
ငလျင်ဘေး ပြန်လည်ထူထောင်ရေးနဲ့ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲအလားအလာ (စကားဝိုင်းအနှစ်ချုပ်)
၁) အာဏာသိမ်းမှုအလွန် စစ်ဘေးကြောင့် မြန်မာသူတွေ လူသားချင်းစာနာမှု အကူအညီအများကြီး လိုအပ်နေချိန် တဖန်အင်အားပြင်း ငလျင်ကပ်ဘေး ထပ်ကြုံလိုက်ရတော့ နိုင်ငံတကာ လူသားချင်းစာနာမှု အကူအညီ လိုအပ်မှု ပိုမိုကြီးမားလာတဲ့ စိန်ခေါ်မှုတွေ ဖြစ်နေပါတယ်။ ဒီစိန်ခေါ်မှုတွေက တော်လှန်ရေး အင်အားစုတွေနဲ့ မြန်မာ့ နွေဦးတော်လှန်ရေးအပေါ် ဘယ်လောက်ထိ သက်ရောက်မှု၊ ရိုက်ခတ်မှု ဖြစ်လာနိုင်ပါသလဲ။ ဒါကို ဘယ်လိုယှဉ်ဆိုင် ကျော်လွှားကြမလဲ။
- ဆောင်းနှင်း (လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူ)
ငလျင်ကိုရင်ဆိုင်ခံစားရတဲ့အထဲမှာ နွေဦးတော်လှန်ရေးကို ထောက်ပံ့နေကြတဲ့ ပြည်သူတွေလည်းများစွာပါဝင်တဲ့ အတွက် နွေဦးတော်လှန်ရေးအတွက်ပြောမယ်ဆိုရင် အရင်းအမြစ်တွေ ယုတ်လျော့သွားတယ်။ ငလျင်ကူညီ ကယ်ဆည်ရေးလုပ်ငန်းစဉ်တွေမှာလည်း စစ်ကောင်စီဘက်ကနေ ကူညီရေးအဖွဲ့တွေကို နှောက်ယှက်တဲ့ အပြုအမှုတွေလည်းရှိခဲ့တယ်။ ငလျင်ဒဏ်ခံစားရတဲ့ဒေသတွေကို အခုထက်ပိုပြီး စိတ်ပိုင်းဆိုင်ရာ ဖေးမဖို့လိုအပ်တယ်။ သဘာဝဘေး အန္တရာယ် အလွန်မှာလည်း နိုင်ငံရေးနဲ့ တော်လှန်ရေးအတွက် မဟာဗျူဟာတွေ ချမှတ်ဖို့လိုအပ်ပါတယ်။
- ရဲဘော် မဟာ (ရန်ကုန် ၅၁၀၂ တပ်ရင်း – ပြည်သူလူထုလုံခြုံရေးဌာန)
စစ်ဘေးကြောင့် လူသားချင်းစာနာမှုလိုတယ်ဆိုတာက အစောကတည်းကလိုအပ်တာပါ။ ငလျင်ဘေးဖြစ်လာတဲ့ အခါမှာ ကုလသမဂ္ဂကရော နိုင်ငံတကာအသိုင်းအဝိုင်းကရော ကျွန်တော်တို့ တော်လှန်ရေးအင်အားစုတွေ စိုးမိုးထားတဲ့ နေရာကို မရောက်ဘူး။ စစ်ကိုင်းမှာဆိုရင်တောင် မြို့ပေါ်ဒေသလောက်ပဲ ရောက်တယ်။ ငလျင်က ဘယ်လောက်အထိတော်လှန်ရေးကို ထိခိုက်နိုင်သလဲဆိုရင် တော်လှန်ရေးကို အရှိန်မြှင့်ဖို့ ဘဏ္ဍာရေးကို ရှာဖွေနေရချိန်မှာ ငလျင်အတွက်ပါဆက်ပြီးရှာဖွေရတယ်ဆိုတော့ ကျွန်တော်တို့မှာတော်တော်လေး အကြပ် အတည်း ဖြစ်ခဲ့ရတယ်။ ငလျင်ကြောင့် သေဆုံးသွားတဲ့သူတွေထဲမှာဆိုရင် ကျွန်တော်တို့ တော်လှန်ရေးအတွက် ကျောထောက်နောက်ခံတွေများစွာပါဝင်တယ်။
၂) တဘက်က စစ်ခေါင်းဆောင်က ရရှားခရီးစဉ်ကနေ ပြန်လာပြီးနောက် ရွေးကောက်ပွဲ ကိစ္စကို ကျယ်ကျယ် ပြန့်ပြန့် တဖန်ပြောလာချိန်မှာပဲ စစ်ကိုင်းဗဟိုပြု အင်အားပြင်း ငလျင်ဒဏ်လှုပ်ခတ်သွားတော့ တကမ္ဘာလုံး ကတောင် ဝိုင်းကူရတဲ့ အခြေအနေ ဖြစ်သွားခဲ့သလို စစ်ကောင်စီ အခြေစိုက်တဲ့ နယ်ပြည်တော်ကလည်း ထိခိုက် ပျက်စီးမှုနဲ့ လူအသေအပျောက်များခဲ့လို့ အဲဒီငလျင်နဲ့ ဆက်စပ်ပြီး ဘက်ပေါင်းစုံကနေ ပိုပြီး စိန်ခေါ်မှု ကြီးမား လာနိုင်တယ်လို့လည်း သုံးသပ်ကြပါတယ်။
ဒါပေမယ့် စစ်ကောင်စီရဲ့ ရွေးကောက်ပွဲ ကော်မရှင်(UEC) ဘက်ကတော့ ပြင်းထန်တဲ့ ငလျင်လှုတ်ခတ်မှုကြောင့် ပြည်သူတွေ ထိခိုက်ဆုံးရှုံးမှု အကြီးအကျယ် ဖြစ်ခဲ့တာတောင် ၂၀၂၅ ဒီဇင်ဘာလမှာ ရွေးကောက်ပွဲ ကျင်းပသွား မယ်လို့ ထုတ်ပြန်ကြေညာထားပြန်တယ်။ ဘာကြောင့် စစ်ကောင်စီက ရွေးကောက်ပွဲကို ကျင်းပဖို့ ပြင်ဆင်နေ တာလဲ။ ဒီလိုအခင်းအကျင်းမှာ စစ်ကောင်စီရဲ့ရွေးကောက်ပွဲနဲ့ ငလျင်ဒဏ်သင့်ခဲ့တဲ့ ပြည်သူများရဲ့ ပြန်လည် ထူထောင်ရေးကိစ္စ ဘယ်အချက်ကို ဦးစားပေးသင့်သလဲ။ တဆက်တည်း အဲဒါတွေက လက်ရှိ မြန်မာ့နိုင်ငံရေး အခင်းအကျင်းအပေါ် ဘာကို ဦးတည်အပြောင်းအလဲ ဖြစ်စေနိုင်မယ်လို့ ထင်ပါသလဲ။
- မေနှင်း – အာဏာရှင်စနစ် ဆန့်ကျင်ရေး ပြည်သူ့အင်အားစုများ ချိတ်ဆက်ညှိနှိုင်းရေး ကော်မတီ (မန္တလေး) AFCC – Mdy
စစ်ကောင်စီကတော့ ငလျင်ကို အကြောင်းပြုပြီး သူလုပ်စရာရှိတာကို အခွင့်ကောင်းယူတယ်လို့ပဲပြောရမှာပဲ။ ဘာကြောင့်ရွေးကောက်ပွဲလုပ်တယ်ဆို နိုင်ငံတကာအသိုင်းအဝိုင်းမှာ အသိအမှတ်ပြုမှုလိုချင်လို့ လုပ်တာပါပဲ။ စစ်ကိုင်းငလျင်ကို အကြောင်းပြုပြီး နိုင်ငံတကာနဲ့ စပြီး စကားပြောခွင့်ရလာတယ်။ ရွေးကောက်ပွဲက သူ့အတွက် တရားတယ်၊ မတရားဘူးဆိုတာ သူလိုချင်တာ မဟုတ်ဘူး။ ရွေးကောက်ပွဲကြောင့် သူ့ရဲ့ တရားဝင်မှုကို ရယူပြီး နိုင်ငံတကာမှာ သံခင်းတမန်ခင်းကို ပြန်ဖွင့် ချင်တာပဲ။ ငလျင်ကို အကြောင်းပြုပြီး ရွေးကောက်ပွဲကျင်းပမယ်ဆိုရင် သူ့အနေနဲ့ ရွေးကောက်ပွဲ အတွက်လိုအပ်စံချိန်စံနှုန်းတွေကို ကျော်လွှားနိုင်မှာ ဖြစ်တယ်။ ဒါ့အပြင် နိုင်ငံတကာက လူသားစာနာမှု အကူအညီတွေကလည်း ပြည်သူတွေဆီမရောက်ပဲ သူ့ရဲ့ စစ်ရေးအသုံးစရိတ်ထဲရောက်သွားမယ်။ ရွေးကောက်ပွဲ အသုံးစရိတ်ထဲ ရောက်သွားလိမ့်မယ်။ မြန်မာတစ်နိုင်ငံအတိုင်းအတာနဲ့ ထိန်းချုပ်နိုင်ခြင်းမရှိတဲ့ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကို လက်ခံပြီး ငြိမ်းချမ်းရေးဆွေးနွေးခိုင်းမယ်ဆိုရင် အကြမ်းဖက်စစ်တပ်ကို အားပေးအားမြှောက်လုပ်သလိုဖြစ်တာပါပဲ။
- အမ်အက်စ်(MS) (အတွင်းရေးမှူး – လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ/လူငယ်-YNS)
ကျွန်တော့်အနေနဲ့ ပထမဆုံးသုံးသပ်ရမယ်ဆိုရင် ၂၀၀၈ နာဂစ်ဖြစ်တုန်းကတောင် သူတို့အာဏာကို ပြည်သူလူထုရဲ့ အလောင်းပုံမှာတည်ဆောက်ခဲ့ကြတယ်။ ဒီကနေ့ ဒီအခြေအနေမှာလည်း ငလျင်ကိုသူ ဂရုစိုက်တာ မဟုတ်ဘူး။ သူ့ အာဏာတည်မြဲရေးအတွက်ကိုပဲ ဘယ်လို လုပ်မလဲဆိုတာပဲ စဉ်းစားချက်တွေရှိတယ်။ ရွေးကောက်ပွဲ စစ်အာဏာသိမ်းပြီး ကတည်းက သူ့လုပ်ငန်းစဉ် ၅ ရပ်တည်းမှာ အပါအဝင်ဖြစ်တယ်။ ရွေးကောက်ပွဲဆိုတာက စစ်တပ်ရဲ့ အာဏာ တရားဝင်မှုုအတွက် ပုံဖော်ချင်တာဖြစ်တယ်။ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကို တန်ပြန်တုန့်ပြန်တဲ့ အစီအစဉ်တွေကိုလည်း ပြင်ဆင်ဆောင်ရွက်သင့်ပါတယ်။ အဲ့လိုအစီအစဉ်ကို ဆောင်ရွက်တဲ့ အခါမှာလည်း ပြည်သူတွေနဲ့ အတူလက်တွဲဆောင်ရွက်ရမယ်။
၃) လက်ရှိ ဒီအင်အားပြင်း ငလျင်ကြောင့် ဆိုးဝါးစွာ ထိခိုက်ပျက်စီးပြီး လူအသေအပျောက်လည်း များခဲ့တော့ တိုင်းပြည်ရဲ့ GDP ကလည်း ဆက်လက် ထိခိုက်မှုရှိနေမှာဖြစ်လို့ ပြန်လည် ထူထောင်ရေးကိုလည်း ရေရှည် လုပ်ရ မယ့် အနေအထား ဖြစ်တယ်လို့ ကျွမ်းကျင်သူတွေဘက်က ထုတ်ပြောထားပါတယ်။ မြန်မာလူထု တွေက စစ်ဘေးနဲ့ သဘာ၀ ကပ်ဘေးကို အဆိုးဝါးဆုံးကြုံနေရချိန် စစ်ကောင်စီရဲ့ ရွေးကောက်ပွဲလုပ်ဖို့ ဆိုင်းပြင်းမှုဟာ လက်တွေ့ ဘယ်လောက်ထိ ဖြစ်လာနိုင်မယ့် အလားအလာ ရှိနေလဲ။
- ရဲဘော် မဟာ (ရန်ကုန် ၅၁၀၂ တပ်ရင်း – ပြည်သူလူထုလုံခြုံရေးဌာန)
ငလျင်ဖြစ်လာတဲ့ အခါမှာ စစ်ကောင်စီက သူ့ရဲ့ အသုံးမကျမှုတွေကို ဖုံးကွယ်ဖို့ GDP ကျတယ်လို့ အကြောင်းပြလာကြတယ်။ ငလျင်အတွက် ကမ္ဘာအရပ်ရပ်က နေထောက်ပံ့ထားတဲ့ ငွေတွေကို အသုံးပြုပြီး သူလုပ်ချင်တဲ့ ရွေးကောက်ပွဲကို လုပ်လာနိုင်တယ်။ အဲ့အပိုင်းမှာဆိုလည်း တရုတ်ရဲ့ စစ်ရေးအကူအညီပေးမှုတွေ အများကြီးတွေ့ရတယ်။ လက်ရှိ စစ်ဆင်ရေးတွေကလည်း ငလျင်နောက်ပိုင်းမှ ပိုလုပ်လာတာတွေ တွေ့ရတယ်။ ထို့နည်းတူပဲ စစ်ကောင်စီက သူထိန်းချုပ်ထားတဲ့ နယ်မြေနည်းနည်းလေးပဲရှိတော့တာကြောင့် သူ့ရဲ့ထွက်လမ်းဖြစ်တဲ့ ရွေးကောက်ပွဲကိုလည်း မဖြစ်မနေလုပ်ပါလိမ့်မယ်။
- ဆောင်းနှင်း (လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူ)
စစ်ကောင်စီက ရွေးကောက်ပွဲလုပ်ဖို့ ကြေညာလိုက်တာက နိုင်ငံတကာမှာ ကစားလိုက်တာလို့ မြင်တယ်။ နောက်ပြီး စစ်ကောင်စီက သူထိန်းချုပ်ထားနိုင်တဲ့ မြို့အနည်းငယ်မှာသာ ရွေးကောက်ပွဲကို ကျင်းပလိုက်တာမျိုးလည်း ဖြစ်နိုင်တယ်။ စစ်ကောင်စီက ကြိုးစားနေတဲ့ ရွေးကောက်ပွဲနဲ့ ငြိမ်းချမ်းရေး နိုင်ငံတကာ စကားဝိုင်းတွေက တရားမဝင်ဘူးဆိုတာ တော်လှန်ရေးအုပ်စုတွေက များများပြောဖို့လိုတယ်။ ကျွန်မအမြင်အရဆို စစ်တပ်က နိုင်ငံရေးလုပ်ငန်းစဉ်တွေနဲ့ နိုင်ငံရေးလမ်းပြမြေပုံတွေရေးဆွဲခွင့်မရှိဘူး။ ဒီရဲ့ နည်းလမ်းတွေကလည်း ကျွန်မတို့နိုင်ငံရဲ့ ပြဿနာတွေကို ဖြေရှင်းနိုင်ခြင်းမရှိဘူး။ စစ်ကောင်စီကလည်း ရွေးကောက်ပွဲကို အဆုံးထိ လုပ်သွားဖို့ရှိတယ်။ ဒါကို ဟန့်တားဖို့ လိုတယ်ဆိုတာ ပြည်သူတွေရော နိုင်ငံတကာအသိုင်းအဝိုင်းမှာရော သိဖို့လိုတယ်။
၄) စစ်ရေးအရ ဖိအားအကြီးမားဆုံး ကြုံနေရတဲ့ စစ်ကောင်စီဟာ ဒီမြန်မာ့ငလျင်ကြောင့် အသက်ရှုခွင့် ပြန်ရ ခဲ့တယ်လို့ သုံးသပ်သူတွေလည်း ရှိနေသလို တဘက်က Justice For Myanmar (JFM) ကလည်း ငလျင်နဲ့ ဆက်စပ်ပြီး ပြည်တွင်း ပြည်ပ အဖွဲ့အစည်းတွေရဲ့ လှူဒါန်းငွေ ဒေါ်လာ ၅၅.၈ မီလီယံဟာလည်း စစ်ကောင်စီရဲ့ ကျူးလွန်လျက်ရှိတဲ့ နိုင်ငံတကာ ရာဇဝတ်မှုများအတွက် ပိုမိုအထောက်အပံ့ ပြုသွားနိုင်တယ်လို့ သတိပေး ပြောဆို ထားတာလည်းရှိနေပါတယ်။ တဘက်မှာလည်း မြန်မာပြည်သူတွေ ဆိုးဝါးစွာကြုံနေရတဲ့ စစ်ဘေးနဲ့ သဘာ၀ ကပ်ဘေးကြီးတို့ကြောင့် လူသားချင်းစာနာမှု အကူအညီများနဲ့ ပြန်လည် ထူထောင်ရေး အမြင့်ဆုံး လိုအပ်နေချိန် ဖြစ်နေတော့ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲ ဖြစ်လာရေးနဲ့ မြန်မာ့နိုင်ငံရေး အခင်းအကျင်းအပေါ် နိုင်ငံတကာ အပါအဝင် အိမ်နီချင်း နိုင်ငံများနဲ့ အာဆီယံတို့က ဘယ်လိုအမြင်မျိုး ဖြစ်လာနိုင်ပါသလဲ။
- မေနှင်း – အာဏာရှင်စနစ် ဆန့်ကျင်ရေး ပြည်သူ့အင်အားစုများ ချိတ်ဆက်ညှိနှိုင်းရေး ကော်မတီ (မန္တလေး) AFCC – Mdy
ကျွန်မတို့ လူထုက စစ်ဘေးရော၊ ငလျင်ဘေးပါခံနေရတာဖြစ်တယ်။ ၅၅.၈ မီလီယန်သာ မြေပြင်ကို စီးဆင်းသွားတယ်ဆိုရင် မြင်ရလိမ့်မယ်။ အခုက ဘာမှ မြင်သာထင်သာ မရှိတဲ့အတွက် ကျွန်မအနေနဲ့ မရောက်နေဘူးလို့ပဲ အတိအကျပြောချင်တယ်။ အနီးစပ်ဆုံး မန္တလေးကိုပဲပြောရရင် ငလျင်ဖြစ်ပြီးနောက်ပိုင်း လေကြောင်း ဗုံးကြဲခံရပြီး သေဆုံးတာ ၁၀ ဦးထပ်မနည်းဘူး။ ငလျင်မတိုင်ခင် မတ္တရာ၊ ဆင်ပု၊ မြင်းခြံ စတဲ့ နေရာတွေမှာ ငလျင်မတိုင်ခင် တစ်လလောက်က ဗုံးကြဲတဲ့ အရေအတွက်နဲ့ ငလျင်ဖြစ်ပြီး တစ်ပတ်အတွင်း ဗုံးကြဲတဲ့ အရေအတွက်က ပိုပြီးတော့ အရေအတွက်များတာကို ကြည်ခြင်းဖြင့် စစ်ကောင်စီက အစက အရာရာ ချီနဲ့နေတာ။ လူ အင်အားတွေကို မရမက စုစည်းရ၊ ငွေကြေးအားဖြင့်ဆိုရင်လည်း တော်တော်လေးချီနဲ့ နေတာ။ ငလျင်ဖြစ်ပြီးနောက်ပိုင်းမှာ ရဲရဲဝံ့ဝံ့နဲ့ ဗုံးကြဲနိုင်တဲ့အထိ အင်အားတောင့်တင်းသွားတယ်။ စစ်ကောင်စီကို နိုင်ငံရေးအရ အသိအမှတ်ပြုမှု၊ ငြိမ်းချမ်းရေးစကားပြောဖို့၊ မဆိုနဲ့ဦး လူသားချင်းစာနာမှု အကူအညီတွေကိုတောင် မရနိုင်သေးဘူး။ အိမ်နီးချင်းနိုင်ငံတွေက အကြမ်းဖက်စစ်တပ်နဲ့ပဲ သူနဲ့ပြောမှဖြစ်မယ်၊ သူနဲ့လုပ်မှဖြစ်မယ်၊ ဆိုရင် ဘာရလဒ်ရမလဲဆို ကျွန်တော်တို့တွေက နေ့စဉ်သေကြေပျက်စီးနေတာပဲ ရမယ်။
- အမ်အက်စ်(MS) (အတွင်းရေးမှူး – လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ/လူငယ်-YNS)
ငလျင်ဖြစ်ပြီးတဲ့ april လဆန်းမှာပဲ မင်းအောင်လှိုင်ကို ဘန်ကောက်မှာ နိုင်ငံတကာ အသိုင်းအဝိုင်းက ခေါ်တွေ့တယ်။ နိုင်ငံတကာ ဆက်ဆံရေးမှာ အာဏာလက်ကိုင်ထားတဲ့အစိုးရတွေနဲ့ အစိုးရ အဖွဲ့အစည်းမဟုတ်တဲ့ ဆက်ဆံရေးတွေလည်းရှိပါတယ်။ စစ်ကောင်စီကို နိုင်ငံတကာမှာ ထိတွေ့ဆက်ဆံတဲ့ နိုင်ငံတွေ သိပ်မရှိပေမဲ့ နိုင်ငံတကာအသိုင်းအဝိုင်းမှာ လူရာဝင်အောင် ကြိုးစားနေတာ တွေ့ရပါတယ်။ ငလျင်ကို အကြောင်းပြုပြီး နိုင်ငံတကာအစိုးရတွေနဲ့ ထိတွေ့ဆက်ဆံကို ခြေလှမ်းသွက်သွက်ကြိုးစားနေတာရှိတယ်။ မင်းအောင်လှိုင်က နည်းပေါင်းစုံ တရားဝင်မှုရအောင်ကြိုးစားနေတယ်။ စစ်ကောင်စီက ရွေးကောက်ပွဲလုပ်မယ်လို့သာ ပြောနေပေမဲ့လည်း နေပြည်တော်မှာ ငလျင်ဒဏ်ခံထားရတဲ့ သူ့ဌာနဆိုင်ရာတွေကိုတောင် ပြန်လည်မပြင်ဆင်နိုင်သေးတဲ့ အနေအထားမှာရှိပါတယ်။
၅) တခါ မြန်မာပြည်သူတွေ ပြင်းထန်တဲ့ငလျင်ဒဏ်ကြောင့် ထိခိုက် ဆုံးရှုံးမှုတွေ ကြုံနေရချိန် အရေးပေါ် ကယ်ဆယ်ရေးကို ဦးစားပေးလုပ်နိုင်ဖို့ဆိုပြီး တော်လှန်ရေးအင်အားစုတွေနဲ့ စစ်ကောင်စီတို့ကြားမှာ ယာယီ အပစ်အခတ် ရပ်ကြမယ်ဆိုပြီး ကြေညာထား ကြပေမယ့် လက်တွေ့မှာတော့ စစ်ကောင်စီက တော်လှန်ရေး တပ်ဖွဲ့တွေကို လေကြောင်းအပြင် လက်နက်ကြီးနဲ့ ပစ်ခတ်အသုံးပြုပြီး မြေပြင်ထိုးစစ်ဆင်တာကို မရပ်ခဲ့ပါဘူး။ တဘက်ကလည်း တော်လှန်ရေးတပ်တွေကလည်း စစ်ကောင်စီရဲ့ တပ်စခန်းတချို့ကို သိမ်းယူခဲ့တဲ့ ဖြစ်ရပ် တွေလည်း ရှိခဲ့ပါတယ်။ ဘာကြောင့် ယာယီအပစ်ရပ်ကြေညာချက်က
- ရဲဘော် မဟာ (ရန်ကုန် ၅၁၀၂ တပ်ရင်း – ပြည်သူလူထုလုံခြုံရေးဌာန)
မြန်မာပြည်တွင်းစစ်ဖြစ်လာတဲ့ အကြောင်းက ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို မဲလိမ်တယ်၊ မဲခိုးတယ်ဆိုပြီး အာဏာသိမ်းရာကနေ စလာခဲ့တယ်။ စစ်ကောင်စီတော့ အကြောက်တရားနဲ့ ခြေမှုန်းရတဲ့ အခြေအနေဖြစ်လာပြီး တော်လှန်ရေးဘက်ကတော့ အမုန်းတရားနဲ့ တိုက်ခိုက်နေတဲ့ အခြေအနေဖြစ်တယ်။ ဒီအခြေအနေက တော့ အားလုံးလည်းမျက်မြင်ဖြစ်တယ်။ ငလျင်ဒဏ်သင့်နေချိန် စစ်ကောင်စီကို ထိုင်းအစိုးရ၊ အိန္ဒိယအစိုးရတို့ကနေ ဘန်ကောက်မှာ တွေ့ဆုံတာက စစ်ကောင်စီကို အသိအမှတ်ပြုရာ ရောက်ပါတယ်။ ဒီလို အသိအမှတ်ပြုရာ ရောက်တဲ့အတွက်ကြောင့် စစ်ကောင်စီက သူမှန်တယ်ထင်ပြီး ပြည်သူတွေကို အခုလိုလေကြောင်းတိုက်ခိုက်မှုတွေလုပ်လာတာဖြစ်တယ်။ ဒါကြောင့် စစ်ကောင်စီရဲ့ ဒီလိုကျူးလွန်မှုတွေအပေါ် စစ်ကောင်စီကို ဖိတ်ခေါ်ခဲ့တဲ့ နိုင်ငံတွေမှာလည်း တာဝန်ရှိတယ်။
- ဆောင်းနှင်း (လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူ)
ကျွန်မရဲ့ အမြင်အရ နှစ်ဖက်စလုံးမှာ လူသားချင်းစာနာမှု အပစ်အခက်ရပ်စဲရေး အခြေခံမှုတွေရှိတယ်။ အဲ့ဒီအယူအဆ အခြေခံမူတွေကို စစ်ကောင်စီကတော့ ဘယ်တုန်းကမှ မလိုက်နာခဲ့ဘူး။ တစ်ဖက်မှာ NUG အနေနဲ့လည်း ဒီအခြေခံမူတွေကို လစ်လျူရှူထားတယ်လို့မြင်တယ်။ အပစ်အခက်ရပ်စဲတယ်လို့ပြောရင် အခြေခံသဘောတူညီချက်တွေရှိတယ်။ အဲ့ဒီသဘောတူညီချက်အောက်မှာဆိုရင် လူသားချင်းစာနာမှုက အရေးကြီးတယ်၊ ဒါကြောင့် စစ်ရေးတွေကို ခဏရပ်ထားကြရအောင်လို့ ပြောတာဖြစ်တယ်။ နှစ်ဖက်လုံးက တစ်ဖက်သက် အပစ်ရပ်တယ်။ စစ်ကောင်စီဘက်ကတော့ နိုင်ငံတကာ သိအောင် အပစ်ရပ်ပြတာဖြစ်တယ်။
၆) ပြီးခဲ့တဲ့ မတ် ၂၈ ရက်နေ့က ဖြစ်ခဲ့တဲ့ ငလျင်ကပ်ဘေးကြီးဖြစ်စဉ်မှာ နိုင်ငံတကာအမြင်နဲ့ အမျိုးသား ညီညွတ်ရေး အစိုးရ(NUG)ရဲ့ အခန်းကဏ္ဍအပေါ် ဘယ်လို အမြင်သုံးသပ်ချက် ရှိပါသလဲ။ တဘက်က စစ်ကောင်စီရဲ့ အခန်း ကဏ္ဍက ဘယ်လိုရှိနေလဲ။
- အမ်အက်စ်(MS) (အတွင်းရေးမှူး – လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ/လူငယ်-YNS)
နိုင်ငံတကာရဲ့ အမြင်လို့ ပြောလိုက်ရင် အစိုးရနဲ့ ပြည်သူကြားမှာတစ်ထပ်တည်းဖြစ်တယ်လို့တော့ ပြောလို့ မရဘူး။ စစ်ကောင်စီက ယနေ့ အခြေအနေမှာ နိုင်ငံတကာအမြင်မှာ လူမျိုးတုန်းသတ်ဖြတ်မှုနဲ့ တရားစွဲခံနေရတာ ဖြစ်တယ်။ နိုင်ငံတကာရော၊ အိမ်နီးချင်းနိုင်ငံတွေရဲ့ အမြင်မှာရော ကျွန်တော်တို့ နိုင်ငံကို ငြိမ်းငြိမ်းချမ်းချမ်းနဲ့ မြင်စေချင်ကြပါတယ်။ ကျွန်တော်တို့နိုင်ငံရဲ့ လူထုကလည်း အခုအချိန်မှာ ပြင်းထန်တဲ့ အခြေအနေကို ဖြတ်သန်းနေရတာဖြစ်တယ်။ စစ်အုပ်စုရဲ့ အခန်းကဏ္ဍက မြန်မာပြည်နိုင်ငံရေးမှာ ပြည်သူလူထုက လက်ခံနိုင်တဲ့ အနေအထားမရှိတော့ဘူးလို့ပြောလို့ရတယ်။ တစ်ဖက်မှာလည်းစီးပွားရေးကို ချုပ်ကိုင်ထားတဲ့ အခြေအနေတွေက နိုင်ငံတကာမှာ ဆက်ဆံရေးအရ အသက်ရှူချောင်နေတာဖြစ်တယ်။ NUG ရဲ့ အနေအထားကတော့ တစ်ဖက်မှာ ပါဝင်ပြီးတော့တိုက်ပွဲဝင်နေတယ်ဆိုတဲ့ အနေအထားကို မြင်ရသေးတယ်။ တစ်ဖက်မှာလည်း လူမျိုးစုံပြည်သူ တွေရဲ့ လိုလားမှုကို တွေ့နေရသေးတယ်။
- မေနှင်း – အာဏာရှင်စနစ် ဆန့်ကျင်ရေး ပြည်သူ့အင်အားစုများ ချိတ်ဆက်ညှိနှိုင်းရေး ကော်မတီ (မန္တလေး) AFCC – Mdy
ငလျင်ဖြစ်တဲ့ နေရာ ၉၀% က NUG ရဲ့ထိန်းချုပ်နေရာမှာ မဖြစ်နေခြင်းက ကြီးမားတဲ့စိန်ခေါ်မှုတစ်ခုဖြစ်တယ်။ ကျွန်တော်တို့ အနေနဲ့ လူထုကိုကိုယ်တိုင်ကူညီနိုင်တဲ့ capacity ရှိနေတယ်ဆိုရင်တောင်မှာ နယ်မြေအနေ အထားအရ အဆင်မပြေနိုင်ဘူး။ အဲ့လိုပြောလို့ စစ်ကောင်စီက သူ့ရဲ့ control area မှာ သေချာ လုပ်နေသလားဆိုတော့လည်း မလုပ်နေပြန်ဘူး။ နစ်နာတဲ့သူက လူထုပဲဖြစ်တယ်။ နစ်နာနေတဲ့ လူထုကို နိုင်ငံတကာ လူသားစာနာမှု အကူအညီတွေပေးဖို့ကလည်း စကစ နဲ့ပဲ ချိတ်ဆက်ပြီးလုပ်မှ ရမယ်လို့ ထင်ကြတယ်။ မြေပြင်မှာ ဒီအကူအညီတွေက မရနေဘူး။ ကျွန်မတို့က ရဖို့ဆို နည်းလမ်းတွေရှိတယ်။ အဲ့ဒီအတွက်ကို NUG အပါအဝင် ပြည်သူမှ ပြည်သူသို့ ကူညီနိုင်တဲ့ နည်းနာတွေရှိတယ်။ နိုင်ငံတကာရဲ့ အမြင်ဆိုတာ အားလုံးကိုပြောတာ မဟုတ်ဘူး။
၇) အမျိုးသားညီညွတ်ရေးအစိုးရ(NUG) နဲ့ စစ်ကောင်စီတို့ရဲ့ နိုင်ငံရေးအရ အားပြိုင်မှုက စစ်ဘေးနဲ့ သဘာ၀ ကပ်ဘေးကြီး ကြုံနေရတဲ့ မြန်မာပြည်သူတွေကြား ဘယ်လိုအကျိုး သက်ရောက်မှု ရှိနေလဲ။ NUG နဲ့ စစ်ကောင်စီ တို့က မြန်မာပြည်သူတွေအတွက် ပြန်လည် ထူထောင်အရေးကို ဘာလုပ်သင့်လဲ။
- ရဲဘော် မဟာ (ရန်ကုန် ၅၁၀၂ တပ်ရင်း – ပြည်သူလူထုလုံခြုံရေးဌာန)
စစ်ရေးပြန်လည်ထူထောင်ရေးက ကျွန်တော်တို့ တော်လှန်ရေးအလွန်ကာမှာ ကျွန်တော်တို့ နိုင်သွားတယ်ဆိုရင် ပြည်သူလူထုနဲ့အတူတူ ရုန်းကန်သွားဖို့ရှိတယ်။သဘာဝဘေး၊ ကပ်ဘေး အန္တရာယ်တွေကိုတော့ ကျွန်တော်တို့ နိုင်ငံအခြေအနေကို ကျွန်တော်တို့ ပြောပြမှ နိုင်ငံတကာက နားလည်မှာဖြစ်တယ်။ ကျွန်တော့်အနေနဲ့ကတော့ တော်လှန်ရေးရဲဘော်တစ်ယောက်ဖြစ်နေတဲ့အတွက် စစ်တပ်နဲ့ နိုင်ငံရေး စကားပြောဖို့ ငြိမ်းချမ်းရေးစကားပြောဖို့ကိုတော့ လက်မခံချင်ပါဘူး။ ဖက်ဆစ် စစ်တပ်ထက်ကို ဆိုးရွားပြီး ယုတ်မာတဲ့ စစ်ကောင်စီကို နိုင်အောင်တိုက်ဖို့အကြံပြုချင်ပါတယ်။ ကျွန်တော်တို့ ဒီတော်လှန်ရေးအောင်မြင်မှပဲ စစ်ဘေး၊ သဘာဝဘေးတွေကို ကိုယ်တိုင် ထိထိမိမိလုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။
- ဆောင်းနှင်း (လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူ)
နှစ်ဖက်အားပြိုင်မှုကိုကြည့်လိုက်တိုင်း နစ်နာတာက လူထုပဲဖြစ်တယ်။ လွတ်လပ်တဲ့ နိုင်ငံဖြစ်ဖို့၊ ဒီမိုကရေစီရဖို့ တော်လှန်ပြည်သူတွေက တိုက်ပွဲဝင်နေတာဖြစ်တယ်။ စစ်ကောင်စီကတော့ သူ့အာဏာတည်မြဲရေးအတွက် တိုက်ပွဲဝင်နေတာဖြစ်တယ်။ စစ်ဘေးကြောင့်ပဲ ဖြစ်ဖြစ် သဘာဝဘေးကြောင့်ပဲဖြစ်ဖြစ် ပြန်လည်ထူထောင်ရေးကို လုပ်တဲ့အခါစဉ်းစားစရာတွေရှိပါတယ်။ ပြန်လည်ထူထောင်ရေးလုပ်ဖို့ဆိုရင် အကဲဖြတ်ဖို့လိုတယ်၊ လိုအပ်ချက်တွေကို လေ့လာသုံးသပ်ဖို့လိုတယ်၊ ပြီးရင် အစီအစဉ်တွေရေးဆွဲဖို့လိုတယ်။ ရေးဆွဲတဲ့ အခါမှာ နစ်နာတဲ့ပြည်သူတွေနဲ့ အတူ ပညာရှင်တွေလည်းပါဝင်ဖို့လိုတယ်။ ပြန်လည်ထူထောင်ရေးဆိုရင် ကျွန်မတို့က ရေတိုပဲ ပြန်လည်ထူထောင်ရေးကိုပဲစဉ်းစားကြတယ်။ ရေရှည်ပြန်လည်ထူထောင်ရေးကိုတော့ စဉ်းစားဖို့လိုတယ်။
- အမ်အက်စ်(MS) (အတွင်းရေးမှူး – လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ/လူငယ်-YNS)
နိုင်ငံရေးအရ ကြိုးပမ်းဆောင်ရွက်မှုတွေ ဘက်အသီးသီးမှာရှိနေကြပါတယ်။ ကြိုးပမ်းဆောင်ရွက်မှုတွေက လူမျိုးစုံပြည်သူတွေအတွက် ဘယ်လောက်အကျိုးဖြစ်မလဲ ကြည့်ရမယ်။ နွေဦးတော်လှန်ရေးကိုကြည့်မယ်ဆိုရင် NUG နဲ့ စစ်အစိုးရရဲ့ နိုင်ငံရေး အားပြိုင်မှု မဟုတ်ဘူးလို့တော့ မြင်ပါတယ်။ တော်လှန်ရေး အင်အားစုတွေအနေနဲ့လည်း ဖြစ်လာတဲ့ သဘာဝဘေးတွေအတွက် ပြည်သူလူထုဘက်ကနေ ဘယ်လိုမျိုးကူညီရမလဲ ဆိုတာကို ကြိုတင်ပြင်ဆင်မှုတွေကိုထည့်သွင်းစဉ်းစားရပါမယ်။
- မေနှင်း – အာဏာရှင်စနစ် ဆန့်ကျင်ရေး ပြည်သူ့အင်အားစုများ ချိတ်ဆက်ညှိနှိုင်းရေး ကော်မတီ (မန္တလေး) AFCC – Mdy
လူထုရှုူ့ထောင့်က ကြည့်မယ်ဆိုရင် ဘယ်သူ့ကိုထောက်ခံနေပါစေ လူထုဖြစ်တယ်။ ဒီလူထုရဲ့အခက်အခဲကို ဖြေရှင်းပေးဖို့က သူကိုယ်တိုင်က လူထုအစိုးရဖြစ်တယ်လို့ ခံယူထားရင် ကိုယ်ရဲ့ လုပ်နိုင်စွမ်းကို ပြသရမယ့် အချိန်ဖြစ်တယ်။ ကျွန်တော်တို့က လူထုအတွက်တိုက်ပွဲဝင်နေတယ်ပြောပြီး လူထုရဲ့ အကြပ်အတည်းတွေက နည်းနည်းလေးတောင် မလျော့သွားဘူးဆိုရင် လူထုအတွက်တိုက်ပွဲဝင်တာ မဟုတ်တော့ ဘူး။ ဒီတော်လှန်ရေးက တချို့ အရာတွေမှာ ရွေးချယ်လို့ ရတာတွေရှိတာကို သေချာပြန်သုံးသပ်ဖို့လိုပြီး။ကိုယ်က လူထုအစိုးရ ဖြစ်တယ်ဆိုရင် ၄ နှစ်ကျော်အတွင်းမှာ အကြမ်းဖက်စစ်တပ်ကို အသိအမှတ်မပြုဖို့ ဆိုရာကနေ NUG ကို သံတမန်ရေးအရ အသိအမှတ်ပြုဖို့ ကြိုးစားဖို့လိုတယ်။