
FJMM ကဗျာ – မမေ့သင့်ဘူး
စစ်တပ်ဆိုတာ
ပစ်ရင် တည့်တည့်ပစ်တယ်
မိုးပေါ်ထောင် မပစ်ဘူးဆိုတဲ့
ရာဇဝင်တင်တဲ့ အာဏာရှင်နေဝင်းရဲ့စကား
မမေ့သင့်ဘူး။
တိတ်တဆိတ် ကြေကွဲနေတဲ့
ဂျပ်စင်ထိပ်က လရိပ်ပြာကို
မမေ့သင့်ဘူး။
အမှန်တရားကို မြတ်နိုးတဲ့
သူရဲကောင်းတွေ ဖြစ်ကြောင်း
တံတားဖြူကို တံတားနီဖြစ်အောင်
ငါတို့သွေးတွေ လောင်းပြီး နီစေခဲ့တာ
မမေ့သင့်ဘူး။
လူမသိသူမသိ အာဇာနည်ဖြစ်ခဲ့တဲ့
ဝိညာဉ်တွေရဲ့ တောက် ခေါက်သံတွေကို
မမေ့သင့်ဘူး။
ယုံကြည်ချက်အတွက် နံရံလေးဘက်ကြား
ကြံ့ကြံ့ခိုင်ခံ ဒူးမထောက်သွားတဲ့
ဒို့ရဲဘော်တွေကို မမေ့သင့်ဘူး။
မမေ့သင့်ဘူး
မမေ့သင့်ဘူး
မမေ့သင့်ဘူး
စစ်ဘိနပ်တွေအောက်
ပြားပြားမှောက်ခဲ့ရတဲ့ ဘဝတွေကို
မမေ့သင့်ဘူး။
– GDH