
NCGUB လို နိဂုံးမချုပ်ဖို့ NUG ဘာလုပ်သင့်နေပြီလဲ
နွေနောင်ရိုး ၊ အတွေးအမြင်
တရွေ့ရွေ့ တမြေ့မြေ့နဲ့ တစ်နှစ်ပြီးမယ်၊ နောက်တစ်နှစ်ပြီးမယ်လို့ နှစ်စဉ်နှစ်တိုင်း ပြည်သူတွေထံ သတင်းစကားခဏခဏပါးခဲ့တဲ့ နွေဦးတော်လှန်ရေးရဲ့ တပ်ဦးအစိုးရလို့ လူထုက သတ်မှတ်ထားတဲ့ NUG ဦးဆောင်တဲ့ နွေဦးတော်လှန်ရေးက ၄ နှစ်ပြည့်လုနီးပါးဖြစ်လာခဲ့ပြီး။ ၄ နှစ်ပြည့်ခါနီးမှာ တော်လှန်ရေးရဲ့ အဓိက အခန်းကဏ္ဍမှာ ပါဝင်တဲ့ စစ်ရေးက အရှိန်မြှင့်တိုးတက်လာခဲ့ပေမဲ့ နိုင်ငံရေးအရ တိုးတက်မှုကို ပြန်ကြည့်မယ်ဆိုရင်တော့ ခေတ်နောက်ပြန်ဆွဲထားသလို ၁၉၉၀ ဝန်းကျန်က အခြေအနေကနေ မတိုးတက်နေသေးဘူးဆိုတဲ့ သုံးသပ်ချက်တွေကိုလည်း တွေ့ရပါတော့တယ်။
ဒီတော့ ကျွန်တော်တို့က ၁၉၉၀ က မြန်မာနိုင်ငံရေးနဲ့ တော်လှန်ရေးအခြေအနေကို ပြန်လေ့လာကြည့်ဖို့ လိုမယ်လို့ ထင်မိပါတယ်။ လက်ရှိ မြန်မာနွေဦးတော်လှန်ရေးအခြေအနေနဲ့ နှိုင်းယှဉ်ပြီးပြောမယ်ဆိုရင် ၁၉၉၀ ခုနှစ်က တော်လှန်ရေးတပ်ဦးအစိုးရဖြစ်တဲ့ NCGUB ရဲ့ အကြောင်းကို အရင်ဆုံးဆွေးနွေးချင်ပါတယ်။ NCGUB ကလည်း ၁၉၉၀ ပြည့်နှစ် မေလ ၂၇ ရက်နေ့က ကျင်းပခဲ့သော ရွေးကောက်ပွဲတွင် NLD ၏ ၈၀% ကျော် အနိုင်ရခဲ့သော ရလဒ်ကို စစ်အစိုးရ(SLORC) ရဲ့ လက်မခံမှုကြောင့် တော်လှန်ရေးအစိုးရတစ်ရပ်အနေနဲ့ ဖွဲ့စည်းခဲ့ခြင်းဖြစ်တယ်။ NCGUB က မြန်မာနိုင်ငံတွင် ဒီမိုကရေစီစနစ် ပြန်လည်ထူထောင်ရေး၊ စစ်အာဏာရှင်စနစ် အဆုံးသတ်ရေး၊ ၁၉၉၀ ရွေးကောက်ပွဲ ရလဒ်အတိုင်း အာဏာလွှဲပြောင်းရေး နှင့် တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေး ကာကွယ်ရေးတို့ကို အဓိကရည်ရွယ်ချက်တွေ အဖြစ်သတ်မှတ်ထားရှိကာ ဆောင်ရွက်ခဲ့ကြတယ်။
NCGUB က စစ်အစိုးရ(SLORC) ကို ဖြုတ်ချဖို့အတွက် NUG ကဲ့သို့လက်နက်ကိုင်တပ်ကို တည်ထောင်ခဲ့ခြင်းမရှိသော်လည်း SLORC ပြုတ်ကျရေးကို အမေရိကန်၊ ဥရောပ နှင့် အာရှနိုင်ငံများဖြင့် ချိတ်ဆက်ဆောင်ရွက်ခြင်းများ၊ SLORC ၏ မြန်မာနိုင်ငံအတွင်း လူ့အခွင့်အရေးချိုးဖောက်မှုများကို ကမ္ဘာ့အဖွဲ့အစည်းများထံတင်ပြခြင်းများ၊ စစ်အစိုးရကို ပိတ်ဆို့ဒဏ်ခတ်မှုတွေ ပြုလုပ်ခြင်းနှင့် စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်နေကြသော လက်နက်ကိုင်တပ်ဖွဲ့များ၊ တိုင်းရင်းသားတော်လှန်ရေး တပ်ဖွဲ့များကို ကူညီထောက်ပံ့မှုတွေလုပ်ဆောင်ပေးခဲ့တယ်။ NUGUB က NUG ထပ် နိုင်ငံတကာက ထောက်ခံမှုနှင့် ထောက်ပံ့မှုကို အခိုင်အမာရရှိခဲ့တယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူ တချို့ ထံကနေ စာရေးသူသိခဲ့ဖူးတာရှိတယ်။ အိမ်နီးချင်းနိုင်ငံတွေဆီလည်း ကောင်းမွန်တဲ့ အထောက်အပံ့တွေ ရရှိခဲ့ပြီး ခိုလှုံခွင့်နဲ့ လုပ်ပိုင်ခွင့် တချို့လည်း ပေးအပ်မှုရရှိခဲ့တယ်လို့လည်း လေ့လာခဲ့ရပါတယ်။
ထို့ အပြင် တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့တွေနဲ့လည်း ကောင်းမွန်တဲ့ စစ်ရေးအရ မဟာမိတ်ဆက်ဆံရေးတွေရှိခဲ့တယ်လို့လည်း ဆိုနိုင်ပါတယ်။ သို့သော်လည်း NCGUB နဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တို့ကြားမှာ နိုင်ငံရေးအရ သဘောတူညီမှုတွေကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်မှု အားနည်းခြင်း၊ တော်လှန်ရေးကာလ ကြာမြင့်လာတဲ့ အချိန်မှာ နိုင်ငံတကာကအသိုင်းအဝိုင်းမှ အာရုံစိုက် ထောက်ပံ့မှုနည်းပါးလာခြင်းနှင့် SLORC ရဲ့ ဖိနှိပ်မှုတွေကြောင့် ပြည်တွင်းမှာ တိုက်ရိုက်လှုပ်ရှားနိုင်ခြင်း မရှိခဲ့တဲ့အတွက် NCGUB ရဲ့ ရည်မှန်းချက်ဖြစ်တဲ့ စစ်အာဏာရှင်စနစ်အဆုံးသတ်ရေးနှင့် ၁၉၉၀ ရွေးကောက်ပွဲ ရလဒ်အတိုင်း အာဏာလွှဲပြောင်းရေးတို့ကို အကောင်အထည်ဖော်နိုင်ခဲ့ခြင်းမရှိခဲ့ပါ။ ထိုနောက် စစ်တပ်မှ ဦးဆောင်ရေးဆွဲခဲ့တဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ၂၀၁၀ မှာ ရွေးကောက်ပွဲကျင်းပခဲ့ပြီး ၂၀၁၂ မှာတော့ NCGUB ကို ဖျက်သိမ်းခဲ့ကြသည်။
ဒီမှာ စာရေးသူအနေနဲ့ NCGUB အကြောင်းကို အများကြီး မပြောချင်ပါဘူး။ ဒါပေမဲ့ NUGUB က တော်လှန်ရေး ၄ နှစ်နီးပါးကြာလာတဲ့ အချိန်မှာ သမိုင်းကို တကြော့ပြန်လေ့လာပြီး NUG အတွက် သင်ခန်းစား ယူသင့်တဲ့ အဖွဲ့အစည်းတစ်ခုဖြစ်ပါတယ်။ ခေတ်ကာလ အခြေအနေအရ NCGUB တချို့သော အားနည်းချက်တွေရှိခဲ့ပေမဲ့ NUG ထပ် နိုင်ငံတကာထောက်ခံပံ့ပိုးမှုနှင့် တိုင်းရင်း တော်လှန်ရေး တပ်ဖွဲ့တွေနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ အားကောင်းခဲ့ပါတယ်။
ယခုနွေဦးတော်လှန်ရေးမှာ NUG က သတင်းအချက်အလက်စီးဆင်းမှု မြန်ဆန်ခြင်း၊ ၄ နှစ်နီးပါးအထိ လူထုထောက်ခံမှုတွေရရှိနေခြင်း၊ တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့တွေရဲ့ နယ်မြေသိမ်းတိုက်ပွဲတွေ အားကောင်းနေခြင်းနှင့် လူထုတစ်ရပ်လုံးက ဒုက္ခတွေကြားထဲမှာ တော်လှန်ရေးကို ကြံကြံခံ ရပ်တည်ပေးနေခြင်း စတဲ့ အားသာချက်တွေ ရှိနေပါတယ်။
သို့သော် နွေဦးတော်လှန်ရေးအတွင်း NUG ရဲ့ တချို့သော စီမံခန့်ခွဲမှုတွေမှာ ပြည်သူတွေအတွက် အားရကျေနပ်မှုမရှိသည်ကိုတော့ အတော်လေး မြင်တွေ့လာရတယ်။ NUG ရဲ့ ဝန်ကြီးဌာနေ ဖောင်းပွနေခြင်းများ၊ အလုပ်မလုပ်ပဲ နေရာယူထားသော ဝန်ကြီးတွေများနေခြင်း၊ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေနဲ့ ထင်သာမြင်သာရှိတဲ့ စစ်ရေး၊ နိုင်ငံရေး သဘောတူညီချက်တွေ မရရှိနေခြင်း တွေကလည်း NUG အပေါ်မှာ လူထုရဲ့ စိတ်ပျက်မှုကို ပိုမိုကြီးမားလာစေတော့တယ်။ ဒါ့အပြင် NUG အစိုးရမှာ အစိုးရ၏လုပ်ပိုင်ခွင့်များက အစိုးရအဖွဲ့ဝင်ဖြစ်သော NLD ပါတီမှ ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရ ကိုယ်စားလှယ်များ၏ သဘောထားများအပေါ်မှီခိုနေခြင်းကလည်း အမျိုးသားညီညွှတ်ရေးအတွက် အခက်အခဲ တစ်ခုဖြစ်စေတယ်ဆိုတဲ့ ဝေဖန်သုံးသပ်မှုတွေလည်း ရှိလာတော့တယ်။ ဘာကြောင့်လဲ ဆိုတော့ NLD ရဲ့အစိုးရ သက်တမ်း ၅ နှစ်အတွင်းမှာ NLD က အမျိုးသားရင်ကြားစေ့ရေးဆိုတဲ့ ခေါင်းစဉ်အောက်မှာ တိုင်းရင်းသားတွေနဲ့ ရင်ကြားစေ့ရေးကို အဓိက ထားဆောင်ရွက်ခဲ့ခြင်းမဟုတ်ပဲ စစ်တပ်နဲ့သာ ရင်ကြားစေ့ရေး ဆောင်ရွက်ခဲ့တာကလည်း သက်သေသာဓကများစွာရှိခဲ့ပြန်တယ်။ တိုင်းရင်းသားတွေနဲ့ ရင်ကြားစေ့ရေးကို အကောင်အထည် မဖော်နိုင်ခဲ့တဲ့ အပြင် တိုင်းရင်သားတွေနဲ့ NLD ကြားမှာ အဖုအထစ်ဖြစ်စေတဲ့ကိစ္စတွေလည်းရှိခဲ့တယ်။ မွန်ပြည်နယ် ချောင်းဆုံတံတားကို ဗိုလ်ချုပ် အောင်ဆန်း တံတားအဖြစ်နာမည်ပေးတာနဲ့ ကရင်နီမှာ ဗိုလ်ချုပ်ရုပ်ထုထားတာက အထင်ရှားဆုံး ပြဿနာတွေဖြစ်ခဲ့တယ်။ ဒီမှာစာရေးသူဖော်ပြထားတာ ထင်သာမြင်သာရှိတဲ့ ကိစ္စရပ်တွေသာ ဖြစ်ပါတယ်။ ဒီကိစ္စရပ်တွေ အပေါ်မှာလည်း NLD ပါတီဝင်တွေ အနေနဲ့ တိုင်းရင်သားတွေအပေါ် တာဝန်ယူ၊ တာဝန်ခံကာ ပြန်လည်တောင်းပန်ခြင်း၊ တရားမျှတမှုရှာဖွေပေးခြင်းနှင့် စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာအတွက် ယုံကြည်မှုတွေ ပြန်လည်တည်ဆောက်နိုင်ဖို့ ကုစားပေးခြင်းတွေကို ယခုအချိန် အထိ ပျက်ကွက်နေတယ်လို့ အများစုက အမြင်မှာ ရှိနေဆဲဖြစ်တယ်။
ဒါကြောင့် လက်ရှိနွေဦးတော်လှန်ရေးမှာ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ မြို့သိမ်းတိုက်ပွဲ တွေကလည်း ကိုယ်နယ်မြေ၊ ကိုယ်ပိုင်ဖို့ တိုက်နေခြင်းသာဖြစ်ပြီး NUG အတွက်တိုက်နေခြင်း မဟုတ် ကြောင်းကိုလည်း ပညာရှင်တချို့ရဲ့ သုံးသပ်မှုတွေမှာလည်း မြင်တွေ့လာရတယ်။ ဒီအပေါ်မှာလည်း တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့တွေအပေါ်မှာ အပြစ်တင်ဝေဖန်လို့ မရပါဘူး။ ခေတ်အဆက်ဆက် သမိုင်းအလီလီမှာ စစ်အစိုးရရဲ့ ဖိနှိပ်မှုတွေနဲ့ အရပ်သားအစိုးရရဲ့ နိုင်ငံရေးအရ ဖယ်ကျဉ်မှုတွေကလည်း တိုင်းရင်းသားတွေအတွက် သင်ခန်းစာ တစ်ရပ်ဖြစ်နေခဲ့ပြီး။ ယခုဖော်ပြထားတဲ့အချက်တွေက နွေဦးတော်လှန်ရေးမှာ တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ဗမာတော်လှန်ရေးအင်အားစု တွေကြားက မတူညီတဲ့ အမြင်နဲ့ ပြန်လည်ညှိနှိုင်းယူဖို့ လိုအပ်တဲ့ အချက်တချို့ကို ဖော်ပြထားခြင်း ဖြစ်ပါတယ်။
၂၀၂၅ မှာသာ NUG အနေနဲ့ ပြုပြင်ပြောင်းလဲရေးလုပ်တဲ့ အခါမှာ တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ယုံကြည်မှုကို ပိုမိုတည်ဆောက်နိုင်ပြီး စစ်ရေး၊ နိုင်ငံရေးအရ သိသာထင်းရှားတဲ့ သဘောတူညီချက်တွေကို ခိုင်ခိုင်မာမာ ချမှတ်ဖို့လိုပါလိမ့်မယ်။ အကယ်၍ NUG ကသာ တော်လှန်ရေးကို အရှိန်မြင့် မလုပ်ဆောင်နိုင်ခဲ့ပဲ စစ်ကောင်စီရဲ့နောက်ဆုံးထွက်ပေါက်ဖြစ်တဲ့ ရွေးကောက်ပွဲကို မဖြစ်၊ ဖြစ်တဲ့ နည်းနဲ့လုပ်နိုင်ခဲ့ရင် NUG ဟာ NUGUB လိုပဲ တဖြည်းဖြည်းတိမ်ကောပျောက်ကွယ်သွားမယ့် အဖွဲ့တစ်ဖွဲ့ ဖြစ်သွားမလားဆိုတာကလည်း စိုးရိမ်ရပြန်တယ်။
NCGUB လို နိဂုံးမချုပ်သွားဖို့ဆိုရင် NUG အနေနဲ့ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲ မဖြစ်လာခင်မှာ များစွာသော ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဖို့လိုအပ်ပါတယ်။ အထူးသဖြင့် လူထုတွေရဲ့ ဝေဖန် သုံးသပ်နေတဲ့ ဝန်ကြီးဌာန ဖောင်းပွနေခြင်းများ၊ ငွေကြေးစီမံမှု စည်းစနစ်မကျခြင်းများ၊ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ နိုင်ငံရေးအရ သဘောတူညီမှုတွေ မတည်ဆောက်နိုင်ခြင်းများ၊ ပြည်သူတွေထံက သတင်းစကားကို အမြဲနားထောင်ရန်လိုအပ်ခြင်း၊ ပြန့်ကျဲနေတဲ့ တော်လှန်ရေး လက်နက်ကိုင်တပ်ဖွဲ့တွေကို ထိန်းချုပ်နိုင်မှုမရှိခြင်းများ၊ တိကျတဲ့ စစ်ရေးမဟာဗျူဟာများကို ဖော်ဆောင်ရန်လိုအပ်ခြင်းနှင့် စစ်ကောင်စီရဲ့ ထိပ်ပိုင်းအရာရှိများကို တိုက်ရိုက်ထိခိုက်စေမည့် တိုက်ခိုက်မှုများပြုလုပ်ရန်လိုခြင်းတို့ကို အဓိက ပြုပြင်ပြောင်းလဲဖို့ ပြည်သူလူထုတွေက မျှော်လင့် နေကြခြင်းဖြစ်ပါတယ်။
ဒီအချက်တွေကတော့ စာရေးသူလေ့လာမိသလောက် ပြုပြင်ပြောင်းလဲရေးအတွက် လိုအပ်မယ့် တိုက်တွန်းချက်တွေပဲဖြစ်ပါတယ်။ ပြီးပြည့်စုံမှုမရှိသေးပေမဲ့ ဒီအချက်တွေကိုသာ ပြုပြင်ပြောင်းလဲ လာမယ်ဆိုရင် ၂၀၂၅ က နွေဦးတော်လှန်ရေးအတွက် ကောင်းမွန်တဲ့ အရွေ့တစ်ခုဖြစ်လာဖို့ မျှော်လင့်လို့ ရပါတယ်။
အနှစ်ချုပ်အနေနဲ့ ပြောရရင် ၂၀၂၅ ခုနှစ်မှာ NUG အနေနဲ့ ပြုပြင်ပြောင်းလဲရေး လုပ်မယ်ဆိုတဲ့ ကိစ္စအပေါ်မှာ ပြည်သူတစ်ရပ်လုံးအနေနဲ့ထောက်ခံကြိုဆိုလျှက်ရှိကြပါတယ်။ ဒါပေမဲ့ NUG ရဲ့ ပြုပြင်ပြောင်းလဲရေးက လူထုမျှော်လင့်တဲ့ တော်လှန်ရေး၊ နိုင်ငံရေး အရွေ့ကို ဖော်ဆောင်ပေးနိုင်တဲ့ ပြုပြင်ပြောင်းလဲရေးဖြစ်ဖို့တော့လိုအပ်ပါတယ်။
နွေနောင်ရိုး