
နွေဦးတော်လှန်ရေးထဲက တရားဥပဒေစိုးမိုးရေးအခြေအနေ(စကားဝိုင်းအနှစ်ချုပ်)
၁။ တရားဥပဒေစိုးမိုးရေးဆိုတာကို ဘယ်လို အဓိပ္ပါယ်ဖွင့်ဆိုလို့ရနိုင်မလဲ။ ဘယ်လောက်ထိ အရေးကြီးသလဲ။ မြန်မာနိုင်ငံရဲ့ ခေတ်အဆက်ဆက် တရားဥပဒေစိုးမိုးရေးနဲ့စပ်လျဉ်းပြီး (ကျင့်သုံးခဲ့၊ အားကောင်းစွာ လည်ပတ် နိုင်ခဲ့တဲ့ အချိန်ကာလအပိုင်းအခြား) အခြေအနေကို သာဓကတွေနဲ့ ရှင်းပြပေးပါဦး။
ဦးကြီးမြင့် (တရားလွှတ်တော်ရှေ့နေ)
ဖတ်မှတ်ထားတဲ့ လေ့လာပြီး ဖြတ်သန်းတဲ့အတွေ့အကြုံတွေအရကတော့ ဗမာပြည်လွတ်လပ်ရေး ရလာတဲ့အခါမှာ ကွန်မွမ်းလော စနစ် ပေါ့။ အင်္ဂလိပ်ကျင့်သုံးတဲ့ဟာကို ဆရာတို့ လက်ခံကျင့်သုံးရတယ်။ ကွန်မွမ်းလော စနစ်၊ ဂျူရီ စနစ် မဟုတ်ဘူး။ ကျူရီကတော့ ကျင့်ထုံးမှာပါသော်လည်းပဲ တကယ်လက်တွေ့မကျင့်သုံးဘူး။ ကျွန်တော်တို့ ကွန်မွမ်းလော စနစ်ကိုပဲ ကျင့်သုံးတယ်။ အဲ့ဒီလိုလုပ်တဲ့အခါမှာ အဲ့ဒီတုန်းက အင်္ဂလန် ကောင်စီတွေ ထွက်ခွင့်တွေ တောင်းမှပဲ အဲ့ဒီတုန်းက ဖွင့်ပေးထားခဲ့တယ်ပေါ့။ နောက်ပိုင်းကျတော့ ဒါတွေကမကျင့်သုံးတော့ဘူး။ အဲ့ဒီတော့ ၁၉၄၈ ကနေပြီးတော့ ၁၉၆၂ အထိကတော့ ကွန်မွမ်းလော စနစ် နဲ့ တစ်ပါးထိုင် တရားစီရင်ရေး သွားတယ်။ အဲ့ဒီမှာ အင်မတန်ကောင်းတဲ့ စီရင်ထုံးတွေထွက်တယ်။ အင်မတန်ကောင်းတဲ့ စီရင်ရေးတွေလုပ်တယ်။ လူတွေကလည်း တရားစီရင်ရေးအပေါ်မှာ တော်တော်ယုံကြည်ကြတာ တွေ့ရတယ်။
မိဆုတဂျို (တရားရေးကော်မတီဝင်၊ မွန်ပြည်ဖက်ဒရယ်ကောင်စီ – MSFC)
ပထမအချက်က တိုင်းပြည်တခု ရှိလာရင်တော့ တရားရေးသည်အရေးကြီးတယ်။ ဥပဒေစိုးမိုးရေးအတွက် အဓိပ္ပါယ် ဖွင့်ဆိုချက် ကတော့ ဥပဒေအထက်မှာ မည်သူမှ မရှိစေရလို့ ပြောရမှာဖြစ်တယ်။ ဒါကြောင့်မို့ ရှိနေတဲ့ တရားရေးနဲ့ နိုင်ငံတော်အာဏာကို ထိန်းကျောင်းနိုင်ရန် မျှတတဲ့တရားစီရင်မှုတွေ ဖြစ်လာနိုင်အောင် ဆုံးဖြတ်ပေးနိုင်ရန် အတွက် တရားရေးက တည်ရှိနေရမှာ ဖြစ်တယ်။ တရားစီရင်ရေးဟာ တိုင်းပြည်မဏ္ဍိုင်ကြီး ၃ ခုထဲက အရေးကြီးတဲ့ မဏ္ဍိုင်ကြီး ၁ ခုဖြစ်တယ်။
ဒုတိယအချက်က တရားစီရင်းရေးကို အကောင်အထည်ဖော်ဆောင်သူတွေသည် လွတ်လပ်စွာ လုပ်ဆောင်ခွင့် ရှိရမှာ ဖြစ်တယ်။ Rule of Law ဥပဒေစိုးမိုးရေးလို့ ပြောလိုက်လို့ရှိရင်တော့ ပေါ်စေခဲ့တာပေါ့။
၂။ နွေဦးတော်လှန်ရေး ၄ နှစ်ကျော် ကာလအတွင်းမှာ လက်ရှိမြန်မာနိုင်ငံရဲ့ တရားဥပဒေစိုးမိုးရေး အခြေအနေလို့ ပြောရင် စစ်ကောင်စီ ထိန်းချုပ်နယ်မြေနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ ထိန်းချုပ် နယ်မြေတွေက ဥပဒေစိုးမိုးရေး၊ တရားစီရင်ရေးက ဘယ်လို ကွာခြားမှုတွေရှိလဲ။
ဆရာမနိုရာ (ရှေ့နေ)
တစ်စုံတစ်ဦးကို ဖမ်းမယ်ဆိုလို့ရှိရင်လည်း ဝရမ်းပါရတယ်။ အာဏာသိမ်းပြီးနောက်ပိုင်းက စစ်ကောင်စီက အဲ့ဒီလို အခြေအနေကို လျစ်လျူရှုလိုက်ပြီ ဥပဒေစိုးမိုးတဲ့ အခြေအနေကို လုံးဝ ကင်းမဲ့သွားပြီ။ စစ်ကောင်စီက ဖမ်းချင်သလို ဖမ်းတယ်။ ရှေ့နေငှားရမ်းခွင့်တို့ အမှုပေါ်မှာ ပြန်လည်ချေပခွင့် မပေးတော့ဘူး။ ဖမ်းဆီးခံ တစ်ဦးရဲ့ အခွင့်အရေး ဆိုတာ လုံး၀ မရှိတော့ဘူး။ နောက် တရားစီရင်ရေးစနစ်က တရားသူကြီးတစ်ယောက်ရဲ့ ဆင်ခြင်တုံတရားအရ အမိန့်ချတာမျိုး မဟုတ်တော့ဘဲ စစ်တပ်က ချခိုင်းတဲ့အမိန့်ပုံစံမျိုးပေါ့။ ပြီးရင် စစ်တပ်ကိုပြန်တင်ပြရတာမျိုး တွေ ရှိလာတယ်ပေါ့။ တရားဥပဒေစိုးမိုးမှုမရှိတဲ့ အခြေအနေတွေ ရောက်နေတယ်။
တော်လှန်ရေးတပ်ဖွဲ့တွေကလည်း ဒီနောက်ပိုင်း နယ်မြေတွေစိုးမိုးပြီးတဲ့အချိန်မှာ သူအုပ်ချုပ်ရေးနဲ့ တရားစီရင်ရေး ဘက်ကို ဖော်ဆောင်နိုင်ဖို့အတွက် ဖွဲ့စည်းထားတာတို့ တရားရုံးထောင်တာတို့ လုပ်လာတဲ့ အနေအထားတွေ တော့ရှိတယ်။ သူတို့ဘက်ကလည်း ထိန်းချုပ်နယ်မြေထဲက ပြည်သူတွေအတွက် တရားဥပဒေ ဝန်ဆောင်မှု ပေးနိုင်ဖို့ လုပ်လာတာတွေရှိပေမယ့်လည်း တစ်ဘက်မှာလည်း အားနည်းတာတွေတော့ ရှိနေဆဲပဲပေါ့။ အခု အခြေအနေ ကတော့လည်း လက်နက်ကိုင်နေရတဲ့ အနေအထားဖြစ်တယ်။ မူကတော့ ဒီလိုပဲချမှတ်ထားတယ် ဆိုပေမယ့်လည်း တစ်ခါတလေကျလို့ရှိရင် အမူကြောင့်မဟုတ်ဘဲနဲ့ လူကြောင့် ပြောင်းလဲသွားတယ်။
ဦးကြီးမြင့် (တရားလွှတ်တော်ရှေ့နေ)
ကျနော်က ဥပဒေအကြောင်းပဲပြောမယ်။ အာဏာသိမ်းပြီးကတည်း စစ်ကောင်စီလက်ထက် တရားဥပဒေ စိုးမိုရေး ဆိုတာ ရှာလို့မရနိုင်တော့ဘူး။ စစ်ကောင်စီတက်လာတာချင်းကို နှစ်ပတ်အတွင်းမှာ NLD အစိုးရ လက်ထက်မှာ ထုတ်ပြန်ခဲ့တဲ့ ပြည်သူကိုကာကွယ်တဲ့ ဥပဒေအားလုံး အကုန်ဖျက်ပစ်လိုက်တယ်။ ဥပမာ ၂၄ နာရီကျော် ထိန်းသိမ်းဖို့လိုမယ်ဆိုရင် ၀ရမ်းပါရမယ်။ ဧည့်စာရင်း စစ်တယ်ဆိုတာ ဥပဒေအရ ဘာအကျိုးအကြောင်း ရှိရမယ်။ နောက်သာဓက စွပ်စွဲခံရသူ တစ်ဦး ဆင်းရဲနွမ်းပါးလို့ရှိရင် နိုင်ငံတော်ကနေ စိုက်ထုတ်ပြီးတော့ အကူအညီပေးမယ် ဆိုတာမျိုးတွေ၊ ပြည်သူတွေကို နောက်ယောင်ခံလိုက်နေတာ မလုပ်ရဘူးဆိုတာတွေပေါ့။ အဲ့ဒီလို အလွန် ကောင်းမွန်တဲ့ NLD အစိုးရလက်ထက်မှာ ထုတ်ခဲ့တဲ့ ဥပဒေကို နှစ်ပတ်အတွင်းမှာကို ဖျက်ပစ်လိုက်တယ်။ ဆိုလိုတာက သူတို့ကြာရှည်အုပ်ချုပ်မယ်။ စစ်အာရှင်စနစ်ကို ကြာရှည်အုပ်ချုပ်မယ်ဆိုတာကို ပြလိုက်တာပဲ။
တော်လှန်ရေး လွတ်မြောက်နယ်မြေတွေမှာ ဥပဒေစိုးမိုးရေး ရှိသလားဆိုရင်တော့ တရားစီရင်မှုနဲ့ ပတ်သက်ပြီး အငြင်းပွားစရာရှိပေမယ့် ကျယ်ကျယ်လောင်လောင် ဘာမှမကြားရဘူး။ ရခိုင် AA၊ ကချင် KIA၊ ရှမ်းမြောက် TNLA ထိန်းချုပ်နယ်မြေတွေမှာ ဥပဒေရေးရာ အငြင်းပွားမှု ကြုံနေရတဲ့ အခြေအနေ သိပ်မကြားရဘူး။ ဒါပေမယ့် ရှမ်းမြောက် MNDAA ဘက်မှာတော့ စကြားရတယ်။ တရားခံတွေကို ချက်ခြင်း သေဒဏ် ပေးလိုက်တာမျိုးပေါ့။ အယူခံတွေ ဘယ်လိုဘယ်ပုံဝင်ခွင့်ရှိတယ် စသဖြင့် ပွင့်လင်းမြင်သာစွာ မတွေ့ရဘူး မကြားရဘူး။
နောက် အညာဒေသအတွက် အထူးပြုပြောပါမယ်။ အညာဒေသမှာကျတော့ တော်လှန်ရေးတပ်ဖွဲ့တွေအနေနဲ့ တရားဥပဒေစိုးမိုးရေးကို တတ်နိုင်သမျှ ထိန်းသိမ်း ဆောင်ရွက်ကြမယ်ဆိုတဲ့ စိတ်ဓာတ်နဲ့ လုပ်နေတဲ့ သူတွေ အများကြီး ရှိပေမယ့် သေနတ်ကိုင်ထားတဲ့ အခါမှာ သေနတ်ကိုင်တွေရဲ့ ထုံးစံအတိုင်းပဲ တချို့သော PDF အဖွဲ့တွေက လူထုတွေကို အကြောင်းမဲ့ ဥပဒေမဲ့ ဖမ်းဆီးပြီးတော့ ပစ်သတ်ထားတာတွေ ရှိနေတယ်။ နောက် မုဒိမ်းကျင့်မှု၊ လူသတ်မှု အဲဒါမျိုးတွေပေါ့။
အဲဒါတွေကို ပြန်ခြုံကြည့်ရင် NUG ရဲ့ ဥပဒေစိုးမိုးရေးကျင့်သုံးဖော်ဆောင်ဖို့ ကြိုးစားနေတဲ့ အနေအထားမှာ ပသုံးလုံးအောက်က တရားစီရင်ရေးဟာ ရာနှုန်းပြည့်တော့ မအောင်မြင်ဘူးပေါ့။ ဘာလို့ဆိုတော့ ဥပဒေရေးရာနဲ့ စပ်လျဉ်းပြီး နည်းပညာ အထောက်အကူပေးနိုင်တာတွေ နည်းပါးနေတာကြောင့်လို့ မြင်ရတယ်။ အောက်ခြေထိ သင်တန်းတွေ ထိရောက် မလုပ်ပေးနိုင်ဘူး။ ထုတ်ပြန်တဲ့ စာတွေကကောင်းပေမယ့် အထက်ကနေ ရေးထားတာတွေက အောက်ခြေထိမရောက်တာတွေ ဖြစ်နေတယ်။ Zoom Meeting တွေမှာတော့ ထိတွေ့မှု လက်တွေ့ အကောင်အထည် ဖော်တဲ့နေရာမှာ အားနည်းချက်တွေ အများကြီးပဲ။
၃။ NUG က နွေဦးတော်လှန်ရေး ၄ နှစ်ကျော်ကာလအတွင်းမှာ မြို့နယ်တရားရုံး ၁၅ ရုံး၊ မြို့နယ်ဥပဒေးရုံး ၃၁ ရုံး၊ အကျဉ်းစစ်တရားရုံး ၁၀ ရုံး၊ စစ်ခုံရုံး ၂ ရုံးတို့ကို ဖွင့်လှစ်နိုင်ခဲ့တယ်လို့ မေလ ၂ ရက်နေ့က ထုတ်ပြန်ကြေညာခဲ့တယ်။ ဒီတရားရုံးတွေက လက်ရှိနွေဦးတော်လှန်ရေးရဲ့ တရားဥပဒေစိုးမိုးရေးကို တကယ်အထောက်အကူဖြစ်နိုင်ရဲ့လား။
မိဆုတဂျို (တရားရေးကော်မတီဝင်၊ မွန်ပြည်ဖက်ဒရယ်ကောင်စီ – MSFC)
မရှိတာထက်စာရင်တော့ ရှိလာတာက ပိုကောင်းတယ်ဆိုတဲ့ ဆိုရိုးစကားလိုပေါ့။ တော်လှန်ရေးကာလ ၄ နှစ်ကျော် အတွင်းမှာ မြို့နယ်တရားရုံး ၁၅ ရုံး၊ မြို့နယ် ဥပဒေရုံး ၃၁ ရုံး၊ အကျဉ်းစစ်တရားရုံး ၁၀ ရုံးတို့ ဖွင့်လှစ်နိုင်တာတော့ ကောင်းပါတယ်။ ရှိလည်းရှိရမယ့်အရာ ဖြစ်တယ်။ ဒါပေမဲ့ နည်းနေသေးတယ်လို့ မြင်တယ်။
တော်လှန်ရေးအင်အားစုတွေက တရားဥပဒေစိုးမိုးရေးကို အားကောင်းအောင် လုပ်ဆောင်ရမှာဖြစ်တယ်။ မတရားမှု ကြောင့် ကျွန်မတို့တွေ ဒီတော်လှန်ရေးမှာ ပါဝင်နေရတာဖြစ်တယ်။ ဒါကြောင့် တရားမျှတမှု ရရှိအောင် ဘယ်လို ဖော်ဆောင်ရမလဲ၊ ဒါတော်လှန်ရေးရဲ့ အရေးကြီးသော လုပ်ငန်းလို့ မြင်တယ်။ နောက်ပြီးတော့လည်း လက်ရှိ ဖွင့်လစ်ထားနိုင်ပြီဖြစ်တဲ့ တရားရုံးတွေကနေ တော်လှန်ရေးနယ်မြေထဲမှာ ပြစ်မှု ကျူးလွန်သူတွေက အပြစ်ပေး အရေးယူခံရခြင်းမရှိပဲ ပုံမှန်အခြေအနေကို လှုပ်ရှားသွားလာနေတယ်ဆိုရင် ဒါဟာ တရားဥပဒေ စိုးမိုးမှုကို ကင်းမဲ့အောင် လုပ်ဆောင်နေသလိုပဲ ဖြစ်နေမယ်။
၄။ အရင်ကတည်းက ရှိခဲ့ကြတဲ့ တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့တွေရဲ့ တရားစီရင်ရေးနဲ့ တရားဥပဒေစိုးမိုးရေး အခန်းကဏ္ဍကလည်း ဒီနွေဦးတော်လှန်ရေးရဲ့ တရားဥပဒေစိုးမိုးရေးအတွက် ဘယ်အတိုင်းအတာအထိ အရေးပါလဲ။
ဦးကြီးမြင့် (တရားလွှတ်တော်ရှေ့နေ)
နိုင်ငံခြား ဥပဒေ ပညာရှင်တစ်ယောက်က ပြောတယ်။ တိုင်းရင်းသား တော်လှန်ရေးတပ်ဖွဲ့ ကိုးကန့်၊ “ဝ” တပ်ဖွဲ့တွေကိုပေါ့။ သေဒဏ်ပေးနေတဲ့ကိစ္စနဲ့ပတ်သက်ပြီး ပြင်းပြင်းထန်ထန်ကန့်ကွက်တဲ့အကြောင်း ဒါတွေကို သူက အကျယ်တဝင့် ထောက်ပြ ပြောဆိုတယ်။ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ဖို့ ကြိုးစားနေကြတဲ့ လမ်းကြောင်းပေါ်မှာ တရားဥပဒေစိုးမိုးရေးကို အားကောင်းအောင် တည်ဆောက်ဖို့လိုတယ်။ တရားစီရင်ရေး အခန်းကဏ္ဍတွေကို မြင့်တင်နိုင်ဖို့ ဂျုရီစနစ်တွေနဲ့ စကျင့်သုံးသင့်တယ်။
ဒါကြောင့်မို့ တိုင်းရင်းသား တော်လှန်ရေး အင်အားစုတွေမှာလည်း လက်ရှိ ဖြတ်သန်းနေရတဲ့ အခြေအနေတွေကို သုတေသနပြုစု အဖြေရှာပြီး တရားစီရင်ရေးစနစ်ကို တစ်ပါးထိုင်ထက် အနည်းဆုံး သုံးပါးထိုင်လောက်ကို ကျင့်သုံးနိုင်ဖို့ ဒါမျိုးတွေကို တင်ပြ ဆွေးနွေးချင်တယ်။
၅။ တချို့ဒေသက တော်လှန်ရေးတပ်ဖွဲ့တွေဆိုရင်လည်း ဂိတ်ချ၊ ဆက်ကြေးကောက်တာတွေ လုပ်လာတယ်။ ပြည်သူအတွက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ပါဆိုပြီး ပြည်သူကို ပြန်ဖိနှိပ်အုပ်ချုပ်နေတာတွေလည်း မျက်မြင် ထင်ရှားရှိနေခဲ့တယ်။ တရားဥပဒေစိုးမိုးရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအချက်တွေ အားနည်းနေသေးတယ်လို့ ပြောလို့ ရနိုင်မလဲ။
ဆရာမနိုရာ (ရှေ့နေ)
NUG ကနေပြီးတော့ နောက်ပိုင်းမှာ အခွန်ကောက်ဖို့ ထုတ်ပြန်တာတွေရှိတယ်။ တချို့ကျတော့လည်း ကိုယ့်ရဲ့ တပ်ဖွဲ့ လက်နက်အင်အားဖြည့်တင်းဖို့ အကြောင်းပြပြီး ပြည်သူအတွက် မဟုတ်ဘဲနဲ့ မိမိအကျိုးစီးပွား အတွက် ဂိတ်ချပြီး ကောက်တာတွေလည်းရှိတယ်။ အခုအညာဒေသမှာ တော်တော်များများ ဒီတော်လှန်ရေး တပ်ဖွဲ့ တွေနဲ့ ပတ်သက်ပြီး ဒီလိုအမှုတွေ အများကြီးတွေ့လာရတယ်။
MOD တို့က မူဝါဒချမှတ်ပြီး သွားတယ်ဆိုပေမယ့် အောက်ခြေ PDF တော်လှန်ရေးတပ်ဖွဲ့တွေကျတော့ MOD အောက်ကနေ ထိရောက်တဲ့ စစ်စည်းမျဉ်း ဥပဒေတွေကို လိုက်နာ ကျင့်သုံးနိုင်ဖို့ အားနည်းမှုတွေရှိနေတယ်။ ဥပဒေ စိုးမိုးရေး အခြေခံကနေ MOD ဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ အမိန့်စာတွေအတိုင်းတော့ အောက်ခြေ တပ်ဖွဲ့ တွေက စစ်စည်းမျဉ်း ဥပဒေတွေကို လိုက်နာ ကျင့်သုံးနေလား၊ အုပ်ချုပ်နေလား၊ ထဲထဲဝင်ဝင် လေ့လာ စီစစ်ပြီး လိုအပ်တဲ့ ပံ့ပိုးမှုနဲ့ အပြစ်ပေး အရေးယူနိုင်ဖို့လိုတယ်။
မိဆုတဂျို (တရားရေးကော်မတီဝင်၊ မွန်ပြည်ဖက်ဒရယ်ကောင်စီ – MSFC)
တိုင်းရင်းသား တော်လှန်ရေးအင်အားစု (EROs) တပ်ဖွဲ့တွေရဲ့ နောက်ပြန်ပြီး နည်းနည်းပြန်သုံးသပ်ပြချင်တာက ဖက်ဒရယ်ကို ဦးတည်သွားမှာဖြစ်လို့ ဒေသန္တရအစိုးရထဲတွေကို အားကောင်းအောင် တည်ဆောက်ရမယ်။ ဒေသန္တရ အဆင့်မှာ အခွန်ကောက်ခံ တွေကတော့ ရှိနေတယ်။ အဲဒီအခွန်ကောက်ခံတဲ့ စနစ်တွေကို အောက်ခြေအဆင့်က ဒေသန္တရ အစိုးရတွေကို လုပ်ပိုင်ခွင့်တွေ ပေးရမယ်။ အရင်တုန်းကတည်းက ကျင့်သုံးလာတဲ့ တင်းကြပ်တဲ့ ဗဟိုချုပ်ကိုင်မှု စနစ်တွေကို လျော့ချရမယ်။ တဘက်မှာလည်း အခွန်နဲ့ ဆက်စပ်ပြီး တရားဥပဒေစိုးမိုးရေး အားကောင်းလာစေ နိုင်ဖို့အတွက် ပွင့်လင်းမြင်သာစွာ ဆောင်ရွက်ပေးဖို့ တရားရေးဌာနတွေကို အားကောင်းအောင် တည်ဆောက်ရမယ်။
၆။ စစ်ကောင်စီသာ ရွေးကောက်ပွဲပြုလုပ်နိုင်ခဲ့ရင် နွေဦးတော်လှန်ရေးရဲ့ အခြေအနေက ဘယ်လို ဘယ်ပုံ ဖြစ်လာလိမ့်မလဲ။ အဲဒီ ရွေးကောက်ပွဲနဲ့ ဆက်စပ်ပြီး မြန်မာနိုင်ငံရဲ့ တရားဥပဒေစိုးမိုးရေးနဲ့ တရားစီရင်ရေး အခန်း ကဏ္ဍကရော ဘယ်လိုဖြစ်လာနိုင်လဲ။ တရားဥပဒေစိုးမိုးရေး ပိုမိုအားကောင်းလာရေးအတွက် ဘာလုပ်သင့်သလဲ။
မိဆုတဂျို (တရားရေးကော်မတီဝင်၊ မွန်ပြည်ဖက်ဒရယ်ကောင်စီ – MSFC)
စစ်ကောင်စီကျင်းပချင်နေတဲ့ ရွေးကောက်ပွဲက ဟန်ပြသာ ဖြစ်ပါလိမ့်မယ်။ တကယ်စစ်မှန်တဲ့ တရားမျှတမှုရှိတဲ့ ရွေးကောက်ပွဲကို ဖော်ဆောင်နိုင်မှာမဟုတ်ဘူး။ ဒီရွေးကောက်ပွဲလို့ပြောရင် တရားဝင်မှုမရှိတဲ့ စစ်ကောင်စီက ကျင်းပခွင့်တောင် မရရှိတဲ့အနေအထားဖြစ်တယ်။ အကယ်၍ ကျင်းပနိုင်ပြီးသွားမှ ထပ်ပြီးမှ တည်ဆောက် မယ်ဆိုရင်တော့ တရားရေးကို အမိန့်ပေးပြီးမှ တရားစီရင်ခိုင်းတာတို့ တရားရေးဌာနမှာနေပြီး လုပ်ဆောင်တာတို့ နောက်ပြီးတော့ တောက်လျှောက် လုပ်ဆောင်ခဲ့ကြတဲ့ စစ်မှုမထမ်း မနေရ ဥပဒေတွေ၊ နောက်ပြီးတော့ နိုင်ငံခြား ငွေတွေကို အာဏာသိမ်းပြီး နောက်ပိုင်းမှာ ထုတ်လာသမျှ စစ်တပ်ကို ကာကွယ်ဖို့အတွက် ဥပဒေတွေ ပြဌာန်းကျင့်သုံးနေအုံးမှာလို့ မြင်ရတယ်။
ဦးကြီးမြင့် (တရားလွှတ်တော်ရှေ့နေ)
စစ်ကောင်စီဟာ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ မညီဘဲ အာဏာသိမ်းတယ်၊ ၂၀၀၈ မှာ သမ္မတအစစ် (ဦးဝင်းမြင့်) က အာဏာ လွှဲပေး ရတာပါ။ သမ္မတအတု(ဒုသမ္မတ ဦးမြင့်ဆွေ)က လွှဲပေးရတာ မဟုတ်ဘူး။ ဒုတိယ သမ္မတက ဒါတွေက လုပ်ပိုင်ခွင့် မရှိဘူး။ သမ္မတအစစ်(ဦးဝင်းမြင့်)ကို ဖမ်းချုပ်ပြီးတော့ သမ္မတအတု (ဒုသမ္မတ ဦးမြင့်ဆွေ)က အာဏာလွှဲခိုင်းတယ် ဆိုကတည်းက ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ ဆန့်ကျင်နေပြီဖြစ်တယ်။ အဲဒီတော့ စစ်ကောင်စီက လုပ်ချင်နေတဲ့ ရွေးကောက်ပွဲက ဘယ်လိုလုပ်တရားဝင်မှာလဲ။ ဖွဲ့စည်းပုံအခြေခံဥပဒေအရလည်း ရွေးကောက်ပွဲ ကော်မရှင်ရဲ့ အဆုံးအဖြတ်က အပြီးအပြတ်ပဲ။ ဒါကို သူတို့က မဲမသမာမှုတွေ ရှိလို့ အာဏာ သိမ်းရပါတယ်ဆိုတော့ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ စစ်တပ်ကို မဲစာရင်းစစ်ဖို့ အခွင့်အရေး ပေးထားတာ တစ်ပိုဒ်မှ မပါဘူး။ အဲ့ဒီလိုလုပ်လို့ မရဘူး။ ဒါကြေင့်မို့လို့ စစ်ကောင်စီ ပြောနေတဲ့ ရွေးကောက်ပွဲကို ဆန့်ကျင်ဖျက်သိမ်းပစ်ရမယ်။
စစ်ကောင်စီရဲ့ အခြေအနေက အတင်းအကျပ် ဆက်လုပ်နေမှာပဲဆိုတော့ တော်လှန်ရေးအလုပ်ကို ထိရောက် အောင် လုပ်ရတော့မယ် စစ်နိုင်အောင် တိုက်ဖို့ပဲ အာရုံစိုက်ကြပါ။ စစ်မနိုင်ရင်တော့ သူတို့လုပ်သမျှ လိမ်သမျှ ရင်ဆိုင် ရလိမ့်မယ်။ တဘက်ကလည်း တော်လှန်ရေး အင်အားစုတွေဘက်က စစ်ကောင်စီကို တိုက်နေရင်း ဥပဒေ စိုးမိုးရေးကို ကျင့်သုံးအကောင်အထည်နေဖို့ လိုပါတယ်။
ဆရာမနိုရာ (ရှေ့နေ)
စစ်ကောင်စီက ရွေးကောက်ပွဲမလုပ်နိုင်ခင်မှာပဲ ငလျင်ကြောင့် နိုင်ငံတကာမျက်နှာစာမှာ နည်းနည်းလေး မျက်နှာ ပွင့်လာတဲ့ အနေအထားတွေတွေ့ရ တယ်။ အဲ့ဒီလို တရားဝင်ပုံစံနဲ့ တက်လိုက်ရတာတွေ ရှိနေတယ်။ ဒါက တော်လှန်ရေးအင်အားစုတွေအတွက် စိန်ခေါ်မှု တရပ် ဖြစ်စေမယ်လို့ ထင်ပါတယ်။
စစ်ကောင်စီ ရွေးကောက်ပွဲကတော့ သူတိုစိုးမိုးထားတဲ့နေရာတွေမှာလုပ်နိုင်သလို ပြည်သူတွေ ဖိအား မဲပေးခိုင်း တာမျိုး ရှိလာနိုင်တယ် ဒါမလွဲမရှောင်သာတော့ ရွေးကောက်ပွဲတွေဖြစ်သွားအောင် ပါဝင်ရမယ့် သဘောတော့ ရှိနိုင်မယ်လို့ထင်ပါတယ်။ အကယ်၍ စစ်ကောင်စီက ဒီရွေးကောက်ပွဲသာ ကျင်းပပြီးသွားလို့ရှိရင် တရုတ်ဘက် ကလည်း စစ်ကောင်စီကို တခြားနိုင်ငံတွေနဲ့ နိုင်ငံတကာမှာ ပိုပြီးတော့ တရားဝင်လာအောင်ပိုပြီး လက်တွဲ ခေါ်သွားနိုင်တယ်။ အဲ့ဒီလိုမျိုး ဖြစ်သွားပြီရင်တော့ တရားဥပဒေစိုးမိုးရေးနဲ့ တရားစီရင်ရေးကတော့ ဘာမှမျှော်လင့် စရာတော့ မရှိတော့ဘူးလို့ ထင်ပါတယ်။ ဟိုးအရင်ခေတ်ကလိုပဲ အမှောင်ခေတ်ကိုတော့ ပြန်ရောက်သွားမှာပဲ။