၁။ ထားဝယ်မှာ နေအိမ်တွေဝင်ဖောက်တဲ့ စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီး ၁၀ ဦးသေဆုံး
August 1, 2024
တနင်္သာရီတိုင်း ထားဝယ်မြို့နယ် မောင်မယ်ရှောင်ကျေးရွာရှိ ဒေသခံနေအိမ်တွေကို ဝင်ဖောက်တဲ့ စစ်ကောင်စီတပ် တိုက်ခိုက်ခံရတာကြောင့် ၁၀ ဦး သေဆုံးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက ထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင် ၂၄ ရက်နေ့က အဲ့ဒီကျေးရွာထဲကို တပ်အင်အား ၇၀ ကျော်ပါတဲ့ စစ်ကောင်စီတပ် ဝင်ရောက်လာပြီးနောက် ဒေသခံတွေ နေအိမ်တွေကို ဝင်ရောက်ဖောက်ထွင်းနေတယ်ဆိုတဲ့ သတင်းအရ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက သွားရောက် တိုက်ခိုက်ခဲ့တာပါ။ အဲဒီတိုက်ခိုက်မှုမှာ နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှု မိနစ် ၂၀ နီးပါးကြာ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က အလစ်ငိုက်သွားတဲ့အတွက် ထိခိုက်သေဆုံးမှု များပြားခဲ့တာ ဖြစ်တယ်လို့ ရေဖြူမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပြန်ကြား ရေးတာဝန်ခံက ပြောပါတယ်။ အဲဒီတိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်က တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး အရာရှိတစ်ဦးအပါအ ဝင် ရှစ်ဦးဒဏ်ရာရရှိခဲ့ပြီး ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ဘက်က ထိခိုက်မှုမရှိဘူးလို့ဆိုပါတယ်။ ဒီတိုက်ခိုက်မှုမှာ ရေဖြူမြို့ နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အပါအဝင် DNLA၊ TPLF၊ ဧဒင်မူး ထား ဝယ်ပကဖ၊ DGRF ၊ သာဂရစစ်ကြောင်းပူးပေါင်းတပ်ဖွဲ့တို့ ပါဝင်ပါတယ်။
မောင်မယ်ရှောင်ကျေးရွာမှာ ငါးရက်ကြာ တပ်စွဲပြီး ဒေသခံနေအိမ်တွေကို ဝင်ရောက်ဖောက်ထွင်းခဲ့တဲ့ စစ်ကောင်စီတပ် ဟာ တိုက်ခိုက်ခံရပြီးနောက် ဇူလိုင် ၂၈ ရက်နေ့မှာ စစ်ကြောင်းပြန်ထွက်သွားတယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။ အဲဒီ စစ်ကြောင်းဟာ မောင်မယ်ရှောင်ကျေးရွာက ဒေသခံ ၃ ဦးထက်မနည်းဖမ်းဆီးခဲ့ပြီး အဲဒီထဲက အသက် ၂၅ နှစ်အရွယ် ကိုဇော်ဇော် ဟာ လက်ရှိအချိန်အထိ သတင်းအစနမရဘဲ ပျောက်ဆုံးနေကာ ကျန်ဒေသခံတွေကတော့ ပြန်လွတ်လာပြီလို့ သိရပါတယ်။ မောင်မယ်ရှောင်ကျေးရွာမှာ စစ်ကောင်စီတပ်မကြာခဏစစ်ကြောင်းထိုးတာနဲ့တပ်စွဲနေထိုင်မှုတွေကြောင့် ဒေသခံပြည်သူအများ စုဟာ လွန်ခဲ့တဲ့ နှစ်လကတည်းက နေရပ်စွန့်ခွာထွက်ပြေးတိမ်း ရှောင်သွားပြီး လက်ရှိအချိန်အထိ နေရပ်မပြန်ရဲကြသေးပါဘူး။ Read in Full
၂။ မြစ်ကြီးနား – ဆွမ်ပရာဘွမ်လမ်းပိုင်းရှိ စစ်ကောင်စီတပ်စခန်း သုံးခုကို KIA သိမ်းပိုက်
August 2,2024
မြစ်ကြီးနားမြို့ နယ်တီယန်ဇွပ် ကျေးရွာရှိ စစ်ကောင်စီတပ်စခန်းများကို ယနေ့(ဩဂုတ် ၂)နံနက်တွင် သိမ်းပိုက်နိုင်ပြီဖြစ်ကြောင်း ကချင်လွတ်လပ်ရေးတပ်မတော် (KIA) သတင်းပြန်ကြားရေးဌာနတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူ က အတည်ပြုသည်။ မြစ်ကြီးနား – ဆွမ်ပရာဘွမ်လမ်းပိုင်းရှိ တီယန်ဇွပ်ကျေးရွာ စစ်ကောင်စီတပ်စခန်းများကို KIA ပူးပေါင်းတပ်က ယမန်နေ့(ဩဂုတ် ၁ ရက်) တွင် စတင်ထိုးစစ်ဆင်ခဲ့ရာ ယနေ့တွင် အပြီးသတ်သိမ်းနိုင်ခဲ့ခြင်းဖြစ် သည်။ ယင်းဒေသ၌ စစ်ကောင်စီ စခန်း ၃ ခုရှိသည့်အနက် တပ်စခန်း ၂ ခုကို ယနေ့နံနက် ၈ နာရီကျော်တွင် သိမ်းရပြီးကျန် တစ်ခုကို ၉ နာရီ နောက်ပိုင်းတွင် သိမ်းနိုင်ခဲ့ဟု ဗိုလ်မှူးကြီးနော်ဘူ က ပြောသည်။ ” အားလုံးကတော့ အပြီး အစီးသိမ်းရပါပြီ။ အဲဒီ စခန်းတွေက မြစ်ကြီးနား – ဆွမ်ရာဘွမ် ကားလမ်းပေါ်မှာ တည်ဆောက်ထားတဲ့ စခန်းဖြစ်ပါတယ်။ လမ်းလုံခြုံရေးယူထားတဲ့ စခန်းလည်း ဖြစ်ပါတယ်။ နောက် စက်လှေနဲ့ မလိခမြစ်ကိုတက်သွားတဲ့ ဆင်းသွားတဲ့လမ်းကြောင်း လမ်းခွဲနေရာလည်းဖြစ်ပါတယ်။ အဲဒီကနေ ကျနော်တို့ KIA တပ်မဟာ(၁) နယ်မြေဘက်ကို တက်သွားတဲ့ စက်လှေတွေအားလုံးက အဲဒီနေရမှာ စစ်ဆေးခံရတာ ပြည်သူလူထုသွားလာ တဲ့နေရာမှာလည်း သူတို့က စစ်ဆေးပြီးမှ အမြဲတမ်းငွေတွေတောင်းတာ အနှောက်အယှက်ပေးတာ။ တော်တော်လည်း ပြည်သူ လူထုအတွက် အနှောက်အယှက်ပေးတဲ့ စခန်းတွေဖြစ်ပါတယ်”ဟု ဗိုလ်မှူးကြီးနော်ဘူ က ပြောပါတယ်။
မြစ်ကြီးနား-ဆွမ်ပရာဘွမ်လမ်း၌ စစ်ကောင်စီတပ်စခန်းအချို့ဆက်ကျန်နေသေးပြီး ယနေ့တွင်အင်ဆွပ်ဇွပ်စစ်ကောင်စီ စခန်းအား စတင်တိုက်နေပြီလားဆိုသည်ကို စုံစမ်းဆဲဖြစ်ကြောင်း ဗိုလ်မှူးကြီးနော်ဘူ က ပြောသည်။ တီယန်ဇွပ် တပ်စခန်းသိမ်းတိုက်ပွဲများအတွင်း လက်နက်ခဲယမ်းများရရှိခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်ကလည်း အသိပေးသည်။ KIA သတင်းပြန် ကြားရေးဌာနကလည်း တီယန်ဇွပ်စခန်းအား KIA တပ်မဟာ(၁) ပူးပေါင်းတပ်က တိုက်ခိုက်နေမှုကို ယမန်နေ့ ညပိုင်းက အသိပေး ထားသည်။ ခလရ (၅၈) တပ်ဖွဲ့ဝင်များအထိုင်ချထားသည့် တီယန်ဇွပ်ကျေးရွာမှ စစ်ကောင်စီတပ်များသည် ခရီးသွားပြည်သူများ ကိုတင်းကြပ်စွာစစ်ဆေးခြင်း၊ အခွန်မတရားတောင်းခံခြင်း ပြလုပ်နေသည့်တပ်စခန်းများဖြစ်ကြောင်းဖော်ပြသည်။ ထို့ပြင် အဆို ပါတပ်များသည် မြစ်ကြီးနား-ဆွမ်ပရာဘွမ်လမ်း၌ စစ်ရေးလှုပ်ရှားမှုများရှိသကဲ့သို့ ပူတာအိုဘက်မှလည်း ဆွမ်ပရာဘွမ်ဘက်သို့ စစ်အင်အားဖြည့်တင်းမှုများ လုပ်ဆောင်ခဲ့၍ တိုက်ပွဲများဖြစ်ပွားနေကြောင်း KIA သတင်းပြန်ကြားရေးက ဖော်ပြထားသည်။ Read in Full
၃။ မောင်တောမှာ ARSA အဖွဲ့ ပစ်ခတ်မှုကြောင့် အရပ်သား ငါးဦးသေဆုံး
August 1, 2024
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်းမှာ ဇူလိုင်လ ၃၁ ရက်နေ့ညနေက အရပ်သားကားတစ်စီးကို အာရကန် ရိုဟင်ဂျာကယ်တင်ရေးတပ်မတော်လို့ နာမည်ပေးထားတဲ့ (ARSA)အဖွဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ငါးဦးသေဆုံး ပြီး နှစ်ဦးအပြင်းအထန် ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ထိခိုက်သေဆုံးသူတွေက ဘူးသီးတောင်မြို့က ဒေသခံ တွေဖြစ်ပြီး ကြိမ်ချောင်းရွာကို ကုန်ပစ္စည်းတွေသွားဝယ်ရာမှာ ရွှေတောင်ရွာကြားနဲ့ ကျီးကန်းပြင်ရွာကြား ကားလမ်းမပေါ်မှာ အပစ်ခံရတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးကပြောပါတယ်။ “မနေ့က အပစ်ခံရတာပါ။ အာဆာအဖွဲ့က ကားအလာကို စောင့်ပြီးပစ်တာ။ လူခုနစ်ယောက်ပါသွားတာ။ ငါးယောက်ကပွဲချင်းပြီးသေသွားတယ်။ နှစ်ယောက်လည်း ဒဏ်ရာ အပြင်းအထန်ရတယ်။ သေသွားတဲ့အထဲမှာ ကျောင်းဆရာမတစ်ယောက်ပါသွားတယ်။ ကျန်တာကအမျိုးသားတွေပဲ။ အကုန်လုံး က သေနတ်ဒဏ်ရာရကြတာပါ” သေဆုံးသူတွေက ဘူးသီးတောင်မြို့ အမှတ်(၄) ရပ်ကွက်က ကျောင်းဆရာမ ဒေါ်စိန်လှ၊ ဦးဇော်ဇော်မင်း၊ ဦးအောင်မြစံ၊ ဦးအောင်မျိုးစံနဲ့ ဦးကျော်မင်းတို့ဖြစ်ပြီး ဦးမောင်မောင်ချေနဲ့ ဦးမျိုးသန်း တို့ကတော့ဒဏ်ရာအပြင်း အထန်ရခဲ့တာပါ။ ဒဏ်ရာရသူတွေကို အာရက္ခတပ်တော် (AA)က ဆေးကုပေးနေတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။
မောင်တောမြို့နယ်မှာ မကြာခဏဆိုသလို ရခိုင်တိုင်းရင်းသားတွေနဲ့ အစ္စလာမ်ဘာသာဝင် မဟုတ်သူတွေကို အာဆာ အဖွဲ့က ဖမ်းဆီးတာ၊ သတ်ဖြတ်တာနဲ့ လုယက်တာတွေ လုပ်နေတာကြောင့် သူတို့လုံခြုံရေးအတွက် စိုးရိမ်နေကြတယ်လို့ ဒေသခံတွေက ဆိုပါတယ်။ ဇူလိုင် ၁၈ ရက်နေ့ကလည်း ဘူးသီးတောင်မြို့နယ်က စစ်ဘေးဒုက္ခသည် ခမီလူမျိုး ခုနစ်ဦး တောထဲဟင်းရှာသွားချိန်မှာ မွတ်စလင်လက်နက်ကိုင်တွေက ရက်ရက်စက်စက် ဖမ်းဆီးသတ်ဖြတ်ခဲ့တယ်လို့ AA က သတင်းထုတ်ပြန် ထားပါတယ်။ အရပ်သားပြည်သူတွေကို အကြမ်းဖက်မှု ကျူးလွန်နေတဲ့ သူတွေကို အမြန်ဆုံးရှာဖွေဖော်ထုတ်ပြီး ထိုက်သင့်တဲ့ တုံ့ပြန်မှုတွေ လုပ်ဆောင်သွားမယ်လို့လည်း AA က ဆိုပါတယ်။ Read in Full
၄။ မင်းတပ်မြို့နယ်တွင် စစ်ကောင်စီက တိုက်လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်၊ပြည်သူတဦး ထိခိုက်ဒဏ်ရာရ
August 1, 2024
ချင်းပြည်နယ်တောင်ပိုင်း၊မင်းတပ်မြို့ နယ် မင်းတပ်-မတူပီလမ်းမကြီးတလျှောက်အား စစ်ကောင်စီက တိုက်လေယာဉ် ဖြင့်ဗုံးကျဲတိုက်ခိုက်ခဲ့သောကြောင့် ပြည်သူတဦးထိခိုက်ကာ နေအိမ်(၂) လုံးပျက်စီးခဲ့သည်ဟု CDF-Mindat ကပြော ရေးဆိုခွင့်ရှိ သူ ကိုယောမာန် က ပြောသည်။ “ဇူလိုင် (၃၁) ညနေ ခြောက်နာရီမှာ လေကြောင်းနဲ့ တိုက်လေယာဉ် နဲ့ ဗုံးကျဲသွားတာပါ။ နေအိမ် ပျက်စီးတာနဲ့ အရပ်သားတဦး အနည်းကျဉ်းဒဏ်ရာရပါတယ်၊ ဘာမှတော့ ကြီးကြီးမားမားမဖြစ်ပါဘူး။” ဟု ကိုယောမာန် က ပြောသည်။ မင်းတပ်မြို့နယ်၊တိုက်နယ်အမှတ် (၃) မင်းတပ်-မတူပီလမ်းမကြီး မိုင် တိုင်အမှတ် (၂၀)ဝန်းကျင်တနေရာကို ဇူလိုင် ၃၁ ရက်ညနေပိုင်းတွင် စစ်ကောင်စီကနှစ်ကြိမ်ထက်မနည်း လေကြောင်း ဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ ဇူလိုင်လ (၃၀) ရက်နေ့ တွင်လည်း မင်းတပ်မြို့နှင့် (၅) မိုင်အကွာအဝေးတွင်ရှိသည့် တိုက်နယ်အမှတ် (၃) ကျေးရွာ အပြင်ဖက်အား မင်းတပ်မြို့ပေါ် အထိုင်ချတပ်စွဲသည့် ခလရ ၂၇၄ တပ်ရင်းမှ ဒရုန်းဖြင့် တိုက်ခိုက်မူ ပြုလုပ်ခဲ့ သောကြောင့် နေအိမ်တလုံး ပျက်စီးခဲ့သည်။
မင်းတပ်မြို့နယ် စစ်ဘေးရှောင်တဦးက”လက်နက်ကြီးနဲ့ပစ်တာ (၄)ကြိမ် လောက်ကြားတယ်၊ အခုချိန်မှာတော့ ညနေ ပိုင်းတွေဆိုရင် လှမ်းပစ်တယ်မင်းတပ်မြို့ပေါ်က ခလရ (၂၇၄) တပ်ရင်းကနေ လက်နက်ကြီးနဲ့ မြို့ပတ်ဝန်း ကျင်တွေ၊ ကျေးရွာ တွေကိုလည်း ရမ်းသမ်းပြီးပစ်တယ်။”ဟု ပြောသည်။ မင်းတပ်မြို့နယ်တွင် စစ်ကောင်စီသည် ပြီးခဲ့သည့်ဇူလိုင်လအတွင်း လေ ကြောင်းတိုက်ခိုက်မူ အကြိမ်ကြိမ်ပြုလုပ်ခဲ့ကာ ဘောင်ကျေးရွာမှ အရပ်သားတဦးသေဆုံးခဲ့ပြီး တဦးဒဏ်ရာရရှိခဲ့သည့်အပြင် ဘုန်းကြီးကျောင်း ပျက်စီးခဲ့သည်ဟု သိရသည်။ ဧပြီလအတွင်း မင်းတပ်မြို့နယ်တွင် လေကြောင်းနှင့် လက်နက်ကြီးပစ်ခတ်မူ ကြောင့် CDF-မင်းတပ် ရဲဘော် (၂) အရပ်သား (၃) ဦးသေဆုံးကာ ပြည်သူ (၃၁) ဦး ထိခိုက်ဒဏ်ရာရှိခဲ့သည့်အပြင် ဝမ္မသူးဆေးရုံး အပါအဝင် ခရစ်ယာန်ဘုရားကျောင်း (၂) လုံး၊ စာသင်ကျောင်း (၁) လုံးနှင့် လူနေအိမ် (၂၄) လုံးပျက်စီးခဲ့ရသည်။
၅။ မိုးမိတ် စစ်ကောင်စီတပ် ဗျူဟာကုန်းနှင့် တပ်ရင်းအားလုံးကို TNLA နှင့် ပူးပေါင်းတပ်ဖွဲ့ သိမ်းပိုက်
August 1, 2024
သျှမ်းပြည် မိုးမိတ်မြို့နယ်ရှိ စစ်ကောင်စီတပ်လက်ကျန် ဗျူဟာကုန်းနှင့် တပ်ရင်းအားလုံးတို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နှင့် ပူးပေါင်းတပ်ဖွဲ့တို့က တိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်း စုံစမ်းသိရသည်။ (ဇူလိုင်လ ၃၁ ရက်) နံနက် ၁၁ နာရီခန့်မှ စတင်ပြီး မိုးမိတ်မြို့အခြေစိုက် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် (မပခ) လက်အောက်ခံ အခြေချစစ်ဗျူဟာ၊ စခက-(၂၁)၊ ခလရ-(၂၂၃၊ ၂၇၆)နှင့် ခမရ-(၃၄၈) တပ်ရင်းများအားလုံးကို TNLA နှင့် ပူးပေါင်းတပ်ဖွဲ့တို့က တိုက်ခိုက်သိမ်းပိုက် နိုင်ခဲ့ကြောင်း TNLA သတင်းနှင့် ပြန်ကြားရေးဌာနမှူး လွေးယေဦးက အတည်ပြုသည်။“မနေ့ ဇူလိုင် ၃၁ ရက်နေ့မှာ စစ်ကောင်စီ တပ်စခန်း စကခ-၂၁(မပခ)၊ ခလရ-၂၂၃၊ ခလရ-၂၇၆၊ ခမရ-၃၄၈ တို့ သိမ်းပိုက် နိုင်ခဲ့ပါတယ်”ဟု TNLA သတင်းနှင့် ပြန်ကြားရေးဌာနမှူး လွေးယေဦးက ပြောသည်။ မိုးမိတ်မြို့အခြေစိုက် စစ်ကောင်စီ လက်အောက်ခံ တပ်စခန်းအား လုံးကို တိုက်ထုတ်နိုင်ပြီး မိုးမိတ်မြို့နယ် တစ်ခုလုံးကို TNLA နှင့်ပူးပေါင်းတပ်များက အပြည့်အဝထိန်းချုပ်ထားနိုင်ပြီဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။
မိုးမိတ်မြို့နယ်တွင် တိုက်ပွဲဖြစ်ပွားခဲ့သည့် ဗျူဟာကုန်းနှင့် ဒိုးပင်ရွာတို့တွင် စစ်ကောင်စီတပ်က Y-12 ထောက်ပို့ ရဟတ်ယာဉ်ဖြင့် ဗုံး (၆၀) ခန့် လာရောက်ကြဲချ တိုက်ခိုက်ခဲ့ကြောင်း TNLA ဘက်မှ ထုတ်ပြန်ထားသည်။ ပြီးခဲ့သည့် ဇွန်လ ၂၅ ရက်က ပြန်လည်စတင်ခဲ့သည့် “၁၀၂၇ စစ်ဆင်ရေး” ဒုတိယပိုင်းတွင် TNLA နှင့် PDF ပူးပေါင်းတပ်များ သည် နောင်ချို၊ မိုးကုတ်နှင့် မိုးမိတ် မြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းများကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီးနောက် နောက် ထပ် (၃) မြို့ကို ထိန်းချုပ်ထားနိုင်သည်။ လက်ရှိတွင် TNLA တပ်ဖွဲ့ကထိန်းချုပ်ထားနိုင်သည့်မြို့များမှာ (၁၀) မြို့အထိရှိလာပြီး ကျောက်မဲနှင့်သီပေါမြို့နယ်ရှိ စစ်ကောင်စီ တပ်စခန်းများကိုလည်း ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိသည်။ Read in Full
၆။ ရေးမှာ စစ်ကောင်စီတပ်စွဲထားတဲ့ နေရာနှစ်ခု တိုက်ခိုက်ခံရ
August 2, 2024
မွန်ပြည်နယ် ရေးမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ပြည်သူ့စစ်အဖွဲ့တွေ လာရောက်တပ်စွဲထားတဲ့ နေရာနှစ်ခုကို တော်လှန် ရေး အင်အားစုပူးပေါင်းတပ်ဖွဲ့တွေ ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။ ဇူလိုင် ၃၁ ရက်နေ့ ည ၈ နာရီအချိန်ခန့်မှာ ရေးမြို့နယ် နှစ်ကရင်ကျေးရွာထိပ်မှာ ဝင်ရောက်တပ်စွဲထားတဲ့ တပ်အင်အား ၄၀ နီးပါးရှိတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့တာပါ။ သြဂုတ် ၁ ရက်နေ့ နေ့လည် ၁၂ နာရီအချိန်ခန့်မှာ လည်း ရေးမြို့နယ် နှင်းစုံကျေးရွာ ဘုရားကုန်းမှာ ဝင်ရောက်တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို KNLA ဦးဆောင်တဲ့ တော်လှန်ရေး တပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့တဲ့အတွက် နှစ်ဖက်တိုက်ပွဲ အချိန်တစ်နာရီနီးပါးကြာ ဖြစ်ပွားခဲ့တာပါ။ အဲဒီတိုက်ခိုက်မှုတွေ အတွင်း ရေးမြို့နယ်အခြေစိုက် စစ်ကောင်စီတပ်ရင်းတွေကနေ လက်နက်ကြီး အဆက်မပြတ်ပစ်ကူပေးခဲ့ပြီး နှစ်ဖက်ထိခိုက် သေဆုံးမှု အခြေအနေအသေးစိတ် မသိရသေးပါဘူး။
မွန်ပြည်သစ်ပါတီ စစ်အာဏာရှင်တိုက်ဖျက်ရေးအဖွဲ့ NMSP AD ပြောခွင့်ရ နိုင်ဗညားမွန် ကတော့ လက်ရှိတိုက်ပွဲနဲ့ ပတ်သက်ပြီး မြေပြင်တပ်ဖွဲ့တွေ သတင်းပို့လာခြင်း မရှိသေးတဲ့အတွက် အခြေအ နေ အသေးစိတ်မသိသေးဘူးလို့ ပြောပါတယ်။ စစ်ကောင်စီတပ်ဟာ အမှတ် ၈ ပြည်ထောင်စုလမ်းပိုင်းဖြစ်တဲ့ သံဖြူဇရပ် – ရေး -ထားဝယ်လမ်းပိုင်း ပြန်လည်ထိန်းချုပ်နိုင်ဖို့ အတွက် ပြီးခဲ့တဲ့ဇူလိုင်ဒုတိယအပတ်ကစပြီး အဲဒီလမ်းပိုင်းတလျှောက် စစ်ကြောင်းထိုးတာ၊ ဗျူဟာအရ တပ်စွဲနေယူတာတွေ လုပ်ဆောင်နေပါတယ်။ သံဖြူဇရပ်-ရေး-ထားဝယ်လမ်းပိုင်း တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ဒေသခံတွေနဲ့ခရီးသွား တွေကို ဖုန်းနဲ့ဆိုင်ကယ် စစ်ဆေးတာတွေ လုပ်ဆောင်နေပြီး ဖြတ် သန်းသွားလာခွင့် ကန့်သတ်တာတွေ ရှိနေတယ်လို့ ဒေသခံ တွေရဲ့ ပြောပြချက်အရ သိရပါတယ်။ တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့တွေကတော့ သံဖြူဇရပ် – ရေး -ထားဝယ်လမ်းပိုင်း မှာ တိုက်ပွဲတွေ ပိုမိုပြင်းထန်လာနိုင်တဲ့အတွက် ပြည်သူတွေအနေနဲ့ အထူးသတိထား သွားလာကြဖို့ မေတ္တာရပ်ခံထားပါတယ်။ Read in Full
၇။ မောင်တောမှာ ဆန်တစ်အိတ်ကို ၅ သိန်းထိ ဈေးမြင့်တက်နေ
August 1, 2024
အာရက္ခတပ်တော် (AA)က အပြီးသတ်သိမ်းပိုက်ရန် ထိုးစစ်ဆင်နေသည့် ရခိုင်ပြည်၊ မောင်တောမြို့နယ်တွင် ဆန်တစ် အိတ်ကို ငွေကျပ် ၅ သိန်းအထိ ဈေးမြင့်တက်နေကြောင်း သိရသည်။ ကုန်စည်စီးဆင်းမှုမရှိ၍ ရိက္ခာများပြတ်လပ်လာသဖြင့် ကုန် ဈေးနှုန်းများ အဆမတန်မြင့်တက်ကာ ဒေသခံများမှာ စားဝတ်နေရေးအခက်အခဲနှင့် ရင်ဆိုင်နေရကြောင်း စစ်ဘေးရှောင် အမျိုး သမီးတစ်ဦးက ပြောသည်။“လက်နက်ကြီးကျလို့ မသေဘဲ ငတ်လို့သေတော့မယ်။ မြို့သိမ်းနိုင်ဖို့ ဘယ်အချိန်ထိကြာမယ်ဆိုတာ မသိဘူး။ ဘင်္ဂလားဒေ့ရှ်က ဆန်တွေမပို့နိုင်ဘူးဆိုရင် လူတွေကဒီထက်ငတ်မယ်။ ဘယ်ဆန်ရယ်လို့ မဟုတ်ဘူး။ အကုန်လုံးက ၅ သိန်းနဲ့အထက်ရှိတယ်။ မြို့ထဲမှာပိတ်မိနေသူတွေဆိုရင် ပိုပြီးတော့ အခက် အခဲရှိတယ်” ဟု မောင်တောမြို့နယ်မှ စစ်ဘေးရှောင် အမျိုးသမီးတစ်ဦးက ပြောသည်။ AA က မောင်တောမြို့ရှိ စစ်ကောင်စီစခန်းများကို တိုက်ခိုက်တော့မည်ဖြစ်၍ ဒေသခံများအနေ ဖြင့် ဇွန်လ ၁၆ ရက်မှစ၍ မြို့အတွင်းမှ အမြန်ဆုံးထွက်ခွာကြရန် အသိပေးထုတ်ပြန်ထားသည်။ သို့သော် တိုက်ပွဲဖြစ်ပွားမှုနှင့် အတူ အကြောင်းအမျိုးမျိုးကြောင့် မြို့ တွင်းပိတ်မိနေသည့် ဒေသခံရာနှင့်ချီ ရှိနေသေးသည်။
မောင်တောမြို့တွင်း ပိတ်မိနေသူတစ်ဦးက “ဆန်ဈေးက တအားတက်နေတော့ အခက်အခဲရှိတယ်။ တချို့ဆိုရင် ဆန် ပြတ်လပ်သွားမှာ ကြောက်တဲ့အတွက် ဆန်တစ်ခုရှိရင် ပြီးရောဆိုပြီးတော့ ရှိတဲ့ဆန်ကို ဆန်ပြုတ်လုပ်ပြီးတော့ စားနေကြရ တယ်” ဟု ပြောသည်။ လက်ရှိတွင် စစ်ကောင်စီ၏ နောက်ဆုံးလက်ကျန် နခခ(၅)မြို့သူကြီးစခန်းအား AA က ဆက်လက်ထိုးစစ် ဆင်နေပြီး တိုက်ပွဲများပြင်းထန်နေကြောင်း သိရသည်။ ရခိုင်တွင် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁၃ ရက်က စတင်ဖြစ်ပွားသည့် တကျော့ ပြန်တိုက်ပွဲအတွင်း နေရပ်စွန့်ခွာနေရသူ စစ်ဘေးရှောင်ဦးရေ သိန်းနှင့်ချီရှိနေပြီး စားဝတ် နေရေးနှင့် ဆေးဝါးအကူအညီများ အရေးပေါ်လိုအပ်နေသည်။ Read in Full
၈။ နာမည်ဆိုးဖြင့် ကျော်ကြားသော ပုလောကုန်းရွာ စစ်ကောင်စီအုပ်ချုပ်ရေးမှူးနေအိမ်ကို မိုင်းခွဲ ဖျက်ဆီးခဲ့
August 1, 2024
နာမည်ဆိုးဖြင့် ကျော်ကြားသော တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်၊ ပုလောကုန်း ကျေးရွာ စစ်ကောင်စီလက် အောက်ခံ အုပ်ချုပ်ရေးမှူး၏ နေအိမ်ကို သွားရောက်မိုင်းခွဲဖျက်ဆီးခဲ့ကြောင်း ကရင်အမျိုးသားကာကွယ်ရေးအဖွဲ့-KNDO တပ်ခွဲ (၅)က တာဝန်ရှိသူက ပြောသည်။ ပုလောကုန်းရွာတွင် (၃)နှစ်နီးပါးအကြာ တပ်စွဲထားသည့် ပုလောကုန်းရွာ စစ်ကောင်စီတပ် စခန်းကို နယ်မြေရှင်းလင်းမှုများ သွားရောက်လုပ်ဆောင်ပြီးနောက် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ဦးကုလားနီ၏ နေအိမ်ကို ဇူလိုင်လ(၃၀)ရက်နေ့တွင် မိုင်းခွဲဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း KNDO တပ်ရင်း (၇)၊ တပ်ခွဲ(၅)မှ တပ်ခွဲမှူး စောဗဟု က ပြောသည်။ ၎င်းက “အဓိကကတော့ အုပ်ချုပ်ရေးမှူးကကျတော့ သူက အရမ်းဆိုးတယ်။ လက်ရှိသူတို့ ပုလောကုန်းမှာ ရှိနေ တဲ့ ပြည်သူတွေ ကို မတရားအနိုင်ကျင့်တယ်။ မတရား ဖမ်းဆီးတယ်။ မတရား ပစ္စည်းတွေသိမ်းတယ်။ ပြီးတော့ တော်လှန်ရေးအင်အားစုတွေနဲ့ ဆက်နွယ်နေတဲ့ သူတွေကို အကုန်ဖမ်းတယ်။ နေအိမ်တွေချိပ် ပိတ်တယ်။ ပြီးတော့ မုဒိမ်းကောင်လို့လည်း ပြောလို့ရတယ်။ မိန်းမ လိုက်စားတဲ့ကိစ္စတွေကအစ ပြည်သူပိုင်အိမ်တွေကိုလည်း ချိပ်ပိတ်တယ်။” ဟု ပြောသည်။
ထို့အပြင် KNDO ပူးပေါင်းတပ်ဖွဲ့ဝင်မျာမှ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ဦးကုလားနီ နေအိမ်အပြင် ပုလော ကုန်းရွာရှိ ပျူစောထီးနေအိမ် ရှစ်လုံးကိုလည်း ချိပ်ပိတ်ခဲ့ပြီး နေအိမ်အတွင်းရှိ ပစ္စည်းများ ကိုလည်း အဆိုပါ ဒေသရှိ ဒေသခံပြည်သူများအား ပြန်လည်ဝေမျှခဲ့ကြောင်း ၎င်းက ဆက်ပြောသည်။“ဒီလူက ပျူစောထီးတွေ စစ်တပ်တွေနဲ့ပေါင်းပြီးတော့ ရွာကဒေသခံနေအိမ် တွေကို ချိပ်ပိတ်တယ်။ ပြီးတော့ နေအိမ်ထဲကရှိတဲ့တန်ဖိုးရှိ ပစ္စည်းတွေကို သူတို့အိမ်ကို ပြန်သယ်သွားကြတယ်။ သူတို့ကြောင့်ပဲ တစ်ရွာလုံး နီးပါးဒုက္ခရောက်ကြရတယ်။ အခုတော့သူတို့နေအိမ်တွေကိုချိပ်ပိတ်ပြီးတော့ သိမ်းဆည်းရမိတဲ့ပစ္စည်းတွေကို ဒေသခံ တွေဆီကို ပြန်ပြီးဝေမျှလိုက်တယ်။”ဟု KNDO တပ်ရင်း (၇) တပ်ခွဲ(၅) တပ်ခွဲမှူးက ပြောသည်။ အဆိုပါ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ဦးကုလားနီ ဆိုသူသည် ပုလောမြို့ပေါ်သို့ထွက်ပြေးတိမ်းရှောင်သွားခြင်းဖြစ်ပြီး ပုလောမြို့အခြေစိုက် စစ်ကောင်စီ ခြေလျင်တပ်ရင်း(ခလရ-၂၈၅)နှင့် စစ်ကောင်စီ များ အခြေချတပ်စွဲထားသည့် ပုလောမြို့တော်ခန်းမ၌ သွားရောက်ခိုလှုံရာ ဒေသခံများအား ဖမ်းဆီးငွေညှစ်တောင်းဆိုမှုများ ဆက်လက် လုပ်ဆောင်လျက်ရှိကြောင်း ဒေသခံများက ပြောသည်။
၉။ သံတွဲနှင့် ဂွမြို့အနီး ပင်လယ်ပြင်အတွင်း ဖြတ်သန်းသွားလာခြင်းမပြုရန် AA ကြေညာ
August 1, 2024
ရက္ခိုင်ပြည်နယ် သံတွဲ၊ဂွမြို့ ပင်လယ်ပြင်အတွင်း (ဩဂုတ် ၁ ရက်)ကစ၍ ဖြတ်သန်းသွားလာခြင်းမပြုရန် အသိပေး ကြောင်း အာရက္ခတပ်တော်(AA)ကအသိပေးကြေညာသည်။ စစ်ရေးရှုံးနိမ့်နေသည့် စစ်ကောင်စီသည်အရပ်သား မော်တော်ဘုတ် များ အသုံးပြုပြီးရေကြောင်းမှ စစ်အင်အား ထပ်မံဖြည့်တင်းခြင်း၊ ရိက္ခာနှင့် စစ်လက်နက်ခဲယမ်းများ သယ်ယူပို့ဆောင်ခြင်းများကို ဆက်တိုက်ပြုလုပ်လျက်ရှိ၍ ရန်သူ၏ သံတွဲနှင့် ဂွပတ်ဝန်းကျင်ရှိ ပင်လယ်ပြင်ထဲ စစ်ရေးလှုပ်ရှားမှု၊ စစ်ရေးပြင်ဆင်နေမှု များကို အထောက်အကူ ပြုနေသော အရပ်ဘက်မော်တော်ဘုတ်များ၊ လောင်းလှေများ၏ သွားလာမှုကို ယနေ့ကစ၍ အကန့်အသတ်မရှိ အရေးပေါ် ပိတ်ပင်လိုက်ကြောင်း အသိပေးသည်။ အရပ် သား မော်တော်ဘုတ်များအနေဖြင့် စစ်ကောင်စီ၏ အကျပ်ကိုင် ဖိအား ပေး ခိုင်းစေခြင်းမျိုးလိုက်နာဆောင်ရွက်ခြင်းနှင့် ပူးပေါင်းဆောင်ရွက်မှုမျိုး မပြုလုပ်ရန်လည်း အထူးသတိပေးကြောင်း ဖော်ပြ သည်။ ထို့အပြင် အရေးပေါ် ကျန်းမာရေး သို့မဟုတ် မဖြစ်မနေသွားလာရမည့်ကိစ္စများရှိပါက သက်ဆိုင်ရာ နီးစပ်ရာ အုပ်ချုပ်ရေး မှူး နယ်မြေမှူးများဆက်သွယ်၍ AA က သတ်မှတ်ထားသည့်လမ်းကြောင်း၊ အမှတ်အသားများ ပြုလုပ်သွားလာရမည်ဟုလည်း ထုတ်ပြန်သည်။
သို့သော် AA က လုံခြုံရေးယူထားသည့်နေရာများ၌ ကြည်ဖြူစွာ စစ်ဆေးခြင်းခံယူရမည်ဟုလည်း ဖော်ပြသည်။ ကြေညာ ချက်အား မရုတ်သိမ်းမချင်း ပြည်သူများအနေဖြင့် သံတွဲနှင့် ဂွမြို့များအနီး ပင်လယ်ပြင်အတွင်း ဖြတ်သန်းသွားလာခြင်း လုံး၀ မပြုလုပ်ရန် အသိပေးကြောင်းလည်း ထပ်လောင်း အသိပေးထားသည်။ AA အနေဖြင့် သံတွဲမြို့ရှိ စစ်ကောင်စီတပ်စခန်းအားလုံး၊ ငပလီ(မဇင်လေဆိပ်)၊ သံတွဲဟိုတယ်ဇုန်အပါအဝင် နေရာအများစုအား ဇူလိုင် ၁၆ ရက်က သိမ်းပိုက်ထားခြင်းဖြစ်သည်။ AAသည် သံတွဲရှိ ခလရ(၅၅) တပ်ရင်းကို ဇူလိုင် ၉ ရက်၊ ခမရ (၅၆၆) အား ဇွန်လ ၂၇ ရက်တို့တွင် သိမ်းယူနိုင်ခဲ့ခြင်းဖြစ်သည်။ ထို့အပြင် မြပြင်၊ ဂျိတ်တော အပါအဝင် စစ်ကောင်စီတပ် လက် လွှတ်ဆုံးရှုံးထားသည့် စခန်းများနှင့် သံတွဲမြို့အား ပြန်လည်ရယူနိုင်ရေး စစ်ကောင်စီက အရပ်သားအယောင်ဆောင် စစ်အင်အားထပ်မံ ဖြည့်တင်းနေသည်ဟု AA က ထုတ်ပြန်သည်။ ထို့ကြောင့် မြပြင်၊ ဂျိတ်တော၊ကွင်းဝိုးနေရာများ၌ တိုက်ပွဲရံဖန်ရံခါ ဖြစ်ပွားလျက်ရှိသည်ဟု အသိပေးသည်။ စစ်ကောင်စီ၏ မောင်ရွှေလေး ရေတပ် စခန်းနှင့် ဘင်္ဂလားပင်လယ်ပြင်ထက်၌ တပ်စွဲထားသော ရေတပ်စစ်သင်္ဘောများပေါ်မှ လက်နက်ကြီးပစ်ကူများနှင့်အတူ သံတွဲ မြို့အား ပြန်လည်ထိုးစစ်ဆင်ရန် ကြိုးပမ်းလျက်ရှိ၍ တိုက်ပွဲပြင်းထန်ခဲ့ကြောင်းထုတ်ပြန်သည်။ Read in Full
၁၀။ မြစ်ကြီးနား မြို့အဝင်လမ်းပိုင်းများ အားလုံးကို စစ်ကောင်စီ လုံခြုံရေးတင်းကြပ်
August 1, 2024
ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) က မြို့သိမ်းတိုက်ပွဲ ဆင်နွှဲမည်ဆိုသည့် သတင်းကြောင့် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ အရန်အင်အား စစ်ကောင်စီတပ်ဖွဲ့ဝင်များက မြစ်ကြီးနားမြို့နယ် အဝင်လမ်းပိုင်းများအားလုံးကို ဇူလိုင် လ ၃၁ ရက် နံနက်ပိုင်းမှစတင်ကာ စစ်ဆေးမှုများကိုအထူးတင်းကြပ်စွာလုပ်ဆောင်နေကြကြောင်း ဒေသခံသတင်းရင်းမြစ်များကပြောသည်။ ဆက်သွယ်ရေးကွန်ယက်များ အားလုံးဖြတ်တောက်နေပြီး စစ်ကောင်စီ၏ မြောက်ပိုင်းစစ်မျက်နှာကို တာဝန်ယူနေရသည့် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တည်ရှိရာ မြစ်ကြီးနားမြို့ကို KIA က တိုက်ခိုက်သိမ်းယူသွားမည်ဆိုသည့် သတင်းကြောင့် လမ်းပိုင်း များတွင် စစ်ကောင်စီတပ်က အခိုင်အမာနေရာယူထားကြောင်းလည်းဆိုသည်။ ခရီးသည်တင်ကား၊အိမ်စီးကားအသေး ခရီးသည် များအားလုံးကို ကားပေါ်မှ ဆင်းခိုင်းပြီး အသေး စိတ် စစ်ဆေးမှုများ ပြုလုပ်နေခြင်းဖြစ်ကြောင်းလည်း သိရသည်။ မြစ်ကြီးနားကို ပြန်အရသိမ်းမယ်ဆိုတဲ့ ဒီဘက်ကလူတွေရဲ့ပြောစကားကြောင့် သူတို့ဒါကိုကြောက်လို့ စစ်ဆေးနေတာဖြစ်တယ်”ဟု သတင်းရင်း မြစ်ကပြောသည်။ မြစ်ကြီးနားမြို့သို့ အဝင်လမ်းပိုင်းများဖြစ်သည့် မြစ်ကြီးနား- မြစ်ဆုံအထက်ပိုင်း၊ တီယန်စွပ်လမ်းပိုင်း၊ မြစ်ကြီး နား- ဆင်ဘိုမြို့အစရှိသည့် လမ်းပိုင်းများအားလုံးတွင် စစ်အင်အားတိုးချဲ့ချထားပြီး နေရာရယူထားခြင်းဖြစ်ကြောင်းသိရသည်။
ကချင်ဒေသအတွင်းမှာ မိုးနှောင်းကာလ စက်တင်ဘာလမှစပြီး KIA က မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိသည့် မြစ်ကြီးနား မြို့ကို အဓိက ဦးတည်ပြီး မြို့သိမ်းတိုက်ပွဲ ဖော်ဆောင်သွားမယ်ဆိုသည့် သတင်းစကားက ဒေသခံများကြားမှာ ပျံ့ နှံ့နေကြောင်း ဒေသခံ သတင်းရင်းမြစ်ကပြောသည်။ ယင်းအပြင် ဇူလိုင်လ ၃၀ ရက်နေ့ ညကလည်း မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်၏ လက်နက်ကြီးအမြောက်တပ်က KIA ထိန်းချုပ်မှု အားကောင်းလာသည့် ဝိုင်းမော်မြို့ဘက်ကို ပစ်ခတ် တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။ စစ်ကောင်စီက ကချင်ဒေသကို ဇူလိုင်လ ၂၁ ရက်နေ့မှစတင်ကာ အင်တာနက်နှင့် ဖုန်းဆက်သွယ်ရေး ကွန်ယက်များ အားလုံးကို ဖြတ်တောက်ထားခဲ့ပြီး ယနေ့အထိ လိုင်းများပြတ်တောက်နေဆဲဖြစ်ကာ စစ်ကောင်စီအဖွဲ့ ရုံးနေရာအနီးတွင်သာ ဖုန်းလိုင်းအနည်းငယ် ရရှိကြောင်း သိရသည်။ Read in Full
၁၁။ လောက်ကိုင်ဆေးရုံ လေကြောင်းဗုံးကြဲခံရဦ ကိုယ်ဝန်ဆောင်နှင့်ကလေးများအပါအဝင် အရပ်သားသေဆုံးမှုများ
August 2, 2024
သျှမ်းပြည် လောက်ကိုင်မြို့သို့ စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ထပ်မံဗုံးကြဲ တိုက်ခိုက်ခဲ့ခြင်းကြောင့် ကိုယ်ဝန် ဆောင်မိခင်နှင့် ကလေးအပါအဝင် အရပ်သားသေဆုံးမှုများပြားကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဩဂုတ်လ ၂ ရက်) နံနက် ၁ နာရီခန့်တွင် လောက်ကိုင်မြို့ တုံချိန်ရပ်ကွက်ရှိ မျှော်စင်နှင့် ပြည့်သူ့ဆေးရုံအနီးသို့ စစ်ကောင်စီတပ်မှ လေ ကြောင်းဖြင့် ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဆေးရုံရှိ ကိုယ်ဝန်ဆောင်မိခင်နှင့် ကလေးများအပါအဝင် အရပ်သား (၁၀) ဦးကျော် ထိခိုက်သေဆုံးခဲ့ကြောင်း ဒေသခံများက ပြောသည်။“တုံချိန်က မျှော်စင်ကြီးနားကို ဗုံးကျတာ၊ ဘယ်နှလုံးတောင်မှလည်း မသိဘူး။ ပြီးတော့ ဆေးရုံနား ကျတဲ့ဟာ မီးလောင်တော့ ကိုးကန့်စစ်သားတွေ မီးလာငြိမ်းပြီး ဘယ်သူ့ကိုမှ ပေးမဝင်ဘူး။ သေတာကော ဒဏ်ရာရတာကော ၁၀ ယောက်ထက်မနည်း ရှိတယ်။ ဒီတစ်ခေါက်နဲ့ဆို လေးခါရှိပြီ ဗုံးကြဲခံရတာ”ဟု လောက်ကိုင်မြို့မှ ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။ လားရှိုး ရမခ တိုင်းရုံးကို ကိုးကန့်တပ်ဖွဲ့ MNDAA က ထိုးစစ်ဆင် တိုက်ခိုက်နေစဉ် လောက်ကိုင်မြို့ ပြည်သူ့ဆေးရုံ လေကြောင်းဗုံးကြဲခံရမှုကြောင့် အရေးပေါ် ကယ်ဆယ်ရေးအကူအညီများ လိုအပ်လျက်ရှိပြီး အဆောက်အဦး (၁၀) လုံးထက် မနည်း မီးလောင်ကျွမ်း ပျက်စီးခဲ့ကြောင်း ၎င်းဒေသခံ အမျိုးသားက ဆက်ပြောသည်။
ပြီးခဲ့သည့် ဇူလိုင်လ ၁၄ ရက်မှစတင်ပြီး ယနေ့(ဩဂုတ်လ ၂ ရက်)အထိ နှစ်ပတ်အတွင်း လောက်ကိုင်မြို့ကို စစ်ကောင်စီတပ်က လေကြောင်းဖြင့် (၄) ကြိမ်ထက်မနည်း ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး အရပ်သား စုစုပေါင်း (၂၀) နီးပါး သေဆုံးခဲ့ကြောင်း ဒေသခံ များထံမှသိရသည်။ အလားတူဇူလိုင်လ ၂၃ ရက် နံနက် ၁နာရီခွဲကျော်တွင်လည်း လောက်ကိုင်မြို့ တုံချိန်ရပ်ကွက်သို့ စစ်ကောင်စီ တပ်မှ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာအနီးရှိ ဟိုတယ်နှင့် ဆိုင်ခန်းအများအပြား ထိခိုက်ပျက်စီးခဲ့ကြောင်း လောက်ကိုင် ဒေသခံများက ပြောသည်။ လက်ရှိတွင် ကိုးကန့်တပ်ဖွဲ့ MNDAA သည် လားရှိုးမြို့ရှိ အရှေ့မြောက်တိုင်း စစ်ဌာနချုပ် ရမခ လက် အောက်ခံ ခလရ-၆၈၊ ခလရ-၄၁၊ ခမရ-၅၀၇၊ အမှတ် ၉၁၂ စစ်မြေပြင်အင်ဂျင်နီယာတပ် အပါအဝင် လားရှိုးလေဆိပ်တို့ကို ထိန်း ချုပ်ထားပြီး ရမခ တိုင်းရုံးထဲသို့ ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်နေသည်။ Read in Full
၁၂။ သထုံ ကျိုက္ကော်အုပ်ချုပ်ရေးမှူး နေအိမ်ချိပ်ပိတ်ခံရ
August 2, 2024
မွန်ပြည်နယ် သထုံမြို့နယ် သုဝဏ္ဏဝတီမြို့ ကျိုက္ကော်ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးအေးစိုးနေအိမ်ကို သြဂုတ် ၁ ရက်နေ့ မနက်ပိုင်းမှာ စစ်ကောင်စီပူးပေါင်းအဖွဲ့တွေ လာရောက်ချိပ်ပိတ်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ အုပ်ချုပ်ရေးမှူး ဦးအေးစိုးကို စစ်ကောင်စီတပ်က ပြီးခဲ့တဲ့ ဇူလိုင်ဒုတိယအပတ်အတွင်း နေအိမ်မှာ လာရောက်ဖမ်းဆီးပြီးနောက် အခုလို ချိပ်ပိတ်သွားခဲ့တာ ဖြစ်ပါတယ်။ ဒေသခံတွေရဲ့ ပြောပြချက်အရ ဖမ်းဆီးခံအုပ်ချုပ်ရေးမှူး ဦးအေးစိုးဟာ NLD အစိုးရလက်ထက်ကနေ စစ်ကောင်စီလက်ထက်အထိ အုပ်ချုပ်ရေးမှူး တာဝန်ထမ်းဆောင်ခဲ့တာပါ။ စစ်တပ်လော်ဘီတယ်လီဂရမ်ချန်နယ်တွေမှာတော့ အုပ်ချုပ်ရေးမှူး ဦးအေးစိုးဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တစ်ဦးဖြစ်ပြီး အကြမ်းဖက်မှုတွေ ကျုးလွန်ခဲ့တဲ့အတွက် နေအိမ် ကို ချိပ်ပိတ်သိမ်းဆည်းရတာလို့ ဝါဒဖြန့်ရေးသားဖော်ပြတာတွေ ရှိနေပါတယ်။
ဖမ်းဆီးခံ အုပ်ချုပ်ရေးမှူး ဦးအေးစိုးကို စစ်ကောင်စီက အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မတွေနဲ့ အမှုဖွင့်ထားပြီး လက်ရှိမှာတော့ သထုံအကျဉ်းထောင်မှာ ဖမ်းဆီးချုပ်နှောင်ထားပါတယ်။ ဒါ့အပြင် အုပ်ချုပ်ရေးမှူး ဦးအေးစိုးနဲ့ ပတ်သက်ဆက် နွှယ်မှုတွေ ရှိနေတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ သထုံမြို့ပေါ်နဲ့ သိမ်ဆိပ်ကျေးရွာက ဒေသခံငါးဦးထက်မနည်း ဖမ်းဆီးစစ်ဆေးခံ နေရတယ်လို့ သိရပါတယ်။ သထုံမြို့နယ်မှာ စစ်တပ်အာဏာသိမ်းကာလအတွင်း လွှတ်တော်ကိုယ်စားလှယ်တွေအပါအဝင် တက်ကြွလှုပ်ရှားသူတွေနဲ့ ဒေသခံနေအိမ် ၁၅ လုံးထက်မနည်း ချိပ်ပိတ်ခံထားရပါတယ်။ Read in Full
၁၃။ ထီလုံးဆူ သူကြီးအပါအဝင် ရွာသားတွေကို PNO က ဖမ်းကာ ထိပ်တုံးခတ် ရိုက်နှက်
August 1, 2024
ရှမ်းတောင်၊ ပအိုဝ်းဒေသ၊ ဆိုက်ခေါင်ဘက်မှာ ကြီးစိုးနေတဲ့ PNO တွေက ထီလုံးဆူရွာ သူကြီးအပါအဝင် ရွာသား ၆ ဦးကို ဖမ်းဆီးကာ ထိပ်တုံးခတ်ပြီး ခြေနဲ့ကန် သေနတ်ဒင်နဲ့ရိုက်နှက်တာမျိုးတွေ လုပ်ခဲ့တယ်လို့ ဒေသတွင်း သတင်းအရင်းအမြစ်တွေ ဆီက သိရပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လ ၂၈ ရက် ညက ခြံကပြန်လာတဲ့ ထီလုံးဆူရွာသူကြီးနဲ့ ရွာသား ၆ ယောက်ကို ဖမ်းဆီးပြီး ထိပ်တုံးခတ်ရိုက်နှက်ခဲ့တာလို့ သိရပါတယ်။ “ရွာက ဆရာတော်တွေက လာပြီး တောင်းပန်တာကို ဘုန်းကြီးတွေကိုပါ ဆဲလွှတ် တယ်၊ ဖြားလူဆို အရိုက်ခံထားရတာ မျက်လုံးကသွေးပါထွက်တယ်၊ ကျန်သူတွေလဲ အတော်ခံကြရတယ်”လို့ ဒေသခံတစ်ဦးက လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။
ဖမ်းဆီးရိုက်နှက်ခဲ့တဲ့ PNO အဖွဲ့ခေါင်းဆောင်ဟာ ဆိုက်ခေါင်က ခွန်ထွိုက်အောင်းဖြစ်ပြီး ဖမ်းဆီးရိုက်နှက်ခံရသူတွေ ဟာ ထီလုံးဆူရွာက ရွာသူကြီး ခွန်နေထွဉ်၊ ရွာမိရွာဖတွေဖြစ်ကြတဲ့ ရွာခေါင်းဆောင် ခွန်လှဆွေ၊ ရွာဆော် ခွန်မော်ထင်း၊ ရွာလူကြီး ဖြားလူနဲ့ ရွာသား ၂ ဦးတို့လို့သိရပါပြီး ဖမ်းခံထားရသူတွေကို ရွာက ငွေပေးရွေးမှ လွှတ်ပေးတယ်လို့ သိရပါတယ်။ အလားတူ ဇူလိုင် ၂၆ ရက်ကလည်း ဆောင်းငဲင်းရွာက ခွန်တခဲကိုလည်း အခုလိုဖမ်းပြီး ရိုက်ခဲ့သေးတယ်လို့ သိရပြီး ယင်း PNO အဖွဲ့ဟာ ပင်ညိုးရွာအနီးမှာ ခရီးသွားပြည်သူတွေထံက ဆက်ကြေးကောက်ယူမှုတွေ အခြားနေရာ၊ အခြားရွာတွေကို လှည့်လည်ပြီး ဒေသခံတွေကို တရားမဲ့ ဖမ်းဆီးရိုက်နှက် ကာ ငွေကြေးတောင်းခံမှုတွေ လုပ်နေတာလို့သိရပါတယ်။ Read in Full
၁၄။ ဗန်းမော်တွင် လူငယ်များကို လိုက်လံဖမ်းဆီးနေ
August 2, 2024
ကချင်ပြည်နယ်၊ ဗန်းမော်မြို့ပတ်ဝန်းကျင်မှာ အထွေထွေအုပ်ချုပ်ရေးဝန်ထမ်းတွေနဲ့ ရဲတပ်ဖွဲ့တွေက လူငယ်တွေကို လိုက်လံရှာဖွေ ဖမ်းဆီးသွားတယ်လို့ မြို့ခံတွေထံက သိရပါတယ်။ ဇူလိုင်လလယ်လောက်က ဗန်းမော်လေယာဉ်ကွင်း အနီးမှာရှိ တဲ့ စစ်ကောင်စီတပ်စခန်းတွေ လျှော့တိုက်ဒုံးနဲ့ ပစ်ခတ်ခံရပြီးနောက် ဗန်းမော် (၃)မိုင်နဲ့ မြို့ပြင် ပတ်ဝန်း ကျင်တွေမှာ လူငယ်တွေကို စစ်အုပ်စုက ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဗန်းမော်မြို့မှာစစ်ရှောင်နေတဲ့ ပြည်သူတဦးကပြောပါတယ်။“လျှော့တိုက် ဒုံးကျတော့ ရဲကော၊ ထွေအုပ်ကလူ တွေကောပေါင်းပြီး (၃) မိုင်ဘက်တွေ၊ ဗန်းမော်ဦးပိန်ဘက်တွေမှာ လိုက်ရှာတာတွေတယ်။ တနင်္လာနေ့ (ဇူလိုင်၂၉)နေ့ဆို ကျနော်တွေ့တာပဲ ၄ ယောက်ခေါ်ဖမ်းခေါ်သွားတာရှိတယ်။ အရင်အပတ်တွေကလည်း ၇ ယောက် ဖမ်းခံရတယ်လို့ ကြားတယ်။” ဗန်းမော်မြို့မှာတော့ ဖုန်းအော်ပရေ တာ အားလုံးကို ဖြတ်တောက်ထားဆဲဖြစ်ပြီး ဗန်းမော်မြို့ပေါ် က အခြေအနေတွေ သိရှိရဖို့လည်း အဆက်အခဲဖြစ်နေပါတယ်။
ဗန်းမော်မြို့အပြင် ဗန်းမော်တက္ကသိုလ်ပတ်ဝန်းကျင်နဲ့ မိုးမောက်မြို့ ခမရ (၄၃၇) ပတ်ဝန်းကျင်တွေမှာလည်း နှစ်ဖက် တိုက်ပွဲတွေ ဖြစ်ပွါးနေဆဲဖြစ်ပြီး ဗန်းမော်မြို့ပေါ်က စစ်ကောင်စီတပ်စခန်းတွေလည်း လက်နက်ကြီးနဲ့ ပစ်ခတ်ခံရတာတွေရှိ တယ်လို့ ဗန်းမော်မြို့မှာ ထွက်ပြေးတိမ်းရှောင်နေသူတဦးက ပြောပါတယ်။“လေယာဉ်ကွင်းနားကတပ်တွေကို လက်နက်ကြီးနဲ့ ပစ်ခံရတာ အကြိမ်ကြိမ်ပဲ၊ လေယာဉ်ကွင်းကိုလည်းကျတယ်၊ ကြားရသလောက်က စစ်တပ်က မိုးမောက်ဘက်တိုက်ပွဲတွေ မဖြစ် ကတည်းက လေယာဉ်နဲ့ စစ်အင်အားတွေ သယ်ယူတာတွေကြောင့်လည်းဖြစ်မှာပါ၊ လေယာဉ်ကွင်းဘက်ကော၊ ဟိုနမ်ဖားဘက် ကော၊ စစ်တပ်နဲ့နီးတဲ့ နောင်ခိုဘက်တွေမှာကော လက်နက်ကြီးတွေကျတာ ရှိတယ်။” ဗန်းမော်မြို့ နမ့်ဖားမှာရှိတဲ့ ဗန်းမော် တက္ကသိုလ်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်စခန်းတွေနဲ့ မိုးမောက်ခမရ (၄၃၇) တပ်စခန်းတွေကို ကချင်လွတ်မြောက်ရေး တပ်မတော်က ဇူလိုင် ၂၅ ရက်က ပြန်လည်တိုက်ခိုက်ပြီးနောက် အရပ်သားပြည်သူတွေ ထိခိုက်သေဆုံးမှုတွေ ရှိနေတယ်လို့ မြို့ခံတွေကနေ သိရပါတယ်။ Read in Full
၁၅။ ကော်သူးလေသစ်တော ဝန်ထမ်းဟောင်း သေဆုံးမှုဖြစ်စဉ်တွင် KNLA တပ်ဖွဲ့ဝင်နှစ်ဦးကို ဖမ်းဆီးထား
August 2, 2024
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ထိန်းချုပ်နယ်မြေ ဘိတ်-ထားဝယ်ခရိုင်၊ တပ်မဟာ ၄ နယ်မြေတွင် ကော်သူး လေသစ်တောဌာနဝန်ထမ်းဟောင်းဖြစ်သူကို ဖမ်းဆီးထားချိန်သေဆုံးမှုဖြစ်ပွားခဲ့သည့်အပေါ် ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်-KNLA တပ်ဖွဲ့ဝင်နှစ်ဦးကို ဖမ်းဆီးထိန်း သိမ်းလိုက်သည်ဟု ဘိတ်-ထားဝယ်ခရိုင် တာဝန်ရှိသူက ပြောသည်။ အဆိုပါ ဖြစ်စဉ်မှာ ပြီးခဲ့သည့်ဇူလိုင်လကုန်ပိုင်းက ဘိတ်-ထားဝယ်ခရိုင် ထီးမိုဘွာဒေသရှိ သစ်တောမှူးဟောင်းဖြစ်သူ စောကဘော ကို သတင်းပေးသံသယဖြင့် ဖမ်းဆီးထိန်းသိမ်းထားစဉ် အရက်မူးနေသည့် KNLA တပ်ဖွဲ့ဝင်နှစ်ဦးမှ ခေါ်ထုတ် စစ်ဆေးမေးမြန်ကာ သတ်ဖြတ်လိုက်ခြင်းဖြစ်ကြောင်း ကေအဲန်ယူ ဘိတ်-ထားဝယ်ခရိုင်ဥက္ကဌ ပဒိုစောဖလိုစိုးဝင်း က ဆိုသည်။ ၎င်းက “လူသတ်မှု ကျူးလွန်တဲ့ တပ်ဖွဲ့ဝင်နှစ်ဦးကို အခုလော လောဆယ်တော့ တပ်မဟာ လက်ထဲမှာပဲ ရှိတယ်။ ဖမ်းဆီးချုပ်နှောင်ထားလိုက်ပြီး။ ပြီးရင်တော့ အမှုအဆင့်ဆင့် ဆက်လက်လုပ် ဆောင်ရမှာ ဖြစ်တယ်။ အဲဒီသတ် ဖြတ်ခံရသူနဲ့ သူတို့က ဘာကိစ္စမှဖြစ်တာမရှိဘူး။ အရက်မူးပြီး အပြင်ခေါ်ထုတ် စစ်ဆေးမေးမြန်းပြီး သတ်ပစ်လိုက်တော့ ဘာမှမလုပ်တတ်တော့ဘူး”ဟု ပြောသည်။
သေဆုံးသူစောကဘောသည် လွန်ခဲ့သည့် တစ်နှစ်ကျော်ခန့်က သစ်တောဌာနတာဝန်မှ ရပ်နားထားသူ ဖြစ်သည်။ ပြီးခဲ့ သည့် ဇူလိုင် ၁၃ ရက်နေ့က KNLA အရာရှိများနှင့် တပ်ဖွဲ့ဝင်များ လိုက်ပါလာသည့် ယာဉ်တန်းကို ရင်ကွဲတောင်ခြေတွင် ကော်သူး လေအာမီ (KTLA) စောင့်ကြိုပစ်ခတ်မှုဖြစ်သည့် နေရာအနီးတွင် ၎င်းနေထိုင်သည့် တဲရှိသည့်အတွက် KLTA ကိုသတင်းပေးသည့်သံသယဖြင့် KNLA ဘက်မှ ဖမ်းဆီးချုပ်နှောင်ထားစဉ် ယခုလိုအသတ်ခံရခြင်းဖြစ်သည်။ အဆိုပါဖြစ်စဉ် ကျူးလွန်းသူနှစ်ဦးသည် KNLA တပ်ရင်း ၁၀ မှ စောဒါးအဲ့နှင့် စောပုလူဖြစ်ပြီး အရေးယူနိုင်ရန် တပ် မဟာ ၄ အချုပ်ခန်းတွင် ဖမ်းဆီးချုပ်နှောင်ထားပြီး တာဝန်ရှိသူတို့က အမှုစစ်ဆေးသွားမည်ဖြစ်သည်။ Read in Full
၁၆။ ပင်လောင်းစစ်ရှောင် တွေ ဝမ်းပျက်ဝမ်းလျော ဖြစ်ပြီး သေဆုံးမှုများရှိနေ
August 1, 2024
သျှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် အတွင်းရောက်ရှိနေသည့် စစ်ဘေးရှောင်များသည် ဝမ်းပျက်ဝမ်းလျောဖြစ်ပြီး အသက်သေဆုံးမှုရှိနေသော်လည်း ငှက်ပျောအူ ဆန်ပြုတ်ဖြင့် ဖြေရှင်းနေရကြောင်း စုံစမ်းသိရသည်။ ဇူလိုင် လလယ်မှ စတင်ပြီး မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ပင်လောင်းမြို့နယ် ဆောင်းပြောင်း စစ်ဘေးရှောင်စခန်းတွင် ဝမ်းပျက်ဝမ်းလျောရောဂါကို စတင်ကြုံလာရပြီး စစ်ဘေးရှောင် (၆)ဦး အသက်ဆုံးရှုံးသည့်အထိ ဖြစ်နေကြောင်း စစ်ရှောင်ကူညီနေသူ အမျိုးသမီး တစ်ဦးက ပြောသည်။ လက်ရှိ ဝမ်းပျက်ဝမ်းလျောရောဂါဖြစ်ပွားမှုကြောင့် ဆေးဝါးအခက်အခဲများဖြစ်ပွားသကဲ့သို့ ကျန်းမာရေးစောင့် ရှောက်သည့် ဆရာဝန်များလည်း လက်လှမ်းမမီသည့်အတွက် ကိုယ်ထူကိုယ်ထ ငှက်ပျောအူ နှင့် ဆန်ပြုတ်သောက်ကာ ဖြေရှင်း နေရသည်ဟု ၎င်းအမျိုးသမီးက ဆိုသည်။ ထိုသို့ ရောဂါဖြစ်ပွားနေကာ သွားလာရေးနှင့် လမ်းပမ်းဆက်သွယ်ရေး ခက်ခဲမှုကြောင့် ဆေးကုသမှု ခံယူရန်အခက်ခဲဖြစ်ကာ ငှက်ပျောပင်အခွံနှင့် ဆန်ပြုတ်ရောပြုတ်ကာ ဖြေရှင်းနေရသည်။
“ အခု လမ်းပန်းဆက်သွယ်ရေးကလည်း ခက်ခဲတယ်။ ဆေးဝါးသယ်ယူမှုကလည်း ပိတ်ပင်တာခံရတယ်။ အစပိုင်း တော့ စစ်ရှောင်တွေက ရိုးရာနည်း ငှက်ပျောပင်အခေါက်နဲ့ ဆန်ရောပြုတ်ပြီး သောက်ကြသေးတယ်။ မသက်သာမှ ဆေးဆိုင်မှာ ဆေးဝယ်သောက်ရတယ်။ လူကြီးပိုင်းကတော့ ပိုပြီး သေဆုံးမှုတွေ များနေတယ်။”ဟု စစ်ရှောင်ကူညီနေသူ အမျိုးသမီးက ပြော သည်။ စစ်ဘေးရှောင်အများစုသည် ဝင်ငွေမရှိကြောင်း၊ ဆေးဝါးဝယ်ယူရန် ခက်ခဲသည့်အ တွက် ဝမ်းပျက်ဝမ်းလျောအတွက် အများစု ကိုယ့်နည်းကိုယ်ဟန်သာ ဖြေရှင်းနေရသည်။ ယခုလက်ရှိတွင် ပင်လောင်းစစ်ဘေးရှောင်မှာ သုံးသောင်းဝန်းကျင် ရှိပြီး ထီယွန်ဘုန်းကြီးကျောင်း၊ ဝါးလီးဘုန်းကြီးကျောင်း နှင့် တောတောင်ထဲတွင် စစ်ရှောင်နေကြရသည်။ ၂၀၂၄ ခုနှစ်အတွင်း စားနပ် ရိက္ခာနှင့် ဆေးဝါး အခက်ခဲအမျိုးမျိုးကြောင့် စစ်ဘေးရှောင်များ စစ်ရှောင်နေစဉ် ကာလအတွင်း မသေသင့်ဘဲ သေဆုံးရသူ ၁၀ ရာခိုင်နှုန်းရှိသည်ဟု ပအိုဝ်းလူငယ်အစည်းအရုံးက ပြောသည်။ Read in Full
၁၇။ ရွှေရောင်ပြကျေးရွာအုပ်စုတွင် စာသင်ကျောင်းများမဖွင့်သဖြင့် ကျောင်းနေအရွယ်ကလေးအချို့ ပညာသင်ယူ ရေးခက်ခဲနေ
August 2, 2024
မွန်ပြည်နယ်၊ သထုံခရိုင်၊ ဘီးလင်းမြို့နယ်၊ ရွှေရောင်ပြကျေးရွာအုပ်စုတွင် စစ်ကောင်စီ၏ လက်နက်ကြီးမကြာခဏ ကျရောက်ပေါက်ကွဲမှုကြောင့် စာသင်ကျောင်းအချို့ ပုံမှန်မလည် ပတ်နိုင်တော့ဘဲ ကျောင်းနေအရွယ်ကလေးများ ပညာသင်ယူ ရေးအခက်အခဲရှိနေသည်ဟု ရွှေရောင်ပြရွာခံများ၏ ပြောပြချက်အရ သိရသည်။ ရွှေရောင်ပြကျေးရွာ အုပ်စု ရွှေရောင်ပြ၊ အဝန်း ကြီး၊ မိချောင်းအိုင်၊ ဇီးကုန်း အစရှိသော ကျေးရွာများသို့ နှစ်ဖက်တိုက်ပွဲရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ စစ်တပ်က လက်နက်ကြီး ပစ်ခတ်သဖြင့် စာသင် ကျောင်းအချို့ ပိတ်ထားလိုက်ရသလို စာသင်ကြားပေးမည့် ဆရာ၊ဆရာမများလည်း မရှိကြောင်း ဒေသခံ များနှင့် ၎င်းတို့ကိုကူညီပေးနေသူအချို့က ပြောသည်။ အိမ်ခြေ (၁၀၀)ရာကျော်ရှိ ရွှေရောင်ပြရွာတွင် ကော်သူးလေပညာသင် စနစ်ဖြင့် သင်ကြားပေးသည့် စာသင်ကျောင်းရှိသော် လည်း နယ်မြေမတည်ငြိမ်မှုကြောင့် ပုံမှန်မဖွင့်လှစ်နိုင်သလို အိမ်ခြေ (၂၀၀) ရာနီးပါးရှိသည့် အဝန်းကြီးရွာမှ ကျောင်းနေအရွယ်ကလေးအချို့လည်း ကိုဗစ်ကာလမှ လက်ရှိအချိန်ထိ ကျောင်းမဖွင့်သဖြင့် စာမသင်ရဟု အဝန်းကြီးရွာခံအမျိုးသမီးတစ်ဦးက ပြောသည်။
“ပိုက်ဆံရှိတဲ့ကလေးတွေကတော့ မြို့ထဲကျောင်းသွားထားတာပေါ့၊ မရှိတဲ့သူတွေကတော့ ဒီတိုင်းပဲနေရတာ ဟိုးကိုဗစ် ဖြစ်ကတည်းက။ စစ်ဘေးရှောင်ရတာနဲ့ ဘာနဲ့ဆို ၃ နှစ်လောက်ရှိပြီ ။ ကျောင်းဖွင့်တော့လည်း လက်နက်ကြီးကကျ၊ ရွာသားတွေ လည်းသေတော့ ဘယ်သူကကျောင်း လာဖွင့်ရဲတော့မလဲ။ ဆရာဆရာမတွေလည်းပြေး၊ မိဘတွေလည်း ကလေးကို ကျောင်း ပေးမတက်ရဲတော့ဘူး” ဟု အဆိုပါအမျိုးသမီးက ပြောသည်။ လက်ရှိတွင် အလယ်တန်းစာတတ်မြောက်သည့် ရွာခံများမှနီးစပ်ရာ အတန်းငယ်ကလေးများအား တတ်အားသရွှေ့သင်ပေးနေခြင်းဖြစ်ပြီး အထက်တန်း ကျောင်းနေအရွယ် ကလေးအချို့မှာမူ ပညာတစ်ပိုင်းတစ်စဖြင့် ပြည်ပနိုင်ငံသို့အလုပ်သွားလုပ်ကြသည်ဟု ဒေသခံ များက ဆိုသည်။ နောက်ထပ် ရွာခံအမျိုးသားတစ်ဦးကလည်း “ရွှေရောင်ပြက ကရင်ကျောင်းဆို ဖွင့်တချက်မဖွင့် တချက်ပဲ၊ အဝန်းကြီးကတော့ အခုထိမဖွင့်ဘူး။ စာတတ်တဲ့ ငါးတန်း ခြောက်တန်းကလေးတွေကပဲပြန် သင်ပေးနေရတာ။”ဟု ပြောပြသည်။ “စစ်ရှောင်အပြင်ကို ရေဘေးကပါဖြစ်တော့ ဗောဓိကုန်း မှာသွားစုနေတာ။ ရွှေရောင်ပြစစဝင်ခြင်း အထက်တန်းကျောင်းဆိုပိတ်ထားတယ်။ ကျန်းမာရေး ဆေးပေးခန်းဆိုလည်း ပိတ်ထား တယ်။ သူတို့မှာပညာ ရေးရော ကျန်းမာရေးရော စားသောက်ရေးရော အခက်အခဲရှိတယ် ဖြစ်သလိုနေကြရတာပဲ။”ဟု အမည် မဖော်လိုသူ စစ်ရှောင်ကူအမျိုးသားက ပြောသည်။ Read in Full
၁၈။ တာဝန်ပျက်ကွက်သည်ဟု ဆိုကာ ရခိုင်က ဌာနဆိုင်ရာဝန်ထမ်းများကို အရေးယူမည်
August 1, 2024
ရခိုင်ဒေသက ဌာနဆိုင်ရာဝန်ထမ်းများကို အလုပ်တာဝန်ပျက်ကွက်သည်ဟုဆိုကာ အရေးယူမှုပြုလုပ်သွားမည်ဟု ပြည်နယ်စစ်ကောင်စီက ဇူလိုင် ၂၅ ရက်တွင် အမိန့်စာထုတ်ပြန်ထားကြောင်း ဝန်ထမ်းများထံမှ သိရသည်။ ပြည်နယ်စစ်ကောင်စီ အစိုးရအဖွဲ့ရုံး၊ နယ်လုံဝန်ကြီးနှင့် ပြည်နယ်ရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး ဇူလိုင်လ ၂၆ ရက်တွင် ဝန်ထမ်းများထံ အကြောင်း ကြားခဲ့ခြင်းဖြစ်ကြောင်း စစ်တွေမြို့မှ ထွေ/အုပ် ဝန်ထမ်းတစ်ဦးက ပြောသည်။“အခု စစ်တွေမှာ ရုံးမတက်တဲ့ ဝန်ထမ်းတွေကို အရေးယူမယ်ဆိုပြီးတော့ စစ်ကောင်စီကစာထုတ်ထားတာရှိတယ်။ ဘယ်လိုအရေးယူမယ်ဆိုတာတော့မသိဘူး။ အခုက ဝန်ထမ်း တွေလည်း သိပ်မကျန်တော့ဘူး။ အကုန်လုံးက တိုက်ပွဲနဲ့ ထွက် ပြေးတိမ်းရှောင်နေကြတယ်” ဟု စစ်တွေမြို့မှ ထွေ/အုပ်ဝန်ထမ်း တစ်ဦးကပြောသည်။ အဆိုပါအမိန့်စာမှာ ရခိုင်တစ်ပြည်လုံးအတွက် အကျုံးဝင်ကြောင်း ထွေ/အုပ်ဝန်ထမ်းကဆိုသည်။ ရခိုင် ဒေသတွင် လက်ရှိဖြစ်ပွားနေသည့် စစ်ရေးပဋိပက္ခကြောင့် လုံခြုံရေးအာမခံချက် မရှိသည့်အတွက် ဌာနဆိုင်ရာ ဝန်ထမ်းများမှာ စစ်ကောင်စီထိန်းချုပ်နယ်မြေမှ AA ထိန်းချုပ်နယ်မြေဆီသို့ ခိုလှုံလာသူများ ရှိနေသည်။
စစ်တွေမြို့တိမ်းရှောင်လာသူ သစ်တောဦးစီးဌာန ဝန်ထမ်းတစ်ဦးက “စစ်တွေမှာ ဘယ်နေ့တိုက်ပွဲဖြစ်မယ်ဆိုတာ မပြော နိုင်ဘူး။ နောက်ပြီးတော့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက သူတို့ကလွဲလို့ ကျန်တဲ့ဌာနဆိုင်ရာက ဝန်ထမ်းတွေကို နိုင်ငံ့ဝန်ထမ်းလို့ မသတ်မှတ်ဘူး။ သူတို့လုပ်ချင်သလိုလုပ်နေကြတာ။ အဲဒါကြောင့် ဆက်ပြီးတော့ တာဝန် မထမ်းဆောင်နိုင်တဲ့အတွက် AA ထိန်း ချုပ်နယ်မြေကို ထွက်ပြေးလာတာ” ဟု ပြောသည်။ စစ်တွေ၊ မြောက်ဦး၊ မင်းပြား၊ ကျောက်တော် စသည့်မြို့နယ်များမှ ပညာရေး ဝန်ထမ်းများအနေဖြင့် မေလ ၂၅ ရက်နေ့ကို နောက်ဆုံးထားပြီး သက်ဆိုင်ရာကျောင်းများသို့ အရောက်လာကြရန် စစ်ကောင်စီက စာထုတ်ခဲ့သည်။ သတ်မှတ်ကာလအတွင်း မရောက်ရှိလျှင် တာ ဝန်မှရပ်စဲပြီး လစာခံစားခွင့်ကိုလည်း ဖြတ်တောက်သွားမည်ဟု ဖိအားပေးခြိမ်းခြောက်မှုများ ရှိခဲ့သည်။“ကျမတို့ဆီကို အရေးယူမယ်ဆိုပြီးထုတ်ထားတဲ့ စာမရောက်သေးဘူး။ ပြီးတော့ ကျမတို့ က တာဝန်ပျက်ကွက်တာမဟုတ်ဘူး။ စစ်ဘေးရှောင်နေရတာ။ ဒီကာလမှာက အသက်အာမခံမရှိဘူး။ အကုန်လုံးဒုက္ခရောက်နေ ကြတာကို ဒီလိုအရေးယူမယ်ဆိုပြီး လုပ်တာကမတရားဘူး”ဟု မြောက်ဦးမြို့နယ်မှအလယ်တန်းပြ ဆရာမတစ်ဦးက ပြောသည်။ Read in Full
၁၉။ လွိုင်ကော်မြို့တွင်းတိုက်ပွဲမှာ စစ်ကောင်စီက လေကြောင်းအသုံးပြုတိုက်ခိုက်
August 1, 2024
ကရင်နီပြည်၊ လွိုင်ကော်မြို့ပေါ် ရပ်ကွက်တွေဖြစ်တဲ့ မိုင်းလုံး၊ ရွာတန်းရှည်၊ ပန်ကန်းရပ်ကွက် တစ်လျှောက်က တိုက်ပွဲ အတွင်း စစ်ကောင်စီက လေကြောင်းအသုံးပြုတိုက်ခိုက်ခဲ့တယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) သတင်းနှင့် ပြန်ကြားရေးတာဝန်ရှိသူ တာအယ်စိုးက ပြောပါတယ်။“လွိုင်ကော်မြို့ မိုင်းလုံး၊ ရွာတန်းရှည်၊ ပန်ကန်းတစ်လျှောက်မှာကတော့ တိုက်ပွဲတွေ နေ့စဉ်နီးပါးဖြစ်နေတယ်ပေါ့နော။ လေယာဉ်တွေလည်း စစ်ကောင်စီဖက်က အသုံးပြုတိုက်ခိုက်တာလည်းရှိတယ်။ တိုက်ပွဲကတော့ နေ့တိုင်းပြင်းထန်တာရှိတယ်။ တခါတလေကျရင်တော့ အပြန် အလှန်ပစ်ခတ်မှု တိုက်ပွဲငယ်လေးတွေရှိတယ် ပေါ့။”လို့ KNDF သတင်းနှင့် ပြန်ကြားရေးတာဝန်ရှိသူ တာအယ်စိုး ကဆိုပါတယ်။ ပြီးခဲ့တဲ့ ဇွန်လ နောက်ဆုံးပတ်ကစပြီး စစ်ကောင်စီတပ်ဟာ မိုင်းလုံးရပ်ကွက်တစ်လျှောက်မှာ အင်အားဖြည့်တင်းဝင်ရောက်လာပြီးနောက် မိုင်းလုံး၊ ရွာတန်းရှည်၊ ထူဒူငံသ၊ လွိုင်ကော်နည်းပညာတက္ကသိုလ်၊ မြကလပ်တောင်၊ ပန်ကန်းရပ်ကွက်တွေမှာ စစ်ရေးလှုပ်ရှားမှုတွေ ပြုလုပ်နေတာ ကြောင့် တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ နေ့စဉ် ရက်ဆက်ဖြစ်ပွားနေတာပါ။
လွိုင်ကော်မြို့နယ်အတွင်းမှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်တာကြောင့် စစ်ကောင်စီဝါဒဖြန့်တဲ့အတိုင်း ပုံမှန် လည်ပတ်နေခြင်း မဟုတ်ဘူးလို့ KNDF သတင်းနှင့်ပြန်ကြားရေးတာဝန်ရှိသူ တာအယ်စိုးက ဆက်ပြောပါတယ်။ “ပြည်သူတွေ ကို ပြောချင်တာကတော့ လွိုင်ကော်မြို့မှာ စစ်ကောင်စီဝါဒဖြန့်သလိုမျိုး ပုံမှန်အတိုင်း ပြန်လည်ပတ်နေတယ်ဆိုတာ မျိုးမဟုတ် ဘဲနဲ့ လွိုင်ကော်မြို့က စစ်မြေပြင်ဖြစ်နေတယ်။ လုံခြုံရေးအရဂရုစိုက်ကြဖို့ပဲ ပြောချင်ပါတယ်။”လို့ သူကဆိုပါတယ်။ စစ်ကောင်စီ တပ်ကတော့ ဒရုန်းအသုံးပြုမှု များပြားနေသလို တိုက်ပွဲပြင်းထန်တဲ့နေ့တွေမှာတော့ လေကြောင်းအသုံးပြု တိုက်ခိုက်တယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေက ပြောပါတယ်။ စစ်ကောင်စီတပ်က တော့ တိုက်ပွဲအတွင်းအပြင် တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့ နေ့တွေမှာ လည်း အကြောင်းအရင်းမရှိ ဒေသခံတွေရဲ့နေအိမ်တွေကို မီးရှို့ဖျက်ဆီးနေတာကြောင့် တစ်လအတွင်း နေအိမ် ၆၀ ကျော် မီးလောင်ပျက်စီးခဲ့ရတယ်လို့ KNDF က ဇူလိုင်လ ၂၇ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။ Read in Full
၂၀။ လောက်ကိုင်တွင် နေထိုင်ခွင့်စာအုပ်မရှိသော ဗမာလူမျိုးရာချီ ဖမ်းဆီးခံရ
August 2, 2024
မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော်( MNDAA) ထိန်းချုပ်ဒေသဖြစ်သော ရှမ်းပြည်နယ်မြောက်ပိုင်း လောက်ကိုင်မြို့တွင် နေထိုင်ခွင့်ယာယီစာအုပ်မရှိသော ဗမာလူမျိုး ရာနှင့်ချီ ဖမ်းဆီးခံထားရကြောင်း သိရသည်။ ဖမ်းဆီခံထားရ သူများအနက် အချို့အား ပြန်လွှတ်သော်လည်း စစ်ဆေးမေးမြန်းရန်ကျန်ရှိနေသူအချို့အား ဆက်လက် ဖမ်းဆီးထားကြောင်းသိ ရသည်။ ” ဖမ်းခံရတာ အများကြီးပဲ ရာချီလောက်ရှိတယ်၊ ၅ ရာနီးပါးပေါ့၊ ဗမာလူမျိုးအများဆုံး၊ တချို့ကျတော သူတို့ရဲ သူဌေး တွေက ငွေနဲလာပြီး အာမခံပေးရတယ်၊ တချို့ကျ ပြန်လွှတ်တယ်၊ သူတို့ဖမ်းပြီး အဆက်အသွယ်မရတဲ့သူလည်းရှိတယ်”ဟု လွတ်မြောက်လာသူတဦးက ဆိုသည်။
MNDAA က ယာယီနေထိုင်ခွင့်ကတ်မှ စာအုပ်ပြောင်းရန် ထုတ်ပြန်ထားသော်လည်း စာအုပ်တအုပ်လျှင် ယွမ် ၁၅၀၀ ကျ သင့်မည်ဖြစ်သောကြောင့် ငွေကြေး အခက်ခဲရှိ၍ မလုပ်နိုင်သူ အမြောက်အမြား ရှိနေကြောင်း သိရသည်။ စစ်ကောင်စီက လောက်ကိုင်မြို့အား ဇူလိုင်လအတွင်း အကြိမ်ကြိမ် ဗုံးလာရောက်ကြဲပြီးနောက် MNDAA ဘက်မှ စစ်ဆေးမှုများ တင်းကျပ်လာ ကြောင်း သိရသည်။ လက်ရှိအချိန်ထိ လောက်ကိုင်မြို့၌ လျှပ်စစ်မီး၊ ဖုန်းလိုင်းနှင့် အင်တာနက်ပြတ်တောက်မှုဒဏ်ကို ကြုံတွေ့ နေရဆဲဖြစ်သည်။ Read in Full
၂၁။ ရေဖြူကဥယျာဥ်ခြံတချို့ကို စစ်ကောင်စီကခြံလုပ်ငန်းလုပ်ကိုင်ခွင့်မပေးဘဲ သွားလာခွင့်ပိတ်ပင်
August 2, 2024
ရေဖြူမြို့နယ်၊ ကျောက်ကညာကျေးရွာတဝိုက်က ဥယျာဥ်ခြံတွေကို စစ်ကောင်စီတပ်က ခြံလုပ်ငန်းလုပ်ကိုင်ခွင့်မပေးဘဲ ဝင်ထွက်သွားလာခွင့်ပိတ်ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ပြီးခဲ့တဲ့လနောက်ဆုံးပတ်အတွင်းမှာ ကျောက်ကညာရွာ အခြေစိုက် စစ်ကောင်စီအမြောက်တပ်(၃၀၄)က သူတို့တပ်ရင်းရဲ့ အရှေ့ဘက်နဲ့တောင်ဘက်က ဥယျာဥ်ခြံတွေထဲ ဝင်ရောက်တာ ကို ပိတ်ပစ်ခဲ့တယ်လို့ ဒေသခံတွေကဆိုပါတယ်။“သွားရဲတဲ့သူသွားလို့ပြောတယ်။ တပ်ရင်းထဲကပဲပြောလိုက်တာ။ ဘာကြောင့် ဆိုတာကို သေချာမပြောဘူး” လို့ ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။ ကျောက်ကညာရွာရဲ့ အရှေ့ဘက်နဲ့တောင်ဘက်မှာ ရွာခံတွေရဲ့ ရာဘာခြံတွေနဲ့ ကွမ်းသီးခြံတွေ နှစ်မိုင်ပတ် လည်လောက်အထိရှိတယ်လို့ ဒေသခံကဆက်ပြောပါတယ်။ အခုလိုသွား လာခွင့်ပိတ်ထားတာဟာ တစ်ပတ်ခန့်ရှိပြီဖြစ်ပြီး ရွာအရှေ့ဘက်က ခြံတွေထဲကိုဝင်တဲ့လမ်းတစ်ခုကိုလည်း စစ်ကောင်စီတပ်သား တွေက အတားအဆီးတွေနဲ့ ပိတ်ချထားတယ်လို့ ဒေသခံတွေပြောပြချက်အရ သိရပါတယ်။ ပြီးခဲ့တဲ့တစ်ပတ်အတွင်းမှာပဲ ကျောက်ကညာရွာ တဝိုက်က ဥယျာဥ်ခြံတွေထဲကို စစ်ကောင်စီတပ်သားတွေဝင်လာပြီး ခြံလုပ်ငန်းလုပ်ကိုင်နေသူတွေရဲ့ ဆိုင်ကယ် ၆ စီးကိုလည်းသိမ်းဆည်းသွားတယ်လို့ ဒေသခံအမျိုးသားကဆိုပါတယ်။
အခုလက်ရှိမှာ ရာဘာခြံတွေကလုပ်ကိုင်တာမျိုးမရှိသေးပေမဲ့ ကွမ်းသီးနုရာသီဖြစ်တာကြောင့် ခြံလုပ်ကိုင်သူတွေက ကွမ်းသီးနုတွေခူးပြီးရောင်းချတာတွေ အဓိကလုပ်ကိုင်နေကြတာပါ။ လက်ရှိမှာတော့ ရန်ကုန်-ထားဝယ်ကားလမ်းနဲ့ အနီးအနား က ခြံတွေကိုပဲ ဝင်ထွက်လို့ရနေတယ်လို့ ကျောက်ကညာရွာက ဒေသခံတွေက ဆိုပါတယ်။“ခိုးပြီးဝင်လို့လည်းမရဲဘူး။ ဘာမှ လုပ်လို့မရလို့ ထိုင်နေရတယ်။ ကျနော်တို့ဆိုလည်း ခြံထဲဝင်မှပဲစားသောက်လို့ရတယ်လေ” လို့ နောက်ထပ်ရွာခံ အမျိုးသား တစ်ဦးက ပြောပါတယ်။ ဥယျာဥ်ခြံတွေထဲသွားလာခွင့် မပိတ်ခင်ကတော့ ကျောက်ကညာကျေးရွာအနီးက ရေဖြူမြို့ပေါ်မှာ စစ်ကောင်စီတပ်သားတွေလိုက်ပါလာတဲ့ ကားတစ်စီးကို ရေဖြူပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ YPPDF နဲ့ ဓဝယ်အမျိုးသားလွတ် မြောက်ရေးတပ်တော် DNLA တို့ပူးပေါင်းတိုက်ခိုက်တဲ့ဖြစ်စဥ်ရှိခဲ့ပါတယ်။ အဲဒီတိုက်ခိုက်မှုမှာတော့ စစ်ကောင်စီတပ်သား ၄ ဦး သေဆုံးပြီး လက်နက်လေးလက်ကိုလည်း ပြည်သူ့ကာ ကွယ်ရေးတပ်တွေက သိမ်းမိခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းနဲ့ အခုနှစ် အစပိုင်းတွေကလည်း ဘုတ်ပြင်းမြို့နယ်မှာရှိတဲ့ စစ်ကောင်စီရဲ့ အမြောက်တပ်ရင်း အမတ (၃၀၈)နဲ့ ခြေမြန်တပ်ရင်း ခမရ (၄၃၂) တို့က သူတို့ရဲ့အနီးတဝိုက်မှာရှိတဲ့ ဥယျာဥ်ခြံတွေကိုသိမ်းဆည်းပြီး မိုင်းထောင်တာတွေပြုလုပ်ခဲ့ပါတယ်။ Read in Full
၂၂။ ကန်ပက်လက်ပအဖထံ နှစ်လအတွင်း Non-CDM ဝန်ထမ်း ၉၀ နီးပါး CDM လုပ်
August 1, 2024
ချင်းပြည်၊ ကန်ပက်လက်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံ ရက် ၆၀ အတွင်း စစ်ကောင်စီလက်အောက်ခံ Non-CDM ဝန်ထမ်း ၈၈ ဦး CDM လုပ်လာတယ်လို့ သတင်းထုတ်ပြန်ပါတယ်။ ယခုနှစ် မေလ ၉ ရက်နေ့က အဲဒီပအဖက ကန်ပက်လက်မြို့ နယ်ရှိ Non CDM တွေကို အမြန်ဆုံး ပြည်သူနဲ့ပူးပေါင်းကြဖို့ ထုတ်ပြန်ပြီးနောက် အလင်းဝင်လာကြတာဖြစ်ပါတယ်။ Non-CDM ဝန်းထမ်းတွေထဲ ကျန်းမာရေး၊ ပညာရေးဌာနတွေက အများဆုံးဖြစ်ပြီး ထွေအုပ်၊ ဗဟိုဘဏ်နဲ့ တခြားဌာနတွေကလည်းပါဝင် တယ်လို့ ကန်ပက်လက်ပအဖ အဖွဲ့ဝင်တစ်ဦးကပြောပါတယ်။“ကျွန်တော်တို့က Non-CDM သမားတွေကို ပြည်သူတွေနဲ့ ရပ်တည်ပေးဖို့ အကြိမ်ကြိမ်အသိပေးထားပါတယ်။ နောက်ဆုံး သတိ ပေးချက်ထဲမှာ Non-CDM ၈၀ ကျော်လောက်က ပြည်သူနဲ့ လာပူးပေါင်းကြတယ်။ ပညာရေးနဲ့ ကျန်းမာရေးက ၅၀ ကျော်ပါတယ်” လို့ ၎င်းက ပြောပါတယ်။
ကန်ပက်လက်မှာ ပြည်သူနဲ့အတူ ပူးပေါင်းပါဝင်ခြင်းမရှိသေးတဲ့ စစ်ကောင်စီ Non-CDM ဝန်ထမ်း ၂၀၀၀ မှ ၃၀၀၀ ဦး အထိရှိနိုင်ပြီး အချိန်မီ CDM မလုပ်သူတွေကို တည်ဆဲဥပဒေနဲ့အညီ အရေးယူသွားမယ်လို့ ဆိုပါတယ်။ ကန်ပက်လက်မြို့နယ်မှာ ချင်းညီနောင်အဖွဲ့ဝင် ချင်းကာကွယ်ရေးတပ်(ကန်ပက်လက်)က စစ်ရေးလှုပ်ရှားနေပြီး ယခုနှစ်မကုန်မီ အဲဒီမှာ စစ်ကောင်စီ ကင်းစင်နယ်မြေဖြစ်အောင် လုပ်ဆောင်သွားမယ်လို့ ဆိုထားပါတယ်။ ယခုနှစ် ဧပြီလ ၂၉ ရက်နေ့က ကန်ပက်လက်မြို့နယ်၊ ကျင်ဒွေးမြို့ကို ချင်းညီနောင်စစ်ဆင်ရေးအဖြစ် မဟာမိတ်တွေနဲ့အတူ CDF(ကန်ပက်လက်)အဖွဲ့က တိုက်ခိုက် သိမ်းပိုက်ရရှိထားပါတယ်။ Read in Full
၂၃။ နမ့်လန်မြို့သို့ စစ်မီးကူးလာမည်ကို ဒေသခံများ စိုးရိမ်၊ ကြိုတင်တိမ်းရှောင်နေကြ
August 1, 2024
သျှမ်းပြည် သီပေါမြို့နယ်တွင် တိုက်ပွဲများဖြစ်ပွားနေပြီး နမ့်လန်မြို့ဘက်သို့ စစ်မီးကူးလာမည်ကို ဒေသခံများ စိုးရိမ် သဖြင့် ကြိုတင် တိမ်းရှောင်နေကြကြောင်း သတင်းရရှိသည်။ ဇူလိုင်လ ၂၈ ရက် မှစတင်ပြီး နမ့်လန်မြို့နှင့် သီပေါမြို့ ကြား နောင်ကော်ကျေးရွာတွင် အခြေစိုက်ထားသည့် စစ်ကောင်စီ ခြေမြန်တပ်ရင်း ခမရ-(၁၄၇) နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့ တိုက်ပွဲစတင်ဖြစ်ပွားခဲ့သည်။ နမ့်လန်မြို့ရှိ စစ်ကောင်စီတပ်များသည် နေ့စဉ်နီးပါး လက်နက်ကြီးများဖြင့် နောင်ကော်ကျေးရွာဘက်သို့ ပစ်ခတ်နေပြီး၊ မြို့အနီးတွင်လည်း ကိုးကန့်ထပ်ဖွဲ့ MNDAA တို့က နေရာယူထား သည့်အတွက် ဒေသခံများက စစ်မီးကူး လာမည်ကို စိုးရိမ်ကာနီးစပ်ရာ မြို့နှင့် ဆွေမျိုးများဆီသို့တွင် ထွက်ပြေးတိမ်း ရှောင်နေကြကြောင်း နမ့်လန်မြို့ဒေသခံအမျိုးသား တစ်ဦးက ပြောသည်။“မြို့ထဲကသက်ကြီးရွယ်အိုနဲ့ ကလေးရှိတဲ့အိမ်တော်တော်များများတော့ပြေးနေကြပါပြီ။ ကျနော်တို့လည်း ပြေးနေတာ ကလေးကောလူကြီးကောရှိနေတော့ တိုက်ပွဲမဖြစ်တဲ့ တောင်ပိုင်းကမြို့တွေနဲ့ အမျိုးတွေရှိတဲ့ဘက်ကို ပြေးကြတာ ပေါ့။ အဓိကတော့ ကိုးကန့်တပ်တွေဝင် လာမှာကိုကြောက်ရတာပေါ့။”ဟု နမ့်လန်မြို့ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။
“သူတို့ကလည်း နော်ကော်ကြီးဖက်မှာပဲတိုက်နေတာဒီမြို့အနီးတစ်ဝိုက်ကိုလည်း ကိုးကန့်တပ်တွေက နေရာယူထား တယ်။ သူတို့တိုက်ပွဲဖြစ်နေတဲ့ နေရာနဲ့လည်း သိပ်မဝေးတော့ဘူး။ ဒီနမ့်လန်ဖက်ကိုလည်း စစ်ကောင်စီကလည်း အင်အားတွေ ဖြည့်တာတွေ့နေရတယ်။”ဟု နမ့်လန်မြို့ ဒေသခံအမျိုးသားတစ်ဦး ကပြောသည်။ နမ့်လန်မြို့သည် ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော်(SSPP/SSA)တပ်ဖွဲ့၊ ကိုးကန့်တပ်ဖွဲ့ MNDAA နှင့် စစ်ကောင်စီတို့ သွားလာလှုပ်ရှားနေသည့်အတွက် ဒေသခံ များစိုးရိမ်နေကြောင်း ထွက်ပြေးတိမ်ရှောင်နေသည့် အမျိုးသားတစ်ဦးကဆက်ပြောသည်။ နမ့်လန်မြို့သည်သီပေါမြို့နယ်တိုက်ပွဲ ဖြစ်ပွားနေသည့် နောင်ကော်ကြီးကျေးရွာနှင့် မိုင် ၃၀ ခန့်သာကွားဝေးကြောင်းသိရသည်။ Read in Full
၂၄။ မလွှဲတောင်အနီး အလယ်စခန်းရွာတွင် အမျိုးသားတစ်ဦး သေနတ်ဖြင့်ပစ်သတ်ခံရ
August 1, 2024
ရေဖြူမြို့နယ်၊ လော့သိုင်းအုပ်စု၊ အလယ်စခန်းရွာတွင် ဇူလိုင်လ ၂၉ ရက် ညပိုင်းက အမျိုးသားတစ်ဦး ပစ်သတ်ခံလိုက်ရ ကြောင်း ဒေသခံများထံကသိရသည်။ သေဆုံးသူသည် အသက် ၄၁ နှစ်အရွယ် ဦးမျိုးကျော်ကျော် ဆိုသူဖြစ်ပြီး သေနတ်ဒဏ်ရာ နှစ်ချက်ဖြင့် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ရပ်ရွာအတွင်း ပြဿနာဖြစ်ပါက ဖြေရှင်းပေးလေ့ရှိသဖြင့် ရပ်ရွာလူကြီးကဲ့သို့ ဖြစ်နေ ကြောင်း ဒေသခံများကဆိုသည်။ “သူကရွာလူကြီးပေါ့၊ ရပ်ရွာထဲမှာပြဿနာဖြစ်ရင် ရှင်းပေးတယ် ။ စစ်ကောင်စီဘက်က အစည်း အဝေးတွေ သွားတာမျိုးတော့ မတွေ့ရဘူး။ လက်နက်ကိုင်အဖွဲ့တွေနဲ့လည်း အဆင်ပြေတဲ့ ဆက်ဆံရေးရှိတဲ့သူပါ၊ အခုကဘယ်လို ဖြစ်သွားလဲမသိဘူး ” ဟု ရွာသားတစ်ဦးကပြောသည်။
ယင်းအမျိုးသား၏ ဈာပနကို ဇူလိုင်လ ၃ဝ ရက်က ပြုလုပ်ခဲ့ကြောင်း ၎င်းကဆက်ပြောသည်။ ၎င်းကိုမည်သူတို့က မည် သည့်အကြောင်းအရင်းကြောင့် လာရောက်ပစ်သတ်သွားသည်ကိုမူ မသိရသေးပေ။ ယခုဖြစ်စဉ်ဖြစ်သည့်နေရာသည် စစ်ကောင်စီ တပ်နှင့် ပြည်သူ့စစ်တပ်ဖွဲ့အပြင် မွန်ပြည်သစ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၊ အခြားမွန်တော်လှန်ရေးတပ်ဖွဲ့များ သွားလာ လှုပ်ရှားသည့် နယ်မြေလည်းဖြစ်သည်။ Read in Full
၂၅။ လားရှိုးတိုက်ပွဲအတွင်း နားဖရွာက ၁၄ နှစ်အရွယ် ကလေးတစ်ဦး ပျောက်ဆုံးနေ
August 2, 2024
ရှမ်းမြောက် လားရှိုးတိုက်ပွဲအတွင်းမှာ လားရှိုးမြို့နယ် တာပုံအုပ်စုက အသက် ၁၄ နှစ်အရွယ် ကလေးတစ်ဦးဟာ လက်ရှိ အချိန်ထိ အဆက်အသွယ်မရပဲ ပျောက်ဆုံးနေကြောင်း မိသားစုဝင်တွေက ပြောပါတယ်။ တာပုံအုပ်စု နားဖရွာမှာ နေထိုင်တဲ့ အဖ ဦးကျော်စိုးမိုးနဲ့ အမိ ဒေါ်ထူးဆေးတို့ရဲ့ သားဖြစ်သူ မောင်မြင့်မြတ်မိုးဟာ ပြီးခဲ့တဲ့ ဇူလိုင် ၈ ရက်ကစတင်ပြီးပျောက်ဆုံးခဲ့ရာ လက်ရှိအချိန်ထိ ဖြစ်တယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။ အခုလို တိုက်ပွဲကာလမှာ အဆက်အသွယ်မရပဲ ပျောက်ဆုံးနေ တာကြောင့် စိုးရိမ်နေရပြီး တွေ့ရှိပါက မိဘဖုန်းတွေဖြစ်တဲ့ (၀၉ ၆၈၈၅၅၉၆၉၄၊ ၀၉၆၈၇၇၂၀၂၀၄၊ ၀၉၂၅၇၇၂၈၈၂၁) ကို ဆက်သွယ်အကြောင်းကြားပေးဖို့ မိဘတွေက မေတ္တာရပ်ခံထားပါတယ်။
အလားတူ ရှမ်းမြောက် လားရှိုးမြို့သိမ်းတိုက်ပွဲကြောင့် ဖုန်းလိုင်းနဲ့ အင်တာနက်တွေပြတ်တောက်နေပြီး စစ်ဘေးရှောင် တွေက မိသားစုဝင်တွေနဲ့ အဆက်အသွယ် မရပဲ လမ်းမှာ ပျောက်ဆုံးနေတဲ့ ဖြစ်စဉ်တွေလည်း ရှိနေပါတယ်။ Read in Full
၂၆။ မတူပီမြို့ကနေ ထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၈၀ နီးပါးကို ချင်းလဲန်းကောင်စီ အစိုးရတပ်ပေါင်းစု ဖမ်းဆီး
August 1, 2024
ချင်းပြည်နယ်တောင်ပိုင်း၊ မတူပီမြို့၊ မြို့သိမ်းတိုက်ပွဲကနေ ထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်များထဲမှ လူဦးရေ ၈၀ နီးပါးကို ချင်းလဲန်းကောင်စီ အစိုးရတပ်ပေါင်းစုဘက်ကဖမ်းဆီးထားတယ်လို့ ချင်းလဲန်းကာကွယ်ရေးတပ်ဖွဲ့ မတူပီ တပ်မဟာ ၂ ထံကနေ သတင်းရရှိပါတယ်။ မတူပီမြို့ကနေ ထွက်ပြေးသွားကြတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ဖမ်းဆီးရာမှာ တစ်ချိန် တည်းမှာ အများကြီး ဖမ်းမိတာမျိုးမဟုတ်ဘဲ နေ့တိုင်းလိုလို ၂ ယောက်၊ ၃ ယောက် တခါတလေ ဆယ်ဂဏန်းစသဖြင့် ဖမ်းဆီးခဲ့ တာလို့သိရပြီး တစ်ခါဖမ်းတဲ့ အချိန်အများဆုံးကတော့ အယောက် ၄၀ ဝန်းကျင်ရှိတယ်လို့သိရပါတယ်။“ကျွန်တော်တို့ ယနေ့ ချိန်ထိ ဖမ်းမိတာက ၇၀ နဲ့ ၈၀ ကြားမှာရှိပါတယ်။ တစ်ချိန်တည်းမှာဖမ်းတာမျိုးတော့ မဟုတ်ဘူးပေါ့၊ တစ်ခါးဖမ်းရင် ၂ ယောက်၊ ၃ ယောက် အဲလိုမျိုးဖမ်းတာတွေများတယ်ဆိုတော့ ရက်အတိအကျ ပြောဖို့ခက်တယ်။ တစ်ခေါက်ဘဲ တစ်ခါတည်း နဲ့ ၄၀ နီးပါး ဖမ်းထားတယ်။ သူတို့တွေက မတူပီကနေ တောလမ်းအတိုင်းထွက်ပြေးကြတာဆိုတော့ လမ်းလည်းပျောက်၊ စားစရာတွေလည်း မရှိကြတော့ဘူးဆိုတော့ သူတို့ကို မဖမ်းမိရင်တောင် တောထဲမှာ အဲဒီတိုင်းလည်း သေသွားကြ နိုင်တယ်” လို့ CDF-Matupi တပ်မဟာ ၂ ပြော ရေးဆိုခွင့်ရှိသူက ပြောပါတယ်။
ယခုလိုဖမ်းဆီးရမိတဲ့ လူတွေထဲမှာ အများစုက လက်နက်ကိုင်တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဖြစ်ကြပေမယ့် ပြန်လည် တုံ့ပြန် ဖို့အတွက်သူတို့မှာ စိတ်ဓါတ်ပိုင်းဆိုင်ရာ ကျဆင်းနေပြီဖြစ်ကြောင်း၊ ပစ်ခတ်တာတွေ မလုပ်တော့ဘဲနဲ့ ဖမ်းဆီးထား ကြောင်း၊ ဖမ်းမိတဲ့သူတွေထဲမှာ မိသားစုဝင်တွေလည်း ပါဝင်ပြီးသူတို့ထံကနေ လက်နက် အလက် ၄၀ ကျော်လည်းရရှိထား ကြောင်း သိရှိရပါတယ်။“ကျွန်တော်တို့ ဖမ်းမိတဲ့ သူတွေထဲမှာ အများစုကတော့ လက်နက်ကိုင်ကြတဲ့သူတွေများတယ်။ တစ်ချို့ က သက်ကြီးရွယ်အိုတွေလည်းပါတာပေါ့။ အဲ့မှာ သူတို့က သူတို့လက်နက်ကိုတောင် မသယ်နိုင်ကြတော့တဲ့ သူတွေ ရှိတယ်။ ဆိုတော့ ကျွန်တော်တို့နဲ့ သွားတိုးတဲ့အချိန်မှာ ပြန်တိုက်ခိုက်ဖို့မပြောနဲ့ တစ်ခါ တည်း လက်မြှောက်ပြီးတော့ အဖမ်းခံကြတာ။ သူတို့စိတ်ဓါတ်တွေလည်း အကုန်ကျပြီဆိုတဲ့ သဘောပေါ့နော်။ ပြီးတော့ တစ်ချို့က လမ်းလည်းမလျှောက်နိုင်ကြတော့ဘူး။ ခြေထောက်တွေလည်းအကုန်ပေါက်ကြတယ်။ အခုထိ သူတို့ထံကနေ လက်နက်ရတာက ၄၀ ကျော် ၅၀ နီးပါးရှိပြီလို့ ပြောလို့ရ တယ်” လို့ သူက ဆိုပါတယ်။ “ဖမ်းမိထားတဲ့ သူတွေထံကနေပြန်ကြားရတာတော့ သူတို့အထက်ဘက်ကနေ သူတို့ကို ပြန်ကြို ပေးမယ်လို့ မျှော်လင့်ချက်တွေပေးထားတယ်လို့သိရတယ်။ ဒါပေမယ့် တစ်ကယ်တမ်းပြန်ကြိုနိုင်ဖို့က မဖြစ်နိုင်ဘူးလေ။ သူတို့ လုပ်နိုင်တာက တိုက်ပွဲတွေဖြစ်ရင် လေယာဉ်နဲ့ပစ်ကူပေးမယ်။ ဒါမှမဟုတ် တိုက်ပွဲဖြစ်ရင် လက်နက် ချကြမယ် ဒီလောက်ဘဲ သူတို့တက်နိုင်တော့တာပါ။ ဒါတွေကိုကြည့်ရင် စစ်ကောင်စီဘယ်လောက် အင်အား ချိနဲ့နေပြီလဲဆိုတာသိနိုင်ပါတယ်” လို့ ပြောပါတယ်။ Read in Full
၂၇။ ကရင်ပြည်နယ်ရေကြီးမှုကြောင့် လူငါးဦးသေဆုံး၊ ၃၀၀၀၀ နီးပါး အရေးပေါ်ရွှေ့ပြောင်းခဲ့ရ
August 1, 2024
ကရင်ပြည်နယ်ရဲ့ မြို့နယ်အများစုမှာ ရေကြီးရေလျှံမှုကာလအတွင်း ပြည်သူ ၅ ဦး သေဆုံးခဲ့ပြီး ပြည်သူ ၃၀၀၀၀ နီးပါး ရေဘေးသင့်စခန်းဆီ ရွှေ့ပြောင်းနေထိုင်ခဲ့ရတယ်လို့ ပြည်နယ်စစ်ကောင်စီနဲ့ လူမှုကယ်ဆယ်ရေး အသင်းအဖွဲ့ထံကနေ သိရပါ တယ်။ ပြီးခဲ့တဲ့ ဇူလိုင် ၂၅ ရက်က ကရင်ပြည်နယ် ထိုင်း-မြန်မာနယ်စပ်မြို့ မြဝတီမြို့ပေါ်မှာ မိုးသည်း ထန်စွာရွာသွန်းခဲ့ပြီး သောင်း ရင်းမြစ်ရေ အရှိန်အဟုန်နဲ့ တိုးလာနေတဲ့အတွက် ၃ ရက်ခန့် ရေကြီးရေလျှံမှုဖြစ်ပေါ်ခဲ့ရာ ရေကြီးမှုအတွင်း ကလေးတစ်ဦး အပါ အဝင် ပြည်သူ ၃ ဦး အသက်ဆုံးရှုံးခဲ့ရသလို နေအိမ်အများအပြား နစ်မြုပ်ခဲ့ရပါတယ်။ မြဝတီမြို့ သောင်ရင်းမြစ်ရေကြီးမှုအတွင်း ယာယီရေဘေးရှောင်ကယ်ဆယ်ရေးစခန်း ၁၃ ခု ဖွင့်လှစ်ထား ခဲ့ရပြီး အိမ်ထောင်စုပေါင်း ၁၄၃၇ စု၊ လူဦးရေထောင်ချီ ကယ်ဆယ် ရေးစခန်းမှာ ရောက်ရှိခိုလှုံနေထိုင်နေရကာ ဇူလိုင် ၂၇ ရက်နေ့မှာ သောင်ရင်းမြစ်ရေပြန်လည် ကျဆင်းသွားခဲ့တာဖြစ်ပါတယ်။ ဇူလိုင် ၃၁ ရက်နေ့ မိုးလေဝသဌာနရဲ့ ထုတ်ပြန်ချက်အရ သောင်ရင်းမြစ်ရေဟာ မြဝတီမြို့ရဲ့ စိုးရိမ်ရေမှတ်အထက် ၁ ပေခန့် ကျော်လွန်ရောက်ရှိနေပြီး အဲဒီမြစ်ရေဟာ နောက် ၁ ရက်အတွင်း ၁ ပေခွဲခန့် မြင့်တက်လာနိုင်ကာ မြို့ရဲ့စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်တဲ့အတွက် မြစ်ကမ်းအနီးနဲ့ အနိမ့်ပိုင်းနေထိုင်သူတွေအနေနဲ့ အထူးသတိပြုနေထိုင်ကြဖို့ အသိပေးထားပါတယ်။
ဒါ့အပြင် ကြာအင်းဆိပ်ကြီး၊ ကျိုက်ဒုံမြို့မှာ ဟောင်သရောမြစ်ရေကြီးကာလအတွင်း အမျိုးသားတစ်ဦး သေဆုံးခဲ့ပြီး အခုအချိန်မှာ ကျိုက်ဒုံမြို့ထဲမှာ ရေပြန်လည်ကျဆင်းသွားပြီလို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။ ဘားအံမြို့နယ် ရေကြီးရေလျှံမှုအတွင်း ပြည်သူတစ်ဦး အသက်ဆုံးရှုံးခဲ့ရပြီး ပြည်သူ ၈၀၀၀ ကျော် ရေဘေးကယ်ဆယ်ရေးစခန်းဆီ ရောက်ရှိနေ ထိုင်နေရကာ သောက်ရေသန့် ၊ အစားအသောက်စတဲ့ အကူအညီတွေ လိုအပ်နေတယ်လို့လည်း လူမှုကူညီရေးအသင်းအဖွဲ့တွေ က ပြောပါတယ်။ ကရင်ပြည်နယ်မှာ ရေကြီးမှုကြောင့် ဘားအံ၊ မြဝတီ၊ ကျိုက်ဒုံ၊ လှိုင်းဘွဲ၊ ကမမောင်း၊ ပိုင်ကျုံ၊ ကြာအင်းဆိပ်ကြီး၊ ကော့ကရိတ်၊ ကျုံဒိုး စတဲ့မြို့တွေမှာ ရေဘေးဒဏ်ကြုံဆုံနေခဲ့ရပြီး ကယ်ဆယ်ရေးစခန်း ၆၀ ဖွင့်လှစ်ထားခဲ့ရကာ ပြည်သူ ၂၈၀၀၀ ကျော် ရောက်ရှိခိုလှုံနေထိုင်နေရတယ်လို့ သိရပါတယ်။ Read in Full
၂၈။ တိုက်ပွဲကြောင့် ၂ လ ကျော်ပိတ်ထားရတဲ့ တီးတိန်မြို့ပြည်သူ့ဆေးရုံ ပြန်လည်ဖွင့်လှစ်
August 1, 2024
တီးတိန်မြို့တွင်းတိုက်ပွဲကြောင့် နှစ်လကျော် ပိတ်ထားခဲ့ရတဲ့ တီးတိန်မြို့ ကုတင် ၁၀၀ ပြည်သူ့ဆေးရုံ ပြန်လည်ဖွင့်လှစ် ခဲ့တယ်လို့ တီးတိန်ဒေသခံများထံမှ ကြားသိခဲ့ရတယ်။ “လက်ရှိမှာတော့ လက်ထောက် ဆရာဝန် နှစ်ယောက်ရှိတယ်။ ဆေးရုံ ပြန် ဖွင့်တာနဲ့ တက်ရောက် ကုသတဲ့ လူ တခါတည်းရှိတာပဲ။ ဒီနေ့ နေ့ခင်းအထိ သိရသလောက်က ညအိပ် တက်ရောက်မယ့် လူနာ တစ်ယောက်ရှိတယ်လို့ ပြောကြတယ်” လို့ ယင်း တီးတိန်မြို့ဒေသခံက ပြောပါတယ်။
နှစ်လကျော်ကြာပိတ်ခဲ့ရသည့် ဆေးရုံကိုပြန်လည် မွမ်းမံရန်နှင့် သန့်ရှင်းရေးလုပ်ရန်အတွက် တီးတိန်မြို့ရှိ အသင်းတော် ကြီးများက အလှူငွေထည့်ဝင်ခဲ့ကြရကြောင်း၊ ဇူလိုင်လကုန်တွင် ပြန်ဖွင့်နိုင်ရန် မြိုခံလူကြီးများမှ ဆောင်ရွက်ခဲ့ကြခြင်းဖြစ် ကြောင်း တီးတိန်မြို့ လူမှု အဖွဲ့အစည်း ခေါင်းဆောင်တစ်ဦးထံမှလည်း သိရှိခဲ့ရ ပါတယ်။ တီးတိန်မြို့မှာ ဇူလိုင်လ ၁ ရက်နေ့မှာ စာသင်ကျောင်းများ စတင်ဖွင့်လှစ်နိုင်ခဲ့ပြီး အင်တာနက်နှင့် လျှပ်စစ်မီးများကိုလည်း ဇူလိုင် ၂၆ ရက်နေ့မှာပြန်လည် ရရှိခဲ့ပါတယ်။ Read in Full
၂၉။ ရွေးကောက်ပွဲကို နယ်မြေတည်ငြိမ်တဲ့ ဒေသတွေမှာသာ ဦးစားပေးကျင်းပမယ်လို့ စစ်ခေါင်းဆောင်ပြော
August 1, 2024
လာမယ့် အထွေထွေရွေးကောက်ပွဲကို ဒေသအလိုက် လုံခြုံရေးအခြေအနေပေါ်မူတည်ပြီး ကျင်းပနိုင်တဲ့ နယ်မြေတွေကို ဦးစွာကျင်းပပေးသွားမယ်လို့ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပါတယ်။ ဇူလိုင် ၃၁ ရက်နေ့ က နေပြည်တော်မှာ ပြုလုပ်တဲ့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီအစည်းအဝေးမှာ သူ့ကိုယ်ကိုသူယာယီသမ္မတ ခန့် အပ်ထားတဲ့ စစ်ခေါင်းဆောင်က ပြောဆိုခဲ့တာဖြစ်ပါတယ်။ စစ်ခေါင်းဆောင်ရဲ့ ပြောဆိုချက်မှုအရ သူတို့ထိန်းချုပ်ထားနိုင်တဲ့ ဒေသတွေမှာသာ ရွေးကောက်ပွဲ ကျင်းပသွားမှာဖြစ်ပြီး မထိန်းချုပ်နိုင်တဲ့ ဒေသတွေကိုတော့ ရွေးကောက်ပွဲကျင်းပဦးမှာ မဟုတ်ဘူးလို့ နားလည်ရပါတယ်။ ရွေးကောက်ပွဲကျင်းပရာမှာ လတ်တလော လုံခြုံရေးအခြေအနေအရ ကျင်းပနိုင်ခြင်းမရှိသေးတဲ့ နယ် မြေတွေကို လုံခြုံရေးကောင်းမွန်အောင် တိုးမြှင့်ဆောင်ရွက်ပြီး ဆက်လက်ကျင်းပနိုင်အောင် ဆောင်ရွက်သွားမယ်လို့ စစ်ခေါင်း ဆောင်က ပြောပါတယ်။
စစ်ကောင်စီအနေနဲ့ ရွေးကောက်ပွဲကို အရေးပေါ်ကာလကြေညာပြီး ၂ နှစ် ပြည့်မြောက်တဲ့အချိန်မှာ ကျင်းပဖို့ ရည်ရွယ်ခဲ့ ပေမယ့် ဆူပူမှုတွေကြောင့် မဆောင်ရွက်နိုင်ဘူးလို့ အဲဒီအစည်းအဝေးမှာ စစ်ခေါင်းဆောင်က ပြောဆိုခဲ့တာပါ။ တစ်နိုင်ငံလုံးအနှံ့ ခုခံတော်လှန်စစ်အတွင်း မြို့ပေါင်း ၇၀ ကျော် လက်လွှတ်ထားရတဲ့ စစ်ကောင်စီဟာ လာမယ့်အောက်တိုဘာလမှာ သန်းခေါင် စာရင်း ကောက်ယူပြီး ၂၀၂၅ ခုနှစ်မှာ ရွေးကောက်ပွဲ ကျင်းပသွားဖို့ စီစဉ်ထားပါတယ်။ Read in Full
၃၀။ ကျေးသီးမြို့နယ်အတွင်း စစ်ရေးတင်းမာနေမှုကြောင့် ဒေသခံများ တောင်ယာမသွားရန် SSPP သတိပေး
August 2, 2024
သျှမ်းပြည်တောင်ပိုင်း၊ ကျေးသီးမြို့နယ် ဝမ်စိမ်းကျေးရွာအုပ်စုအတွင်း နေထိုင်သူများကို တောင်ယာ မသွားကြရန် ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA) က သတိပေးထားကြောင်း စုံစမ်းသိရသည်။ ကျေးသီးမြို့နယ် ဝမ်စိမ်းကျေးရွာအုပ်စု အတွင်း ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA နှင့် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA တို့သည် ဇူလိုင် လ လယ်မှ စတင်ကာ စစ်ရေးတင်းမာမှုများ ဖြစ်ပွားနေပြီး ပြည်သူများကို တောင်ယာမသွားရန် ဇူလိုင်လ နောက်ဆုံးပတ်ကတည်း က SSPP ဘက်မှအသိပေးတားမြစ်ခဲ့ကြောင်း ကျေးသီးမြို့နယ် ဒေသခံများကပြောသည်။“သျှမ်းတပ်(၂)တပ် ကြားနေရတာ လည်း ခက်တယ်။ အခုက တရားဝင် ကြေညာတာတော့ မဟုတ်ဘူး။ ဒီဘက်က SSPP ထိန်းချုပ်တဲ့ နေရာဆိုတော့ သူတို့ သတိ လာပေးသွားတဲ့ သဘောပါ။ တိုက်ပွဲက မကြာခဏဖြစ်နေတော့ စိုးရိမ်စိတ်တော့ရှိတယ်”ဟု ဝမ်စိမ်းကျေးရွာအုပ်စုတွင် နေထိုင် သည့် တောင်သူတစ်ဦးက ပြောသည်။ ကျေးသီးမြို့နယ် ဝမ်စိမ်းကျေးရွာအုပ်စုတွင် ကျေးရွာပေါင်း (၁၄)ရွာရှိကြောင်း သိရသည်။
လက်ရှိအချိန်သည် တောင်ယာလုပ်ကိုင်ရသည့် အချိန်ဖြစ်သည့်အတွက် သီးနှံများ မစိုက်ပျိုးရလျှင် နောင်လာမည့် နှစ် အတွက် ဝင်ငွေလျော့နည်းသွားနိုင်ပြီး စားဝတ်နေရေးအတွက် အခက်အခဲ ဖြစ်နိုင်ကြောင်း၊ တိုက်ပွဲဖြစ်ပွားလာပါက ထွက်ပြေး တိမ်းရှောင်ရန်လည်း ကြိုတင်စီစဉ်နေရကြောင်း ၎င်းက ဆက်ပြောသည်။ “လောလောဆယ်တော့ ထွက် ပြေးရတာမရှိသေးဘူး။ စစ်ဖြစ်လာရင် ဘယ်ပြေးရမှာလဲ ဆိုတာတော့ စီစဉ်ထားတယ်။ ရွာထဲမှာ စစ်မဖြစ်ရင်တော့ ကောင်းတာပေါ့”ဟု ဝမ်စိမ်း ကျေးရွာမှ တောင်ယာစိုက်ပျိုးသည့် အမျိုးသမီးက ထပ်လောင်းပြောကြားသည်။ အလား တူ ဇူလိုင်လ နောက်ဆုံးပတ်မှ စတင် ကာ ယနေ့ထိတိုင် ကွန်ဟိန်းမြို့နယ် လိုင်းကမ်ကျေးရွာ မြောက်ဖက်တွင် SSPP နှင့် RCSS တပ်ဖွဲ့တို့ အချင်းချင်း ထိတွေ့တိုက် ပွဲများ ဖြစ်ပွားခဲ့ပြီး နှစ်ဘက်ထိတွေ့တိုက်ပွဲ ပိုမိုပြင်းထန်လာမည်ကို စိုးရိမ်သဖြင့် ဇူလိုင်လ ၂၉ ရက်တွင် လိုင်းကမ်ကျေးရွာရှိ ဒေသခံများကို ၅ ရက်အတွင်း အပြီးပြောင်းရွှေ့ပေးရန် RCSS တပ်ဖွဲ့က လာရောက်ပြောဆိုခဲ့ကြောင်း ကွန်ဟိန်းဒေသခံများက ပြောသည်။ အခြားတစ်ဘက်တွင် သျှမ်းတပ်နှစ်တပ်ဖြစ်သည့် SSPP/SSA နှင့် RCSS/SSA တို့အချင်းချင်း ရပ်စောက်၊ မိုင်းကိုင်၊ လဲချား၊ ဟိုပုန်းနှင့် ကွန်ဟိန်းမြို့နယ်တို့တွင် မေလမှစတင်ပြီး တိုက်ပွဲအကြိမ်ကြိမ်ဖြစ်ပွားခဲ့ကြောင်း ဒေသခံများကပြောသည်။ Read in Full
၃၁။ ၅ နှစ်အတွင်း ဖော်ဆောင်မည့် ပညာရေးစီမံကိန်း ချင်းပညာရေးဝန်ကြီးဌာန ထုတ်ပြန်
August 2, 2024
ချင်းပြည်နယ်တွင် ချင်းပြည်အစိုးရဦးဆောင်မှုဖြင့် ၅ နှစ်အတွင်း ချင်းတော်လှန်ရေးအင်အားစုများ ကိုယ်တိုင်ဖော် ဆောင်မည့် ချင်းပြည်ပညာရေး မဟာဗျူဟာစီမံကိန်းကို ဇူလိုင်လ ၃၁ ရက်က ချင်းပြည်အစိုးရပညာရေးဝန်ကြီးဌာနက ထုတ် ပြန်သည်။ တော်လှန်ရေးကာလအတွင်း ပြည်သူ့ပညာရေးကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် သင်ရိုးညွှန်းတမ်း စနစ် တကျမရှိခြင်း၊ ကျောင်းရန်ပုံငွေနှင့်အခြားအရင်းအမြစ်များ ပြတ်လပ်လာခြင်း၊ ဆရာ အတတ် ပညာနှင့် ပညာရေးခေါင်းဆောင်မှု သင်တန်းများ လုံလောက်ထိရောက်စွာ မပြုလုပ်နိုင်ခြင်း၊ ရှေးဦးကလေးသူငယ် ပညာရေးအကောင်အထည်ဖော်နိုင်မှုအားနည်း ခြင်း စသည့် စိန်ခေါ်မှုများကို ကြုံတွေ့ခဲ့ရသည်ဟု ချင်းပြည်အစိုးရပညာရေးဝန်ကြီးဌာနကဆိုသည်။ ထိုစိန်ခေါ်မှုများကို ဖြေရှင်း နိုင်ရန်အတွက် ကျောင်းနှင့် မြို့နယ်၊ ဒေသကို ကျော်လွန်နိုင်သည့် စနစ်ကျသော စုဖွဲ့မှု၊ ပူးပေါင်း ဆောင်ရွက်မှုနှင့်အတူ မဟာဗျူ ဟာ ၆ ခုဖြင့် အကောင်အထည်ဖော်သွားမည်ဟု ချင်းလဲန်းကောင်စီ၊ ချင်းပြည်အစိုးရ၊ ချင်း ပညာရေးဝန်ကြီးဌာနက ထုတ်ပြန် သည်။ ချင်းပြည်ပညာရေး မဟာဗျူ ဟာစီမံကိန်း (၂၀၂၅ – ၂၀၃၀) အတွင်း ရပ်ရွာအခြေပြုကျောင်းများအဖြစ် အသိအမှတ်ပြု မခံ ရသော ကျောင်းမရှိတော့ခြင်း၊ အိမ်နီးချင်းနိုင်ငံကျောင်းများမှ ကျောင်းသားများ ပြည်တွင်းရှိ ကျောင်းများတွင် ဆက်လက်ပညာ သင်ယူ ခွင့်ရရှိခြင်း၊ ပုဂ္ဂလိက ကျောင်းများ ပေါ်ပေါက်လာခြင်း၊ ရပ်ရွာတိုင်းတွင် မူကြိုကျောင်းများ ဖွင့်လှစ်သင်ကြားနိုင်ခြင်းတို့ အထိ အကောင်အထည်ဖော်မည်ဖြစ်သည်။
ထို့အပြင် CDM ပညာရေးဝန်ထမ်းနှင့် တော်လှန်ရေးကာလ ပညာရေးဝန်ထမ်းများ ရပိုင်ခွင့် အပြည့်အဝ ရရှိစေခြင်း၊ တော်လှန်ရေးတွင်ပါဝင်နေသော ကျောင်းသူကျောင်းသားများ ပညာသင်ယူခွင့်ရရှိခြင်း၊ အဆင့်မြင့်ပညာရေးတွင် အရည်အသွေး အာမခံမှု ကော်မတီ၏ စစ်ဆေးမှုပြီးစီးရေးနှင့် မူလတန်းအဆင့်တွင် ချင်းမိခင်ဘာသာစကားဖြင့် သင် ကြားခွင့်ရရှိရေးတို့ ဖော် ဆောင် မည်ဖြစ်သည်။ ၅ နှစ်တာအတွင်း ဆရာအတတ်ပညာသင်တန်း ပို့ချနိုင်မည့် နည်းပြ ဆရာ ၁၂၀ ဦးနှင့် ပညာရေး ခေါင်း ဆောင်မှုနှင့် စီမံခန့်ခွဲမှု ဆိုင်ရာ သင်တန်းဆရာ ၁၀၀ ဦးကို မွေးထုတ်နိုင်ရေး၊ ချင်းပြည်နယ်အတွင်းက ပညာရေးဌာန တာဝန်ရှိသူ များကို လိုအပ်သော သင်တန်းများပို့ချပြီးစီးရေးတို့ ဆောင် ရွက်မည်ဖြစ်သည်။ ထိခိုက်နစ်နာနိုင်ခြေအမြင့်ဆုံး သို့မဟုတ် ငွေကြေး ခက်ခဲသော ရပ်ရွာကျောင်းပေါင်း ၁၀၀ မှ ၃၀၀ ကြားအတွက်လည်း တစ်ကျောင်းလျှင် ဆရာ/မ ၇ ဦးကို လစဉ် ငါးသောင်းကျပ် စီနှုန်းဖြင့် ထောက်ပံ့နိုင်ရေး ဆောင် ရွက်မည်ဟု ချင်းပညာရေး ဝန်ကြီးဌာနက ဆိုသည်။ မြို့နယ်/ ဒေသများကို ကိုယ်ထူကိုယ်ထ စနစ်ဖြင့် အကြိုကောလိပ်များ ဖွင့်ခွင့်ပြုမည်ဖြစ်သော်လည်း တော်လှန်ရေးကာလတွင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဘာသာရပ်စုံသင် ချင်းအမျိုးသား တက္ကသိုလ် (CNU)တစ်ခုသာဖွင့်လှစ်မည်ဟုသိရသည်။ အကြိုကောလိပ်ပြီးမြောက်သူများသည် CNU တက္ကသိုလ် သင်တန်းကို တက်ရောက်ခွင့်ရမည်ဖြစ်သည်။ Read in Full
၃၂။ ဇူလိုင်လအတွင်း စစ်ကောင်စီတပ်က အရာရှိများ အပါအဝင် ၅၄ ဦး အလင်းဝင်
August 2, 2024
စစ်ကောင်စီတပ်က အရာရှိတွေ အပါအဝင် စစ်သားနဲ့ ရဲတပ်ဖွဲ့ဝင် ၅၄ ဦး ဇူလိုင်လအတွင်းမှာ ပြည်သူ့ရင်ခွင်ခိုလှုံပြီး အလင်းဝင်ရောက်လာတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက သြဂုတ် ၁ ရက်မှာ ထုတ်ပြန်ပါတယ်။ အလင်းဝင်ရောက်လာကြသူတွေထဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဖြစ်ကြတဲ့ ဗိုလ်မှူးအဆင့်သူ ၂ ဦး၊ ဗိုလ်ကြီးအဆင့် ၅ ဦး၊ ဗိုလ် အဆင့် ၁ ဦးတို့ အပါအဝင် ရဲနဲ့ စစ်သား ၅၄ ဦး ဖြစ်တယ်လို့ ဆိုပါတယ်။ အလင်းဝင်ရောက်လာကြတဲ့ စစ်ကောင်စီတပ်သား တွေဟာ MA 1 လက်နက် ၉ လက်၊ MA 2 လက်နက် ၃ လက်၊ MA 3 လက်နက် ၂ လက်၊ MA 4 လက်နက် ၁ လက်၊ MA 5 လက်နက် ၂ လက်၊ G3 လက်နက် ၃ လက်၊ BA 63 သေနတ် ၁ လက်၊ HK သေနတ် ၁ လက်၊ လက်ပစ်ဗုံး ၁၁ လုံး၊ အီနာဂါဗုံးသီး ၃ လုံး၊ ၄၀ မမ ဗုံးသီး ၁၅ လုံး၊ ကျည်ဆန်မျိုးစုံ ၃,၈၇၁ တောင့် အပါအဝင် ဆက်စပ်စက်ပစ္စည်းတွေနဲ့အတူ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်သူ့ရင်ခွင် အကောင် အထည်ဖော်ဆောင်မှု ဗဟိုကော်မတီနဲ့ ကာကွယ်ရေးဝန်ကြီးဌာန ကွပ်ကဲမှုအောက်က PDF တပ်ရင်းတွေ၊ ပကဖတွေဆီကို ဆက်သွယ်ပြီး အလင်းဝင်ရောက်ကာ ပြည်သူ့ရင်ခွင် ခိုလှုံလာခဲ့ကြတာဖြစ်တယ်လို့ သိရပါတယ်။
လက်နက်ယူဆောင်ပြီး အလင်းဝင်ရောက်လာကြသူတွေကိုလည်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက သတ်မှတ်ထားတဲ့ လက်နက်တန်ဖိုးတွေအလိုက် ဂုဏ်ပြုချီးမြှင့်ငွေတွေ ပေးအပ်ခဲ့ပြီးဖြစ်တယ်လို့ ထုတ်ပြန်ချက်ထဲမှာ ပါရှိပါတယ်။ ပြည်သူ့ဘက် ရပ်တည်လိုကြတဲ့ စစ်ကောင်စီလက်အောက်ခံတွေ အနေနဲ့လည်း နီးစပ်ရာ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့နဲ့ မဟာမိတ် တိုင်းရင်းသား တော်လှန်ရေး အဖွဲ့အစည်းတွေနဲ့ ဆက်သွယ်ချိတ်ဆက်ကာ ပြည်သူ့ရင်ခွင်ကို အမြန်ဆုံး ဝင်ရောက်ခိုလှုံကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက တိုက် တွန်းထားပါတယ်။ Read in Full
၃၃။ လားရှိုးတိုက်ပွဲ တစ်လကျော်အတွင်း အရပ်သား ၁၃၀ ကျော် သေဆုံး
August 1, 2024
နှစ်ဖက်တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့မှာ စစ်ကောင်စီရဲ့ လေကြောင်းနဲ့ လက်နက် ကြီးကြောင့် တစ်လကျော်အတွင်း အရပ်သား ၁၃၃ ဦး သေဆုံးတယ်လို့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ် မတော် (TNLA) က ထုတ်ပြန်ပါတယ်။ ဒါဟာ တိုက်ပွဲကာလ ၃၆ ရက်အတွင်း သေဆုံးခဲ့ကြတာဖြစ်ပြီး ထိခိုက်ဒဏ်ရာရသူ ၁၇၀ ဦးနဲ့ စာသင် ကျောင်း၊ သာသနိကအဆောက်အအုံအပါအဝင် နေအိမ် ၁၀၅ လုံး ထိခိုက်ပျက်စီးခဲ့တယ်လို့ TNLA က ပြောပါတယ်။ ဒီ့အပြင် ဇူလိုင်လ ၂၉ ရက်နေ့ကလည်း အမှတ် (၇) ရပ်ကွက်မှာ နေထိုင်တဲ့ ဒေသခံငါးဦးနဲ့ ဇူလိုင်လ ၃၁ ရက်နေ့မှာ အမှတ် (၉) ရပ်ကွက် က နေအိမ် ၁၅ လုံးလည်း ထိခိုက်ပျက်စီးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ လားရှိုးမြို့မှာ လူမှုကူညီရေး လုပ်နေ သူ တစ်ဦးကတော့ တိုက်ပွဲအတွင်း သေဆုံးသွားတဲ့ အရပ်သားတွေရဲ့ အလောင်းတွေကို မကောက်နိုင်သေးဘူးလို့ ပြောပါတယ်။
“ဘယ်ကောက်နိုင်မလဲ။ ကျွန်တော်တို့ ပရဟိတအဖွဲ့တွေတောင် ကျည်ဆန်မှန်တဲ့သူ ရှိတယ်။ အခြေအနေက အဆင် ပြေသလို လုပ်နေရတဲ့ပုံစံပဲ။ တချို့တွေလည်း သတင်းရတာ အလောင်းတွေ မသင်္ဂြိုဟ်နိုင်သေးလို့ အခြေအနေဆိုးနေပြီလို့ ကြားတယ်” လားရှိုးမြို့တွင်းမှာ တအာင်းတပ် (TNLA) နဲ့ တခြားပူးပေါင်းတပ်တွေ ရှိနေတယ်ဆိုတဲ့ အကြောင်း ပြချက်နဲ့ စစ်ကောင်စီ က လေကြောင်းတိုက်ခိုက်မှုတွေ နေ့စဥ်လုပ်နေတယ်လို့ သူက ပြောပါတယ်။ ကိုးကန့်တပ် (MNDAA) ကလည်း လားရှိုးမြို့ရဲ့ နေရာအများစုကို သိမ်းပိုက်ထားနိုင်ကြောင်း ရုပ်သံမှတ်တမ်းတွေနဲ့တကွ ထုတ်ပြန်ထားပေမဲ့ စစ်ကောင်စီဘက်ကတော့ အရှေ့ မြောက်တိုင်းစစ်ဌာနချုပ် သိမ်းပိုက်ခံရတာ မရှိသေးကြောင်း တုံ့ပြန်ပြောဆိုထားပါတယ်။ Read in Full
မှတ်ချက်။ သက်ဆိုင်ရာ သတင်းမီဒီယာအသီးသီးမှ ကောက်နုတ်ဖော်ပြခြင်းဖြစ်ပါသည်။