စစ်ကောင်စီရဲ့ ရွေးကောက်ပွဲက နိုင်ငံရေး ထွက်ပေါက်မဟုတ်ဘဲ အစဝင်ပေါက်သာ ဖြစ်နေ
ဟန်နရီမင်း | အတွေးအမြင်
၁။ စစ်ကောင်စီရွေးကောက်ပွဲ လုပ်ခွင့်ရှိသလား?
ကမ္ဘာပေါ်က အာဏာသိမ်းတဲ့ စစ်ခေါင်းဆောင်တိုင်းက ဒီလို ရွေးကောက်ပွဲတွေ ကျင်းပလေ့ရှိ ပါတယ်။ ကွဲပြားတဲ့အချက်က အာဏာသိမ်းတဲ့နိုင်ငံတိုင်းလိုလိုမှာ ယခင်ဖွဲ့စည်းပုံအခြေခံ ဥပဒေက အလိုလိုပျက်ပြယ် သွားသလို၊ လွှတ်တော်တွေလည်းပဲ ပါသွားတယ်။ ဒါကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေသစ် ပြန်လည်ရေးဆွဲခိုင်းပြီးတော့ ၎င်းလုပ်ငန်းစဉ်ပြီးပြီးမှ ရွှေးကောက်ပွဲ လုပ်တာ (သို့) ရွေးကောက်ပွဲလုပ်ပြီး အစိုးရသစ်ကို အာဏာအကုန် လွဲပြောင်းပေး ပြီးနောက် ဖွဲ့စည်းပုံအခြေခံ(မူကြမ်း)နဲ့ ခဏအုပ်ချုပ်ပြီး ဥပဒေသစ်ရေးဆွဲကြတာ (သို့) ကြားဖြတ်အစိုးရကို အာဏာလွှဲပေးပြီး ကြားဖြတ်အစိုးရက လွှတ်တော်ခေါ်ယူတာ/ ဖွဲ့စည်းပုံ အခြေခံ ဥပဒေသစ် ရေးဆွဲတာတွေ လုပ်ကြရပါတယ်။
အခု စကစက အာဏာတက်သိမ်းတော့ သူ့ကိုယ်သူ “ဖွဲ့စည်းပုံအခြေခံဥပဒေအရ အာဏာထိန်း တယ်” လို့ ပြောထားပေမဲ့၊ ကမ္ဘာအသိ ဖွဲ့စည်းပုံအခြေခံဥပဒေကို သူကိုယ်တိုင်က စတင် ချိုးဖောက်လိုက်တာပါ။ ၂၀၀၈ ဖွဲ့စည်းပုံအရ ဥပဒေဘောင်အတွင်းကနေလည်း နိုင်ငံတော် သမ္မတနဲ့ အစိုးရအဖွဲ့အကြီးကဲတွေကို စွပ်စွဲတာ၊ အရေးယူဖို့ တိုင်ကြားတာတွေ မပြုလုပ်ဘဲ၊ လက်နက်အားကိုးနဲ့ ဖမ်းဆီးလိုက်တာပါ။ ၂၀၀၈ ဖွဲ့စည်းပုံကလည်း မပျက်ဘူး၊ သူက စောင့်ရှောက်တာလို့ ပြောပြန်ရော။
၂၀၀၈ ဖွဲ့စည်းပုံရဲ့ ဆိုလိုချက်တွေ၊ အနက်ဖွင့်ဆိုချက် တွေကလည်း လိုရာဆွဲကြပါတယ်။ NLD က အပြစ်ရှိခဲ့ရင်တောင် တရားဥပဒေဘောင် အတွင်းကနေပဲ ဖြေရှင်းရမှာ ဖြစ်ပါတယ်။ အမှန်တော့ စစ်တပ်ဆိုတာ နိုင်ငံရေးမှာ ဝင်ရောက် စွပ်ဖက်တာမျိုး မလုပ်ဘဲ ကြားနေပေးတဲ့ အင်စတီကျူးရှင်း ဖြစ်နေရမှာပါ(ထိုင်းက ခြွင်းချက်ပါ)။ နောက်တစ်ခုက ၂၀၀၈ ဖွဲ့စည်းပုံရဲ့ ဥပဒေ စာပိုဒ်တွေကလည်း ရှင်းလင်း မနေဘူး။ အမှန်အတိုင်းပြောရရင် ဒီဥပဒေက စစ်တပ်ကို အာဏာသိမ်းလို့ရအောင် လုပ်ဆောင်တဲ့ သဘောဆောင်နေတယ်။ အခန်း ၁၁ ကို ဖတ်လိုက်ရင် အရမ်းသိသာပါတယ်။
၂၀၀၈ ဖွဲ့စည်းပုံရဲ့ အခန်း(၁၁)ပါအချက်အလက်တွေအရ ကာကွယ်ရေးဦးစီးချုပ်က ဥပဒေ ပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးအာဏာများကို ရယူနိုင်ပေမဲ့လည်း၊ သူ့ရဲ့ အရှေ့ပိုင်း လုပ်ငန်းစဉ်က မှားနေခဲ့တယ်။ ၂၀၀၈ ဖွဲ့စည်းပုံမှာ ပါတဲ့လိုက်နာရမယ့်အဆင့်တွေအတိုင်း မလုပ်ခဲ့လို့ပါ။ ၂၀၀၈ ဥပဒေပါ အချက်အလက်အရ နိုင်ငံတော်သမ္မတက အချိန်အကန့်အသတ်နဲ့ လိုလိုလားလား အာဏာလွှဲပြောင်းထားတာ မဟုတ်တော့ ဥပဒေနဲ့ မကိုက်ညီဘူး။ ဒါကြောင့် အာဏာသိမ်းတဲ့ စစ်အုပ်စုက ဒီလိုရွေးကောက်ပွဲ လုပ်ခွင့်ရှိသလား ဆိုတော့ မရှိဘူးလို့ ဖြေရပါမယ်။
နောက်တစ်ခုက သူတို့ပြောသလို နိုင်ငံတော်အပေါ်ကျရောက်လာတဲ့ နိုင်ငံတော်ပျက်စီးစေမဲ့ အရေးပေါ် အခြေအနေလည်း ဟုတ် မနေပြန်ဘူး။ သူက အာဏာမသိမ်းမီကလေးမှာ မဲ မသမာမှုလို့ ပြောပေမဲ့ နောက်ပိုင်း သူတို့ စိစစ်တော့လည်း မဲပေးခွင့်ရှိတဲ့ လူဦးရေ သန်းဂဏန်းထဲက မဲ အမှားအယွင်းက သောင်းဂဏန်းလောက်ပဲရှိတာဖြစ်လို့ minor အဆင့်သာ ရှိပါတယ်။ မှတ်ပုံတင်မရှိဘဲ မဲပေးခဲ့တဲ့ လူဦးရေ(၁၈)သန်းဆိုတာလည်း ဖွဲ့စည်းပုံအခြေခံ ဥပဒေအား လိုရာဆွဲ အနက်ဖွင့်ဆိုမှုပါပဲ။
၂၀၀၈ ဖွဲ့စည်းပုံရဲ့ အခန်း (၉)၊ ၃၉၁။ (က)မှာ “ရွေးကောက်ပွဲ စတင်ကျင်းပသည့်နေ့ရက်၌ အသက် ၁၈ နှစ် ပြည့်၍ ဥပဒေအရ အရည်အချင်း ပျက်ယွင်းသူ မဟုတ်သည့်အပြင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသော နိုင်ငံသားနှင့် ဥပဒေအရ ဆန္ဒမဲပေးခွင့် ရှိသူတိုင်းသည် ဆန္ဒမဲပေးပိုင်ခွင့်ရှိသည်။” လို့ပဲ ပါတယ်။ “မှတ်ပုံတင်ရှိသူ ဖြစ်ရမည်” လို့ မပါတဲ့ အတွက် ဒီဥပဒေအတိုင်း လိုက်နာကျင့်သုံးခြင်းထက် ကျော်လွန်တဲ့ အနက်ဖွင့်ဆိုခြင်းကလည်း ဒီဥပဒေကို ချိုးဖောက်တာပဲ။
တကယ်လို့ ၂၀၀၈ အရသာ လုပ်ခဲ့တယ်ဆိုရင် သူတို့ ရွေးကောက်ပွဲကို လုပ်တာသည် တရားဝင် ဖြစ်နိုင်ပါတယ်။ နောက်တစ်ခုက ၂၀၀၈ ရဲ့ ဥပဒေအချက်အလက်တွေက ရှင်းလင်းပြက်သားမှု မရှိဘူး။ “တစ်ကြိမ်လျှင် (၆)လအထိ၊ (၂)ကြိမ်သက်တမ်းတိုးခွင့်ရှိသည်” ဆိုတဲ့အချက်က ၄၂၁ (ခ) နဲ့ ၄၂၅ တို့က သီးသန့်ကာလတွေကို ရည်ညွှန်းထားတာလား? တပ်တူအခြေအနေကိုလား ဆိုတာ သိပ်မသေးကွဲဘူးလို့ ယူဆရတယ်။ သီးသန့်အခြေအနေကို ရည်ညွှန်းတယ်ဆိုရင်တောင် အချိန်ကအတော့်ကို ကျော်လွန်သွားပြီ ဖြစ်တဲ့အတွက် ဒါလည်း ထပ်ဆင့် ဥပဒေကို ချိုးဖောက်တာပဲ။ အခုတော့ ၂၀၂၅ နိုဝင်ဘာလမှ ကျင်းပမယ်ဆိုတော့ (၅)နှစ်နီးပါးမှ လုပ်နိုင်မဲ့ အနေအထား၊ ဒါတောင် သူတွက်ထားတာပါ။ စကစဟာ ၂၀၀၈ အခြေခံဥပဒေကို အကြိမ်ကြိမ် ချိုးဖောက်ခဲ့တာ ဖြစ်ပါတယ်။
ဒါကြောင့် ဒီခေါင်းစဉ်ရဲ့ မေးခွန်းကို ပထမဆုံးဖြေဆိုဖို့အတွက် ဒီအာဏာရှင်အစိုးရ တရားဝင် အစိုးရဖြစ်သလားဆိုတာ ပထမဆုံး မေးရပါမယ်။ သူက တရားဝင်ဖြစ်မှ နိုင်ငံရေးနဲ့ ပတ်သက်ပြီး သူ့လုပ်ရပ်က တရားဝင်မှာပါ။ တကယ်လို့ အဖြေက “မဖြစ်ဘူး” ဆိုရင်၊ သူ့လုပ် ရပ်ကလည်း “လုပ်ခွင့်” မရှိပါဆိုတဲ့ အဖြေပဲ ထွက်ပါတယ်။ Illegal Regime ဖြစ်နေတော့ legitimacy မရှိဘူး၊ နောက်ဆက်တွဲက တရားမဝင်တဲ့ အာဏာရှင်အစိုးရရဲ့ လုပ်ရပ်တိုင်းက တရားဝင် မဖြစ်နိုင်ဘူး။
၂။ ရွေးကောက်ပွဲက စစ်ကောင်စီရဲ့ နိုင်ငံရေးထွက်ပေါက်လား?။
အများစုက စစ်ကောင်စီရဲ့ ၂၀၂၅ ရွေးကောက်ပွဲဟာ သူ့အတွက် ထွက်ပေါက်လို့ ထင်ကြတယ်။ ဒါက မှားယွင်းတဲ့ တွက်ချက်မှုသာ ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတာကို အောက်မှာ ဆွေးနွေးသွား ပါမယ်။
တရုတ်နိုင်ငံ၊ အာဆီယံအဖွဲ့၊ အနောက်နိုင်ငံတွေနှင့် တော်လှန်အရေးအဖွဲ့အစည်းတွေ၊ သူ့စစ်တပ်အတွင်းက ဖိအားတွေကြောင့် ဒီလိုလုပ်ခြင်းဖြင့် ဖိအား လျော့ကျလိမ့်မယ်လို့ စစ်ကောင်စီက ထင်ပါလိမ့်မယ်။ နောက်တစ်ခုက ၂၀၂၅ ရွေးကောက်ပွဲ ရလဒ်ကြောင့် စစ်ကောင်စီဟာ အရပ်သားအစိုးရကို အာဏာလွှဲပြောင်းပေးပြီးနောက် စစ်တပ်အနေနဲ့ နိုင်ငံရေးလောကနေ စစ်တန်းလျားထဲ ပြန်သွားလိမ့်မယ်၊ အရပ်သားအစိုးရစနစ်နဲ့အတူ လွှတ်တော် (၂)ရပ်ဟာလည်း ပြန်လည် လည်ပတ်နေကြလိမ့်မယ်၊ တဖြေးဖြေးနဲ့ တော်လှန်ရေး အဖွဲ့အစည်းတွေရဲ့ လုပ်ရပ်တွေ ရပ်တန့်သွားလိမ့်မယ် …….စသဖြင့် တရုတ်၊ အိန္ဒိယနဲ့ အာဆီယံနိုင်ငံတချို့က ထင်ကောင်းထင်နိုင်ပါမယ်။ ဒါပေမဲ့ သူ့မှာ နောက်ကွယ် အကြံအစည် ကြီး(a big plan)ရှိထား ပြီးသားပါ။
အနောက်နိုင်ငံတွေကတော့ ဒီအစီအမံကြီးနဲ့ ပတ်သက်ပြီး အတိုင်းအတာတစ်ခုအထိ သိရှိထားပြီးလည်း ဖြစ်ပါလိမ့်မယ်။ ယခင်တုန်းကလည်း စကစရဲ့ အပြောတစ်မျိုး၊ အလုပ်တစ်မျိုးကြောင့် တရုတ်ကြီးက စကစကို အရမ်းစိတ်ပျက်ခဲ့ရတယ် လို့လည်း ကြားလိုက်ရသေးတယ်။
၂၀၂၅ ရွေးကောက်ပွဲအစီအမံဟာ ပြည်သူတွေကို လှည့်စားဖို့ အတွက်ပါ။ နောက်တစ်ခုက သူ့အတွက် အကျိုးရှိရုံသက်သက်ပါ။ သူက ရုပ်ပြအစိုးရကို ရှေ့က ကာပြပြီး နောက်ကွယ်က ကြိုးကိုင်ဖို့ သက်သက်ပါ။ တကယ်လို့ ၂၀၂၅ ရွေးကောက်ပွဲကို သူလုပ်ဆောင်နိုင်ခဲ့ရင် ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ တောင်ကြီးမြို့နှင့် တခြားတိုင်းနှင့် ပြည်နယ်တွေမှာတော့ စကစတပ် စခန်းတွေထဲမှာပဲ သတ်မှတ်ထားတဲ့ သူတွေကို စာရင်းအတိအကျနဲ့ ခေါ်ထားပြီး သူတို့ တွေကိုသာ မဲရုံထဲကို အဝင်ခံမယ်။ မဲရလဒ်ကလည်း စကစရဲ့ ခြုံစောင်ဖြစ်တဲ့ ကြံ့ဖွတ်က အများစုနဲ့ အနိုင်ရပါမယ်။ အမျိုးသားရေးအစွန်းရောက်တွေ၊ စကစဘက်တော်သားနဲ့ ကြံ့ဖွတ်အုပ်စုတွေမှ လွဲပြီး ပြည်သူ အများစုက မဲပေးဖို့ စိတ်ဝင်စားမှုရှိကြမှာတော့ မဟုတ်ဘူး။
ဒါကြောင့် ဒီနှစ်(၂၀၂၄) အောက်တိုဘာလ(၁)ရက်နေ့မှ စတင်ကောက်ယူမယ့် သန်းခေါင်စာရင်း ကရတဲ့ လူဦးရေစာရင်းကို သူကောက်ထည့် လိုက်ရုံပါပဲ။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အတည်ပြုတုန်းကလိုပဲ သူတို့က မဲအများစုနဲ့ အနိုင်ရမယ်။ မေးခွန်းက နိုင်ငံတော်သမ္မတက ဘယ်သူဖြစ်မလဲဆိုတာ မဟုတ်ဘဲ၊ ဘယ်အချိန်အထိ သူအုပ်ချုပ်နေမလဲ? ဆိုတာပဲ အဓိကကျတယ်။၊ ကျန်တဲ့ ဒုတမ္မတ၊ လွှတ်တော် ဥက္ကဌ၊ ဒု-ဥက္ကဌ…စတာတွေလည်း သူတို့ အခုချိန် ကတည်းက ရွှေးထားပြီးသား ဖြစ်မှာပါ။
လွှတ်တော်မှာလည်း စကစဘက်တော်သား ပါတီတွေသာ ရှိနေကြမှာ ဖြစ်တဲ့အတွက် အခြေအတင်ဆွေးနွေးစရာ မရှိဘဲ၊ မှတ်တမ်းရေးဖို့ အတွက် လွှတ်တော်အစည်းအဝေးတက်ရတဲ့ အဆင့်ထက် ပိုလိမ့်မယ် မထင်ဘူး။ ဒါကြောင့် ၂၀၂၅ ရွေးကောက်ပွဲဟာ နေပြည်တော်က စကစနဲ့ အပေါင်းအပါတွေအတွက် ထွက်ပေါက် မဟုတ်ဘဲ၊ နေပြည်တော်မှာ စကစနဲ့ ကြံ့ဖွတ်တို့ရဲ့ နိုင်ငံရေးဇာတ်လမ်းက အစပြုဖို့ပဲ ရှိသေးတယ်၊ စကစခေါင်းဆောင်က နောက်ထပ်(၁၄)နှစ် လောက်တောင် ထိုင်ခုံမှာ ထိုင်နေဖို့ မျှော်မှန်း မထားဘူးလို့ ဘယ်သူမှ မပြောနိုင်ဘူး။
အဲဒီနောက်ပိုင်းအတွက်လည်း သူတို့စီမံထား ကြမှာပါ။ ဘာဖြစ်လို့လဲဆိုတော့ စစ်တပ်နဲ့ အမျိုးသားရေးအစွန်းရောက်တွေက သူတို့ ကိုယ်သူတို့ မြန်မာနိုင်ငံရဲ့ “ကယ်တင်ရှင်တွေ” အဖြစ် သတ်မှတ်ထားကြပြီးတော့၊ မြန်မာပြည်ကို သူတို့အမွေရထားတယ်လို့ ခံယူထားကြလို့ ဒီနိုင်ငံရဲ့ ထိပ်တန်နိုင်ငံရေး အခန်းကဏ္ဍမှာ သူတို့က အမြဲတမ်းရှိနေရမယ်လို့ သတ်မှတ်ထားကြပါတယ်။
ဒါကြောင့် စစ်တပ်က ၂၀၁၁-၂၀၂၀ ခုနှစ်တွေအထိ ဒီအတိုင်း မြန်မာပြည်ကို ပြန်လွှတ်ပေးခဲ့ တာကို နောင်တရပြီး၊ ဒီတစ်ကြိမ်မှာ သူတို့အစီအမံက စစ်တပ်နဲ့ ပြည်သူ(သူတို့ အခေါ်)နဲ့ တစ်ထပ်တည်းကျအောင်၊ သူတို့ကို သီးသန့်မမြင်ဘဲ နိုင်ငံရေးလောကမှာ မရှိမဖြစ် လိုအပ်တဲ့ အဖွဲ့အစည်းတစ်ရပ်လိုမြင်အောင် အတွေးအခေါ်တွေကို စတင်ပြီး ပြန်လည်ရိုက်သွင်းနေပြီ ဖြစ်ပါတယ်။ အစစ အရာရာမှာ သူတို့က ကြိုးကိုင်ပါလိမ့်မယ်။ နောင်တစ်ချိန်မှာ ဘယ်တော့မှ မြန်မာနိုင်ငံသားတွေက သူတို့ကို မဆန့်ကျင်တော့အောင်ပေါ့။ တကယ်လို့ သူတို့အကြံသာ အောင်မြင်သွားခဲ့ရင် မြောက်ကိုးရီးယားထက်သာမယ် မထင်ဘူး။
ဒါပေမဲ့ ဒီလိုလုပ်ဆောင်ခြင်းကြောင့် ပြည်သူတွေနှင့် တော်လှန်ရေးအဖွဲ့အစည်းတွေရဲ့ ဖိအားတွေက လျော့ကျမသွားဘဲ ပိုတောင်စိတ်ဆိုးစေပြီး၊ စစ်ရေးအရှိန်မြင့်လာ ပါလိမ့်မယ်။ မြန်မာပြည်ရဲ့ တခြားမြို့ကြီးတွေအထိပါ စစ်မီးကူးစက်လာပါလိမ့်မယ်။ အခုလက်ရှိ အခြေအနေအတိုင်းပဲ စစ်တပ်ဟာ ခုခံစစ်တိုက်နေရမှာ ဖြစ်တဲ့အတွက် နားရမယ့်အချိန်ရှိမှာ မဟုတ်သလို၊ ပြည်သူတွေဟာလည်း ဒီအတိုင်းပဲ နိုင်ငံရေးအကြပ်အတည်းကို ခံစားကြရအုံး မှာပါ။
ဒါနဲ့ NLD နယကဟောင်း ဦးဝင်းထိန်ရဲ့ ပြောကြားချက်ကို သွားသတိရမိပါတယ်။ သူ့စကားနဲ့ ဒီဆောင်းပါးကို အဆုံးသတ်လိုက်ပါတယ်။ သူရဲ့ “သူတို့နှင့် ကျွန်တော်နှင့် အခြားဆောင်းပါးများ” စာအုပ်ထဲမှာ “ဗိုလ်ချုပ်ကြီးတွေအနေနဲ့ နေပြည်တော်က သမ္မတအိမ်တော် အပါအဝင်၊ နိုင်ငံတော်အကြီးအကဲတွေရဲ့ အိမ်တော်ကြီးတွေ၊ အသုံးအဆောင်ပစ္စည်းတွေနဲ့ ခြံဝင်း ကြီးတွေရဲ့ ခမ်းနားကြီးကျယ်ပုံက သူတို့တစ်သက်လုံး အုပ်ချုပ်တော့မယ့် အတွေးနဲ့ ဆောက်ခဲ့ ကြတာနဲ့ တူတယ်၊ အခုတော့ သူတို့ ဒီလို(NLD အစိုးရကို လွှဲပေးခဲ့ရတော့) ဘယ်လောက် စိတ်နာလိမ့်မလဲဆိုပြီး အတွေးဝင်ခဲ့တယ်” ဆိုတဲ့ စကားက အခုပိုပြီးတော့မှ မှန်နေပြီ ဖြစ်ပါတယ်။