
နွေဦးတော်လှန်ရေးကာလ တိုင်းရင်းသားဒေသ အခြေအနေများ
လစဉ်အစီရင်ခံစာ (၂၀၂၅ ခုနှစ် မတ်လ)
နွေဦးတော်လှန်ရေးကာလအတွင်း အာဏာရှင်စနစ်ဆန့်ကျင်ရေးကို အလွှာပေါင်းစုံမှ တိုင်းရင်းသား ပြည်သူများ၏ ပူးပေါင်းပါဝင်လှုပ်ရှားမှုများအား ဖက်ဒရယ်ဂျာနယ်-မြန်မာက လစဉ်လေ့လာပြုစု၍ ထုတ်ပြန် လျက်ရှိပါသည်။ ယခုစာတမ်းတွင် ၂၀၂၅ ခုနှစ်၊ မတ်လအတွင်း အာဏာသိမ်းမှုနှင့် ဆက်စပ်သည့် ပဋိပက္ခ များကြောင့် တိုင်းရင်းသားဒေသများတွင် တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်သားများနှင့် တော်လှန်ရေး ရဲဘော်များ နှစ်ဘက်ထိခိုက်သေဆုံးမှု၊ စစ်ကောင်စီ၏ထိုးစစ်ကြောင့် ပြည်သူ့အိုးအိမ်ပျက်စီးမှု၊ အရပ်သား ပြည်သူများသေဆုံးမှုနှင့် တော်လှန်ရေးတပ်ပေါင်းစုများ၏ သိမ်းပိုက်ရရှိခဲ့သည့် စစ်ကောင်စီတပ်စခန်းများ ကို စုစည်းတင်ပြ ထားပါသည်။
အပိုင်း (၁)
ပြည်နယ်ဒေသများအတွင်း စစ်ရေးနှင့် လုံခြုံရေး နောက်ဆက်တွဲ အခြေအနေများ
(က) တိုက်ပွဲအတွင်း နှစ်ဘက် သေဆုံးမှုများ
၂၀၂၅ ခုနှစ်၊ မတ်လအတွင်း တိုင်းရင်းသားဒေသများတွင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေး တပ်ဖွဲ့တို့ အကြား ထိတွေ့ပစ်ခတ်မှု အကြိမ်ပေါင်း(၇၄)ကြိမ်ကျော်ရှိခဲ့ရာ ကရင်ပြည်တွင်(၁၅)ကြိမ်၊ ကရင်နီပြည် တွင်(၂၁)ကြိမ်၊ ကချင်ပြည်၊ ရှမ်းပြည်၊ မွန်ပြည်တွင် (၁၀)ကြိမ်စီ နှင့် ရခိုင်ပြည်တွင် (၈) ကြိမ်၊ အသီးသီး ဖြစ်ပွားကြောင်း မှတ်တမ်းတင်နိုင်ခဲ့သည်။
မတ်လ တစ်လတာစစ်ပွဲအတွင်း သေဆုံးခဲ့သော စစ်ကောင်စီတပ်ဖွဲ့ဝင်များမှာ ကရင်နီပြည်တွင် (၄၉) ဦး၊ ကချင်ပြည်တွင် (၃၇)ဦး၊ ရခိုင်ပြည်တွင် (၃၀) ဦး၊ မွန်ပြည်တွင်(၂၂)ဦး၊ ရှမ်းပြည်တွင် (၁၅) ဦး၊ ကရင်ပြည်တွင် (၅)ဦး၊ စသည်ဖြင့် စုစုပေါင်း (၁၅၈) ဦးခန့် နှင့် ပြည်သူ့တော်လှန်ရေးတပ်ဖွဲ့ ဘက်မှလည်း (၄၃) ဦးခန့် ကျဆုံးခဲ့ ကြောင်းမှတ်တမ်း တင်နိုင်ခဲ့ပါသည်။
(ခ) တိုက်ပွဲဖြစ်ပွားမှု ဒေသများ
(၁) ကချင်ပြည်
ကချင်ပြည်နယ်အတွင်းရှိ ဝိုင်းမော်မြို့နယ် ဒေသများတွင် စစ်ကောင်စီတပ်နှင့် ကချင်လွတ်လပ်ရေး တပ်မတော် KIA တို့အကြား တိုက်ပွဲများ ဖြစ်ပွားခဲ့ပါသည်။ မတ်လအတွင်း လမြန်- ဝူယန် – နန့်ဝါ စသည့် ကျေးရွာများတွင် စစ်ကောင်စီတပ်နဲ့ KIA တို့အကြား တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး ဝိုင်းမော် ခလရ (၅၈) တပ်ရင်းမှလည်း နေ့စဉ် လက်နက်ကြီးများဖြင့် ပစ်ခတ်နေကြောင်း သိရှိရပါသည်။
(၂) ချင်းပြည်
ချင်းပြည်တွင် ချင်းညီနောင် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များနှင့် စစ်ကောင်စီတို့သည် ချင်းပြည် ဖလမ်း ဒေသတွင် နှစ်ဘက်တိုက်ပွဲများ ပြင်းထန်လျက်ရှိပါသည်။ တော်လှန်ရေးအင်အားစုများ ထိန်းချုပ်နေသည့် မင်းတပ်မြို့နယ်၊ ကန်ပက်လက် မြို့နယ်၊ မတူပီမြို့နယ် ဒေသအချို့တို့တွင် စစ်ကောင်စီဖက်မှ လေကြောင်း တိုက်ခိုက်မှုများ မကြာခဏ ပြုလုပ်လျက် ရှိပါသည်။
(၃) ကရင်နီပြည်
ကရင်နီပြည်၊ ဘောလခဲမြို့နယ်၊ ဒီးမောဆို့မြို့နယ်၊ ရှမ်း-ကရင်နီအစပ်ဒေသ များတွင် ကရင်နီပြည် တပ်မတော်-KA နှင့် စစ်ကောင်စီတို့အကြား တိုက်ပွဲများဖြစ်ပွားခဲ့ပါသည်။ စစ်ကောင်စီ၏ စစ်ဗျူဟာအခြေချ တပ်ဖြစ်သော ဝမ်မလန်းတပ်စခန်းကို ကရင်နီ တော်လှန်ရေးပူးပေါင်းတပ်များက မတ်လ ၃၁ ရက်နေ့တွင် သိမ်းပိုက်နိုင်ခဲ့ပါသည်။
(၄) ကရင်ပြည်
ကရင်ပြည်ဒေသတွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)၊ ကရင်ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်ဖွဲ့များသည် ကရင်ပြည်ကော့ကရိတ်ဒေသများ၊ လှိုင်းဘွဲ့မြို့နယ်၊ သံတောင်ကြီးဒေသများတွင် နှစ်ဘက်တိုက်ပွဲများ ဖြစ်ပွားခဲ့ပါသည်။ KNLA နှင့် ပူးပေါင်းတပ်ဖွဲ့များသည် လှိုင်းဘွဲ့မြို့နယ် အတွင်းရှိ စစ်ကောင်စီ၏ ခလယ်ဒေးစခန်းကို မတ်လ ၂၆ ရက်နေ့တွင်လည်းကောင်း၊ တပ်ရင်း (၂၂) နယ်မြေရှိ ပူလူတူစခန်းအား မတ်လ (၁၄) ရက်နေ့တွင်လည်းကောင်း အသီးသီး သိမ်းပိုက်နိုင်ခဲ့ပါသည်။
(၅) ရခိုင်ပြည်
ရခိုင်ပြည်တွင် အာရက္ခတပ်တော်(AA) နှင့် စစ်ကောင်စီတို့ ကျောက်ဖြူမြို့နယ်အတွင်း တိုက်ပွဲများ ပြင်းထန်ခဲ့ပါသည်။ စစ်တွေမြို့နယ်အတွင်းရှိ ကျေးရွာများနှင့် ရခိုင်ပြည်နယ်၏ ကျေးရွာ အချို့တို့တွင် စစ်ကောင်စီတပ်ဘက်မှ လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်း၊ လေကြောင်းဖြင့် ပစ်ခတ်ခြင်းများကို မကြာခဏ ပြုလုပ်လျက်ရှိပါသည်။
(၆) ရှမ်းပြည်
ရှမ်းပြည်ဒေသတွင် ရှမ်းပြည်တောင်ပိုင်း မိုးဗြဲမြို့တွင် စစ်ကောင်စီတပ်နှင့် ကရင်နီအမျိုးသားကာ ကွယ်ရေးတပ် KNDF တို့ တိုက်ပွဲပြင်းထန်ခဲ့ပါသည်။ နောင်ချိုမြို့နယ်ရှိ TNLA နှင့်ပူးပေါင်းတပ်ဖွဲ့များ ထိန်းချုပ်ထားသည့် အမြောက်တပ်စခန်း အချို့ကို မတ်လဆန်းမှ စတင်ပြီး စစ်ကောင်စီတပ်မှ အပြင်းအထန် ထိုးစစ်ဆင်မှုများ ပြုလုပ်ခဲ့ပါသည်။
အပိုင်း (၂)
အရပ်သားပြည်သူများအပေါ် တိုက်ပွဲ၏ အကျိုးအဆက်များ
(က) အရပ်သားပြည်သူ သေဆုံးမှု
၂၀၂၅ ခုနှစ် မတ်လအတွင်း တိုင်းရင်းသားဒေသများတွင် စစ်ကောင်စီ၏ လေကြောင်းတိုက် ခိုက်မှု၊ အကြောင်းမဲ့လက်နက်ကြီးပစ်ခတ်မှု၊ မြေမြှုပ်မိုင်းကြောင့်ထိခိုက်မှု၊ တိုက်ပွဲအတွင်း ပစ်ခတ်မှုများနှင့် သတ်ဖြတ်ခံရမှုများကြောင့် အရပ်သားပြည်သူ(၉၄)ဦး ထက်မနည်းသေဆုံးခဲ့ကြောင်း မှတ်တမ်းတင်နိုင် ခဲ့သည်။ ထိုသေဆုံးမှုများမှာ ရှမ်းပြည်တွင်(၄၅)ဦး၊ ကချင်ပြည်တွင်(၂၂)ဦး၊ ရခိုင်ပြည်တွင်(၁၅)ဦး၊ ကရင်ပြည်တွင် (၇) ဦး ကရင်နီပြည်တွင် (၅) ဦးစသည်ဖြင့် အသီးသီး မှတ်တမ်း တင်နိုင်ခဲ့သည်။
(ခ) အိုးအိမ် ပျက်စီးမှု
၂၀၂၅ ခုနှစ်၊ မတ်လအတွင်း တိုင်းရင်းသားဒေသအသီးသီးတွင် စစ်ကောင်စီ၏ မီးရှို့ဖျက်ဆီးမှု၊ တိုက်ပွဲအတွင်းလက်နက်ကြီး ထိခိုက်ခံရမှုတို့ကြောင့် အရပ်သားနေအိမ်(၄၅၇)ကျော်ပျက်စီးခဲ့ကြောင်း မှတ် တမ်းတင်နိုင်ခဲ့ပါသည်။ ရခိုင်ပြည်တွင်(၂၅၅)ကျော်၊ ကရင်ပြည်တွင်(၁၂၄)ကျော်၊ ကရင်နီပြည်တွင်(၅၄)ကျော် နှင့် ကချင်ပြည်တွင် (၁၆) ကျော် နှင့် ချင်းပြည်တွင် နေအိမ်(၈) လုံးကျော် စသည်ဖြင့် ပျက်စီးမှုအခြေနေများကို တွေ့ရှိခဲ့ရပါသည်။
ကိုးကားချက်များ –
၁) လွတ်လပ်သော ပြည်တွင်း သတင်းမီဒီယာများနှင့် တိုင်းရင်းသားသတင်းမီဒီယာများ
၂) တိုင်းရင်းသား လူ့အခွင့်အရေးအဖွဲ့များနှင့် အရပ်ဘက်အဖွဲ့အစည်းများ
၃) ဖက်ဒရယ်ဂျာနယ်-မြန်မာမှ မေးမြန်းချက်၊ စုစည်းချက်များ