဲ့ တရုတ်အနေနဲ့ ပြည်ပနဲ့ ဆက်ဆံတဲ့ နိုင်ငံခြားရေးပေါ်လစီတွေကိုပါ မလွှဲ မရှောင်သာ ပြုပြင်ပြောင်းလဲခဲ့ရတာတွေ ရှိပါတယ်။ သို့သော်လည်း နိုင်ငံရေးအရ လုပ်ကိုင်ကြတဲ့အခါ၊ အမြဲတမ်းလိုလို risk zone လို့ခေါ်တဲ့ အရဲကိုးလုပ်ရတဲ့ကဏ္ဍတွေ ပါလာပါတယ်။

▄ တိမ်တောင်သဖွယ် မင်းရေး ကျယ်

မြန်မာစကားမှာ – နိုင်ငံ့အရေးပေါက်နှင့်ကျေး လို့ ပြောကြပါတယ်။ ကြက်ဥနှစ်ရောင် တိမ်တောင်သဖွယ် မင်းရေး ကျယ် လို့ လည်း ဆိုကြပါတယ်။ အကြောင်းကတော့၊ နိုင်ငံရေးရဲ့ သဘောသဘာဝဟာ ခန့်မှန်းရ ခက်လှ တယ်၊ အမြဲတမ်းလိုလို ပြောင်းလဲနေတယ်၊ ကာလ ဒေသ ပယောဂကို လိုက်ပြီး ပြောင်းလဲနေတတ်တဲ့ သဘော ရှိတာကို ဆိုလိုတာဖြစ်ပါတယ်။ ဒီလို အပြောင်းအလဲမြန်တဲ့နိုင်ငံရေးရာသီဥတုအတွင်းမှာ၊ ပေါ်လစီတွေကို ထိန်းကျောင်းရ တဲ့အလုပ်၊ ပေါ်လစီတွေကို စီမံခန့်ခွဲတဲ့အလုပ်ဟာ ခေါင်းရှုပ်စရာ ဖြစ်ပါတယ်။

▄ အကျိုးစီးပွားသာ အခရာ

နိုင်ငံရေးဆိုတာ ပူးပေါင်းလုပ်ကိုင်ကြရတဲ့ဖြစ်စဉ်တစ်ခုဖြစ်လို့၊ မဟာမိတ်ထားတာတွေ၊ နိုင်ငံအချင်းချင်း ဆက်ဆံရေး၊ အစိုးရအချင်းချင်း ဆက်ဆံရေးတွေကိုလည်း ဂရုထားရပြန်ပါတယ်။ ဒါပေမယ့် နောက်ဆုံးအချုပ်မှာ နိုင်ငံရေး ခေါင်းဆောင်တွေ၊ တိုင်းပြည်ခေါင်းဆောင်တွေရဲ့ အလုပ်ကတော့ ကိုယ့်နိုင်ငံအကျိုးစီးပွားကို ကာကွယ်ဖို့၊ ကိုယ့်တိုင်းပြည် အကျိုးစီးပွားကို ချဲ့ထွင်ဖို့သာ နောက်ဆုံးပန်းတိုင် ဖြစ်ပါတယ်။ အကျိုးစီးပွားလို့ ပြောတဲ့နေရာမှာ လည်း၊ အထူးသဖြင့် ဓနဥစ္စာ၊ ဩဇာအာဏာနဲ့ လုံခြုံရေး၊ ကာကွယ်ရေးကိစ္စတွေပဲ ဖြစ်ပါတယ်။ ဒီတော့ တိုင်းပြည်ခေါင်းဆောင်တွေဟာ စီးပွားရေး၊ နိုင်ငံရေးနဲ့ ကာကွယ်ရေးကိစ္စတွေကို မျှခြေကိုက်အောင် စီမံခန့်ခွဲကြရတယ်။

▄ မော် နဲ့ မော်ဝါဒ ဩဇာ

မြန်မာ နဲ့ တရုတ်ဟာ နယ်စပ်ထိစပ်မှု ရှည်လျားတဲ့ အိမ်နီးချင်းနိုင်ငံတွေ ဖြစ်ပါတယ်။ ဒီတော့ နှစ်နိုင်ငံစလုံး အတွက် အရေးကြီးပါတဲ့ ဆက်ဆံရေးတွေ မြောက်မြားစွာ ရှိပါတယ်။ မော်စီတုန်းဟာ တရုတ်ပြည်ကြီးကို စုစည်းခဲ့တဲ့ ကွန်မြူနစ်ခေါင်းဆောင်တစ်ယောက်ဖြစ်ပါတယ်။ ကမ္ဘာ့ကွန်မြူနစ်ခေါင်းဆောင်တစ်ယောက် လို့ ပြောရင်လည်း မမှားဘူး။ မော်စီတုန်းဟာ မာက်စ်လီနင်ဝါဒကို အခြေခံပြီး၊ မော်ဝါဒကို ထူထောင်နိုင်တဲ့ အထိ ဩဇာကြီးခဲ့တဲ့ ကွန်မြူနစ်ခေါင်းဆောင်တစ်ယောက်ဖြစ်ပါတယ်။

မော်စီတုန်းလက်ထက်ကာလ တစ်လျှောက်လုံးလိုလိုမှာ၊ တရုတ်ကွန်မြူနစ်ပါတီနဲ့ ဗမာပြည်ကွန်မြူနစ်ပါတီ အကြား နီးကပ်တဲ့ဆက်ဆံ ရေးရှိခဲ့ပါတယ်။ ဗမာပြည်ကွန်မြူနစ်ပါတီ (ဗကပ) က တရုတ်ကွန်မြူနစ်ပါတီကို အားကိုးသလို၊ တရုတ်ကွန်မြူနစ်ပါတီကလည်း ဗမာပြည်ကွန်မြူနစ်ပါတီကို မွေးထားပါတယ်။ အိုင်ဒီယော်လိုဂျီ အားပြိုင်ပွဲ အထွဋ်အထိပ်ရောက်နေတဲ့ စစ်အေးကာလမှာ၊ ဝါဒ တူသူချင်း လိုတာထက် ပို၍ အစေးကပ်တာ မဆန်းပါ။ ဗမာပြည်ကွန်မြူနစ်ပါတီအတွင်း၊ ပီကင်းပြန်ရဲဘော်တွေ အုပ်စီးမိချိန်မှာ ဗကပဟာ တရုတ် ကွန်မြူနစ်ပါတီရဲ့ဩဇာခံ၊ လက်ဝေခံလို့ ပြောလို့ရလောက်အောင်အထိ တရုတ်ကွန်မြူနစ်တွေရဲ့ နိုင်ငံရေး၊ စစ်ရေး မဟာဗျူဟာတွေ အပေါ်မှာ လွှမ်းမိုးမှု အားကြီးခဲ့ပါတယ်။

▄ ခေါင်းဆောင် အပြောင်းအလဲ ဖြစ်

တရုတ်ကွန်မြူနစ်ပါတီရဲ့ အထောက်အပံ့ခံအဖြစ် ဗမာပြည်ကွန်မြူနစ်ပါတီဟာ မှီခိုမှုအားကြီးခဲ့ပါတယ်။ သို့သော်လည်း မော်စီတုန်း ကွယ်လွန်အပြီး၊ တိန့်ရှောင်ဖိန် လက်ထဲနိုင်ငံရေးအာဏာ ရရှိလာချိန်မှာတော့၊ အပြောင်းအလဲတွေ ဖြစ်ခဲ့ပါတယ်။

အထူးသဖြင့် တရုတ်နိုင်ငံအပေါ် စီးပွားရေးအရ ပြုပြင်ပြောင်းလဲမှုတွေ လုပ်ခဲ့ပါတယ်။ အိုင်ဒီယော်လိုဂျီ အစွဲအားသန်တဲ့ တရုတ်ခေါင်းဆောင်နဲ့ လက်တွေ့ကျကျ (အကျိုးစီးပွားသာ ပဓာန) ရှုမြင်တဲ့ ခေါင်းဆောင် နှစ်ယောက် အပြောင်းအလဲမှာ နိုင်ငံရေးအပြောင်းအလဲတွေလည်း ဖြစ်ခဲ့ပါတယ်။ တိန့်ရှောင်ဖိန်ဟာ စီးပွားရေးပြုပြင်ပြောင်းလဲမှုတွေ လုပ်ဖို့၊ နိုင်ငံရေးအရ ပေါ်လစီတွေ ပြောင်းခဲ့ရပါတယ်။ ငတ်ပြတ်ဆင်းရဲနေတဲ့တိုင်းပြည်ကို ချမ်းသာအောင်လုပ်မယ်ဆိုတဲ့ ရည်ရွယ်ချက်၊ တိန့်ရှောင်ဖိန်မှာ အပြည့် ရှိပါတယ်။

▄ ကြောင်ဖြူ ကြောင်မည်း အဘိဓမ္မာ

ကြောင်ဖြူတာ မည်းတာ အဓိက မဟုတ်၊ ကြွက်ခုတ်တတ်ဖို့ အဓိကဆိုတဲ့ ကြောင်ဖြူ ကြောင်မည်း အဘိဓမ္မာကို ကိုင်ဆွဲပါတယ်။ ဒါ့ကြောင့် တရုတ်ပြည်ရဲ့ ဝန်ထုပ်ဝန်ပိုးတွေကို လျော့ချဖို့ ကြိုးစားပြီး စီးပွားရေးကို တွန်းတင်ဖို့ အာရုံစိုက်ပါတယ်။ ဗမာပြည်ကွန်မြူနစ်ပါတီအပေါ် အထွေထွေ အထောက်အပံ့ ပေးမှုတွေဟာ တရုတ်အတွက် တစ်စုံတစ်ရာ ဝန်ထုပ်ဝန်ပိုးဖြစ်စေတယ်လို့ တိန့်ရှောင်ဖိန် က ယူဆခဲ့ဟန်တူပါတယ်။ ထိုနည်းလည်းကောင်း အိမ်နီးချင်းနိုင်ငံတွေနဲ့ သင့်မြတ်အောင်ဆက်ဆံပြီး ဒေသတွင်း တည်ငြိမ်ရေးကို ထိန်းထားဖို့လည်း ရည်ရွယ်ဟန် တူတယ်။ ပဋိပက္ခတွေ ဒင်းကြမ်းပြည့်နေတဲ့ နေရာမှာ စီးပွားရေးလည်း မဖြစ်ထွန်းနိုင်ဘူးလို့ ယူဆပါလိမ့်မယ်။ ဒီတော့ တရုတ်နဲ့ အိမ်နီးချင်းနိုင်ငံအစိုးရတွေနဲ့ သင့်မြတ်စွာ ဆက်ဆံရေးဟာ ပိုအရေးကြီးလာပါတယ်။

▄ မြန်မာ – တရုတ် ဆက်ဆံရေး

တိန့်ရှောင်ဖိန်ဟာ ၁၉၇၈ ဇန်နဝါရီလ ၂၆ ရက်မှ ၃၀ ရက်နေ့အထိ မြန်မာပြည်ကို လာရောက်ပြီး ဦးနေဝင်းနဲ့ တွေ့ဆုံခဲ့ပါတယ်။ တိန့်ရှောင်ဖိန် မြန်မာပြည်မလာခင်ကာလတွေက၊ တရုတ်မြန်မာအကြား သံတမန်ဆက်ဆံရေး ထူထောင် ထားပေမယ့် အေးတိအေးစက်သာ ဖြစ်ခဲ့ပါတယ်။ တိန့်ရှောင်ဖိန် မြန်မာပြည် လာရောက်ပြီး နောက်ပိုင်း ၁၉၇၉ ခုနှစ်နောက်ပိုင်းမှာ မြန်မာနဲ့ ဆက်ဆံရေး အတော်အသင့်ပြန်လည်ကောင်းမွန်လာပါတယ်။ ၁၉၈၀ ခုနှစ်နောက်ပိုင်းမှာ၊ တရုတ်က မြန်မာ စစ်အစိုးရကို နေတဲ့ ဗမာပြည်ကွန်မြူနစ်ပါတီအပေါ် အထောက်အပံ့ တွေ လျော့ချခဲ့ပါတယ်။

▄ ဂျီတူဂျီ – ပီတူပီ

၁၉၈၀ နဲ့ ၁၉၈၈ အကြား တရုတ်ဟာ မြန်မာနဲ့ဆက်ဆံရေးမှာ ပေါ်လစီ အပြောင်းအလဲတွေရှိခဲ့ပါတယ်။ G2G (G to G – Government to Government) လို့ခေါ်တဲ့ အစိုးရ – အစိုးရ အချင်းချင်း ဆက်ဆံရေး၊ P2P (P to P – Party to Party) လို့ခေါ်တဲ့ ပါတီ – ပါတီချင်း ဆက်ဆံရေး ပေါ်လစီကို ကျင့်သုံးလာတာ တွေ့ရပါတယ်။ မော်စီတုန်း လက်ထက်က ပါတီအုပ်စီးထားတဲ့ အစိုးရအဖွဲ့ဟာ ပါတီနဲ့ တစ်သားတည်းလို ဖြစ်နေပါတယ်။ သို့သော်လည်း တိန့်ရှောင်ဖိန် လက်ထက်မှာ၊ ပါတီနဲ့ အစိုးရအဖွဲ့ကို သီးခြားဖြစ်အောင် ကြိုးစားခဲ့တဲ့အပိုင်းတွေ ရှိပါတယ်။ နိုင်ငံရေးအရ လည်းကောင်း၊ တိုင်းပြည်ကို စီမံအုပ်ချုပ်ရာမှာ ပိုကောင်းမွန်တဲ့ ဒီဇိုင်းမျိုးကို ပြုပြင်ပြောင်းလဲဖို့ ကြိုးစားခြင်းဖြစ်ပါတယ်။ တရုတ်နိုင်ငံစီးပွားရေးပြုပြင်ပြောင်းလဲမှုကိစ္စတွေမှာ၊ ပါတီက နိုင်ငံရေးအရ ရှေ့က ကာဆီးကာဆီး လုပ်တာတွေကို ကန့်သတ်ဟန့်တားဖို့လည်း ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။ တစ်ဖက်မှာလည်း ရှိရင်းစွဲ နိုင်ငံရေးမဟာမိတ်တွေနဲ့ဆက်ဆံရာမှာ၊ ဝိရောဓိဖြစ်လာနိုင်တာတွေ ရှိလို့ ရှည့်လည်းလျှောက်သာ၊ ပျားလည်းစွဲသာ ဖြစ်နိုင်တဲ့ မဟာဗျူဟာကို ကျင့်သုံးဟန်တူပါတယ်။

▄ ဝိရောဓိ ဖြစ်လာခဲ့ရင်…

တရုတ်ဟာ တစ်ဖက်မှာ ကွန်မြူနစ်ဝါဒဆိုတဲ့ အိုင်ဒီယော်လိုဂျီကို ဆုပ်ကိုင်ထားတယ်။ တစ်ဖက်မှာလည်း အကျိုးစီးပွားဆိုတဲ့ မူကို ကိုင်ထားပြန်တယ်။ အိုင်ဒီယော်လိုဂျီနဲ့ အကျိုးစီးပွားချင်း ထိပ်တိုက်တိုးလာခဲ့ရင် သော်လည်းကောင်း၊ သို့တည်းမဟုတ် အိုင်ဒီယော်လိုဂျီနဲ့ အကျိုးစီးပွား တစ်ခုထဲက တစ်ခုကို ရွေးရမယ့် အကျပ်အတည်းမျိုး ကြုံလာရင်သော်လည်းကောင်း မျှခြေညှိကစားနိုင်အောင် ကြိုးစားလို့ရမယ့် မဟာဗျူဟာ လည်း ဖြစ်နိုင်ပါတယ်။ နိုင်ငံရေးအရ ဒီ့နောက်ပိုင်း တိန့်ရှောင်ဖိန်လက်ထက်က ကျင့်သုံးလာခဲ့တဲ့ အစိုးရအချင်းချင်း ဆက်ဆံရေး၊ ပါတီအချင်းချင်း ဆက်ဆံရေးဟာ တရုတ်အတွက် ပိုလို့ လုပ်ခွင့်ကိုင်ခွင့်သာတဲ့ ပေါ်လစီတစ်ခု ဖြစ်လာတာ သိသာနေပါတယ်။ အကြောင်းကတော့ လက်တွေ့ဖြစ်ရပ်တွေက သက်သေပြနေပါတယ်။

▄ ဂယ်ပေါက် နဲ့ ကျောချင်းကပ်

၁၉၈၈ ခုနှစ်၊ မြန်မာပြည်မှာ ၈၈၈၈ လူထုအုံကြွမှုဖြစ်ပါတယ်။ ၁၉၈၉ ခုနှစ်၊ တရုတ်မှာ တီယံမင်အရေးအခင်းဖြစ်ပါ တယ်။ ၁၉၈၈ – ၈၉ ခုနှစ်နောက်ပိုင်း၊ မြန်မာစစ်အစိုးရနဲ့ နိုင်ငံရေးအရ ကျောချင်း ကပ်ခဲ့တဲ့တရုတ်ဟာ စစ်အစိုးရ ခေတ်တစ်လျှောက်လုံး စီးပွားရေးအရ ပူးပေါင်းခဲ့ကြပါတယ်။ မြန်မာပြည်က စီးပွားရေးနဲ့ သယံဇာတ ရင်းမြစ် စီမံကိန်းအားလုံးဟာ တရုတ်လက် တရုတ်ခြေဖြစ်ခဲ့ပါတယ်။ နိုင်ငံတကာဇာတ်ခုံကို ဝင်မတိုးနိုင်တဲ့ မြန်မာကလည်း၊ တရုတ်ရဲ့နောက်ခံနဲ့ ဂယ်ပေါက်တစ်ခုလို ရလို့ နိုင်ငံရေးအရ အသက်ရှုပေါက် ချောင်ပါတယ်။

▄ အလုပ်မဖြစ်ခဲ့သော ပိတ်ဆို့အရေးယူမှု

မြန်မာစစ်အစိုးရအပေါ် အနောက်အုပ်စုရဲ့ ပိတ်ဆို့အရေးယူမှုတွေဟာ၊ တရုတ်ခံနေလို့ အလုပ်မဖြစ်ခဲ့ပါဘူး။ တရုတ်ရင်ခွင်ဆီ ပိုတိုးဝင်အောင် မြန်မာကို တွန်းပို့သလိုသာ ဖြစ်ခဲ့ပါတယ်။ ၁၉၉၀ ခုနှစ်နောက်ပိုင်းကာလ တစ်လျှောက်လုံးမှာ၊ မြန်မာစစ်အစိုးရကလည်း နယ်စပ်တံခါးတွေကို ဖွင့်လိုက်ပါတယ်။ အထူးသဖြင့် တရုတ် – မြန်မာနယ်စပ်၊ ထိုင်း – မြန်မာ နယ်စပ်၊ အိန္ဒိယ – မြန်မာနယ်စပ်။

ဒီနယ်စပ်တွေမှာ၊ တရုတ်နဲ့ ဖွင့်ထားတဲ့ နယ်စပ်တံခါးဟာ ပိုလို့ ကျယ်ပါတယ်။ ပိုလို့ ဖြောင့်ပါတယ်။ ပိုလို့ ဖြူးပါတယ်။ ကူးသန်းသွားလာမှုလည်း ပိုလို့ များပါတယ်၊ မြန်ပါတယ်။ ကုန်စည် စီးဆင်းမှု ပမာဏလည်း ပိုလို့ များပါတယ်။ ဒီတော့ စီးပွားရေးအရ အကျိုးအမြတ်ဖြစ်ထွန်းတဲ့ မြန်မာစစ် အစိုးရကို တရုတ်က လက်လွှတ်မခံနိုင်ပါဘူး။ မြန်မာစစ်အစိုးရကလည်း နိုင်ငံတကာဖိအား အကျပ်အတည်းကို ဂယ်ပေါက်အနေနဲ့ ဖွင့်ထွက်ခွင့်ပေးထားတဲ့ တရုတ်ကို လက်မလွှတ်နိုင်ပါဘူး။ နှစ်ဖက် စလုံးမှာ အကျိုးစီးပွား ကိုယ်စီ ရှိနေပါတယ်။

▄ အူစို ခွင့်

မြန်မာစစ်အစိုးရလက်ထက် တစ်လျှောက်လုံးမှာ၊ မြန်မာစစ်တပ်နဲ့ လူမျိုးစုလက်နက်ကိုင်တပ်တွေဟာ တောတွင်း မှာ ကြိုကြားစစ်ပွဲတွေ ဖြစ်နေခဲ့တာပါ။ ထောက်လှမ်းရေး ခေါင်းဆောင် ဗိုလ်ခင်ညွှန့်ရဲ့ လက်နက်နဲ့ ငြိမ်းချမ်းရေး လဲလှယ်တဲ့ ဖြစ်စဉ်ကြောင့် လူမျိုးစုလက်နက်ကိုင်တွေ အကျင့်ပျက်၊ ခြစား ကုန်တာ။ စီးပွားရေးအရ ဝင်ငွေ ရရာ ရကြောင်းမှာ အသက်ရှုပေါက် ချောင်သွားတာတွေ၊ ပြည်သူ့စစ် အဖွဲ့ဖြစ်ကုန်တာတွေ ရှိပါတယ်။ သို့ပေမယ့် တစ်ဖက်မှာလည်း လူမျိုးစုအခွင့်အရေးအတွက် ဒူပေတာပေခံပြီး ခက်ခက်ခဲခဲ ရပ်တည် တိုက်ခိုက်နေတဲ့ လူမျိုးစု လက်နက်ကိုင်တွေလည်း ရှိခဲ့ကြပါတယ်။

▄ တရုတ် အထောက်အပံ့ မကင်း

အိန္ဒိယ – မြန်မာနယ်စပ်၊ ထိုင်း – မြန်မာနယ်စပ်နဲ့ တရုတ် – မြန်မာနယ်စပ်မျဉ်းတွေနားက လူမျိုးစုလက်နက်ကိုင် တွေမှာ၊ တရုတ်လုပ် လက်နက်တွေလည်း အများကြီးတွေ့ရပါတယ်။ အထူးသဖြင့် တရုတ် – မြန်မာနယ်စပ်မျဉ်းနဲ့ နီးစပ် ထိကပ်နေတဲ့ ဒေသတွေကို ခြေကုတ်ယူ ရပ်တည်ရတဲ့ လူမျိုးစုလက်နက်ကိုင်အဖွဲ့တွေဟာ တရုတ်လက်နက် အထောက်အပံ့နဲ့ မကင်းကြပါဘူး။ အနည်းအများသာ ကွာလိမ့်မယ်။ တရုတ်အထောက်အပံ့ ရှိတယ်ဆိုတာကို ငြင်းဖို့ ခက်ပါလိမ့်မယ်။

တရုတ် – မြန်မာ နယ်စပ် မဟုတ်သော်လည်း တရုတ်ရဲ့ နောက်ဖေးပေါက် ဖြစ်တဲ့ ရခိုင်ဒေသမှာတောင် လက်နက်ကိုင်ပဋိပက္ခ ရှိပေမယ့်၊ တရုတ်စီမံကိန်းတွေ စုပြုံပြီး အကောင်အထည်ဖော်နိုင်တာကို ကြည့်ခြင်း အားဖြင့်၊ တရုတ်ရဲ့လက်တံ ဘယ်လောက်ရှည်သလဲဆိုတာကို ခန့်မှန်းနိုင်ပါလိမ့်မယ်။ အထူးသဖြင့် တောတွေ တောင်တွေကြားထဲမှာ လုပ်ကိုင်ဆောင်ရွက်ရတဲ့ စီးပွားရေး စီမံကိန်းတွေဟာ မြန်မာအစိုးရခွင့်ပြုထားတဲ့ တရုတ်စီမံကိန်းတွေ ဖြစ်ပါတယ်။ ထိုနည်းလည်းကောင်း လူမျိုးစုလက်နက်ကိုင်တွေ ဆိုတာလည်း တောထဲ တောင်ထဲမှာ ရှင်သန်ရပ်တည်ကြရတာဖြစ်ပါတယ်။

တောထဲတောင်ထဲက တရုတ်စီးပွားရေးစီမံကိန်းတွေဟာ မြန်မာပြည်တွင်းမှာ ဘာ့ကြောင့် အထိအခိုက် မရှိ၊ အကောင်အထည်ဖော်နိုင်ရတာလဲ။ အကြောင်းကတော့ တရုတ်ရဲ့ဆက်ဆံရေး ပေါ်လစီကြောင့်ဖြစ်ပါ တယ်။ အစိုးရ – အစိုးရချင်း ဆက်ဆံရေး၊ ပါတီ – ပါတီချင်း ဆက်ဆံရေး ပေါ်လစီဟာ ဘယ်လောက် အလုပ်ဖြစ်ပါသလဲ။ ဒါကို ဆန်းစစ်ဖို့ လိုပါတယ်။

▄ ဆက်ဆံရေး အချိုးအကွေ့ နှစ်များ

၂၀၁၀ နဲ့ ၂၀၂၁ ခုနှစ်၊ ဆယ်နှစ်တာကာလ တစ်လျှောက်မှာ တရုတ်နဲ့ မြန်မာအကြား ဆက်ဆံရေး အချိုးအကွေ့တွေ ရှိခဲ့ပါတယ်။ ဒီလို အချိုးအကွေ့တွေမှာ၊ တရုတ်ရဲ့ အစိုးရ အချင်းချင်း ဆက်ဆံရေး (ဂျီတူဂျီ)၊ ပါတီအချင်းချင်း ဆက်ဆံရေး (ပီတူပီ) ပေါ်လစီဟာ ပိုလို့ ထင်သာလာတယ်လို့ ထင်ပါတယ်။

အထူးသဖြင့် ချမ်းသာကြွယ်ဝလာတဲ့ တရုတ်ဟာ နိုင်ငံတကာအရေးကိစ္စတွေနဲ့ အိမ်နီးချင်းနိုင်ငံတွေနဲ့ ပတ်သက်တဲ့ဒေသတွင်း အရေးကိစ္စတွေမှာ ပိုပြီး ဩဇာကြီးလာတာတွေ့ရတယ်။ ယခင်ကထက် ခြေတံ လက်တံ ပိုရှည်လာတာလည်း တွေ့ရတယ်။ ဒါပေမယ့် အခုအချိန်အထိ တရုတ်ဟာ ပဋိပက္ခနဲ့ အကျပ်အတည်းတွေ ကြားထဲမှာ၊ သူ့အကျိုးစီးပွားကို စီမံခန့်ခွဲနေရဆဲ ဖြစ်ပါတယ်။ သူနင်းထားတာလည်း ပဋိပက္ခတောထဲက အကျိုးစီးပွားတွေ များနေလို့ပါပဲ။

▄ ဦးသိန်းစိန် အစိုးရ

၂၀၁၀ နောက်ပိုင်း ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးတွေ လုပ်ခဲ့တဲ့ စစ်ဗိုလ်ချုပ်ဟောင်း သမ္မတဦးသိန်းစိန် နဲ့ သူ့အစိုးရအဖွဲ့ဟာ နိုင်ငံတကာရဲ့ အသိအမှတ်ပြုမှုရအောင် ကြိုးစားခဲ့ကြပါတယ်။ ဒီကြိုးစားမှုဟာ အတော်အတန် အောင်မြင်ခဲ့တယ်လို့လည်း ပြောနိုင်ပါတယ်။ အထူးသဖြင့် အနောက်နိုင်ငံတွေရဲ့ အကောင်းမြင်မှုကို ကောင်းကောင်း ရရှိခဲ့ပါတယ်။ အမေရိကန် သမ္မတ အိုဘားမား၊ မြန်မာပြည် လာရောက်နိုင်အောင်အထိ စွမ်းဆောင်နိုင်ခဲ့ပါတယ်။ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကို လွှတ်တော်ထဲ ခေါ်ယူပြီး ပြုပြင်ပြောင်းလဲရေး ဖြစ်စဉ်နဲ့ ဖြေလျော့ရေးလုပ်ငန်းစဉ်တွေကို နိုင်ငံတကာ အသိုင်းအဝိုင်းက သို့လော သို့လော မဖြစ်အောင် ကြိုးစားခဲ့ပါတယ်။ တစ်ဖက်မှာလည်း တရုတ်နဲ့ ရှိရင်းစွဲ အကျိုးတူစီးပွား ပူးပေါင်းလုပ်ဆောင်တာတွေ ရှိနေဆဲဖြစ်ပါတယ်။

▄ မြစ်ဆုံကိစ္စ

သမ္မတဦးသိန်းစိန် လက်ထက်၊ မြစ်ဆုံ စီမံကိန်းနဲ့ပတ်သက်ပြီး လူထုရဲ့ ကန့်ကွက်ဆန္ဒပြမှုတွေ အားကြီးလာချိန်မှာ၊ မြန်မာဟာ တရုတ်ကို စတင် ငြင်းဆန်ဖို့ ဖြစ်လာခဲ့ပါတယ်။ နှစ်ကာလပေါင်းများစွာ၊ တရုတ်ရဲ့ ရင်ခွင်ပိုက် သစ္စာခံ အစိုးရအဖြစ် တည်ရှိလာခဲ့တဲ့ မြန်မာစစ်အစိုးရ တရုတ်က အပိုင်တွက်ဟန် တူပါတယ်။ စစ်ယူနီဖောင်းချွတ် အစိုးရဖြစ်တဲ့ ဦးသိန်းစိန်အစိုးရဟာ တရုတ်ရဲ့ဩဇာခံဖြစ်နေမြဲ ဖြစ်နေလိမ့်မယ်လို့ တရုတ်က မျှော်လင့်ဟန်တူ ပါတယ်။ သို့သော်လည်း မထင်တာ ဖြစ်လာခဲ့ပါတယ်။

သမ္မတဦးသိန်းစိန်ဟာ၊ တရုတ် – မြန်မာ ဖက်စပ် လုပ်ဆောင် တဲ့ မြစ်ဆုံစီမံကိန်းကို သူ့အစိုးရလက်ထက်မှာ ဆိုင်းငံ့ထားဖို့ တစ်ဖက်သတ် ဆုံးဖြတ်လိုက်ပါတယ်။ ဒီဖြစ်ရပ်ဟာ မြန်မာအပေါ် တရုတ်ထားရှိတဲ့ ပေါ်လစီအချိုးအကွေ့ တစ်ခုဖြစ်ခဲ့ပါတယ်။ မြန်မာမြေပေါ် ခြေချထားတဲ့ တရုတ်စီမံကိန်းတွေအပေါ် မြန်မာအစိုးရရဲ့ ဆုံးဖြတ်ချက်ကို ပြောင်းလဲဖို့၊ တရုတ်အတွက် ခက်ခဲခဲ့ပါတယ်။ သို့သော်လည်း တရုတ်ဟာ မြန်မာနဲ့ပတ်သက်ပြီး သူ့ရဲ့ ဆက်ဆံရေးလမ်းကြောင်းတွေကို ပိုပြီး ဖွင့်ကစားလာပါ တော့တယ်။

▄ လမ်းကြောင်း ဖြန့်ခင်း

မြန်မာပြည်တွင်းက နိုင်ငံရေးပါတီ အများအပြားနဲ့ တရုတ် ကွန်မြူနစ် ပါတီအကြား ဆက်ဆံရေးလမ်းကြောင်းတွေ ကို ခင်းလာတယ်။ အာဏာရပါတီနဲ့ ဆက်ဆံရေးကိုချည်း အဓိက ထားတာမျိုး မဟုတ်ဘဲနဲ့ မြန်မာပြည်တွင်းက နိုင်ငံရေးပါတီတွေနဲ့ ထိတွေ့ထားဖို့ ကြိုးစားလာခဲ့တာ တွေ့ရပါတယ်။ အထူးသဖြင့် ဦးသိန်းစိန်အစိုးရလက်ထက် နှောင်းပိုင်းကာလတွေမှာ၊ အတိုက်အခံပါတီဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို အထူး အာရုံပြုတာ တွေ့ရပါ တယ်။ ဒါ့အပြင် မြန်မာအစိုးရကို နှစ်ပေါင်းများစွာ ပုန်ကန်တော်လှန်နေတဲ့ လူမျိုးစုလက်နက်ကိုင်တွေအပေါ်မှာ လည်း၊ နိုင်ငံရေး ချိန်ခွင်လျှာ ထိန်းကျောင်းနိုင်အောင် တရုတ်ကိုယ်တိုင် ခလုတ်နှိပ်ခဲ့တဲ့ လုပ်ရပ်တွေ ရှိခဲ့ပါတယ်။

▄ လီဗာ အဖိအဖော့

ဘယ်အရေးမှာ အသိသာဆုံးလဲဆိုတော့ (၁) ဦးသိန်းစိန်အစိုးရလက်ထက် ငြိမ်းချမ်းရေးဖြစ်စဉ်ဖြစ်တဲ့ နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေးလုပ်ငန်းစဉ် (NCA)နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရလက်ထက် ၂၁ ရာစု ပင်လုံငြိမ်းချမ်းရေးညီလာခံ….တွေ အပေါ်မှာ ဖြစ်ပါတယ်။ မြန်မာပြည် ငြိမ်းချမ်းရေးဖြစ်စဉ်နဲ့ ပတ်သက်ပြီး တရုတ်ရဲ့သဘောထားအမြင်၊ တရုတ်ရဲ့အခန်းကဏ္ဍဟာ ဘယ်လောက်အရေးကြီးကြောင်း သိသာထင်ရှားခဲ့ပါ တယ်။ အထူးသဖြင့် လူမျိုးစုလက်နက်ကိုင်တွေနဲ့ တရုတ်အကြား ဆက်ဆံရေးလီဗာ အဖော့အဖိ ဘယ်လောက် ရှိကြောင်း သိသာနိုင်တဲ့ အခင်းအကျင်းဖြစ်ပါတယ်။

▄ အန်အယ်လ်ဒီအစိုးရ နဲ့ တရုတ်

၂၀၁၅ ရွေးကောက်ပွဲမှာ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ တောင်ပြိုကမ်းပြို အနိုင်ရရှိပါတယ်။ ပြည်သူ အများစုထောက်ခံမှုနဲ့ အစိုးရဖြစ်လာတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရနဲ့ တရုတ်အကြား ဆက်ဆံ ရေးစည်း မပေါက်ခဲ့ပါတယ်။ ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလမှာ တရုတ်သမ္မတ ရှီကျင့်ဖျင် ကိုယ်တိုင် မြန်မာပြည် ကို လာရောက်ခဲ့ပါတယ်။ မြန်မာအရပ်သားအစိုးရနဲ့ စီးပွားရေးစီမံကိန်းတွေ ထပ်တိုးလုပ်ဖို့ နားလည်မှု စာချွန်လွှာ (၃၃) ခု လက်မှတ်ရေးထိုးခဲ့ပါတယ်။ သို့သော်လည်း ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရဟာ၊ တရုတ်နဲ့ တည်ဆောက်လက်စ ကျောက်ဖြူစီမံကိန်းမှာ၊ စာချုပ် ပြောင်းလဲချုပ်ဆိုတာတွေ ရှိခဲ့ပါတယ်။

ဒီမိုကရေစီအရပ်သားအစိုးရလက်ထက်မှာတောင်၊ တရုတ်ဟာ မြန်မာနဲ့ ဆက်ဆံရေးကို လျစ်လျှူမရှုခဲ့တာ၊ တရုတ်မြန်မာ ဆက်ဆံရေး သွေးအေးသွားတာမျိုး မဖြစ်တာကို သတိချပ်နိုင်ပါတယ်။ တဖက်မှာလည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင် နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ဟာ၊ လက်တွေ့နိုင်ငံရေးမှာ မူနဲ့ အသေချုပ်တည်းမထားဘဲ၊ တရုတ်နဲ့ လက်တွေ့ကျတဲ့ဆက်ဆံမှုကို လုပ်လိုက်တာလည်းဖြစ်ပါတယ်။

▄ ထာဝရ အကျိုးစီးပွားသာ

တရုတ်ဟာ သူ့ရဲ့ အကျိုးစီးပွားကို အမြဲ အာရုံစိုက်နေတယ်ဆိုတာ သိသာပါတယ်။ ဒဿနပညာရှင် ဟီးဂဲလ် ပြောတဲ့၊ ထာဝရ မိတ်ဆွေ၊ ထာဝရ ရန်သူဆိုတာ မရှိဘူး။ ထာဝရ အကျိုးစီးပွားသာ ရှိတယ်ဆိုတဲ့ အယူအဆကို တရုတ်က သက်သေပြနေပါတယ်။ မြန်မာပြည်မှာ ဖြစ်လာတဲ့အစိုးရတိုင်းဟာ တရုတ်နဲ့ သင့်တင့်မျှတပြီး၊ တရုတ်အကျိုးစီးပွား ကို ဖျက်လိုဖျက်စီး မလုပ်ဖို့နဲ့ တရုတ်အကျိုးစီးပွား ချဲ့ထွင်ရေးမှာ မိတ်ဖက်ဖြစ်ဖို့ တရုတ်က အမြဲတမ်းလိုလို အာရုံထားပါတယ်။ သို့သော် လည်း မြန်မာ့နိုင်ငံရေးဟာ မတည်ငြိမ်ပါ။ ၂၀၂၁ ခုနှစ်၊ နှစ်ဦးပိုင်းမှာပဲ နိုင်ငံရေးအပြောင်းအလဲ ထပ်ဖြစ်ပါတယ်။

▄ မြန်မာမှာ အာဏာသိမ်းပြီ

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ (၁) ရက်နေ့ နံနက်ခင်း (၈) နာရီမှာပဲ၊ မြန်မာတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဦးဆောင်တဲ့ နိုင်ငံတော် စီမံအုပ်ချုပ်ကောင်စီကို ဖွဲ့စည်းပြီး နိုင်ငံတော်အာဏာကို အရပ်သားအစိုးရထံက သိမ်းယူလိုက်ကြောင်း ကြေညာပါတယ်။ မြန်မာပြည်ရဲ့ အာဏာသိမ်းဖြစ်စဉ်ဟာ တရုတ် မြန်မာအကြား ဆက်ဆံရေး အချိုးအကွေ့တစ်ခုလည်း ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။ အကြောင်းကတော့၊ နိုင်ငံတကာ ဇာတ်ခုံမှာ အာဏာသိမ်း စစ်ကောင်စီကို တရုတ်က ကျောထောက်နောက်ခံပေးထားလို့ ဖြစ်ပါတယ်။

▄ တရုတ် ရုရှား ဖအေများ

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်တဲ့ အာဏာသိမ်း စစ်ကောင်စီဟာ အာဏာသိမ်းဖြစ်ရပ်အတွက် နိုင်ငံတကာဖိအားကို ရှောင်ရှားနိုင်ဖို့၊ တရုတ်နဲ့ ရုရှားကို အားကိုးပါတယ်။ တရုတ်ကလည်း မြန်မာပြည်မှာ စီးပွားရေးအကျိုးစီးပွားတွေရှိနေတဲ့အတွက် လက်တွေ့နိုင်ငံရေးမှာ မြန်မာစစ်တပ်ကို လက်လွှတ်လို့ရတဲ့ အနေအထားမှာ ရှိမနေပါဘူး။ သို့သော်လည်း ထူးခြားတာက အာဏာသိမ်းကာလ (၇) လအတွင်းမှာ၊ မြန်မာစစ်တပ်ထိပ်ပိုင်းခေါင်းဆောင်တွေဖြစ်တဲ့ မင်းအောင်လှိုင်နဲ့ စိုးဝင်းတို့ဟာ ရုရှားနိုင်ငံကို စုစုပေါင်း​သုံးကြိမ် သွားရောက်ခဲ့ပါတယ်။ တရုတ်ကိုတော့ သူတို့ကိုယ်တိုင် သွားရောက်တာ မတွေ့ရပါ။

အထူးသဖြင့် စစ်ရေးပူးပေါင်းဆောင်ရွက်မှုနဲ့ စစ်ရေးနည်းပညာ လက်နက်ခဲယမ်းမီးကျောက် ဝယ်ယူမှုမှာ မြန်မာစစ်တပ်ဟာ တရုတ်ထက် ရုရှားကို အားကိုးဟန်တူတယ်၊ ရုရှားကို တရုတ်ထက် ပိုယုံကြည်ဟန်လည်း ပေါက်ပါတယ်။ သို့သော်လည်း တရုတ်ဟာ အိမ်နီးချင်း အင်အားကြီး နိုင်ငံဖြစ်တာတစ်ကြောင်း၊ မြန်မာနဲ့ စီးပွားရေးအရ အကျိုးတူစီးပွား ဖက်စပ် ပမာဏတွေ မြောက်မြားစွာ ရှိနေတာကြောင့်၊ တရုတ်နဲ့ ကင်းကွာလို့လည်း မရပါ။ မြန်မာစစ်တပ်စာ နိုင်ငံရေးနဲ့ စီးပွားရေးကဏ္ဍတွေမှာ တရုတ်ကို လက်တွဲထားပြီး၊ နိုင်ငံရေးနဲ့ စစ်ရေးကဏ္ဍမှာ ရုရှားကို ပိုလိုလိုလားလား ရှိကြောင်း သိသာပါတယ်။

▄ တရုတ် လေသံ ပြောင်း / မပြောင်း

အာဏာသိမ်း စစ်ကောင်စီအပေါ် လူထုရဲ့ တော်လှန်မှု၊ ပုန်ကန်မှု၊ ဆန့်ကျင်ကန့်ကွက်မှုတွေ အုံလိုက် ကျင်းလိုက် အချိန်ကြာညောင်းစွာ ရှိနေတဲ့ကြားထဲက၊ အာဏာသိမ်းစစ်ကောင်စီအပေါ် တရုတ်ရဲ့ ရပ်တည် ထောက်ခံပေးမှုဟာ မပြောင်းလဲခဲ့ပါဘူး။ ပြည်တွင်းရေးကို ပြည်တွင်းက လူတွေပဲ ရှင်းကြပါစေ…. ဆိုတဲ့ တရုတ်ရဲ့ လေသံဟာ …. ရုရှားနဲ့ မြန်မာစစ်ခေါင်းဆောင်တွေအကြား ခရီးသွားလာမှု ခပ်စိပ်စိပ် ရှိလာပြီး နောက်ပိုင်းမှာတော့ အနည်းငယ် ပြောင်းလဲလာတာတွေ့ရပါတယ်။ တရုတ်ရဲ့ လေသံပြောင်းလဲမှုမှာ၊ မြန်မာဒီမိုကရေစီလူထုရဲ့ တုံ့ပြန်မှုလမ်းစဉ် ကြောင့်လည်း ဖြစ်နိုင်ပါတယ်။

▄ လက်နက်ကိုင်လာကြ

စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုတွေကြောင့် မြန်မာစစ်တပ်ရဲ့ အထွေထွေ ဖိနှိပ်မှုနဲ့ အကြမ်းဖက် သတ်ဖြတ်ညှင်းပန်းမှုတွေကို ခံလာရတဲ့ မြန်မာလူထုဟာ လက်နက်ကိုင်လမ်းစဉ်နဲ့ တော်လှန်ဖို့ စိတ်ပိုင်း ဖြတ်လိုက်ကြပါတယ်။ ဒီလိုနဲ့ မြန်မာပြည်မှာ လက်နက်ကိုင် ပဋိပက္ခတွေ တောရောမြို့ပါ ပျံ့နှံ့လာပါတယ်။ မြန်မာပြည်မက ဒေသတွေမှာ လက်နက်ကိုင် ပုန်ကန်မှုတွေ ရှိလာသလို၊ မြို့ကြီးပြကြီး တွေမှာလည်း ဗုံးခွဲတိုက်ခိုက်မှုတွေ ရှိလာပါတယ်။ နေ့စဉ်နဲ့ အမျှ တောင်ပေါ်နဲ့ မြေပြန့်ဒေသတွေမှာ စစ်ရေးပဋိပက္ခ ပိုမိုတင်းမာလာတယ်။ နှစ်ဖက် သွေးထွက်သံယိုမှုတွေလည်း များပြားလာတယ်။

▄ တော်လှန်ရေးအစေးကပ်မှု အားကောင်းလာ

လက်နက်ကိုင်ပဋိပက္ခ ဒင်းကြမ်းပြည့်လာတဲ့ မြန်မာပြည် အခြေအနေဟာ ယခင်ကလို ပုံစံမျိုး မဟုတ်တော့ပါ။ တောထဲတောင်ထဲမှာ ဖြစ်တဲ့ တိုက်ပွဲတွေ၊ စစ်ပွဲတွေ မဟုတ်တော့ပါ။ ပြည်မ မြေပြန့်ဒေသမှာ တိုက်ပွဲတွေ နေ့စဉ် တစ်နေရာမဟုတ် တစ်နေရာ ရှိသလို မြန်မာစစ်တပ်အသိုင်းအဝိုင်းနဲ့ မြန်မာလူထုအကြား အကွဲအပြဲဟာ စေ့စပ်လို့ မရအောင် ကြီးထွားလာနေပါတယ်။ တစ်ဖက်မှာလည်း မြန်မာလူထုရဲ့ စုစည်းညီညွတ်အားဟာ အံ့မခန်း ဖြစ်ခဲ့ပါတယ်။

စစ်အာဏာရှင်စနစ်ကို တော်လှန်တဲ့ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့နဲ့ လူမျိုးစုလက်နက်ကိုင် အဖွဲ့တွေရဲ့ စေးကပ်မှု တစ်စုတစ်ဖွဲ့တည်း ဖြစ်လာပြီလို့ မပြောနိုင်သေးပေမယ့်၊ အင်မတန် နီးကပ်တဲ့ဆက်ဆံရေး ရှိနေပါတယ်။ ဖက်ဒရယ်ဒီမိုကရေစီတည်ဆောက်ရေးမူအပေါ်မှာ အခြေခံရပ်တည်ပြီး လက်နက်ကိုင်လမ်းစဉ်မှာ ပူးပေါင်း ဆောင်ရွက်တာတွေ အမြောက်အမြား ရှိလာပါတယ်။ ဒီဖြစ်ရပ်တွေကို တရုတ်ဟာ သိနေပါတယ်၊ နားလည်နေပါတယ်။

▄ တရုတ် အာဘော်

အာဏာသိမ်းမှုအပြီး ရက်ပေါင်း (၁၀၀) ကို ကျော်လွန်လာတဲ့အချိန်မှာတော့၊ တရုတ်ဟာ မြန်မာပြည်မှာ သွေးထွက်သံယိုဖြစ်မှုတွေကို မလိုလားကြောင်း၊ အာဆီယံရဲ့ မူဘောင် သဘောဖြစ်တဲ့ စေ့စပ်ညှိနှိုင်းအဖြေရှာရေးနဲ့ တွေ့ဆုံဆွေးနွေးရေးကို လုပ်ဆောင်ဖို့ လိုကြောင်း၊ မြန်မာပြည်တွင်းမှာ ဒေသတွင်း မတည်ငြိမ်မှုနဲ့ အကြမ်းဖက်မှုတွေကို မလိုလားကြောင်း၊ နိုင်ငံတကာရဲ့ မလျှော်ကန်တဲ့ကြားဝင်စွက်ဖက်မှုကို မလိုလားကြောင်း ထုတ်ဖော်ပြောဆိုပါတယ်။ တစ်ဖက်မှာလည်း နိုင်ငံတကာတပ်တစ်ခုခုက တရုတ်နဲ့ နီးစပ်တဲ့ အိမ်နီးချင်းနိုင်ငံရဲ့ မြေပေါ် ခြေချတာမျိုး၊ တရုတ်က နှစ်မြို့ဟန် မရှိပါ၊ လိုလားနှစ်သက်မှာလည်း မဟုတ်ပါ။

မြန်မာပြည်တွင်းက စစ်ရေးပဋိပက္ခကြီးမားလာရင် တရုတ်ရဲ့ အကျိုးစီးပွားကို တိုက်ရိုက်ထိခိုက်လာနိုင်တာကို တရုတ်က သိပါတယ်။ ဒါ့ကြောင့် နှစ်ဖက်ကို ထိန်းကျောင်းကို စတင်ကြိုးစားလာတာတွေ့ရပါတယ်။ ယခင်ကတော့ တရုတ်ဟာ မြန်မာစစ်တပ်ကို ပေါင်းသင်းထားနိုင်ရင်၊ တရုတ်ရဲ့ စီးပွားရေး အကျိုးစီးပွားအတွက် အာမခံချက် ရှိတယ်လို့ မြင်ဟန်တူတယ်။ သို့ပေမယ့် မြန်မာပြည်တွင်းက နွေဦးတော်လှန်ရေး လှုပ်ရှားမှုတွေမှာ လက်နက်ကိုင် ပဋိပက္ခတွေ ပြင်းထန်လာရုံမက၊ တော်လှန်ရေးအင်အားစုတွေဘက်က အတော်အတန် ခုခံတွန်းလှန်နိုင်တဲ့ အခြေအနေတွေကို မြင်တွေ့ချိန်မှာတော့၊ တရုတ်ဟာ အနည်းငယ် သတိချပ်လာနိုင်ဟန် တူတယ်။

▄ ဝေစား မျှစား

တရုတ်အကျိုးစီးပွားကို မြန်မာစစ်တပ်ဟာ အာမခံချက် အပြည့်အဝနဲ့ ကာကွယ်ပေးနိုင်မယ့် အနေအထားမှာ မရှိ၊ ဒါအပြင် အခြေအနေရ လက်တွဲထားပေမယ့် အခြေအနေကောင်းရင် တရုတ်ရင်ခွင်ကနေ ထွက်ခွာဖို့ လုပ်နိုင်တဲ့ မြန်မာစစ်တပ်ရဲ့ အကျင့်ကိုလည်း သိနေဟန် တူပါတယ်။ ဒီနေရာမှာ မြန်မာစစ်တပ်နဲ့ တရုတ်အကြား ခွာပြဲမှုတွေ ဖြစ်နိုင်သလားဆိုရင်၊ မဖြစ်နိုင်ပါ။ အကြောင်းကတော့ အကျိုးစီးပွားချင်း ပူးချည်တုပ်ထားလို့ ဖြစ်ပါတယ်။ သို့သော်လည်း မြန်မာစစ်တပ်ဟာ စစ်ရေးအရ မှီခိုမှု၊ အမှီသဟဲပြုမှုကို တရုတ်ထက် ရုရှားကို ပိုအာရုံပြုနေကြာင်း တရုတ်က သိပါတယ်။

▄ နှစ်ဖက်ခွပြီ

မြန်မာဒီမိုကရက်တစ်တော်လှန်ရေးအင်အားစုတွေမှာလည်း တရုတ်အထောက်အပံ့ခံနဲ့ မကင်းတဲ့ လူမျိုးစု လက်နက်ကိုင်တွေ ပူးပေါင်း တော်လှန်နေတာကြောင့်၊ တရုတ်အနေနဲ့ နှစ်ဖက်ခွ ထားမှ ကောင်းမယ်လို့ ယူဆတဲ့သဘောရှိပါတယ်။ ဒီနေ့ မြန်မာ့နွေဦးတော်လှန်ရေးရဲ့ အနေအထားကို ကြည့်လိုက်ရင်လည်း နှစ်ဖက်စလုံး အကျပ်အတည်းတွေနဲ့ ဘယ်သူ အသာစီးရနိုင်မှန်း မသိတဲ့ ၅၀ / ၅၀ အခြေအနေမှာ ရှိနေပါတယ်။ ဒါ့ကြောင့် တရုတ်ဟာ ၂၀၂၁ စက်တင်ဘာလထဲက ကျင်းပတဲ့ အွန်လိုင်းအစည်းအဝေး တစ်ခုမှာ၊ မြန်မာနိုင်ငံရေးပါတီတွေကို ဖိတ်ရင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီကိုပါ ထည့်သွင်း ဖိတ်ကြားတာကို တွေ့ရပါတယ်။ ပါတီကလည်း အွန်လိုင်းအစည်းအဝေးမှာ လက်ခံပြီး တက်ရောက်တာတွေ့ရပါတယ်။

▄ ရွေးချယ်နိုင်မှု ခွင် (ဂွင်)

တရုတ်ရဲ့ အစိုးရ – အစိုးရ အချင်းချင်း ဆက်ဆံရေး၊ ပါတီအချင်းချင်း ဆက်ဆံရေးဆိုတာဟာ ပေါ်လစီ တစ်ရပ်အနေနဲ့ လူးသာလွန့်သာ ရှိတဲ့အနေအထားလို့ ပြောလို့ ရပါတယ်။ အားပြိုင်တဲ့ဇာတ်ကောင်တွေ ကြားမှာ ဘယ်ဘက်ကို ပိုယိမ်းရမလဲဆိုတာ ရွေးချယ်နိုင်မှု ခွင် ပိုကျယ်တဲ့ သဘောကို တွေ့နိုင်ပါတယ်။ ဒါ့ကြောင့် တရုတ်အနေနဲ့ တစ်ဖက်က မြန်မာစစ်တပ်ကို ကျောထောက်နောက်ခံပြုထားသလို၊ မြန်မာ ဒီမိုကရက်တစ် တော်လှန်ရေးအုပ်စုနဲ့ ဆက်သွယ်ရေးလမ်းကြောင်း ဖောက်ထားရမယ်၊ တနည်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်နဲ့ မူလရှိထားပြီးသား ဆက်ဆံရေးကို မယိုယွင်းအောင် ထိန်းထားရမယ်လို့ သတိထား မိဟန်တူပါတယ်။ ဒါဟာ နိုင်ငံရေးအခင်းအကျင်းမှာ ဝိရောဓိဖြစ်နေတဲ့ issue တွေမှာ တရုတ်အနေနဲ့ ခွကိုင်ထားတဲ့ ပေါ်လစီပဲဖြစ်ပါတယ်။

လက်တွေ့အရ မြေပြင်မှာ မဟာမိတ်သဘော ပူးပေါင်းဆောင်ရွက်မှု လုပ်ကြခြင်း၊ မလုပ်ကြခြင်းဆိုတာကို အပထား…၊ မိမိနဲ့ ဆန့်ကျင်ဘက် အင်အားစုတွေကို ဆက်သွယ်ရေး လမ်းကြောင်းတွေ ဖောက်ထားခြင်းဟာ မျက်စိနဲ့ နားကို ဖွင့်ထားခြင်းဖြစ်လို့၊ ပေါ်လစီ အတိမ်းအယိမ်းမှာ မှားနိုင်ချေ နည်းတယ်လို့ တရုတ်က ယူဆဟန်တူပါတယ်။

▄ အကျိုးစီးပွား ကစားပွဲ

ဘာလိုပဲပြောပြော၊ တကယ့်နိုင်ငံရေးဆိုတာ အကျိုးစီးပွားတွေကို တည်ပြီး ကစားကြတဲ့ ပွဲဖြစ်ပါတယ်။ ကိုယ့်အကျိုးစီးပွားအတွက် အသာစီးရရင်၊ ထာဝရ ရန်သူ ထာဝရ မိတ်ဆွေ မလုပ်….၊ ထာဝရ အကျိုးစီးပွားကိုသာ မိတ်ဖက်ထားကြောင်း သိသာနေပါတယ်။

မြန်မာပြည်တွင်းမှာ စီးပွားရေးရင်းနှီးမြှုပ်နှံမှုတွေ မြောက်မြားစွာ ရှိနေတဲ့တရုတ်အဖို့ မြန်မာပြည်ဟာ ပဋိပက္ခဇုန် ဖြစ်လာတဲ့အခါ၊ သူ့အကျိုးစီးပွားကို စီမံခန့်ခွဲမှုဟာ ခက်ခဲလာပါတယ်။ ဒီ့အတွက် မြန်မာပြည်တွင်းက နိုင်ငံရေး stakeholder တွေကို နှစ်ဖက်ခွ ပေါ်လစီနဲ့ ပေါ်ပေါ်ထင်ထင် တစ်မျိုး၊ မသိမသာ တစ်ဖုံ… ဆက်လက်ကစားကွက် ထွင်နေမှာ ဖြစ်ကြောင်း တင်ပြလိုက်ရပါတယ်။ မိမိတို့ဘက်ကလည်း ကစားကွက်ကြားမှာ လည်မသွားဘဲ၊ တန်ပြန်ကစားနိုင်မယ့် နိုင်ငံရေးအမြော်အမြင်တွေ လိုအပ်ကြောင်း တင်ပြလိုက်ရပါတယ်…။

မင်းသေ့ (ဆောင်းပါး)

ဖက်ဒရယ် ဂျာနယ်

စက်တင်ဘာလ ၁၀ ရက်၊ ၂၀၂၁

ဒေါင်းလုတ်ဆွဲယူဖတ်ရှုနိုင်ဖို့၊ လင့်ခ် ပေးထားလိုက်ပါတယ်။

PDF Free Download Link:

https://www.mediafire.com/…/China_approach_on…/file

Related Articles

Back to top button