သတင်း

ချင်းတော်လှန်ရေးအဖွဲ့တို့ကြား ငြိမ်းချမ်းသည့်နည်းလမ်းဖြင့်အဖြေရှာဖို့ NUG ယာယီသမ္မတ တိုက်တွန်း

ချင်းတော်လှန်ရေးအဖွဲ့တို့ကြား ငြိမ်းချမ်းသည့်နည်းလမ်းဖြင့်အဖြေရှာဖို့ NUG ယာယီသမ္မတ တိုက်တွန်း
 
ဖက်ဒရယ်ဂျာနယ်၊ မြန်မာ
ဇူလိုင် ၉ ၊ ၂၀၂၅
 
ချင်းပြည်နယ်အတွင်းရှိ ချင်းတော်လှန်ရေး လက်နက်ကိုင်များဖြစ်တဲ့ ချင်း အမျိုးသား အဖွဲ့ချုပ် (CNO/ CNDF) နှင့် ချင်းအမျိုးသားအဖွဲ့ချုပ် (CNO/ CNDF)၊ ချင်းကာကွယ်ရေးတပ်ဖွဲ့-ဟွားငိုးလ်ရမ်း (CDF-Hualngoram) တို့အကြား ပြီးခဲ့တဲ့ ဇူလိုင်လ (၄) ရက်နေ့စတင်ကာ နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်ရေးတင်းမာမှုများ ဆက်တိုက် ဖြစ်ပွားနေတာကြောင့် ငြိမ်းချမ်းသည့်နည်းလမ်းဖြင့် အမြန်ဆုံးအဖြေရှာဖို့ ချင်းလူထုများအပါအဝင် တော်လှန်ရေး အင်အားစုများက လိုလားနေကြပါတယ်။
 
အခုလို ချင်းတော်လှန်ရေး လက်နက်ကိုင်အဖွဲ့အချင်းချင်းကြား စစ်ရေးတင်းမာမှုများ ဆက်တိုက် ဖြစ်ပွား လာနေတာကြောင့် မလိုလားအပ်တဲ့ နောက်ဆက်တွဲ ဆိုးကျိုးများ မဖြစ်ပွားလာဖို့အတွက် ချင်းတော်လှန်ရေး လက်နက်ကိုင်အဖွဲ့များအကြား မတူကွဲပြားမှုများကို စစ်ရေးနည်းလမ်းဖြင့် အဖြေရှာရန် လုပ်ဆောင်မှုများကို သက်ဆိုင်ရာ ပါဝင်ပတ်သက်သည့် ချင်းလက်နက်ကိုင် အဖွဲ့အစည်းများ အားလုံးက ချက်ခြင်းရပ်တန့်ပြီး ချင်းလူထုတရပ်လုံး လိုလားသည့် ငြိမ်းချမ်းသော နည်းလမ်းဖြင့် နိုင်ငံရေး စားပွဲဝိုင်းတွင်သာ ညှိနှိုင်းအဖြေရှာကြဖို့ NUG ယာယီသမ္မတ ဒူဝါလရှီးလက တိုက်တွန်းပြောဆိုပါတယ်။
 
ဘုံရန်သူဖြစ်သည့် စစ်ကောင်စီကို တိုင်းရင်းသားပြည်သူလူထု တရပ်လုံးက ဝိုင်းဝန်း တော်လှန်နေချိန် တော်လှန်ရေး အဖွဲ့အစည်းများအကြား စည်းလုံးညီညွတ်မှု၊ အပြန်အလှန် နားလည် ယုံကြည်မှု တို့ကို လက်တွဲခိုင်မာစွာ တည်ဆောက်ထားရမည့် အချိန်အခါဖြစ်တယ်လို့လည်း ဒူဝါလရှီးလက တိုက်တွန်းချက်မှာ ထည့်ပြောပါတယ်။
 
ဒါ့ကြောင့် တော်လှန်ရေး အင်အားစုများ ကြား ပဋိပက္ခများ၊ မတူကွဲပြားသည့် သဘောထားအမြင်များ ပေါ်ပေါက်လာပါက လက်နက်ဖြင့် မဖြေရှင်းဘဲ ငြိမ်းချမ်းစွာ ဆွေးနွေးအဖြေရှာတဲ့ နိုင်ငံရေးယဉ်ကျေးမှုကို ကိုင်စွဲထားမှ သာလျှင် တော်လှန်ရေးပန်းတိုင်ကို အရောက်လှမ်းနိုင်မှာကို ယုံကြည်ကြောင်း ဒူဝါလရှီးလက အထူးအကြံပြုတိုက်တွန်း ထားပါတယ်။

Related Articles

Back to top button