ဖက်ဒရယ်လစ်ဇင်အကြောင်း

မကြေလည်သေးသည့် ဖက်ဒရယ်စနစ် တည်ဆောက်ခြင်း လားရာ

မကြေလည်သေးသည့် ဖက်ဒရယ်စနစ် တည်ဆောက်ခြင်း လားရာ

ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေး (နိုင်ငံရေးစံ)

၂၀၂၁ ခုနှစ် တကျော့ပြန် စစ်အာဏာသိမ်းမှုကြောင့် မြန်မာ့တော်လှန်ရေးသမိုင်းတွင် နွေဦးတော်လှန်ရေးနှင့်အတူ ထူးခြားစွာဖြင့် တနိုင်ငံလုံး လူထုအလွှာပေါင်းစုံ ပါဝင်သည့် လူထုလှုပ်ရှားမှုကြီးက စစ်အာဏာရှင်စနစ်အား မြေလှန် အမြစ်ဖြတ်ချုပ်ငြိမ်းစေပြီး၊ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်သွားကြမည် ဟူသည့်အဆိုကို တစ်သားတည်း ပုံစံမျိုးစုံဖြင့် ပြောဆို၊ ရေးသား၊ ထုတ်ဖော် ကြွေးကြော်ကာ နောက်ဆုံးတွင် မလွှဲမရှောင်သာ ရရာလက်နက်ဆွဲကိုင် တွန်းလှန် တိုက်ပွဲဝင်ခဲ့ကြသည်။  

နွေဦးတော်လှန်ရေးနှင့်အတူ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေး အဆိုသည် ခေတ် အဆက်အဆက်က စစ်အာဏာရှင်များ၏ ဖက်ဒရယ်ဟူသည့် ဝေါ်ဟာရ ပြောဆိုသူကို ခွဲထွက်ရေးသမားဟူ၍ ခေါင်းစဉ် တပ်ပြီး ရာဇဝတ်မှုအဖြစ် ဖန်တီးကာ ဖမ်းဆီးထောင်ချခဲ့သည် ဖြစ်ရပ်များမှ ကနေ့တွင် နိုင်ငံရေးစံအဖြင့် မြန်မာ့နိုင်ငံရေး ဇာတ်ခုံ စင်မြင့်ထက်တွင် ဂုဏ်သိက္ခာရှိရှိဖြင့် တက်လှမ်း သွားနိုင်စေခဲ့သည်။

တချိန်တည်းတွင် စစ်အာဏာရှင်တို့ကပါအပြိုင် ဒီမိုကရေစီ ဖက်ဒရယ်စနစ် တည်ဆောက်ရေးဟူသည့် ကြွေးကြော် အဆိုပြုလာသည်အထိ ပေါက်မြောက် ထင်ရှား သွားခဲ့သည်။

ယင်းအခြေအနေသည် တဘက်က ဆယ်စုနှစ်များစွာ တိုင်းရင်းသားလက်နက်ကိုင် ခေါင်းဆောင်များ၏ ဖက်ဒရယ်အရေး ကြိုးပမ်း အားထုတ်လှုပ်ရှားမှု၏ အသီးအပွင့်လည်း ဖြစ်သည်။

ပြန်ချုပ်ရမည်ဆိုလျှင် နွေဦးတော်လှန်ရေးသည် တောင်တန်းနှင့် ပြည်မ လူထုများကြား တစ်သားတည်း ညီညွတ်မှု ဖြစ်စေခဲ့ပြီး တနည်းအားဖြင့် ဖက်ဒရယ်အရေး လှုပ်ရှားသူများနှင့် ဒီမိုကရေစီအရေး လှုပ်ရှားသူ တို့ကြား နိုင်ငံရေးစံဖြစ်သည့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးအခြေခံမှ ပေါင်းစပ်မိသွားကာ အမျိုးသား ညီညွတ်ရေးအစိုးရ၊ ပြည်ထောင်စု လွှတ်တော် ကိုယ်စားပြုကော်မတီနှင့် အမျိုးသား ညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) စသည့် မဏ္ဍိုင်များ ပေါ်ပေါက်လာနိုင်သည့်အထိ အားကောင်းစွာ ထူထောင်နိုင်ခဲ့သည်။ 

ဘယ်လို ဖက်ဒရယ်စနစ်မျိုးလဲ

နွေဦးတော်လှန်ရေး ၄ နှစ်ကျော် ၅ နှစ်ထဲ ရောက်လာချိန်တွင် နွေဦးတော်လှန်ရေးနှင့်အတူ နိုင်ငံရေးစံအဖြင့် တက်လှမ်းသွားသည့် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေး အဆိုသည် တော်လှန်ရေးကာလ (တနည်းအားဖြင့် စစ်တပ်ကို တွန်းလှန်တိုက်ခိုက်နေစဉ်အတွင်း) ဘယ်လို ဖက်ဒရယ် စနစ်မျိုးဖြင့် အုတ်မြစ်ချ တည်ဆောက်နိုင်ခဲ့သနည်း၊ ဘယ်လို တည်ဆောက်ကြမည်နည်းဟူသည့် မေးခွန်း ဆက်ရှိနေသည်။

နွေဦးတော်လှန်ရေး၏ အမြင့်ဆုံးမဏ္ဍိုင်ဖြစ်သည့် အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) ကမူ ပြည်နယ်/ဖက်ဒရယ်ယူနစ် အားကောင်းရေးမှ ပြည်ထောင်စု အားကောင်းရေး (Bottom-Up federalism)ကို နိုင်ငံရေး ရပ်တည်ချက် သဘောထားအဖြစ် ထုတ်ပြန်ထားသည်။

ယင်း ပြည်နယ်/ဖက်ဒရယ်ယူနစ် အားကောင်းရေးမှ ပြည်ထောင်စု အားကောင်းရေး (Bottom-Up federalism)ကို အမျိုးသား တန်းတူရေး အခြေခံမှ အမျိုးသားညီညွတ်ရေးအစိုးရနှင့် ပေါင်းစည်းနေသော မဟာမိတ် တိုင်းရင်းသား တော်လှန်ရေး အင်အားစုဖြစ်သည့် ချင်းအမျိုးသားတပ်ဦး ကမကထပြုထားသည့် ချင်းပြည်ကောင်စီသည် ချင်းပြည် နယ်အား ဖက်ဒရယ် ပြည်နယ် ဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဆွဲ ပြဌာန်းကာ အစိုးရယန္တယားကို ပုံဖော် လည်ပတ် နေပြီး ကရင်နီအမျိုးသား တိုးတက်ရေးပါတီ ကမကထပြုထားသည့် ကရင်နီပြည်အတိုင်ပင်ခံ ကောင်စီသည် ကရင်နီ ပြည်နယ်အား ဖက်ဒရယ် ပဋိညာဉ်ကို အခြေခံကာ အစိုးရယန္တယားကို ပုံဖော် လည်ပတ် နေပြီဖြစ်သည်။

ဘာကြောင့် ဖက်ဒရယ်လှုပ်ရှားမှု ရပ်တန့်နေသလဲ

ပြည်မ ဒီမိုကရေစီ အင်အားစု အများစု လွှမ်းမိုးထားသည့် အမျိုးသား ညီညွတ်ရေးအစိုးရနှင့် ပြည်ထောင်စု လွှတ်တော် ကိုယ်စားပြုကော်မတီ တို့သည် အမှန်တကယ် ပြည်နယ်/ဖက်ဒရယ်ယူနစ် အားကောင်းရေးမှ ပြည် ထောင်စု အားကောင်းရေး (Bottom-Up federalism) အား ပြည့်ပြည့်၀၀ လက်ခံနိုင်ပါ့မလား မေးခွန်းထုတ်စရာ ဖြစ်နေသည်။ အဘယ်ကြောင့်နည်း ပြည်နယ်/ဖက်ဒရယ် ယူနစ် အားကောင်း ရေးမှဟူသည့် ဝေါ်ဟာရသည် အဓိကကျနေပြီး ၎င်းတို့အနေဖြင့် အမျိုးသား တန်းတူရေးအခြေခံမှ မြန်မာ(ဗမာ) လူမျိုး အခြေခံသည့် ပြည်နယ် ဖော်ဆောင်ရန် မဖြစ်မနေ လိုအပ်ချက် ဖြစ်လာသည်။ ယင်းအချက်ကို ပြည်မ ဒီမိုကရေစီ အင်အားစု အနေဖြင့် လက်မခံနိုင်ပါက ပွင့်လင်းမြင်သာစွာ ထုတ်ဖော်ပြောဆိုပြီး တော်လှန်လူထုများ နားလည်နိုင်ရန် ၎င်းတို့တွင် အခြားသော ဘယ်လို ဖက်ဒရယ်စနစ်မူဝါဒ ရှိကြောင်း ချပြသင့်သည်။ 

သို့သော် (Bottom-Up federalism) အယူအဆအား လက်ခံသရောင်အဖြစ် ပြသပြီး အနှစ်သာရအား ရှောင်ရှားနိုင်ရန် ပြည်နယ် ဟူသည်ဝေါ်ဟာရကို ပယ်ကာ တိကျရှင်းလင်းစွာ အဓိပ္ပါယ် ဖွင့်ဆိုခြင်း မရှိသေးတဲ့ ဖက်ဒရယ် ယူနစ် ဟူသည့် ဝေါ်ဟရကိုတာ ကိုင်ဆွဲကာ မြန်မာ(ဗမာ) လူမျိုးအများစု နေထိုင်ကြသည့် စစ်ကိုင်း ဖက်ဒရယ်ယူနစ်၊ မကွေး ဖက်ဒရယ်ယူနစ် ဟူသည့် စသည့်ဒေသများတွင် ကြိုးစားအကောင်အထည်ဖော် ပြသလျက် ရှိသည်။  

ယင်းအခြေအနေသည် ဖက်ဒရယ်ကို တည်ဆောက်လိုကြောင်း သဘောထားကို ပြသနေသော်လည်း လက်တွေ့ အရ အရင်းခံ ဖြေရှင်းရန်လိုအပ်နေသည့် အမျိုးသား တန်းတူတည်ဆောက်ရေးကို ပိုမို ဦးတည် ရှုပ်ထွေး သွားစေသည်။ 

အဘယ့်ကြောင့် ပြည်နယ်/ဖက်ဒရယ်ယူနစ် အားကောင်းရေးမှ ပြည်ထောင်စု အားကောင်းရေး (Bottom-Up federalism) ကို ဦးတည် တိုက်တွန်းနေရသနည်း အကြောင်းအရင်း ရှိသည်။ ယင်းမှာ ပြည်ထောင်စု တည်ဆောက်ခဲ့သည့် ၁၉၄၇ ခုနှစ် ပင်လုံသဘောတူ စာချုပ်သည် ယနေ့ချိန်ထိ နိုင်ငံရေးအရ အပါအဝင် ဥပဒေကြောင်းအရ တရားဝင် တည်ရှိနေသေးသည့် စာချုပ်ဖြစ်ပြီး နိုင်ငံတကာ ဥပဒေ အရလည်း အသက်ဝင် နေသေးသည့် စာချုပ်ဖြစ်သည်။

ပင်လုံသဘောတူ စာချုပ်သည် နှစ်ပေါင်း ၇၀ ကျော်ကြာ တည်ရှိနေဆဲ ဖြစ်ခဲ့သော်လည်း ခေတ်အဆက်ဆက်က အုပ်ချုပ်သူအစိုးရများ၏ တင်းကြပ်သည့် ဗဟိုချုပ်ကိုင်မှုဖြင့် အနှစ်သာရမဲ့သည့် ပြည်ထောင်စုကို ဖော်ဆောင်ခဲ့သောကြောင့် တိုင်းရင်းသား ပြည်နယ် ဒေသများတွင် စစ်ဘေးဒဏ်နှင့် လူမှုဘ၀ နိမ့်ကျမှုဒဏ်များကိုသာ ခံစားခဲ့ကြရသည်။ တချိန်တည်းတွင် မြန်မာ(ဗမာ) လူမျိုးများနေထိုင်ရာ အညာဒေသများတွင်လည်း ဖွံ့ဖြိုးမှုမရှိခဲ့ပါ အကြောင်းမှာ အညာဒေသများအတွက် ခေတ်အဆက်ဆက်က နိုင်ငံရေးအာဏာ ရရှိချုပ်ကိုင်ထားသည့် မြန်မာ(ဗမာ) ခေါင်းဆောင်များ၏ ဖွံ့ဖြိုးရေးနှင့် ဘဏ္ဍာရေးဆိုင်ရာ စီမံခန့်ခွဲမှု အားနည်းမှုကြောင့်ဟု ဆိုနိုင်သည်။ ယင်းအခြေအနေကို ပြန်လည် ကုစားပေးနိုင်ရန် ပင်လုံစာချုပ်နောက်ခံမှ အမျိုးသားတန်းတူရေးကို အခြေခံပြီး လူမျိုးကို အခြေခံသည့် ဖက်ဒရယ် စနစ်ကို တည်ဆောက်ရန် စဉ်းစားသင့်သည်။  

(ဝါရင့် တိုင်းရင်းသား ခေါင်းဆောင် တစ်ဦးကမူ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေး လမ်းကြောင်းပေါ်တွင် မြန်မာ(ဗမာ)လူမျိုးက (၇) ကျပ် ရယူထားသည့် အခွင့်အရေးသည် အမျိုးသားတန်းတူရေး ဖော်ဆောင်ရန် မဖြစ်နိုင်ဟု မှတ်ချက်ပြု ပြောဆိုလေ့ရှိသည်)

သို့သော် ထူးခြားချက်အဖြစ် နွေဦးတော်လှန်ရေးတွင် ပါဝင်နေသည့် မြန်မာ(ဗမာ)လူငယ်များသည် အမျိုးသား တန်းတူရေး အခြေခံမှ မြန်မာ(ဗမာ)လူမျိုး အခြေခံသည့် ပြည်နယ်ပေါ်ပေါက်ရေးသည် မဖြစ်မနေ လိုအပ်ကြောင်း ထုတ်ဖော် ပြောဆိုမှု ရှိနေသည်။ 

တချိန်တည်းတွင် အမျိုးသားညီညွတ်ရေး အစိုးရအနေဖြင့် နွေဦးတော်လှန်ရေးနှင့်အတူ လက်ရှိကျထားပြီး ဖြစ်သည့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်အရေး အဆိုကို ပင်လုံ သဘောတူစာချုပ်ကို ဆက်လက်ကိုင်ဆွဲကာ အမျိုးသားတန်းတူရေးကိုလည်း အခြေခံပြီး သင့်တင့်လျောက်ပတ်သည့် ဗဟိုချုပ်ကိုင်မှုဖြင့် လက်တွေ့အရ ၎င်းတို့ စိုးမိုးနယ်မြေများနှင့် တိုင်းရင်းသား ပြည်နယ်များတွင် ဖက်ဒရယ် အယူအဆနှင့် ဖက်ဒရယ် အခင်းအကျင်းအား တိတိပပ ကျင့်သုံးပြသသင့်သည်။ ယင်းနောက်ခံမှအမျိုးသား ညီညွတ်ရေး အစိုးရအနေဖြင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများကို ချဉ်းကပ်မည်ဆိုလျှင် လက်တွေ့အရယုံကြည်မှုကို ပြန်လည်ရရှိ လာနိုင်မည် ဖြစ်သည်။ 

ပြန်ချုပ်ရမည်ဆိုလျှင် လက်ရှိအခင်းအကျင်းအရ စစ်မှန်သည့် ဖက်ဒရယ်တည်ဆောက်ရေးသည် အမှန်တကယ် တည်ဆောက်နိုင်မည်နည်း တော်လှန်ရေး အင်အားစု အချင်းချင်းများကြားပင် သံသယများစွာ ရှိလာကြပြီး နွေဦးအစ ရလဒ်ကောင်းပြီး နိုင်ငံရေးစံ ဖြစ်ခဲ့သည့် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေး လှုပ်ရှားမှုများသည် တဖြေးဖြေး မှေးမှိန်လာကာ ရှေ့မတိုး၊ နောက် မဆုတ်ဘဲ ရပ်တန့်နေပြီ ဖြစ်သည်။ 

တဘက်တွင် တော်လှန်ရေးအင်အားစုတို့၏ ဖက်ဒရယ်ရေး လှုပ်ရှားမှု ရပ်တန့် နေချိန် စစ်အုပ်စုသည် နိုင်ငံတကာတွင် ၎င်း၏ တရားဝင်မှု ရရှိနိုင်ရေးအတွက် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေအား ဆက်လက်ကိုင်ဆွဲပြီး ရွေးကောက်ပွဲကို ကျင်းပ ပြသ၍ လည်းကောင်း တခြားသော နိုင်ငံတကာ လော်ဘီများကို ငှားရမ်း၍ လည်းကောင်း ခြေလှမ်းမှန်မှန်ဖြစ် ဆက်လက် ချီတက်နေပြီ ဖြစ်သည်။

နိဂုံးအကြံပြုချက်

ဖက်ဒရယ်သည်  ပြည်ထောင်စု ဖွဲ့စည်းရာမှာပါဝင်သော လူနည်းစုတိုင်းရင်းသားများ၏ အခွင့်အရေးကို ကာကွယ် သောအခြေခံမှ(တနည်းအားဖြင့် အမျိုးသားတန်းတူရေးအခြေခံမှ)နေ၍ ပြည်ထောင်စုဖွဲ့စည်းရာတွင်ပါဝင်သော ပြည်နယ်များနှင့် ပြည်ထောင်စု(ဗဟို) အဆင့် တို့အကြား ဖွဲ့စည်းပုံအခြေခံဥပဒေအရ တိုင်းပြည်အာဏာကြီး သုံးရပ်ကို သင့်တင့်လျောက်ပတ်သော ဗဟိုချုပ်ကိုင်မှုဖြင့် ခွဲဝေအုပ်ချုပ်သော စနစ်ဖြစ်သည်။

ဖက်ဒရယ်သည် မတူသောလူမျိုးများအားလုံး အတူတကွစုစည်းနေထိုင်နိုင်ဖို့နှင့် မတူကွဲပြားသော လူမျိုးများ၏ ဘာသာစကား၊ စာပေ၊ ယဉ်ကျေးမှုများ၊ သမိုင်းကြောင်းဆိုင်ရာနှင့် လူမျိုးနွယ်များ စုစည်းနေထိုင်ရာ ဒေသများမှ လူနည်းစုများ၏ အကျိုးစီးပွားကို ဖွဲ့စည်းပုံအခြေခံဥပဒေအရ တန်းတူ ကာကွယ်ဖေါ်ဆောင် ပေးသော စနစ်လည်း ဖြစ်သည်။

ယင်းအခြေခံမှ ဖက်ဒရယ်စနစ် တည်ဆောက်ရေး အောင်မြင်နိုင်ရန် ပကတိ လိုအပ်ချက်သည် အနိမ့်ဆုံး အားဖြင့် တပြည်လုံးအတွက် အမြင့်ဆုံး ဖက်ဒရယ် ပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံဥပဒေ ကျင့်သုံးပြီး ပြည်နယ်များ၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို အာမခံချက်ပေးသည့် ပြည်နယ် ဖွဲ့စည်းပုံအခြေခံဥပဒေများကိုလည်း အကောင်အထည် ဖော်ဆောင်ကာ ပြည်နယ်တခုနှင့် အခြားတခုအကြားတွင်လည်းကောင်း၊ ပြည်ထောင်စုအဆင့် အာဏာပိုင် အဖွဲ့အစည်းများနှင့် ပြည်နယ်အဆင့် အာဏာပိုင်အဖွဲ့အစည်းများ အကြားတွင်လည်းကောင်း ဖြစ်ပွား လာမည့် ပြဿနာများကို ထိန်းကျောင်း ကြပ်မတ် စီရင်ဆုံးဖြတ်နိုင်ရန် လွတ်လပ်၊ ဘက်မလိုက်၊ ထက်မြက် သော ပြည်ထောင်စု တရားရုံးချုပ်ကိုလည်း တပါတည်း တည်ဆောက်ထားနိုင်ရမည်။ ယင်းအခြေခံများမှ တည်ဆောက် ထားသည့် ဖက်ဒရယ်စနစ်သည် နှစ် (၇၀)ကျော်ကြာ မြန်မာ့ပြည်တွင်းစစ်ကို ချုပ်ငြိမ်းပေးနိုင်မည် ဖြစ်သည်။

ပကတိအခြေအနေအရ ပထမအချက်အနေဖြင့် အမျိုးသားတန်းတူရေးအခြေခံမှ တောင်တန်းနှင့် ပြည်မ လူထုများကြား တစ်သားတည်း တည်ဆောက် ထားနိုင်သည့် တနည်းအားဖြင့် နွေဦးတော်လှန်ရေး၏ ကြွေးကြော်သံ ဖြစ်သည့် စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေး၊ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက် ရေးဟူသည့် ဖက်ဒရယ်လှုပ်ရှားမှုကြီးသည် ပြည်ထောင်စု တဝန်းလုံးတွင် စီမံကိန်း စနစ်တကျ ချမှတ်ကာ လက်ရှိတော်လှန်ရေးကာလ (တနည်းအားဖြင့် စစ်တပ်ကို တွန်းလှန်တိုက်ခိုက် နေစဉ်အတွင်း) အုတ်မြစ်ချကာ အချိန်မဆွဲဘဲ တပါတည်း တည်ဆောက် သွားရန် လိုအပ်နေပြီ ဖြစ်သည်။

ဒုတိယအချက်အနေဖြင့် ဖက်ဒရယ် တော်လှန်ရေး အင်အားစုနှင့် ဒီမိုကရေစီ တော်လှန်ရေးအင်အားစု တို့ကြား မကြေလည်သေးသည့် ဘယ်လိုဖက်ဒရယ်စနစ် တည်ဆောက်ကြမလဲ ဆိုသည့် မေးခွန်းအတွက် ရှင်းလင်း တိကျစွာ အဖြေရှာနိုင်ရန်အတွက် ဖက်ဒရယ်မူဝါဒများ၊ ဥပဒေများကို လူထုများထံ ပွင့်လင်းမြင်သာစွာဖြင့် စနစ်တကျ ချပြနိုင်ရန်၊ တော်လှန်ရေးအင်အားစုတို့ကြား နိုင်ငံရေး သဘောတူညီချက်အဆင့်မှ တပြည်လုံး လက်တွေ့ ကျင့်သုံးကြမည့် ကြားကာလ ဖက်ဒရယ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေအဆင့်သို့ တက်လှမ်းလာနိုင်ရန်နှင့် တဘက်က နိုင်ငံတကာတွင် တရားဝင်မှု ရရှိလာနိုင်ဖို့အတွက် ကျွမ်းကျင် ပညာရှင်များ၊ သုတေသီများ၏ အကြံပြုချက်များနှင့် အတူ တော်လှန်ပြည်သူ လူထုတရပ်လုံးကလည်း ဝိုင်းဝန်း ထိန်းကျောင်း ကြပ်မတ် တွန်းအားပေးရန် လိုအပ်နေပြီ ဖြစ်ကြောင်း တင်ပြလိုက်ရပါသည်။

ကိုဆိုင်း

Related Articles

Back to top button