စစ်သည်အင်အားလိုအပ်ချက်အတွက် ပအိုဝ်းပြီးနောက် ဓနုဒေသကို စစ်ကောင်စီမျက်စောင်းထိုးလာပြီလား
ဖိုးသား | အတွေးအမြင်
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်တဲ့ စစ်အုပ်စုက ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ရက်မှာ ပြည်သူ့အာဏာကို သိမ်းယူခဲ့ပါတယ်။ ၁၃၅ မျိုးသော တိုင်းရင်းသားမျိုးနွယ်စု အားလုံးရဲ့ အချုပ်အချာ အာဏာအားလုံးကို လက်နက်အားကိုးနဲ့ စစ်ကောင်စီက မတရား သိမ်းပိုက်ခဲ့ရာမှာ ဓနုပြည်သူတွေရဲ့ အာဏာ၊ ဓနုတွေရဲ့ လွတ်လပ်ခွင့်တို့ဟာလည်း ကျန်မနေခဲ့ပါ။ ကျန်ညီနောင်တွေကဲ့သို့ပင်လူ့အခွင့်အရေးတွေ အားလုံး ဆုံးရှုံးခဲ့ပါတယ်။
အဲဒီနောက် မြန်မာနိုင်ငံအနှံ့အပြားမှာ ပြည်သူ့ခုခံတွန်းလှန်ရေး ခေါင်းစဉ်အောက်က လက်နက်ကိုင် တပ်ဖွဲ့တွေ အများအပြား စုဖွဲ့ပေါ်ပေါက်လာကြပါတယ်။ တော်လှန်ရေးဟာ တဖြည်းဖြည်းနဲ့ အရှိန်ရလာသလို ၂၀၂၃နဲ့ ၂၀၂၄ခုနှစ်အတွင်းမှာ မြောက်ပိုင်းမဟာမိတ်တွေရဲ့ ၁၀၂၇စစ်ဆင်ရေး၊ ကရင်နီတော်လှန်ရေး အင်အားစုတွေရဲ့ ၁၁၁၁စစ်ဆင်ရေး၊ KIAရဲ့ ထိုးစစ်ဆင်တိုက်ခိုက်မှု၊ AAရဲ့ ထိုးစစ်ဆင်မှုတွေ၊ ချင်းပြည်နယ်က တော်လှန်ရေးအင်အားစုတွေရဲ့ တိုက်ပွဲဖော်ဆောင်မှုတွေနဲ့အတူ တခြားသော များပြားလှတဲ့ ပြည်သူ့ခုခံတွန်းလှန်ရေး တပ်ဖွဲ့တွေနဲ့ တိုင်းရင်းသားတော်လှန်ရေး လက်နက်ကိုင် တပ်ဖွဲ့တွေရဲ့ တိုက်ခိုက်မှုတွေကြောင့် စစ်ကောင်စီဟာ အင်အားချိနဲ့သထက် ချိနဲ့လာနေတဲ့အပြင် ထိန်းချုပ်နယ်မြေတွေ ကျဉ်းမြောင်းသထက် ကျဉ်းမြောင်းလာနေပါတယ်။
တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ တော်လှန်ရေးအရှိန် မြင့်လာချိန်မှာ စစ်ကောင်စီဟာ သူတို့ရဲ့ ယုတ်လျော့လာတဲ့ လျော့နည်းလာတဲ့ စစ်သည်တပ်သားအင်အားအရေအတွက်ကို မထုတ်သုံးနိုင်တော့တဲ့ အတွက် နိုင်ငံအတွင်းရှိ စစ်တပ်ထောက်ခံသူ ကြံ့ဖွံ့ပါတီဝင်တွေ၊ ပျူစောထီးတွေကို ပြည်သူ့စစ်အဖြစ် လေ့ကျင့်တပ်ဆင်ပေးပြီး ရှေ့တန်းစစ်မြေပြင်ပို့ဆောင်ပေမယ့် တိုက်ပွဲအတွင်း သေဆုံးတာ၊ တိုက်ပွဲအတွင်း ဖမ်းဆီးခံရတာ၊ အလံဖြူထောင်ပြီး အရှုံးပေးတာတွေကြောင့် စစ်သည်အင်အား လိုအပ်ချက်ဟာ ကြီးမားနေဆဲ ဖြစ်ပါတယ်။
ဒါကြောင့် စစ်ကောင်စီဟာ စစ်မှုမထမ်းမနေရ ဥပဒေ(ပြည်သူ့စစ်မှုထမ်းဥပဒေ)ကို ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၀ ရက်မှာ စတင်အာဏာပြဌာန်းခဲ့ပြီး ပြည်သူ့စစ်မှုထမ်းသင်တန်းတွေကို ဖွင့်လှစ်ဖို့ ပြင်ဆင်ခဲ့သလို ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ်(၁)ကို ၂၀၂၄ ခုနှစ်၊ ဧပြီလ ၈ ရက်က စတင်ဖွင့်လှစ်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၄ရက်မှာ ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ်(၈)ကို တိုင်းစစ်ဌာနချုပ်အသီးသီးမှာ ပြုလုပ်ခဲ့ပြီး နေပြည်တော်မှာပြုလုပ်တဲ့ သင်တန်းဖွင့်ပွဲကိုတော့ စစ်ခေါင်းဆောင်ကိုယ်တိုင် တက်ရောက် ဖွင့်လှစ်ပေးခဲ့ပါတယ်။
အဲဒီလို ပြည်သူ့စစ်မှုထမ်းဥပဒေကို အသက်သွင်းပြီး စစ်အင်အား စုဆောင်းလာနေသလို တဖက်မှာလည်း ရက်တိုသင်တန်း၊ ၃လသင်တန်းပေးပြီး ရှေ့တန်းပို့ဆောင်တာတွေ ပြုလုပ်နေတာပါ။ ကရင်နီ၊ ကရင်၊ ရခိုင်နဲ့ ရှမ်းတောင်-ကရင်နီနယ်စပ်က တိုက်ပွဲတွေမှာ ဖမ်းဆီးရမိတဲ့ စစ်သုံ့ပန်းတွေဟာ စစ်မှုထမ်းသင်တန်း ဆင်းလာသူတွေဖြစ်တယ်လို့ ဖမ်းဆီးခံရသူတွေကိုယ်တိုင်က ပြောကြားလာတာတွေ ဆက်တိုက်တွေ့နေရ ပါတယ်။
အဲဒီလိုအခြေအနေမှာ ရှမ်းပြည်နယ်တောင်ပိုင်းက ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ (၂)ခုဖြစ်တဲ့ ပအိုဝ်းနဲ့ ဓနုဒေသ အနက် ပအိုဝ်းပြည်သူ့စစ်(PNO) ထိန်းချုပ်ထားတဲ့ ပအိုဝ်းဒေသမှာ စစ်ကောင်စီဟာ လက်အောက်ခံ ပြည်သူ့စစ် PNOကို ထောက်ပံ့မှုတွေ အကြီးအကျယ်ပြုလုပ်ပေးပြီး စစ်မှုထမ်းသင်တန်းသားစုဆောင်းတာ၊ စစ်ရေးပြင်ဆင်တာတွေကို အကြီးအကျယ်ပြုလုပ်ခဲ့၊ ပြုလုပ်နေဆဲ ဖြစ်ပါတယ်။ ပအိုဝ်းဒေသဟာ တော်လှန်ရေးအင်အားစုတွေ အားကောင်းတဲ့ ကရင်နီပြည်နယ်နဲ့ နယ်မြေအနေအထားချင်း ဆက်စပ်နေသလို လက်ရှိမှာလည်း ပြည်နယ်နယ်စပ်ဒေသတွေမှာ တိုက်ပွဲတွေ ဖြစ်ပွားနေတာပါ။
ပြီးခဲ့တဲ့ ဩဂုတ်လ ၂၈ရက်က စစ်ကောင်စီရဲ့ ဝါဒဖြန့် လော်ဘီမီဒီယာ NP News မှာ ဖော်ပြတဲ့ သတင်းအရ PNOဟာ ဒေသတွင်းမှာ အရန်စစ်သည်အင်အား (၄) သိန်းထားရှိနိုင်ဖို့ ပြင်ဆင်နေတယ်လို့ ဆိုပါတယ်။ ဒါဟာ ဝါဒဖြန့်မှုသက်သက် ဖြစ်တယ်လို့ ဝေဖန်တာ၊ သရော်လှောင်ပြောင်တာတွေ ရှိပေမယ့် PNOဟာ မြေပြင်မှာ စစ်သည်အင်အားစုဆောင်းမှုကို ခပ်စိပ်စိပ် ခြေလှမ်းသွက်သွက် လုပ်လာနေတာပါ။ အရင်က သူ့ရဲ့ အင်အားပြသမှုတွေကို ပြန်ကြည့်ရင် အင်အား (၁,၅၀၀) ထက်မပိုခဲ့ပေမယ့် ပြီးခဲ့တဲ့ ဩဂုတ်လ ၂၁ ရက်က နောင်တရားမြို့နယ်မှာ လူအင်အား (၁၀,၀၀၀) နဲ့ စတင်အင်အားပြခဲ့ပါတယ်။
အဲဒီနောက် ဆက်တိုက်ဆိုသလို စက်တင်ဘာလ (၃၀) ရက်ကအင်အား (၂၀,၀၀၀) နဲ့ အင်အားပြခဲ့သလို စက်တင်ဘာလ ၃ ရက်မှာလည်း အင်အား (၇,၀၀၀) နဲ့ စစ်အင်အားပြခဲ့ပါတယ်။ ဒါတွဟာ ပီအန်အိုဟာ အရန်စစ်အင်အား (၄) သိန်းကို ပြည့်မှီအောင်ထားရှိနိုင်ဖို့ စနစ်တကျပြင်ဆင်လာနေတယ်လို့ နားလည်ရပါတယ်။
ပအိုဝ်းဒေသကို စစ်ပြင်ဆင်မှုပြီးနောက် စစ်ကောင်စီရဲ့ စစ်သည်အင်အား လိုအပ်ချက်အတွက် အာဏာမသိမ်းခင်က လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့တွေ မရှိသလို စစ်ကောင်စီတပ်ရင်းတပ်ဖွဲ့၊ ပြည်သူ့စစ်တွေ မရှိတဲ့ ဓနုဒေသဖက်ကို မျှားဦးလှည့်လာပါတယ်။ PNOပြည်သူ့စစ်ကတော့ ဓနုဒေသမှာ အခြေချတာ၊ စစ်ရေးလှုပ်ရှားတာမရှိပေမယ့် ရံဖန်ရံခါ ဝင်ရောက်အခွန်ကောက်တာတွေတော့ ရှိခဲ့ပါတယ်။
ဓနုဒေသဟာ ပင်းတယနဲ့ ရွာငံမြို့နယ် ၂ခုပါဝင်ပြီး စစ်ကောင်စီ စစ်ရေးအရ အကြီးအကျယ်အရှက်တကွဲ ကျရှုံးထားတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းဒေသ၊ မန္တလေးတိုင်း ဒေသကြီးတို့နဲ့ နယ်မြေချင်းထိစပ်နေသလို တအာင်း(ပလောင်)အမျိုးသားလွတ်မြောက်ရေးတပ်မတော်-TNLA ထိန်းချုပ်ထားတဲ့ နောင်ချိုမြို့နယ် မှာလည်း ဓနုလူမျိုး အများအပြားနေထိုင်ကြပါတယ်။ အာဏာသိမ်းပြီးနောက်မှာ စစ်ကောင်စီက ဝင်ရောက် တပ်စွဲထားသလို တော်လှန်ရေးအင်အားစု လက်နက်ကိုင် တပ်ဖွဲ့တွေလည်း. ပေါ်ပေါက်လာပါတယ်။ ဒါပေမယ့် နယ်မြေအနေအထား၊ လက်နက်ခဲယမ်းမလုံလောက်မှု၊ စစ်တပ်ထောက်ခံတဲ့ ကျေးရွာတွေ၊ စစ်တပ်သတင်းပေးတွေ များပြားမှု၊ စစ်ကောင်စီရဲ့ အကြီးအကျယ်ထိုးစစ်ဆင်ချေမှုန်း၊ ဖမ်းဆီးမှုတွေကြောင့် ပြီးခဲ့တဲ့ ၂၀၂၂ခုနှစ်၊ နှစ်ကုန်ပိုင်းကနေ စတင်လို့ ၂၀၂၃နှစ်လည်ပိုင်းခန့်အထိ တော်လှန်ရေးလှုပ်ရှားမှုတွေ မရှိသလောက် အားနည်းသွားပါတယ်။
တော်လှန်ရေးအင်အားစုတွေအနေနဲ့ ကရင်နီနဲ့ ရှမ်းမြောက်ဒေသကို သွားရောက်ခိုလှုံပြီး စစ်ပညာသင်ကြား လေ့ကျင့်တာ၊ လူသူအင်အားစုဆောင်းတာတွေ၊ လက်နက်ခဲယမ်းနဲ့ ငွေကြေးရိက္ခာဖြည့်တင်းတာတွေကြောင့် တော်လှန်ရေးလှုပ်ရှားမှုတွေဟာ ဓနုဒေသတွင်းမှာ မရှိသလောက် အားနည်းသွားတာ ဖြစ်ပါတယ်။ အဲဒီ အခြေအနေမှာပဲ ကြံ့ခိုင်ရေးပါတီအားကောင်းတဲ့ ကျေးရွာတွေ၊ တပ်ထောက်ခံသူ အားကောင်းတဲ့ ကျေးရွာတွေက လူငယ်၊ လူလတ်ပိုင်းတွေကို ငွေကြေးနဲ့ တခြားမက်လုံးတွေပေးကာ စည်းရုံးပြီး စစ်သင်တန်း ပေးကာ ပျူစောထီးခေါ် ရပ်ရွာလုံခြုံရေးအဖွဲ့တွေ ဖွဲ့စည်းပေးပြီး ၎င်းတို့တပ်သားတွေရဲ့ နေရာမှာ အစားထိုး ပြင်ဆင်လာပါတယ်။ ပျူစောထီးတွေကို စစ်ဆေးရေးဂိတ်တွေမှာသော်လည်းကောင်း၊ လမ်းပိုင်းလုံခြုံရေး အမည်ခံ ရှောင်တခင်စစ်ဆေးငွေကောက်ခံတာတွေမှာ အသုံးပြုခဲ့ပါတယ်။
အဲဒီနောက် ပြည်သူ့စစ်မှုထမ်းဥပဒေကို ၂၀၂၄ခုနှစ်၊ ဖေဖော်ဝါရီလ ၁၀ရက်မှာ အသက်သွင်းပြဌာန်းပြီး နောက်မှာ စစ်မှုမထမ်းမနေရဟုဆိုတာ ရပ်ကွက်၊ ကျေးရွာတစ်ရွာကို လူ ၃ဦးစီ တောင်းခံပြီး စစ်မှုထမ်းသင်တန်းပေးခဲ့သလို တဖက်မှာလည်း ငွေကြေးနဲ့ ခေါ်ဆောင်ထားတဲ့ ပျူစောထီးတွေကို စစ်မှုထမ်းသင်တန်းပေးတာတွေကို ဆက်တိုက်ဆိုသလို ပြုလုပ်နေသလို ရှေ့တန်းပို့ဆောင်တာတွေ ပြုလုပ်လာပါတယ်။
စစ်ကောင်စီဟာ စစ်သည်အင်အားလိုအပ်ချက်အရ အဲဒီလောက်နဲ့ ရောင့်ရဲတင်းတိမ်နိုင်ခြင်းမရှိတာကြောင့် ပြီးခဲ့တဲ့ စက်တင်ဘာလက စတင်ပြီး ရပ်ကွက်၊ ကျေးရွာတစ်ရွာကို လူ ၇ဦးစီ တောင်းခံလာသလို ဒေသတွင်းရှိ လောင်းကစား၊ အရက်၊ မူးယစ်ဆေးဝါးကြောင့် ဘဝပျက်နေသူတွေ၊ လက်ရဲဇက်ရဲရှိသူတွေ၊ အလုပ်အကိုင် မရှိသူတွေ၊ အကြောင်းအမျိုးမျိုးကြောင့် အလုပ်ပင်ပန်းစွာ မလုပ်ကြဘဲ ငွေကြေးအလွယ်တကူ ရလိုသူတွေကို ကျေးရွာအုပ်ချုပ်ရေးမှူးတွေကနေတဆင့် လိုက်လံစည်းရုံးခိုင်းကာ အင်အားစုဆောင်းလာပါတယ်။ အဲဒီလို စုဆောင်းထားသူတွေကို ဒေသတွင်းမှာပဲ စစ်သင်တန်းပေးကာ ယူနီဖောင်းထုတ်ပေးတာ၊ လက်နက်နဲ့ ငွေကြေးထုတ်ပေးတာတွေကိုလည်း ဆက်တိုက်ဆိုသလို ပြုလုပ်လာပါတယ်။
ဒေသအရေးစောင့်ကြည့်လေ့လာသူတွေရဲ့ အဆိုအရ ၂၀၂၄ခုနှစ်၊ ဖေဖော်ဝါရီလက ဓနုဒေသမှာ ရပ်ရွာလုံခြုံရေးအဖွဲ့ အမည်ခံ ပျူစောထီးတပ်ဖွဲ့ဝင် ၅၀ဦးခန့်သာ ရှိခဲ့ရာကနေ အခုဒီဇင်ဘာ လကုန်ပိုင်းမှာ ၂၀၀ကျော် ရှိလာပြီဖြစ်တယ်လို့ ဆိုပါတယ်။ ဒါဟာ ရှေ့တန်းစစ်မြေပြင်ကို ပို့ဆောင်ထားသူတွေ၊ လက်ရှိမှာ စစ်သင်တန်းတက်ရောက်နေဆဲ လူဦးရေတွေ မပါသေးဘူးလို့ သိရပါတယ်။ အဲဒီပျူစောထီးတွေကို ဒေသဦးစီးအဖွဲ့က ကွပ်ကဲပြီး ဒေသတွင်းမှာ လာရောက်အခြေချထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ညွှန်ကြားမှုတွေ ပြုလုပ်နေတယ်လို့ ဆိုပါတယ်။
နိုင်ငံရဲ့ နေရာအနှံ့မှာ တော်လှန်ရေးအင်အားစုတွေ တိုက်ပွဲဝင်ပြီး လွတ်မြောက်နယ်မြေတွေ ပိုမိုကျယ်ပြန့်လာချိန်မှာ တော်လှန်ရေးအနည်းငယ်အားပျော့တဲ့ ဓနုဒေသကို စစ်ကောင်စီက ၎င်းတို့ရဲ့ ခံစစ်နယ်မြေတစ်ခုသဖွယ် ပြင်ဆင်လာနေတာဖြစ်နိုင်တယ်လို့လည်း ဒေသတွင်း နိုင်ငံရေးလေ့လာသူတွေက ဆိုပါတယ်။
တဖက်မှာလည်း ရှမ်းမြောက်မှာ မြောက်ပိုင်းမဟာမိတ်တွေနဲ့အတူ ပူးပေါင်းတိုက်ပွဲဝင်ခဲ့တဲ့ ဓနုပြည်သူ့ လွတ်မြောက်ရေးတပ်ဦး/ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော်(DPLF/DPLA)က ပင်းတယမြို့နယ်မှာ စစ်ရေးနဲ့ စည်းရုံးရေးဝင်ရောက်လှုပ်ရှားတာ တွေ့လာရသလို ပင်းတယနဲ့ နယ်နမိတ်ထိစပ်နေတဲ့ ရပ်စောက်မြို့နယ်၊ ကျောက်ဂူဒေသ၊ ကျောက်ဂူအမြောက်တပ်(အမတ ၃၄၉)အနီးမှာ စစ်ကောင်စီနဲ့ တိုက်ပွဲဖြစ်ပွားနေပါတယ်။ ဒီတပ်ဖွဲ့ဟာ ဓနုတိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ လက်နက်လူအင်အား အတောင့်တင်းဆုံးနဲ့ စစ်ရေးအတွေ့အကြုံအပြည့်ဝဆုံး တပ်ဖွဲ့လို့ ဆိုပါတယ်။
အလားတူပဲ DSNA-ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်ဟာလည်း အခု ၂၀၂၄နှစ်ကုန်ပိုင်းမှာ ဓနုဒေသအတွင်း စစ်ရေးလှုပ်ရှားမှုတွေရှိသလို ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၂ရက်နေ့က ရွာငံမြို့နယ်၊ မင်းပလောင်ရွာကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။ ချိုးဖြူတော်လှန်ရေးတပ်ဖွဲ့- JPRF၊ မှော်ဘုရင်စစ်ကြောင်းတို့ကလည်း ဓနုဒေသမှာ စစ်ရေးလှုပ်ရှားတာ ရံဖန်ရံခါရှိသလို အခြားသော UGတပ်ဖွဲ့တွေကလည်း ဓနုဒေသအတွင်းမှာ ဒလန်ရှင်းလင်းတာတွေ ပြုလုပ်နေတာ တွေ့ရပါတယ်။
ဒါကြောင့် ဓနုဒေသဟာ ၂၀၂၅ခုနှစ်အတွင်းမှာ ဓနုတော်လှန်ရေးအင်အားစုတွေရဲ့ စစ်ရေးဖော်ဆောင်မှုကို ယခုထက်ပိုမိုအောင်မြင်အောင် ပြုလုပ်လာနိုင်မလား။ ဒီအချက်ကပဲ ဒေသတွင်း စစ်ပြင်ဆင်မှု၊ လူအင်အားစုတွေ စုဆောင်းမှုကို အရှိန်အဟုန်ပြင်းပြင်းနဲ့ လုပ်နေတဲ့ စစ်ကောင်စီတပ်ရဲ့ ခြေလှမ်းတွေကို ရပ်တန့်နိုင်မလားဆိုတာ စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်။
ဖိုးသား