ရွေးကောက်ပွဲသည် စစ်ကောင်စီအသုံးချမည့်ဖြေဆေး
မင်းကျော်ဖေ | သတင်းဆောင်းပါး
တစ်နိုင်ငံလုံးစစ်ရှုံးနေသည့် အာဏာသိမ်းစစ်ကောင်စီသည် ၂၀၂၅ခုနှစ်နိုဝင်ဘာလတွင် ရွေးကောက်ပွဲ ကျင်းပပြုလုပ်ပေးမည်ဟု စစ်ခေါင်းဆောင်ကိုယ်တိုင်ပြောလာသည်။ သြဂုတ်လအတွင်း မြန်မာနိုင်ငံသို့ လာရောက်ခဲ့သည့် တရုတ်နိုင်ငံခြားရေးဝန်ကြီးဝမ်ယီနှင့် စစ်ခေါင်းဆောင်တို့တွေ့ဆုံမှုအပြီး တရုတ်မှ ရွေး ကောက်ပွဲကျင်းပဖို့ အားပေးထောက်ခံမှုပြခဲ့ပြီးနောက် ကျယ်ကျယ်လောင်လောင် ပိုအသံထွက်လာခဲ့သည်။
တရုတ်မှ လူဦးရေတန်ခေါင်စာရင်းကောက်ယူရေးနှင့်ရွေးကောက်ပွဲကျင်းပနိုင်ရေးအတွက် ပံ့ပိုးကူညီပေး မည်ဟု ပြောဆိုခဲ့သည်။ တစ်နိုင်ငံလုံးရှိပြည်သူများက စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချေမှုန်းရန် ကြိုးစားနေ ချိန်တွင် တရုတ်က ၎င်းတို့အကျိုးစီးပွားရှေ့ရှုပြီး မြန်မာပြည်သူများ၏ ဆန္ဒသဘောထားကိုအလေးမထားဘဲ စစ်အာဏာရှင်ဘက်မှ ရပ်တည်ခဲ့ခြင်းဖြစ်သည်။
အာဏာသိမ်းစစ်ကောင်စီမှ ရွေးကောက်ပွဲပြုလုပ်ပေးမည်ဟု ပြောလာသော်လည်း လက်ရှိပကတိအခြေအနေ တွင် တိုင်းရင်းသားဒေသများနှင့်ပြည်မဒေသများပါ ငြိမ်းချမ်းမှုမရှိဘဲတိုက်ပွဲများဖြစ်ပွားလျက်ရှိသည်။ ထို့အတူ ပြည်သူလူထုအနေနှင့်လည်း ရွေးကောက်ပွဲပြုလုပ်မည့်အပေါ် စိတ်ပါဝင်စားခြင်းမရှိသည်ကို တွေ့ရသည်။
တစ်နိုင်ငံလုံး မည်ကဲ့သို့အခြေအနေမျိုးနှင့်ကြုံတွေ့နေပါစေ၊ စစ်ကောင်စီခန့်ရွေးကောက်ပွဲကော်မရှင်မှ မှတ်ပုံ တင်ပြီး ခွင့်ပြုချက်ရထားသည့်နိုင်ငံရေးပါတီများနှင့် ရွေးကောက်ပွဲကျင်းပနိုင်ရန် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။ တွေ့ဆုံမှုတွင် အချိုးကြကိုယ်စားပြုစနစ်ဖြင့် ရွေးကောက်ပွဲကျင်းပမည်ဟု ပြောခဲ့သော်လည်း ယခုနောက်ဆုံး နိုင်သူအကုန်ယူစနစ်ဖြင့် ကျင်းပမည်ဟုပြောပြန်သည်။
ရွေးကောက်ပွဲကော်မရှင်ထံ ပါတီမှတ်ပုံတင်ခွင့်ပြုချက်ရပြီးသည့် ပါတီအရေအတွက် (၅၀)ကျော်ရှိပြီး ပြည်ထောင်စုကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ(USDP)၊ ပြည်သူ့ပါတီ(PP)၊ ရှမ်းတိုင်းရင်းသားဒီမိုကရက်တစ်ပါတီ (SNDP)အပါအဝင် အခြားလူသိနည်းသည့်ပါတီတွေသာ ပါဝင်ယှဉ်ပြိုင်မည်ဖြစ်သည်။
၂၀၁၅ခုနှစ်ရွေးကောက်ပွဲနှင့် ၂၀၂၀ခုနှစ်ရွေးကောက်ပွဲများတွင် တစ်နိုင်ငံလုံးအတိုင်းအတာနှင့် ပြည်သူများစွာ ထောက်ခံအားပေးခဲ့သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD)သည် ပါတီခေါင်းဆောင်များ ဖမ်းဆီး ထောင်ချထားခံထားရသဖြင့် ပါတီပြန်လည်မှတ်ပုံတင်ခြင်း မရှိခဲ့သလို ရွေးကောက်ပွဲပြုလုပ်မည်ကိုလည်း တရားဝင်ခြင်းမရှိဘူးဟု ပြောဆိုထားပြီးဖြစ်သည်။ ထို့အတူ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (SNLD)၊ ရခိုင်အမျိုးသားပါတီ(ALP)များလည်း ပါဝင်ယှဉ်ပြိုင်ကြမည်မဟုတ်သည့်အတွက် စစ်တပ်လူထွက် များ၊ စစ်တပ်ကျောထောက်နောက်ခံ ပေးထားသည့်သူများနှင့် ဖွဲ့စည်းထားသည့် ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီသည် ထိုစနစ်အရ အားကောင်းအနိုင်ရဖို့ အခြေအနေဖြစ်လာသည်။
၂၀၂၀အာဏာသိမ်းပြီးကတည်းက အာဏာသိမ်းစစ်ခေါင်းဆောင်က စစ်မှန်ပြီးတရားမျှတသည့် ရွေးကောက်ပွဲ ကျင်းပပေးမည်ဟု မကြာခဏပြောဆိုခဲ့သည်။သို့သော် နိုင်ငံတော်အာဏာကို (၆)လတစ်ကြိမ်ဖြင့် အကြိမ်ကြိမ် သက်တမ်းတိုးအုပ်ချုပ်ခဲ့ပြီး ရွေးကောက်ပွဲကျင်းပပေးရန်အတွက်မူ တိုင်းပြည် မငြိမ်မသက်ဖြစ်နေသည်ဟု အကြောင်းပြခဲ့သည်။
အာဏာသက်တမ်းတိုးအုပ်ချုပ်နေသည့် (၃)နှစ်ကျော်(၄)နှစ်အတွင်း နိုင်ငံတော်ကိုကျဆုံးအဆင့်ရောက်အောင် တဖြည်းဖြည်းတွန်းပို့ခဲ့သည်။ နိုင်ငံအတွင်း ဖြစ်ပွားခဲ့သည့် တိုက်ပွဲများတွင် စစ်ကောင်စီတပ်များသည် အကျအဆုံးများခဲ့ပြီး နယ်မြေဒေသများစွာ လက်လွတ်ဆုံးရှုံးခဲ့ရသည်။
နိုင်ငံ၏ နေရာအနှံအပြားတွင် အာဏာသိမ်းစစ်ကောင်စီတပ်မှ အပြစ်မဲ့အရပ်သားပြည်သူများကို အကြောင်းမဲ့ ပစ်သတ်ခြင်း၊ ဖမ်းဆီးစစ်ဆေးသတ်ဖြတ်ခြင်း၊ မိမိတို့ကိုဆန့်ကျင်သူများကိုခေါင်းစဉ်အမျိုးမျိုး ပုဒ်မတစ်ခုပြီး တစ်ခုတပ်ကာ နှစ်ရှည်ထောင်ဒဏ်ချခြင်း၊ သေဒဏ်ချမှတ်ခြင်းများ ပြုလုပ်ခဲ့သည်။ မိမိတို့လက်လွှတ်ဆုံးရှုံးခဲ့ သည့် နယ်မြေများတွင် လေယာဉ်ဖြင့် ဗုံးကြဲဖျက်စီးခြင်းများ ပြုလုပ်ခဲ့သည်။
စစ်မှုထမ်းဥပဒေအမိန့်ထုတ်ပြီး လူငယ်လူရွယ်များကို စစ်မှုထမ်းခိုင်းပြီး ရှေ့တန်းပို့အသေခံခိုင်းသည်။ တချို့ ဒေသများတွင် ကျေးလက်နှင့်မြို့ပြမကျန် ပေါ်တာဆွဲခြင်း၊ ရပ်ကွက်ထဲအိမ်ထဲအထိ ဝင်ရောက်ဖမ်းဆီးခြင်း စသဖြင့် ပုံစံအမျိုးမျိုးဖြင့် စစ်မှုထမ်းခိုင်းရန် လူသစ်စုသည်။
အာဏာသိမ်းစစ်ကောင်စီတပ်များသည် ကရင်၊ ကယား(ကရင်နီ)၊ ရှမ်း၊ ကချင်၊ ချင်း၊ ရခိုင်၊ တနင်္သာရီ၊ စစ်ကိုင်း၊ မန္တလေး၊ မကွေး၊ ပဲခူးစသည့် နေရာဒေသများတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၊ ဒေသ ကာကွယ်ရေးအဖွဲ့များ၊ ပြည်သူ့ကာကွယ်ရေးတပ်များနှင့် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားလျက် ရှိသည်။
ရှမ်းပြည်မြောက်ပိုင်းတွင် နေရာဒေသ အများအပြား လက်လွှတ်ဆုံးရှုံးထားသည်။ ထို့အတူ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်နှင့်၊ ကချင်ပြည်များမှာလည်း နေရာအများအပြား ဆုံးရှုံးနေပြီး တိုက်ပွဲများ ဆက်လက်ဖြစ်ပွား နေဆဲဖြစ်သည်။ ထို့အတူ လေယာဉ်များအသုံးပြုကာ မြို့ရွာများနှင့် တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် လူနေရပ် ကွက်များ၊ စစ်ဘေးရှောင်စခန်းများ၊ ဘာသာရေးအဆောက်အဦများ(ဘုန်းကြီးကျောင်း၊ ခရစ်ယာန်ဘုရား ကျောင်း)၊ စာသင်ကျောင်းများပါမကျန် ဗုံးများ ကြဲချခဲ့သည်။
ထိုကဲ့သို့ နိုင်ငံအနှံ့တိုက်ပွဲများဖြစ်ပွားနေပြီး တည်ငြိမ်အေးချမ်းမှု ကင်းမဲ့နေပါလျက်နှင့် ဘယ်လိုဘယ်ပုံ နည်းလမ်းနှင့် ရွေးကောက်ပွဲကျင်းပဖြစ်မှာလဲ စောင့်ကြည့်ရမည်ဖြစ်သည်။
မိမိတို့အုပ်ချုပ်မှုအောက်တွင်ရှိသည့် ရန်ကုန်၊ နေပြည်တော်၊ မန္တလေး၊ ဧရာတီတိုင်းဒေသများအတွင်း ရွေးကောက်ပွဲမဖြစ်ဖြစ်အောင်လုပ်မည်လား။ ဒါသည်ပင် အသေအချာ မပြောနိုင်သေးပေ။ လူဦးရေသန်းခေါင် စာရင်း ကောက်ယူရေးပင် ကြိုးစားရဦးမည့် အခြေအနေဖြစ်သည်။
အာဏာသိမ်းစစ်ကောင်စီမှ ရွေးကောက်ပွဲကျင်းပပေးမည် ဆိုသည့်သတင်းကို ပြည်သူများ စိတ်ဝင်စားမှုမရှိ သည်ကို တွေ့ရသည်။ လက်ရှိစစ်ကောင်စီကို အယုံအကြည်မရှိခြင်းလည်း ဖြစ်နိုင်သည်။ နိုင်ငံရေးကို မျက်ခြေ မပြတ် စောင့်ကြည့်နေသူအနည်းငယ်သာ ရွေးကောက်ပွဲအခင်းအကျင်းအပေါ် စောင့်ကြည့်နေသည့် အနေအထားဖြစ်သည်။
ရှမ်းပြည်နယ်တွင် နေထိုင်သည့် ဝါရင့်နိုင်ငံရေးသမား တစ်ဦးကို စစ်ကောင်စီကျင်းပပြုလုပ်မည့် ရွေးကောက်ပွဲ နှင့် ပတ်သက်ပြီးအမြင်သဘောထားကိုမေးကြည့်ရာ ၎င်းက “အဖက်ဖက်က ကျရှုံးနေတဲ့ သူတို့(စကစ)က အာဏာသိမ်းခဲ့တာလည်း ၄နှစ်ကာလထဲ ရောက်လာခဲ့ပြီ။ ဘာမှတိုးတက်အောင် မလုပ်နိုင်ခဲ့သလို အုပ်ချုပ်ရေး၊ တရားဥပဒေစိုးမိုးရေးအပိုင်းကို ကြည့်လည်း ယခင်ကထက် ပိုဆိုးလာခဲ့တယ်။ သူတို့တောင် ဘယ်နေရာသွားသွား လုံခြုံခြင်းမရှိတော့ဘူး။ နိုင်ငံတကာဆက်ဆံရေးမှာလည်း ဘယ်နိုင်ငံမှ အရေးတယူ ဆက်ဆံခြင်းမလုပ်ဘူး။ ဒီတော့ နိုင်ငံတကာအမြင်မှာ အလှည့်အပြောင်းလည်းဖြစ်၊ နိုင်ငံတကာ အသိအမှတ် ပြုခံရရေး၊ တရားဝင်မှုဖြစ်ရေးနှင့် ပြည်တွင်းမှာလည်း တဖြည်းဖြည်းကျပ်တည်းလာတဲ့ အခြေအနေများ အတွက် တစ်ချက်ခုတ်နှစ်ချက်ပြတ်ဆိုသလို ရွေးကောက်ပွဲလုပ်ပြီး သူတို့ပဲ အင်္ကျီပြောင်း အုပ်ချုပ်ဖို့ ခြေလှမ်း ပြင်တာပဲ”ဟု သုံးသပ်ပြောဆိုသည်။ ပြည်တွင်းမှာ နိုင်ငံရေးအရ ဘာမှထူးပြီး ပြောင်းလဲသွားမှာမဟုတ်သလို ငြိမ်းချမ်းသွားဖို့ မမြင်ဘူးဟု ၎င်းက ပြောသည်။
နိုင်ငံရေးမှာ တက်ကြွစွာပါဝင်လှုပ်ရှားနေသည့် ကိုဌေးအောင်(အမည်လွှဲ)ကလည်း စစ်ကောင်စီက လုပ်မည့် ရွေးကောက်ပွဲနှင့် ပတ်သက်၍ “လက်နက်အားကိုး လူသတ်ဓားပြတိုက် အာဏာသိမ်းယူထားတဲ့ စစ်တပ်က လုပ်ပေးမယ်ဆိုတဲ့ ရွေးကောက်ပွဲက ဘယ်လိုမှ တရားမျှတမှုရှိမှာမဟုတ်ဘူး။ တရားဝင်မှုလည်း မရှိဘူး။ နိုင်ငံ တိုးတက်ကောင်းမွန်အောင် ပြုပြင်နိုင်မယ့် လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းလည်း မမြင်မိဘူး။ နိုင်ငံရေးအရ ကြည့်ရင် လည်း ပါဝင်သင့်ပါဝင်ထိုက်တဲ့ အတိုက်အခံပါတီ၊ အဖွဲ့အစည်းတွေ မပါဝင်နိုင်ဘူး။ သူခိုးက တရားဝင်သူခိုး ဖြစ်ဖို့ လုပ်တာပဲလို့မြင်တယ်။ ကျန်တာဘာမှထူးထူးခြားခြားဖြစ်လာဖို့မရှိဘူး”ဟု ပြောသည်။
တကယ့်မြေပြင်အနေအထားအရလည်း ဝါရင့်နိုင်ငံရေးသမားတွေ နိုင်ငံရေးမှာ တက်ကြွစွာပါဝင်လှုပ်ရှားခဲ့ သူတွေသုံးသပ်သလို ၂၀၂၅မှာ စစ်ကောင်စီက ပြုလုပ်မည့် ရွေးကောက်ပွဲသည် အသွင်သဏ္ဍာန်ရော အနှစ်သာရပါ နိုင်ငံနှင့် လူမျိုးအတွက် ပြောင်းလဲသွားမှာမဟုတ်ဘူး။ စစ်ကောင်စီ၏ လှည့်ကွက်တွေနှင့် ပြည့်နေသည့် ရွေးကောက်ပွဲပဲ ဖြစ်ပါလိမ့်မည်။
၂၀၂၀ခုနှစ်ရွေးကောက်ပွဲ အနိုင်ရအမတ်အများစု ပါဝင်သည့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ဘက်မှ လည်း ဘယ်လိုရွေးကောက်ပွဲလုပ်လုပ် တရားဝင်မှုမရှိဘူး။ ရွေးကောက်ပွဲမဖြစ်အောင်လည်း တားဆီးသွား မည်ဖြစ်ပြီး စစ်ကောင်စီကို ယခုထက် ပိုအရှိန်မြင့်တိုက်ခိုက်သွားမည်ဟု တာဝန်ရှိသူတွေ ပြောထားသည်။
၂၀၂၀ရွေးကောက်ပွဲရလဒ်မဲမသာမာမှုရှိသည်ဟု အကြောင်းပြအာဏာသိမ်းယူခဲ့ခြင်းသည် စစ်ခေါင်းဆောင်နှင့် နောက်လိုက်အပေါင်းအပါများမှ ယခင့်ယခင်က အာဏာသိမ်းစစ်ခေါင်းဆောင်များကဲ့သို့ နိုင်ငံတော်ကို နှစ်ရှည်အုပ်ချုပ်ရန် ကြံစည်ခဲ့ခြင်းဖြစ်သည်။ လက်နက်အားကိုးအနိုင်ကျင့်ကာ ပြည်သူကိုအုပ်ချုပ်ခဲ့သော် လည်း ၎င်းတို့တွေးထင်သလို အုပ်ချုပ်၍မရနိုင်မှန်း (၃)နှစ်ကျော်(၄)နှစ်အတွင်း လက်တွေ့ကျကျသိခဲ့ရပြီ ဖြစ်သည်။
ရွေးကောက်ပွဲသည် ၎င်းတို့တရားဝင်ဆက်လက်အုပ်ချုပ်နိုင်ရေး နည်းလမ်းတစ်ခု၊ ထွက်ပေါက်တစ်ခုအနေနှင့် မဖြစ်ဖြစ်အောင် လုပ်သွားမှာ သေချာသည်။ (၄)နှစ်ကာလအတွင်း ၎င်းတို့အုပ်ချုပ်ခဲ့ရာ နိုင်ငံတကာ အလယ်တွင် လူရာမသွင်းခံရမှု၊ အသိအမှတ်ပြုတန်းတူမဆက်ဆံခံရမှု၊ ပြည်တွင်းတွင်လည်း ပြည်သူများ၏ ဆန့်ကျင့်တော်လှန်မှုများနှင့် ရင်ဆိုင်နေရခြင်း၊ တပ်မတော်သမိုင်းတလျှောက်တွင် မကြုံစဖူး နယ်မြေဒေသ များစွာ ဆုံးရှုံးနေခြင်း၊ စစ်သားဦးရေထောင်သောင်းများစွာ ကျဆုံးလာခြင်း၊ ထွက်ပြေးခြင်း၊ လက်နက်ချခြင်း၊ နိုင်ငံရေး၊ စီးပွားရေးအပါအဝင် အဖက်ဖက်မှ ကျဆုံးလာခြင်းများနှင့် ပြည်သူများစွာ ဆင်းရဲကြပ်တည်း လာခြင်းစသည့် အကြောင်းအရာများစွာတို့သည် စစ်တပ်ခေါင်းဆောင်များနှင့် နောက်လိုက်အပေါင်းများမှ မိမိတို့ အဖွဲ့အစည်းတစ်ခုတည်း အကျိုးစီးပွားကိုကြည့်ပြီး အာဏာသိမ်းယူခဲ့ခြင်း၏ အကျိုးဆက်ရလာဒ်များ ဖြစ်သည်။
၎င်းရလာဒ်များသည် အာဏာသိမ်းယူအုပ်ချုပ်ခဲ့သည့် စစ်ခေါင်းဆောင်နှင့် နောက်လိုက်အပေါင်းအပါများ တက်ညီလက်ညီ အတူတကွ ဖော်စပ်ထားသည့် အဆိပ်များဟု ဥပမာခိုင်းနှိုင်းရပါလျှင် ယခုစစ်ခေါင်းဆောင် ပြောသည့် ၂၀၂၅ခုနှစ်အတွင်းကျင်းပပြုလုပ်ပေးမည်ဆိုသည့်ရွေးကောက်ပွဲသည် နိုင်ငံပြုပြင်ပြောင်းလဲရေး အတွက် ရည်ရွယ်သည်မဟုတ်ဘဲ တစ်နိုင်ငံလုံးရှိ တိုင်းရင်းသားပြည်သူများတွင် မကဘဲ စစ်ကောင်စီ အသိုင်းအဝိုင်းအထိပါ အဆိပ်သင့်လာပြီဖြစ်သည့်အတွက်ကြောင့် ၎င်းတို့ ဖော်စပ်ထားသည့်အဆိပ်များ သက်သာလို့သက်သာငြား အသုံးချမည့် ဖြေဆေးသာ ဖြစ်သည်။
မင်းကျော်ဖေ