သတင်း

ဘုံရန်သူကို စုပေါင်း ဦးတည်တိုက်ခိုက်ဖို့ လိုအပ်တယ်လို့ KIO ဥက္ကဌ ထပ်မံတိုက်တွန်း

ဘုံရန်သူကို စုပေါင်း ဦးတည်တိုက်ခိုက်ဖို့ လိုအပ်တယ်လို့ KIO ဥက္ကဌ ထပ်မံတိုက်တွန်း

 
ဖက်ဒရယ်ဂျာနယ်၊ မြန်မာ
ဖေဖော်ဝါရီ ၅၊ ၂၀၂၅
 
စစ်အာဏာရှင်စနစ်ဟာ ခေတ်အဆက်ဆက် အားကောင်းစွာတည်ရှိခဲ့ပြီး ဆက်လက် ကြီးထွားဖို့ ကြိုးပမ်းနေတဲ့ စစ်အာဏာရှင် ဘုံရန်သူကို တော်လှန်ရေးအင်အားစုတွေက စုပေါင်းဦးတည် တိုက်ခိုက်ဖို့ လိုအပ်တယ်လို့ KIO ဥက္ကဌ ဗိုလ်ချုပ်ကြီး အင်ဘန်လက ဒီကနေ့ ဖေဖော်ဝါရီ ၅ ရက်နေ့မှာ ကျရောက်တဲ့ ကချင်တော်လှန်ရေးနေ့ ၆၄ နှစ်ပြည့်မိန့်ခွန်းမှာ ထည့်သွင်းပြောဆို တိုက်တွန်းလိုက်ပါတယ်။
 
ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ဟာ အခက်အခဲပေါင်းစုံကြားက တိုင်းရင်းသား စုလုံးညီညွှတ်ရေးနဲ့ တန်းတူ လွှတ်မြောက်ရေးအတွက် ကြိုးစားအားထုတ်ပေးနေတဲ့ တော်လှန်ရေးအင်အားစုဖြစ်သလို ဘ၀တူ တော်လှန်ရေး အဖွဲ့များကိုလည်း လက်တွဲပြီး တော်လှန်ရေး အောင်မြင်ဖို့အတွက် ဦးဆောင်ဦးရွက်မှု ကဏ္ဍကိုလည်း တစိုက်မတ်မတ်နဲ့ ပူးပေါင်းဆောင်ရွက် တာဝန်ယူပေးနေတာ ဖြစ်တယ်လို့ KIO ဥက္ကဌက ဆိုပါတယ်။
 
ဒါ့အပြင် ဘ၀တူ တော်လှန်ရေး အင်အားစုတွေကို နှစ်ပေါင်းများစွာ အထောက်အပံ့ကူညီပေးနေတာဟာ မဟာမိတ် တပ်ဖွဲ့ လူမျိုးတွေရဲ့ နယ်မြေတွေကို လုယူဖို့မဟုတ်သလို စစ်အာဏာရှင်နဲ့ လူမျိုးကြီးဝါဒတွေရဲ့ ဖိနှိပ်မှုကနေ တန်းတူ လွှတ်မြောက်နိုင်ဖို့ မျှော်လင့်တာကြောင့် KIO ဟာ ဘက်ပေါင်းစုံအကြပ်အတည်းကြားကနေ ဆက်လက် ကူညီပေးနေတာ ဖြစ်တယ်လို့ KIO ဥက္ကဌက ထပ်လောင်း ပြောပါတယ်။
 
ဒါ့ကြောင့် လက်ရှိ ရှမ်းမြောက်ဒေသက နယ်မြေအငြင်းပွားမှုပြဿနာ ထပ်မံမဖြစ်ပွားဖို့ တော်လှန်ရေး အင်အားစု အချင်းချင်းကြီး လေးစားမှုပြသပြီး လက်နက်အင်အားနဲ့ နယ်မြေတိုးချဲ့တာမျိုး မလုပ်ဘဲ ဘုံရန်သူဖြစ်တဲ့ စစ်အာဏာရှင်ကိုသာ စုပေါင်း ဦးတည် တိုက်ခိုက်ဖို့ KIO ဥက္ကဌက ထပ်မံတိုက်တွန်းထားတာ ဖြစ်ပါတယ်။
 
နယ်မြေ နယ်နိမိတ် သတ်မှတ်မှုဟာ ဒေသခံလူထုတွေရဲ့ သဘောထားတွေကို အဓိကထားရမှာ ဖြစ်သလို အနာဂတ်မှာ တော်လှန်ရေး အင်အားစုတွေကြား နိုင်ငံရေးအရ ဆွေးနွေးကြရမှာ ဖြစ်ပါတယ်။
 
#ဖက်ဒရယ်ဂျာနယ်၊ မြန်မာ
#FJMM

Related Articles

Back to top button