တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ

ဒီးမော့ဆိုမြို့နယ်အတွင်း တိုက်ပွဲပြင်းထန်နေ

ဒီးမော့ဆိုမြို့နယ်အတွင်း တိုက်ပွဲပြင်းထန်နေပြီး ထိခိုက်ကျဆုံးမှု အတည်မပြုနိုင်သေးကြောင်း သိရသည်။

ဖက်ဒရယ် ဂျာနယ်၊ စက်တင်ဘာ ၂၀ ရက်၊ ၂၀၂၁

ကရင်နီပြည်နယ် ဒီမော့ဆိုမြို့နယ်အတွင်း ဒေါပိုးစီကျေးရွာအနီးတစ်ဝိုက်မှာ နေ့ခင်း ၁၂ နာရီဝန်းကျင်မှာ ကရင်နီ ပူးပေါင်းတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ခဲ့ပြီး ထိခိုက်ကျဆုံးမှုကို အတည်မပြုနိုင်သေးဘူးလို့ KNDF သတင်းနှင့်ပြန်ကြားရေးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“တိုက်ပွဲဖြစ်တာအမှန်ပါ ဒီနေ့ ၁၂ ဝန်းကျင်လောက်မှာစဖြစ်တယ်။ ဒေါပိုးစီနားတစ်ဝိုက် ဖြစ်တယ်။ စစ်တပ်က လက်နက်ကြီးနဲ့ပစ်တယ် တိုက်ပွဲဖြစ်တာတော့ အမှန်ပါပဲ။ ဒါပေမယ့် ရဲဘော်ကျလားမကျလားဆိုတာတော့ ခုချိန်ထိ အတည်ပြုလို့မရသေးပါဘူး။ စစ်တပ်ကရမ်းသန်းပစ်လိုက်လို့ ကုန်းသာရွာမှာ လက်နက်ကြီး ကျတယ်။ ရွာသားတစ်ယောက် ဒဏ်ရာရတယ်ဆိုတာလည်း အွန်လိုင်းပေါ်မှာရေးသားနေတာတွေ့ရတယ်ပေါ့လေ ဒါပေမယ့် ဘယ်သူဘယ်ဝါအတည်ပြုလို့ မရသေးဘူး။ ဒီနေ့တိုက်ပွဲအခြေအနေကတော့ အလွန်ပြင်းထန်တယ်ပြောရမယ်။ ဘာလို့လဲဆိုရင် စစ်ကောင်စီတပ်ဖက်က အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင် လာတဲ့အတွက် အပြန်အလှန်ပစ်ခတ်ကြတဲ့ အနေအထားမျိုးဖြစ်တယ်။ တိုက်ပွဲက တော်တော်ပြင်းထန်မယ့် အနေအထားမျိုးမှာ ရှိတယ်။ ဒီညကလည်း တိုက်ပွဲတွေဆက်ဖြစ်မယ့် အလားအလာရှိပါတယ်။” လို့ KNDFသတင်းနှင့်ပြန်ကြားရေးဌာနမှ တာဝန်ရှိသူတစ်ဦး ပြောကြားချက်အရ သိရသည်။
စစ်ကောင်စီတပ်က လက်နက်ကြီးရမ်းသန်းပစ်ခတ်မှုကြောင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်အချို့ ထိခိုက်ဒဏ်ရာရရှိထားပြီး ဒီမော့ဆိုမြို့နယ်အတွင်းရှိ ပြည်သူ့နေအိမ်အချို့ ထိခိုက်ပျက်စီးတဲ့အပြင် ပြည်သူတစ်ဦး လက်နက်ကြီး အပိုင်းအစထိမှန်ကာ ဒဏ်ရာရရှိခဲ့တယ်လို့လည်း သိရသည်။

တိုင်းရင်း မီဒီယာ ကန္တာရဝတီတိုင်း(မ်) ၏ သတင်းအရင်းအမြစ်ကို အခြေပြု ကိုးကား တင်ဆက်သည်။

Related Articles

Back to top button