စကားဝိုင်း

CDM ဥပဒေ ဘာလဲ၊ ဘယ်လဲ (စကားဝိုင်းအနှစ်ချုပ်)

CDM ဥပဒေ ဘာလဲ၊ ဘယ်လဲ (စကားဝိုင်းအနှစ်ချုပ်)

၁။ လက်ရှိမှာ CDM တွေနဲ့ ပတ်သက်ပြီး NUG၊ CRPH တို့ရဲ့ ဆောင်ရွက်ချက်တွေကို ဘယ်လိုမှတ်ချက်ပေးချင်လဲ။

ဦးသုခ (CDM ကထိက၊ ရွှေဘိုတက္ကသိုလ်)

မြေပြင်အနေအထားအရ CRPH နဲ့ NUG တို့ရဲ့ ဆောင်ရွက်အပေါ်မှာ ပထမနှစ်မှာ ဘာမှ မဖြစ်ပါဘူး။ တော်လှန်ရေး ကိုပဲ ပုံအောချင်တယ်။ နှစ်နှစ်လည်း ဘာမှ မဖြစ်ဘူး။ သုံးနှစ်လည်း ဘာမှ မဖြစ်ဘူး။ ဒီလေးနှစ်ပိုင်းမှာတော့ အားရမှု တော့ နည်းတယ်။

အမရာဟိန်း (Lay counselor (Asia sisterhood network) GBV focal person (PFWM))

ကျွန်မ အမြင်ကို ပြောရရင်တော့ လက်ရှိအခြေအနေအထိ CRPH နဲ့ NUG တို့ ရဲ့ CDM တွေ အပေါ် ပံ့ပိုးမှုက အားရ ကျေနပ်ဖွယ် မရှိသေးဘူး။ တော်လှန်ရေးကာလ ကြာမြင့်လာသည်နှင့် အမျှလည်း CDM တွေ အနေနဲ့ လည်း ရုန်းကန်နေရတယ်။ ဒီအပေါ်မှာ NUG ရော CRPH ရောက လုံလောက်တဲ့ ထောက်ပံ့မှုတွေမရှိသေးဘူး။

၂။ ဒီ CDM ဥပဒေက လက်ရှိအခင်းအကျင်းအရ ဘယ်လောက်ထိ လိုအပ်ပါသလဲ။ နွေဦးတော်လှန်ရေးအတွက် CDM အခန်းကဏ္ဍ ဘယ်လောက်ထိ အရေးပါလဲ။

ကိုကျော်ဇေယျ (ဥပဒေရေးရာနှင့် လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူ)

၂၀၂၁ အာဏာသိမ်းလိုက်ကတည်းက နိုင်ငံဝန်ထမ်းတွေ CDM လှုပ်ရှားမှုမှာ ပါဝင်လာတယ်။ ပြည်သူလူထုတွေက ရုန်းမတက်ပဲ ရုန်းထွက်ဖို့ တိုက်တွန်းကြတယ်။ ဝန်ထမ်းတွေအားလုံးကလည်း ဒါကို မတရားတဲ့ ကိစ္စလို့ လက်ခံထားတဲ့အတွက် ပါဝင်လာကြတယ်။ နွေဦးတော်လှန်ရေးမှာ CDM က အဓိက ထောက်တိုင် အဖြစ် ပါဝင်တယ်လို့ ပြောလို့ရတယ်။ စစ်ကောင်စီရဲ့ နိုင်ငံဝန်ထမ်းတွေ CDM လှုပ်ရှားမှုမှာ အင်တိုက်အားတိုက်နဲ့ ပါဝင်သွားမှာကို ကြောက်ခဲ့ကြတယ်။ ဝန်ထမ်းတွေသာ CDM မလုပ်ခဲ့ဘူးဆိုရင် စစ်ကောင်စီရဲ့ အာဏာသိမ်းမှု အောင်မြင်တယ်လို့ ပြောလို့ ရသွားနိုင်တယ်။ 

ပထမ မေးခွန်းကို ပြန်ပြောရရင်တော့ ကျွန်တော် တကိုယ်ရေစာ အမြင်အရဆို CDM ဥပဒေက လက်ရှိအချိန်မှာ မလို အပ်သေးပါဘူးလို့ပဲ ပြောချင်ပါတယ်။ တော်လှန်ရေး ကာလမှာ စည်းရုံးရေးကလည်း အရေးကြီးတာကြောင့် ရန်သူထပ်တိုးတာ ကိုယ့်ဘက်ပါလာနိုင်မယ့်သူတွေကို အဟန့်အတားဖြစ်စေနိုင်တာမျိုးကို ရှောင်သင့်ပါတယ်။

ဦးသုခ (CDM ကထိက၊ ရွှေဘိုတက္ကသိုလ်)

CDM ကတော့ စကစ အရှိုက်ကို တော်တော်ထိစေခဲ့တယ် လှုပ်ရှားမှုတစ်ခုဖြစ်တယ်။ CDM ဥပဒေက တော့ ကျွန်တော်တို့ ဥပဒေကို နားလည်တာ မလည်တာထပ် ဒီချိန်မှာ အများကြီး မလိုအပ်ဘူးလို့တော့ ထင်ပါတယ်။

၃။ CRPH က ထုတ်ပြန်ထားတဲ့ အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု(CDM) ဥပဒေ အပေါ်မှာ ဘယ်လို မြင်ပါသလဲ။ ဒီဥပဒေက Non CDM တွေရဲ့ အခန်းကဏ္ဍကို ဘယ်လို သက်ရောက်မှုနဲ့ စိန်ခေါ်မှု ဖြစ်စေနိုင်လဲ။

အမရာဟိန်း (Lay counselor (Asia sisterhood network) GBV focal person (PFWM))

ကျွန်မ အမြင်မှာတော့လည်း လက်ရှိအချိန်မှာ CDM ဥပဒေက အသုံးချလို့ မရသေးတာကြောင့် မလိုသေးဘူး လို့တော့ မြင်ပါတယ်။ စကစရဲ့ စိုးမိုးနယ်မြေမှာ ရှိတဲ့ CDM တွေအတွက်ရော အဆင်ပြေပါ့မလားလို့ စဉ်းစားဖို့ လိုပါတယ်။ Non CDM တွေအတွက် သက်ရောက်မှုဆိုရင်တော့ အခုချိန်မှာ စည်းရုန်းရေးအတွက် အနှောက်အယှက် အဟန့်အတားဖြစ်စေတယ်လို့မြင်ပါတယ်။

ကိုကျော်ဇေယျ (ဥပဒေရေးရာနှင့် လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူ)

NUG CRPH အနေနဲ့ CDM တွေ အပေါ်မှာ ဘာမှ မလုပ်ပေးနိုင်တဲ့ အပေါ် ကာဗာတစ်ခုအနေနဲ့ ချပြလိုက် တာလားလို့ ကျွန်တော် မြင်ပါတယ်။ ဒါအပြင် CRPH အနေနဲ့ ဥပဒေ တစ်ခုကို ပြဌာန်းခွင့် ရှိသလားဆိုတာကိုလည်း ပြန်စဉ်းစားရမှာဖြစ်ပါတယ်။ သက်ရောက်မှုကတော့ တခြားဒေသကို မတိမ်းရှောင်နိုင်တဲ့ CDM တွေအတွက် ဆိုးကျိုးသက်ရောက်မှုတွေရှိလာနိုင်တယ်လို့ သုံးသပ်တယ်။

၄။ ဒီ CDM ဥပဒေမှာ ဘယ်လိုအားနည်းချက် အားသာချက်တွေ ရှိနေလဲ။ ဒီ CDM ဥပဒေက တော်လှန်ရေး အရွေ့ကို အဟန့်အတား ဖြစ်စေနိုင်သလား။ အထောက်အကူပြုနိုင်သလား။ (ဒီ CDM ဥပဒေ ပြဋ္ဌာန်းပြီးတဲ့နောက် ရက်ပိုင်းဆို သလို မန္တလေးတိုင်း ညောင်ဦးမြို့နယ် ညောင်ပင်ကန်ရွာက အထက်တန်း ကျောင်းခွဲရဲ့ ကျောင်းအုပ်ဆရာမကြီးနဲ့ ခင်ပွန်း အသတ်ခံခဲ့တာကို အကြောင်းပြုပြီး စစ်ကောင်စီရဲ့ သတင်းတွေက ဝါဒဖြန့်လာတာကို တွေ့ရပါတယ်။)

ဦးသုခ (CDM ကထိက၊ ရွှေဘိုတက္ကသိုလ်)

အခုချိန်မှာ ပြည်သူအများစုနဲ့ CDM အများစုလိုအပ်နေတာက တော်လှန်ရေးကို မြန်မြန်ဆန်ဆန်ပြီးဖို့ပဲ ဖြစ်တယ်။ အင်နဲ့အားနဲ့ တိုင်းရင်းသားဒေသတွေရော NUG ရော ပူးပေါင်းပြီး လုပ်ဖို့ကိုပဲ လိုအပ်နေတာ။ အခုချိန်မှာ မရှိမဖြစ် မလိုအပ်နေတဲ့ အနေအထားကြောင့် ပြည်သူတွေက ဒီဥပဒေအပေါ်စိတ်ဝင်စားမှု သိပ်ရှိမှာ မဟုတ်ဘူး။ တော်လှန်ရေး အရွေ့ကိုဘယ်လောက်အထောက်အကူ ပြုမလဲ ဆိုတာ စစ်မနိုင်ရင် ဘာမှ လုပ်လို့ မရတဲ့အတွက် စာအုပ်တစ်ထပ်ကြီးနဲ့ အင်တာနေရှင်နယ် ဆန်အောင်ရေးထားရင်လည်း စစ်မနိုင်ရင်  ဘာမှ ဖြစ်မှာမဟုတ်ဘူး။

အမရာဟိန်း (Lay counselor (Asia sisterhood network) GBV focal person (PFWM))

လက်ရှိမှာတော့ CDM ဥပဒေက မဖြစ်မနေလိုအပ်တာမဟုတ်ဘူး။ စစ်အနိုင်တိုက်ရေးသာ အရေးကြီးတယ်။ law တစ်ခု policy တစ်ခုကို ပြဌာန်းတဲ့ အခါ ဘက်ပေါင်းစုံကနေ စဉ်းစားသုံးသပ်ပြီးမှ ပြဌာန်းဖို့လိုပါတယ်။ တော်လှန်ရေးရဲ့ အရွေ့တစ်ခုကိုတော့ အများကြီး သက်ရောက်တာတော့မရှိနိုင်ပါဘူး။

၅။  ဒီ CDM ဥပဒေနဲ့ ပတ်သက်လို့ လက်ရှိမှာ ထောက်ခံ သူတွေရှိသလို CDM မှာ မပါဝင်ခဲ့တဲ့ နိုင်ငံ့ဝန်ထမ်းတွေကို အရေးယူမယ်ဆိုတဲ့ ဒီမိုကရေစီစံနှုန်း၊ လူ့အခွင့်အရေးနဲ့မညီတဲ့ ပြဋ္ဌာန်းချက်တွေနဲ့ ပတ်သက်လို့ ကန့်ကွက်မှု၊ ထောက်ပြ ဝေဖန်မှုတွေလည်း ရှိနေပါတယ်။ CDM ဥပဒေက ဒီမိုကရေစီ စံနှုန်း၊ လူ့အခွင့်အရေး စံနှုန်း ဘယ်လိုပုံစံ ထိခိုက်နေတယ်လို့ အမြင်ရှိပါသလဲ။ 

ဦးသုခ (CDM ကထိက၊ ရွှေဘိုတက္ကသိုလ်)

ဒီဥပဒေက လူ့အခွင့်အရေးချိုးဖောက်တယ်လို့ သုံးသပ်ထားတာတွေရှိတယ်။ ကျွန်တော်ကတော့ လူ့အခွင့်အရေး ချိုးဖောက်တယ်လို့လည်း မမြင်ပါဘူး။ လုံးဝပြီးပြည့်စုံတဲ့ ဥပဒေတစ်ခုကိုတစ်ခါတည်းနဲ့ ရေးဆွဲဖို့ဆိုတာလည်း မဖြစ်နိုင်ပါဘူး။ တော်လှန်ရေး အလွန်ကာလမှာတော့ လက်တွေ့ ကျင့်သုံးမယ်ဆိုရင် ပြန်ပြီး modifine လုပ်ဖို့တော့လိုပါမယ်။

ကိုကျော်ဇေယျ (ဥပဒေရေးရာနှင့် လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူ)

ဥပဒေတစ်ရပ်က ပြဌာန်းလိုက်ပြီးဆိုရင် စည်းနှောင်အားရှိဖို့လိုပါတယ်။ CDM လုပ်တယ်ဆိုတာ ကိုယ့်ရဲ့ ယုံကြည်ချက် ခံယူချက်ပေါ်မူတည်ပါတယ်။ ဒီလို CDM လုပ်ဖို့ကို ဥပဒေနဲ့ အတင်းအကြပ်လုပ်လို့ မရဘူး။ ဒီလို လုပ်ခြင်းဟာ စစ်ကောင်စီက CDM တွေ အပေါ် အငြိုးထားတာနဲ့ တူညီနေတယ်။ ပြည်ပစာမေးပွဲက ရလဒ်တွေကို ပယ်ဖျက်မယ်လို့ ပါတာက ပြည်ပနိုင်ငံက စံသတ်မှတ်ချက်တွေကိုလည်း ချိုးဖောက်ရာ မကျနေဘူးလား။ Non CDM တွေကို CDM လုပ်ပါဆိုတာက စည်းရုံးရေးနဲ့ သွားရမယ့်ဟာ ဖြစ်တယ်။ ဥပဒေပြဌာန်းပြီး သွားရမယ့် ကိစ္စ မဟုတ်ဘူး။ ဒီလို ဥပဒေပြဌာန်းလိုက်တာဟာ လူ့အခွင့်အရေး စံချိန်စံနှုန်းနဲ့လည်း မညီညွှတ်ပါဘူး။

၆။ CRPH က လွှတ်တော်အဆင့် မဟုတ်ပဲ လွှတ်တော်ကို ကိုယ်စားပြုတဲ့ ကော်မတီ အဆင့်တာ ဖြစ်တယ်လို့ ကျွမ်းကျင်သူတွေ ထောက်ပြမှု ရှိပါတယ်။ အနာဂတ်မှာ ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက် လမ်းကြောင်း ပေါ်မှာ CRPH ကနေ ထုတ်ပြန်လာမယ့် ဥပဒေတွေက ဘယ်လောက်ထိဟက်ပြီး သက်ရောက်မှု ဖြစ်လာနိုင်မလဲ။

အမရာဟိန်း (Lay counselor (Asia sisterhood network) GBV focal person (PFWM))

အနာဂတ်မှာ ဖက်ဒရယ်ကို သွားမည်ဆိုရင်တော့ လက်ရှိ CRPH ကထုတ်ပြန်ထားတဲ့ ဥပဒေတွေကို ပြန်လည် အတည်ပြုဖို့တော့လိုတယ်။

ကိုကျော်ဇေယျ (ဥပဒေရေးရာနှင့် လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူ)

CRPH က ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြု ကော်မတီဖြစ်တယ်။ ရွေးကောက်ပွဲ အနေအထားအရကြည့်မယ် ဆိုရင် သူတို့က ၂၀၂၆ မှာဆိုရင် သူတို့က သက်တမ်းကုန်ပြီး။ နောက်ရွေးကောက်ပွဲ မရှိမချင်း လွှတ်တော် ဆိုတာလည်း ရှိလာဦးမှာ မဟုတ်သေးဘူး။ CRPH က တော်လှန်ရေး မပြီး မချင်း ပြည်ထောင်စု လွှတ်တော် ကိုယ်စားပြုကော်မတီ အနေနဲ့ ရပ်တည်နေဦးမှာလား။  ဒီလိုရပ်တည်နေမယ်ဆိုရင် နောက်ပိုင်းမှာ ဘယ်လို အခွင့် အာဏာနဲ့ ဆက်လုပ်နေမလဲဆိုတာကို‌တော့ မသိနေသေးပါဘူး။

၇။ တော်လှန်ရေး ကာလနဲ့ တော်လှန်ရေး အလွန်ကာလမှာ CDM / Non CDM တွေနဲ့ ပတ်သက်ပြီး ဘာလုပ်သင့်တယ်လို့ အကြံပြု ပြောချင်လဲ။

ဦးသုခ (CDM ကထိက၊ ရွှေဘိုတက္ကသိုလ်)

တော်လှန်ရေး အလွန်ကာလမှာလည်း CDM လုပ်လာတဲ့ အသိစိတ်နဲ့ပဲ နိုင်ငံတော်ကို ဆက်ပြီးတော့ ပြန်လည်ထူထောင်ရေးမှာ ပါဝင်ရပါဦးမယ်။ တော်လှန်ရေးမှာ ကျရာ အခန်းကနေပါဝင်နေတဲ့ CDM တွေကိုလည်း ကျေးဇူးအထူးတင်ပါတယ်။ Non CDM တွေကိုတော့ စကစ အတူ စစ်ရာဇဝတ်မှု ကျူးလွန်တာတွေကို ရှောင်ရှားဖို့လိုသလို ရရင်ရသလို ပြည်သူ့ ဘက်ကို ပူးပေါင်းပါဝင်ဖို့ နောက်ကျတယ်ဆိုတာ မရှိပါဘူး။

အမရာဟိန်း (Lay counselor (Asia sisterhood network) GBV focal person (PFWM))

တော်လှန်ရေးကာလမှာ ကျရာ အခန်း ကဏ္ဍကနေပါဝင်နေကြတဲ့ CDM တွေကို ကျေးဇူးလည်းတင်သလို လေးလည်း လေးစားပါတယ်။ Non CDM တွေအနေနဲ့ က ခြိမ်းခြောက်မှုတွေကြောင့် CDM မလုပ်တာပဲ ဖြစ်ဖြစ်၊ မသက်သာလို့ CDM မလုပ်ရတာပဲ ဖြစ်ဖြစ်၊ တက်နိုင်သလောက်ပြည်သူ့ ဘက်ကိုရပ်တည်ဖို့၊ ပြည်သူနဲ့ ပူးပေါင်းဖို့၊ ပြည်သူ အပေါ်ကျူးလွန်တာတွေထပ်မလုပ်ဖို့ကိုပဲ လိုအပ်တယ်။

ကိုကျော်ဇေယျ (ဥပဒေရေးရာနှင့် လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူ)

CDM နဲ့ ပတ်သက်တဲ့ ကြေညာချက်တွေ လုပ်ပေးမယ်လို့ ဥပဒေထဲမှာ ဖော်ပြထားတာတွေက တကယ် ကောင်း မွန်သလို လုပ်ပေးဖို့ကိုလည်း လိုအပ်ပါတယ်။ ဒါပေမဲ့လည်း ဒါတွေက ဆောက်ဖြစ်မှ ကျောင်းဒကာပါ။ ဒီတော်လှန် ရေးကာလမှာဆိုရင်တော့ CDM တွေကို ထောက်ပံ့မှု၊ ထောက်ပံ့မှုဆိုတာ ငွေရေးကြေးရေးသက်သက်ကို ပြောတာ မဟုတ်ဘူး။ အခြေခံလိုအပ်ချက်ဖြစ်တဲ့ ထောက်ပံ့မှုတွေကိုလည်း လုပ်ပေးဖို့လိုအပ်တယ်။ နီးစပ်ရာ နိုင်ငံတွေမှာ ခိုလှုံနေတဲ့ CDM တွေရဲ့ လုံခြုံရေးကိုလည်း အင်တိုက်အားတိုက်ဆောင်ရွက်သင့်တယ်လို့ မြင်ပါတယ်။

Related Articles

Back to top button