အတွေးအမြင်

စစ်ဖက် သုတေသီ တဦး ပြောသည့် နောင်ချိုကို လက်လွှတ်သည်အထိ ဖြစ်ခဲ့ရသော မဟာဗျူဟာ အမှား

စစ်ဖက် သုတေသီ တဦး ပြောသည့် နောင်ချိုကို လက်လွှတ်သည်အထိ ဖြစ်ခဲ့ရသော မဟာဗျူဟာ အမှား

  • Hla Soewai

တအာင်း အမျိုးသား လွတ်မြောက်ရေး တပ်ဖွဲ့ TNLA သည် ၁၀၂၇ စစ်ဆင်ရေး ဒုတိယ လှိုင်း အတွင်း ၂၀၂၄ ဇွန်လ ၂၅ ရက်တွင် ဓနု ပြည်သူ့ လွတ်မြောက်ရေးတပ် (DPLA) နှင့် MDY-PDF များ တပ်ပေါင်းစု ဖွဲ့၍ သိမ်းယူ နိုင်ခဲ့သော်လည်း တနှစ် အကြာ ၂၀၂၅ ဇူလိုင် ၁၆ ရက်နေ့တွင် လက်လွှတ်ပေးခဲ့ရသည်။

စစ်ကောင်စီ အဖို့ တနှစ်ကျော် ကြာအောင် တိုက်ယူခဲ့ရပြီး ပထမဆုံး အကြိမ် အဖြစ် မဟာဗျူဟာ အရ အရေးပါလှသော မြို့တမြို့ကို ပြန်ရသွားခဲ့ခြင်းလည်း ဖြစ်သည်၊ နောင်ချိုသည် လားရှိုး-မန္တလေး အဝေးပြေးလမ်း နှင့် မီးရထားလမ်းပေါ်တွင် ရှိ၍ မူဆယ်ရှိ ကုန်သွယ်ရေးစခန်း အတွက် အရေးပါသော လမ်းကြောင်းပေါ်တွင် ရှိနေ၍လည်း ဖြစ်သည်။

ပညာရှင်များက စစ်အုပ်စု၏ တပ်များသည် နောက်ဆုံးပေါ်  နည်းပညာ များ တိုး၍ ထုတ်သုံးလာခြင်း နှင့် တရုတ်တို့၏ ဖိအားများကြောင်ု ယခုလို လက်လွှတ်ရခြင်း ဖြစ်သည်ဟု ပြောဆိုနေကြသော်လည်း ထိုအကြောင်းများ ကြောင့်သာ နောင်ချို ကျ သွား ခဲ့ခြင်း မဟုတ်၊ TNLA ၏ မဟာဗျူဟာ ပိုင်း အမှား သုံးရပ် ကြောင့် ဖြစ်သည်ဟု စစ်ရေး လေ့လာသူ တဦးက ဧရာဝတီ တွင် ရေးသားလာခဲ့သည်။

TNLA သည် ပထမပိုင်း တွင် နောင်ချိုရှိ ခမရ ၁၁၄, ၁၁၅ နှင့် ဒုံးကျည် တပ်ရင်း ၆၀၆ ကို သိမ်းယူခဲ့ပြီး နောင်ချို နှင့် တောင်ဖက် ၃၂ ကီလိုမီတာ အကွာရှိ

၉၀၂ အမြှောက်တပ်ရင်း၊ ၂၀၆, ၃၅၄ နှင့် ၄၀၆ တပ်ရင်း စခန်းများ ကို ဆက်လက် တိုက်ခိုက်ခဲ့သည်၊ ၂၀၂၄ ဩဂုတ်လ အကုန်ပိုင်းတွင် ၂၀၆ နှင့် ၄၀၆ ကို ရရှိသွားခဲ့သော်လည်း ကျန်စခန်းများကို ဆက်မတိုက်တော့ဘဲ လွှတ်ပေးထားခဲ့သည်။

ထိုသို့သော ပုံစံမျိုးကို သပိတ်ကျင်း မြို့တွင်လည်း ထပ်တွေ့လာရပြန်သည်။ သပိတ်ကျင်းကို ရရှိခဲ့သော်လည်း အနီးအနား ၁၁ ကီလိုမီတာသာ ကွာဝေးသည့် စစ်သင်တန်း‌ ကျောင်း သုံးခု အပါအဝင် စစ်စခန်း များကို ထိုးစစ်ဆင်ခဲ့ခြင်းမရှိ၊ ထို့အတွက်လည်း စစ်အုပ်စု သည် အင်အားစုဆောင်းပြီး တဖြေးဖြေး နှင့် တန်ပြန် ထိုးစစ်ဆင်လာနိုင်ခဲ့ခြင်း ဖြစ်သည်။ သပိတ်ကျင်းကို ပြန်ရသွားမည် ဆိုလျင် မိုးကုတ်သည်လည်း စိတ်မချရတော့။

အဘယ်ကြောင့် ဆက်မတိုက်ပဲ ထားခဲ့ရသနည်းကို TNLA သည် လူသိရှင်ကြား ရှင်းလင်းခဲ့ခြင်း မရှိ။ သို့သော် ကြားခံနယ်မြေ တည်ဆောက်မည် ဆိုသည့် သဘောတရားကို ကျင့်သုံးလာပုံရသည်။ နောင်ချို နှင့် သပိတ်ကျဉ်းသည်  TNLA ခြေကုပ်စခန်းများ ရှိရာ မြောက်ဖက်ဖျား နှင့် စစ်အုပ်စု တပ်များ အကြား

ခပ်ပျော့ပျော့ အတားအဆီး အဖြစ် သတ်မှတ်ထားသည်။ နောင်ချိုတွင် ဓနု နှင့် ရှမ်းတိုင်းရင်းသား များ နေထိုင်ကြသည်။

ထို့အတွက်လည်း ကေအိုင်အေ တို့၏ ကွပ်ကဲမှု ဖြင့် ဖွဲ့စည်းလာသော NUG လက်အောက်ခံ PDF တပ်ရင်း ၅၁၀ သည် ၂၀၂၂ နှစ်ဦးပိုင်း တွင် နောင်ချို တွင် စတင်လှုပ်ရှားလာသည့် အခါ TNLA သည် အဆိုပါတပ်များအား အဝင်မခံဘဲ အဝေးပြေးလမ်းမ၏ အရှေ့ခြမ်း သို့မဟုတ် မန္တလေး ဒေသကြီး အတွင်းသို့ ရွှေ့ပြောင်းစေခဲ့သည်။

၂၀၂၂ စက်တင်ဘာလ တွင် PDF တပ်များ မန္တလေး ဖက်သို့ ထွက်လာသည့် အခါ TNLA ဖက်မှ စစ်တပ်ကို အနီးအနားရှိ ပြင်ဦးလွင်ဖက်သို့ တွန်းပို့သည် ဆိုယုံ သာ လုပ်ခဲ့ပြီး မဟာမိတ်များ ဖြစ်သော DPLA နှင့် MDY- PDF တပ်များအား ဆက်၍ တာဝန်ယူခိုင်းခဲ့သည်။

ဒုတိယ အမှားသည်ကား ကာလကြာမြင့်စွာ ကတည်း က ရှိနေသော ကေအိုင်အေ၊ ရှမ်းပြည် တိုးတက်ရေး ပါတီ၊ ရှမ်းပြည်တပ်တော် SSPP/ SSA-N တို့အကြား တင်းမာမှုများ ကြီးထွားလာခဲ့ခြင်း ဖြစ်သည်။ ယခင်က တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ ပူးတွဲ အုပ်ချုပ်ခဲ့သော ဒေသများကို ၎င်းတို့ တဦးတည်းက စီမံခန့်ခွဲလာခဲ့ခြင်းကြောင့် ဖြစ်သည်။ ဤသို့ဖြင့် ကေအိုင်အေ နှင့် SSPP တပ်များအား တဖြေးဖြေး ပ ထုတ်လာခဲ့သည်။

ဤသည်ကို ကြည့်ခြင်းအားဖြင့် TNLA သည် စစ်တပ်ထံမှ သိမ်းယူရထားသော နယ်မြေများ ကို အခိုင်အမာ စုစည်း ထားနိုင်ရေးကိုသာ ဦးစားပေး လုပ်ဆောင်ခဲ့ခြင်း ဆိုသည်မှာ ထင်ရှားလာသည်။ ဆက်လက်၍ ထိုးစစ်ဆင်ရမည့် အစား ထိုနယ်မြေများ တွင်သာ တပ်အင်အားများ ဖြည့်တင်းလာခဲ့သည်။

နောင်ချိုကို လက်လွှတ်ရခါနီး ဇူလိုင် ၁၅ တွင် နမ်ခမ်းမှ တပ်အင်အား ၁,၅၀၀၊ ကွတ်ခိုင်မှ ၅၀၀ ခန့်အား ကျောက်မဲသို့ စေလွှတ်ပြီး အားဖြည့်လာသည်၊ အဓိက အားဖြင့် စစ်အုပ်စု တပ်များ ရှေ့သို့ ဆက်မတိုးနိုင်အောင် ဟန့်တားထားရန် ဖြစ်သည်။ ထိုသို့သော တပ်အင်အား ကို အစောပိုင်းကတည်းက တောင်ခမ်းသို့ ပို့ထားခဲ့မည် ဆိုလျင် နောင်ချိုကို ထိန်းချုပ်ထားနိုင်မည် ဖြစ်သည်၊ ထိုအစား သိမ်းယူရထားသော နယ်မြေများ တွင် အခြား တိုင်းရင်းသား မဟာမိတ်များကို အင်အားပြနိုင်ရန် သာ စုစည်းထားခဲ့သည်။ အရေးကြီးသော အချိန်တွင် မဟာဗျူဟာ အရင်းအမြစ်များကို လွဲမှားစွာ နေရာချထားခဲ့ခြင်းပင် ဖြစ်သည်။

နောက်ဆုံး အမှားသည်ကား ၎င်းတို့ ထိန်းချုပ်မှု အောက်တွင် ရှိ နယ်မြေများ တွင် သဘာဝ သယံဇာတ များ စီမံခန့်ခွဲရေး၊ အုပ်စုချင်း ဆက်ဆံရေး ပိုင်းတွင် အမှားများ ကျုးလွန်ခဲ့သည်သာမက အတင်းအကျပ် စစ်အင်အား စုဆောင်းလာခဲ့ ခြင်း ဖြစ် သည်။

မိုးကုတ် တွင် ကျောက်မျက်တူး ဖေါ်ရေး အား တရုတ် ကုမ္ပဏီများ၊ ကရိုနီများ နှင့် ပေါင်း၍ လက်ဝါးကြီး အုပ် လုပ်ကိုင်လာကြပြီး ဒေသခံများကို ဖယ်ကျဉ်ထားခဲ့၍ မကျေမနပ် ဖြစ်လာကြသည်။

နမ်းခမ်း တွင် လူထု ဆန္ဒပြပွဲပင် ထွက်ပေါ်လာခဲ့သည်။

ရှမ်း နှင့် ကချင်လူမျိုးစု များ နှင့်လည်း အဆင်မပြေ ဖြစ်လာပြီး ထိတ်တိုက်ရင်ဆိုင်မှု များ ဖြစ်လာခဲ့သည်။ သိသာထင်ရှားလာရသည်က ၂၀၂၅ ဖေဖေါ်ဝါရီ လ အတွင်း တွင် သီပေါ မြို့အဝင်ဂိတ်တွင် ရှမ်းဘာသာ နှင့် ရေးထားသော ဆိုင်းဘုတ် နှင့် အလံကို ဖြုတ်ချ၍ တ‌အာင်းဘာသာ ဆိုင်းဘုတ် နှင့် လဲတပ်ခဲ့ခြင်း ဖြစ်သည်။ ထို့အတူ ၂၀၂၄ တွင်လည်း TNLA  သည် ကွတ်ခိုင် မြို့နယ် အတွင်းရှိ ဂလိုင် နှင့် မိုင်းပင် ရွာများ ရှိ ကချင်လူထု ဖွင့်ထားသော စာသင်ကျောင်း များ အတွင်း ဝင်ရောက် တပ်စွဲလာကြ၍ ကလေးများ စာသင်မပျက်စေရန် အခြား နေရာသို့ ရွှေ့ပေးခဲ့ကြရသည်။

အလားတူ ဗမာ PDF တပ်များ အပေါ် မထော်တနန်း ဆက်ဆံခဲ့သည်ဟူသော စွပ်စွဲချက်များလည်း ထွက်ပေါ်လာခဲ့သည်။ စစ်ဆင်ရေး နှင့် ပတ်သက်၍ လွတ်လပ်စွာ လှုပ်ရှားခွင့်ကို ကန့်သတ်ခြင်း၊ လက်နက်များ သိမ်းယူခြင်း၊ နောင်ချို နှင့် လားရှိုး ဖက်ရှိ အဝင်အထွက် လမ်းများ တွင် ထောက်ပို့ အတွက် အသုံးပြုခွင့် မပေးခြင်း အစရှိသည့် သတင်းများ ထွက်ပေါ်လာသည်။ PDF တပ်ဖွဲ့ဝင်များအား ဖမ်းဆီးနှိပ်စက်သည့် ဗီဒီယို ဖိုင်လည်း ပေါက်ကြား လာ၍ ဝေဖန်ရှူတ်ချမှုများ ဆူညံစွာ ထွက်ပေါ်လာပြန်သည်။

ထိုလုပ်ရပ်များ ကြောင့် ကချင်၊ ရှမ်း နှင့် ဗမာတို့မှ TNLA အပေါ် ထောက်ခံမှုများ ကျဆင်းလာခဲ့သည်။

စစ်အုပ်စုသည် နောင်ချို နှင့် ရပ်နေမည် မဟုတ်ဘဲ မိုးကုတ်၊ ကျောက်မဲ‌ မြို့များသို့ ဆက်၍ ထိုးစစ်ဆင်လာမည်သာ ဖြစ်သည်။ လားရှိုးကိုလည်း တရုတ်ကြောင့် ပြန်ရသွားပြီ ဖြစ်‌၍ မန္တလေး-လားရှိုး လမ်းကို ထိန်းချူပ်လာတော့မည် ဖြစ်သည်။

ကျောက်မဲ နှင့် သီပေါကို ထိန်းချုပ်နိုင်မည်ဆိုက ၎င်းတို့ အဖို့ နိုင်ငံ အလယ်ပိုင်း နှင့် ရှမ်းမြောက်‌ ဒေသ အကြား လမ်းပွင့်သွားတော့မည် ဖြစ်သည်။

အထက်ပါ အချက်များကို ကြည့်မည် ဆိုက နောင်ချိုကို လက်လွှတ်လိုက်ရခြင်းအား တရုတ်၏ ဖိအား၊ အဆင့်မြင့် ဒရုန်းများ သုံးလာ၍ ဟု သုံးသပ်၍ မရတော့ဘဲ မဟာဗျူဟာ ပိုင်း တွင် အလွန်အကျွံ ယို့ယွင်း အားနည်းသွားခြင်းကြောင့် ဖြစ်သည်ဟု ဆိုရမည်သာ ဖြစ်သည်။

ထိုအချက်များကို ပြင်ဆင်နိုင်ခြင်း မရှိက ပိုမို ကျယ်ပြန့်လာမည့် စစ်အာဏာရှင် စနစ် တော်လှန် ရေး တွင် TNLA ၏ တရားဝင်မှု နှင့် စွမ်းဆောင်ရည်များ ရှေ့လျောက် တိုက်စားခံရတော့မည် ဖြစ်သည်။

Hla Soewai

Related Articles

Back to top button