အင်တာဗျူး

၂၀၂၅မှာ တော်လှန်ရေးနဲ့ ဖက်ဒရယ်အရွေ့အားကောင်းဖို့ စိန်ခေါ်မှုတွေကို ဘယ်လိုကျော်ဖြတ်ကြမလဲ

ဒေါ်ခင်လေးနှင့် တွေ့ဆုံမေးမြန်းခြင်း

၂၀၂၅မှာ တော်လှန်ရေးနဲ့ ဖက်ဒရယ်အရွေ့အားကောင်းဖို့ စိန်ခေါ်မှုတွေကို ဘယ်လိုကျော်ဖြတ်ကြမလဲ

ဖက်ဒရယ်ဂျာနယ်၊ မြန်မာ

အမျိုးသမီးရေးရာ ကဏ္ဍ

ဖက်ဒရယ်ဂျာနယ်၊ မြန်မာရဲ့ နှစ်သစ် ၂၀၂၅ အတွက် အထူးမေးမြန်း သုံးသပ်ချက်များကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။

ဒီတပတ်မှာ​တော့ အမျိုးသမီးရေးရာ ကဏ္ဍမှာ ၂၀၂၅မှာ တော်လှန်ရေးနဲ့ ဖက်ဒရယ်အရွေ့အားကောင်းဖို့ စိန်ခေါ်မှုတွေကို ဘယ်လိုကျော်ဖြတ်ကြမလဲ ဆိုတဲ့ ခေါင်းစဉ်ကိုအခြေခံပြီး

နွေဦးတော်လှန်ရေးကာလမှာ တော်လှန်ရေးနဲ့ နိုင်ငံရေးအရွေ့က ဘယ်လောက်ခရီးနီးခဲ့ပြီလဲ၊ ဒီအရွေ့မှာ အမျိူးသမီးတွေရဲ့ အခန်းကဏ္ဍ က အတိုင်းအတာဘယ်လောက်ထိ ပါဝင်ခဲ့လဲ၊၂၀၂၄ ရဲ့ တော်လှန်ရေးနဲ့ နိုင်ငံရေးအရွေ့ ကနေ ၂၀၂၅ မှာ စကစ ကို အမြစ်ဖြတ်တဲ့အထိ အဆုံးအဖြတ်ဖြစ်လာနိုင်လား၊ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးအတွက် လက်ရှိမှာဆွေးနွေးနေကြတဲ့ အစုအဖွဲ့အသီးသီးမှာ အမျိုးသမီးပါဝင်မှုက ဦးဆောင်တဲ့ အခန်းကဏ္ဍ အပါအဝင် တော်လှန်ရေးထဲက အမျိုးသမီးတွေပါဝင်နဲ့ ၂၀၂၅ အတွက် တော်လှန်ရေးနဲ့ နိုင်ငံရေး အရွေ့အားကောင်းဖို့ ဆိုရင် လက်ရှိအခြေအနေမှာ ဘယ်လိုကိစ္စတွေ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်သင့်လဲ စတဲ့ အကြောင်းအရာတွေကို Women’s Advocacy Coalition – Myanmar ရဲ့ coordinator လည်းဖြစ်၊ Triangle Women Organizations ရဲ့ ဒါရိုက်တာဖြစ်သူ ဒေါ်ခင်လေး နှင့် တွေ့ဆုံမေးမြန်းချက်ကို တင်ဆက်ပေးသွားပါ။

————-

မေး။ ။ နွေဦးတော်လှန်ရေးကာလမှာ တော်လှန်ရေးနဲ့ နိုင်ငံရေးအရွေ့ကိုကြည့်ရင် ဘယ်လောက်ခရီးနီးခဲ့ပြီလို့ မြင်သလဲ။

ဖြေ။ ။ အလွယ်ဆုံးပြောရရင်တော့ မနှစ်ကနဲ့ယှဉ်ရင်တော့ ပိုနီးလာပြီလို့ ပြောရမှာပေါ့နော်။ ဒီနွေဦး တော်လှန်ရေး ခရီးလမ်းက ၃နှစ်ကျော်ပြီးတော့ ၄နှစ်ပြည့်ဖို့ နီးနေပြီ။ ဒါကိုပြန်ကြည့်လိုက်တဲ့အခါမှာ တော်လှန်ရေးမှာ ပါဝင်ဆောင်ရွက်သူတွေရဲ့ အားတွေ၊ စိတ်ဝင်စားမှုတွေ၊ တက်ကြွဆောင်ရွက်မှုတွေကတော့ အားကောင်းဆဲ ဖြစ်ပါတယ်။ နီးပြီလားဆိုရင်တော့ အရင်ကထက် ပိုပြီးနီးလာပြီလို့ အလွယ်ဆုံးပဲ ပြောချင်ပါတယ်။

တော်လှန်ရေးတစ်ရပ်ကို ဆင်နွှဲတဲ့အခါမှာ ကျမဆိုရင် ၁၉၈၈ကနေ ဦးစောမောင်၊ ဦးသန်းရွှေလက်ထက်အထိ အာဏာရှင်လွတ်မြောက်ရေးကနေ ထဲထဲဝင်ဝင် ပါဝင်ဆောင်ရွက်ခဲ့တဲ့ ရှေ့က မျိုးဆက်တစ်ခုပေါ့နော်။ အဲဒီအခါကြတော့ ဒီတော်လှန်ရေးနဲ့ အရှေ့က တော်လှန်ရေးကို နှိုင်းယှဉ်ကြည့်တဲ့အခါမှာ ပြည်သူလူထုရဲ့ ပါဝင်မှု၊ စိတ်ပါဝင်စားမှု၊ လူတန်းစားအလွှာအသီးသီးရဲ့ ပါဝင်မှုနဲ့ စိတ်ပါဝင်စားမှုက ဘယ်ခေတ်ဘယ်အခါနဲ့မှ မတူဘူးလို့ ပြောလို့ရတယ်။ ၄နှစ်တာကာလအထိကို လူတန်းစားအလွှာအသီးသီးမှာရှိတဲ့ အထူးသဖြင့် လူငယ်တွေ၊ ပညာတတ်တွေ၊ ကျွမ်းကျင်သူတွေဟာ ဆက်ပြီးတော့ တိုက်ပွဲဝင်နေဆဲပဲ ဖြစ်တယ်။ CDM တွေကလည်း ဆက်ပြီးတော့ တိုက်ပွဲဝင်နေဆဲပဲ ဖြစ်တယ်။

ယခင့်ယခင်တော်လှန်ရေးတွေမှာကြတော့ လူနည်းစုပေါ့နော်။ လူနည်းစုဆိုတဲ့ နေရာမှာ တော်လှန်ရေးနဲ့ နိုင်ငံရေးကို စိတ်ပါဝင်စားတဲ့ နိုင်ငံရေးသမားအစုအဖွဲ့လောက်ပဲ နောက်ဆုံးမှာ ကျန်ခဲ့တာ။ အခုဆိုရင်တော့ အင်နဲ့အားနဲ့ ဆက်ပါနေတယ်။ တော်လှန်ရေးတစ်ရပ်မှာတော့ တစ်နိုင်ငံလုံး၊ အားလုံးက အုံးအုံးကြွက်ကြွက်နဲ့ ပါဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ ဒါပေမယ့် အခု၄နှစ်တာကာလပြည့်တော့မယ့်အချိန်မှာ ငွေအားနဲ့ ပါတဲ့သူကလည်း ဆက်ပါနေတယ်။ စိတ်ဓာတ်ရေးရာအရ လက်နက်ကိုင်ပြီးတော့ တိုက်ပွဲဝင်နေတဲ့သူတွေ ကလည်း ဆက်ပြီးတိုက်ပွဲဝင်နေကြတယ်။ အခုဆိုရင် နိုင်ငံတကာရဲ့ အရေးယူဆောင်ရွက်မှုတွေကလည်း အရင်ကထက်ပိုပြီးတော့ နီးစပ်လာတာဖြစ်တဲ့အတွက် အားရစရာရှိတယ်။ ဒါကြောင့် နွေဦးတော်လှန်ရေး ခရီးက ပိုပြီးတော့ နီးလာပြီလို့ပဲ ကျွန်မအနေနဲ့ ပြောချင်ပါတယ်။

မေး။ ။ ဒီအရွေ့မှာ အမျိူးသမီးတွေရဲ့ အခန်းကဏ္ဍ က အတိုင်းအတာဘယ်လောက်ထိ ပါဝင်ခဲ့လဲ။ ပါဝင်တဲ့ကဏ္ဍတွေအနက် ဘယ်ကဏ္ဍမှာ အမျိုးသမီးတွေအနေနဲ့ ထိရောက်တဲ့ လုပ်ဆောင်မှုတွေရှိနေပြီလဲ။

ဖြေ။ ။ ကျမတို့ဟာ စစ်အာဏာသိမ်းပြီးတဲ့နေ့ကစပြီး ရန်ကုန်မှာဆိုရင် အမျိုးသမီးငယ်လေးတွေကပဲ ဦးဆောင်ပြီး တော့ အထည်ချုပ်စက်ရုံက အမျိုးသမီးတွေနဲ့အတူတူ လမ်းမပေါ်ထွက်ခဲ့ကြတယ်။ နိုင်ငံရေးသမားတွေ၊ ပြည်သူ တွေက တွေတွေဝေဝေနဲ့ ဘာလုပ်ရမှန်း၊ ဘာလုပ်သင့်မှန်းမသိပဲ အငိုက်မိနေတဲ့အချိန်မှာ သူတို့ကပဲ လမ်းပေါ်ကို ရဲရဲဝံ့ဝံ့နဲ့ ထွက်ခဲ့ကြတယ်။ ပထမဆုံး အသတ်ခံရတာကလည်း အသက် ၁၉နှစ်အရွယ် နေပြည်တော်က မြသွဲ့သွဲ့ခိုင်ဆိုတဲ့ ညီမလေး ဖြစ်တယ်။ အဲဒီလိုပဲ သူနဲ့ အသက်အရွယ်မတိမ်းမယိမ်းဖြစ်တဲ့ ကြယ်စင်တို့၊ ပန်းသီးတို့လို ပြည်သူတွေအားလုံးသိတဲ့ ညီမလေးတွေနဲ့ တခြားသော အမျိုးသမီးတွေ အများကြီးလည်း သွေးမြေကျရတယ်။ ကျဆုံးသွားကြတယ်။ အကျဉ်းထောင်ထဲမှာ ရက်ရက်စက်စက် ဖမ်းဆီး နှိပ်စက်ခံရသူတွေလည်း ရှိခဲ့တယ်။

အဲဒီတော့ အမျိုးသမီးတွေရဲ့ ပါဝင်မှုဟာ အခုချိန်ထိ ပြန်စဉ်းစားကြည့်မယ်ဆိုရင် ထဲထဲဝင်ဝင်နဲ့ ပါဝင်နေတယ်လို့ ပြောလို့ရပါတယ်။ နည်းလမ်းပေါင်းစုံနဲ့ ပါဝင်နေတယ်။ လမ်းပေါ်မှာ ရှိနေခဲ့ရာကနေ အခုဆိုရင် လက်နက်ကိုင်တော်လှန်ရေးမှာလည်း လက်ဖြောင့်တပ်သားတို့၊ ရှေ့တန်းမသွားရပေမယ့် နောက်တန်းကနေ နည်းပညာတွေနဲ့ ကူညီပေးတာတွေ၊ ရန်ပုံငွေ ရှာဖွေပေးတာတို့လို ဒါမျိုးတွေနဲ့လည်း ပါဝင်နေကြတယ်။ နောက်တစ်ခါ အမျိုးသမီးတက်ကြွလှုပ်ရှားသူတွေကြတော့ လူငယ်တွေလို မြေပြင်ကို ဆင်းပြီးတော့ လက်နက်ကိုင်ပြီး မတိုက်နိုင်ဘူး။ သူတို့လို အပင်ပန်းဆင်းရဲ မခံနိုင်ကြတဲ့အခါကြတော့ ကျမတို့တွေဟာ နည်းပညာပိုင်းမှာ ပါဝင်ကူညီမှုတွေ လုပ်တယ်။ ရန်ပုံငွေရှာဖွေမှုတွေမှာ ပါဝင်ကူညီမှုတွေ လုပ်တယ်။

နည်းပညာလို့ ပြောတဲ့အခါမှာ ကျမတို့ အခုသွားနေတဲ့ နွေဦးတော်လှန်ရေးက အင်မတန်မှ ထူးခြားပါတယ်။ စစ်အာဏာရှင်ကို တိုက်ရုံတင်မဟုတ်ဘူး၊ အနာဂါတ်ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ဖို့အတွက် အုတ်မြစ်ကောင်းတွေ ရဖို့အတွက် အစီအမံတွေ၊ မူဝါဒတွေ၊ သဘောတူညီမှုတွေရအောင် ဆောင်ရွက်နေတာ ဖြစ်တဲ့အတွက် ဒီကာလမှာ ကျမတို့အမျိုးသမီးတွေက သူတို့ရဲ့ အကြံဉာဏ်၊ ကျွမ်းကျင်မှုတွေနဲ့ ဒီဟာတွေ ရေးဆွဲတဲ့အခါမှာ နည်းပညာပိုင်းတွေမှာ ပါဝင်ပြီးတော့ အထောက်အကူပြုနေတာလည်း အများကြီးရှိပါတယ်။ ဒါ့အပြင် နိုင်ငံတကာမှာ ရှိနေကြတဲ့ သူတွေပဲဖြစ်ဖြစ် ဒီမှာ အများဆုံးပါဝင်ပြီးတော့ တက်တက်ကြွကြွနဲ့ တကယ့် တော်လှန်ရေးအတွက် အဓိကလည်ပတ်နိုင်ဖို့ ထောက်ပို့လုပ်ပေးတာတွေ၊ ကူညီပံ့ပိုးမှုတွေ လုပ်ပေးတဲ့ နေရာမှာလည်း အများကြီးပါဝင်နေကြတယ်။

တော်လှန်ရေးအတွက် ဦးဆောင်တဲ့နေရာမှာ NUGတို့၊ NUCCတို့နဲ့ တခြားသော ဦးဆောင်နေတဲ့ ပလက်ဖောင်းတွေကိုပဲ ကြည့်လိုက်ပါ။ ထိထိရောက်ရောက် တက်တက်ကြွကြွနဲ့ ရှေ့တန်းကနေ ပါဝင်နေတာကို တွေ့ရမှာပါ။ အဲဒီတော့ အမျိုးသမီးတွေရဲ့ ဦးဆောင်မှု၊ ပါဝင်မှုက အားရစရာကောင်းတယ်။ ဒါပေမယ့် တချိန်တည်းမှာပဲလည်း ကျမတို့မှာ စိုးရိမ်စရာရှိတာက ဒီအမျိုးသမီးတွေက ဒီလောက်အထိ ပါဝင်ခွင့်ရတာက သူတို့ရဲ့  စိန်ခေါ်မှု၊ သူတို့ရဲ့ ဘဝအတွက် ကျမတို့ သေသေချာချာ၊ အာမခံချက်ရှိရှိနဲ့ ဆောင်ရွက်ပေးနိုင်ရဲ့လား။ တော်လှန်ရေးထဲမှာ အတူတူပါဝင်နေတဲ့ ရဲဘော်ရဲဘက်တွေကကော သူတို့ကို သေသေချာချာ လက်တွဲခေါ်ယူပြီးတော့ သူတို့ရဲ့ ဘေးအန္တရာယ်တွေ၊ သူတို့ရဲ့ အခွင့်အရေးတွေ အပြည့်အဝ ရရှိအောင် ဆောင်ရွက်ပေးနိုင်ရဲ့လားဆိုတာကတော့ မေးခွန်းထုတ်စရာ ဖြစ်နေသေးတာပေါ့နော်။

မေး။ ။ ၂၀၂၄ ရဲ့ တော်လှန်ရေးနဲ့ နိုင်ငံရေးအရွေ့ကနေ ၂၀၂၅မှာ စကစကို အမြစ်ဖြတ်တဲ့အထိ အဆုံးအဖြတ်ဖြစ်လာနိုင်လား။ ဘယ်လို ရင်ဆိုင်ကျော်လွှားရမယ်လို့ ထင်ပါသလဲ။

ဖြေ။ ။ အခုနွေဦးတော်လှန်ရေးက ၃နှစ်ကော ၄နှစ်ကာလထဲကို ရောက်လာပြီ၊ ၂၀၂၅မှာတော့ အဆုံးအဖြတ်နှစ်လို့ ပြောလို့ရတယ်။ အဆုံးအဖြတ်နှစ်ဆိုတာက လုံးဝကြီး နိုင်သွားမယ်လို့ ကျမတို့ ဆိုလိုတာ မဟုတ်ပါဘူး။ နိုင်မလား ရှုံးမလား၊ တော်လှန်ရေးက အီလည်လည်နဲ့ ကြာနေမလား၊ ရပ်တန့်နေမလားဆိုတာကို အဆုံးအဖြတ်ပေးရမယ့်နှစ်လို့ ထင်ပါတယ်။  ဒါကို နားလည်တဲ့သူတွေ၊ နိုင်ငံရေးကျွမ်းကျင်သူတွေ၊ လေ့လာသုံးသပ်တဲ့သူတွေကလည်း အစဉ်အဆက်ပြောနေပါတယ်။ ဘာလို့လဲဆိုတော့ တော်လှန်ရေးတရပ်က ဖြစ်လာပြီဆိုရင်တော့ အနည်းနဲ့ အများက ကြာတတ်ပါတယ်။ ဆီးရီးယားတို့လို မကြာသေးခင်က ဖြစ်သွားတဲ့ ကိစ္စတွေ၊ ကျမတို့ရှေ့မှာ ဖြစ်သွားခဲ့နိုင်ငံတွေဆိုရင်လည်း တော်လှန်ရေးတစ်ခုဟာ ဘာပဲပြောပြော ဆယ်စုနှစ်နဲ့ချီ ကြာတတ်ပါတယ်။

ကျမတို့နိုင်ငံမှာလည်း ၁၉၈၈ကဆိုရင် နှစ်ပေါင်း ၂၀ကျော် စစ်အာဏာရှင်ကို တိုက်ခဲ့ပြီးတော့ ၂၀၁၁ကြမှ နိုင်ငံရေးအပွင့်ကာလကို ရောက်ခဲ့တာ ဖြစ်ပါတယ်။ ဆိုတော့ နေ့ခြင်းညခြင်းတော့ မဖြစ်နိုင်ဘူး။ ဒါပေမယ့် ၂၀၂၅မှာတော့ ကျမတို့ တော်လှန်ရေးက မြန်မြန်နဲ့ အောင်မြင်မှာလား၊ တော်လှန်ရေးက အီလည်လည်နဲ့ဖြစ်ပြီး တန့်နေမှာလားဆိုတဲ့ အဆုံးအဖြတ်ပေးမယ့်နှစ်လို့ ကျမကတော့ ယုံကြည်တယ်။ ဘာဖြစ်လို့လဲ၊ ဘယ်လိုအဆုံးအဖြတ် ပေးမှာလဲဆိုရင် တော်လှန်ရေးကို ဦးဆောင်တဲ့ အဖွဲ့အစည်းတွေ၊ လူပုဂ္ဂိုလ်တွေက ဘယ်လောက်အထိ မူဝါဒခိုင်ခိုင်မာမာနဲ့ တခြားသော အင်အားစုတွေ၊ အဖွဲ့အစည်းတွေ၊ လက်နက်ကိုင် အင်အားစုတွေ၊ EROတွေ၊ EAO တွေ၊ NUG အပါအဝင် သူတို့တွေက ဘယ်လောက်တောင် နားလည်မှုရှိရှီနဲ့  အနာဂါတ်နိုင်ငံတော် တည်ဆောက်ဖို့အတွက် စစ်အာဏာရှင်ကို အမြစ်ဖြတ်ဖို့အတွက် သူတို့ ဘယ်လောက်ထိ အတူတူ လက်တွဲဆောင်ရွက်နိုင်မလဲဆိုတဲ့ အပေါ်မှာ မူတည်မယ်လို့ ထင်ပါတယ်။

အဲဒီအရာတွေကို သက်ဆိုင်ရာခေါင်းဆောင်လုပ်တဲ့ ပုဂ္ဂိုလ်တွေက သေချာဆုံးဖြတ်ပြီးတော့ သဘောတူညီမှုတွေ ရပြီဆိုရင်တော့ ကျမတို့တော်လှန်ရေးက ပိုပြီးတော့ မြန်မယ်။ ဒါကြောင့်မလို့ သူတို့ရဲ့ သဘောတူညီချက်တွေ၊ အတူတူပူးပေါင်းဆောင်ရွက်မှုတွေ ဘယ်လောက်ရှိမလဲဆိုတာက ၂၀၂၅မှာ သေသေချာချာ ပြနိုင်မယ်ဆိုရင်တော့ တော်လှန်ရေးအတွက် အဆုံးအဖြတ်ပေးမယ့်နှစ်၊ ကောင်းတဲ့ အဆုံးအဖြတ်ပေးမယ့်နှစ်လို့ ယူဆပါတယ်။

မေး။ ။ အာဏာသိမ်းထားတဲ့ စစ်ခေါင်းဆောင်နဲ့ စစ်ကောင်စီရဲ့ အလားအလာက ၂၀၂၅မှာ ဘယ်လိုရှိလာနိုင်မယ်လို့ ယူဆပါသလဲ။

ဖြေ။ ။ အဲဒါကလည်း ကျမတို့တော်လှန်ရေးတရပ်က နည်းနည်းအချိန်ကြာလာတာနဲ့အမျှ ကိုယ့်ဘက်သူ့ဘက်ပေါ့။ စစ်ကောင်စီဘက်မှာ သူ့ရဲ့ အကျိူးစီးပွားအတွက် ရပ်တည်မယ့်နိုင်ငံတွေလည်း ရှိကောင်းရှိလာနိုင်တယ်။ တော်လှန်ရေးဘက်မှာ ဆက်ပြီးတော့ မားမားမတ်မတ်နဲ့ ရပ်တည်ပေးမယ့် အားပေးထောက်ခံမယ့် နိုင်ငံတွေလည်း ရှိကောင်း ရှိလာမယ်။ စစ်ကောင်စီက ၂၀၂၅မှာ ရွေးကောက်ပွဲလုပ်မယ်လို့ ပြောတဲ့ဟာကို သူတို့လုပ်ချင်တဲ့ ဆန္ဒရှိရင်တော့ ဖြစ်အောင် လုပ်လို့ရတယ်။ ဘာကြောင့်လဲဆိုတော့ အရာရာက သူတို့လက်ထဲမှာ ရှိတယ်။ အာဏာရှိတယ်၊ လုပ်ပိုင်ခွင့်ရှိတယ်၊ ပိုက်ဆံရှိတယ်၊ လက်နက်တွေရှိတဲ့ အခါကြတော့ သူတို့စိုးမိုးထားတဲ့ နေရာ၊ သူတို့ထိန်းချုပ်ထားတဲ့ ဒေသတွေမှာ သူတို့ရွေးကောက်ပွဲကို မဖြစ်ဖြစ်အောင် လုပ်လို့ရတာပဲ။

ဥပမာအားဖြင့် မြေပြင်မှာဆင်းပြီးတော့ တစ်အိမ်လုံးမှာရှိတဲ့ မဲပေးခွင့်ရှိတဲ့ ၁၈နှစ်ပြည့်ပြီးတဲ့လူတွေ မြေပြင်အထိ မဲလာပေးစရာ မလိုတဲ့ နည်းလမ်းတွေနဲ့ သူတို့အများကြီး လုပ်လို့ရတယ်။ မဲခိုးပြီးပဲ ဖြစ်ဖြစ်၊ မဲလိမ်ပြီးတော့ ဖြစ်ဖြစ်၊ မကြာသေးခင်ကလို သန်းခေါင်စာရင်းကောက်ပြီးတော့ ယူသွားတဲ့ဟာတွေကပဲ ဖြစ်ဖြစ် သူတို့ကြိုက်တဲ့ နည်းလမ်းနဲ့ လုပ်လို့ရတာပဲ။ တိုင်းပြည်က သူတို့လက်ထဲမှာ ရောက်နေတာကိုး။ သူတို့လုပ်ချင်ရင်တော့ ဖြစ်တယ်။ ဒါပေမယ့် အဲဒီနောက်ပိုင်းမှာ ရွေးကောက်ပွဲလုပ်လိုက်ပြီးတော့ အဲဒီရွေးကောက်ပွဲရလဒ်ကို ဘယ်နိုင်ငံတွေက အသိအမှတ်ပြုမလဲဆိုတာက ပိုအရေးကြီးတယ်လို့ ထင်တယ်။ အဲဒီတော့ သူတို့လုပ်ပေမယ့် ဒီရွေးကောက်ပွဲဟာ တရားဝင်တဲ့ ရွေးကောက်ပွဲ မဟုတ်ဘူး၊ ရွေးကောက်ပွဲရလဒ်ကို အသိအမှတ်မပြုဘူးဆိုတဲ့ ကျမတို့တော်လှန်ရေးကို ထောက်ခံတဲ့ မားမားမတ်မတ် ရပ်တည်ပေးတဲ့ နိုင်ငံတွေ ပိုများများရှိလေ ကျမတို့ဖက်က အားသာလေလို့ပဲ ထင်တယ်။

နိုင်ငံရေးကတော့ နည်းနည်းတော့ ရှုပ်ထွေးလာမယ်။ အထူးသဖြင့် အခု တရုတ်ရဲ့ ရပ်တည်မှုကိုကြည့်ရင် ကျမတို့မှာ ပိုပြီးတော့ စိုးရိမ်စရာဖြစ်တယ်။ တရုတ်ရဲ့ Backupလုပ်မှုက မင်းအောင်လှိုင်တို့ စစ်အုပ်စုကို ပိုပြီးတော့ လူတွင်ကျယ်ဖြစ်အောင်၊ လူပိုသတ်နိုင်အောင် ပိုပြီးတော့ ယုံကြည်မှုပိုပေးတဲ့ ပုံစံ ဖြစ်နေတယ်။ အဲဒါမျိုးတွေကိုတော့ ကျမတို့က စိုးရိမ်တယ်။ ရွေးကောက်ပွဲကို စိုးရိမ်တာ မဟုတ်ဘူး။ တရုတ်ရဲ့ ခြေလှမ်းတွေက ကျမတို့အတွက် လုံးဝစိုးရိမ်စရာဖြစ်တယ်။

နောက်တစ်ခါ အိမ်နီးချင်းနိုင်ငံတွေကကော ဘယ်ဖက်ကို လိုက်မှာလဲ။ အခုဆိုရင် တချို့နိုင်ငံတွေက ကြားနေလိုပုံစံမျိုး အသံလည်း မထွက်ဘူး။ နှစ်ဖက်လုံးနဲ့ ဆက်ဆံရေးတည်ဆောက်ထားတဲ့ အနေအထားမှာ ရှိတယ်။ ရေရှည်မှာကော ဘယ်လိုပုံစံသွားမှာလဲဆိုတာက ကျမတို့အတွက် စဉ်းစားစရာ ဖြစ်တယ်။

မေး။ ။ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးအတွက် လက်ရှိမှာဆွေးနွေးနေကြတဲ့ အစုအဖွဲ့ အသီးသီး ရှိကြတဲ့နေရာမှာ အမျိုးသမီးပါဝင်မှုက ဦးဆောင်တဲ့ အခန်းကဏ္ဍထိပါဝင်နိုင်ပြီလား။

ဖြေ။ ။ NUCC မှာဆိုရင်တော့ အမျိုးသမီးတွေရဲ့ ပါဝင်မှုက အားကောင်းတယ်လို့ ပြောလို့ရတယ်။ NUCC ကတော့ မူဝါဒတွေ၊ အနာဂါတ်ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံ ဖြစ်ဖို့အတွက် ဖက်ဒရယ်  ချာတာ၊ ဒီမိုကရက်တစ်ချာတာ ရေးဆွဲတဲ့ အခါမှာပဲ ဖြစ်ဖြစ် ချမှတ်တဲ့အခါမှာပဲ ဖြစ်ဖြစ် အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍက တော်တော်လေး ပါဝင်တယ်။ ဒါပေမယ့် တဖက်မှာလည်း ကျမတို့ပြန်ကြည့်တဲ့အခါမှာ နိုင်ငံတော်သစ်ကို တည်ဆောက်တဲ့ အခါမှာ ဖက်ဒရယ်ယူနစ်တွေ၊ ပြည်နယ်ယူနစ်တွေကို ပြန်ကြည့်တဲ့အခါ ကျမတို့အားလုံး တစ်ခုခုပြောလိုက်တိုင်း မျက်စိထဲမှာ ဥပမာယူစရာ ပြောဖြစ်တာက ကရင်နီပြည်နယ်ကြားကာလကောင်စီ ပေါ့နော်။ အစိုးရအဖွဲ့ပေါ့၊ အမျိုးသမီးတွေရဲ့ ပါဝင်မှု အခန်းကဏ္ဍက တော်တော်လေးကို အားကောင်းတယ်။ အတွင်းရေးမှူးအဆင့်ထိကို အမျိုးသမီးတွေ ပါတယ်။ အမျိုးသမီးတွေတင်မကဘူး၊ သက်ငယ်ပိုင်း အမျိုးသမီးတွေက ပိုပြီးတော့ ရှေ့တန်းကနေ တက်တက်ကြွကြွနဲ့ ဦးဆောင်ပြီးတော့ ပါဝင်နေတာ တွေ့ရတဲ့အတွက် ကျမတို့အတွက်တော့ အားရစရာဖြစ်တယ်။

ကျန်တဲ့အခြားပြည်နယ်၊ ဖက်ဒရယ်ယူနစ်တွေကတော့ ဘာပဲပြောပြော အရှိန်ယူပြီးတော့ ဆောင်ရွက်နေတုန်း ဖြစ်တဲ့အတွက် IECရဲ့ နမူကောင်းကို ယူပြီးတော့ လုပ်ဆောင်လိမ့်မယ်လို့ ကျမကတော့ ယုံကြည်တယ်။ တချိန်တည်းမှာပဲ အဲဒီလိုမျိုးတွေ မဖြစ်သေးရင်တောင် ဖြစ်လာဖို့အတွက် အမျိုးသမီးအခွင့်အရေး ဆောင်ရွက်တဲ့သူတွေက လှုံ့ဆောင်မှုတွေ လုပ်ရမယ်၊ တိုက်တွန်းမှုတွေ လုပ်ရမယ်။ ဒါမျိုးတွေကို ကျမတို့က အခုလုပ်ဆောင်နေပါတယ်။ ပြောရမယ်ဆိုရင်တော့ အားရစရာတော့ ရှိတယ်။ ဒါပေမယ့် အမျိုးသမီးတွေရဲ့ ခေါင်းဆောင်မှုနေရာမှာ ပါဝင်မှုသေချာစေဖို့ဆိုရင်တော့ ဒီကာလလေးကိုပဲ မကြည့်ဘဲ ဖက်ဒရယ်နိုင်ငံတော်သစ် တည်ဆောက်တဲ့ အဓိကအခြေခံလုပ်ငန်းစဉ်တွေမှာ အမျိုးသမီးတွေရဲ့ ပါဝင်မှုကို သေချာစေမယ့် အစီအမံတွေ၊ မူဝါဒတွေ ဖြစ်ဖို့တော့ အရေးကြီးတယ်။ ဒါကိုလည်း ကျမတို့က ပိုပြီးတော့ တစိုက်မတ်မတ်နဲ့ တွန်းအားပေးပြီးတော့ လုပ်ဆောင်နေဖို့ လိုတယ်လို့ မြင်ပါတယ်။

မေး။ ။ အလားတူပဲ လက်နက်ကိုင်တော်လှန်ရေးဖက်မှာ ပါဝင်နေတဲ့ အမျိုးသမီးတွေအနေနဲ့ရော ဘယ်အနေအထားထိ တော်လှန်ရေးအရွေ့ကို ထိရောက်စေနိုင်ခဲ့သလဲ။

ဖြေ။ ။ အဲဒါကလည်း အင်မတန်မှ ထူးခြားပါတယ်။ ဘာကြောင့်လဲဆိုတော့ အခုတော်လှန်ရေးလုပ်နေတဲ့ ဒေသတွေကိုပဲ ကြည့်လိုက်ပါ။ အညာ၊ စစ်ကိုင်း၊ မကွေးတို့လိုဒေသတွေမှာဆိုရင် တစ်ခါမှ နယ်မြေ မငြိမ်းချမ်းဘူး။ တိုက်ပွဲဖြစ်တာတို့၊ တော်လှန်ရေးလုပ်တာတို့ဆိုတာ မရှိခဲ့ဖူးဘူး။ ရိုးရိုးသားသားနဲ့ တောင်သူ လယ်သမားတွေ များတယ်။ ပညာတတ်မြောက်မှုကလည်း အားနည်းတယ်။ ရိုးရိုးသားသားနဲ့ အေးအေးချမ်းချမ်း နေကြတဲ့ နေရာတွေမှာ အခုဆိုရင် တော်လှန်ရေးအင်အားစုတွေက သွားရောက်ပြီးတော့ အခြေချတာ၊ အသိပညာပေးတာတွေလည်း လုပ်နေတဲ့ အခါမှာ ဒါလိုနေရာတွေကိုကြည့်လိုက်ရင် အမျိုးသမီးလေးတွေက တော်တော်လေးကို ဦးဆောင်နိုင်တာကို တွေ့ရတယ်။

အဲဒီဒေသမှာရှိတဲ့ အညာသူ၊ အညာသားတွေက အရင်တုန်းက နိုင်ငံရေးတို့၊ လက်နက်ကိုင်တိုက်ပွဲတို့နဲ့ မနီးစပ်ပေမယ့် အခုကြတော့ အမျိုးသမီးတွေတောင်မှ ဦးဆောင်ပြီး ပါနေကြတာကို ကိုယ်က ဘာလို့ နောက်ကနေ မလိုက်ရမှာလဲဆိုတဲ့ အသိစိတ်ဓါတ်တွေနဲ့ ပိုပြီးတော့ တော်လှန်ရေးထဲမှာ ပါဝင်လာကြတယ်။ လက်နက်ကိုင်တော်လှန်ရေးမှာ ကျမတို့ အထူးသဖြင့်တော့ အမျိုးသမီးငယ်လေးတွေပေါ့။ သူတို့ရဲ့ Storyတွေ၊ သူတို့ရဲ့ ရင်နင့်စရာ၊ အားကျစရာဇာတ်လမ်းလေးတွေ၊ သူတို့ရဲ့ အကြောင်းလေးတွေကိုလည်း ထုတ်ဖော်ပြီး ပြောကြတဲ့အခါကြတော့ လူတွေက ပိုသိရှိလာတယ်။ အဲဒီအခါကြတော့ အရင်တုန်းကဆိုရင် ဓလေ့ထုံးစံ အရတော့  အမျိုးသမီးတွေဆိုတာ အားနွဲ့တယ်၊ ကြမ်းကြမ်းတမ်းတမ်းအလုပ်တွေ မလုပ်နိုင်ဘူးလို့ ယူဆထားကြတယ်။

အခုဆိုရင်တော့ အမျိုးသမီးတွေကလည်း အမျိုးသားတွေနဲ့တန်းတူ လက်နက်ကိုင်တိုက်ပွဲမှာလည်း ပါနိုင်တယ်။ သူတို့က ဉာဏ်ရည်ပိုင်းမှာလည်း ပိုပြီးတော့ ထက်ထက်မြက်မြက်နဲ့ လုပ်နိုင်တဲ့အတွက် နည်းပညာနဲ့ ဦးဆောင်တဲ့ နေရာတွေမှာ ဥပမာအားဖြင့် ဒရုန်းနဲ့ ပါတ်သက်တဲ့ ကိစ္စတွေမှာလည်း သူတို့ ပါနိုင်တာကို တွေ့ရတဲ့အတွက် သူတို့ကိုပိုပြီးတော့မှ လူသိလာတယ်။ နောက်တစ်ခုက လက်နက်ကိုင် တော်လှန်ရေးလို့ပြောရင် ဆေးတပ်သားတွေကိုလည်း မေ့ထားလို့ မရဘူး။ လက်နက်ကိုင်တော်လှန်ရေးမှာ ဆိုရင် အထိအခိုက်တွေ၊ အပွန်းအပဲ့တွေ၊ ဒဏ်ရာရတာတွေ၊ ကျဆုံးတာတွေ အများကြီးရှိတယ်။ အဲဒီလို နေရာတွေမှာဆိုရင် ကျမတို့အမျိုးသမီးတွေက ဆရာဝန်တွေ၊ သူနာပြုတွေ၊ ဆေးတပ်သားတွေအနေနဲ့ တိုက်ပွဲတွေ၊ ရှေ့တန်းစစ်မြေပြင်တွေမှာ ရဲစွမ်းသတ္တိအပြည့်နဲ့ ပါဝင်ပြီးတော့ ဆောင်ရွက်ပေးနေတာ တွေ့ရတဲ့ အတွက် အမျိုးသမီးတွေရဲ့ ပါဝင်မှုကိုတော့ ကျွန်မထင်တယ်၊ လူထုရဲ့ အမြင်မှာ ရိုးသားတဲ့၊ ပညာအခြေခံ အားနည်းတဲ့သူတွေလို့  အမျိုးသမီးတွေကို အရင်တုန်းက‌ တွေးထားတဲ့နေရာမှာ အခုဆိုရင် အမျိုးသမီးတွေ အပေါ်မှာ မြင်တဲ့အမြင်တွေက ပြောင်းသွားမယ်။ အမျိုးသမီးတွေက အခြေအနေပေးရင် အမျိုးသားတွေနဲ့ တန်းတူ ဉာဏ်ပိုင်းကော၊ ကာယပိုင်းမှာကော တန်းတူကြိုးစားနိုင်ကြတယ်ဆိုတာကို သူတို့အမြင်ပြောင်းသွား လိမ့်မယ်လို့ ကျမကတော့ ယုံကြည်ပါတယ်။

မေး။ ။ ၂၀၂၅ အတွက် တော်လှန်ရေးနဲ့ နိုင်ငံရေး အရွေ့အားကောင်းဖို့ ဆိုရင် လက်ရှိအခြေအနေမှာ ဘယ်လိုကိစ္စတွေ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်သင့်မလဲ။

ဖြေ။ ။ သိပ်ကောင်းတဲ့ မေးခွန်းပါပဲ၊ ဒါကိုလည်း ကျမတို့တောက်လျှောက် ကိုယ်နဲ့နီးစပ်တဲ့ သူတွေ၊ အစုအဖွဲ့တွေ၊ တာဝန်ရှိတဲ့ သူတွေကို ၄နှစ်တာလုပ်လာခဲ့တဲ့ အရာတွေကို ပြန်ပြီးတော့ သုံးသပ်မှုတွေ လုပ်သင့်တယ်။ ပြန်ပြီးတော့ သုံးသပ်ပြီးတဲ့အခါမှာ ကျမတို့ဟာ လူတွေဖြစ်တဲ့အတွက် အထူးသဖြင့် တော်လှန်ရေးကာလမှာ ကျမတို့ဟာ တော်တော်ခက်ခက်နဲ့ အရင်တုန်းကဆိုရင် မြေပြင်မှာ တစုတစည်းတည်းနဲ့ တော်လှန်ရေး လုပ်ကြတယ်။ အခုက တစ်ကမ္ဘာလုံးမှာ တော်လှန်နေကြတဲ့ တော်လှန်သူတွေက စုစည်းပြီး လုပ်ကြတဲ့ တော်လှန်ရေးဖြစ်တဲ့အတွက် အချိန်၊ နေရာ၊ အနေအထား၊ လုံခြုံရေးအားဖြင့်ကော အခက်အခဲ အရမ်းများ ပါတယ်။ မတူတဲ့သူတွေ၊ တစ်ခါမှ မသိဖူးတဲ့သူတွေ စုပြီးတော့ အတူတူလုပ်ကြတယ်။ နောက်ခံဘက်ဂရောင်း မတူဘူး။ တစ်ယောက်နဲ့ တစ်ယောက် ယုံကြည်မှုလည်း အားနည်းတဲ့သူတွေ အခုချိန်မှာ စုပေါင်းပြီး လုပ်ကြရတဲ့ တော်လှန်ရေးဖြစ်တဲ့အတွက် အားနည်းချက်တွေ အများကြီးရှိပါတယ်။

ဒီအားနည်းချက်တွေကို ကျမတို့က စိတ်ပျက်နေစရာ မလိုဘူး။ ဘာတွေ အားနည်းခဲ့သလဲဆိုတာကိုတော့ မိမိတို့ရဲ့ မိခင်အဖွဲ့အစည်းအသီးသီးကနေပြီးတော့ ပြန်သုံးသပ်ဖို့ လိုတယ်။ ပြန်သုံးသပ်ပြီးရင်လည်း ပြန်ပြီးတော့ ကိုယ့်ရဲ့ အဖွဲ့အစည်းကို တည်ဆောက်ဖို့အတွက် ဘယ်လိုပုံစံပြန်သွားမလဲဆိုတဲ့ ဟာကို လုပ်ရမယ်။ လူမကောင်းရင်လည်း လူ၊ မူမကောင်းရင်လည်း မူကို ပြုပြင်ပြောင်းလဲပြီးတော့ ကျမတို့ ရှေ့ကို ဆက်သွားရမယ်လို့ ထင်ပါတယ်။ ဒါကိုလုပ်ရမယ့်အချိန်က နှောင်းတောင် နှောင်းနေပြီ၊ နောက်တောင် နောက်ကျနေပြီလို့ ပြောလို့ရတယ်။

အဲဒီလို သုံးသပ်ပြီးရင်တော့ ကျန်တဲ့အစုအဖွဲ့တွေနဲ့ မဟာမိတ်အစုအဖွဲ့တွေ ကြားထဲမှာကော အရင်က သွားထားတဲ့ Agreement တွေ၊ သွားထားတဲ့ သဘောတူညီမှုတွေမှာ ဘာတွေ ဆက်လုပ်သင့်သလဲ၊ တဖက်နဲ့ တဖက်မှာ ဘာတွေကို ယုံကြည်မှုနဲ့ တည်ဆောက်ဖို့အတွက်က ဘာတွေအားနည်းသလဲဆိုတာကို ပြန်ပြီးတော့ သုံးသပ်ပြီးတော့ coordination ပိုကောင်းအောင် ပြန်သုံးသပ်သင့်တယ်လို့ ထင်တယ်။ တစ်ခါတရံကြရင် ကျမတို့က လူတွေဖြစ်တဲ့အတွက် လူတွေမှာ အတ္တတွေရှိတယ်၊ မယုံကြည်မှုတွေ ရှိတဲ့အခါမှာ ပူးပေါင်း လုပ်ရတာ ခက်ပါတယ်။

အဲဒီတော့ ကျမတို့က အခုချိန်မှာ တွေ့ရမှာကတော့ ပြည်သူလူထုကလည်း အရမ်းကို ပင်ပန်းလှပြီ။ အားလုံး သိကြတဲ့အတိုင်းပဲ စစ်မှုထမ်းဥပဒေကြောင့် လူငယ်တွေဟာ ပြည်တွင်းမှာ မနေနိုင်ကြဘူး။ နည်းလမ်း ပေါင်းစုံနဲ့ ပြည်ပကို ထွက်ရတဲ့အခါမှာ သူတို့ဘဝတွေကလည်း အင်မတန်မှ ဒုက္ခပေါင်းစုံနဲ့ ရင်ဆိုင်ရတယ်။ ပြည်တွင်းမှာရှိနေတဲ့ လူတွေရဲ့ ဘဝဟာ တော်လှန်ရေးကြောင့် မဟုတ်ဘူး၊ စစ်ကောင်စီကြောင့် အစိပ်စိပ် အမြွှာမြွှာနဲ့ ကြေနေပြီ။ ဒါကို အမြန်ဆုံး အဆုံးသတ်နိုင်ဖို့ဆိုရင် ကျမတို့ရဲ့ တော်လှန်ရေးအင်အားစုတွေက ကိုယ်မှာရှိတဲ့ အတ္တတွေ၊ မာန်တွေ၊ မာနတွေ၊ မယုံကြည်မှုတွေကို လျှော့ချပြီးတော့ စစ်အာဏာရှင်ဘုံရန်သူကို အကောင်းဆုံး ငါတို့ဘယ်လိုအဆုံးသတ်နိုင်အောင် ဘယ်လိုလုပ်ကြမလဲဆိုတာကို အရင်ဆုံး ဦးစားပေးပြီးတော့ စဉ်းစားစေချင်ပါတယ်။

အဲဒီလိုစဉ်းစားပြီးတော့ တဆင့်ချင်း တဆင့်ချင်း ပူးတွဲလုပ်ဆောင်ရာကနေတဆင့် ယုံကြည်မှုတွေလည်း အခုဆိုရင် အရင်ကထက် ပိုရလာပြီ။ ကောင်းတဲ့အရွေ့ကနေ ဆက်ပြီးတော့ အတူတူ  ပိုပြီးတော့ ကောင်းတဲ့ တော်လှန်ရေးဖြစ်အောင် လုပ်မယ်ဆိုရင် အခုတော်လှန်ရေးက ပိုပြီးတော့ မြန်မြန်နဲ့ အောင်မြင်မယ်လို့ ထင်တယ်။ ပြည်သူလူထုကို ကျမပြောချင်တာကတော့ တော်လှန်ရေးတရပ်ဟာ နေ့ချင်းညချင်း ပြီးသွားမယ်လို့ ကျမတို့ မျှော်လင့်လို့ မရပါဘူး။ စိတ်ဓာတ်ကျအောင် ပြောတာလည်း မဟုတ်ပါဘူး။ တကယ့် အမှန်တရားအားဖြင့် တော်လှန်ရေးတွေဟာ ဘယ်လောက်ကြာမလဲ၊ ဘယ်လောက်မြန်မလဲဆိုတာက တော်လှန်ရေးဦးဆောင်သူတွေ အပေါ်မှာလည်း မူတည်တယ်။

အထူးသဖြင့် တော်လှန်ရေးကို ဦးဆောင်သူတွေရဲ့  ဉာဏ်အမြော်အမြင်ရှိမှုနဲ့ vision၊ ဘယ်လောက်တောင်မှ strategy ကောင်းလဲ၊ မူဝါဒကောင်းသလဲ၊ ဗျူဟာကောင်းသလဲဆိုတဲ့ အပေါ်မှာလည်း မူတည်သလို ကျမတို့ ပြည်သူတွေကလည်း ဘယ်လောက်ပူးပေါင်းပါဝင်နိုင်သလဲ၊ ဘယ်လောက် support လုပ်နိုင်သလဲ၊ ဒါမှမဟုတ် Boycott လုပ်သင့်တာ လုပ်မယ်။ ကိုယ့်ကို မနာတဲ့နည်းနဲ့ပေါ့နော်။ နိုင်ငံရေးကို နိုင်ငံရေးနည်းနဲ့ ပြန်ပြီးတော့ တော်လှန်နိုင်မယ်ဆိုရင်တော့ ကျမတို့ရဲ့ အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်ဆီကို ရောက်ဖို့ကတော့ သိပ်မဝေးတော့ဘူးလို့ ကျမအနေနဲ့ ပြောချင်ပါတယ်။

မေး။ ။ လက်ရှိလက်နက်ကိုင်တော်လှန်ရေးကာလမှာ အခက်အခဲပေါင်းစုံရင်ဆိုင်ကြုံတွေ့ပြီးတော့ အမျိုးသားတွေနဲ့ ရင်ဘောင်တန်းပြီး တိုက်ပွဲဝင်နေတဲ့ အမျိုးသမီးငယ်တွေ များစွာရှိပါတယ်။ သူတို့အတွက် ဆရာမအနေနဲ့ အားပေးစကားနဲ့ ပြည်တွင်းမှာ ဘယ်မှသွားမရဘဲ ပိတ်မိနေတဲ့ အမျိုးသမီးတွေကို အားပေးစကား ပြောပေးပါအုံး။

ဖြေ။ ။ ရှေ့တန်းမှာ ရွပ်ရွပ်ချွံချွံပါဝင်နေကြတဲ့ ကျမတို့ရဲ့ သူရဲကောင်း အမျိုးသမီးငယ်လေးတွေက သူတို့ကတော့ စိတ်ဓါတ်ကျမယ်လို့ မထင်ပါဘူး။ ကျမတို့ကတောင် သူတို့ဆီကနေ အားတွေကို ပြန်ယူနေရတာပါ။ အပြန်အလှန်ပေါ့လေ။ သူတို့လည်း လူဖြစ်တဲ့အတွက် စိတ်ဓာတ်ကျတာရှိမယ်၊ အားငယ်တာ ရှိမယ်။ မိသားစုတွေကို လွမ်းဆွေးသတိရတာတွေ ရှိမယ်ပေါ့။ ကျမကတော့ အားလုံးကို ပြောချင်တာက လူတွေဖြစ်တဲ့အတွက် စိတ်ဓါတ်ကျရင်လည်း ခဏနားလိုက်ပါ။ ပြီးတော့မှ ကျမတို့ အားနဲ့မာန်နဲ့ ပြန်ပြီးတော့ တိုက်ပွဲဝင်ကြမယ်။ တစ်ယောက်နဲ့ တစ်ယောက် ဖေးမကြမယ်။

ကျမတို့လည်း အပြန်အလှန်ခွန်အားယူပြီးတော့မှ ဒီညီမတွေ၊ အမျိုးသမီးငယ်လေးတွေဟာ တကယ်တော့ ကျမတို့ရဲ့ သမီးအရွယ်လေးတွေပါ။ တော်လှန်ရေးမှာ လက်နက်ကိုင်ပြီးတော့ပဲ တိုက်တိုက်၊ လက်နက်မကိုင်ဘဲ ရရာနည်းလမ်းနဲ့ပဲ တိုက်တိုက် တိုက်ပွဲဝင်နေသူအားလုံးကိုလည်း ပြောချင်တာက အားလုံး ဘေးကင်းဖို့ဆိုရင် ဉာဏ်အမြော်အမြင်ရှိဖို့ လိုပါတယ်။ ကျမတို့ အမျိုးသမီးတွေအချင်းချင်း ပိုပြီးတော့ စည်းလုံးညီညွှတ်ဖို့ လိုတယ်။ ကျမတို့ အမျိုးသမီးတွေအချင်းချင်းမှ စည်းလုံးညီညွှတ်မှု မရှိရင် အခြားသော အမျိုးသားတွေ၊ အခြားသော အင်အားစုတွေကလည်း ကျမတို့ကို လေးစားမှာ မဟုတ်ဘူး၊ Respect ပေးမှာ မဟုတ်ဘူး။ အသိအမှတ် ပြုမှာ မဟုတ်ဘူး။

ကျမတို့ အမျိုးသမီးတွေဟာ ဘယ်လိုအခြေအနေတွေမှာပဲ ရောက်ရောက် ကျမတို့အချင်းချင်း စည်းစည်းလုံးလုံးနဲ့ ဘုံရန်သူကို တိုက်ကြမယ်။ ဖြေရှင်းစရာရှိတဲ့ ကိစ္စတွေကိုလည်း ကျမတို့အချင်းချင်း စည်းစည်းလုံးလုံး ညီညီညွှတ်ညွှတ်နဲ့ တိုင်ပင်ပြီးတော့ ဖြေရှင်းကြမယ်။ အဲဒီနည်းလမ်းနဲ့ ကျမတို့ ရှေ့ဆက်သွားကြရအောင်ပါလို့ ပြောချင်ပါတယ်။

ပြည်တွင်းမှာ အခက်အခဲ အကြပ်အတည်းတွေကြားက ပိတ်မိနေတဲ့ အမျိုးသမီးတွေအားလုံးကိုလည်း ကျမတို့ အားပေးချင်ပါတယ်။ အသက်ကို ဉာဏ်စောင့်ပြီးတော့ တော်တော်ရေးမှာ ရရာနည်းလမ်းနဲ့ ပါဝင်ပါ။ ပါးပါးနပ်နပ်နဲ့ ကိုယ်လည်း မနစ်နာမယ့် နည်းလမ်းမျိုးနဲ့ ပါဝင်လို့ ရတာတွေ ရှိပါတယ်။ အဲဒီလို နည်းလမ်းမျိုးတွေနဲ့ ပါဝင်ပါ။ စိတ်ကော၊ လူကော ကျန်းမာအောင်လည်း ကိုယ့်ကိုကိုယ် ဂရုစိုက် စေချင်ပါတယ်။ ကျမတို့ အပြင်က အသံထွက်နိုင်တဲ့သူ၊ ထုတ်ဖော်ပြောလို့ရတဲ့သူ၊ လွတ်လွတ်လပ်လပ် နေရာမှာ ရောက်နေတဲ့ အမျိုးသမီးတွေက အထဲကနေ အသံမထွက်နိုင်၊ ပိတ်မိနေတဲ့ အမျိုးသမီးတွေအတွက် အစွမ်းကုန်ကြိုးစားပေးနေပါတယ်။ ကျမတို့အားလုံး တစ်ယောက်နဲ့တစ်ယောက် မေတ္တာတွေနဲ့အတူတူ နားလည်မှုတွေနဲ့ ချီတက်ကြဖို့ ကျမအနေနဲ့ တိုက်တွန်းချင်ပါတယ်။

Related Articles

Back to top button