
၂၀၂၅ မှာ တော်လှန်ရေးနဲ့ ဖက်ဒရယ်အရွေ့အားကောင်းဖို့ စိန်ခေါ်မှုတွေကို ဘယ်လိုကျော်ဖြတ်ကြမလဲ
၂၀၂၄ အတွင်းက ဖက်ဒရယ်နဲ့ တော်လှန်ရေးခရီး အတိုင်းအတာ၊ မြို့သိမ်းတိုက်ပွဲ ဆင်နွဲနေတဲ့အချိန်မှာ အုပ်ချုပ်ရေးကိစ္စ၊ ၂၀၂၅ မှာ ဖက်ဒရယ်နဲ့ တော်လှန်ရေး အရွေ့ အတွက် စစ်ကောင်စီရဲ့ အဆုံးသတ်ပြီး ဘယ်လိုအဖြေနိုင်ဖို့၊ ပြည်နယ်အားကောင်းရေးမှ ပြည်ထောင်စုအားကောင်းရေးမူအကြောင်းနှင့် ဖက်ဒရယ်တပ်ပေါင်းစုကိစ္စအပါအဝင် မြန်မာ့နိုင်ငံရေးအခင်းအကျင်းရဲ့ စိန်ခေါ်မှုတွေကို ကျော်လွှားနိုင်ဖို့ နိုင်ငံရေးအကျဉ်းသားဟောင်းလည်းဖြစ်၊ ဗကသ ကျောင်းသားခေါင်းဆောင် တစ်ဦးလည်း ဖြစ်သူ ကိုမင်းသွေးသစ်ကို ဖက်ဒရယ်ဂျာနယ်၊ မြန်မာက မေးမြန်းတင်ဆက်ထားပါတယ်။
——-
မေး။ ။ ၂၀၂၄ အတွင်း ဖက်ဒရယ်ခရီး ဘယ်လောက်နီးခဲ့ပြီးလဲ။ ၂၀၂၄အတွင်း တော်လှန်ရေးခရီး ဘယ်အတိုင်း အတာထိ နီးစပ်မှုရှိခဲ့သလဲ။
ဖြေ။ ။ တော်လှန်ရေးခရီးက အရင်ကထက်ပိုပြီးတော့ နီးလာပြီလို့ ကျနော်တို့ ပြောလို့ရတယ်။ ဒါပေမယ့် လုပ်စရာတွေ၊ အဓိက အခြေခံအချက်တွေတော့ အများကြီးရှိသေးတယ်။ တော်လှန်ရေးခရီး ဘယ်အတိုင်း အတာထိ နီးစပ်မှုရှိခဲ့သလဲဆိုရင်တော့ နည်းနည်းတော့လိုသေးတယ်လို့ ကျနော်တို့ ပြောလို့ရမယ်။ ဘာကြောင့် လိုသေးလဲဆိုရင် မဖြေရှင်းနိုင်သေးတဲ့ ကိစ္စတွေ၊ မချမှတ်နိုင်သေးတဲ့ ကိစ္စတွေ ရှိတယ်။ အဲဒတွေကို ဖြေရှင်း နိုင်မယ်ဆိုရင်တော့ တော်လှန်ရေးခရီးက နီးပြီလို့ ပြောလို့ရတယ်။
အဲဒါတွေက ဘာတွေလဲဆိုတော့ စစ်ရေးတပ်ပေါင်းစု၊ နိုင်ငံရေးတပ်ပေါင်းစု၊ ပြီးတော့ NUGနဲ့ ERO တွေကြားထဲက ခိုင်မာတဲ့ မူဝါဒနဲ့ ဆက်ဆံရေးတွေ လိုသေးတယ်။ နောက်ပြီးတော့ မြေပြင်မှာ ရှိနေတဲ့ တပ်ရင်း၊ တပ်ဖွဲ့တွေ COCနဲ့ စည်းကမ်းလိုက်နာမှုအပိုင်း၊ မဟာဗျူဟာကျတဲ့ စစ်ရေးလှုပ်ရှားမှု၊ တော်လှန်ရေး အဖွဲ့အစည်း ပေါင်းစုံက စုပေါင်းလှုပ်ရှာမှုပေါ့နော်။ အဲဒီအချက်တွေ ပြည့်စုံမှသာလျှင် တော်လှန်ရေးရဲ့ အောင်ပွဲ၊ တော်လှန်ရေးခရီးက နီးစပ်မှုရှိပါလိမ့်မယ်လို့ ပြောလို့ရပါလိမ့်မယ်။
မေး။ ။ မြို့သိမ်းတိုက်ပွဲ၊ ချေမှုန်းရေးတိုက်ပွဲတွေ ဆင်နွဲနေတဲ့အချိန်မှာ အုပ်ချုပ်ရေးကိစ္စထက် စစ်ရေးကိုပဲ အရှိန်မြှင့်ဖို့ ဦးစားပေးသင့်သလား။ မြို့သိမ်းတိုက်ပွဲ၊ ချေမှုန်းရေးတိုက်ပွဲတွေက မြန်မာ့နိုင်ငံရေး အခင်း အကျင်းကို အပြောင်းအလဲဖြစ်စေနိုင်မလား။
ဖြေ။ ။ မြို့သိမ်းတိုက်ပွဲ၊ ချေမှုန်းရေးတိုက်ပွဲတွေ ဆင်နွဲနေနိုင်တာက တော်လှန်ရေးရဲ့ အရွေ့တစ်ခုကို ကျနော်တို့ ပြနေနိုင်တယ်။ အဲဒီတိုက်ပွဲတွေက ပြည်သူလူထုအတွက်လည်း တော်လှန်ရေးမှာ အခုချိန်ထိ ရပ်တည် ပေးနေတဲ့ ပြည်သူလူထုအတွက်လည်း စိတ်ဓာတ်ခွန်အားတွေ ပေးနေတယ်။ အဲဒါတွေ ဆင်နွှဲနေတဲ့ အချိန်မှာ အုပ်ချုပ်ရေးကိစ္စထက် စစ်ရေးကိစ္စကိုပဲ ဦးစားပေးသင့်သလားဆိုတော့ အမှန်ကတော့ တော်လှန်ရေး တစ်ခုမှာ စစ်ရေးအရှိန်မြှင့်ဖို့ကိုကော၊ သိမ်းပြီးသားမြို့နယ်တွေရဲ့ တည်ငြိမ်အေးချမ်းရေးနဲ့ ကောင်းကောင်းမွန်မွန် အုပ်ချုပ်နိုင်ဖို့အတွက် အုပ်ချုပ်ရေးယန္တရားတွေက အမှန်ကတော့ တပြိုင်တည်း လုပ်ရမှာ ဖြစ်တယ်။ ဂျပန်ခေတ်တုန်းကလည်း ကျနော်တို့ အာဏာလေဟာနယ်ဆိုပြီး မဖြစ်အောင်လို့ လုပ်ခဲ့ကြတဲ့ နိုင်ငံရေး သမိုင်းတွေ၊ နိုင်ငံရေးသင်ခန်းစာတွေကို မှတ်သားဖူးတယ်။ ဒီဟာကတော့ စစ်ရေးနဲ့ အုပ်ချုပ်ရေးကို တပြိုင်တည်း လုပ်ရမှာပဲ။ တဖက်တည်းကို ဦးစားပေးပြီး လုပ်လို့ မသင့်ဘူးလို့ ယူဆတယ်။
မြို့သိမ်းတိုက်ပွဲ၊ ချေမှုန်းရေးတိုက်ပွဲတွေက မြန်မာ့နိုင်ငံရေး အခင်းအကျင်းကို အပြောင်းအလဲဖြစ်စေနိုင်မလား ဆိုတာကတော့ ဖြစ်စေနိုင်ပါတယ်။ ဒါက အဓိကအချက်လည်း ဖြစ်နေတယ်။ စစ်ကောင်စီရဲ့ နယ်မြေပိုင်ဆိုင်မှု ဘယ်လောက်ရှိတယ်၊ တော်လှန်ရေးအင်အားစုတွေရဲ့ နယ်မြေပိုင်ဆိုင်မှု ဘယ်လောက်ရှိတယ်ဆိုတာက မြန်မာပြည်နိုင်ငံရေးအခင်းအကျင်းကို အပြောင်းအလဲဖြစ်စေဖို့ တွန်းအားတရပ်တော့ ဖြစ်စေပါတယ်။
မေး။ ။ ၂၀၂၅ က ဖက်ဒရယ်အရွေ့ကို ဘယ်လိုဖော်ဆောင်ပေးဖို့ လိုအပ်ပြီလဲ။ ၂၀၂၅ က တော်လှန်ရေး အရွေ့ အတွက် ဘယ်လိုအဖြေရသင့်ပြီလဲ။
၂၀၂၅ က ဖက်ဒရယ်အရွေ့ကို ဘယ်လိုဖော်ဆောင်ပေးဖို့ လိုအပ်သလဲဆိုရင်တော့ တော်လှန်ရေးဦးဆောင်မှု အခန်းကဏ္ဍကို ပေးထားတဲ့ NUGအနေနဲ့ လျော့တိလျော့ရဲ အိပဲ့အိပဲ့နဲ့ သွားနေတဲ့ အခြေအနေအစား ပြုပြင်ပြောင်းလဲရေးက NUGအတွက် မဖြစ်မနေ လုပ်ရမယ်။ ပြုပြင်ပြောင်းလဲမှု လုပ်ပြီးသွားရင် NUGကို ပြန်လည်ပြင်ဆင်တာ၊ အားသစ်လောင်းတာမျိုးတွေ လုပ်ပြီးသွားပြီဆိုရင်တော့ လက်ရှိနွေဦးတော်လှန်ရေးမှာ အဓိက ပါဝင်နေတဲ့ EROအဖွဲ့တွေနဲ့ ခိုင်မာတဲ့ မူဝါဒတွေ ချမှတ်ဖို့ လိုမယ်။
ပြီးတော့ အနာဂါတ်မှာ အကောင်အထည်ဖော်မယ့် ဖက်ဒရယ်ဒီမိုကရေစီရဲ့ အခြေခံသဘောတရားတွေ ယေဘုယျအားဖြင့် ကျနော်တို့ပြည်သူတွေကို ဘယ်လိုသဘောတူညီမှုရပြီ၊ ဘာတွေ ချမှတ်ပြီးပြီ ဆိုတာကိုလည်း ထုတ်ဖော်ကြေညာနိုင်အောင် လုပ်သင့်ပြီလို့ ထင်ပါတယ်။ ၂၀၂၅က တော်လှန်ရေးကာလက ၅နှစ်တာကာလကို ရောက်လာပြီဆိုတော့ တော်လှန်ရေး အရွေ့ အတွက် အဖြေက အတိုင်းအတာ တစ်ခုအထိရှိတဲ့ လွတ်မြောက်နယ်မြေက NUGအနေနဲ့ ဖန်တီးပြနိုင်ဖို့ လိုပြီလို့ ထင်ပါတယ်။
မေး။ ။ ၂၀၂၅ က စစ်ကောင်စီရဲ့ အဆုံးသတ်၊ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုသစ်အတွက် အနာဂတ်အတွက် အဆုံးအဖြတ် ဖြစ်လာနိုင်မလား။ တော်လှန်ရေးနှင့် ဖက်ဒရယ်အရွေ့အတွက် အဖြေဖြစ်လာနိုင်မလား။ ဘယ်အရာတွေက စိန်ခေါ်မှုတွေဖြစ်နေတယ်လို့ ယူဆပါသလဲ။
ဖြေ။ ။ ၂၀၂၅က စစ်ကောင်စီရဲ့ အဆုံးသတ်တို့ဆိုတာ ပြောဖို့စောသေးတယ်လို့ ကျနော့်အနေနဲ့ ယူဆတယ်။ စစ်ကောင်စီ မြန်မြန်ပြိုလဲသွားဖို့အတွက်က အတွင်းဘက်မှာ အာဏာပြန်သိမ်းပြီး ပြည်သူကို အာဏာ ပြန်အပ်တာမျိုး ဒါမှမဟုတ် ရွေးကောက်ပွဲလမ်းကြောင်းကို ရွေးပြီးတော့ စစ်တပ်က နိုင်ငံရေး အခင်းအကျင်းမှာ လုံးဝမပါဘူးဆိုတာမျိုး၊ နောက်တစ်ခုက ကျနော်တို့ တော်လှန်ရေးအင်အားစုတွေက နိုင်သွားတယ်ဆိုတာမျိုး၊ စစ်ရေးအရဖြစ်စေ နိုင်ငံရေးအရဖြစ်စေ နိုင်ငံတကာက ဝင်ရောက်စွက်ဖက်မှုကြောင့် ဖိအားပေးမှုကြောင့် စစ်တပ်က နိုင်ငံရေးအဝန်းအဝိုင်းက ထွက်သွားတာမျိုးပေါ့။ အဲဒီလိုမျိုးဖြစ်မှသာ စစ်ကောင်စီရဲ့ အဆုံးသတ်လို့ ပြောလို့ရမယ်။ ဒါတွေကတော့ ၂၀၂၅မှာဖြစ်ဖို့အတွက် စောသေးတယ်၊ ဝေးသေးတယ်လို့ မြင်ပါတယ်။
ပြီးတော့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုသစ်အတွက် အနာဂါတ်အတွက် ၂၀၂၅မှာ အဆုံးအဖြတ် ဖြစ်လာနိုင်မလားဆိုတာက အဲဒါကလည်း ကျနော်တို့မှာ အခြေခံကျတဲ့ သဘောတူညီချက်တွေ မတွေ့လာ ရသေးဘူး။ ဖက်ဒရယ်ဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာ ဒီဟာကို ထည့်သွင်းဖော်ပြတာမျိုး၊ ထုတ်ပြန် ကြေညာ တာမျိုး၊ အသွင်ကူးပြောင်းရေး၊ ကြားကာလအုပ်ချုပ်ရေးကိစ္စတွေမှာ ဘယ်လိုအာဏာခွဲဝေမယ်၊ ဘယ်လို နယ်မြေပိုင်းခြား သတ်မှတ်မယ်ဆိုတာတွေက အခုချိန်ထိကို သဘောတူညီချက် မရသေးတာ ဖြစ်တယ်။ အများကြီးလိုသေးတယ်လို့ ပြောလို့ရနိုင်တယ်။
အခုဟာက တော်လှန်ရေးနဲ့ ဖက်ဒရယ်အရွေ့အတွက် အဖြေဖြစ်လာဖို့ဆိုတာက ကျနော်တို့က အခုကိုယ်တိုက်လို့ ရတဲ့ နယ်မြေတွေကို ကိုယ့်ဘာသာယူထားတယ်၊ သိမ်းပိုက်ထားတာ ဖြစ်တယ်။ တချိန်မှာ နယ်မြေခွဲဝေဖို့ဆိုတာတွေကို ဘယ်အဖွဲ့ကမှ တိတိပပထုတ်ဖော်ပြောဆိုနေတာမျိုး၊ ညှိနှိုင်းသဘောတူညီ ထားတာမျိုး မရှိသေးဘူး။ အဲဒီအရာတွေက စိန်ခေါ်မှုတွေ ဖြစ်လာလိမ့်မယ်။ ကြိုတင်ညှိနှိုင်း သဘောတူညီချက်တွေ မရှိတဲ့ ကိစ္စတွေ၊ နယ်မြေခွဲဝေမှုပြဿနာတွေ၊ အုပ်ချုပ်မှု ပြဿနာတွေ၊ ပြီးတော့ အာဏာကို ဘယ်လိုခွဲဝေယူကြမလဲပေါ့။ ဗဟိုက ၆၀လား၊ ပြည်နယ်က ၄၀လား ဒါမှမဟုတ် ဗဟိုနဲ့ ပြည်နယ် ၅၀စီလားပေါ့။ ဒါမျိုးက လက်ရှိမှာ ကျနော်တို့ အတူတူနေထိုင်နေတဲ့ တိုင်းရင်းသားတွေနဲ့ ဗမာအင်အားစုတွေ ကြားထဲမှာ တိကျပြတ်သားတဲ့ ညှိနှိုင်းဆွေးနွေးမှုမျိုးတွေ မတွေ့ရသေးဘူး။ ဒါတွေက စိန်ခေါ်မှုတွေလို့ပဲ ကျနော့်အနေနဲ့ မြင်ပါတယ်။
မေး။ ။ ပြည်နယ်အားကောင်းရေးမှ ပြည်ထောင်စုအားကောင်းရေးမူကို ကျင့်သုံးနိုင်ဖို့ စစ်အာဏာရှင် ဆန့်ကျင်ရေး အင်အားစုတွေအနေနဲ့ ဘယ်လိုပေါင်းစပ်ညှိနှိုင်းမှုမျိုးတွေ လုပ်သင့်ပြီလဲ။
ဖြေ။ ။ ကျနော့်အနေနဲ့က ပြည်နယ်အားကောင်းမှ ပြည်ထောင်စုအားကောင်းမယ်ဆိုတဲ့ အချက်က ၁၀၀ရာခိုင်နှုန်း မှန်နေလားဆိုတော့ မှန်နေတယ်လို့ လက်ခံလို့ မရပါဘူး။ ပြည်နယ်အားကောင်းတာ တစ်ခုတည်းနဲ့တော့ ပြည်ထောင်စုအားကောင်းလာမှာ မဟုတ်ဘူး။ တခြားအကြောင်းအချက်တွေ များစွာရှိသေးတယ်။ စစ်ကောင်စီ ဆန့်ကျင်ရေးအင်အားစုတွေအနေနဲ့ ပေါင်းစပ်ညှိနှိုင်းမှုတွေကို အခုချိန်မှာ အရင်ဦးဆုံး ပထမဆုံးလုပ်ရမှာက အရေးကြီးဆုံးက နွေဦးတော်လှန်ရေးပြီးသွားရင် နိုင်ငံရေးရည်မှန်းချက်ပန်းတိုင်သည် ဖက်ဒရယ်ဒီမိုကရေစီ ဖြစ်တဲ့အတွက် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုနဲ့ လျော်ညီတဲ့ အခြေအနေမျိုး၊ သဘောတူညီချက်မျိုး၊ ကတိကဝတ်မျိုး တိုင်းရင်းသားအင်အားစုတွေအနေနဲ့ ညီလာခံခေါ်ပြီးတော့ အကြမ်းယေဘူယျအားဖြင့် ချထားရမယ်။ ဒါမလုပ်ရသေးဘူး။ ဒီပေါင်းစပ်ညှိနှိုင်းမှုမျိုးတွေ လုပ်သင့်နေပြီ။
နောက်တစ်ခုက နိုင်ငံရေးတပ်ပေါင်းစုသည် အချိန်ယူပြီးမှ တည်ဆောက်ရတာ ဖြစ်တယ်။ အခြေခံ သဘောတူညီချက်တွေက အချိန်ယူပြီးမှ တည်ဆောက်ရတာ ဖြစ်တယ်။ လတ်တလောမှာ အရေးကြီးဆုံးနဲ့ အမြန်ဆုံး လုပ်လို့ရတာက စစ်ရေးတပ်ပေါင်းစုပေါ့။ အဲဒါလို စစ်ရေးတပ်ပေါင်းစုတစ်ခု ပေါ်ပေါက်လာဖို့၊ ပြီးတော့ အဲဒီစစ်ရေးတပ်ပေါင်းစုသည် မဟာဗျူဟာကျကျ၊ ဟန်ချက်ညီညီနဲ့ မဟာဗျူဟာကျတဲ့ စစ်ဆင်ရေး တွေ ဖော်ထုတ်နိုင်ဖို့ဆိုတာတွေက လတ်တလောမှာ အရေးကြီးဆုံး ပေါင်းစပ်ညှိနှိုင်းမှုတွေ ဖြစ်ပါတယ်။ အဲဒါ ကို အရင်ဆုံးလုပ်သင့်ပါတယ်။ ဒါတွေ အကောင်အထည်ပေါ်လာဖို့၊ သဘောတူညီချက်တွေ ရလာဖို့ ကျနော်တို့ ကြိုးစားသင့်နေပါတယ်။
မေး။ ။ စစ်ကောင်စီဆန့်ကျင်ရေးအင်အားစုတွေ ဖက်ဒရယ်တပ်ပေါင်းစုဖွဲ့ဖို့ ဘယ်အရာတွေက စိန်ခေါ်မှု ဖြစ်နေသလဲ။
ဖြေ။ ။ စစ်ကောင်စီဆန့်ကျင်ရေးအင်အားစုတွေက ဖက်ဒရယ်တပ်ပေါင်းစုဖွဲ့ဖို့ စိန်ခေါ်မှုတွေကတော့ အများကြီးပဲ ရှိပါတယ်။ အထူးသဖြင့် COC တစ်ခုတည်းမှာ မရှိနေတာရယ်၊ စစ်ရေးတပ်ပေါင်းစုမဖွဲ့နိုင်တာရယ်ပေါ့။ COC တစ်ခုတည်းအောက်မှာ မရှိနေဘူးဆိုတာက NUG တစ်ခုတည်းအောက်မှာမှ မရှိနေတာ မဟုတ်ဘူး။ NUG ပြင်ပမှာ ရှိနေတဲ့ အင်အားစုတွေသည်လည်း တစုတစည်းတည်း လုပ်မထားနိုင်သေးဘူး။ အဲဒီလို အခြေအနေ မျိုး တွေ့ရတယ်။ အဲဒီတော့ စစ်ရေးတပ်ပေါင်းစုသည် NUGရဲ့ MOD အောက်မှာ ရှိရှိ၊ မရှိရှိ ပြင်ပမှာ လှုပ်ရှား နေကြတဲ့ တပ်ရင်းတပ်ဖွဲ့တွေ၊ သီးခြားအင်အားစုတွေအားလုံး သဘောတူညီဖို့ ဆိုတာက အတော်လေး ခက်ခဲတယ်။
အဲဒီအခြေအနေက ဘုံသဘောတူညီချက်ကနေစပြီးတော့မှပဲ ကျနော်တို့တည်ဆောက်ရမှာပဲ။ ဘုံသဘော တူညီချက်၊ ဘုံရည်မှန်းချက်ကတော့ စစ်ကောင်စီကျရှုံးရေးဖြစ်တယ်။ အဲဒီစစ်ကောင်စီကျရှုံးရေးကို မဏ္ဍိုင် ထားပြီးတော့ ကျနော်တို့ ကျန်တာတွေကို ညှိနှိုင်းရမှာပါ။ အဲဒါကြောင့် ဖက်ဒရယ်တပ်ပေါင်းစုဖွဲ့ဖို့ စိန်ခေါ်မှု တွေက အများကြီးရှိနေတယ်။ အထူးသဖြင့်က ကိုယ်စီကိုယ်စီ ရည်မှန်းချက်တွေ၊ အတ္တတွေနဲ့ တော်လှန်ရေးကို နိုင်အောင် တည်ဆောက်လို့ မရဘူး။ အဲဒီအယူအဆတွေကို အရင်ဆုံးစွန့်လွှတ်ပြီးမှ ကျနော်တို့ ပြည်သူလူထုကို မျက်နှာမူမယ်၊ ပြည်ထောင်စုကြီးတစ်ခု ပေါ်ပေါက်လာဖို့အတွက် ကျဆုံးသွားတဲ့ ရဲဘော်တွေ၊ ပေးဆပ်ထား တဲ့ပြည်သူတွေရဲ့ ပေးဆပ်မှုတွေကို ကိုယ့်ရဲ့ ရည်မှန်းချက်၊ ကိုယ့်ရဲ့ အတ္တတွေကို နောက်ပို့ ထားနိုင်မယ်ဆိုရင်တော့ ဖက်ဒရယ်တပ်ပေါင်းစု ဖွဲ့လို့ရပါတယ်။ အဲဒီလိုမှ မဟုတ်ဘူးဆိုရင်တော့ အစောနားက ပြောနေတဲ့အချက်တွေကပဲ စိန်ခေါ်မှုတွေ ပြန်ဖြစ်လာမှာပါ။
မေး။ ။ လက်ရှိမြန်မာ့နိုင်ငံရေးအခင်းအကျင်းရဲ့ စိန်ခေါ်မှုတွေကို ၂၀၂၅မှာ တော်လှန်ရေးနဲ့ ဖက်ဒရယ်အရွေ့ အားကောင်းဖို့ ဘယ်လိုကျော်ဖြတ်ကြမလဲ။ ကျော်ဖြတ်သင့်တယ်လို့ ယူဆပါသလဲ။
ဒါတွေကို ကျော်ဖြတ်ဖို့အတွက်လည်း ကျနော်တို့မကြာခဏပြောနေတာ ရှိပါတယ်။ အဲဒါက ဘုံအခြေခံ သဘောတူညီချက် ချမှတ်ရမယ်။ စစ်ရေးတပ်ပေါင်းစု တည်ဆောက်ရမယ်။ နိုင်ငံရေး တပ်ပေါင်းစု တည် ဆောက်ရမယ်။ NUG ပြုပြင်ပြောင်းလဲမှု လုပ်ရမယ်။ ပြီးတော့ တိုင်းရင်းသား ERO တွေနဲ့ အနာဂါတ် ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးအတွက် လိုအပ်တဲ့ အခြေခံသဘောတူညီချက်တွေ ချမှတ်နိုင်ရမယ်။ ပြီးရင် မဟာဗျူဟာကျတဲ့ စစ်ရေးလှုပ်ရှားမှုတွေ အကောင်အထည်ဖော်နိုင်ရမယ်။ မြို့သိမ်း တိုက်ပွဲတွေအပြီးမှာ မြို့ကို အရပ်ဘက်အုပ်ချုပ်ရေးနဲ့ တည်တည်ငြိမ်ငြိမ်ဆက်သွားနိုင်ဖို့ ကြိုးစားရမယ်။
နောက်ထပ်က ၂၀၂၅မှာ သိသာထင်ရှားတဲ့ လွတ်မြောက်နယ်မြေတစ်ခုကို ဖန်တီးပေးနိုင်ရမယ်။ ဒီအချက် တွေကို မကြာခဏလည်း ကျနော်တို့ အမြဲတမ်းပြောနေပါတယ်။ ဒီဟာတွေကို မဖြစ်မနေ အားကောင်း ကောင်းနဲ့ စုစည်းမှုအားနဲ့ ကျော်ဖြတ်နိုင်မှသာလျှင် ကျနော်တို့လိုချင်တဲ့ ပန်းတိုင်ကို ၂၀၂၅မှာ မြင်ရမှာ ဖြစ်ပါတယ်။ ရောက်ရှိမယ်လို့တော့ မဆိုလိုသေးဘူး။ သွားချင်တဲ့ ပန်းတိုင်ကို လမ်းကြောင်းမှန်ပေါ် မြင်ရမှာ ဖြစ်ပါတယ်။
အကယ်၍များ ဒါတွေကို မလုပ်နိုင်သေးဘူးဆိုရင်တော့ ကျနော်တို့ရဲ့ နွေဦးတော်လှန်ရေးပန်းတိုင်သည် ဝေးနေအုံးမှာပဲ။ တစ်ခုခုသော အားကြီးမားတဲ့ ပြုပြင်ပြောင်းလဲမှုမျိုး မရှိသရွေ့တော့ ၂၀၂၅ထက်ပိုသော အချိန်ကို ယူရအုံးမှာပဲလို့ ကျနော့်အနေနဲ့ မြင်ပါတယ်။ ဒါကြောင့် ဒီအရာတွေကိုတော့ ကျနော်တို့မြန်မြန် ဖြေရှင်းနိုင်ဖို့လိုသလို အားလုံးမြန်မြန်တည်ဆောက်နိုင်ဖို့ လိုတယ်။ လက်ရှိမှာ အာဏာယူထားတဲ့လူတွေ၊ ရာထူးနေရာယူထားတဲ့လူတွေက ပေါ့ပေါ့ပါးပါးနဲ့ သွားနေပြီး မြေပြင်မှာ လူငယ်တွေက အသက်ပေးပြီး တိုက်နေရတဲ့ ဥစ္စာတွေ၊ ပြီးတော့ NUG၊ MOD အနေနဲ့ သူ့လက်အောက်ကို မဝင်တာနဲ့ ငါနဲ့မတူ ငါ့ရန်သူဆိုပြီး ကျင့်ဆုံးနေတဲ့ဟာတွေ၊ မြေပြင်နယ်မြေတွေမှာ MOD အောက် မဟုတ်ဘူးဆိုရင် ခြေချလို့မရဘူးဆိုတဲ့ အောက်ခြေတပ်တွေရဲ့ ဆုံးဖြတ်ချက်တွေ၊ ရည်တည်ချက်ပြဿနာတွေပေါ့နော်။ ဒီဟာတွေသည် စစ်ရေး အင်အားစုတွေ၊ နိုင်ငံရေးအင်အားစုတွေနဲ့ ဟန်ချက်ညီညီ မတည်ဆောက်နိုင်တာကို တွေ့ရတယ်။ ဒါတွေကို ကျနော်တို့လုပ်နိုင်မှသာ ကျနော်တို့လိုချင်တဲ့ ပန်းတိုင်ကို မြင်ရမှာဖြစ်ပါတယ်။
မေး။ ။ ဖြည့်စွက်ပြီး တော်လှန် ပြည်သူတွေထံ အမှာစကားပါးချင်တာရှိရင်လည်း ပြောကြားပေးပါအုံး။
ဖြေ။ ။ ပြည်သူတွေကို တိုက်တွန်းချင်တာက ပြည်တွင်းနေပြည်သူတွေအနေနဲ့ စစ်ကောင်စီရဲ့ ဖိစီးနှိပ်စက်မှုကြောင့်၊ ဖိနှိပ်အုပ်ချုပ်မှုကြောင့် ငွေကြေးအခက်အခဲတွေ ရှိနေတယ်။ စီးပွားရေးတွေ ကျဆင်းနေတယ်။ စားဝတ်နေရေး ရပ်တည်ဖို့အတွက်ကို တော်တော်ကြီး ကြိုးစားပြီးတော့ ရုန်းကန်နေရတယ်။ ဒီကြားထဲမှာ တော်လှန်ရေး ဘက်ကို ရအောင် ရပ်တည်ပေးတယ်ပေါ့နော်။ အထူးသဖြင့် နိုင်ငံတကာကို ရောက်နေတဲ့ မြန်မာ ပြည်သူလူထု အနေနဲ့ မိသားစုကို ပုံမှန်ပို့ပေးနေတဲ့အထဲက ခွဲပြီးတော့ တော်လှန်ရေးကို ထောက်ကူပေးနေတာမျိုးပေါ့။ ကျနော်တို့ဟာ စစ်ရေးတစ်ခုတည်းကို လုပ်နေရတာ မဟုတ်ဘဲ နိုင်ငံရေး၊ စစ်ရေး၊ လူမှုရေးကိစ္စတွေအားလုံးကို ရှိနေတဲ့ အင်အားစုတွေအားလုံးက ကြိုးစားပြီးတော့ ဆောင်ရွက်နေပါတယ်။
ပြည်သူတွေအနေနဲ့ တော်လှန်ရေးကာလ ၄နှစ်တာလုံး ရပ်တည်ပေးတဲ့ စိတ်ဓာတ်ကို ကျနော်တို့အနေနဲ့ ဂုဏ်ယူ အသိအမှတ်ပြုပါတယ်။ ဒါကြောင့် ကျနော်တို့ဆက်ပြီးတော့ ကြိုးစားနေပါတယ်။ ပြည်သူတွေ အနေနဲ့လည်း တတ်နိုင်သမျှ စိတ်ဓာတ်တွေကို ပြင်ဆင်ထားပြီးတော့ ရောက်လာမယ့် ဖိအားတွေကို ရင်ဆိုင်ရင်းနဲ့ အားတင်းထားကြပါ။ ကျနော်တို့ လိုချင်တဲ့ ပန်းတိုင်ရောက်ဖို့၊ နောက်မျိုးဆက်တွေ ကောင်းစားဖို့ အတွက်က ဒီကာလမှာ ကျနော်တို့ နေပူထဲကနေ နေရိပ်ကိုစောင့်မှပဲ ရမှာဖြစ်တဲ့အတွက် ကြိုးစားပြီး တောင့်ခံထားပေးကြပါလို့ ပြောချင်ပါတယ်။