အတွေးအမြင်

နိုင်ငံရေးဆိုင်ရာ တော်လှန်မှုဆိုင်ရာ ဘာလဲ

Liliane ၊ အတွေးအမြင်

နိုင်ငံရေးဆိုင်ရာ တော်လှန်မှုဆိုင်ရာ ဘာလဲ

Liliane ၊ အတွေးအမြင်

နွေဦးတော်လှန်ရေးဟာ စစ်အာဏာရှင်နှင့် ဖက်ဆစ်အုပ်ချုပ်သူတွေကို ဖယ်ရှားရုံ တော်လှန်ရေးလား။

နွေဦးတော်လှန်ရေးဟာ စစ်အာဏာရှင်နှင့် ဖက်ဆစ်အုပ်ချုပ်သူတွေကို မွေးထုတ်ပေးတဲ့ အာဏာရှစ်စနစ်ကို အမြစ်မြေလှန်နိုင်မဲ့ နိုင်ငံရေးဆိုင်ရာ တော်လှန်မှု (Political Revolution) ဖြစ်သလား။

တော်လှန်ရေးဆိုတာ ဘာလဲ

တော်လှန်ရေးကို “လွတ်လပ်မှုအတွက် ရှာဖွေမှု” အဖြစ် Arendt က ဖွင့်ဆိုသည်။ လွတ်လပ်မှု (“အရာများကို လုပ်ဆောင်နိုင်စွမ်း”) နှင့် လွတ်မြောက်ရေး (“ဖိနှိပ်မှုမှ လွတ်မြောက်ခြင်း”) ကို ပြတ်သားစွာ ခွဲခြားပြပြီး၊ Arendt က တော်လှန်ရေးသည် လွတ်မြောက်မှုအတွက် တိုက်ပွဲဝင်ခြင်းမဟုတ်ဘဲ၊ ထိုထက် ကျော်လွန်သည့် လွတ်လပ်မှုကို ရှာဖွေခြင်းဟု ဆိုသည်။ 

Arendt သည် တော်လှန်ရေး၏ အဓိပ္ပါယ်ဖွင့်ဆိုချက်တွင် အခြားအစိတ်အပိုင်း နှစ်ခုကိုလည်း ဖော်ထုတ် သည်။ တစ်ခုမှာ “အသစ်ဖြစ်မှု သို့မဟုတ် ဆန်းသစ်မှု” အယူအဆ ဖြစ်သည်။ တော်လှန်ရေးများကို လွတ်လပ်နိုင်မှုအတွက်နှင့် ခေတ်တစ်ခေတ်ကို အစပျိုးနိုင်မှုကို ရည်ညွှန်းရမည်ဟု ဆိုသည်။” တနည်းအားဖြင့် တော်လှန်ရေးသည် လွတ်လပ်မှုကို ရည်ရွယ်ရင်း ဖြစ်ပြီး၊ လွတ်လပ်မှု၏ မွေးဖွားခြင်းသည် သမိုင်း၏ အဆင့်သစ်တစ်ခုကို တိုးမြှင့်သည်ဟု သတ်မှတ်သည်။

Arendt ၏ အဓိပ္ပါယ်ဖွင့်ဆိုချက်၏ တတိယအစိတ်အပိုင်းမှာ အကြမ်းဖက်မှုဖြစ်သည် – လွတ်လပ်မှုနှင့် ဆန်းသစ်မှုတို့သည် အကြမ်းဖက်မှုမှတစ်ဆင့်မှလွဲ၍ ပေါ်ထွက်လာ၍မရဟု သူမက ဆိုသည်။ အချုပ်အားဖြင့် “ပြောင်းလဲမှုသည် အစပျိုးမှုအသစ်တစ်ခု၏အဓိပ္ပါယ်ဖြင့် ဖြစ်ပေါ်ပြီး၊ လုံးဝကွဲပြားခြားနားသော အစိုးရပုံစံ တစ်ခုကို တည်ထောင်ရန် အကြမ်းဖက်မှုကို အသုံးပြု၍၊ နိုင်ငံရေးအဖွဲ့အစည်းအသစ်တစ်ခု ပေါ်ပေါက်လာစေရန် ဖြစ်သည်။ ဖိနှိပ်မှုမှ လွတ်မြောက်ရေးသည် အနိမ့်ဆုံးအားဖြင့် လွတ်လပ်မှုတည်ထောင်ရေးကို ရည်ရွယ်သော အခါမှသာ တော်လှန်ရေးဟု ဆိုနိုင်သည်ဟု ဆိုသည်။

တော်လှန်ရေးနှင့် လူမှုရေးစနစ်များအကြား ချိတ်ဆက်မှု

တော်လှန်ရေးကို လုပ်ဆောင်ရာတွင် လူမှုစနစ်-သီအိုရီ၏ သဘောတရားများဖြင့် ချဉ်းကပ်ရမည်ဟု ဆိုသည်။ တော်လှန်ရေးများကို ၎င်းတို့ဖြစ်ပွားသည့် လူမှုစနစ်များ၏အခြေအနေတွင် လေ့လာရမည်။ လူမှုစနစ်တစ်ခု၏ ထူးခြားသောလက္ခဏာမှာ ဟန်ချက်ညီမှု ဖြစ်သည်။ ဟန်ချက်ညီမှုမရှိပါက မည်သည့်လူမှုစနစ်မျှ – အမှန်တကယ်အားဖြင့် မည်သည့်စနစ်မျိုးမျှ မရှိနိုင်ပေ။ ထို့ကြောင့် တော်လှန်ရေးသည် ဟန်ချက်ပျက်သွားသော လူမှုစနစ်တစ်ခု ဖြစ်သည်။ ဟန်ချက်ပျက်ခြင်းဆိုသည်မှာ စနစ်၏အခန်းကဏ္ဍများ၊ အဖွဲ့အစည်းများ၊ လုပ်ငန်းဆောင်တာများနှင့် တန်ဖိုးများ ပျက်စီးသွားခြင်းကို ဆိုလိုသည်။

တော်လှန်ရေးသည် ပြောင်းလဲမှုကို ဆိုလိုသည်ဟု Johnson က ဆိုသော်လည်း အထူးပြောင်းလဲမှုတစ်မျိုး ဖြစ်သည်။ “စစ်မှန်သော တော်လှန်ရေးသည် အခြားအရာအားလုံး ပျက်စီးသွားသောအခါ၊ စနစ်ကို ပြောင်းလဲစေရန် အကြမ်းဖက်မှုကို လက်ခံခြင်းဖြစ်သည်။

တော်လှန်ရေးဆိုင်ရာ စိတ်ပညာရပ် ချဉ်းကပ်နည်းများကို Charles A. Ellwood၊ Peter H. Amann၊ Gustave Le Bon နှင့် Dale Yoder အစရှိသူတို့က ဖော်ထုတ်ခဲ့ကြသည်။ ဤပညာရှင်များ၏ အဆိုအရ နိုင်ငံရေး၊ ဥပဒေရေးရာနှင့် အခြားသော အဓိပ္ပါယ်ဖွင့်ဆိုချက်များသည် အတွင်းပိုင်း စိတ်ပိုင်းဆိုင်ရာ လှုပ်ရှားမှုများအစား တော်လှန်ရေး၏ ပြင်ပပုံသဏ္ဍန်များကိုသာ အလေးပေးသောကြောင့် အားနည်းချက်ရှိသည်။ ဤအဓိပ္ပါယ် ဖွင့်ဆိုချက်များသည် ပဋိပက္ခ၊ အကြမ်းဖက်မှုနှင့် အာဏာလွှဲပြောင်းခြင်းတို့ကိုသာ မြင်ပြီး လက်တွေ့ လုပ်ဆောင်နေသော အတွင်းပိုင်း စိတ်ပညာရပ်ကို မမြင်ကြပေ။ ထို့ကြောင့် တော်လှန်ရေးကို ဖြစ်ပေါ်စေသော၊ တော်လှန်ရေးကို ဆက်လက်ခိုင်မာအားကောင်းစေသော၊ တော်လှန်ရေးကို အားနည်းစေသော လူထု၏ စိတ်ပိုင်းဆိုင်ရာ အခြေခံအကြောင်းတရားများကို မြင်ကြည့်နိုင်ရန် လိုအပ်သည်။

Ellwood ၏ အဆိုအရ တော်လှန်ရေးတွင် အားလုံးကို လည်ပတ်စေသည့် “စိတ်ပိုင်းဆိုင်ရာ အခြေခံ” တစ်ခုရှိသည်။ အထူးသဖြင့် “တော်လှန်ရေးများသည် လူမှုအစီအစဉ်တွင် မငြိမ်သက်မှုများဖြစ်ပြီး လူမှု အလေ့အထများ ရုတ်တရက်ပျက်စီးသွားခြင်းကြောင့် ဖြစ်ကာ ထိုအလေ့အထများကို ပြန်လည်တည်ဆောက်ရန်၊ တနည်းအားဖြင့် လူမှုအစီအစဉ်အသစ်တစ်ခု ဖွဲ့စည်းရန် ခက်ခဲစေသည့် အခြေအနေများအောက်တွင် ဖြစ်ပွားသည်။ တနည်းဆိုရသော် တော်လှန်ရေးများသည် လူမှုအလေ့အထများ ပြန်လည်ညှိနှိုင်းခြင်း၏ ပုံမှန်လုပ်ငန်းစဉ်တွင် ကြားဖြတ်စွက်ဖက်မှုများ သို့မဟုတ် အနှောင့်အယှက်များမှတစ်ဆင့် ပေါ်ပေါက်လာသည်။”

နိုင်ငံရေးဆိုင်ရာ တော်လှန်မှု၏ အဆင့်များ

၁။ အထွေထွေဆုံးအဆင့်တွင် တော်လှန်ရေးသည် ပြောင်းလဲမှုပုံစံတစ်မျိုး ဖြစ်သည်။

၂။ ဤပြောင်းလဲမှုသည် အတော်အတန်ရုတ်တရက်ဖြစ်ပြီး နှစ်နှစ်သုံးနှစ်မှ နှစ်နှစ်ဆယ်သုံးဆယ်အထိ ကာလတစ်ခုအထိ ဆန့်ထွက်နိုင်သည်။

၃။ ဤပြောင်းလဲမှုသည် ထင်ရှားပြီး ကျယ်ပြန့်သည်၊ လူဦးရေ၏ သိသာထင်ရှားသော အစိတ်အပိုင်းများ၏ အပြုအမူပုံစံများကို သက်ရောက်မှုရှိသည်။

၄။ နိင်ငံရေးဆိုင်ရာတော်လှန်မှုသည် လူထုလှုပ်ရှားမှုတစ်ခု လိုအပ်သည်။ “လူထု” ၏ အဓိပ္ပါယ်ကို တိကျစွာ သတ်မှတ်ရန် ခက်ခဲ သို့မဟုတ် မဖြစ်နိုင်သော်လည်း ရည်ရွယ်ချက်မှာ နိင်ငံရေးဆိုင်ရာတော်လှန်မှုကို အခြားသော အကြမ်းဖက်လုပ်ရပ်ပုံစံများ – ဥပမာ အာဏာသိမ်းမှု သို့မဟုတ် လယ်သမားပုန်ကန်မှု တို့နှင့် ခွဲခြားရန် ဖြစ်သည်။

၅။ တော်လှန်ရေးပြောင်းလဲမှုသည် ကနဦးတွင် နိုင်ငံရေး/အစိုးရယန္တရားကို ဦးတည်သည်။ ဤအဓိပ္ပါယ်အရ နိုင်ငံရေးဆိုင်ရာ တော်လှန်မှုသည် အာဏာလွှဲပြောင်းမှု၊ နိုင်ငံရေးအာဏာ ဖြန့်ဝေမှုတွင် ပြောင်းလဲခြင်း၊ အုပ်ချုပ်သူလူတန်းစား ပြောင်းလဲခြင်းတို့ ပါဝင်သည်။

၆။ ဤအာဏာလွှဲပြောင်းမှုသည် ပိုမိုကျယ်ပြန့်သော လူမှုရေးပြောင်းလဲမှုကို ရည်ရွယ်သည်၊ ရှာဖွေသည် သို့မဟုတ် အခြေခံပြင်ဆင်ပေးသည်။ နိုင်ငံရေးဆိုင်ရာ တော်လှန်မှုသည် မျက်နှာစာအားလုံး – နိုင်ငံရေး၊ စီးပွားရေး၊ စိတ်ပညာရပ်ဆိုင်ရာ၊ လူမှုရေးကို များစွာ ရိုက်ခတ်စေသည်။

၇။ တော်လှန်ရေးပြောင်းလဲမှုသည် တရားမဝင် သို့မဟုတ် ဥပဒေပြင်ပ ဖြစ်သည်။ ၎င်းအတွက် “ပြဌာန်းချက်များ” မရှိပေ။ ၎င်းသည် “အခွင့်အာဏာမရှိ” ပေ။

၈။ တော်လှန်ရေးပြောင်းလဲမှုသည် အကြမ်းဖက်မှုမှတစ်ဆင့်မှလွဲ၍ မဖြစ်ပေါ်ပေ။ အကြမ်းဖက်မှုသည် နိုင်ငံရေးဆိုင်ရာတော်လှန်မှု၏ အခြေခံပါဝင်ပစ္စည်း၊ ထင်ရှားသော အရည်အသွေးတစ်ခုဖြစ်သည်။ ဤသည်မှာ အခြားအရာများအပြင် ပြောင်းလဲမှုကို လက်ရှိအာဏာပိုင်များက ခုခံတွန်းလှန်သောကြောင့် ဖြစ်သည်။

နွေဦးတော်လှန်ရေးက အာဏာရှင်စနစ်ကို ဘယ်လို မြေလှန်နိုင်မလဲ

နွေဦးတော်လှန်ရေးသည် စစ်တပ်အခြေပြု အာဏာရှင်များကို စစ်အင်အားများဖြင့် ဖြိုချနိုင်သည်။ တချိန်တည်းတွင် စစ်တပ်အခြေပြု အာဏာရှင်စနစ်ကိုကား မည်သို့ အမြစ်လှန်ရမည်ကိုကား ထပ်ဆင့် တွေးတောဖို့ရန် လိုသည်။ နွေဦးတော်လှန်ရေးသည် စစ်တပ်၏ ဖိနှိပ်မှုကို လွတ်မြောက်ရန်မှသည် အလုံးစုံလွတ်လပ်မှုဆီကို မည်သို့ သွားရန်လိုသနည်း။ တနည်း မည်သည့်လူမှုစနစ်ကို ဖြိုချရန်၊ တည်ဆောက်ရန် လိုအပ်သနည်း။

နွေဦးတော်လှန်ရေးသည် နိုင်ငံရေးဆိုင်ရာ တော်လှန်ရေးတစ်ခု ဖြစ်လာရန် ကြိုးပမ်းကြရမည် ဖြစ်သည်။ နွေဦးတော်လှန်ရေးသည် နိုင်ငံရေးစနစ်တစ်ခုလုံးကို ပြောင်းလဲပစ်ရန် အကြောင်းအချက် အစုံလင်ဆုံး ဖြစ်သည်။ လုံလောက်သောစစ်ရေးအင်အားကို တည်ဆောက်နိုင်သလို၊ လူထုထောက်ခံမှုနှင့် တော်လှန်ရေးစိတ်ဓာတ်ကို အခိုင်အမာ ရရှိနေပြီဖြစ်သည်။ ပိုမိုအားစိုက်ရန်မှု လူမှုစနစ်ကို ပြောင်းလဲနိုင်ရန်ဖြစ်သည်။ အာဏာရှင်စနစ်ကို ပြန်လည်ဖြစ်စေမည့်၊ သို့မဟုတ် အာဏာရှင်စနစ်ကို တည်ရှိစေမည့် လူမှုစနစ်များဖြစ်သည့် စစ်ရေး- နိုင်ငံရေးမကွဲပြားခြင်း၊ နိုင်ငံရေးဦးဆောင်မှုကို အခြေတည်မှုအားနည်သော စစ်ရေးဖြစ်ခြင်း၊ လူ့အခွင့်အရေးကို လေးစားမှုအားနည်းသော အုပ်ချုပ်မှုနှင့် အချင်းချင်းကြားလေးစားမှု အားနည်းနေဆဲဖြစ်ခြင်းတို့သည် ပြောင်းလဲရမည့် လူမှုစနစ်များ ဖြစ်သည်။ တချိန်တည်းတွင် တန်းတူညီမျှမှုနှင့် ကိုယ့်ကြမ္မာကိုယ်ဆုံးဖြတ်ပိုင်ခွင့်ကို ကဏ္ဍတိုင်း၏ အတွင်းဆုံးအထိရောက်အောင်၊ ရအောင်၊ ရှိအောင် ကြိုးပမ်းရန် လိုအပ်သည်။

နွေဦးတော်လှန်ရေး၏ ပန်းတိုင်ဖြစ်သော ဖက်ဒရယ်၊ ဒီမိုကရေစီအတွေးအခေါ်ကို တရားစီရင်ရေး၊ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၏ လုပ်ရပ်များတွင် အမှန်တကယ်အကောင်အထည်ဖော်လုပ်ဆောင်နိုင်ရန်၊ လူထု၏ နေ့စဉ်လှုပ်ရှားတွေးတောမှုတွင် ရှိလာရန် လုပ်ဆောင်နိုင်မှသာ လူမှုစနစ်အပြောင်းအလဲ ဖြစ်လာနိုင်မည်ဖြစ်သည်။ လူမှုစနစ်မပြောင်းလဲဘဲ နွေဦးတော်လှန်ရေးသည် နိုင်ငံရေးဆိုင်ရာတော်လှန်ရေးတစ်ရပ်ဖြစ်လာမည်မဟုတ်ပေ။ ထို့ကြောင့် ကျွန်မတို့နေ့စဉ်ကျင့်ကြံမှု၊ လက်ခံမှု၊ မျက်ကွယ်ပြုမှု၊ ငြင်းပယ်မှု လုပ်ရပ်အားလုံးသည် နွေဦးတော်လှန်ရေးကို ပုံဖော်နေမည်သာ ဖြစ်သည်။

နွေဦးတော်လှန်ရေးသည် နိုင်ငံရေးဆိုင်ရာတော်လှန်ရေးလား…. လူပြောင်းရုံတော်လှန်ရေးလားသည် ကျွန်မတို့ နေ့စဉ်အဖြေထုတ်ရမည်သာ ဖြစ်သည်။

Related Articles

Back to top button