အတွေးအမြင်

နွေဦးတော်လှန်ရေး နဲ့ ဖက်ဒရယ်

မြတ်လင်း(DPNS) ၊ အတွေးအမြင်

နွေဦးတော်လှန်ရေး နဲ့ ဖက်ဒရယ်

မြတ်လင်း(DPNS) ၊ အတွေးအမြင်

နွေဦးကောက်ကြောင်း

မကြာမီရက်ပိုင်းအတွင်းမှာပင် နှစ်ဟောင်းတခုကနေ နှစ်အသစ်တခုကိုပြောင်းတော့မှာပါ။ နှစ်သစ်တခုရောက်တာနဲ့ တပြိုက်နက်တည်းမှာပဲ မြန်မာသမိုင်းမှာ ဖက်ဆစ်စစ်တပ်ကို အင်နဲ့အားနဲ့ တိုင်းပြည်အနှံ့ လူမျိုးစုံပြည်သူလူထုက တခဲနက်တော်လှန်ခဲ့တဲ့ နွေဦးတော်လှန်ရေးကလည်း အချိန်ကာလအားဖြင့် (၄)နှစ်ပြည့်မြောက်တော့မှာ ဖြစ်ပါတယ်။ ၂၀၂၁ခုနှစ် နွေဦးတော်လှန်ရေးဟာ မြန်မာ့သမိုင်းမှာ မကြုံစဘူး အရင့်အရင် ဆန့်ကျင်တော်လှန်မှုတွေထက် ပိုမို ပြင်းထန်တဲ့ တော်လှန်ရေးဖြစ်တယ်ဆိုတာကိုတော့ မြန်မာတင်မက ကမ္ဘာကပါ သိတယ်လို့ပြောရင်လည်း လွန်မယ်မထင်ပါ။

စစ်သုံးစစ်ကို အမြစ်မကျန် ဖြတ်မယ်ဆိုတဲ့ နွေဦးတော်လှန်ရေးရဲ့ လေးနှစ်တာနီးပါး ကာလတွေမှာ လူမျိုးစုံတိုင်းရင်းသားအင်အားစုတွေရဲ့ စစ်ရေးအားချက်တွေက ဘယ်လောက်ထိ ရောက်နေပြီလဲ၊ နိုင်ငံရေးအရ အားသာချက်တွေကရော ဘယ်အခြေအနေရှိပြီလဲ ဆိုတာကလည်း စိတ်ဝင်စားစရာ ဆိုတာထက် စိတ်ကိုဝင်စားရမယ့် အခြေအနေလို့ ဆိုရမယ့် အနေအထားတရပ်ဖြစ်နေပါတယ်။ တိုင်းရင်သားလက်နက်ကိုင် အင်အားစုများ အနေနဲ့လည်း မိမိတို့ရဲ့ စစ်ရေး၊ နိုင်ငံရေးအခြေအနေကို စဥ်ဆက်မပြတ် လေ့လာအကဲခတ်ပြီး တော်လှန်ရေး ရှေ့ခရီးကို ချီတက်နေတယ်ဆိုတာကိုတော့ ခြွင်းချက်မရှိ လက်ခံရမှာ ဖြစ်ပါတယ်။

၂၀၂၁ခုနှစ်၊ ဖေဖော်ဝါရီလ(၁)ရက်နေ့တွင် ဗိုလ်မင်းအောင်လှိုင် ဦးဆောင်တဲ့ဖက်ဆစ်စစ်တပ်ရဲ့ မတရားအာဏာသိမ်းမှုကို လက်မခံတဲ့ ပြည်သူလူထုဟာ အကြမ်းမဖက်တဲ့နည်းလမ်းတွေနဲ့ ဖက်ဆစ်စစ်တပ်ကို ကန့်ကွက်ဆန္ဒပြခဲ့ကြပါတယ်။ သို့သော် ခေတ်အဆက်ဆက် အာဏာအရသာကို သိသလို အာဏာငန်းဖမ်းနေတဲ့ ဖက်ဆစ်စစ်အုပ်စုကတော့ လူမျိုးစုံပြည်သူလူထုရဲ့ တောင်းဆိုမှုတွေကို လျစ်လျူရှုခဲ့တဲ့အပြင် ရှေ့က ပြည်တွင်းဖြစ် ဖက်ဆစ်စစ်တပ်ခေါင်းဆောင်တွေရဲ့ နည်းနာအတိုင်း ပြည်သူလူထုကို အကြမ်းဖက်နှိမ်းနင်းခဲ့ပါတယ်။ ဒါဟာ မြန်မာပြည်စစ်တပ်ရဲ့  လူထုအပေါ် ရက်ရက်စက်စက် လုပ်နေကျပုံစံဖြစ်လို့ သွေးမြေကျမှုတွေက တိုင်းပြည်အနှံ့မှာ ဖြစ်ပေါ်ခဲ့ပါတယ်။

လူမျိုးစုံပြည်သူလူထုဟာ ရက်စက်ယုတ်မာတဲ့ ဖက်ဆစ်စစ်တပ်ကို အကြမ်းမဖက်တဲ့နည်းနဲ့ တော်လှန်ကြပေမယ့် အာဏာရမက်ကြီးနေတဲ့ စစ်အုပ်စုကတော့ သူတို့အာဏာကို လုံးဝလက်လွှတ်ချင်ပုံမရှိတာကိုလည်း လူထုကသိပါတယ်။ ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်ကြတဲ့ လူထုကို ဖက်ဆစ်တပ်က လက်နက်နဲ့ အကြမ်းဖက် ဖြိုခွင်းမှုတွေကို ခုခံဖို့ရာ မဖြစ်မနေ လိုအပ်ကြောင်း လူထုသိမြင်တာကြောင့် နည်းလမ်းပေါင်းစုံနဲ့ ဖက်ဆစ်တပ်ကို တော်လှန်ပါတော့တယ်။ အစပိုင်းမှာ လောက်လေးခွ၊ လေသေနတ်တွေနဲ့ ခုခံမှုတွေလုပ်ခဲ့ပေမယ့် အာဏာသိမ်းစစ်တပ်ကို ထိရောက်တဲ့ ဖိအားမျိုးမလုပ်နိုင်ခဲ့ပါဘူး။

ဖက်ဆစ်တပ်ရဲ့ ယုတ်မာဆိုးယုတ်တဲ့ ဖမ်းဆီးနှိပ်စက် သတ်ဖြတ်မှုတွေကို လူမျိုးစုံပြည်သူလူထုက ခါးခါးသည်းသည်း တုံ့ပြန်ဖို့ရာ အားထုတ်မှုတွေကိုတော့ စစ်တပ်အာဏာသိမ်းပြီး လပိုင်းကာလအတွင်းမှာပဲ စတင်မြင်တွေ့ခဲ့ရပါတယ်။ မျိုးဆက်ပေါင်းစုံနဲ့ GenZ လို့ တွင်ခဲ့တဲ့ လူငယ်ထုဟာ ဖက်ဆစ်စစ်တပ်ကို လက်နက်ကိုင်တော်လှန်ဖို့အတွက် ရှေ့မျိုးဆက်အသီးသီး၊ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့ အသီးသီးနဲ့ ပူးပေါင်းဖို့အတွက် မဖြစ်မနေလိုအပ်တာကို အချိန်ကာလတိုတိုလေးအတွင်းမှာ သိမြင်ခဲ့ပါတယ်။ ဒီအချက်ဟာနွေဦးတော်လှန်ရေး အာကောင်းမောင်းသန်နဲ့ ရှေ့ရောက်စေခဲ့တဲ့ အချက်တွေထဲက တစ်ခုလို့လည်း သုံးသပ်ရမှာပါ။

နွေဦးတော်လှန်ရေးနဲ့ နိုင်ငံရေးအဆက်အစပ်

အကြမ်းဖက်စစ်တပ်က အာဏာသိမ်းပြီး ၂လအကြာမှာ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ(CRPH) ၊ပြည်သူ့အာဏာဖီဆန်ရေးလှုပ်ရှားမှု၊ အရပ်ဖက်အဖွဲ့အစည်းများ၊ သပိတ်ကော်မတီများ၊ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်း အများအပြား ကနေ သဘောတူညီချက်နဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ် (Federal Democracy Charter)ကို ထုတ်ပြန်ခဲ့ပါတယ်။ အဆိုပါ ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ်ဟာ နာဂစ်အခြေခံဥပဒေကို အစားထိုးဖို့ ရေးဆွဲထုတ်ပြန်ခဲ့တယ် ဆိုတာကို သံသယဖြစ်စရာမရှိပေ။ သို့သော် အဆိုပါ FDC တွင် နာဂစ်အခြေခံဥပဒေကို ဖျက်သိမ်းရန် အတိအလင်း ဖော်ပြချက်မပါတာကို တွေ့မြင်နိုင်ပါတယ်။ သို့သော် FDC ထုတ်ပြန်သည့်နေ့မှာပဲ CRPHရဲ့ သီးခြားဆုံးဖြတ်ချက်မှာတော့ နာဂစ်အခြေခံဥပဒေကို ဖျက်သိမ်းကြောင်းကြေငြာထားခဲ့ပါတယ်။

FDCနဲ့ CRPHတို့ရဲ့  ကြေငြာချက်တွေအရ ဘက်ပေါင်းစုံက ပြည်သူကိုမျက်နှာမမူဘဲ စစ်အာဏာရှင်စနစ် သက်ဆိုးရှည်ရေးကိုသာ ဦးတည်ထားတဲ့ နာဂစ်အခြေခံဥပဒေကို NLD အစိုးရလက်ထက်မှာ မေးခွန်းကြီးတစ်ခုဖြစ်ခဲ့တဲ့ ပြင်မလား၊ ဖျက်မလားမေးခွန်းကို နွေဦးတော်လှန်ရေးအင်အားစုတွေက ဖျက်မယ်လို့ အသိပေးလိုက်ခြင်းပဲဖြစ်ပါတယ်။ သို့သော် FDCဟာ ကြားဖြတ်အခြေခံဥပဒေရဲ့ သွင်ပြင်တွေရှိသော်လည်း ဖွဲ့စည်းပုံအခြေခံဥပဒေအဖြစ် ထုတ်ပြန်ထားခြင်းတော့ မဟုတ်ခဲ့ပါ။ ဒါကြောင့် ၂၀၂၁ခုနှစ်၊ မေလ(၃၁)ရက်နေ့မှာ ထုတ်ပြန်ခဲ့တဲ့ FDC ဟာ ဖွဲ့စည်းပုံအခြေခံဥပဒေသစ်တရပ် ရေးဆွဲဖို့ရာ ခြေလှမ်းပြင်ဆင်မှုလို့ ဆိုရမှာဖြစ်ပါတယ်။

လတ်တလောအခင်းအကျင်းတွေအရတော့ လူမျိုးစုံပြည်သူလူထုရဲ့ တွန်းလှန်ပုန်ကန်မှုဟာ ရေစီးသန်သန်နဲ့ ရွှေ့လျားနေတာကို မြင်နေရပါတယ်။ စစ်ရေးအခြေအနေက အာဏာသိမ်းစစ်တပ်ရဲ့ အရှိုက်ကိုသာမက နှာဖျားကိုပါ ခြေထောက်နဲ့ ခတ်နိုင်နေတာကို တွေ့မြင်နေရပါတယ်။ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးတပ်များနဲ့ သိမ်းပိုက်စိုးမိုးထားတဲ့ မြို့တွေကလည်း (၈၀)ကျော်လာတာကို တွေ့မြင်နေရပါတယ်။ စစ်ရေးအားသာချက်ရှိလာတာနဲ့ တပြိုင်နည်းထဲမှာ ဖက်ဆစ်စစ်တပ်ရဲ့ ရက်စက်မှုတွေလည်း ပိုပြီးလူမဆန်တာကို မြင်တွေ့နေရပါတယ်။

မြောက်ပိုင်းညီနောင်သုံးဖွဲ့ရဲ့  ၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းမှာ ဖက်ဆစ်တပ်ဟာ မျက်ကလူးဆန်ပြာဖြစ်ပြီး အားကိုးရှာနေတဲ့ အနေအထားတရပ်ကိုလည်း မြင်တွေ့ရပါတယ်။ ရမခလို တိုင်းစစ်ဌာနချုပ်ကိုတောင် ရအောင်တိုက်ယူနိုင်တဲ့ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့တွေ အပါအဝင် NUG လက်အောက်က ပြည်သူ့ကာကွယ်ရေးတပ်တွေကပါ ၁၀၂၇ဒုတိယလှိုင်းမှာ ရည်မှန်းချက်ရှိရှိ ပူးပေါင်းတိုက်ပွဲဝင်နေတာဟာ နွေဦးတော်လှန်ရေးရဲ့ အရွှေ့ကိုပိုမိုအားတက်စေနိုင်တာကတော့ ငြင်းမရနိုင်တဲ့အချက်ပဲဖြစ်ပါတယ်။ ၁၀၂၇ စစ်ဆင်ရေး ပထမပိုင်းမှာတင် ဖက်ဆစ်စစ်တပ်ဟာ မြောက်ပိုင်းညီနောင်သုံးဖွဲ့နဲ့  ဒေသအသီးသီးမှာရှိတဲ့ တော်လှန်ရေးတပ်ဖွဲ့များရဲ့ ပူးပေါင်းတော်လှန်စစ်အောက်မှာ အထိနာခဲ့ရပါတယ်။ ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းမှာလည်း မြောက်ပိုင်းညီနောင်သုံးဖွဲ့ရဲ့ စစ်ဆင်ရေးတွေ ပိုမိုအားကောင်းလာသလို အခြားတဖက်မှာလည်း ကချင်လွတ်မြောက်ရေးတပ်မတော်(KIA) နဲ့ ကရင်နီဒေသမှာရှိ တိုင်းရင်းသား လက်နက်ကိုင်အင်အားစုတွေ အပါအဝင် အခြားတော်လှန်ရေးတပ်ဖွဲ့တွေရဲ့ စစ်ဆင်ရေးတွေကလည်း နောက်ကျန်မနေဘဲ ရှေ့ကိုတိုးထွက်လာကိုမြင်တွေ့ခဲ့ရပါတယ်။

နွေဦးမတိုင်မီက နိုင်ငံရေး အခင်းအကျင်း

မြန်မာနိုင်ငံလွတ်လပ်ရေးရသည့် အချိန်မှစတင်ပြီး ပင်လုံစာချုပ်သည် မြန်မာနိုင်ငံ၏ ဖက်ဒရယ် ပြည်ထောင်စုတည်ထောင်မှုအတွက် အဓိကကျတဲ့ အခန်းကဏ္ဍဖြစ်ခဲ့ပါတယ်။ ၁၉၄၇ ခုနှစ် အခြေခံဥပဒေသည် ပြည်ထောင်များကိုစုစည်းပြီး ဖက်ဒရယ် ပြည်ထောင်စုတခု ပေါ်ပေါက်လာစေရန်ဖို့ စတင်ကြိုးစားခဲ့ကြခြင်းဆိုတာတော့ သမိုင်းအရ လက်ခံကြမှာဖြစ်ပါတယ်။

သို့သော် ခေတ်အဆက်ဆက် ဖက်ဆက်စစ်တပ်ရဲ့ အာဏာသိမ်းမှုများနဲ့ နိုင်ငံရေးမှာ ဦးဆောင်တဲ့ အခန်းကဏ္ဍနေရာမှာရှိသူတို့ရဲ့ အမြင်မကျယ်မှုကြောင့် မြန်မာနိုင်ငံ၏ ဖက်ဒရယ် ပြည်ထောင်စုတည်ထောင်မှု ကြိုးပမ်းခြင်းကို အားနည်းစေခဲ့ပြီး တပြည်ထောင်စနစ်အသွင်ကိုသာ ရောက်သွားစေခဲ့တာဖြစ်ပါတယ်။အာဏာ သိမ်း စစ်ခေါင်းဆောင်များကလည်း ဖက်ဒရယ်ဆိုသော စကားလုံးကို လိုရာဆွဲအဓိပ္ပါယ်ဖော်ခဲ့ကြသလို ဗမာတိုင်းရင်းသားများကို အခြားလူမျိုးစုတိုင်းရင်းသားများထက် ခေါင်းတစ်လုံးသာသည့် အထင်မျိုးရောက်အောင် နည်းမျိုးစုံနဲ့ ကြိုးပမ်းကာ သူတို့အာဏာသက်တမ်းကို ဆွဲဆန့်နေခဲ့တာကို အနီးကပ်ဆုံး အတိတ်သမိုင်းအထိ မြင်တွေ့ရပါတယ်။

၂၀၁၀ ခုနှစ် စစ်တပိုင်းအစိုးရရဲ့  နိုင်ငံရေးပြုပြင်ပြောင်းလဲမှုကာလများတွင်လည်း ၂၀၀၈ နာဂစ်အခြေခံဥပဒေကို ဒီမိုကရေစီစနစ်နှင့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်မှုပုံစံကို ဦးတည်သယောင်ယောင်နဲ့ စစ်တပ်ရဲ့ နိုင်ငံရေးမှာ ဦးဆောင်တဲ့ အခန်းကဏ္ဍကို လျော့ချဖို့ ရည်ရွယ်ချက်မရှိတာကြောင့် စစ်တပိုင်းအစိုးရရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကလည်း လူကြားကောင်းရုံ၊ ရုပ်ပြ ညီလာခံကြီးသာ ဖြစ်ခဲ့ရပါတယ်။ တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့တွေကိုလည်း တန်းတူရေးအရ နိုင်ငံရေးစကားပြောဖို့ဆိုတာထက် လက်နက်ချလမ်းစဉ်ပုံစံမျိုးကိုသာ ရည်ရွယ်ခဲ့တာကိုလည်း ငြင်းဆိုမရပါဘူး။

အာဏာသိမ်းကာလမတိုင်မီ အရပ်သားတစ်ပိုင်း အစိုးရလက်ထက်ပြီးနောက်၂၀၁၅ ရွေးကောက်ပွဲမှာ တောင်ပြိုကမ်းပြိုအနိုင်ရခဲ့တဲ့ NLDပါတီဟာ အစိုးရဖွဲ့ခဲ့ပမယ့်၊ စစ်တပ်ရဲ့နိုင်ငံရေးမှာ အစဉ်တစိုက်ချုပ်ကိုင်နိုင်ဖို့ ရေးဆွဲထားတဲ့ ၂၀၀၈ ခြေဥအောက်မှာ နိုင်ငံရေးအရ ပြောင်းလဲမှုကြီးကြီးမားမားကို လုပ်ဆောင်နိုင်တာမတွေ့မမြင်ခဲ့ပါဘူး။ ဖက်ဆစ်စစ်တပ်အလိုကျရေးဆွဲထားတဲ့ ၂၀၀၈ အခြေခံဥပဒေ ပြင်ဆင်ရေးမှာ စစ်တပ်ရဲ့ ကန့်သတ်မှုမျိုးစုံနဲ့ ကြုံခဲ့ရပြီး အနည်းငယ်သော ပြုပြင်ပြောင်းမှုတွေကိုသာ လုပ်နိုင်ခဲ့ပါတယ်။ တချို့ သတင်းတွေအရ ပြည်နယ်နှင့်တိုင်းဒေသကြီးများ၏ လုပ်ပိုင်ခွင့်ကို တိုးမြှင့်ပေးဖို့ တိုင်းရင်းသားပါတီများရဲ့ အဆိုပြုချက်တွေကို NLDပါတီက ငြင်းပယ်ခဲ့တယ်ဆိုတဲ့ သတင်းတွေလည်း ရှိခဲ့ပါတယ်။

ဖက်ဒရယ်ရောင်ခြည်သန်းလာတဲ့ နွေဦး

ယခုအာဏာသိမ်းမှု၏ ထူးခြားချက်တခုမှာ ဒီမိုကရေစီအရေးတခုတည်းကိုသာ ဦးစားပေး ပြောဆိုခြင်းမဟုတ်ဘဲ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်မှုအရေး၊ လူနည်းစုအရေး၊ လူမျိုးစုအရေး အစရှိသည်တို့ကိုပါ ကျယ်ကျယ်လောင်လောင် တောင်းဆိုလာကြခြင်းဖြစ်သည်။ ပြည်တွင်းဖြစ်ဖက်ဆစ်စစ်တပ်ရဲ့ အကြမ်းဖက်ဖိနှိပ်မှုတွေ လွန်စွာဆိုးရွားလာတဲ့အခါ တတိုင်းပြည်လုံး လက်နက်ကိုင်ကာ ခုခံတော်လှန်စစ်ကို ဆင်နွဲလာပါတယ်။ လက်နက်ကိုင်ခုခံတော်လှန်မှုနဲ့အတူ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)ကိုဦးစွာဖွဲ့စည်းခဲ့ပြီး အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC)တို့ကိုပါ ဆက်ပြီးဖွဲ့စည်းခဲ့ပါတယ်။

သို့သော်ပြောစရာကိစ္စတွေလည်း ရှိနေပါတယ်။ ၂၀၂၀ရွေးကောက်ပွဲမှာ NLD ပါတီမှ ရွေးချယ်ခံထားရတဲ့ အမတ်အများစုနဲ့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)ကိုဖွဲ့စည်းရာမှာ ၂၀၂၀ ရွေးကောက်ပွဲမှာ ဒုတိယနဲ့ တတိယနေရာတွေကနေ အနိုင်ရထားတဲ့ တိုင်းရင်းသားပါတီတွေက ကိုယ်စားလှယ်တွေ မပါဝင်တာပဲဖြစ်တယ်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) တို့ကို ဖွဲ့စည်းခဲ့တာက စစ်အာဏာသိမ်းမှုတော်လှန်ရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ထွန်းရေးတို့အတွက်လို့ ခြေတစ်လှမ်းစလှမ်းတာလို့ ပြောနိုင်မယ်ထင်ပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) တို့တွင် ဖက်ဒရယ်အရေးနှင့်ပတ်သတ်ပြီး ဝန်ကြီးဌာနများဖွဲ့စည်းခြင်းများ၊ အားလုံးပါဝင်ဆွေးနွေးနိုင်သည့် အခင်းအကျင်းများဖန်တီးခြင်း၊ ဖက်ဒရယ်ဒီမိုကရေစီချာတာ (Federal Democracy Charter) ရေးဆွဲခြင်းများကို ဆောင်ရွက်ခဲ့ကြသည်။

ပြည်ထောင်စုစံတန်ဖိုးများ၊ လမ်းညွှန်အခြေခံမူများနှင့် အခြေခံမူဝါဒများသာမက၊ နိုင်ငံလမ်းပြမြေပုံ အဆင့် (၁၂) ဆင့်ကို ရေးသားဖော်ထုတ်သည့် ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ် အစိတ်အပိုင်း (၁) နှင့် အစိတ်အပိုင်း (၂) ကို ၂၀၂၁၊ မတ်လ (၃၁) ရက်နေ့တွင် ထုတ်ပြန်ခဲ့ပါတယ်။ အဆိုပါ ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ် အစိတ်အပိုင်း (၁) နှင့် အစိတ်အပိုင်း (၂) တို့ကို ၂၀၂၁၊ မေလမှ ၂၀၂၂၊ ဇန်နဝါရီလအထိ ပြန်လည်မွမ်းမံပြင်ဆင်ပြီး ၂၀၂၂၊ ဇန်နဝါရီလ (၂၇-၂၉) ရက်များတွင် ကျင်းပခဲ့သော ပြည်သူ့ညီလာခံတွင် အတည်ပြုပြဋ္ဌာန်းနိုင်ခဲ့ပါသည်။

အကြမ်းဖက်စစ်တပ်က အာဏာသိမ်းပြီး ၂လအကြာမှာ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ(CRPH) ၊ပြည်သူ့အာဏာဖီဆန်ရေးလှုပ်ရှားမှု၊ အရပ်ဖက်အဖွဲ့အစည်းများ၊ သပိတ်ကော်မတီများ၊ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်း အများအပြား ကနေ သဘောတူညီချက်နဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ် (Federal Democracy Charter)ကို ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ အဆိုပါ FDC ဟာ နာဂစ်အခြေခံဥပဒေကို အစားထိုးဖို့ ရေးဆွဲထုတ်ပြန်ခဲ့တယ် ဆိုတာကို သံသယဖြစ်စရာမရှိပေ။ သို့သော် အဆိုပါ FDC တွင် နာဂစ်အခြေခံဥပဒေကို ဖျက်သိမ်းရန် အတိအလင်း ဖော်ပြချက်မပါတာကို တွေ့မြင်နိုင်ပါတယ်။ သို့သော် FDC ထုတ်ပြန်သည့်နေ့မှာပဲ CRPHရဲ့ သီးခြားဆုံးဖြတ်ချက်မှာတော့ နာဂစ်အခြေခံဥပဒေကို ဖျက်သိမ်းကြောင်းကြေငြာခဲ့တာကို တွေ့မြင်ခဲ့ရပါတယ်။

FDC နဲ့ CRPHတို့ရဲ့  ကြေငြာချက်တွေအရ ဘက်ပေါင်းစုံက ပြည်သူကိုမျက်နှာမမူဘဲ စစ်အာဏာရှင်စနစ် သက်ဆိုးရှည်ရေးကိုသာ ဦးတည်ထားတဲ့ နာဂစ်အခြေခံဥပဒေကို NLD အစိုးရလက်ထက်မှာ မေးခွန်းကြီးတစ်ခုဖြစ်ခဲ့တဲ့ ပြင်မလား၊ ဖျက်မလားမေးခွန်းကို နွေဦးတော်လှန်ရေးအင်အားစုတွေက ဖျက်မယ်လို့ အသိပေးလိုက်ခြင်းပဲဖြစ်ပါတယ်။ သို့သော် FDCဟာ ကြားဖြတ်အခြေခံဥပဒေရဲ့ သွင်ပြင်တွေရှိသော်လည်း ဖွဲ့စည်းပုံအခြေခံဥပဒေအဖြစ် ထုတ်ပြန်ထားခြင်းတော့ မဟုတ်ခဲ့ပါ။ ဒါကြောင့် ၂၀၂၁ခုနှစ်၊ မေလ(၃၁)ရက်နေ့မှာ ထုတ်ပြန်ခဲ့တဲ့ FDC ဟာ ဖွဲ့စည်းပုံအခြေခံဥပဒေသစ်တရပ် ရေးဆွဲဖို့ရာ ခြေလှမ်းပြင်ဆင်မှုလို့ ဆိုရမှာဖြစ်ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရနှင့် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်း(EROs)များ ရဲ့ ဖက်ဒရယ်ဒီမိုကရေစီတည်ဆောက်ရေး  ဆက်စပ်မှု

တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်း(EROs)များအနေဖြင့် အမျိုးသားညီညွတ်ရေးအစိုးရနှင့် စစ်ရေးအရသာ ပူးပေါင်းဆောင်ရွက်ခဲ့ကြပြီး၊ နိုင်ငံရေးအရ ဆွေးနွေမှုများ၊ ဖွဲ့စည်းထားသော အဖွဲ့အစည်းများ၊ အခင်းအကျင်းများတွင် ပါဝင်ခြင်း မပြုခဲ့ကြသည်ကိုလည်း တွေ့ရှိရပါသည်။ ဆိုလိုသည်မှာ အားလုံးလက်ခံနိုင်သော တူညီသည့် ဖက်ဒရယ်ဒီမိုကရေစီတည်ဆောက်ရေး အမြင်၊ ယူဆချက်၊ ချဉ်းကပ်ပုံများ မရှိကြခြင်းဖြစ်သည်။

ဖက်ဒရယ်ဒီမိုကရေစီစနစ်ကို ဘယ်လိုပုံစံတည်ဆောက်မလဲ၊ အရင်းအမြစ်တွေကို ဘယ်လို ဝေမျှမလဲ၊ လူမျိုးစုတွေကို ကိုယ်စားပြုမှု ဘယ်လိုသတ်မှတ်မလဲ စသော ဘုံသဘောတူညီချက်များမရှိကြသောကြောင့် လုပ်ငန်းစဉ်များ နှောင့်နှေးနေသည့်အပြင် အချို့သောတိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်း(EROs)များ အနေဖြင့် ကွန်ဖယ်ဒရေးရှင်းစနစ်အကြောင်းကိုလည်း တွင်တွင်ကျယ်ကျယ် ပြောဆိုလာတာ တွေ့မြင်ရပါတယ်။

အာဏာသိမ်းကာလနောက်ပိုင်းမှာ ဖက်ဒရယ်ပြည်ထောင်စုအသံတွေ ကျယ်ကျယ်လောင်လောင် ရှိနေခဲ့တာတော့ အမှန်တကယ်ဖြစ်ပါတယ်။ ဒါပေမယ့် Stakeholder များကြားမှာ ဖက်ဒရယ် အနက်အဓိပ္ပာယ်တူညီဖို့တော့ လိုအပ်နေတာတော့ အမှန်ပဲဖြစ်ပါတယ်။ တိုင်းရင်းသားများလိုချင်တဲ့ အနှစ်သာရနဲ့ နိုင်ငံရေးပါတီတွေနဲ့ Stakeholderများလိုချင်တဲ့ ဖက်ဒရယ် အနက်အဓိပ္ပာယ်ကတော့ မတူညီသေးဘူးလို့ သုံးသပ်ချက်တွေလည်းရှိတာကို တွေ့ရပါတယ်။ ဒီအချက်ကလည်း အနာဂတ်ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက် စိန်ခေါ်မှုတစ်ခု ဖြစ်နေပါတယ်။

၂၀၂၄ခုနှစ်ရဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုဖွဲ့စည်းပုံအခြေခံဥပဒေ(မူကြမ်း) တစ်ခု

ဖေဖော်ဝါရီ ၁၂ ရက်နေ့ ပင်လုံစာချုပ် ချုပ်ဆိုခြင်း (၇၇)နှစ်ပြည့်တွင် ဖက်ဒရယ်ဖော်ဆောင်ရေးပြည်သူ့ ကိုယ်စားလှယ်များကော်မတီ(PRCF)က ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုဖွဲ့စည်းပုံအခြေခံဥပဒေ (နောက်ဆုံး မူကြမ်း-၂၀၂၄)ကို ၂၀၂၄ခုနှစ်၊ ဖေဖော်ဝါရီ ၁၂ ရက် တွင် လူထုအား ချပြခဲ့သည်။ PRCF အဖွဲ့ဝင်များမှာ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်(SNLD)၊ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်(ALD)၊ ကရင် အမျိုးသားပါတီ(KNP)၊ ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ် (ZCD)၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (DPNS)၊ ညီညွတ်သောတိုင်းရင်းသားလူမျိုးများဒီမိုကရေစီပါတီ (UNDP)၊ ဓနုတိုင်းရင်းသားလူမျိုးများဒီမိုကရေစီပါတီ (DNDP)၊ ဒိုင်းနက်လူမျိုးများတိုးတက်ရေးပါတီ၊ မြိုအမျိုးသားဒီမိုကရေစီပါတီ (MNDP)၊ ကယန်းအမျိုးသားပါတီ (KNP)၊ ရှမ်းပြည်ကိုးကန့်ဒီမိုကရက်တစ်ပါတီ (SSKDP)၊ မွန်ရေးရာအဖွဲ့ (MAA) တို့ပါဝင်သည်။ လက်ရှိမြန်မာပြည်ရဲ့ လိုအပ်နေတဲ့ အခြေခံဥပဒေတရပ်ကို ရေးဆွဲတင်ပြနိုင်ခဲ့တာကတော့ အလွန်ကောင်းမွန်တဲ့ အချက်ဖြစ်ပါတယ်။ PRCF ကရေးဆွဲတဲ့ အခြေခံဥပဒေလို့ ဆိုသော်ငြားလည်း မြန်မာပြည်ရဲ့နိုင်ငံရေးမှာ အားကောင်းခဲ့တဲ့ တိုင်းရင်းသားပါတီတွေနဲ့ မဟာမိတ်အင်အားစုတွေက ရေးဆွဲခဲ့တာဖြစ်လို့ လူမျိုးစုံတိုင်းရင်းသားတွေရဲ့ လိုလားချက်တွေကို ဖြည့်ဆည်းရေးဆွဲထားနိုင်မယ်ဆိုတာ သံသယရှိစရာမလိုပေ။

ဖက်ဒရယ်အကြပ်အတည်း

တော်လှန်ရေးကာလက ၄နှစ်နီးပါးကြာြမင့်လာသလို ပြီးခဲ့တဲ့နှစ်အတွင်း ကြုံခဲ့ရတာတွေကလည်း အရင်ကာလတွေထက် ပိုများခဲ့တာကတော့ အမှန်ပဲဖြစ်တယ်။ လူမျိုးစုံမြန်မာပြည်သူတွေအနေနဲ့ကလည်း အခြားတိုင်းပြည်တွေကပြောပြောနေတဲ့ ကျဆုံးတိုင်းပြည်ဖြစ်နေပါစေ ဖက်ဆစ်စစ်တပ်ရဲ့ ပြန်လည်ဗိုလ်ကျအုပ်ချုပ်မှုကို မခံတော့ဘူးဆိုတာကို လေးနှစ်တာကာလအတွင်းမှာ ပြသခဲ့ပြီးဖြစ်ပါတယ်။ မပြီးဆုံးသေးတဲ့ တော်လှန်ရေးကာလအတွင်းမှာ ဖက်ဆစ်စစ်တပ်ကို တော်လှန်တိုက်ပွဲဝင်သူတွေကြားမှာလည်း ဘုံသဘောတူညီချက် တစုံတရာ မရသေးတာ၊ ဘုံသဘောထားတစ်ခု မချမှတ်နိုင်သေးတာကလည်း တော်လှန်ရေးကို အားနည်းစေပေမယ့်၊ လက်ရှိ အခင်းအကျင်းတွေအရ စစ်ကောင်စီရဲ့ ရက်စက်ပြင်းထန်တဲ့ ဖိနှိပ်မှုတွေကို လူမျိုးစုံတိုင်းရင်းသား ပြည်သူလူထုကြီးက သည်းထန်စွာ တိုက်ပွဲဝင်နေတာကိုတော့ ငြင်းလို့မရပါဘူး။ ဆိုလိုချင်တာက နှစ်ပေါင်း ၈၀ကျော် စစ်အုပ်စုရဲ့ ဖိနှိပ်အုပ်ချုပ်မှုအောက်က အပြီးတိုင် ရုန်းထွက်ဖို့အတွက် မြန်မာပြည် လူမျိုးစုံတိုင်းရင်းသားပြည်သူတွေကြားမှ အကြပ်အတည်းဆိုတာတွေက ထုနဲ့ ထည်နဲ့ ရှိနေမှာ အမှန်ပဲဖြစ်တယ်။

လက်ရှိမြန်မာပြည်မှာ ဖက်ဒရယ် ရယ်မှ အကြပ်အတည်းကရှိနေတာမဟုတ်ပါဘူး။ NUG၊ CRPH၊ NUCC မှအကြပ်အတည်းရှိနေတာမဟုတ်ဘူး၊ AA KIA KNU KRF MMDAA TNLA တို့မှ အကြပ်အတည်းရှိနေတာ မဟုတ်ပါဘူး။ မြန်မာတပြည်လုံးက လူမျိုးစုံပြည်သူတွေအားလုံး အကြပ်အတည်းကာလတွေကို ဖြတ်သန်းနေရတာပါ။ ကျိန်းသေတာကတော့ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ အောင်မြင်မှုတွေကို လူမျိုးစုံပြည်သူတွေအားလုံးက သူတို့ရဲ့အောင်မြင်မှုလို့ သတ်မှတ်ကာ ဂုဏ်ယူနေကြသလို၊ စစ်ရေးမှာ ရှေ့တန်းရောက်နေတဲ့ အင်အားစုတွေကလည်း တိုင်းပြည်ကခွဲထွက်မယ့် အကြောင်းကို တစ်လုံးတစ်ပါဒ ပြောဆိုနေခြင်းမရှိတာကလည်း တိုင်းပြည်ရဲ့ ရှေ့အနာဂတ်မှာ ပေါ်ထွန်းလာမယ့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုအတွက် အကြပ်အတည်းတွေကို လျော့နည်းစေမယ်လို့ ကျနော့်တစ်ဦးတည်းအနေနဲ့ ထင်မြင်မိပါတယ်။

နွေဦးတော်လှန်ရေးဟာ အစိုးရအပြောင်းအလဲအတွက် တောင်းဆိုတိုက်ပွဲဝင်နေတာ မဟုတ်ပါဘူး။ စနစ်အပြောင်းအလဲကို တောင်းဆိုတိုက်ပွဲဝင်တာဖြစ်ပါတယ်။ အနှစ်နှစ်အလလ ဆုံးရှုံးခဲ့ရ၊ ပျောက်ဆုံးခဲ့ရတဲ့ လူမျိုးစုံတိုင်းရင်းသားပြည်သူတွေရဲ့  တန်းတူမှုနဲ့ ကိုယ်ပိုင်ပြဒါန်းခွင့်ကို အာမခံနိုင်မှုရှိတဲ့ စနစ်ကသာ အကြပ်အတည်းအားလုံးရဲ့ သော့ချက်ဖြစ်တယ်လို့ ထင်မြင်ယူဆမိပါတယ်။

မြတ်လင်း (DPNS)

ကိုးကား  :

  • နိုင်ငံတကာမြန်မာသတင်းအဖွဲ့ (BNI) ”ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေးအတွက် မိုဒယ်နှင့်ဒီဇိုင်းများ”
  • IDEA “မြန်မာနိုင်ငံ၏ ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ် ဆန်းစစ်လေ့လာချက်နှင့် အလားအလာ”
  • PRCF ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုဖွဲ့စည်းပုံအခြေခံဥပဒေ (မူကြမ်း)
  • CRPH၊ NUG၊ NUCC သတင်းထုတ်ပြန်ချက်များ

Related Articles

Back to top button