ဖက်ဒရယ်လစ်ဇင်အကြောင်း

ဘယ်လိုဖက်ဒရယ်စနစ်မျိုးလဲ

ဘယ်လိုဖက်ဒရယ်စနစ်မျိုးလဲ

ဆလိုင်းဖွေမာန် ၊ အတွေးအမြင်

မြန်မာနိုင်ငံကို ဖက်ဒရာယ်ပြည်ထောင်စုတည်ဆောက်သောအခါ လူမျိုးကိုအခြေခံ၍ ပြည်ထောင်စု အဖွဲ့ဝင် ပြည်နယ်များကို ဖွဲ့စည်းသင့်ကြောင်း ထိုသို့ဖွဲ့စည်းတည်ဆောက်ရာတွင် အဟန့်အတားဖြစ်စေမည့် အကြောင်း အရာ များကို ဤဆောင်းပါးတွင် ရေးသားထားသည်။

၁။ လူမျိုး‌ရေးကိုအခြေခံသည့် ဖက်ဒရယ်စနစ်ဖြင့် တည်ဆောက်ဖို့ ဘာကြောင့် အရေးကြီးသလဲ။

ဤမေးခွန်းကိုစဥ်းစားရာတွင် “တပြည်ထောင်စနစ်နိုင်ငံများ၌ ခရိုင်များ၊ မြို့နယ်၊ ကောင်တီ၊ ရပ်ကွက် ၊ ကျေးရွာ စသည်ဖြင့် ယူနစ်များဖွဲ့စည်းထားပြီး ၎င်းယူနစ်အားလုံးသည် ဗဟိုအစိုးရ၏ တိုက်ရိုက်နှင့် တဆင့်ခံ အုပ်ချုပ်မှုအောက်တွင် ထားရှိကြသည်။ ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံများတွင် ပြည်ထောင်စုနိုင်ငံအဖြစ် တိုက်ရိုက် ပူးပေါင်းသော ပြည်နယ်များသည်သာ ပြည်ထောင်စု၏နိုင်ငံစုပေါင်းဖွဲ့စည်းရေး ယူနစ်များ ဖြစ်ပြီး ၄င်းတို့ အောက်တွင်ခရိုင် ၊မြို့နယ် ၊ကောင်တီ ၊ရပ်ကွက်၊ ကျေးရွာ အစရှိသည့်ယူနစ်များကို ထပ်မံ ဖွဲ့စည်း ထားသည်”။ ထိုသဘောတရားကိုလေ့လာခြင်းဖြင့် ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံများတွင် ပြည်နယ်များ၏ အခန်းကဏ္ဍ ကြီးမားပုံကို လေ့လာတွေ့ရှိရ‌‌ပေသည်။

ထိုသို့ဆိုလျှင် ဖက်ဒရယ်ပြည်‌ထောင်စု တည်ဆောက်ရာတွင် လူမျိုးကိုအခြေခံ၍ ပြည်ထောင်စုအဖွဲ့ဝင်ပြည်နယ်များကိုဖွဲ့စည်းသင့်သလော။ နယ်မြေအနေအထားပေါ်မူတည်၍ ဖွဲ့စည်း သင့်သလော။ ပြည်ထောင်စုမြန်မာနိုင်ငံသည်လက်ရှိတွင် တိုင်း(၇)တိုင်း ၊ပြည်နယ်(၇) နှင့် ပြည်ထောင်စု နယ်မြေများဟု ဖွဲ့စည်းတည်ထောင်ကြသည်။ လက်ရှိတွင် အဆင်ပြေပါ၏လော။

ပြည်ထောင်စုမြန်မာနိုင်ငံစတင်ဖွဲ့စည်းရန် အစပြုခဲ့သည့် ၁၉၄၇ ဖေဖော်ဝါရီလ(၁၂) ရက်တွင်ကား အဘယ်သို့ဖွဲ့စည်းခဲ့ချင်ခဲ့ကြ သနည်း။ “ပင်လုံစာချုပ်တွင် ကချင်၊ ချင်း ၊ရှမ်း ခေါင်းဆောင်များနှင့် ဗိုလ်ချုပ်အောင်ဆန်းတို့က သီးခြားနယ်မြေ /လူမျိုးတည်ရှိသော ဗမာပြည်မ ၊ ပြည်ထောင်စုရှမ်းပြည်၊ ကချင်တောင်တန်းဒေသ ၊ ချင်းတောင်တန်းဒေသ နယ်မြေ (၄) ခုကိုစုပေါင်းပြီး လွတ်လပ်ရေးအရယူရန်နှင့် လွတ်လပ်ရေးရပြီးနောက် အမျိုးသားတန်းတူရည်တူပြည်ထောင်စုတည်‌ဆောက်ရန် ပင်လုံစာချုပ်ကိုချုပ်ဆိုခဲ့ကြသည်။” ထိုခေတ်မမတိုင်မှီ ယခင်ကာလတွင် ၎င်းပြည်ထောင် (၄) ခုတို့သည် တန်းတူရည်တူ ကိုယ့်အချုပ်အခြာကိုယ်စီ ဖြင့်ရပ်တည်ခဲ့ကြသည်။

မြန်မာတို့သည် ရခိုင် ကို ၁၇၈၅ တွင်သိမ်းပိုက်အုပ်ချုပ်ခဲ့ပြီး မွန်လူမျိုး များလည်း မြန်မာတို့၏ သိမ်းပိုက်အုပ်ချုပ်ခြင်းခံခဲ့ကြရသည်။ ဆိုလိုသည်မှာအချုပ်အခြာ၊ နယ်မြေ၊ လူမျိုး၊ ယဥ်ကျေးမှု ၊ ဘာသာစကား၊ကိုးကွယ်သည့်ဘာသာကိုယ်စီရှိခဲ့ကြသည်။ထိုအခြေအနေအကြောင်းအရာများကိုထောင်ရှုကာ ထိုပြည်ထောင်(၄) ခုတို့သည် မိမိတို့အမျိုးသားလက္ခဏာ ကိုမထိပါးဘဲ ပြည်ထောင်စုခြင်းအားဖြင့် ရရှိလာမည့် အကျိုးကျေးဇူးများကို မျှော်ကိုး၍ လူမျိုးကို အခြေခံ၍ ပြည်နယ်များသတ်မှတ်ကာ ပြည်ထောင်စုကို တည်ဆောက်လိုကြခြင်း ဖြစ်သည်။

ပင်လုံစာချုပ် အပိုဒ် (၁) တွင် “တောင်တန်းသားများကိစ္စနှင့်ပါတ်သက်၍ဆောင်ရွက်ရန်တောင်ပေါ်သားများညီညွှတ်ရေးဦးစီးအဖွဲ့မှကိုယ်စားလှယ် များကထောက်ခံသည့် ကိုယ်စားလှယ်တစ်ဦးကို ဘုရင်ခံက‌ရွေးချယ်၍ ဘုရင်ခံ၏ အမှုဆောင်ကောင်စီတွင် အတိုင်ပင်ခံ ပုဂ္ဂိုလ်အဖြစ်ခန့်ထားရမည်။

အပိုဒ် (၂) တွင် ထိုပုဂ္ဂိုလ်ကိုဌာန လက်ကိုင်မရှိ ဝန်ကြီးအဖြစ်ခန့်ထားရန်။”ပါရှိသည်။ ထိုသို့ပဠိဉာဥ်ပြကြခြင်းမှာ တောင်တန်းဒေသဟုခေါ်ဆိုသည့် ကချင် ၊ချင်း ၊ရှမ်းလူမျိုးများ၏ အချုပ်အခြာ ရှိမှုကိုအသိအမှတ်အမှတ်ပြခြင်းနှင့် ၄င်းတို့၏ ဝိသေသလက္ခဏာများကို ကာကွယ်ရန်ဖြစ်သည်။ ထိုခေတ်ထိုအခါက ပြည်ထောင်စုဖွဲ့စည်းခြင်းတွင် လူမျိုးကိုအခြေခံ၍ဖွဲ့စည်းတည်ဆောက်ရေးကို အထက်ပါ လူမျိုးရေး လက္ခဏာ၊ ဖြစ်တည်မှုကိုအခြေပြု စဥ်းစားခဲ့ကြသည်မှာထင်ရှားပါသည်။

ဖက်ဒရယ်ပြည်ထောင်စု၏ စနစ်အရ ခရိုင် ၊ မြို့နယ် ၊ ကောင်တီ ၊အုပ်စု ၊ကျေးရွာများသည် ပြည်ထောင်စုအဖွဲ့ဝင်ပြည်နယ်များ၏အောက်တွင်သာထားရှိရခြင်းသည်လည်းမြန်မာနိုင်ငံတွင်လူမျိုးကိုအခြေခံ၍ပြည်နယ်များဖွဲ့စည်းသင့်ကြောင်းကို မီးမောင်းထိုးပြနေသည်။ ထိုသို့ဖွဲ့စည်းမှသာ သက်ဆိုင်ရာ ပြည်နယ်တွင်းရှိလူမျိုးများ၏ လက္ခဏာဖြစ်သည့် စာပေ ၊ ဘာသာ၊ ယဥ်ကျေးမှုတို့ကို ကာကွယ်ပြီး ဖြစ်သွားသည်။

ထိုအချက်ကို ရှင်းလင်းနိုင်ရန် “ကိုယ်ပိုင် ပြဌာန်းခွင့်နှင့် ကိုယ်ပိုင်အုပ်ချုပ်ရေး သဘောတရား ခြားနားချက် ရှင်းလင်းရန် လိုအပ်သည်။ ကိုယ်ပိုင်ပြဌာန်းခွင့်ဆိုသည်မှာ ပြည်နယ်တစ်ခုသည် ပြည်ထောင်စုနှင့် ပြည်နယ်များအကြား အာဏာခွဲဝေမှုဘောင်အတွင်း ကျရောက်သော အာဏာအရပ်ရပ်ကိုလွတ်လပ်စွာ ကျင့်သုံးခွင့်ဖြစ်ပြီး ကိုယ်ပိုင်အုပ်ချုပ်ရေးမှာ တဆင့်မြင့်အာဏာပိုင်အဖွဲ့မှပြဌာန်းထားသော ဥပဒေများဖြင့် မိမိဒေသအတွင်း အုပ်ချုပ်ရေးလုပ်ငန်းများကိုဆောင်ရွက်ခွင့်ဖြစ်သည်။”

ထို့ကြောင့်ပင် ပြည်ထောင်စုအဖွဲ့ဝင် ပြည်နယ်များကို လူမျိုးရေးအခြေခံဖွဲ့စည်းခြင်းအားဖြင့် ပြည်နယ်များ၌ကိုယ်ပိုင်ပြဌာန်းခွင့် အားဖြင့် သက်ဆိုင်ရာ ပြည်နယ်များအောက်တွင် သက်ဆိုင်ရာ လူမျိုးများရှိပြီး ဓလေ့ထုံးတမ်းဥပဒေများ ၊ ဘာသာ၊ စာပေ ၊ယဥ်ကျေးမှုတို့ကို ကျင့်သုံးထိန်းသိမ်းပြီးဖြစ်မည်။

လက်တင်ဘာသာမှဆင်းသက်လာသည့်ဖက်ဒရယ်၏ အဓိပ္ပါယ်သည်ပင်လျှင် “Foedus “နှင့် “Fide” ဖြစ်ပြီး “ပဋိဉာဥ်ပြုခြင်း၊ပေါင်းစည်းခြင်း” သာဖြစ်သည်။ လူမျိုး ၊ကိုးကွယ်သည့် ဘာသာ၊ ယဉ်ကျေးမှု၊ စာပေ အစရှိသည်တို့မတူညီ ကြခြင်းကို အသိအမှတ်အမှတ်ပြုခြင်းဖြစ်သည်။

တူညီနေလျှင်မူကား ပဠိဉာဥ် ပြုစရာ မရှိ ၊လိုလည်းမလိုအပ်ပေ။ ထိုသို့မတူညီချက်များကို ထောက်ရှု၍ အဖွဲ့ဝင်ပြည်နယ်တိုင်း၌ မရှိမဖြစ် ထားရှိရမည့် ကိုယ်ပိုင်ပြဌာန်းခွင့် ကိုမည်သို့သောအခါတွင်မှ ရုပ်သိမ်း၍မရပါ။ ရုပ်သိမ်းသည့် ဖွဲ့စည်းပုံ အခြေခံဥပဒေရေးဆွဲခြင်းများ နှင့် လူမျိုးများ၏သွင်ပြင်လက္ခဏာများကိုမျက်ကွယ်ပြုကာ နယ်မြေဒေသကို အခြေခံ၍ ဖွဲ့စည်းခြင်းဖြင့်လူမျိုးကြီးဝါဒများ၏ လွမ်းမိုးမှုများဖြစ်ပေါ်လာပါက ကပြောင်း ကဆန်ဖြစ်သွား ပေမည်။

ဖက်ဒရယ်ပြည်ထောင်စု၏ အနှစ်သာရသည် မတူညီသည့်အချုပ်အခြာ အာဏာပိုင် ပြည်ထောင်များ က စုပေါင်းခြင်းဖြင့်ရရှိလာမည့် အကျိုးကျေးဇူးများကို ထည့်တွက်၍ စည်းလုံးညီညွှတ်စွာအတူ ယှဥ်တွဲ နေထိုင်ကြရန်ပင် ဖြစ်သည်။ ထိုသို့ဖွဲ့စည်းတည်ထောင်ရာတွင် မြန်မာနိုင်ငံအနေဖြင့် လူမျိုးကိုအခြေခံခြင်း ဖြင့်လာမည့် အနာဂတ်တွင်တည်‌ထောင်သွားသင့်ကြောင်းဆွေးနွေးတင်ပြအပ်ပါသည်။

လူမျိုးကိုအခြေခံ၍ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်သင့်သည့်အကြောင်းရင်းများမှာ အထက်တွင် တင်ပြခဲ့ပြီးသည့်အတိုင်း

(၁) ပြည်ထောင်စုအစပြုသည့်အခြေအနေအတိုင်း လူမျိုးတိုင်း၏ ကိုယ်ပိုင် အချုပ်အခြာ အာဏာရှိမှုကို အသိအမှတ်ပြုရန်လုံးဝလိုအပ်နေခြင်း

(၂) ဖက်ဒရယ်စနစ်အရ ပြည်ထောင်စုအဖွဲ့ဝင်ပြည်နယ်များ၌ ကိုယ်ပိုင်ပြဌာန်းခွင့်ပေးထားရပြီး အမျိုးသားလက္ခဏာဂုဏ်အင်္ဂါရပ်နဲ့
အညီ ဥပဒေပြုရေး ၊ အုပ်ချုပ်ရေး ၊တရားစီရင်ရေး ဆောင်ရွက်ရာတွင် အခက်အခဲမရှိခြင်း စသည့်အချက်
များကြောင့်ဖြစ်ပါသည်။

၂။ လူမျိုး‌ရေးကိုအခြေခံသည့် ဖက်ဒရယ်စနစ် တည်ဆောက်လျှင် ကြုံတွေ့နိုင်သည့် စိန်ခေါ်မှု အဟန့်အတားများ

ပြည်ထောင်စုမြန်မာနိုင်ငံ ဖွဲ့စည်းပုံအခြေခံဥပဒေ (၁၉၄၇) မရေးဆွဲခင် ဗိုလ်ချုပ်အောင်ဆန်းနှင့် တိုင်းရင်းသား ကိုယ်စလှယ်များတက်ရောက်သော တိုင်းပြုပြည်ပြုလွှတ်တော်ကဲ့သို့ (၁၉၄၇ မေလ ၁၉-၂၄ ရက်အတွင်း) ကျင်းပသော တိုင်းပြုပြည်ပြုဖဆပလ ပမာဏညီလာခံတွင် ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲရန် အခန်း (၁၄) ခန်းပါဝင်သည့် သဘောတူညီချက်ကိုချမှတ်ခဲ့ကြသည်။ အခန်း – ၁ (၃) (က) တွင် အောက်ပါ ဂုဏ်အင်္ဂါများရှိသော ပြည်သူ/သားများအား ပြည်ထောင်စုအဖွဲ့ဝင် ပြည်နယ်အဖြစ် သတ်မှတ်ရန် ပါရှိသည်။

  • (၁) ပထဝီအနေအထားအရ နယ်နိမိတ်အထင်အရှားရှိခြင်း
  • (၂) ဗမာစကားနှင့်မတူသောဘာသာစကားတစ်မျိုးတည်းရှိခြင်း
  • (၃) ယဥ်ကျေးမှုတစ်မျိုးတည်းရှိခြင်း၊
  • (၄) ရာဇဝင်အစဥ်အလာတစ်မျိုးတည်းရှိသောလူစုရှိခြင်း၊
  • (၅) စီးပွားရေးဆိုင်ရာအကျိုးကျေးဇူးနှင့်စီးပွားရေးလုံလောက်မှုတို့ရှိသော လူစုရှိခြင်း၊
  • (၆)လူဦးရေအတော်အတန်ရှီခြင်း၊
  • (၇) သီးခြားပြည်ထောင်စုဒေသတစ်ခုအဖြစ်ဖြင့်မိမိကိုယ်ပိုင်ထင်ရှားချက်အတိုင်းနေလိုသောဆန္ဒရှိခြင်း
    ဤအချက်များနှင့်ပြည့်စုံသူများကို ပြည်ထောင်စုအဖွဲ့ဝင်ပြည်နယ်အဖြစ် သတ်မှတ်ရန် ဖြစ်သည်။

အချက်(၅) လိုအပ်လျှင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်အဖြစ်သတ်မှတ်ရန် နှင့် ၁၊၂၊၆နှင့်၇ ပြည့်စုံလျှင် လူမျိုးစု ပြည်နယ်အဖြစ်သတ်မှတ်ရန် ဖြစ်သည်။ ဤအချက်များကိုလေ့လာခြင်းဖြင့် လူမျိုးကိုအခြေခံ၍ ပြည်ထောင်စုအဖွဲ့ဝင်ပြည်နယ်များ သတ်မှတ် ရေးကို အလေးထားခဲ့ကြကြောင်း လေ့လာတွေ့ရှိရပါသည်။ ထိုမှသာ လူမျိုးရေးလက္ခဏာများကို ဆက်လက်ထိန်းသိမ်းနိုင်မည်ဖြစ်ကြောင်း လေ့လာသုံးသပ်ရပါသည်။

သို့သော်လည်း ၁၉၄၇ တွင် ဖွဲ့စည်းပုံအခြေခံဥပဒေကိုရေးဆွဲရန်ဖြစ်လာသောအခါ ရေးဆွဲရေးတွင် တာဝန်ပေးအပ်ခြင်းခံရသည့် ဦးချန်ထွန်း ကိုယ်တိုင်က “သဘောတရားအားဖြင့် ပြည်ထောင် စုစနစ်ဖြစ်ပေမယ့်လက်တွေ့တွင်တစ်ပြည်ထောင်စနစ်ဖြစ်ပါသည်။”ဟုထုတ်ဖော်ပြောဆိုခဲ့ကြောင်း ရန်ကုန်တက္ကသိုလ် ပါမောက္ခချုပ်ဟောင်း ဟူးတင်ကာက သူ၏ ပြည်ထောင်စု ဗမာနိုင်ငံတော်စာအုပ်တွင် ဖော်ပြထား ပါသည်။

ဆက်လက်၍ ၁၉၄၇ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ဗမာပြည်နယ်အဖြစ် ဗမာလူမျိုးများအတွက် ပြည်နယ်မဖွဲ့စည်းခြင်းဖြင့် လူမျိုးစုလွှတ်တော် တွင် ၁၂၅ ဦးရှိသည့်အနက် ၅၃ ဦးကို ဗမာလူမျိုးအများစုက အဓိက ကြိုးကိုင်ပြီးစတင်နိုင်ငံရေးလက်ဝါးကြီးအုပ်ကြတော့သည်။ ပြည်ထောင်စုမြန်မာနိုင်ငံကို လူမျိုးရေးအခြေခံ၍ ဖွဲ့စည်းရန် ထိုအချိန်ကတည်းက စတင်သွေဖယ်လာခဲ့လေသည်။

ထိုအချိန်ကတည်းကတိုင်းရင်းလူမျိုးများကို တဆင့်နိမ့်နိုင်ငံသည့် နိုင်ငံအာဏာကိုပေးအပ်ထားခဲ့ကြခြင်းဖြစ်ပြီး လက်ရှိအချန်ထိ
၄င်း လူမျိုးကြီးလွှမ်းမိုးမှုကိုခံစားခဲ့ကြသည်။ ဤအချက်သည် အခက်ခဲဆုံးသော အချက်ဖြစ်သည်။

နောက်တစ်ချက် အခက်ခဲမှာ မည်သည့်ဝိသေသလက္ခဏာရှိသည့်လူမျိုးများသည် လူမျိုးအဖြစ် သတ်မှတ်၍ ကိုယ်ပိုင်ပြဌာန်းခွင့် အပြည့်ရှိပြီးပြည်ထောင်စုအဖွဲ့ဝင်ပြည်နယ်ပေးသင့်သနည်း။ အမျိုးသားဒီမိုက‌ရေစီတပ်ပေါင်းစု(မဒတ)၏ သတ်မှတ်ချက်မှာ (၁) တူညီသောဘာသာစကားရှိရမည် (၂) တူညီသောသမိုင်းကြောင်းနောက်ခံ၊(၃)တူညီသောစာပေ ၊(၄) တူညီသောယဥ်ကျေးမှု ၊(၅) နယ်မြေရှိရမည်။ ဟုဆိုပါသည်။ ဤဝိဒေသလက္ခဏာနဲ့ပြည့်စုံသူသည် အမျိုးသားလက္ခဏာရှိပြီး ပြည်ထောင်စု အဖွဲ့ဝင် ပြည်နယ်ဖြစ်ရမည်ဟုဆိုသည်။

Federal Law Academy ၏ သတ်မှတ်ချက်မှာ နေထိုင်ရန် နယ်မြေ၊ တူညီသော ဘာသာစကားနှင့် စာ‌ပေ၊ တူညီသောယဥ်ကျေးမှု၊အကျိုးစီးပွား အတူမျှဝေ ခံစားမည်ဟူသော အသိဖြင့် နိုင်ငံရေးနိုးကြားမှု၊ တူညီသောနောက်ခံသမိုင်းရှိသော လူမျိုးသည်ဖက်ဒရယ်ပြည်ထောင်စုတွင် အဖွဲ့ဝင်ပြည်နယ်အဖြစ်သတ်မှတ်နိူင်သည်။

အထက်ပါ သတ်မှတ်ချက်များသည် ကျွန်တော်တို့၏ အနာဂတ်ဖက်ဒရယ်ပြည်ထောင်စု ဖွဲ့စည်းတည်ဆောက်ရန်အတွက် သင့်တော်သည့် လူမျိုးတစ်မျိုးအဖြစ်သတ်၍ ပြည်ထောင်စုအဖွဲ့ဝင် ပြည်နယ်သတ်မှတ်သင့်သည့် အခြေအနေဟု သုံးသပ်နိုင်သည်။

အခက်အခဲမှာ ၁၉၄၇ မှစပြီး မြန်မာနိုင်ငံ ယနေ့ချိန်အထိ အဆက်ဆက် တိုင်းပြည်၏ အုပ်ချုပ်ရေ၊ ဥပဒေပြုရေး၊ တရားစီရင်ရေးမဏ္ဌိုင်ကို ကြိုးကိုင်ခဲ့သောသူများသည် အမျိုးသားလက္ခဏာနဲ့ပြည့်စုံသည့် လူမျိုးများ ဓလေ့ထုံးတမ်း၊ ဘာသာစကား၊ နယ်မြေ၊ တို့ကိုကြိုက်သည့်ပုံစံဖြင့် ဝါးမြိုခဲ့ကြသည်မှာ ပကတိအရှိတရားဖြစ်သည်။

၁၉၇၄ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၁ တွင် ပြည်နယ်နှင့် တိုင်း (၁၄) ခုအဖြစ်လည်းကောင်း ၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၉ တွင် ပြည်နယ်နှင့်တိုင်း (၁၄) ခုနှင့် ပြည်ထောင်စုနယ်မြေများအဖြစ်လည်းကောင်း ပိုင်းခြားသတ်မှတ်ပြီး လူမျိုးဝိသေသ လက္ခဏာများ ပျောက်ဆုံးစေမည့်ပုံစံဖြင့် ဖွဲ့စည်းခဲ့ကြသည်။ 

အထက်ပါ အချက်အလက်များသည် ကျွန်တော်တို့ အနာဂတ်တွင် တည်ဆောက်မည့် ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရာတွင် ပြန်လည်ပြုပြင်ရန် ခက်ခဲစေမည့် အကြောင်းအရာများဖြစ်ပါသည်။ တနည်းအားဖြင့် ပထဝီအခြေခံ၍ တိုင်းပြည်ကို တည်ဆောက်ခဲ့ကြခြင်းဖြစ်သည်။

နောက်တစ်ခုအခက်အခဲဖြစ်စေသည်မှာ” နိုင်ငံတော်ြငိမ်ဝပ်ပိပြားရေးအဖွဲ့ (နဝတ) စစ်အစိုးရလက်ထက် ၁၉၉၀ နှစ်အစောပိုင်းတွင် တိုင်းရင်းသား ၁၃၅ မျိုးဟူသည့် စကားလုံးသည် ရှေ့တန်းသို့ရောက်လာခဲ့သည်။ မြန်မာ့အရေးကျွမ်းကျင်သူ Martin Smith က သူ၏ စာတမ်းတစ်ခုဖြစ်သော” Ethnic Groups In Burma, Development, Democracy and Human Rights” တွင် နဝတက တိုင်းရင်းသားလူမျိုး ၁၃၅ မျိုး ရှိသည်ဟု ရည်ညွှန်းခဲ့သော်လည်း ယုံကြည်လက်ခံနိုင်လောက်သည့် အချက်အလက် သို့မဟုတ် အမည်စာရင်းကို ထုတ်ပြန်ခဲ့ခြင်းမရှိကြောင်း ၁၉၉၄ ခုနှစ်က ရေးသားခဲ့သည်။

တိုင်းရင်းသား (၁၃၅)မျိုးနဲ့ပါတ်သကိ၍ အစောဆုံးကိုးကားဖော်ပြခဲ့ခြင်းများထဲမှ တခုမှာ ထိုစဥ်ကအစိုးရအာဘော်ဖြစ်သည့် လုပ်သားပြည်သူ့နေ့စဥ် သတင်းစာတွင်၁၉၉၁ခုနှစ်သြဂုတ်လ၇ရက်နေ့ကတပ်မတော်အရာရှိကြီးက ကလောင်အမည်ဖြင့်ဆောင်းပါး တွင်တွေ့ရသည်။”ဆိုသည့်အချက်ပင်ဖြစ်သည်။ ၁၃၅ မျိုးအဖြစ်ထားရှိပေးခြင်းအားဖြင့် လူမျိုးတစ်မျိုး၏ အောက်တွင် မျိုးနွယ်စု (Tribe)၊ ဆွေမျိုးစု(Clan)၊ ဖသားစု (Family) စသည်ဖြင့်ခွဲဖြာ သွားသည့်အခြေအနေကိုမသဲကွဲအောင် ရောယှက်လိုက်ခြင်းဖြစ်သည်။

အာဏာရှင်တို့၏ လိုချင်ရာ ကွဲပြားခြင်း ကိုဖန်တီးပေးကာအမျိုးသားလက္ခဏာနဲ့ပြည့်စုံသည့် လူမျိုးများ၏ နိုင်ငံရေးအရ အခွင့် အရေးကို ဖျောက်ဖျက်ပေးလိုက်နိုင်ခဲ့သည်။ ထိုအခြေအနေကို စေ့စပ်စွာနားလည်ပြီး တိုင်းရင်းသား လူမျိုးများမှလည်းမိမိ၏ အမျိုးသားအဆင့် မည်သည့်အခြေအနေတွင် မည်သည့် နိုင်ငံရေးအာဏာအရ မည်သည့်အခွင့်အရေးရှိကြောင်းသိရှိနားလည်ရန်လိုအပ်ပါသည်။

သို့မှသာ ကျွန်တော်တို့၏ အနာဂတ်တွင် လူမျိုးရေးကိုအခြေခံသည့် ဖက်ဒရယ်ပြည်ထောင်စုအဖွဲ့ဝင်ပြည်နယ်အဖြစ်ရန်တည်ကာ လူမျိုးကိုယ်စားပြုလွှတ်တော်တွင် မိမိလူမျိုးကို ကိုယ်စားပြုသည့် ကိုယ်စားလှယ်ထားရှိနိုင်ခြင်း ၊ ကိုယ်ပိုင်ပြဌာန်းခွင့် အပြည့်အတကျင့်သုံးနိုင်ပေမည်။

ဤအခြေအနေကို လက်ခံခြင်းမရှိဘဲ မျိုးနွယ်စု အဆင့်တွင် ပြည်ထောင်စုအဖွဲ့ဝင်ပြည်နယ်အဖြစ် ပါဝင်လိုခြင်း ၊ မိမိ၏လူမျိုးအမှန်အကန်ကိုလက်သင့်မခံနိုင်ခြင်းမျိုးစသည့်ပြဿနာများဖြင့် ရှေ့ဆက်နေပါက မိမိ၏ဖြစ်တည်မှု ကိုဖျောက်ဖျက်ရာကျပေမည်။

နောက်တစ်ချက်ထည့်သွင်းတင်ပြချင်သည်မှာ ပြည်ထောင်စုကိုတည်ဆောက်ရာတွင် လူမျိုးကို အခြေခံပြီးဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်မည်ဖြစ်သောကြောင့် ‘’ဗမာ (သို့မဟုတ်) မြန်မာ” ၏ ပြည်နယ်လည်း ထည့်သွင်းဖွဲ့စည်းနိုင်ရန် အဓိကကျပါသည်။

ဖက်ဒရယ်ပြည်ထောင်စုသဘောတရားတွင် အဖွဲ့ဝင်ပြည်နယ်များသည် ပြည်နယ်ကိုယ်စားပြု (သို့မဟုတ်) လူမျိုးကိုယ်စားပြုလွှတ် တော်တွင် အချိုးညီစွာ တက်ရောက်ရမည်သာဖြစ်သည်။ နိုင်ငံတော်၏ အရေးအရာများကိုဆုံးဖြတ်ရာတွင် အချိုးညီပြီး တန်းတူအခွင့်အရေးများကို ဖော်ဆောင်ခြင်း၏ အနှစ်သာရပင်ဖြစ်ပါသည်။”

ဗမာလူမျိုး တိုင်းရင်းသားအုပ်စုတွင် (၉) ခု ရှိကြောင်း ၂၀၁၄ သန်းခေါင်စာရင်းကောက်ယူမီ အချိန်တွင်တရားဝင်ထုတ်ပြန်ခဲ့သည်။ ဗမာလူမျိုးများသည် မြန်မာနိုင်ငံတွင် လူဦးရေ အများဆုံးပြီး ဗုဓ္ဒဘာသာကို အများဆုံး ကိုးကွယ်ကြသည်။ ထိုသို့ လူဦးရေ အများဆုံးဖြစ်၍ တစ်ခြားတိုင်းရင်းသားလူမျိုးများကို လွှမ်းမိုးထားရမည်ဟုသည့် အတွေးအခေါ်သည် ဖက်ဒရယ်ပြည်ထောင်စု၏ အနှစ်သာရနှင့် လုံးဝကွဲလွဲနေသည်။

တစ်ဆက်တည်းတွင် ဗမာပြည်နယ်ဖွဲ့စည်းရေးကိစ္စနဲ့ပတ်သက်၍ ဗမာ သို့မဟုတ် မြန်မာ ဟူသော အသုံးအနှုန်းသည်လည်း ပြဿနာဖြစ်သည်။ ဆရာ ဦးကျော်ထွန်းက အင်္ဂလိပ်ခေတ် ၁၉၃၃ ခုနှစ်ထုတ် မြန်မာနိုင်ငံသုသေသန သတင်းဂျာနယ် အတွဲ ၂၃ ၊အမှတ် ၂ တွင် မြန်မာ ဟူသောစကားလုံးသည် “ပါဠိစကာ “ဗြဟ္မာ”မှဆင်းသက်လာကြောင်းနှင့် အဓိပ္ပါယ်မှာ ဟိန္ဒူယုံကြည်မှုမှာ ဗြဟ္မာ ဆိုတာရှိပြီး မြန်မာတွေကလည်း ဗြဟ္မာကြီးများမှ ဆင်းသက်လာကြသည်ဟု ယုံကြည်ကြကြောင်း “ ရေးသားထားသည်။ အေဒီ ၁၁၉၀ -ပုဂံမြို့ တောင်ဂူနီကျောက်စာတွင် “မြန်မာ”ဟုတွေ့ရသည်။ “ဗမာ”ဟူသောစကားလုံးသည် အင်္ဂလိပ်ခေတ် တွင် စတင်သုံးစွဲလာကြသည်။ “ အိန္ဒယက “ဗရမာ”ဟုခေါ်တာကို အင်္ဂလိပ်များက လိုက်ခေါ်တာကြောင့် ဗမာဖြစ်လာကြောင်း” ၊ မြန်မာဆိုသည်မှာ ပဒေသရာဇ်ခေတ်ကတည်းက သုံးစွဲခဲ့သည့်အမည်ဖြစ်ပြီး တိုင်းရင်းသားအားလုံးကို ကိုယ်စားမပြုကြောင်း၊ ဗမာဆိုသည်မှာ တိုင်းရင်းသားအားလုံးကိုကိုယ်စားပြုကြောင်း “တို့ဗမာအစည်းအရုံး၏ဖွဲ့ဆိုချက်အရ“ တွေ့ရှိရကြောင်း “မြန်မာကိုဗမာဆိုပြီး ဘာလို့ခေါ်သလဲ “ဆောင်းပါးတွင် လင်းသစ်က ရေးသားထားသည်ကို တွေ့ရှိရပါသည်။

ထို့ကြောင့်ဗမာ သို့မဟုတ် မြန်မာ ဆိုသောစကားလုံးအသုံးအနှုန်းကိုလည်းလေ့လာဆန်းပြီး သက်ဆိုင်ရာလူမျိုးများကိုယ်တိုင်လက်လခံသည့်အမည်နာမကို အသုံးပြုကာ ပြည်ထောင်စုအဖွဲ့တွင် ပြည်နယ်တစ်ခုအဖြစ်ထည့်သွင်းဖွဲ့စည်းနိုင်ရန် လိုအပ်ပေသည်။ ဤအချက်သည်ပင်လည်းကျွန်တော် အနာဂတ် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက် စိန်ခေါ်မှုတစ်ရပ်ဖြစ်နေသည်။

ဗမာလူမျိုးတို့၏ ကိုယ်ချင်းစာတရား ၊ သဘောထားကြီးပေးရမည့် အရာမဟုတ်ဘဲ ကျွန်တော်ဖက်ဒရယ် ပြည်ထောင်စုတည်ဆောက်ရမည့် အရေးကြီးသော အစိတ်အပိုင်းအဖြစ် ရှုမြင်နိုင်ရန်လိုအပ်ပါသည်။

လူမျိုးကိုအခြေခံ၍ ပြည်ထောင်စုကို တည်ဆောက်ရမည့် သဘောတရားသည် ငြင်းဆန်၍မရသော ပကတိလိုအပ်ချက်ဖြစ်ကြောင်းကိုလေ့လာတွေ့ရှိချက်အချို့ကိုတင်ပြရခြင်းဖြစ်ပါသည်။ အခက်အခဲများမှာ အထက်ဖော်ပြပါအတိုင်း

  • ၁) ဗမာလူမျိုးကြီးဝါဒ
  • ၂) ပထဝီအခြေခံ၍ တိုင်းပြည်ကိုတည်ဆောက်ဖွဲ့စည်းထားခဲ့ကြခြင်း 
  • ၃) အမျိုးသားရေး လက္ခဏာပျောက်ဆုံးအောင် မျိုးနွယ်စုအဆင့်၊ ဆွေမျိုးစုအဆင့်များကို တိုင်းရင်းးသားလူမျိုးများ(၁၃၅) မျိုးဟုသတ်မှတ်ခြင်း
  • ၄)ဗမာ သို့မဟုတ် မြန်မာ မသဲကွဲခြင်းနှင့် ၄င်းကိုပြည်ထောင်စုအဖွဲ့ဝင်ပြည်နယ် တစ်ခုအဖြစ် မဖွဲ့စည်းခြင်း စသည့်အခက်အခဲများကြောင့်ဖြစ်ပေသည်။

၃။ ပြည်နယ်သစ်ဖွဲ့စည်းခြင်း ဆိုင်ရာပြဌာန်းချက်များကိုလေ့လာသုံးသပ်ခြင်း

ဆက်လက်၍ စံပြုဖက်ဒရာယ်ဖွဲ့စည်းပုံအခြေခံဥပဒေ ၊ ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားကောင်စီ (National Council of the Union of Burma-NCUB) ၏ ဖက်ဒရယ်ဖွဲ့စည်းပုံအခြေခံဥပဒေ (ပထမမူကြမ်း) နှင့် ညှိနှိုင်းရေးကော်မတီ (Federal Constitution Drafting and Coordinating Committee- FCDCC) ၏ ဖက်ဒရယ်ဖွဲ့စည်းပုံအခြေခံဥပဒေ (ဒုတိယ) မူကြမ်းတို့တွင်ရှိသော ပြည်နယ်သစ်ဖွဲ့စည်းခြင်း ဆိုင်ရာပြဌာန်းချက်များကို လေ့လာသုံးသပ်ပြီး မည်သို့ ဖွဲ့စည်းသင့်ကြောင်း ဆက်လက်သုံးသပ်တင်ပြသွားပါမည်။

ပြည်ထောင်စုမြန်မာနိုင်ငံ တည်‌ထောင်ခဲ့ခြင်းကို အစပျိုးသည့် ၁၉၄၇ ဖေဖော်ဝါရီလ (၁၂) ရက်တွင် ပြည်ထောင်စုမြန်မာနိုင်ငံကိုဖွဲ့စည်းတည်ထောင်ရန်ပင်လုံစာချုပ်ကိုချုပ်ကြပြီး ပင်လုံစာချုပ်အပိုဒ် (၅) တွင် “အထက်ပါသဘောတူညီချက်အရ ဘုရင်ခံ၏ အမှုဆောင်ကောင်စီကို တိုးချဲ့မည်ဖြစ်သော်လည်း တောင်တန်းဒေသများ၏ နယ်တွင်းအုပ်ချုပ်ရေးတွင် ယခုရရှိခံစားလျက်ရှိသောကိုယ်ပိုင်အုပ်ချုပ်ရေးဆုံးပါးရန် မည်သည့်ဒေသတွင်မဆို လုံးဝပြုမူလိမ့်မည်မဟုတ်။ တောင်တန်းဒေသများအတွက် နယ်တွင်းအုပ်ချုပ်ရေး တွင် ကိုယ်ပိုင်ပြဌာန်းခွင့်အပြည့်အဝရှိကြောင်း မူအားဖြင့်လက်ခံသည်။” ဟု ပါရှိသည်။

သို့သော်လည်း ၁၉၄၇ ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲပြဌာန်းလာသောအခါ ဗဟိုချုပ်ကိုင်မှု စနစ်အသွင်ဖြစ်သွားရတော့သည်။ ခွဲထွက်ခွင့်ကဲ့သို့သော ကိစ္စရပ်များသည် ဥပဒေပြဿနာ မဟုတ်ဘဲ နိုင်ငံရေးပြဿနာဖြစ်သည်။ မိမိကိုယ်ပိုင် ဆုံးဖြတ်ချက်ဖြင့် ပူး ပေါင်းခြင်းဖြင့် အကျိုးမရှိပါက မိမိ၏ ဆုံးဖြတ်ချက်သာဖြစ်ရပေမည်။ ခွဲထွက်ခွင့် ရှိ /မရှိဟူသည်မှာ ကန့်သတ်ခြင်းတစ်ခုသာဖြစ်ပေသည်။ အကန့်အသတ်လုပ်ခြင်းအားဖြင့် မိမိ၏ လွတ်လပ်ကိုယ့်ကံကြမ္မာ ဖန်တီးခွင့် မရှိသည့် သဘောကိုဖော်ပြနေပေသည်။

ထို့ကြောင့်ပင် ပင်လုံစာချုပ်မှ ပေါက်ဖွားလာသည့် ပြည်ထောင်စုမြန်မာနိုင်ငံသည် ဗမာလူမျိုးကြီးဝါဒ၏ လွမ်းမိုးချုပ်ကိုင်မှုဖြင့် လုံးပါးပါးသွားရသည်။ ပြည်တွင်းစစ်ကြီးမီး‌တောက်ရတော့သည်။ ကျွန်တော်တို့ အနာဂတ်တွင် မည်သို့ ဖက်ဒရယ်ပြည်ထောင်စု
တည်ဆောက်ကြမည်ကို စဥ်းစားရမည့် စံပြုဖက်ဒရယ် ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားကောင်စီ (National Council of the Union of Burma-NCUB) ၏ ဖက်ဒရယ်ဖွဲ့စည်းပုံအခြေခံဥပဒေ (ပထမမူကြမ်း) နှင့် ညှိနှိုင်းရေးကော်မတီ (Federal Constitution Drafting and Coordinating Committee- FCDCC) ၏ ဖက်ဒရယ်ဖွဲ့စည်းပုံအခြေခံဥပဒေ (ဒုတိယ) မူကြမ်းပါ ပြည်နယ်သစ် ဖွဲ့စည်းခြင်းဆိုင်ရာ အကြာင်းအရာများကို လေ့လာကြည့်လျှင်

NCUB ဖက်ဒရယ် ဖွဲ့စည်းပုံအခြေခံ ဥပဒေ (ပထမ)မူကြမ်း အခန်း(၃) ပုဒ်မ ၃ (က) တွင် တွေ့ရသည်မှာ “ဖက်ဒရယ်ပြည်ထောင်စုကို အမျိုးသားပြည်နယ် ၊ အမျိုးသားများပြည်နယ်များဖြင့်စုပေါင်းဖွဲ့စည်းထားသည်ဟု ပါရှိသည်။

အမျိုးသားပြည်နယ်ဆိုသည်မှာ လူမျိုးတစ်မျိုး အဓိကနေထိုင်ပြီး လူမျိုးဝိသေသလက္ခဏာများ ပါရှိသော ပြည်နယ်များကိုဆိုလို သည်။

အမျိုးသားများ ပြည်နယ်ဆိုသည်မှာ လူမျိုးတစ်မျိုးတည်းက အဓိကနေထိုင်ကြခြင်းမဟုတ်ဘဲ လူမျိုးပေါင်းစုံနေထိုင်ပြီး အုပ်ချုပ်ရေး ယန္တယားဆောင်ရွက်မှုလွယ်ကူစေရန် နယ်မြေအနေအထားအရ ဖွဲ့စည်းထားပေးရမည့် ပြည်နယ်များကို ဆိုလိုခြင်းဖြစ်သည်။

အခန်း(၃) ပုဒ်မ ၃ (ခ) တွင် ပြည်ထောင်စုအဖွဲ့ဝင်ပြည်နယ်များအတွင်းတွင် အမျိုးသား ကိုယ်ပိုင်အုပ်ချုပ်ရေး ဒေသများနှင့် တိုင်းရင်းသား အထူးဒေသများကို လိုအပ်ချက်အရပါဝင်ဖွဲ့စည်းရမည်” ဟုပြဌာန်းထားသည်။

ကိုယ်ပိုင်ပြဌာန်းခွင့်အပြည့်အဝရှိသည့် လူမျိုးအခြေခံပြည်နယ်အောက်၌ မိမိ၏လူမျိုးနဲ့ထူးခြားသည့်ကွဲပြားသည့် အခြေအနေမျိုးရှိပါက (ယဥ်ကျေးမှု ၊ဘာသာစကား….)အမျိုးသားကိုယ်ပိုင်အုပ်ချုပ်ရေးဒေသ သို့မဟုတ် တိုင်းရင်းသားအထူးဒေသများ ဖွဲ့စည်း ထားပေးရန်ဖြစ်သည်။

သို့သော် မိမိ၏ လူမျိုးကိုအသိအမှတ်ပြုပြီး ပြည်ထောင်စုအဆင့် အမျိုးသားလွှတ်တော်တွင် မိမိလူမျိုးကိုယ်စားပြု (ပြည်နယ်ကိုယ်စားပြု) အားဖြင့်သာ ကိုယ်စားပြုခွင့်ရှိမည်။ အမျိုးသား ကိုယ်ပိုင်အုပ်ချုပ်ရေး ဒေသများနှင့် တိုင်းရင်းသားအထူးဒေသများ တွင် အမျိုးသားကိုယ်စားပြု (ပြည်နယ်ကိုယ်စားပြု) လွတ်တော်ကို စေလွှတ်ခွင့်မရှိစေရဟု ပြဌာန်းထားသည်။

ပုဒ်မ ၃၂ တွင် ပြဌာန်းချက်မှာ ပြည်နယ်သစ်များ ဖွဲ့စည်းနိုင်ခွင့် ပြဌာန်းထားသည်။

ပုဒ်မခွဲ (က) တွင် ပြည်ထောင်စုလွှတ်တော်က သင့်တော်သည်ဟုယူဆသော သတ်မှတ်ချက်နှင့် စည်းကမ်းချက်များကို ပြဌာန်းနိူင်သည်။ ဤဖွဲ့စည်းပုံမူကြမ်းတွင် ပြည်နယ်သစ်များဖွဲ့စည်းခြင်းဆိုင်ရာတွင် ပြည်နယ်လွှတ်တော်၏ အခန်းကဏ္ဌသည်အရေးပါသော‌ကြောင့် သင့်တော်သည်ဟုမှတ်ချက်ပေးရမည် ဖြစ်သည်။

ပုဒ်မခွဲ (ခ) တွင် နယ်နိမိတ် တိုးချဲ့ခြင်း ၊လျှော့ချခြင်းဆိုင်ရာ ပြဌာန်းချက်များပါရှိပြီး အပြောင်းအလဲလုပ်ရန် သက်ဆိုင်ရာပြည်နယ်လွှတ်တော်၏ သုံးပုံ နှစ်ပုံ ထောက်ခံချက်လိုအပ်သည်။ ပုဒ်မခွဲ(ဂ) တွင် ပြည်နယ်သစ်များဖွဲ့စည်းနိုင်ခွင့်ပါရှိပြီး သက်ဆိုင်ရာ ပြည်နယ်လွှတ်‌တော်အမတ်များ၏ ဆန္ဒမဲ သုံးပုံ နှစ်ပုံဖြင့် အတည်ပြုချက်ဖြင့် ပြည်ထောင်စုလွှတ်တော်သည် အဖွဲ့ဝင်ပြည်နယ် နှစ်ပြည်နယ်(သို့မဟုတ်) ထိုထက်များသောပြည်နယ်များဖြင့်လည်းကောင်း၊ အဖွဲ့ဝင် ပြည်နယ် နှစ်ပြည်နယ်(သို့မဟုတ်) ထိုထက်များသော ပြည်နယ်များ၏ အစိတ်အပိုင်းများဖြင့်သော်လည်းကောင်း ပြည်နယ်တစ်ခုအတွင်းမှ နယ်မြေများဖြင့်သော်လည်းကောင်း ပြည်နယ်သစ် တစ်ပြည်နယ်ကိုဖွဲ့စည်းနိုင်သည်။

Federal Constitution Drafting and Coordinating Committee- FCDCC) ၏ ဖက်ဒရယ်ဖွဲ့စည်းပုံ အခြေခံဥပဒေ(ဒုတိယ)မူကြမ်းနှင့်စံပြုဖက်ဒရယ်ဖွဲ့စည်းပုံအခြေခံဥပဒေကို ဆက်လက်လေ့မည်ဆိုပါက ဤမူကြမ်းတွင် အခန်း(၃) ၌ပြဌာန်းထားပါသည်။

ပုဒ်မ ၄၇ (က) တွင် “ ဖက်ဒရယ်ပြည်ထောင်စုကို အမျိုးသားပြည်နယ်များ ၊အမျိုးသားများပြည်နယ် များနှင့် ဖက်ဒရယ်ပြည်ထောင်စုနယ်မြေ များဖြင့်ဖွဲ့စည်းရမည်”ဟုပါရှိသည်။

အမျိုးသားပြည်နယ်ဆိုသည် NCUB ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ဖော်ပြပြီးသည့်အတိုင်းလူမျိုးတစ်မျိုးအများဆုံးနေထိုင်ပြီးအမျိုးသားလက္ခဏာ အင်္ဂါရပ်များနှင့်ပြည့်စုံသည့် ကိုယ်ပိုင်အချုပ်အခြာအာဏာတည်ရှိသောလူမျိုးများကိုဖက်ဒရယ်ပြည်ထောင်စုအဖွဲ့ဝင်ပြည်နယ်များအဖြစ်သတ်မှတ်ပေးထားခြင်းဖြစ်သည်။

အမျိုးသားများပြည်နယ်များဆိုသည်မှာ နယ်မြေအနေအထားအရ အုပ်ချုပ်မှုလွယ်ကူစေရန်ဖွဲ့စည်းထားခြင်းဖြစ်ပြီးမည်သည့်လူမျိုးမှအဓိကလွှမ်းမိုးသည်ဟုမရှိဘဲနိုင်ငံသားများရောနှောစွာနေထိုင်သည့်ဒေသများကို ဖွဲ့စည်းထားပေးခြင်းဖြစ်သည်။

အမျိုးသားပြည်နယ်များအတွင်းရှိ အမျိုးသားများအောက်တွင်ရှိသည့်မျိုးနွယ်စုအဆင့်တို့ဖြစ်ပြီးမိမိလူမျိုးထဲတွင်မှထူးခြားသည့်အခြေအနေရှိနေသည့်သူများအတွက်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဇုံများသတ်မှတ်ရန် ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေတွင် သတ်မှတ်ပြဌာန်း‌‌ပေးရမည်ဖြစ်ကြောင်း ပုဒ်မ ၅၀ (ခ) တွင်ပြဌာန်းပေး ထားသည်။

ပုဒ်မ(ဃ) တွင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဇုံ သတ်မှတ်ရန် သက်ဆိုင်ရာပြည်နယ်အတွင်းနေထိုင်သူ (၅၀၀၀) ငါးသောင်းက လက်မှတ်ရေး ထိုးပြီး တောင်းဆိုလာပါက သက်ဆိုင်ရာ ပြည်နယ်လွှတ်တော်က လွှတ်တော်အမတ် ဆန္ဒမဲ အများစုဖြင့်သတ်မှတ်ပေးရမည်။ ဤဖွဲ့စည်းပုံတွင်တိကျသည့်ပြဌာန်းချက်များ ပါရှိပြီး လူနည်းစုအခွင့်အရေးကို အလေးပေးထားသည်။ ဤဖွဲ့စည်းပုံတွင် ဖက်ဒရယ်ပြည်ထောင်စုနယ်မြေများဟု နိုင်ငံ၏ မြို့တော်ကဲ့သို့သော ဒေသများကို သတ်မှတ်သည့်ပြဌာန်းချက်များပါရှိသည်။

နိဂုံးချုပ်

အနှစ်ချုပ်အားဖြင့် သုံးသပ်ရမည်ဆိုလျှင်

ပြည်ထောင်စုမြန်မာနိုင်ငံအတွင်း၌ မှီတင်းနေထိုင်ကြသော တိုင်းရင်းသား လူမျိုးများသည် နယ်မြေဒေသတစ်ခုတွင် လူမျိုးတစ်မျိုးတည်းသာ နေထိုင်ကြသည့် လွတ်လပ်ရေးရခါစ အခြေအနေနှင့် ကွဲလွဲနေသည့်အချက်များကိုလည်း ထည့်သွင်းစဥ်းစားရမည်။

ယခင်က လူမျိုးတစ်မျိုး ပိုင်ဆိုင်သည့် နယ်မြေများကိုလည်း အခြားပြည်နယ် သို့မဟုတ် တိုင်းဒေသကြီးဟု သတ်မှတ်ပြီး နောက်အခါ နယ်မြေအငြင်ပွားမှု ဖြစ်လာစေရန် ထည့်သွင်း ဖွဲ့စည်း ဖော်ပြပေးထားကြသည်များလည်း ရှိနေသည်။

ထိုအခြေအနေများကို လက်တွေ့တွင် ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရာတွင် မည်သို့ ပြန်လည် ပြင်ဆင်ဖွဲ့စည်းကြမည်ကို စံသတ်မှတ်ချက်များ ချမှတ်ကာ ဆောင်ရွက် ပေးရမည်။

  • (၁) သမိုင်းနောက်ခံ
  • (၂) ဖက်ဒရယ်၏ အနှစ်သာရ
  • (၃) နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနှင့် ရေရှည် ငြိမ်းချမ်းရေး
  • (၄) လက်တွေ့တွင် တိုင်းသူပြည်သားများ လူ့အခွင့်အရေးအပြည့်အဝရရှိနိုင်ရေးတို့ကို အလေးထားပြီး တိုင်းပြည်ကိုတည်ဆောက်ရပါမည်။

မြန်မာနိုင်ငံသည် သမိုင်းနောက်ခံအရ လုံးဝကို မအပ်စပ်မတူညီသည့် လူမျိုး၊ဘာသာစကား ၊ယဥ်‌‌ကျေးမှု၊နယ်မြေပိုင်ဆိုင်ထားကြသည့်လူမျိုးများဖြင့်တည်ထောင်ထားသောနိုင်ငံဖြစ်သည်။

ထို့ကြောင့်ပင် လူမျိုးအသီးသီး၏ အချုပ်အခြာအာဏာ၊ ကိုယ်ပိုင်ပြဌာန်းခွင့် များကိုမထိပါးသည့် အခြေအနေ၌ တိုင်းပြည်ကို တည်ဆောက်ရမည်။ ထိုသို့မဟုတ်ဘဲ လက်တွေ့တွင် ဗမာလူမျိုးများ၏ လွှမ်းမိုးမှုသည် တစ်စတစ်စစီ ကြီးထွားလာပြီး ကိုးကွယ်သည့် ဘာသာ၊ စာပေ စသည်တို့တွင် အခြားလူမျိုးများ၏ လူမျိုးရေးလက္ခဏာသည် ပျောက်ကွယ်လာနေပြီဖြစ်သည်။ တစ်ဖက်တွင် ဗမာလူမျိုးများ၏ လွှမ်းမိုးမှုတွင် အဓိကကြိုးကိုင်ခြယ်လှယ်သည့် သူမှာ နိုင်ငံ၏အချုပ်အခြာအာဏာကို အတင်းအဓမ္မသိမ်းယူသည့် စစ်တပ်ပင်ဖြစ်သည်။

ထို့ကြောင့်ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရန် အကြမ်းဖက်စစ်ကော်မရှင်ကို အမြစ်ပြတ်စေရန် လက်နက်အင်အား၊ နိုင်ငံရေးအသိပညာ၊ ဥပဒေအသိပညာ များဖြင့်စုပေါင်းတည်ဆောက်ကြရန်သည် ပထမ ခြေလှမ်းဖြစ်သည်။

မြန်မာ့နိုင်ငံရေးသမိုင်း‌နောက်ခံ အရ ပင်လုံစာချုပ်ကပင်ပြည်ထောင်စုကိုတည်ဆောက်ရန် အုတ်မြစ်ချခဲ့သည့် နည်းတူ ၊ ပင်လုံစာချုပ်၏ အနှစ်သာရဖြစ်သော တိုင်းရင်းသားလူမျိုး၏ ကိုယ်ပိုင်ရွေးချယ်ဆုံးဖြတ်ခွင့် ရှိသည့်အခြေအနေတစ်ရပ်တွင် တိုင်းပြည်ဖွဲ့စည်းတည်ဆောက်ရန် လွတ်လပ်သည့် နိုင်ငံရေး အခင်းအကျင်းကို တည်ဆောက်ရန်လိုအပ်သည်။ ထိုအခြေအနေတွင်တိုင်းပြည်ကို လူမျိုးအခြေခံသည့်နိူင်ငံ့ပုံစံ ဖက်ဒရယ်ပြည်ထောင်စုစနစ် တည်ထောင်ထားကြောင်းအတိအလင်းဖော်ပြသည့် တိုင်းပြည်ရဲ့အချုပ်အခြာဥပဒေ (ဖွဲ့စည်းပုံအခြေခံဥပဒေ) ကိုရေးဆွဲကြရန်ဖြစ်သည်။

ဖက်ဒရာယ်၏အနှစ်သာရတွင် မြန်မာနိုင်ငံ၏ အခြေအနေအရ မတူညီသည့် လူမျိုးများက ပြည်ထောင်စုတည်ဆောက်ပြီး တိုင်းပြည်တည်ငြိမ်အေးချမ်းမှု ဖွံ့ဖြိုးတိုးတက်မှုဆောင်ရွက်ရန် ဖြစ်ပါသည်။

ကိုးကားချက်များ

• ပင်လုံစာချုပ်။
• တိုင်းရင်းသားလူမျိုး ၁၃၅ မျိုးနှင့်ပတ်သက်သော ဘာတေးလင်နာ၏ဆောင်းပါး။
• ၁၉၄၇၊ ၁၉၇၄ နှင့် ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေများ၌ ပြဠာန်းထားသော နိုင်ငံတော်( ပြည်ထောင်စု ) ဖွဲ့စည်းတည်ဆောက်ပုံဆိုင်ရာ ပြဠာန်းချက်များ။
• NCUB (ပထမမူကြမ်း)၊ FCDCC ( ဒုတိယမူကြမ်း)နှင့် စံပြုဖက်ဒရယ် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံ ဥပဒေ။
• ဆောင်းပါးရှင်လင်းသစ်၏ မြန်မာကို ဗမာဆိုပြီး ဘာလို့ခေါ်သလဲ။

ဆလိုင်းဖွေမာန်

Related Articles

Back to top button