စကားဝိုင်း

၂၀၂၅ မှာ တော်လှန်ရေးနဲ့ ဖက်ဒရယ် အရွေ့ အားကောင်းဖို့ စိန်ခေါ်မှုတွေကို ဘယ်လို ကျော်ဖြတ်ကြမလဲ

(စကားဝိုင်းအနှစ်ချုပ်)

၂၀၂၅ မှာ တော်လှန်ရေးနဲ့ ဖက်ဒရယ် အရွေ့ အားကောင်းဖို့ စိန်ခေါ်မှုတွေကို ဘယ်လို ကျော်ဖြတ်ကြမလဲ (စကားဝိုင်းအနှစ်ချုပ်)

 

  • ဟိန်းညီညီ (သမဂ္ဂကျောင်းသားခေါင်းဆောင်ဟောင်း) စက်မှူလက်မှုသိပ္ပံ (အင်းစိန်)

၁။ ကျနော်တို့ ၂၀၂၅ အကြောင်း မပြောသေးခင်မှာ ပြီးခဲ့တဲ့ တစ်နှစ်တာအတွင်း စစ်ရေး၊ နိုင်ငံရေး အခြေအနေတွေအပေါ်မှာ ဘယ်လို မှတ်ချက်ပေးချင်ပါလဲ။

၂၀၂၄ က တော်လှန်ရေးတပ်ဖွဲ့တွေ၊ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ အကောင်းဆုံးစစ်ရေး မျှော်မှန်းချက်တွေကိုရောက်အောင်သွားနိုင်ခဲ့တဲ့နှစ်ဖြစ်တယ်။ စစ်ကောင်စီကို ကျရှုံးစေပြီး အောင်ပွဲတွေ နိုင်ပွဲတွေ ရယူနိုင်ခဲ့တဲ့ နှစ်တစ်နှစ်ဖြစ်တယ်။ နိုင်ငံရေးအရဆိုရင်လည်း stakeholders တွေကိုယ်တိုင်က လူထုအသံတွေ နားထောင်လာတာမျိုးတွေ၊ လက်ခံလာတာတွေ လိုက်လုပ်လာတယ် ဆိုတဲ့ အခြေအနေကိုပဲမှတ်ချက်ပြုချင်ပါတယ်။

၂။ မြို့သိမ်းတိုက်ပွဲ၊ ချေမှုန်းရေးတိုက်ပွဲတွေ ဆင်နွဲနေတဲ့အချိန်မှာ အုပ်ချုပ်ရေးကိစ္စထက် စစ်ရေးကိုပဲ အရှိန်မြှင့်ဖို့ ဦးစားပေးသင့်သလား။ မြို့သိမ်းတိုက်ပွဲ၊ ချေမှုန်းရေးတိုက်ပွဲတွေက မြန်မာ့နိုင်ငံရေး အခင်း အကျင်းကို အပြောင်းအလဲဖြစ်စေနိုင်မလား။

ပြီးခဲ့တဲ့ တိုက်ပွဲတွေမှာတော့ မြို့သိမ်းတိုက်ပွဲတွေ လုပ်ပြီးတဲ့ နောက်မှာတော့စစ်အုပ်ချုပ်ရေးပဲလိုက်တယ်။ အဲ့ဒီနယ်မြေကိုသိမ်းယူထားတဲ့ ခေါင်းဆောင်ရဲ့ အမျှော်အမြင်ရှိမှုနဲ့ပဲ သွားရမယ်လို့ မြင်တယ်။ သေချာတဲ့ အုပ်ချုပ်မှု၊ ပြည်သူ့အသံကိုနားထောင်တဲ့ အုပ်ချုပ်ရေးအဖွဲ့တွေကို စီမံသင့်တယ်လို့ မြင်တယ်။ လက်ရှိရည်မှန်းချက်က စစ်အနိုင်တိုက်ရေးဖြစ်တယ်။ ဒီတိုက်ပွဲတွေက ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံသစ်ကို သွားတဲ့ဆီမှာ အရေးပါတဲ့ အခင်းအကျင်းဖြစ်တယ်။ နောက်ပိုင်းမှာတော့ stakeholders တွေ၊ ထိပ်သီး အဖွဲ့အစည်းတွေကနေ ဖြေရှင်းရမယ့် ကိစ္စဖြစ်တယ်။

၃။ ငွေဆောင်ဆွေးနွေးပွဲက တလရ ခရီးကို အပြောင်းအလဲ ဖြစ်သွားစေနိုင်လား။ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေးအတွက် ငွေဆောင်ဆွေးနွေးပွဲက အကျိုးသက်ရောက်မှု ဘယ်အတိုင်း အတာ ထိ ရှိနိုင်မယ်လို့ထင်ပါသလဲ။ဘာကြောင့်လဲ။

ငွေဆောင်ဆွေးနွေးပွဲက လက်နက်ကိုင်တော်လှန်ရေးခရီးကိုတော့ အပြောင်းအလဲ မဖြစ်စေနိုင်ပါဘူး။ ကျွန်တော်မြင်တာက ဒါဆွေးနွေးချက်တစ်ခုပဲ။ ဒါကို ဆွေးနွေးခဲ့ကြတာက  ပြည်တွင်းမှာ  ကျန်နေတဲ့ နိုင်ငံရေးအဖွဲ့အစည်းပုံစံမျိုး၊ နိုင်ငံရေးသမားတွေက စုပြီးလုပ်တဲ့ ဆွေးနွေးပွဲတစ်ခုပဲ။ ဒီဆွေးနွေးပွဲက စစ်ကောင်စီနဲ့သွားပြီး ဆွေးနွေးတာလည်း မဟုတ်ဘူး။ ဒါပေမဲ့ ဒီဆွေးနွေးပွဲ အပေါ်မှာ လက်နက်ကိုင် တော်လှန်ရေးအဖွဲ့တွေ အနေနဲ့ ဆန်းကျင်တာတော့ ရှိတာပေါ့။ ဒါတွေက လက်နက်ကိုင် တော်လှန်ရေးခရီးကို အပြောင်းအလဲ ဖြစ်မသွားနိုင်ဘူး‌။ သူတို့ ဆွေးနွေးကြတာဆိုတာကလည်း တော်လှန်ရေးရဲ့ နောက်ဆုံး အခြေအနေမှာ ဖြတ်သန်းရမယ့် စကားရပ်တွေကို ဆွေးနွေးကြတာဖြစ်တယ်။ ကိုယ့်ဘက်သားလို့ ပြောလို့ရတဲ့ ပြည်တွင်းမှာ အခြေစိုက်နေတဲ့ နိုင်ငံရေးအင်အားစုတွေရဲ့ ဆွေးနွေးချက်ပဲ ဖြစ်ပါတယ်။

၄။ ၂၀၂၅ မှာ ဖက်ဒရယ် ဒီမိုကရေစီကို ဘယ်သူတွေ၊ ဘယ်အဖွဲ့အစည်းတွေက ဦးဆောင်တည်ဆောက် သွားနိုင်မလဲ။ စစ်ကောင်စီနဲ့ နီးစပ်နေတဲ့ နိုင်ငံရေးပါတီတွေနဲ့ စစ်ကောင်စီက ကြိုးစားကြမယ့် ဒီမိုကရေစီ ဖက်ဒရယ် တည်ဆောက်ရေးက လူထုတောင်းဆိုချက်ကို ပြည့်မှီအောင် တကယ်ကော ဖော်ဆောင် နိုင်ပါ့မလား။

ဖက်ဒရယ် ဒီမိုကရေစီဆိုတဲ့ အပေါ်မှာ လူထုက အဓိကကျတယ်။ လူထုရဲ့ တောင်းဆိုချက်တွေကို အကောင်းဆုံး ဘယ်အဖွဲ့အစည်းက ဦးဆောင်နိုင်မလဲဆိုတာ အရေးကြီးတယ်။ လူထုရဲ့တောင်းဆိုချက်တွေကို ဖြည့်ဆီးပေးနိုင်မယ့် အဖွဲ့အစည်းကသာ ဖက်ဒရယ်ဒီမိုကရေစီကို ဦးဆောင်ဖို့လိုတာပါ။ စစ်ကောင်စီနဲ့ အဖွဲ့တွေကတော့ လူထုတောင်းဆိုချက်တွေကို ပြည့်မီအောင်လုပ်နေတယ်လို့ မထင်ဘူး။ သူတို့က သူတို့ရဲ့ တရားဝင်ရေး၊ သူတို့ကို နိုင်ငံတကာ အသိအမှတ်ပြုရေးအတွက်၊ သူတို့ ဝတ်စုံပြောင်းဝတ်တဲ့သဘောပဲ ဖြစ်တယ်။ သူတိုက ဘယ်တော့မှ ကတိတည်ခဲ့တဲ့စစ်တပ်မဟုတ်ဘူး။ သူတို့က ဘယ်တော့မှ လူထု အကျိုးစီးပွားကို လိုလိုလာားလားရှိခဲ့တာ မဟုတ်ဘူး။ စစ်ကောင်စီက ကျိုးစားနေတဲ့ ဖက်ဒရယ် ဒီမိုကရေစီတည်ဆောက်ရေးဆိုတာကို လက်ခံလို့မရဘူး။ မဖြစ်နိုင်ဘူးလို့ ပဲထင်ပါတယ်။

၅။ လူငယ်နဲ့ အမျိုးသမီးတွေရဲ့ နိုင်ငံရေးဆုံးဖြတ်ပိုင်ခွင့်ကရော တော်လှန်ရေးနဲ့ ဖက်ဒရယ်အရွေ့ အတွက် ဘယ်လောက်အထိ အရေးပါသလဲ။ လူငယ်၊ အမျိုးသမီးတွေရဲ့ ဆုံးဖြတ်ပိုင်ခွင့်တွေမှာ ပါဝင်ဖို့ ဘယ်လို မြှင့်တင်ဖို့ လိုအပ်မလဲ။

လူငယ်တွေနဲ့ အမျိုးသမီးတွေရဲ့ နိုင်ငံရေးဆုံးဖြတ်ပိုင်ခွင့်က ဒီတော်လှန်ရေးနဲ့ ဖက်ဒရယ်အရွေ့မှာ အရေးပါတဲ့ အခန်း ကဏ္ဍလို့ပဲ မြင်ပါတယ်။ ဒီလူငယ်တွေကပဲ ဦးဆောင်ပြီး တိုးတက်ကောင်းမွန်တဲ့ လူ့ဘောင်သစ်ကို လှမ်းတဲ့ အဓိက ကျတဲ့ အပိုင်းမှာပါဝင်မယ်။ ပြန်လည်တည်ဆောက်ရေး ရှေ့ဆုံးကပါဝင်မယ့် အင်အားစုလို့ ယုံကြည်ကြတယ်။ ဒါအပြင် အမျိုးသမီးတွေရဲ့ ဆုံးဖြတ်ပိုင်ခွင့်တွေလည်း ဒီတော်လှန်ရေးနဲ့ ဖက်ဒရယ် ဒီမိုကရေစီနိုင်ငံသစ်တည်ဆောက်တဲ့ အခါမှာ အဓိက ကျတဲ့ ဆုံးဖြတ်ပိုင်ခွင့်ကနေ ပါဝင်တာ မြင်ချင်ပါတယ်။

  • ယွန်းမီ – Burma Support                   

၁။ ကျနော်တို့ ၂၀၂၅ အကြောင်း မပြောသေးခင်မှာ ပြီးခဲ့တဲ့ တစ်နှစ်တာအတွင်း စစ်ရေး၊ နိုင်ငံရေး အခြေအနေတွေအပေါ်မှာ ဘယ်လို မှတ်ချက်ပေးချင်ပါလဲ။

၂၀၂၄ ကိုပြန်ကြည့်မယ်ဆိုရင် သိသာထင်ရှားတဲ့ အောင်မြင်မှုအနေနဲ့စစ်ရေး အောင်မြင်မှုတွေ ရခဲ့တာတွေရှိတယ်။ စစ်တပ်ရဲ့ တိုင်းစစ်ဌာနချုပ်နှစ်ခုကို လက်လွှတ်ဆုံးရှုံးလိုက်ရတာရှိတယ်။ ကုန်သွယ်ရေးအတွက် အချက်အခြာကျတဲ့နေရာတွေကို တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေက ထိန်းချုပ်လာနိုင်ခဲ့တယ်။ မြို့သိမ်းတိုက်ပွဲတွေကို အများကြီး ဆင်နွဲလာနိုင်ပြီး မြို့တွေကို အများကြီး သိမ်းနိုင်လာတယ်။ စစ်တပ်ရဲ့ ရာထူးအကြီးပိုင်းတွေက   အစ လက်နက်ကျအညံခံတာတွေရှိခဲ့တယ်။ ၂၀၂၄ မှာ အိမ်နီးချင်းနိုင်ငံတွေနဲ့ နိုင်ငံတကာက ကြားဝင်စေ့စပ်မှုတွေလည်းပေါ်လာခဲ့တယ်။ NUG NUCCမှာတော့ နိုင်ငံရေးအရ လောက်လောက်လားလား တိုးတက် ပြောင်းလဲလာတာကို မမြင်ရသေးဘူး။

၂။ ၂၀၂၅ က နွေဦးတလရ နဲ့ ဖက်ဒရယ်အရွေ့အတွက်အဆုံးအဖြတ်ဖြစ်လာနိုင်လား။ စကစ ကို အဆုံး သတ်ဖို့ ဘယ်လိုအရာတွေက စိန်ခေါ်မှုတွေဖြစ်နေတယ်လို့ ယူဆပါသလဲ။

၂၀၂၅ မှာ စစ်အုပ်စုရဲ့ ဆုံးရှုံးမှုတွေကတော့ ထပ်ပြီးဖြစ်လာဦးမယ်။ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ စိတ်ဓာတ်ခိုင်မာမှုကလည်း ဆက်လက်အနိုင်ရဖို့ ရှိနေမှာပါ။ ၂၀၂၅ ကတော့ အပြီးသတ်အနိုင်ရမယ့် နှစ်ဖြစ်၊ မဖြစ်ကိုတော့ ယတိပြတ် ပြောဖို့ခက်ပါတယ်။ စိန်ခေါ်မှုတွေ အခက်အခဲတွေရှိတယ်။ စစ်အုပ်စုက ရှုံးမှာကို သိတဲ့အတွက် ၂၀၀၈ ထဲက ရွေးကောက်ပွဲကိုပြန်အသက်သွင်းဖို့ ရှိနေတာပါ။ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကို ဘယ်လို တားစီးမလဲ ဆိုတာ တော်လှန်ရေးအင်အားစုတွေအနေနဲ့စဉ်းစားသင့်တဲ့ အခြေအနေရောက်လာပြီး။

၃။ ၂၀၂၅ မှာ ဖက်ဒရယ် ဒီမိုကရေစီကို ဘယ်သူတွေ၊ ဘယ်အဖွဲ့အစည်းတွေက ဦးဆောင်တည်ဆောက် သွားနိုင်မလဲ။ စစ်ကောင်စီနဲ့ နီးစပ်နေတဲ့ နိုင်ငံရေးပါတီတွေနဲ့ စစ်ကောင်စီက ကြိုးစားကြမယ့် ဒီမိုကရေစီ ဖက်ဒရယ် တည်ဆောက်ရေးက လူထုတောင်းဆိုချက်ကို ပြည့်မှီအောင် တကယ်ကော ဖော်ဆောင် နိုင်ပါ့မလား။

တော်လှန်ရေးလို့ပြောရင် တော်လှန်ရေးက လူထုကြားထဲကနေ ပေါက်ဖွားခဲ့တာ ဖြစ်တယ်။ လူထုဆက်ပြီး အထောက်ခံတော့တဲ့ မပါဝင်တော့တဲ့ တော်လှန်ရေးက အောင်မြင်ဖို့ ခက်ခဲပါတယ်။ နွေဦးတော်လှန်ရေးက စကတည်းက လူထုတစ်ခဲနက်ထောက်ခံခဲ့ကြတယ်။ ဒါက တော်လှန်ရေးအောင်မြင်ဖို့အတွက်လည်း ဖြစ်သလို ဖက်ဒရယ်ဒီမိုကရေစီကိုသွားဖို့ အားတစ်ရပ်လည်းဖြစ်တယ်။ ဘယ်သူတွေပါဝင်တည်ဆောက်ကြမလဲဆို မဖြစ်မနေက ပြည်သူလူထုပဲ။ အဲ့ဒီနောက်မှာတော့ လက်နက်ကိုင်အင်အားစုတွေ၊ တော်လှန်ရေးတပ်ဖွဲ့တွေက ပါဝင်သွားရမှာဖြစ်တယ်။ ဒီနေရာမှာ လက်နက်၊ အာဏာ၊ နေရာရှိပြီးသားလူတွေက လူထုအခက်အခဲကို မျက်ကွယ်ပြုပြီးတော့ နေရာ၊ အာဏာရရေးကိုသာ ရှေ့ရှုူ့နေလို့မရပါဘူး။ လူထုကိုတော်လှန်ရေးနဲ့ ဝေးအောင် လုပ်လို့ မရဘူး။ နောက်တစ်ချက်က စစ်တပ်က ဘယ်လိုနည်းနဲ့မှ နိုင်ငံရေးမှာပါဝင်လို့ မရဘူး။ စစ်တပ်ပြောတဲ့ ဒီမိုကရေစီဆိုတာ အတုပဲဖြစ်သလို သူတို့ ပုံဖော်ထားတဲ့ ဖက်ဒရယ်ဆိုတာလည်း သူတို့စိတ်တိုင်းကျ ကြိုးကိုင်ဖို့သာဖြစ်တယ်။

၄။ ၂၀၂၅ မှာ တော်လှန်ရေး အရွေ့နဲ့ ဖက်ဒရယ်အရွေ့ အားကောင်းဖို့ အတွက် တော်လှန်ရေး တပ်ဖွဲ့တွေဖြစ်တဲ့ NUG၊ NUCC နဲ့ တခြား လက်နက်ကိုင်တပ်ဖွဲ့တွေကိုရော ဘယ်လို ပုံစံပြောင်းလဲ ဖွဲ့စည်းဖို့ လိုအပ်မလဲ။

ကျွန်မတို့ အမြဲတမ်းပြောနေကြတဲ့ ခိုင်မာတဲ့ အချင်းချင်းကြားက သဘောတူညီချက်ပေါ့။ လိုလားချက်တွေကို အချင်းချင်းပြောဆိုကြဖို့ ခက်ခဲနေတာကို နှစ်ဖက်လုံးက ပြောင်းလဲ သင့်တယ်လို့ ထင်ပါတယ်။ ၂၀၂၁ အစမှာ ပေါ်လာတာ CRPH ပြီးတော့ NUG NUCC ပေါ့။ ဒီအပေါ်မှာ လူထုက မျှော်လင့်ချက်က တော်တော်များခဲ့ကြတယ်။ ဒါပေမဲ့ အခုချိန်မှာ ပြန်ကြည့်ရမယ်ဆိုရင် အဲ့ဒီအပေါ်မှာ လူထု ထောက်ခံချက်ကျ လာတာကိုငြင်းလို့ မရဘူး။ ဒါကိုလည်း ပါဝင်ကြတဲ့သူတွေက လက်ခံဖို့။ ပြုပြင်ပြောင်းလဲရေးလို့ ပြောရင် လည်း သက်ဆိုင်ရာ အစုအဖွဲ့တွေက ပိုပြီးတော့ သိကြလိမ့်မယ်လို့ ထင်ပါတယ်။ လူရော မူရောပြုပြင် ပြောင်းလဲ ဖို့အတွက် အချိန်က မဆိုသလောက်လေးမီသေးတယ်။ ဒီထက်လွန်သွားရင်တော့ မမီနိုင် လောက်တော့ဘူးလို့ ထင်ပါတယ်။ ၂၀၂၅ မှာ ပြုပြင်ပြောင်းလဲရေး လုပ်မယ်ဆိုတဲ့ ကိစ္စကိုတော့ ကြိုဆိုရမှာပါ။ အဲ့ဒါက တကယ်ရော ဖြစ်မလားဆိုတာ စောင့်ကြည့်ဖို့လိုတယ်။ ဒီအစုအဖွဲ့တွေထဲမှာ ပါတဲ့သူတွေက ငါ့ပါတီ၊ ငါ့အဖွဲ့ဆိုတဲ့ အစွဲမျိုးမထားပဲ ပြည်သူအတွက် အလုပ်လုပ်ရမှာဖြစ်တယ်လို့ စေတနာ မှန်ဖို့လိုပါတယ်။ နောက်တစ်ချက်က စစ်ရေးအပြင် အရပ်သားတွေပါဝင်တဲ့ အုပ်ချုပ်ရေး၊ တရားစီရင်ရေးက အမီလိုက်နိုင်ဖို့ လိုပါတယ်။

၅။ လူငယ်နဲ့ အမျိုးသမီးတွေရဲ့ နိုင်ငံရေးဆုံးဖြတ်ပိုင်ခွင့်ကရော တော်လှန်ရေးနဲ့ ဖက်ဒရယ်အရွေ့ အတွက် ဘယ်လောက်အထိ အရေးပါသလဲ။ လူငယ်၊ အမျိုးသမီးတွေရဲ့ ဆုံးဖြတ်ပိုင်ခွင့်တွေမှာ ပါဝင်ဖို့ ဘယ်လို မြှင့်တင်ဖို့ လိုအပ်မလဲ။

တော်လှန်ရေးမှာ ပါဝင်နေတဲ့ အမျိုးသမီးဆိုတာနဲ့ ရှေ့တန်းမှာ စစ်ထွက်တိုက်နေတဲ့သူတွေ၊ နိုင်ငံရေးမှာ ဦးဆောင်ပါဝင်နေတဲ့သူတွေ၊ တတ်သိပညာရှင်တွေ၊ ပဲ မဟုတ်ဘူး။ စစ်တပ်က မီးရှို့လိုက်လို့ ထွက်ပြေး နေရပြီးတော့ တော်လှန်ရေးထဲမှာ ကြံကြံခံရပ်တည်နေတဲ့ အမျိုးသမီးတွေလည်းပါတယ်။ နောက် တစ်ခုက ထောင်တွေရှေ့မှာ နေပူခံပြီး နိုင်ငံရေးအမှုနဲ့ ထောင်ကျနေတဲ့ သားတွေ သမီးတွေကိုလည်း ထောင်ဝင် စာပို့နေကြတဲ့ မိခင်တွေကလည်း တော်လှန်ရေးထဲမှာပါဝင်နေတဲ့ အမျိုးသမီးတွေလည်း ပါဝင်ပါ တယ်။ နောက်တစ်ခုက လူငယ်အမျိုးသမီးတွေရဲ့ ပါဝင်ဆုံးဖြတ်ပိုင်ခွင့်ဆိုတဲ့စကားက ကျွန်မ ဒီအသိုင်းအဝိုင်းထဲကို စရောက်လာကတည်းက အမြဲကြားခဲ့ရတဲ့စကားဖြစ်တယ်။ ဒါပေမဲ့ လက်တွေ့မှာ တော့ ပါဝင်ဦးဆောင်မှုမှာ ဆုံးဖြတ်ခွင့်မှာ ပြည့်မီကြလားဆိုတော့ မပြည့်မီသေးပါဘူး။ စကားနဲ့လက်တွေ့မှာတော့  လူငယ်တွေ အမျိုးသမီးတွေရဲ့ ပါဝင်ဆုံးဖြတ်ခွင့်မရကြသေးဘူး။ ဒီအသုံးအနှုန်းတွေကို တတွင်တွင်အော်နေပြီး၊ လူငယ်တွေ အမျိုးသမီးတွေကို အမြတ်ထုတ်နေကြတာတွေလည်း ရှိသေးတယ်။ အမျိုးသမီးလူငယ်တွေနဲ့ လုပ်နိုင်စွမ်း ကလည်း တခြားသူနဲ့တူတူပါပဲ။ ဖိနှိပ်မှုကင်းတဲ့ လူ့အဖွဲ့အစည်းသစ်ကိုသွားမယ်ဆိုရင် လူငယ်တွေ အမျိုးသမီး တွေပါဝင်မှုကို ရှေ့တန်းတင်ဖို့ကလည်း အရမ်း အရေးကြီးပါတယ်။

သုဝဏ္ဏခွန် ဒုဥက္ကဌ(၁) တောင်ကြီးတက္ကသိုလ်ကျောင်းသားသမဂ္ဂ

၁။ မြို့သိမ်းတိုက်ပွဲ၊ ချေမှုန်းရေးတိုက်ပွဲတွေ ဆင်နွဲနေတဲ့အချိန်မှာ အုပ်ချုပ်ရေးကိစ္စထက် စစ်ရေးကိုပဲ အရှိန်မြှင့်ဖို့ ဦးစားပေးသင့်သလား။ မြို့သိမ်းတိုက်ပွဲ၊ ချေမှုန်းရေးတိုက်ပွဲတွေက မြန်မာ့နိုင်ငံရေး အခင်း အကျင်းကို အပြောင်းအလဲဖြစ်စေနိုင်မလား။

၂၀၂၄ ကို ခြုံငုံသုံးသပ်ကြည့်ရင် စစ်ရေးအောင်မြင်ရခဲ့တဲ့နှစ်လို့ ဆိုလို့ရတယ်။ အများစု လက်ခံထားတာက နိုင်ငံရေးအရ စုစည်းအားလိုသေးတယ်။ လက်ရှိမှာတော့ ကျွန်တော်တို့နိုင်ငံရေး အခြေအနေကိုကြည့် မယ်ဆိုရင်စစ် အနိုင်တိုက်ရေးကို ဦိးစားပေးဆောင်ရွက်နေရတယ်။ မဖြစ်မနေ အောင်ပွဲခံဖို့ဆိုရင် စစ်ရေးတစ်ခု တည်းနဲ့ သွားလို့  မရဘူး။ စစ်ရေးကို အသားပေးနေတဲ့ တစ်ပြိုင်နက်မှာ နိုင်ငံရေးကိုပါ အသားပေး ဆောင်ရွက် ရမယ်။ လက်ရှိမှာ စစ်ရေးကို ဦးစားပေးဆောင်ရွက်နေတာကြောင့် နိုင်ငံရေးက နောက်မှာ ကျန်ခဲ့တယ်။ နိုင်ငံရေးအရွေ့ကိုကြည့်ရင် NUCC NUG နဲ့ မြောက်ပိုင်းတပ်ဖွဲ့တွေရဲ့ ဆွေးနွေးမှုက သိပ်ပြီး တော့လူထု ကြားထဲကို မရောက်လာခဲ့ဘူး။

၂။ ၂၀၂၅ က နွေဦးတလရ နဲ့ ဖက်ဒရယ်အရွေ့အတွက်အဆုံးအဖြတ်ဖြစ်လာနိုင်လား။ စကစ ကို အဆုံး သတ်ဖို့ ဘယ်လိုအရာတွေက စိန်ခေါ်မှုတွေဖြစ်နေတယ်လို့ ယူဆပါသလဲ။

၂၀၂၅ မှာ စစ်ကောင်စီအဆုံးသတ်ဖြစ်မလားဆိုတာကို‌တော့ ယတိပြတ်ပြောလို့တော့ မရသေးဘူး။ ၂၀၂၅ ကတော့ အပြောင်းအလဲ မြန်မယ့် နှစ်လို့ပဲ မြင်တယ်။ စစ်ကောင်စီဘက်ကလည်း အင်အားနည်းသည်ထက် နည်းလာတာကို မြင်ရတယ်။ တော်လှန်ရေးတပ်တွေရဲ့ ပူးပေါင်းဆောင်ရွက်မှုအားလည်း ရှိနေသေးတယ်။ နွေဦးတော်လှန်ရေးတပ်ဦးမှာပါဝင်တဲ့ NUCC  NUG ကိုယ်တိုင်က ပြောင်းလဲလာတဲ့ အနေအထားတွေ မြင်တွေ့ရတယ်။ ဒါက ၂၀၂၅ မှာ ကြီးမားတဲ့ ထင်ဟပ်မှုတွေဖြစ်တယ်လို့ မြင်ရပါတယ်။ အဆုံးအဖြတ် ဖြစ်၊ မဖြစ်ဆိုတာကို ပြောဖို့ဆိုတာက တော်လှန်ရေးအင်အားစုတွေကြားမှာ နိုင်ငံရေးအရ စုစည်းမှုအားနဲ့ စစ်ရေး အရ ဗျူဟာကျကျပူးပေါင်းဆောင်ရွက်မှုတွေ ဘယ်လောက်အထိရှိလာမလဲဆိုတဲ့ အပေါ်မှာ အများကြီး မူတည်ပါတယ်။

၃။ ငွေဆောင်ဆွေးနွေးပွဲက တလရ ခရီးကို အပြောင်းအလဲ ဖြစ်သွားစေနိုင်လား။ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေးအတွက် ငွေဆောင်ဆွေးနွေးပွဲက အကျိုးသက်ရောက်မှု ဘယ်အတိုင်း အတာ ထိ ရှိနိုင်မယ်လို့ထင်ပါသလဲ။ဘာကြောင့်လဲ။

ငွေဆောင်ဆွေးနွေးပွဲက သဘောတူညီချက်လို့ ပြောတာမဟုတ်ပဲ ဆွေးနွေးလို့ ရလာတဲ့ အချက်လို့ပဲ ပြောတာဖြစ်တယ်။ သူတို့ရဲ့ဆွေးနွေးချက်ကိုကြည့်မယ်ဆို ၂၀၀၈ အောက်ကနေသွားမယ့် အခင်းအကျင်းမျိုး မဟုတ်ဘူး။ ဒီဆွေးနွေးမှုကနေတော့ တော်လှန်ရေးတစ်ခုလုံးကို အကျိုးသက်ရောက်မှု ရှိလာမှာတော့ မဟုတ်ပါဘူး။ အဆုံးစွန်သော တော်လှန်ရေးရဲ့ ပန်းတိုင်တစ်ခုရောက်လာတဲ့အခါ ဒီဆွေးနွေးမှုက အချက် အလက်တွေက အကျိုးတစ်စုံတစ်ရာ ပြုနိုင်မယ်လို့ နားလည်တယ်။ ပြည်တွင်းက နိုင်ငံရေး အင်အားစုတွေရဲ့ ဆွေးနွေးမှုက နွေဦးတော်လှန်ရေးမှာ ပါဝင်တဲ့ သူတွေ မပါဝင်ပဲ အလုပ်ဖြစ်မှာမဟုတ်ဘူး။ အထမြောက်မှာ မဟုတ်ဘူး။ လက်ရှိမြန်မာနိုင်ငံမှာကြုံတွေ့နေရတဲ့ အကြပ်အတည်းတွေကို နိုင်ငံရေးသမား တွေက ရတဲ့ နည်းလမ်း၊ ရတဲ့ပုံစံ ရတဲ့  နေရာကနေ လုပ်ကြတဲ့ အနေအထားတွေပဲဖြစ်ပါတယ်။ ဒီအပေါ်မှာ တော့ ကြိုဆိုရမယ်လို့ပဲထင်ပါတယ်။

၄။ ၂၀၂၅ မှာ တော်လှန်ရေး အရွေ့နဲ့ ဖက်ဒရယ်အရွေ့ အားကောင်းဖို့ အတွက် တော်လှန်ရေး တပ်ဖွဲ့တွေဖြစ်တဲ့ NUG၊ NUCC နဲ့ တခြား လက်နက်ကိုင်တပ်ဖွဲ့တွေကိုရော ဘယ်လို ပုံစံပြောင်းလဲ ဖွဲ့စည်းဖို့ လိုအပ်မလဲ။

ကောင်းမွန်တဲ့ တော်လှန်ရေးအရွေ့ ဖက်ဒရယ်အရွေ့ဖြစ်ဖို့ဆိုရင်တော့ မဖြစ်မနေပြောင်းလဲသင့်တာတွေတော့ အများကြီးရှိပါတယ်။ အထူးသဖြင့် NUCC NUG ရဲ့ ဖြစ်တည်မှု သံလိုက်လို ဆွဲငင်အား မကောင်းနေတော့ဘူး။ နောက်တစ်ချက်က NUG ရဲ့ စုဖွဲ့မှုပုံစံ၊ ၂၀၂၄ မှာ တလျှောက်လုံးပြောလာတာက reform လုပ်ဖို့၊ ပြန်လည် ပြုပြင်ပြောင်းလဲရေးကိစ္စ၊ ပြန်လည်ဖွဲ့စည်းရေးကိစ္စပြောနေကြတဲ့ ကိစ္စတွေရှိတယ်။ အထူးသဖြင့် NUG အစိုးရကြားထဲမှာ အလုပ်မဖြစ်တဲ့ ဝန်ကြီးဌာနတွေရှိနေတယ်။ တချို့သော NUGရဲ့ စုဖွဲ့မှုမှာ ဝန်ကြီးဌာန ဖောင်းပွ နေတာတွေရှိတယ်။ ဒါကို ဘယ်လိုမျိုးပြန်လည် ပြုပြင် ပြင်ဆင်ကြမလဲ။ NUG ကတော်လှန်ရေး အစိုးရ တစ်ရပ်ဖြစ်တဲ့အတွက်ကြောင့် တော်လှန်ရေးအစိုးရအဖြစ်နဲ့ ပီပီပြင်ပြင်ပေါ်လာဖို့ကို ပြောင်းလဲ စုဖွဲ့ဖို့ လိုတယ်လို့ ယူဆပါတယ်။

၅။ လူငယ်နဲ့ အမျိုးသမီးတွေရဲ့ နိုင်ငံရေးဆုံးဖြတ်ပိုင်ခွင့်ကရော တော်လှန်ရေးနဲ့ ဖက်ဒရယ်အရွေ့ အတွက် ဘယ်လောက်အထိ အရေးပါသလဲ။ လူငယ်၊ အမျိုးသမီးတွေရဲ့ ဆုံးဖြတ်ပိုင်ခွင့်တွေမှာ ပါဝင်ဖို့ ဘယ်လို မြှင့်တင်ဖို့ လိုအပ်မလဲ။

ကျွန်တော့် အမြင်အရဆို လူငယ်နဲ့ အမျိုးသမီးတွေရဲ့ နိုင်ငံရေး ဆုံးဖြတ်ပိုင်ခွင့်က အရေးကြီးတဲ့ အခန်းကဏ္ဍမှာ ပါဝင်ရမယ်လို့ မြင်ပါတယ်။ လက်ရှိတော်လှန်ရေးမှာကြည့်မယ်ဆိုရင် လူငယ်ထုနဲ့ အမျိုးသမီးထုရဲ့ အခန်း ကဏ္ဍက မေ့ထားလို့ မရဘူး။ လူငယ်ခေါင်းဆောင်တွေ ပေါ်ထွက်လာတာကိုကြိုဆိုရမှာဖြစ်သလို တချို့သော ကိစ္စတွေမှာ ပိုပြီးတော့ မြေတောင်မြောက်ပေးရမှာလည်းဖြစ်တယ်။ မြန်မာနိုင်ငံရဲ့ လူ့အဖွဲ့အစည်းရဲ့ ပုံစံကိုက အသက်၊ ကျားမ ဖြစ်တည်မှုနဲ့ပတ်သက်ပြီး နေရာပေးတာ မပေးတာကရှိနေပြန်တယ်။ ဒီကိစ္စကို ဒီကာလ မှာပင် တတ်နိုင်သလောက်ဖယ်ထုတ်ဖို့ ကြိုးစားရမှာဖြစ်တယ်။ တချို့သောလူကြီးတွေက လူငယ်တွေက တိုင်းပြည်အနာဂတ်ပဲလို့ ပြောနေကြပေမဲ့ လူငယ်တွေ တကယ်တက်လာတဲ့ အခါမှာ အတွေ့အကြုံမရှိလို့ ဆိုပြီး နေရာဖယ်ကျဉ်ထားတာတွေရှိတယ်။ ဒါကို လျော့ကျပြီး တတ်နိုင်သမျှလက်တွဲခေါ်ဖို့ လိုပါတယ်။

Related Articles

Back to top button