
၂၀၂၅ မှာ တော်လှန်ရေးနဲ့ ဖက်ဒရယ်အရွေ့အားကောင်းဖို့ စိန်ခေါ်မှုတွေကို ဘယ်လိုကျော်ဖြတ်ကြမလဲ
ဖက်ဒရယ်ဂျာနယ်၊ မြန်မာ
ဇန်နဝါရီ ၁၄၊ ၂၀၂၅
ရဲဘော်ဒီလှိုင်း – နိုင်ငံရေးအကျဉ်းသားဟောင်း(၈၈/၂၀၂၁)နဲ့ တွေ့ဆုံမေးမြန်းခြင်း
၂၀၂၄ အတွင်းက ဖက်ဒရယ်နဲ့ တော်လှန်ရေးခရီး အတိုင်းအတာ၊ မြို့သိမ်းတိုက်ပွဲ ဆင်နွဲနေတဲ့အချိန်မှာ အုပ်ချုပ်ရေးကိစ္စ၊ ၂၀၂၅ မှာ ဖက်ဒရယ်နဲ့ တော်လှန်ရေး အရွေ့ အတွက် စစ်ကောင်စီရဲ့ အဆုံးသတ်ပြီး ဘယ်လို အဖြေနိုင်ဖို့၊ ပြည်နယ်အားကောင်းရေးမှ ပြည်ထောင်စုအားကောင်းရေးမူအကြောင်းနှင့် ဖက်ဒရယ် တပ်ပေါင်းစု ကိစ္စအပါအဝင် မြန်မာ့နိုင်ငံရေးအခင်းအကျင်းရဲ့ စိန်ခေါ်မှုတွေကို ကျော်လွှားနိုင်ဖို့ လိုအပ်မလဲ နိုင်ငံရေး အကျဉ်း သားဟောင်း(၈၈/၂၀၂၁)ဖြစ်သူ ရဲဘော်ဒီလှိုင်းကို ဖက်ဒရယ်ဂျာနယ်၊ မြန်မာက မေးမြန်း တင်ဆက်ထားပါတယ်။
——————
မေး။ ။ ၂၀၂၄အတွင်း ဖက်ဒရယ်ခရီး ဘယ်လောက်နီးခဲ့ပြီလဲ။ ၂၀၂၄ အတွင်း တော်လှန်ရေးခရီး ဘယ်အတိုင်းအတာ အထိ နီးစပ်မှုရှိခဲ့သလဲ။
ဖြေ။ ။ (က)ဖက်ဒရယ်ပဋိဉာဉ် နိုင်ငံရေး လမ်းပြမြေပုံ ရှိလာတာ၊
(ခ)စစ်အနိုင်တိုက်ရေး ဦးစားပေး အယူအဆထဲကနေ နိုင်ငံရေးနှင့်စစ်ရေး အတူ ယှဉ်တွဲသွားရမယ် ဆိုတဲ့ အသိ ပိုမိုကျယ်ပြန့်လာတာ၊
(ဂ)တိုင်းဒေသတွေဆီမှာ ဖက်ဒရယ်ယူနစ်ဖြစ်ဖို့ နိုင်ငံရေးစုဖွဲ့မှုကနေ ကြားကာလဖက်ဒရယ်ကောင်စီတွေ ရှိလာတာ၊ သာဓက အားဖြင့် စစ်ကိုင်းဖိုရမ် (စစ်ကိုင်း၊မကွေး ၊ဧရာဝတီ၊ မန္တလေး၊ တနင်္သာရီ )၊ပြည်နယ် ထဲမှာ မွန် ၊ ကရင်နီ၊ ချင်း (KNU-ကရင် အမျိုးသားအစည်းအရုံးကတော့ ဖွဲ့စည်းပုံရေးဆွဲထားပြီးဖြစ်ကြောင်း သူတို့နယ်မြေမှာ အုပ်ချုပ်ရေး၊ တရားစီရင်ရေးစတဲ့ ယန္တရား လည်ပတ်နေကြောင်းသိရ)နှင့် လူမျိုးစု ထဲမှာ တအာင်း စသဖြင့် ဖက်ဒရယ်ကောင်စီနှင့် ကြားကာလ အုပ်ချုပ်ရေးအစီအမံတွေ ဖော်ဆောင်လာတာတွေအပြင် ဖက်ဒရယ်ဒီမိုကရေစီ ဖွဲ့စည်းပုံအခြေခံဥပဒေ (မူကြမ်း) အသင့်ရေးဆွဲထားလာကြတာ တွေ့ရတယ်။
(ဃ)စစ်အာဏာရှင်စနစ်တော်လှန်ရေး ၃ နှစ်ပြည့်မှာ ထူးခြားတဲ့ စစ်ရေးအောင်မြင်မှုများနှင့်အတူ ပိုမိုရှင်းလင်းပြတ်သားသော ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံသစ်တည်ဆောက်ရေး နိုင်ငံရေးလမ်းပြမြေပုံကို မြင်တွေ့လာရခြင်းနဲ့အတူ ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်နေ့မှာ ထုတ်ပြန်ကြေညာတဲ့ ဘုံသဘောတူညီချက်ဟာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)နဲ့ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်း (EROs) တို့အကြား တော်လှန်ရေးကာလ ၃ နှစ်အတွင်း ပထမဆုံးအကြိမ် ပူးတွဲထုတ်ပြန်နိုင်တဲ့ သဘောတူညီချက်ဖြစ်လာတာ တွေ့ရတယ်။
(င) ချင်းအမျိုးသားတပ်ဦး (CNF) ကချင်လွတ်လပ်ရေးအဖွဲ့ (KIO)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) နှင့် ကရင်အမျိုးသားအစည်းအရုံး (KNU) တို့သည် ဘုံသဘောတူညီချက်တွင် ပါဝင်ကြောင်းနှင့် မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့ဖြစ်တဲ့ ကိုးကန့်တပ် MNDAA၊ တအာင်းတပ် TNLA နှင့် ရခိုင်တပ် AA တို့လည်း ပါဝင်လာရန် ဆက်လက်ကြိုးပမ်းမယ်ဟု NUG ယာယီသမ္မတ ဒူဝါလရှီးလ ကဖေဖော်ဝါရိ ၆ ရက်နေ့ အစိုးရအဖွဲ့အစည်းအဝေးတွင် ပြောဆိုခဲ့ပြီးနောက် “ပြည်နယ်အားကောင်းရေးမှသည် ပြည်ထောင်စု အားကောင်းမူဖြင့် ဖက်ဒရယ်ပြည်ထောင်စုကို တည်ဆောက်မည်ဖြစ်ကြောင်း ” KNU ၊ KNPP ၊ CNF ၊ KSCC ၊ CNF အပါအဝင် အဖွဲ့ ၉ ဖွဲ့က စက်တင်ဘာလ ၁၉ ရက်နေ့တွင် တရားဝင်ထုတ်ပြန်ကြေညာခြင်းဟာ တိုင်းရင်းသား ခုခံတော်လှန်ရေး အဖွဲ့အစည်းများနှင့် ပြည်နယ်/လူမျိုးကိုယ်စားပြုကောင်စီများမှ အနာဂတ် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးအတွက် ကြိုတင်ပြင်ဆင် ညှိနှိုင်းမှုများကို အကြိမ်ကြိမ် ကျင်းပ ပြုလုပ်ခဲ့ရာမှ ညှိနှိုင်းမှုတွေကနေတဆင့် ပြည်နယ်အားကောင်းရေးမှ ပြည်ထောင်စုအားကောင်းရေး (Bottom-up Federalism) နှင့် စပ်လျဉ်းပြီး တိုင်းရင်းသား ခုခံတော်လှန်ရေး အဖွဲ့အစည်းများ၊ ပြည်နယ်/လူမျိုး ကိုယ်စားပြုကောင်စီများ စုစုပေါင်း (၉) ဖွဲ့မှ သဘောတူညီချက်များနှင့် ရှေ့လုပ်ငန်းစဉ်များကို ချမှတ်နိုင်ခဲ့တာ တွေရခြင်းဖြစ်ပြီးဖြစ်ပါတယ်။
(စ)အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ကရင်နီအမျိုးသားတိုးတက်ရေး ပါတီ (KNPP)နှင့် ချင်းအမျိုးသားတပ်ဦး (CNF)တို့ ပူးပေါင်းပြီး နိုဝင်ဘာ ၅ရက်က သတင်းစာရှင်းလင်းပွဲပြုလုပ်ထုတ်ပြန်မှုဟာ ၂၀၂၄ ဇန်နဝါရီ ၃၁ရက်က ထုတ်ပြန်ကြေညာခဲ့ပြီးတဲ့နောက်ပိုင်း စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေးနှင့် ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေးအတွက် အတူတကွ လက်တွဲတိုက်ပွဲဝင်နေကြသောအဖွဲ့များရဲ့ နိုင်ငံရေးအရပူးပေါင်းဆောင်ရွက်မှု၊ ဖြစ်ပေါ်တိုးတက်မှု ဖြစ်တယ်လို့ ယူဆလို့ရပါတယ်။
(ဆ)တော်လှန်ရေး အရှိန်အဟုန်အနေဖြင့် ၁၀၂၇ စစ်ဆင်ရေးကို ၂၀၂၃ ခုနှစ် အောက်တိုဘာလ(၂၇)ရက်နေ့ကစပြီး မြောက်ပိုင်း ညီနောင်မဟာမိတ်သုံးဖွဲ့ဖြစ်ကြတဲ့ မြန်မာအမျိုးသား ဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA)၊ တအောင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော်(TNLA)နှင့် ရက္ခိုင့်တပ်တော် (AA)တို့က တခြားသောပြည်သူ့စစ်အဖွဲ့များနဲ့အတူ စကစကို တိုက်ခိုက်ပြီး ရှမ်းပြည်နယ် မြောက်ပိုင်းနယ်မြေ အတော်များများကို သိမ်းပိုက်နိုင်ခဲ့ကြပါတယ်။
၁၀၂၇ ဒုတိယအဆင့် စစ်ဆင်ရေးအထိပင် လုပ်ဆောင်နိုင်ခဲ့ကြပြီး တတိယအဆင့် ဆင်နွဲကြဖို့ အဆင်သင့်ဖြစ်ချိန်မှာ တရုတ်ပြည်ရဲ့ ကြားဝင်မှုကြောင့် ရပ်နားထားခဲ့ကြပေမယ့် ၂၀၂၄ ဒီဇင်ဘာ(၈)ရက်အထိမှ မြို့ပေါင်း(၉၀) နှင့် ရှမ်းမြောက် အရေးအပါဆုံး(ရပခ )စစ်ဌာနချုပ် နှင့် ရခိုင် နပခ ဌာနချုပ်၊ ကချင် မှာ ကချင်အထူးဒေသ(၁) အပြီးသတ်သိမ်းယူပြီးအထူးဒေသ ဆိုတာကို ဖျက်သိမ်းနိုင်ခဲ့သလို တနိုင်ငံလုံးမှာ စစ်စခန်းပေါင်းများစွာ သိမ်းယူထိန်းချုပ်ထားနိုင်ခဲ့ပြီး နယ်စပ်ကုန်သွယ်ရေးစခန်း(ဂိတ်) အတော်များများဟာ EROs လက်ထဲကျရောက်သွားတဲ့ အနေအထား ရောက်ရှိခဲ့ပြီဖြစ်တယ်။
မေး။ ။ မြို့သိမ်းတိုက်ပွဲ၊ ချေမှုန်းရေးတိုက်ပွဲတွေ ဆင်နွဲနေတဲ့နေရာမှာ အုပ်ချုပ်ရေးကိစ္စထက် စစ်ရေးကိုပဲ အရှိန်မြှင့်ဖို့ ဦးစားပေးသင့်လား။ မြို့သိမ်းတိုက်ပွဲ၊ ချေမှုန်းရေးတိုက်ပွဲတွေက မြန်မာ့နိုင်ငံရေး အခင်းအကျင်းကို အပြောင်းအလဲဖြစ်စေနိုင်မလား။
ဖြေ။ ။ ရှမ်းမြောက်၊ ကချင်၊ရခိုင်၊ကရင်နီ၊ကရင် စသည်တို့မှာ မြို့သိမ်းတိုက်ပွဲနှင့်အတူ အုပ်ချုပ်ရေး ယန္တရားတွေ ဖော်ဆောင်နိုင်ခဲ့တာ တွေ့ရပါတယ်။ မြို့သိမ်းတိုက်ပွဲ၊ ချေမှုန်းရေးတိုက်ပွဲတွေ ဆင်နွဲနေတဲ့နေရာမှာ စစ်ရေး အရှိန်အဟုန် မြှင့်ခြင်းနှင့်အတူ အုပ်ချုပ်ရေး၊ တရားဥပဒေစိုးမိုးရေး၊ တရားစီရင်ရေး ယန္တရား လည်ပတ်နိုင်ဖို့အတွက် ကြိုတင် ပြင်ဆင်အစီအမံ ရေးဆွဲထားရပါမယ်။ ထို့အတူ စစ်ဘေးသင့်ပြည်သူလူထု ရဲ့စားနပ်ရိက္ခာနှင့် ကျန်းမာရေး(HR)ပါ ဖြည့်ဆည်းပေးခြင်းနှင့် ပညာရေးကုန်သွယ်ရေးလမ်းကြောင်း အကောင်အထည် ဖော်ဆောင်နိုင်ရေးအထိ ကြိုတင်ပြင်ဆင် အစီအမံပြုလုပ်ထားနိုင်ရပါမယ်။ ပြည်သူတွေ ထိခိုက်မှု အနည်းဆုံးဖြစ်အောင်နဲ့ အလျင်အမြန်ဆုံး ပွဲသိမ်းတိုက်ပွဲဖြစ်ရေး ကြိုတင်ပြင်ရန်လိုပါတယ်။
ဒါမှ ပြည်သူတွေရဲ့ ယုံကြည်ကိုးစားမှု၊ နိုင်ငံတကာရဲ့ အသိအမှတ်ပြုမှု၊ ဖက်ဒရယ်စနစ်တည်ဆောက်မှု အတွက် အထောက်အပံ့ ဖြစ်စေပါမယ်။
သို့သော် တချို့သော ဒေသတွေမှာတော့ မြို့သိမ်းတိုက်ပွဲ လုပ်ဖို့မလိုအပ်တဲ့ မြို့တွေလည်း ရှိကောင်းရှိနိုင်ပါတယ်။ လူဦးရေထူထပ်ပြီး မြို့ပြင်ပတ်ဝန်းကျင်မှာပဲ စစ်တပ်အခိုင်အမာ ဝန်းရံထားတဲ့မြို့တွေ ဖြစ်ပါတယ်။
မေး။ ။ ၂ဝ၂၅ က ဖက်ဒရယ်အရွေ့ကို ဘယ်လိုဖော်ဆောင်ပေးဖို့လိုအပ်ပြီလဲ။ ၂၀၂၅က တော်လှန်ရေးအရွေ့ အတွက် ဘယ်လိုအဖြေရသင့်ပြီလဲ။
ဖြေ။ ။ တိုင်းရင်းသားတွေမျှော်မှန်းတဲ့ အနာဂတ်ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စုက ဘာလဲဆိုတာ နားလည်သဘောပေါက်ဖို့ လိုပါတယ်။ နွေဦးတော်လှန်ရေးရဲ့ ဘုံရည်မှန်းချက်ထဲက စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးပြီးရင် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဟာ အန္တိမရည်မှန်းချက်ဖြစ်ကြောင်းနဲ့ Bottom up Federalism လို့ခေါ်တဲ့ “ပြည်နယ်အားကောင်းရေး မှ ပြည်ထောင်စုအားကောင်းရေး “စနစ် ဖော်ဆောင်ဖို့ ဆိုပြီး တိုင်းရင်းသားအဖွဲ့ (၉)ဖွဲ့က ပြောထားပြီး လုပ်ဆောင်နေပြီလည်း ဖြစ်တယ်။
မြန်မာနိုင်ငံဟာ မတူကွဲပြားတဲ့ ဘာသာစကား၊ လူမျိုးစု၊ ဘာသာရေးကိုင်းရှိုင်းမှု၊ ယဥ်ကျေးမှုတွေ အများအပြားရှိတဲ့ နိုင်ငံတခု ဖြစ်ပါတယ်။ ဒီလိုစုံလင်ကွဲပြားမှုများတဲ့ မြန်မာနိုင်ငံမှာ ခေတ်အဆက်ဆက် အစိုးရတို့ ကျင့်သုံးလာခဲ့တဲ့ ဗဟိုချုပ်ကိုင်မှုစနစ်က နိုင်ငံတွင်း နိုင်ငံရေး၊ လူမျိုးရေး ပဋိပက္ခတွေကို ဖြေရှင်းပေးနိုင်တဲ့ စနစ်တခုမဟုတ်ခဲ့တာကြောင့် ပြည်တွင်းပဋိပက္ခ သက်ဆိုးရှည်ကြာနေစေခဲ့တာ ဖြစ်ပါတယ်။
အခုလက်ရှိဖြစ်ပေါ်နေတဲ့ စစ်ရေးပုံစံက အုပ်ချုပ်ရေးလမ်းစဥ်ပေါ်မှာ အခြေခံတာကြောင့် အနာဂတ်ဖက်ဒရယ် ပြည်ထောင်စုမှာ အမျိုးသားများ တန်းတူညီတူရေးအတွက် လူမျိုးကိုယ်စားပြုတဲ့ ပြည်နယ်သစ်တွေ ပေါ်ပေါက်လာခြင်းက လူမျိုးရေးပဋိပက္ခကို ဖြေရှင်းပေးနိုင်တဲ့ နည်းလမ်းကောင်း တခုဖြစ်ပြီး တိုင်းရင်းသား လူမျိုးစုများ နေထိုင်တဲ့ တိုင်းဒေသအချို့မှာလည်း အမျိုးသားများပြည်နယ်အဖြစ် အကောင်အထည်ဖော်ဖို့ ရည်သန်တာတွေ့လာနေရတော့ အနာဂတ်မှာ ဖက်ဒရယ်ပဋိဉာဉ်အရပါ မတူကွဲပြားမှုကို နားလည်လက်ခံတဲ့ ဖက်ဒရယ်ပြည်ထောင်စု ဖော်ဆောင်မှုအနေဖြင့် သဘောတူလက်ခံရမှာ ဖြစ်တယ်။
မြန်မာနိုင်ငံရဲ့ အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ပေါက်ရေးအတွက် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေ၊ တိုင်းရင်းသားလူမျိုးစုအဖွဲ့တွေ၊ တော်လှန်ရေးကာလထဲ ပေါ်ပေါက်လာတဲ့ ကောင်စီတွေနဲ့ အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) ရဲ့ ပူးပေါင်းဆောင်ရွက်အား လိုအပ်တယ်လို့ ယူဆပါတယ်။
K3C အစုအဖွဲ့မှာ ပါဝင်ပြီး အဓိကကျတဲ့ KIA ဒု-ဗိုလ်ချုပ်ကြီး ဂွမ်မော် ဘီဘီစီ မြန်မာပိုင်း အင်တာဗျူးမှာ ပြောထားချက်အရ ၂၀၂၅ မှာ တော်လှန်ရေးအင်အားစုတွေအနေနဲ့ အပြီးသတ်ဆောင်ရွက်ဖို့ လိုအပ်တယ်လို့ မြင်ပါတယ်။
ဒုဗိုလ်ချုပ်ကြီးဂွမ်မော်က “ကျနော်တို့က ၂၀၁၈ လောက်ကတည်းက ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင် တဲ့ NLD ကို ကျနော်တို့က ပွင့်ပွင့်လင်းလင်း ပြောခဲ့တာဖြစ်ပါတယ်။ ကျနော်တို့ ပြောတာကတော့ ၂၀၂၅ နောက်ဆုံးထားပြီး အဖြေရှာသင့်တယ်။ ကျနော်တို့ တော်လှန်ရေး အဖွဲ့တွေကနေ ပြော နေတာကတော့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ဖို့ဖြစ်ပါတယ်။ ဒါကြောင့်မလို့ ဒီအချိန်မှာ နိုင်ငံတော် အတိုင်ပင်ခံနဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့က ဦးဆောင်ပါ။
ကျနော်တို့က ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးမှာ ပါဝင်မယ်လို့ ပြောတာဖြစ်ပါတယ်။ ဒါပေမယ့် ဒီအယူအဆကို လက်မခံဘူး ဆိုရင်တော့ ၂၀၂၅ ကျော်သွားလို့ရှိရင် ဒီအယူအဆတွေက ပြောင်းသွားမယ်။ အဲတော့ တပ်မတော်ဟာ ဖက်ဒရယ် ဒီမိုကရေစီ တည်ဆောက်ရေးမှာ ပါမလားဆိုတော့ မေးခွန်းဖြစ်လာမယ်။ အဲဒီ ဒီလို စဉ်းစားချက်တွေ ပြောင်းသွား မယ်လို့ ကျနော်တို့ ၂၀၁၈ အကုန်ပိုင်းကနေစပြီး ကျနော်တို့ ကာကွယ်ရေးဦးစီးချုပ်ဖြစ်တဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ပွင့်ပွင့်လင်းလင်း ကျနော်တို့ မက်စ်ဆေ့ ပို့ထားပြီးဖြစ်ပါတယ်။ ဒါ ကျနော်တို့ သဘောထား ဖြစ်ပါတယ်” ဆိုပြီး တွေ့ရပါတယ်။
ဒါဟာ အင်မတန်အရေးကြီးတဲ့ ကိစ္စ၊ အခြေအနေ ဖြစ်ပါတယ်။ ဖက်ဒရယ် အယူအဆကနေ ပြောင်းလဲပြီး မည်သည့် နိုင်ငံရေးအဆင့်အတန်းမျိုးအထိ သွားရောက်မည်ကိုတော့ ပြောကြားခဲ့ခြင်း မရှိပေမယ့် လက်ရှိ နိုင်ငံရေး တော်လှန်ရေး အခြေအနေ အခင်းအကျင်းတွေအရ မှန်းဆရင် မြင်နေရတယ်လို့ ယူဆပါတယ်။
ဖက်ဒရယ်ပြည်ထောင်စုစနစ်ကို ထူထောင်မယ် ဆိုရင် ဖော်ဆောင်ရမယ့် လေဟာနယ်ကွက်လပ်ကို ဖြည့်ဆည်းပေးရမယ့် အချက်အလက်တွေ ဖြစ်ပါတယ်။
ရက္ခိုင့်တပ်တော်(AA)ကတော့ ဖက်ဒရယ်ထက် အုပ်ချုပ်ပိုင်ခွင့် ပိုမိုရရှိသော ကွန်ဖက်ဒရေးရှင်း သို့မဟုတ် သီးခြား လွတ်လပ်ရေး တစ်ခုကို ထူထောင်မည်ဟု ကြွေးကြော်ထားတာရှိတယ်။ သူတို့ကြွေးကြော်ထားတဲ့အတိုင်း လက်တွေ့ကျကျဖော်ဆောင်နေတာ မြို့သိမ်းတိုက်ပွဲနဲ့အတူ အရေးပါတဲ့ စစ်ဌာနချုပ်တွေပါ သူတို့လက်ထဲ ရောက်ရှိပြီး တပ်မဟာမှူး အပါအဝင် စစ်သုံ့ပန်းတွေပါ ရရှိခဲ့တာ တွေ့မြင်နိုင်ပါတယ်။
အလားတူ “ဝ”ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်(UWSA)နှင့် အမျိုးသားဒီမိုကရေစီမဟာမိတ်တပ်မတော် (မိုင်းလား- NDAA)တို့ဟာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေထက် ကျော်လွန်ပြီး ဖက်ဒရယ်မဟုတ်သော ကွန်ဖက်ဒရေးရှင်းအဆင့်အတန်းမျိုးနဲ့ အုပ်ချုပ်နေတာဖြစ်တယ်။
KIA ဟာ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေး ကြိုးပမ်းနေတယ်လို့ပြောသော်လည်း ကွန်ဖက်ဒရိတ်ဆန်ဆန် နိုင်ငံထူထောင်ရေး ရည်မှန်းချက် ရှိသလားဆိုတာ ၂၀၂၅ ကျော်ရင် ဒီအယူအဆ ပြောင်းသွားမယ် ဆိုတဲ့ နှုတ်ထွက်စကား အရ သိထားဖို့ လိုမယ်ထင်ပါတယ်။
KNU၊ RCSS၊ SSPP တို့ကတော့ လတ်တလောအထိ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေး အယူအဆဖြင့် လက်နက်ကိုင် တော်လှန်လျက်ရှိနေတာ တွေ့နိုင်ပါတယ် ။
တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)ကတော့ နိုင်ငံရေး ရေချိန်မြှင့်တက်လာပြီး ပြည်ထောင် စု တည်ဆောက်ရေး မဖြစ်နိုင်ဘဲ အစိတ်စိတ်အမွာမွာ ကွဲပြီး နိုင်ငံငယ်များ ထွက်သွားနိုင်ခြင်းကြောင့် ပလောင် (တအာင်း)လူမျိုးများအနေဖြင့် နိုင်ငံတည်ဆောက်ဖို့ အဆင်သင့်ပြင်ဆင်ထားရမယ် ဆိုပြီး TNLA ၏ အထွေထွေ အတွင်းရေးမှူး ဗိုလ်မှူးချုပ် တားဘုန်းကျော်က –
“နိုင်ငံရေး ရေချိန်အရ မြှင့်တက်လာမယ်၊ ပထဝီနိုင်ငံရေး အခြေအနေ၊ လက်ရှိ ကမ္ဘာ့နိုင်ငံရေး အခြေအနေတွေအပေါ် မူတည် သွားပြီးတော့ ဒီနိုင်ငံဟာ ပြည်ထောင်စုတောင် မတည်ဆောက် နိုင်တော့ဘူးဆိုရင် အစိတ်စိတ် အမွာမွာကွဲပြီးတော့ နိုင်ငံငယ်တွေလည်း အများကြီး ထွက်သွားနိုင်တယ်။ ဒါကြောင့်မလို့ ကျနော်တို့ လူထုတွေ ကျနော်တို့ တအာင်း (ပလောင်)လူထုတွေလည်း ဒါသေချာ စဉ်းစားဖို့လိုတယ်။ ကျနော်တို့ကို ကျနော်တို့ သေချာ ပြင်ဆင်နိုင်ဖို့ လိုတယ်။ ဒီပြည်ထောင်စုနိုင်ငံ တကယ်တည်ဆောက်တဲ့အချိန်မှာ ကျနော်တို့လည်း ပြည်နယ်တစ်ခုအနေနဲ့ ကျနော်တို့လူမျိုး ကျနော်တို့ ကာကွယ်သွားဖို့၊ တည်ဆောက်နိုင်ဖို့အတွက် အဆင်သင့် ကျနော်တို့ ကြိုးပမ်းဆောင်ရွက် သွားဖို့လိုတယ်။ အဲလိုမှမဟုတ်ဘူး ပြည် ထောင်စု တည်ဆောက်လို့ မရဘူး၊ ပထဝီနိုင်ငံရေး၊ ကမ္ဘာ့နိုင်ငံရေး တစ်ခုကြောင့် လိုအပ်ချက်ကြောင့် တော်လှန်ရေးတွေ သိပ်အရှိန်မြင့်လာလို့ နိုင်ငံတွေ ထွက်လာမယ်ဆိုလည်း ကျနော်တို့ နိုင်ငံတည်ဆောက်နိုင်ဖို့ အဆင့်လည်း ကျနော်တို့ ပြင်ဆင်သွားဖို့ လိုပါတယ်”ဆိုပြီး ၂၀၂၂ ခုနှစ်၊ သြဂုတ် ၁၈ ရက်နေ့က ပြောကြားထားသလို ညီနောင်သုံးဖော်နဲ့အတူ ၁၀၂၇ တိုက်ပွဲတွေ အရှိန်မြှင့်ပီးတဲ့နောက်မှာ လက်ရှိ အခြေအနေမှာ တွေ့ဆုံဆွေးနွေးဖို့ ထုတ်ပြန်ထားတာ တွေ့ရမှာ ဖြစ်တယ်။
ဒါတွေကို ထောက်ချင့်ကြည့်ရင် ဖက်ဒရယ်ပဋိဉာဉ်(၁) (၂) အရ နိုင်ငံရေး လမ်းပြမြေပုံအတိုင်း ဆောင်ရွက်ရမယ့် လုပ်ငန်းစဉ်တွေကို ပြန်လည်သုံးသပ်ဖို့ ပြင်သင့်တာတွေကို ပြင်ပြီး လက်တွေ့ကျကျ အကောင်အထည် ဖော်ဖို့လိုအပ်နေပြီလို့ မြင်ပါတယ်။
မေး။ ။ ၂၀၂၅က စစ်ကောင်စီရဲ့အဆုံးသတ်၊ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုအတွက် အနာဂတ်အတွက် အဆုံးအဖြတ်ဖြစ်လာနိုင်မလား။တော်လှန်ရေးနှင့်ဖက်ဒရယ်အရွေ့အတွက်အဖြေဖြစ်လာနိုင်မလား။ဘယ်အရာတွေက စိန်ခေါ်မှုတွေဖြစ်နေတယ်လို့ ယူဆပါသလဲ။
ဖြေ။ ။ ဒီနေ့အထိ တော်လှန်ရေး အခြေအနေတွေကို သုံးသပ်ရရင် EROs အင်အားစုတွေရဲ့ အံ့မခန်း တိုက်ပွဲဖော်ဆောင်မှုတွေကိုသာ ထင်သာမြင်သာတွေ့ရပြီး NUG ရဲ့ အခန်းကဏ္ဍ မှေးမှိန်လျက်ရှိနေကြောင်း တွေ့ရမှာ ဖြစ်ပါတယ်။ တရုတ်ရဲ့ကြားဝင်မှုကြောင့် အရှိန်လျော့ကျသွားတယ်လို့ဆိုပေမယ့် အခြေခံ အဆောက်အဦးနှင့်တကွ သယံဇာတနှင့် နယ်စပ်ကုန်သွယ်ရေးဂိတ်တွေ EROs တွေရဲ့ လက်ထဲကျရောက်သွားပြီ ဖြစ်တယ်။
စကစ အကျက်အတည်း ဆိုက်နေတဲ့ ကာလလည်း ဖြစ်တယ်။ ဒီတော့ မြေပြန့်ဒေသ နယ်မြေတွေမှာ မဟာဗျူဟာမြောက် တိုက်ပွဲဖော်ဆောင်ဖို့ပဲ လိုနေတာဖြစ်တယ်။ စစ်အနိုင်တိုက်ရေးအတွက် အချင်းချင်း မဟာမိတ်တပ်ပေါင်းစု ဖွဲ့ပြီး တိုက်ပွဲဖော်ဆောင်နိုင်ဖို့ NUGမှာ တာဝန်အရှိဆုံးနဲ့ အပြီးသတ်တိုက်ပွဲဖော်ဆောင်နိုင်ဖို့ တော်လှန်ရေး နိုင်ငံရေး အင်အားစုတွေအနေနဲ့လည်း ပူးပေါင်းပါဝင်ဖို့ အရေးအကြီးဆုံး အချိန်အခါ ကျရောက်နေပြီ ဖြစ်တယ်လို့ ဆိုချင်ပါတယ်။
ပြောရရင် နွေဦးတော်လှန်ရေးမှာ EROs တွေရဲ့ နိုင်ငံရေး တော်လှန်ရေး ဖော်ဆောင်မှုတွေက ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ဖို့ လက်တွေ့ကျတဲ့ အခန်းကဏ္ဍကနေ အဆင်သင့်ဖြစ်နေပြီလို့ ပြောရင် ရနိုင်ပြီ ဖြစ်တယ်။
နိုင်ငံရေးဘက်က ကြည့်ရင်လည်း ဖက်ဒရယ်ပဋိဉာဉ် အစိတ်အပိုင်း(၁) နဲ့ (၂) ကြေညာချက် ထွက်ရှိပြီးတဲ့နောက် ဖက်ဒရယ်ကောင်စီဖွဲ့တာ၊ ကြားကာလ အုပ်ချုပ်ရေးအစီအမံတွေ ဖော်ဆောင်တာရှိလာပြီး ပြည်နယ်တိုင်းရင်းသားအစုအဖွဲ့အနေနဲ့လည်း ပြည်နယ်အားကောင်းရေးမှ ပြည်ထောင်စုအားကောင်းရေးမူဖြင့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်မည်ဆိုပြီး KNU, KNPP, KSCC, CNF အပါအဝင် အဖွဲ့ (၉)ဖွဲ့ကနေပြီး တရားဝင် ထုတ်ပြန်ကြေညာပြီး အကောင်အထည်ဖော်ဖို့ သဘောတူညီချက်များနှင့် ရှေ့လုပ်ငန်းစဉ်ချမှတ်တာ တွေ့ရပါတယ်။
ဒီနေရာမှာ အလျဉ်းသင့်လို ပြောချင်တာ တစ်ခု ရှိလာပါတယ် ။ ဒါက ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ဖော်ဆောင်ရာမှာ ချဉ်းကပ်ပုံချဉ်းကပ်နည်း လိုအပ်ချက်လို့ပြောလို့ရမယ် ထင်ပါတယ်။ သတိချပ်ဖို့ပါ ။
တိုင်းရင်းသားအဖွဲ့တွေက Bottom up Federalism လို့ ဆိုနေချိန် တိုင်းဒေသနယ်မြေတွေမှာ ကြုံလိုက်ရတဲ့ အခြေအနေဖြစ်ပါတယ်။ ဒါဟာ ဖက်ဒရယ်ယူနစ် အကောင်အထည်ဖော်ရာမှာ ကြုံခဲ့ရတဲ့ စိန်ခေါ်မှုလို့ ပြောရင် ရနိုင်ပါတယ်။
ဖက်ဒရယ်ယူနစ်ကြားကာလ ဖွဲ့စည်းပုံ/အစီအမံ ကြိုတင်ပြင်ဆင်မှုဥပဒေများနှင့် ပတ်သက်တဲ့ တုံ့ပြန်မှု အခြေအနေ ဖြစ်ပါတယ်။
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၇ ရက်နေ့ စစ်ကိုင်း၊ မကွေးနဲ့ တနင်္သာရီ လွှတ်တော်ကိုယ်စားလှယ်တွေဟာ လွှတ်တော်အစည်းအဝေးအသီးသီးခေါ်ယူပြီး ကြားကာလဖွဲ့စည်းပုံ အခြေခံဥပဒေ/အစီအမံရေးဆွဲရေး ကြိုတင်ပြင်ဆင်မှုဆိုင်ရာဥပဒေတွေကို အတည်ပြုပြဌာန်းခဲ့ကြတယ်ဆိုတဲ့ သတင်း ပါ။
လွှတ်တော်အစည်းအဝေးတွေကို ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ဥက္ကဌ/ပြည်ထောင်စု လွှတ်တော်နာယက၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ယာယီသမ္မတနဲ့ ဝန်ကြီးချုပ်တို့က သဝဏ်လွှာတွေ ပေးပို့ခဲ့ကြကြောင်း၊ ဥပဒေတွေအတည်ပြုနိုင်ခဲ့မှုနဲ့ ပတ်သက်ပြီး ပဲခူး၊ မန္တလေး၊ ဧရာဝတီ၊ ကရင်၊ ကချင်က ပြည်နယ်အဆင့် လွှတ်တော်ကိုယ်စားလှယ်တွေကလည်း ဂုဏ်ပြုကြောင်း သဝဏ်လွှာတွေပေးပို့ခဲ့ကြကြောင်း၊ စစ်ကိုင်းနဲ့ တနင်္သာရီလွှတ်တော်အစည်းအဝေးတွေကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ဗဟိုအလုပ်ကော်မတီ (CWC)က ကိုယ်စားလှယ်တွေလည်း လေ့လာသူတွေအနေနဲ့ တက်ရောက်ခဲ့ကြပါကြောင်း၊ အဆိုပါ လွှတ်တော်အစည်းအဝေးတွေ အပြီးမှာ NLD အနေနဲ့ ဥပဒေကြမ်းတွေ ပြဌာန်းနိုင်ခဲ့မှုကို ကြိုဆိုဂုဏ်ပြုကြောင်း သတင်းထုတ်ပြန်ခဲ့ပါတယ်။
ဥပဒေကြမ်းသုံးခုဟာ ကွာခြားချက်အနည်းငယ်စီရှိကြပေမယ့် တူညီနေတဲ့အချက်တွေကတော့ ကြားကာလ ဖွဲ့စည်းပုံ သို့မဟုတ် အစီအမံရေးဆွဲရေးအတွက် ညှိနှိုင်းရေးအဖွဲ့၊ ထိုမှတဆင့် ကော်မရှင် ဖွဲ့စည်းရေးအတွက် ချဉ်းကပ်ပုံတူညီတာကို တွေ့ရကြောင်း။ စစ်ကိုင်းဥပဒေကတော့ ကြားကာလ ဖွဲ့စည်းပုံ အခြေခံဥပဒေလို့သုံးစွဲပြီး၊ မကွေးဥပဒေနဲ့ တနင်္သာရီဥပဒေတွေမှာတော့ ကြားကာလအစီအမံလို့ သုံးစွဲကြောင်း၊ ဥပဒေသုံးရပ်လုံးမှာ မူလ “တိုင်းဒေသကြီး” တွေကို “ဖက်ဒရယ်ယူနစ်” အဖြစ် အဓိပ္ပာယ်ဖွင့်ဆိုဖော်ပြလာတာကို တွေ့ရကြောင်း သတင်းတွေမှာ တွေ့ရပေမယ့် ဒီဥပဒေတွေကို အတည်ပြုပြီး ရက်ပိုင်းအတွင်းမှာပဲ သက်ဆိုင်ရာ ဒေသအလိုက် နိုင်ငံရေးအင်အားစု တွေရဲ့ တုံ့ပြန်မှုတွေ ထွက်ပေါ်လာခဲ့ပါတယ်။
တနင်္ဿာရီ
ထားဝယ်ခရိုင်နိုင်ငံရေးဦးဆောင်အဖွဲ့၊ ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီ (ထားဝယ်ခရိုင်)၊ ကော့သောင်းခရိုင်နိုင်ငံရေးအင်အားစု၊ Tanawthari Karen United for Liberation and Equality၊ မြိတ်ခရိုင်နိုင်ငံရေးအင်အားစု အပါအဝင် နိုင်ငံရေးအင်အားစုတွေက ဥပဒေပြဌာန်းမှုကို ကန့်ကွက်ကြောင်း ထုတ်ပြန်ခဲ့ပါကြပါတယ်။
စစ်ကိုင်း
စစ်ကိုင်းဖိုရမ်ဖြစ်မြောက်ရေးအဖွဲ့ အပါအဝင် တော်လှန်ရေးအဖွဲ့အစည်း ၁၀၇ ဖွဲ့ နဲ့ စစ်ကိုင်းတိုင်းဒေသ သပိတ်အင်အားစုတွေကလည်း ဒီလိုဥပဒေပြုမှုကို ဝေဖန်ကန့်ကွက်ကြောင်း ထုတ်ပြန်ခဲ့ကြပါတယ်။
မကွေး
မကွေးဒေသမှာရှိတဲ့ သပိတ်ကော်မတီတွေနဲ့ CDM လှုပ်ရှားမှုမှာ ပါဝင်ကြသူတွေနဲ့ စုစည်းထားတဲ့ မကွေးဒေသ တော်လှန်ရေးအင်အားစုများ ကွန်ရက်ကလည်း သဘောထားထုတ်ပြန်ပြီး ဝေဖန်ကန့်ကွက်ခဲ့ကြပါတယ်။
ဒီဝေဖန်မှုနဲ့ ကန့်ကွက်မှုတွေအားလုံးနီးပါးမှာ ကျယ်ပြန့်စွာ ဆွေးနွှေးညှိနှိုင်းတိုင်ပင်မှု မပြုလုပ်ပဲ ဥပဒေပြဌာန်းတာ၊ ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်နှင့်အညီ မဆောင်ရွက်ခဲ့တာတွေကို အဓိက ထောက်ပြဝေဖန်ထားပါတယ်။
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၇ ရက်နေ့ တရက်တည်းမှာပဲ ကရင်နီပြည်နယ် ကြားကာလလွှတ်တော်ဖွဲ့စည်းခြင်း ဖြစ်ပါတယ်။ ဒီလိုဖွဲ့စည်းမှုကို နိုင်ငံရေးမဏ္ဍိုင်ကြီး (၃) ရပ်ပါဝင်တဲ့ ကရင်နီပြည်နယ်အတိုင်ပင်ခံကောင်စီ (KSCC) မှာ ဆွေးနွေးခဲ့ပြီး မူအရ သဘောတူညီချက်နဲ့ ဖွဲ့စည်းခဲ့ကြတာဖြစ်ပြီး ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် (၁၅)ဦးနဲ့ ဖွဲ့စည်းခဲ့ပါတယ်။ ဒီလိုဖွဲ့စည်းမှုနဲ့ပတ်သက်ပြီး တော်လှန်ရေးမှာ ပါဝင်နေကြတဲ့ နိုင်ငံရေးအင်အားစုတွေရဲ့ ဂုဏ်ပြုကြိုဆိုမှုကို ရရှိခဲ့ကြပါတယ်။
၂၀၂၁ ခုနှစ် အာဏာသိမ်းမှုအပြီး လူထုလှုပ်ရှားမှုကနေ စတင်ခဲ့တဲ့ နွေဦးတော်လှန်ရေးမှာ “ဖက်ဒရယ် ဒီမိုကရေစီ” ကို အလေးပေးတောင်းဆိုခဲ့ကြပါတယ်။ ဒီဖက်ဒရယ်လှုပ်ရှားမှုမှာ ဗမာအများစုဒေသတွေကို တိုင်းဒေသကြီး ခုနစ်ခုအဖြစ် ဖွဲ့စည်းထားမှုအပေါ် ပြောင်းလဲဖို့ လှုံ့ဆော်ခဲ့ကြပေမယ့် ဘယ်လိုပြောင်းလဲမယ်ဆိုတာကိုတော့ တရားဝင်ထုတ်ပြန်မှုတွေတော့ မရှိသေးပါဘူး။ ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ် အစိတ်အပိုင်း (၂) ပုဒ်မ (၄၈) ရဲ့ အောက်ခြေမှတ်စုမှာတော့ “ယခုလက်ရှိဖြစ်တည်နေသော နိုင်ငံရေး၊ အုပ်ချုပ်ရေးအခြေအနေအရ ပြည်နယ်နှင့် တိုင်းဒေသကြီး အပိုင်းအခြားများကို ကြားကာလအတွင်းတွင် ပြည်နယ်/ဖက်ဒရယ်ယူနစ်ဟု ခေါ်ဆိုသည်” လို့ ဖော်ပြထားပါတယ်။ ဒီလိုဖော်ပြမှုကို အခြေခံပြီး ၂၀၀၈ ဖွဲ့စည်းပုံအရ ဖွဲ့စည်းထားတဲ့ တိုင်းဒေသကြီးတွေကို လက်ရှိကာလမှာ “ဖက်ဒရယ်ယူနစ်” ယူနစ်အဖြစ် စုစည်းသင့်တယ်လို့ ယူဆကြတာလည်း ရှိနိုင်ပါတယ်။ သို့သော် ကွဲပြားသော အမြင်များလည်း ရှိနေပါတယ်။
ပြည်နယ်တွေနဲ့ ပြည်နယ်သစ်ဖွဲ့စည်းဖို့ မျှော်မှန်းချက်ရှိကြတဲ့ လူမျိုးအခြေပြု ဒေသတွေမှာတော့ ဖက်ဒရယ်ကောင်စီ၊ လူမျိုးအခြေပြုကောင်စီ၊ ကော်မတီ စသည်ဖြင့် စုစည်းကြတာရှိပြီး လွှတ်တော်ကိုယ်စားလှယ်တွေအပြင် အခြားသောတော်လှန်ရေးအင်အားစုအသီးသီး ပါဝင်ကြတာကို တွေ့ရပါတယ်။
ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ် အစိတ်အပိုင်း (၂)၊ ပုဒ်မ (၅၂) မှာတော့ ပြည်နယ်/ဖက်ဒရယ်ယူနစ်တွေရဲ့ ယန္တရားတွေကို “ဤပဋိညာဉ်ပါ ဖက်ဒရယ်တည်ဆောက်မှု အခြေခံဖြင့်” ဆောင်ရွက်ရမယ်လို့ ဖော်ပြပါတယ်။
နောက်တခုကတော့ “ကြားကာလ” ဆိုတဲ့ သတ်မှတ်ချက် ဖြစ်ပါတယ်။ ဥပဒေကြမ်းသုံးခုမှာ ကြားကာလကို အဓိပ္ပာယ်ဖွင့်ဆိုမထားပေမယ့် ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်မှာတော့ ကြားကာလဆိုတာဟာ စစ်အာဏာ သိမ်းယူမှုကို ဖယ်ရှားပြီး အသွင်ကူးပြောင်းရေးကာလအစိုးရမဖွဲ့စည်းနိုင်ခင်ကာလကို ရည်ညွှန်းထားကြောင်း တွေ့နိုင်ပါတယ်။
ဒီလိုအငြင်းပွားမှုတွေဖြစ်ပွားနေတဲ့ကာလအတွင်းဖြစ်တဲ့ နိုဝင်ဘာ ၂၁ ရက်နေ့ အစိုးရအဖွဲ့အစည်းအဝေးမှာ ယာယီသမ္မတ ဒူဝါလရှီးလက “နိုင်ငံရေးအရ အင်အားစုဖွဲ့တည်ဆောက်ကြတဲ့အခါမှာ တတ်နိုင်သရွေ့ မိမိတို့ နိုင်ငံရေးအမြင်ကို ကျယ်သထက် ကျယ်အောင်ချဲ့ပြီး တည်ဆောက်ကြဖို့ တိုက်တွန်းလိုပါတယ်” လို့ သူ့ရဲ့ မိန့်ခွန်းထဲ ထည့်သွင်းပြောကြားခဲ့ပါတယ်။
ဆိုလိုတာက ချဉ်းကပ်ပုံချဉ်းကပ်နည်း မှားယွင်းတာဖြစ်ပြီး မြန်မာမဟုတ်သော တိုင်းရင်းသားတွေ ယူဆနေတဲ့ လူမျိုးကြီးဝါဒ လွှမ်းမိုးမှု၊ ဗဟိုချုပ်ကိုင် စိုးမိုးမှု သဘောဆောင်တဲ့ ပြုမူမှုဖြစ်ခဲ့ပြီး ဒီလိုချဉ်းကပ်မှုတွေကို အတတ်နိုင်ဆုံး ရှောင်ကြဉ်ဖို့ ဖြစ်ပါတယ် ။
တရားမျှတရေး၊ တန်းတူရေး၊ အပြန်အလှန် လေးစားမှုရှိရေးကို အခြေခံတဲ့ ယုံကြည်မှု တည်ဆောက်ရေးဟာ အရေးကြီးကြောင်း သိရှိနားလည်ဖို့ လိုအပ်နေတာ တွေ့ရပါတယ်။ ဒါဟာ မြန်မာလူမျိုးစု အများဆုံးရှိတဲ့ တိုင်းဒေသလိုနေရာမှာ ဖြစ်ပေါ်ခဲ့တဲ့အခြေပါ။ အခြား မြန်မာမဟုတ်သော တိုင်းရင်းသားဒေသ အစုအဖွဲ့တွေနဲ့ ဆက်ဆံရေးတွေမှာဆိုပိုပြီး အကဲဆတ်မှုတွေ ဖြစ်ပေါ်လာနိုင်ပြီး အလှမ်းပိုဝေးသွားနိုင်ကြောင်း သာဓက တစ်ခုအနေနဲ့ ဖော်ပြရတာပါ။
မေး။ ။ ပြည်နယ်အားကောင်းရေးမှ ပြည်ထောင်စု အားကောင်းရေးမူကိုကျင့်သုံးနိုင်ဖို့ စစ်အာဏာရှင် ဆန့်ကျင်ရေး အင်အားစုတွေအနေနဲ့ ဘယ်လို ပေါင်းစပ်ညှိနှိုင်းမှုမျိုးတွေ လုပ်သင့်ပြီလဲ။
ဖြေ။ ။ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက်နေ့မှာ ထုတ်ပြန်ကြေညာတဲ့ ဘုံသဘောတူညီချက်ဟာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)နှင့် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်း (EROs) တို့အကြား တော်လှန်ရေးကာလ ၃ နှစ်အတွင်း ပထမဆုံးအကြိမ် ပူးတွဲထုတ်ပြန်နိုင်သည့် သဘောတူညီချက်ဖြစ်ပါတယ်။
ချင်းအမျိုးသားတပ်ဦး (CNF) ကချင်လွတ်လပ်ရေးအဖွဲ့ (KIO)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) နှင့် ကရင်အမျိုးသားအစည်းအရုံး (KNU) တို့သည် ဘုံသဘောတူညီချက်မှာ ပါဝင်ပြီး မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့ဖြစ်တဲ့ ကိုးကန့်တပ် MNDAA၊ တအာင်းတပ် TNLA နှင့် ရခိုင်တပ် AA တို့ပါ ပါဝင်လာဖို့ ဆက်လက်ကြိုးပမ်းမည် ဆ်ုပြီး NUG ယာယီသမ္မတ ဒူဝါလရှီးလက ဖေဖော်ဝါရီ ၆ ရက်နေ့ အစိုးရအဖွဲ့အစည်းအဝေးမှာ ပြောဆိုခဲ့တာ တွေ့ရပါတယ် ။
“စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေးနှင့် ဖက်ဒရက်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေးအတွက် အတူတကွ လက်တွဲတော်လှန်တိုက်ပွဲဝင်နေကြသော အဖွဲ့များ၏ ဘုံသဘောထားရပ်တည်ချက်အား ထုတ်ပြန်ကြေညာခြင်း” ဟု ခေါင်းစဉ်ဖြင့် ကြေညာချက်သည် NUG နှင့် EROs အဖွဲ့များအကြား နိုင်ငံရေးအရ ဘုံသဘောထား ရပ်တည်ချက်တစ်ခုကို ပြည်သူအား ပွင့်လင်းစွာ ကတိကဝတ်ပြု ထုတ်ပြန်အသိပေးခဲ့ခြင်းအဖြစ် နားလည်နိုင်ပါတယ်။
“K3C” ဆိုပီး အတိုကောက် လူသိများကြသော ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ၊ KNU ၊ KNPP နှင့် CNF တို့သည့် အာဏာသိမ်းစစ်တပ်ကို ခုခံတော်လှန်ရာတွင် NUG နှင့် တလျှောက်လုံး လက်တွဲတိုက်ပွဲဝင်နေသော အဓိကတိုင်းရင်းသားတော်လှန်ရေးအဖွဲ့များလည်းဖြစ်ပါတယ်။ ဒါဆိုရင် ဖက်ဒရယ်ယူနစ်အဖြစ် ဖော်ဆောင်လာ နေကြတဲ့ တိုင်းဒေသများ အနေနဲ့ ဒီကြေညာချက်အပေါ် လက်သင့်ခံပြီး ပူးပေါင်း ဆောင်ရွက်မှုရှိသလားလို့ မေးခွန်း ရှိလာနိုင်ပါတယ်။ NUG ရဲ့ ဖက်ဒရယ်ပြည်ထောင်စုဝန်ကြီးဌာန အနေနဲ့ de jure နဲ့ defacto ပေါင်းစပ်မှု ရှိလာအောင် မဆောင်ရွက်ဘူးလား မေးစရာ ရှိလာပါမယ်။ ဖက်ဒရယ်ဝန်ကြီးဌာန လက်အောက်မှာ ပြည်ထောင်စုအစိုးရနှင့် ပြည်နယ်/ဖက်ဒရယ်ယူနစ်များအကြား ပူးပေါင်းဆောင်ရွက်ရေးကော်မရှင် (fscc) ဆိုပြီး ရှိကြောင်း သိရှိရပါတယ်။ FSCC အနေနဲ့ ဖက်ဒရယ်ယူနစ် အားကောင်းဖို့ ချိတ်ဆက်ညှိနှိုင်း ဆောင်ရွက်သင့် ပါတယ်။ ဆောင်ရွက်ဖို့ လိုအပ်နေပြီ ဖြစ်တယ်။
တိုင်းရင်းသား အစုအဖွဲ့ K3C ပူးတွဲထုတ်ပြန်ချက်အပေါ် လက်တွေ့ကျကျ ဖော်ဆောင်နိုင်ဖို့ ဖြစ်ပါတယ်။
၆။ စစ်ကောင်စီဆန့်ကျင်ရေးအင်အားစုတွေ ဖက်ဒရယ်တပ်ပေါင်းစုဖွဲ့ဖို့ ဘယ်အရာတွေက စိန်ခေါ်မှုဖြစ်နေပါသလဲ။
စစ်အနိုင်တိုက်ဖို့ တပ်ပေါင်းစုဖွဲ့ဖို့ လိုအပ်သလို စစ်ရေးကျွမ်းကျင်တဲ့သူကို Commander ရွေးချယ် ခန့်အပ်ဖို့ လိုပါတယ်။ ဒါမှ လည်း CoC လို့ ပြောနေကြတဲ့ ဆင့်ကဲ အမိန့်ပေးမှု နှင့်အတူ ဆင့်ကဲအမိန့်နာခံတတ်မှု က ကျွဲကူးရေပါသလို ဖြစ်မယ်လို့ ထင်ပါတယ်။ ထို့အတူ စစ်အနိုင်တိုက်ရေး မှာ လူ၊ လက်နက်၊ ရိက္ခာ၊ နည်းဗျူဟာ၊ စိတ်ဓါတ်၊ သတ္တိ ဗျတ္တိ (လက်ရုံးရည် နှလုံးရည်) ပြည့်ဝမှုနှင့် ဆင့်ကဲ့အမိန့် ပေးတတ်မှု၊ ဆင့်ကဲ့အမိန်နာခံတတ်မှု ရှိဖို့ လိုအပ်မှာ ဖြစ်ပါတယ်။ လက်ရှိ စစ်အနိုင်တိုက်နေတဲ့ တပ်ဖွဲ့ တွေမှာ ဒါတွေ တွေ့မြင်နေရပါတယ်။ ဒါတွေကို အတုယူ ချိတ်ဆက်ပြီး ကျင့်သုံးဖို့ လိုအပ်လိမ့်မယ်လို့ မြင်ပါတယ်။
အားနည်းချက် အားသာချက် အဖြေရှာပြီး မဟာဗျူဟာ နည်းဗျူဟာ စိတ်ဓါတ်စစ်ဆင်ရေး နည်းဗျူဟာ ချမှတ် ရေးဆွဲပြီး တိုက်ပွဲဖော်ဆောင်မှု ပြုလုပ်ရန်လိုအပ်မယ်လို့ ထင်ပါတယ်။ pdf တွေ ပါဝင်၊ EROs ဦးဆောင် ၊ CoC ဆင့်ကဲအမိန့်လိုက်နာမှု၊ သတင်းလုံခြုံမှု၊ ဗျူဟာမြောက်ပူးပေါင်း တိုက်ပွဲဖော်ဆောင်မှု၊ ယုံကြည်မှု၊ ရန်သူအပေါ် ဩဇာသက်ရောက်မှုစတဲ့ စစ်ပွဲအောင်မြင်ခြင်း ရဲ့ အခြေခံ အချက်အလက်တွေကို ကြည့်ရင် မြင်နိုင်ပါတယ်။
မေး။ ။ လက်ရှိမြန်မာ့နိုင်ငံရေးအခင်းအကျင်းရဲ့ စိန်ခေါ်မှုတွေကို ၂၀၂၅ မှာ တော်လှန်ရေးနဲ့ ဖက်ဒရယ်အရွေ့ အားကောင်းဖို့ ဘယ်လိုကျော်ဖြတ်ကြမလဲ။ ကျော်ဖြတ်သင့်တယ်လို့ ယူဆပါသလဲ။
ဖြေ။ ။ NUG ရဲ့ နိုင်ငံခြားရေး မူဝါဒ ပြန်လည်သုံးသပ်ဖို့ နဲ့ တရုတ်နှင့် သံတမန်ဆက်ဆံရေး လမ်းကြောင်း အခြေအနေ တုန့်ပြန်မှုတွေကို နိုင်ငံရေးတော်လှန်ရေး အင်အားစု တွေနဲ့ အပြန်အလှန် ဆွေးနွေးညှိနှိုင်းရန်လိုပါတယ်။ ဘာကြောင့်လဲဆိုတော့ တရုတ်နိုင်ငံအပေါ် NUG ရဲ့ နိုင်ငံခြားရေးဝန်ကြီးကနေ နိုင်ငံခြားမူဝါဒ ထုတ်ပြန်မှုအပေါ် ပြည်တွင်းအလုပ်သမား အင်အားစု သဘောထားကြေညာချက် ထုတ်ပြန်လာတာနဲ့ လက်ရှိ မြန်မာနိုင်ငံ အပေါ် တရုတ်ရဲ့ ဝင်ရောက်စွက်ဖက်ခြင်းမှု ရှိလာမှုအပေါ် သုံးသပ်ရမယ့်အခြေအနေ ရှိတယ်လို့ ယူဆလို့ပဲ ဖြစ်ပါတယ်။
နောက်တစ်ချက်က NUG အပေါ် နိုင်ငံတကာရဲ့ အစိုးရအဖြစ် တရားဝင်အသိအမှတ်ပြုရေးနှင့် CRPH ရဲ့ နိုင်ငံရေးတရားဝင်မှု ထင်သာမြင်သာရှိရေးကိစ္စအပြင် တိုင်းရင်းသား တော်လှန်ရေးအစုအဖွဲ့တွေ၊ ဖက်ဒရယ်ယူနစ်အဖြစ် အကောင်အထည် ဖော်ဆောင်လာနေကြတဲ့ နိုင်ငံရေးအစုအဖွဲ့တွေအကြား အပြန်အလှန် ယုံကြည်မှု နားလည်မှု တည်ဆောက်ရေး နည်းနာ လိုအပ်ချက် ဖြစ်ပါတယ်။
NUG ဟာ ဒီမိုကရေစီဘက်တော်နိုင်ငံတွေမှာ ကိုယ်စားလှယ်ရုံး ဖွင့်ခွင့်ရခြင်း၊ စကစအပေါ် နိုင်ငံတကာရဲ့ ဒဏ်ခတ်ပိတ်ဆို့ အရေးယူခြင်း၊ တရားစွဲဆိုခြင်းထက်ပိုတဲ့ တရားဝင်မှုရှိအောင် လုပ်ပြနိုင်ဖို့ လိုပါမယ်။
အိမ်နီးခြင်းနိုင်ငံတွေအပေါ် ဝတ်ကျေတန်းကျေ သံတမန်ဆက်ဆံရေးထက်ပိုတဲ့ ဆက်ဆံရေးအပြင် တော်လှန်ရေး ကာလနှင့် တော်လှန်ရေးကာလအလွန်မှာ ကုန်သွယ်ရေး၊ စီးပွားရေး အာမခံချက်ပေးနိုင်တဲ့ မူဝါဒ ထင်သာမြင်သာ ရှိအောင် ဖော်ဆောင်ဖို့ လိုပါမယ်။ ထို့အတူ တိုင်ရင်းသားတွေ လိုလားတဲ့ ဖက်ဒရယ်ဒီမိုကရေစီဖော်ဆောင်မှုမှာ ဖက်ဒရယ်စီးပွားရေး မူဝါဒကို အခုအချိန်ကတည်းက အာမခံချက် ရှိအောင် ညှိနှိုင်း ရေးဆွဲထားရပါမယ်။
စကစ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး စကစက ရွေးကောက်ပွဲဆိုတာနဲ့ နိုင်ငံရေးထွက်ပေါက်ရှာနေတာ ဖြစ်တယ်။ ရွေးကောက်ပွဲကို အပိုင်းအလိုက် မရရတဲ့နည်းနဲ့ ဖြစ်အောင်လုပ်မယ့် အနေအထား တွေ့နေရပြီး မဲရုံလုံခြုံရေး အတွက် ရွေးကောက်ပွဲဝင်ပါတီတွေကနေ လက်နက်ကိုင် လုံခြုံရေးတွေချပြီး လုပ်မယ်ဆိုတဲ့အထိ တွေ့နေရတယ်။ အတုအယောင်ရွေးကောက်ပွဲလို့ တော်လှန်ရေးဘက်တော်သားတို့က ဘယ်လိုပဲပြောပြော စကစ ကို ထောက်ခံနေတဲ့ သူတို့ရဲ့ မိတ်ဆွေနိုင်ငံတွေကနေ ထောက်ခံမှုရယူပြမယ့် ခြေလှမ်းတွေ့နေရတယ်။ အိမ်နီးချင်းမှာ တရုတ်၊ အိန္နိယ၊ လာအို၊ ကမ္ဘောဒီးယား စတဲနိုင်ငံတွေ၊ နောက်BRI ပိုးလမ်းမ စီမံကိန်း မိတ်ဖက်နိုင်ငံ (၂၂) နိုင်ငံရှိမယ်၊ အာဆီယံထဲမှာလည်း သူ့ကို မိတ်ဝတ်မပျက်ဆက်ဆံနေတဲ့ နိုင်ငံရှိမယ်ပေါ့။
အခုဆို အပစ်ရပ်လိုက်တဲ့ EROs နယ်မြေတွေမှာ လုပ်လို့ရအောင် တရုတ်က ကြားဝင်ပေးနေတယ်လို့ သုံးသပ်လို့ ရနိုင်ပါတယ်။
ဒါဟာ လုံးဝမပေါ့ဆသင့်တဲ့ အရေးကြီးကိစ္စဖြစ်တယ်။ ရွေးကောက်ပွဲဟာ တရားမဝင်ဘူးဆိုပြီး ဆန့်ကျင် နေရုံနဲ့မရဘူး။ စကစက သူ့ထွက်ပေါက်အတွက် အရာအရာကို ထိုးကျွေးပြီး လုပ်မယ့်အခြေအနေ တွေ့နေရတယ်။ ဒါကို ကျော်လွှားနိုင်ဖို့ တော်လှန်ရေး နိုင်ငံရေး အင်အားစုတွေနဲ့ ညှိနှိုင်းတိုင်ပင်ဆွေးနွေးဖို့၊ proactive ဒါမှမဟုတ် Alternative Political way နဲ့ လုပ်ဖို့ လိုတယ်လို့ မြင်ပါတယ်။
အမှန်တကယ် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ထူထောင်မယ်ဆိုရင် NUG အနေနဲ့ ဖော်ဆောင်ဖို့လိုသလို တိုင်းရင်းသား အပါအဝင် တော်လှန်ရေးသမားများကလည်း နိုင်ငံရေးအင်အားစုများ အပါအဝင် ခေါင်းချင်းဆိုင် တိုင်ပင်ပြီး ဖော်ဆောင်စေချင်ပါတယ် ။ ဖော်ဆောင်ဖို့လည်း လိုအပ်နေပြီဖြစ်တယ်။
စစ်ရှုံးနေတဲ့ စကစကို အကျပ်အတည်းပေါင်းစုံကနေ ရုန်းမထွက်နိုင်အောင် ဗျူဟာမြောက် နိုင်ငံရေး ထိုးစစ်ဆင်ရပါမယ်။ ICC မှာ လူမျိုးသုဉ်း သတ်ဖြတ်မှု အဆိုတင်တရားစွဲခြင်း နှင့်အတူ နွေဦးတော်လှန်ရေးကာလ အတွင်း စစ်ရာဇဝတ်မှု ထပ်လောင်းအဆိုတင်ဖို့ လိုတယ်။ ဒါမှ စကစနှင့် မိတ်ဖက် နိုင်ငံနှင့် မိတ်ဝတ်မပျက် ဆက်ဆံရေးရှိတဲ့ နိုင်ငံတွေအကြား ယုံကြည်မှု ပျက်ပြားလျော့ပါးသွားစေမယ်။ နိုင်ငံတကာမျက်နှာစာမှာ စစ်ရာဇဝတ် အပါအဝင် ရာဇဝတ် သားကောင်အဖြစ် ပိုပြီးပေါ်လွင်လာအောင် ကြိုးပမ်း အားထုတ်ရပါမယ်။
ဒီနေ့အထိ တော်လှန်ရေးအခြေအနေတွေကို သုံးသပ်ရရင် EROs အင်အားစုတွေရဲ့ အံ့မခန်း တိုက်ပွဲ ဖော်ဆောင်မှုတွေကိုသာ ထင်သာမြင်သာတွေ့ရပြီး NUG ရဲ့ အခန်းကဏ္ဍ မှေးမှိန်လျက်ရှိနေကြောင်း တွေ့ရမှာ ဖြစ်ပါတယ်။
တရုတ်ရဲ့ကြားဝင်မှုကြောင့် အရှိန်လျော့ကျသွားတယ်လို့ဆိုပေမယ့် အခြေခံအဆောက်အဦးနှင့်တကွ သယံဇာတ နှင့် နယ်စပ် ကုန်သွယ်ရေးဂိတ်တွေ EROs တွေရဲ့ လက်ထဲကျရောက်သွားပြီ ဖြစ်တယ်။ စကစ အကျပ်အတည်း ဆိုက်နေတဲ့ ကာလလည်း ဖြစ်တယ်။ ဒီတော့ မြေပြန့်ဒေသ နယ်မြေတွေမှာ မဟာဗျူဟာမြောက် တိုက်ပွဲ ဖော်ဆောင်ဖို့ပဲ လိုနေတာ ဖြစ်တယ်။ စစ်အနိုင်တိုက်ရေးအတွက် အချင်းချင်းမဟာမိတ် တပ်ပေါင်းစုဖွဲ့ပြီး တိုက်ပွဲဖော်ဆောင်နိုင်ဖို့ NUG မှာ တာဝန်အရှိဆုံးနဲ့ အပြီးသတ်တိုက်ပွဲဖော်ဆောင်နိုင်ဖို့ တော်လှန်ရေး နိုင်ငံရေး အင်အားစုတွေအနေနဲ့လည်း ပူးပေါင်းပါဝင်ဖို့ အရေးအကြီးဆုံး အချိန်အခါ ကျရောက်နေပြီဖြစ်တယ်လို့ ဆိုချင်ပါတယ်။
ပြောရရင် နွေဦးတော်လှန်ရေးမှာ EROsတွေရဲ့ နိုင်ငံရေး၊ တော်လှန်ရေးဖော်ဆောင်မှုတွေက ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ဖို့ လက်တွေ့ကျတဲ့ အခန်းကဏ္ဍကနေ အဆင်သင့်ဖြစ်နေပြီလို့ ပြောရင်ရနိုင်ပြီ ဖြစ်တယ်။
NUG အနေနဲ့ PDF၊ LPDF တပ်ရင်းတပ်ဖွဲ့ တွေ စုဖွဲ့ ခြင်းနဲ့အတူ BPLA၊ BNLA တွေနဲ့ပါ မဟာမိတ်တပ်ပေါင်းစု ဖွဲ့ နိုင်ဖို့၊ နယ်နိမိတ်အလိုက် တပ်ရင်းတပ်ဖွဲ့အလိုက် Full Marshall commander တွေ အပိုင်းအခြားအလိုက် ခန့်အပ်ပြီး အချိတ်အဆက်မိစွာ တိုက်ပွဲဖော်ဆောင်ရပါမယ်။
ဒီအခါမှာ မိုးပေါ်က သိကြားမင်း တားလည်း မရနိုင်တဲ့ EROs အပါအဝင် နိုင်ငံရေး တော်လှန်ရေး အစုအဖွဲ့ရဲ့ တညီတညွတ်တည်း တိုက်ပွဲဖော်ဆောင်မှု ရုပ်လုံးပေါ်လာပြီး မဟာဗျူဟာမြောက်တိုက်ပွဲအဖြစ် ပြောင်းလဲသွားလိမ့်မယ်လို့ ယုံကြည်ပါတယ်။