သတင်း

ရွေးကောက်ပွဲဆိုင်ရာ နိုင်ငံရေးပြဿနာအပေါ် ဥပဒေစိုးမိုးရေးရှုထောင့်မှ LAN သုံးသပ်ထုတ်ပြန်

ရွေးကောက်ပွဲဆိုင်ရာ နိုင်ငံရေးပြဿနာအပေါ် ဥပဒေစိုးမိုးရေးရှုထောင့်မှ LAN သုံးသပ်ထုတ်ပြန်
 
ဖက်ဒရယ်ဂျာနယ်၊ မြန်မာ
ဇူလိုင် ၁၂၊ ၂၀၂၅
 
ရွေးကောက်ပွဲဟာ ဒီမိုကရေစီ၏ ပြယုဂ်ဖြစ်ပြီး အခြေခံလူထုပါဝင် ပတ်သက်မှုရှိတဲ့ နိုင်ငံရေးဟုလည်း ဆိုနိုင်သလို တရားဝင်အုပ်စိုးမှု ရနိုင်ရန် အထောက်အပံ့ ဖြစ်စေပါတယ်။
 
ယခုအခါ အာဏာသိမ်း စစ်ကောင်စီဟာလည်း ယင်းဒီမိုကရေစီအခြေခံများကို ဆန့်ကျင်ပြီး ၎င်းတို့၏ နိုင်ငံရေး အကျပ် အတည်း ထွက်ပေါက်အနေဖြင့် မျှော်မှန်း၍လည်းကောင်း၊ တရုတ်နိုင်ငံ၏ ဖိအားအရလည်းကောင်း၊ ရွေးကောက် ပွဲကို မဖြစ်မနေ ကျင်းပရန် ကြိုးပမ်းလျက် ရှိနေပြီး ယင်းရွေးကောက်ပွဲကတဆင့် တရားဝင် အုပ်ချုပ်မှု (Legitimacy) ကို ရသွားနိုင်သလို တရားဝင်အစိုးရဟူ၍ ကြွေးကြော်ကာ တပြည်လုံးရှိ မြေယာနှင့် သယံဇာတ များကို ၎င်းတို့အာဏာတည်မြဲရေးအတွက် နိုင်ငံခြားတိုင်ပြည်များ၊ ကုမ္ပဏီများကို ရောင်းချသွားနိုင်တယ်လို့ ဥပဒေအထောက်အကူပြုကွန်ရက်(LAN) က ထောက်ပြ ပါတယ်။
 
ဒါ့အပြင် တရားဝင်အစိုးရဟူ၍ ကြွေးကြော်ကာ စစ်မှုထမ်းဥပဒေ ကိုလည်း ယခုထက် ပို၍အသုံးပြုကာ စစ်သည်အင်အားများကို လိုအပ်သည်ထက် ပို၍ စုဆောင်း၍ ခုခံစစ်ဆင်တော်လှန်ရေး အင်အားစုများကိုလည်း ချေမှုန်းနိုင်ရေးအတွက် ပိုမိုရက်စက်စွာ ကြိုးပမ်းလာနိုင်သလို ကုလသမဂ္ဂ သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ဖယ်ထုတ်လာနိုင်ကာ PDFs များကို NUG ၏ ကွပ်ကဲမှုအောက်မှ ခွဲထုတ်ပြီး တရားဝင်အစိုးရအနေဖြင့် လွတ်ငြိမ်းချမ်းသာခွင့်ပေး၊ နိုင်ငံရေး၊ အုပ်ချုပ်ရေး ရာထူးနေရာများဖြင် ကမ်းလှမ်း၊ စီးပွားရေးလုပ်ပိုင်ခွင့်များ ချပေးကာ စည်းရုံးသွားနိုင်တယ်လို့လည်း ထုတ်ပြန်ချက်မှာ ထောက်ပြထားပါတယ်။
 
ဒါ့ကြောင့် စစ်ကောင်စီ ကျင်းပလာမည့်ရွေးကောက်ပွဲကို တော်လှန်ရေးအင်အားစုများနှင့် တိုင်းရင်း သားပေါင်းစုံ လူထုများ အနေဖြင့် သာမန် ကန့်ကွက်မှုမျိုးဖြင့် မလုံလောက်တော့ပဲ ထိရောက်တဲ့ လုပ်ငန်းများချမှတ်ကာ မိမိတို့၏ နိုင်ငံရေး ရည်မှန်းချက်များကို အခြေခံပြီး ဒေသရပ်ဝန်း၊ ပြည်နယ်တခုချင်စီအတွင်း သာမက ပြည်ထောင်စု တဝှမ်းလုံး လွှမ်းခြုံသည်အထိ ဘုံလုပ်ငန်းစဉ်များဖြင့် တိုက်ဖျက်ဆောင်ရွက်ကြဖို့ ဥပဒေအထောက်အကူပြု ကွန်ရက်(LAN) က တိုက်တွန်း ထုတ်ပြန်ထားပါတယ်။
 
သုံးသပ်ချက် အပြည့်အစုံကို ထုတ်ပြန်ချက်  CLICK HERE TO DOWNLOAD ဖိုင်ဖြင့်သိမ်းဆည်း ဖတ်ရှုနိုင်ပါတယ်။

Related Articles

Back to top button