
အလုပ်မဖြစ်သော စု-လွှတ်-ရွေး
ကျော်ကိုကို ၊ အတွေးအမြင်
သင်ဟာ နိုင်ငံရေးကို အထူးတလည်စိတ်ဝင်စားသူဖြစ်ရင် ငွေဆောင်သဘောတူညီချက်တွေဆိုတာကို သတိထားမိမယ်ထင်ပါတယ်။
ငွေဆောင်သဘောတူညီချက်တွေကို ဘယ်သူတွေက ချမှတ်ကြပါသလဲ။ဘယ်လို အဓိပ္ပါယ်ရှိတဲ့ သဘောတူညီချက်တွေဖြစ်ပါသလဲ။
လက်ရှိမြန်မာ့အကျပ်အတည်းဖြေရှင်းရေးဆိုင်ရာ သုံးသပ်ဆွေးနွေးပွဲ ( ငွေဆောင်) ၂၀၂၄ စက်တင်ဘာဆိုတဲ့ ခေါင်းစဥ်နဲ့ ထုတ်ပြန်ကြေညာချက် (၇)ချက်ကို ရည်ညွှန်းတာပါ။ တက်ရောက်ဆွေးနွေးသူ (၃၉)ဦးရှိတယ်လို့ သိရပါတယ်။
သဘောတူညီချက်ရရှိရေး ပါဝင်ဆွေးနွေးသူတွေစာရင်းကို ကြည့်တဲ့အခါ အမျိုးအစားစုံစုံလင်လင်ပါဝင်နေတာကို တွေ့ရပါတယ်။လူမျိုးစုနိုင်ငံရေးပါတီခေါင်းဆောင်တွေရော၊ မျိုးဆက်အသီးသီးက ကျောင်းသားခေါင်းဆောင်ဟောင်းတွေ ပါဝင်နေကြတာကို တွေ့ရပါတယ်။သူတို့အားလုံးကို ခြုံကြည့်မယ်ဆိုရင် နိုင်ငံရေးရပ်တည်ချက်အရ အဖမ်းခံခဲ့ရဖူးတဲ့ နိုင်ငံရေးအကျဥ်းသားဟောင်း အများစုဖြစ်နေကြတာကို သတိထားမိပါတယ်။
ငွေဆောင်သဘောထားရဲ့အနှစ်သာရ
ငွေဆောင်ဆွေးနွေးပွဲကထွက်လာတဲ့အချက်တွေဟာ တက်ရောက်သူအားလုံးရဲ့ သဘောတူညီချက်တွေ ဟုတ်သလားဆိုတာ မရေရာပါဘူး။ဘာကြောင့်လဲဆိုတော့ အားလုံးလက်မှတ်ရေးထိုးပြီး တရားဝင် ဖြစ်ကြောင်း သတင်းစာရှင်းလင်းပွဲတွေနဲ့ အတည်ပြုထားကြတာမဟုတ်လို့ပါပဲ။
ကြေညာချက်ဆန်ဆန်လည်း ရဲရဲတင်းတင်း ထုတ်ပြန်ကြေညာထားတာလည်း မဟုတ်ပြန်ပါဘူး။ ဒါကြောင့် ငွေဆောင်သဘောထားလို့ပဲ ယေဘုယျသတ်မှတ်ဖော်ပြလိုပါတယ်။
ငွေဆောင်သဘောထားရဲ့အနှစ်သာရက ဘာလဲဆိုရင် “နိုင်ငံတကာပံ့ပိုးမှုနဲ့ ကျင်းပမယ့် သက်ဆိုင်သူ အားလုံးပါဝင်တဲ့ နိုင်ငံရေးဆွေးနွေးပွဲ”ဆိုတဲ့ အဓိပ္ပါယ်ရပါတယ်။
လက်ရှိပကတိနိုင်ငံရေးအခြေအနေတွေကို ထည့်သွင်းဆွေးနွေးကြသလား မဆွေးနွေးကြ ဘူးလားဆိုတာတွေ ဘာမှအသေးစိတ်မသိရဘဲ သဘောထားပဲထုတ်လိုက်တော့ ကျနော်တို့အနေနဲ့ တခုခုလွဲချော်နေတယ်လို့ ခံစားရပါတယ်။
လက်ရှိမြန်မာ့အကျပ်အတည်းကို ဖြေရှင်းရေးလို့ ခေါင်းစဥ်တပ်ထားပေမယ့် ဘယ်အကျပ်အတည်းလဲ၊ ဘယ်သူ့ဘက်က အကျပ်အတည်းကို ဖြေရှင်းမှာလဲဆိုတာ သေသေချာချာမပြောဘဲ တခါတည်း သဘောထားတွေချပြတာ အတော်လေး အဆင်မပြေတာကို တွေ့ရပါတယ်။
ပုစ္ဆာကဘာလဲဆိုတာမပြောဘဲ တခါတည်း အဖြေတန်းထုတ်တာမျိုးဖြစ်နေပါတယ်။အဖြေတောင်မှ ရိုးရိုးအဖြေမျိုးမဟုတ်ပါဘူး။ နိုင်ငံတကာစပွန်ဆာတို့ သည်းခြေကြိုက် ယခင် မြန်မာ့ ငြိမ်းချမ်းရေး စင်တာ( MPC) က ဗိုလ်ချုပ်ဟောင်း အောင်မင်းတို့၊လှမောင်ရွှေတို့၊ ညိုအုန်းမြင့်တို့ရဲ့ ရိုးအီနေတဲ့ ဆီသည်မလက်သုတ်ပဝါလို အဖြေမျိုးကို တန်းထုတ်လိုက်တာ တော်တော် အံ့သြဖို့ကောင်းနေပါပြီ။
တကယ်တော့ ငွေဆောင်သဘောထားဟာ သိပ်တော့မထူးဆန်းလှပါဘူး။ ဒီဆွေးနွေးရေး ထောင်ချောက် ဆိုတဲ့အထဲ ထုံးစံအတိုင်း ပိတ်မိနေတဲ့ ဗမာ့နိုင်ငံရေးသမားတွေရဲ့ ကျားကျားမီးယပ် စဥ်းစားချက် သက်သက်သာလျှင်ဖြစ်ပါတယ်။
ဆွေးနွေးပွဲထောင်ချောက်ထဲက နိုင်ငံရေးကျားနာများ
ဆွေးနွေးပွဲထောင်ချောက်လို့ ကျနော် အမည်ပေးကင်ပွန်းတပ်လိုက်တာဟာ နိုင်ငံရေးဆွေးနွေး ပွဲလမ်းကြောင်းရဲ့ အလားအလာဟာ တကယ်ပဲ ထွက်ပေါက်မရှိ ပိတ်ဆို့မယ့်အခြေအနေကို မြင်လို့ပဲ ဖြစ်ပါတယ်။
အခုအချိန် လူငယ်တွေ အတော်များများ ကိုးကားပြီးပြောနေတဲ့ ကဗျာစာသားကတော့ “သွေးကြွေးမှာ ဆွေးနွေးစရာမရှိ”ဆိုတာပဲဖြစ်တယ်။
တဖက်ကကြည့်ရင် စစ်အုပ်စုက နိုင်ငံရေးအာဏာကို ဆုပ်ကိုင်ထားပြီး အရပ်သားတွေအားလုံးရဲ့ အထက်မှာ နေရာယူထားသရွေ့တော့ ဆွေးနွေးလည်း အလကားဖြစ်မှာပါပဲ။
လက်နက်ကိုင်ထားတဲ့ အာဏာပိုင်နဲ့ လက်နက်မဲ့ အရပ်သားအာဏာလက်မဲ့တွေ ဆွေးနွေးတာမျိုးဟာ ပါလက်စတိုင်း ပျောက်ကြားခေါင်းဆောင် ကန်ဒါဖာနီပြောသလို “လည်ပင်းနဲ့ဓားသွားတွေ ဆွေးနွေးရင် လည်ပင်းပဲပြတ်လိမ့်မယ်”ဆိုတာမျိုးဖြစ်နေပါတယ်။
ဒါကြောင့် စစ်အုပ်စုက အာဏာမစွန့်မချင်း အထက်စီးယူထားနိုင်တဲ့အတွက် ဆွေးနွေးပွဲရလာဒ်က ပြည်သူကို တပန်းရှုံးစေမှာမျိုး၊ နစ်နာစေမှာမျိုးဖြစ်လို့ ဆွေးနွေးပွဲထောင်ချောက်လို့ ပြောရတာပါ။
ဗမာပြည်နိုင်ငံရေးမှာ စစ်တပ်အာဏာရပြီးကတည်းက တော်လှန်ရေးအင်အားစုတွေ စစ်တပ်နဲ့ အကြိမ်ကြိမ်စကားပြောခဲ့တာပဲ။၁၉၆၃ ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ သခင်စိုး အလံနီပါတီရော၊ သခင်သန်းထွန်း ဗကပပါတီရော သွားပြီး ဆွေးနွေးခဲ့ပါသေးတယ်။နောက်ဆုံးတော့ ဆိတ်ခေါင်းချိတ်ပြီး ခွေးသားရောင်းတဲ့ ဆွေးနွေးပွဲမှန်းသိလို့ နဝင်းချောင်းကိုခြေလျင်ဖြတ်ပြီး ရိုးမထဲလှည့်ပြန်ခဲ့တဲ့ ဓာတ်ပုံတပုံပဲ အဖတ်တင်ခဲ့တယ်။ဘာတောင်းဆိုချက်မှ မရခဲ့ဘူး။
ဗကပပါတီထဲက ရဲဘော်ချမ်းအေးတို့လို ချမ်းအေးစစ်တမ်းဆိုတာမျိုးအထိ ရေးသားပြီး လက်နက်နဲ့ဒီမိုကရေစီလဲရေး ဆွေးနွေးပွဲကိစ္စတွေပြောခဲ့ပေမယ့် လက်နက်ချလိုက်ရတာပဲရှိပြီး ဒီမိုကရေစီဆိုလို့ မူးလို့ရှုစရာ အငွေ့ကလေးတောင် မရခဲ့ပါဘူး။
ဗိုလ်ခင်ညွှန့်ခေတ် လက်နက်နဲ့ငြိမ်းချမ်းရေးလဲမယ်လို့ ခေါ်ပြီး စီးပွားရေးမက်လုံးများများ ပေးခဲ့တုန်း ကလည်း အစုလိုက်အပြုံလိုက် အပစ်ရပ်ခဲ့ကြတဲ့အဖွဲ့တွေကို တွေ့ရပါတယ်။ အားနည်းတဲ့အဖွဲ့ကို တဖတ်သတ်ဖိအားပေး လက်နက်ဖြုတ်ပစ်ပြီး အားကောင်းတဲ့အဖွဲ့ကို သပ်လျှိုသွေးခွဲရေးလုပ်ခဲ့တဲ့ သင်ခန်းစာတွေကို ယူတတ်ကြဖို့လိုတယ်။ဥပမာ PSLA, ရလဖ စသဖြင့်…။
နိုင်ငံလုံးဆိုင်ရာ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး စာချုပ် (NCA) ခေတ်ရောက်တော့လည်း ဆွေးနွေးပွဲ အကြောင်းပြုပြီး တကယ်အလုပ်ဖြစ်သွားကြတာ အစောက ကျနော်ပြောတဲ့ Myanmar Peace Centre အစုတွေပဲဖြစ်ပြီး စစ်မှန်တဲ့ ဒီမိုကရေစီ၊စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စုနဲ့ ဝေးမြဲဝေးနေခဲ့ရပြန်ပါတယ်။
မြန်မာ့နိုင်ငံရေးကို ဟာသဆန်ဆန် ပြက်လုံးထုတ်လို့ရတာက ငြိမ်းချမ်းရေးထက် ငြိမ်းချမ်းရေးပွဲစားတွေ ပိုအလုပ်ဖြစ်တဲ့ နိုင်ငံရေးလို့ပြောလို့ရပါတယ်။
နှစ်ပေါင်း ၆၀ ကျော် တိုက်ပွဲဖြစ်လိုက် ဆွေးနွေးပွဲလုပ်လိုက်၊ စစ်ပွဲဖြစ်လိုက် အပစ်ရပ်လိုက်နဲ့ သံသရာဝဲ ဂယက်လည်ပတ်နေတာ ကြာမြင့်နေပြီး ဗမာပြည်တွင်းစစ်ဟာ ကမ္ဘာ့အကြာဆုံးပြည်တွင်းစစ်အဖြစ် စံချိန်တင်နိုင်ခဲ့ပါတယ်။
တကယ့်ငြိမ်းချမ်းရေးအစစ်၊ ပြည်တွင်းပြဿနာရဲ့ ဖြေရှင်းချက်အစစ်ဟာ တွေ့ဆုံဆွေးနွေးရေး ဟုတ်ပါ့ မလား။မဟုတ်နိုင်ဘူးလို့ ကျနော်တို့အမြင်အရ သုံးသပ်မိပါတယ်။
ငွေဆောင်သဘောထားရဲ့ ပထမဆုံးကောက်ချက်ဖြစ်တဲ့ ဖက်ဒရယ်ပြည်ထောင်စုကို တည်ဆောက် ရေးအတွက် နိုင်ငံရေးဆွေးနွေးပွဲတခုလိုအပ်တယ်ဆိုတာ အရမ်းယေဘုယျကျပြီး မတိကျတဲ့ ကောက် ချက် တခုပါ။
ဆွေးနွေးပွဲထောင်ချောက်ထဲပြန်ကျပြီး ပိတ်မိမယ့်လမ်းကို သိသိကြီးနဲ့ ကျနော်တို့ ပြန်လျှောက်ဖို့မလိုပါ။ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးအတွက် လမ်းပိတ်နေတဲ့ စစ်အုပ်စုကို အရင်ဆုံးတိုက်ထုတ်ရပါလိမ့်မယ်။အခုဆိုရင်လည်း ခရီးတဝက်လောက်ရောက်နေပါပြီ။
စစ်တိုင်းဌာနချုပ်နှစ်ခုကျပြီး စစ်အုပ်စုအရူးမီးဝိုင်းဖြစ်နေချိန်မှာ နိုင်ငံရေးဆွေးနွေးပွဲလုပ်မယ်ဆိုတဲ့ စဥ်းစားချက်က စစ်အုပ်စုကို အသက်ရှုဖို့ ပင့်သက်ရှိုက်ဖို့ အချိန်ပေးလိုက်သလိုဖြစ်မယ်ဆိုတာ သတိထားကြစေချင်ပါတယ်။
ထူးမခြားနားသော စုရွေးလွှတ်
ငွေဆောင်သဘောထား (၇)ချက်ထဲမှာ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဥ်းသားများ အမြန်ဆုံးလွတ်မြောက်ရေးဆိုတဲ့အချက်လည်း ပါရှိတာကိုတွေ့ရပါတယ်။
နောက်တချက်က လက်ရှိဖြစ်ပွားနေတဲ့ စစ်ပွဲတွေကို ရောက်သည့်နေရာမှာ ရပ်တန့်ထားဖို့ဆိုတာလည်း ပါဝင်နေပါတယ်။
ဒီနှစ်ချက်ကိုကြည့်တဲ့အခါ နွေဦးတော်လှန်ရေးအစပိုင်းက ဒီချုပ်ပါတီဘက်က တင်ပြလာတဲ့ နိုင်ငံရေးအာဂျင်ဒါနဲ့ အတော်လေးနီးနီးစပ်စပ်တူနေတာကိုတွေ့ရပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ တောက်လျောက်တင်ပြနေတာလည်း ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဥ်းသားများ လွတ်မြောက်ရေးနဲ့ အားလုံးပါဝင်တဲ့ နိုင်ငံရေးဆွေးနွေးပွဲပဲဖြစ်တာကို သတိထားမိပါတယ်။
အာဆီယံ ငါးချက်သဘောတူညီမှုနဲ့ အနောက်အုပ်စု၊တရုတ်၊ရုရှား၊အိန္ဒိယ၊ဂျပန် နိုင်ငံတကာ အသိုင်းအဝိုင်းရဲ့ တွန်းအားပေးမှုကလည်း နိုင်ငံရေးဆွေးနွေးပွဲဆီကို ဦးတည်နေတာကိုတွေ့ရပါတယ်။
ဒီသဘောထားမျိုးဟာ လက်ရှိမှာဖြစ်ပွားနေတဲ့ တော်လှန်ပုန်ကန်မှုတွေအပေါ် ပြည်သူလူထုရဲ့ မြင်ပုံမြင်နည်းနဲ့ ကွာဟနေတဲ့ အခြားတပါးသော မြင်ပုံမြင်နည်းဖြစ်နေတဲ့အတွက်ကြောင့်ပါပဲ။
ဒီချုပ်၊နိုင်ငံတကာနဲ့ အခုငွေဆောင်အုပ်စုတွေရဲ့ အယူအဆဟာ စစ်သုံးစစ်တိုက်ဖျက်ရေး လမ်းကြောင်းမဟုတ်ဘဲ စုရွေးလွှတ်လမ်းကြောင်းပေါ်မှာပဲရှိနေကြတာပါ။
စစ်အုပ်စု၊စစ်တပ်နဲ့ စစ်ဗျုရိုကရေစီယန္တရားကို အပြီးအပြတ်ဖြိုပြီး ပြည်သူ့ဒီမိုကရေစီ၊ အရပ်သား အာဏာနဲ့ဖက်ဒရယ်ပြည်ထောင်စုဆိုတဲ့ အာဂျင်ဒါအသစ်နဲ့အစားထိုးရေးဆိုတဲ့ တော်လှန်ရေးတာဝန်ကို မျက်နှာလွဲခဲပစ်လုပ်တဲ့ လုပ်ရပ်မျိုးလို့တောင် ဝေဖန်လို့ရပါတယ်။
ဒီထက်ပိုပြီး ပြတ်ပြတ်သားသားဝေဖန်ရရင် လူထုက ဖျက်သိမ်းပြီးပြီဖြစ်တဲ့ ၂၀၀၈ ခြေဥကို အသက်ပြန်သွင်းဖို့ကြိုးပမ်းနေတဲ့ စစ်အုပ်စုကို လူရာသွင်းတဲ့လုပ်ဟန်ဖြစ်ပါတယ်။
စစ်အုပ်စုက ကျင်းပတဲ့ရွေးကောက်ပွဲကို ဝင်ပြိုင်မယ့် ကိုကိုကြီးတို့လို ပါတီထောင်တာမဟုတ်ရင်တောင် စစ်အုပ်စုကို အသိအမှတ်ပြုရေးအသွင်သဏ္ဍာန်တရပ်ထက်မပိုတဲ့ သဘောထားသာလျှင်ဖြစ်ပါတယ်။
ငွေဆောင်စိတ်ဓာတ် အဆိပ်တက်၊ အိပ်မက်ထဲတောင် မမက်နဲ့
ငွေဆောင်စိတ်ဓာတ်ဆိုတာ ရန်သူ့ကို သွေးကြွေးဆပ်ရေးမဟုတ်ပါ။ရန်သူ့လက်ကို နွားနို့နဲ့ ပွတ်သပ်ဆေးကြောပေးရေးသာဖြစ်တယ်။
ရန်သူကို အာဏာပလ္လင်ပေါ်က လမ်းဘေးဆွဲချရေးမဟုတ်ပါ။ရန်သူ့ပလ္လင်ကို ဖုန်သုတ်ပေးနေတာပဲ ဖြစ်ပါတယ်။
တော်လှန်ရေးလုပ်နေချိန်မှာ ဇာထိုးပန်းထိုး သင်တန်းပေးသလိုဖြစ်နေပါတယ်။ ပျော်ပွဲစားထွက် သလိုဖြစ်နေပါတယ်။ အလှုပွဲကျင်းပသလို အယုတ်အလတ်အမြတ်မရွေး ထမင်းရည်ချောင်းစီး မောင်းတီး ပေးဖို့မလိုပါဘူး။တကယ်လိုအပ်နေတာက စစ်ခွေးတွေကို ဘဂ်လားပင်လယ်ထဲမောင်းထုတ်ဖို့ပါ။
ဒါကြောင့် အလုပ်မဖြစ်တဲ့ စု-ရွေး-လွှတ်လမ်းကြောင်းဟောင်းကို ငွေဆောင်ဆိုင်းပုဒ်ပြောင်းတပ်လည်း ကျနော်တို့ပြည်သူတွေက သတိထားမိနေပါတယ်။အရေခွံလဲသွားပေမယ့် မြွေဆိုးကတော့ အဆိပ်ရှိမှာပဲ။
ပြည်သူလူထုအပါအဝင် နိုင်ငံရေးအင်အားစု၊တော်လှန်ရေးအင်အားစုအားလုံးကို သတင်း စကားပါးချင် တာက “ငွေဆောင်စိတ်ဓာတ် အဆိပ်တက်၊ အိပ်မက်ထဲတောင် မမက်နဲ့”လို့ပဲဲဖြစ်ကြောင်းပါခင်ဗျား။
ကျော်ကိုကို