ရှမ်းပြည်တောင်ပိုင်းဒေသမှာ စစ်ဘေးရှောင်ပြည်သူတွေအတွက် ရိက္ခာလိုအပ်မှုများရှိနေကြောင်း PYO ဆို
ဖက်ဒရယ်ဂျာနယ်၊ မြန်မာ
ဇန်နဝါရီ ၁၄၊ ၂၀၂၅
ရှမ်းပြည်တောင်ပိုင်းဒေသများအတွင်းမှာ စစ်ဘေးရှောင်ပြည်သူတွေအတွက် စားနပ်ရိက္ခာများ လိုအပ်လျှက်ရှိနေကြောင်း ပအိုဝ်းလူငယ်အစည်းအရုံး(PYO) မှ ဇန်နဝါရီလ ၁၃ရက်နေ့မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။
PYOမှ ၂၀၂၄ ခုနှစ်အတွင်း ရှမ်းပြည်တောင်ပိုင်းဒေသအတွင်း စစ်ကောင်စီနှင့် စစ်ကောင်စီ၏ လက်အောက်ခံ လက်နက်ကိုင်တပ်ဖွဲ့များရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် ပတ်သက်ပြီး ကောက်ယူထားတဲ့အချက်အလက်များကို လင်းရှင်းတင်ပြရာတွင် ပြောခဲ့ခြင်းဖြစ်ပါတယ်။
၂၀၂၅ ဇန်နဝါရီလ အထိ ရှမ်းပြည်တောင်ပိုင်းဒေသများဖြစ်တဲ့ ဆီဆိုင်၊ ပင်လောင်း၊ ညောင်ရွှေတို့မှ အရပ်သား ၅,၀၀၀ ခန့် ထပ်မံတိမ်းရှောင်ခဲ့ရတာကြောင့် လက်ရှိတွင် စစ်ဘေးရှောင်ဦးရေ ၆၅,၀၀၀ ခန့်ရှိနေပြီး စစ်ဘေးရှောင်ပြည်သူတွေရဲ့ ၃ပုံ ၂ ပုံခန့်မှာ အခြေခံစားဝတ်နေရေးအတွက်ကိုပင် ခက်ခဲနေကြောင်း သိရပါတယ်။
” တစ်ဖွဲ့တည်းအနေနဲ့တော့ လုံလောက်အောင် မထောက်ပံ့နိုင်ဘူး၊ ကူညီပေးနိုင်သလောက်နဲ့က အလောက်ဘူး၊ စစ်ရှောင်တွေကလည်း ရေရှည်ဖြစ်လာတဲ့အတွက် အလုပ်အကိုင်အခက်အခဲတွေလည်း ဖြစ်လာတယ် ” လို့ PYO မှ တာဝန်ရှိသူတစ်ဦးမှ ပြောပါတယ်။
အဆိုပါဒေသရှိ စစ်ဘေးရှောင်များကို ထောက်ပံ့ကူညီဖို့အတွက်က အခက်အခဲများစွာရှိပြီး စစ်ကောင်စီနဲ့ စစ်ကောင်စီ လက်အောက်ခံ လက်နက်ကိုင်တပ်တွေရဲ့ ထိန်းချုပ်နယ်မြေတွေကို ဖြတ်သန်းသွားလာတဲ့ အခါမှာ ဂိတ်ကြေးတောင်းခြင်းများ၊ ဆန်အိတ်များနှင့် ငွေကြေးများ မတန်တဆတောင်းခံမှုများလည်း ပြုလုပ်လျှက်ရှိနေတယ်လို့လည်း ပြောပါတယ်။
လက်ရှိတွင်လည်း သောက်သုံးရေအခက်အခဲများ၊ အမိုးအကာလိုအပ်ချက်၊ ကျန်းမာရေးစောင့်ရှောက်မှုလိုအပ်ချက်များနှင့် ဆောင်းရာသီဖြစ်ခြင်းကြောင့် အရေးဒဏ်ကို လွန်ကဲစွာ ခံနေရခြင်း ပြဿနာများရှိနေကြောင်း သတင်းစာရှင်းလင်းပွဲမှ တစ်ဆင့်သိရပါတယ်။