ဖက်ဒရယ်လစ်ဇင်အကြောင်း

အနာဂတ် ဖက်ဒရယ်-ဒီမိုကရေစီ ပြည်ထောင်စုမြန်မာနိုင်ငံတော်တည်ဆောက်ဖို့အတွက် အခက်အခဲ ဖြစ်နိုင်ဆုံးအချက်များ

ဟန်နရီမင်း | အတွေးအမြင်

အနာဂတ် ဖက်ဒရယ်-ဒီမိုကရေစီ ပြည်ထောင်စုမြန်မာနိုင်ငံတော်တည်ဆောက်ဖို့အတွက် အခက်အခဲ ဖြစ်နိုင်ဆုံးအချက်များ

ဟန်နရီမင်း | အတွေးအမြင်

နိဒါန်း

လက်ရှိနိုင်ငံရေးအခြေအနေဟာ ရေတိုနဲ့ ပြီးမြောက်နိုင်မဲ့အနေအထားကို မတွေ့ရဘူး။ ၂၀၂၁ ခုနှစ်၊ ဖေဖေါ်ဝါရီလတုန်းက ကျွန်တော့်အသိမိတ်ဆွေတွေကို ၁၉၈၈ အရေးအခင်းကို မမီလိုက်ပေမဲ့ မြန်မာ့နိုင်ငံရေးသမိုင်းကြောင်းနဲ့ လက်ရှိအနေအထားကို ကြည့်လိုက်တဲ့အခါ နှစ်ရှည်ဖြစ်သွားနိုင်တယ်လို့ ပြောခဲ့မိတာ တကယ်လည်း ဒီလိုအခြေအနေဖြစ်လာခဲ့ပါတယ်။ စကစအနေနဲ့ လက်ရှိအချိန်အထိ မြန်မာပြည်သူတွေကို စာနာထောက်ထားတဲ့ စိတ်ထားရှိပြီး ဖြစ်ခဲ့တာတွေအတွက် တာဝန်ယူကာ NUG ရော၊ တိုင်းရင်းသားအဖွဲ့အစည်းတွေနဲ့ပါ ညှိနှိုင်းမဲ့ပုံ မပေါက်ဘူး။ ဒါ့အပြင် မြန်မာနိုင်ငံမှာ ၂၀၂၁ မတိုင်မီ များနေပြီးသား လက်နက်ကိုင်အဖွဲ့ အစည်းတွေထဲသို့ ထပ်ပေါင်းလိုက်တဲ့ နောက်ပိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဟာလည်း ရာဂဏန်းပါပဲ။

မြန်မာနိုင်ငံက အာဏာသိမ်းမှုဖြစ်စဉ်တွေကို လေ့လာကြည့်ရင် ဖြစ်စဉ်တိုင်းမှာ ပြည်မက ကျောင်းသား/သူများနှင့် နိုင်ငံရေးသမားများ၊ တက်ကြွလှုပ်ရှားသူတွေဟာ နယ်စပ်ဒေသက တိုင်းရင်းသားနယ်မြေတွေဆီကို အလုအယက်သွားရောက်ခိုလှုံတာ၊ တိုက်ခိုက်ရေးတပ်ဖွဲ့တွေ ဖွဲ့ကြစမြဲပါပဲ။

ဗမာ့နိုင်ငံရေးသမားများနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့ “ဖက်ဒရယ် ပြည်ထောင်စု” အတွက် ရည်မှန်းထားခဲ့ကြတဲ့ ဘုံရည်မှန်းချက်ဟာ ခုချိန်အထိတော့ ဖြစ်မလာ သေးပါဘူး။ လက်ရှိအနေအထားမှာ အင်အားရှိတဲ့သူက သိမ်းယူထားတဲ့ နယ်မြေအကုန် ယူစနစ်(Winners take all)နဲ့ပဲ သွားနေကြတာ ထင်ထင်ရှားရှားတွေ့ရပါတယ်။ ဒီအချက်တွေက အနာဂတ်ဖက်ဒရယ် ပြည်ထောင်စုတည်ဆောက်ဖို့အတွက် အခက်အခဲကိုသာ ဖြစ်စေပါတယ်။

ဘာကြောင့် ဒီလိုဖြစ်ရသလဲဆိုတဲ့အချက်တစ်ချို့ကို အတတ်နိုင်ဆုံး တင်ပြသွားပါမယ်။

၁။ ၂၀၂၁ ခုနှစ်မတိုင်မီကတည်းက ရှိနှင့်ပြီးသား EAOs များက NUG အပေါ် ဘယ်အတိုင်းအတာ အထိ ယုံကြည်မှုရှိနိုင်သလဲ?။

၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလနောက်ပိုင်းမှာ နိုင်ငံရေးခေါင်းဆောင်များ၊ တက်ကြွလှုပ်ရှားသူများနှင့် ကျောင်းသားအများစုက ဒီတိုင်းရင်းသားလက်နက်ကိုင်တွေ(NCA ထိုးပြီးသား ၂၀၂၁ နွေဦးနဲ့အတူ ပါလာသောအုပ်စုနှင့် NCA မထိုးခဲ့သော အဖွဲ့အစည်းများကို ရည်ညွှန်းပါသည်။ UWSA ကို ချန်လှပ်ထားပါသည်) ထံသို့ သွားရောက်ခိုလှုံကြပါတယ်။

ဒီအထဲမှ တချို့သော နိုင်ငံရေးသမား/ လွှတ်တော်အမတ်တွေ၊ NLD ခေါင်းဆောင်တချို့ဟာ ယခင်က အချုပ်ထောင်တွေထဲနေခဲ့ကြရ ပြီးနောက် ဦးသိန်းစိန် အစိုးရခေတ်လောက်မှ ပြန်လွတ်လာကာ၊ ဒေါ်အောင်ဆန်းစုကြည် အစိုးရထဲမှာ သူ့ရဲ့ အရှိန်အဟုန်နဲ့အတူ မြန်မာ့နိုင်ငံရေးလောကထဲသို့ ပါလာခဲ့ကြပါတယ်။

ပြည်တော်နှင့် ရန်ကုန်မြို့ကြီးထဲက Aircon အခန်းတွေကြားမှာသာ စကားရည်လုနေခဲ့ကြတဲ့ ဒီနိုင်ငံရေးသမားတွေဟာ ရုပ်တရက်ကြီး တောတွေ၊ တောင်ထဲရောက်လာခဲ့ကြတယ်ဆိုရင် မှားမယ် မထင်ဘူး။ ဒီပုဂ္ဂိုလ်တွေဟာ နိုင်ငံရေးသီအိုရီတွေ၊ လွှတ်တော်ဥပဒေတွေကိုတောင် ဘယ်လောက်အထိ နားသလည်သလဲ ဆိုတာ မသိနိုင်ဘူး။

ဒီလိုအချက်တွေကြောင့်လားတော့ မသိဘူး၊ ၂၀၂၀ ခုနှစ်တုန်းက Institute for Strategy and Policy- Myanmar(ISP)နှင့် Hanns Seidel Foundation တို့ပူးပေါင်းပြီး “မြန်မာ့ဖက်ဒရယ်နှင့် ဒီမိုကရေစီအခြေခံမူများအပေါ် ဥပဒေပြုလွှတ်တော် ကိုယ်စားလှယ်များ၏ နားလည်သဘောပေါက်မှုအား ဆန်းစစ် လေ့လာချက်” ဆိုတဲ့ သုတေသနစာတမ်းရှည်ကြီးကို ရေးသားထုတ်ဝေခဲ့ကြပါသေးတယ်။

ဒါကြောင့် စစ်ရေးမဟာဗျူဟာနှင့် နိုင်ငံရေးရဲ့ သိမ်မွေ့မှုတွေကို တိုင်းရင်းသားခေါင်းဆောင် တွေလောက် နားလည်မလားဆိုတာ ပြောဖို့ ခက်ပါတယ်။ တိုင်းရင်းသားတွေက လက်တွေ့ခံစားခဲ့ကြတာတွေ လွတ်လပ်ရေးရပြီးကတည်းကလို့တောင် ပြောနိုင်ပါတယ်။ တိုင်းရင်းသားတွေက သူတို့ခံစားခဲ့ ကြတာတွေကို တစ်ခါတစ်လေမှာ စာပေမှတ်တမ်းဆိုတာ ထက် လက်တွေ့ခံစားရမှုတွေကို နှုတ်ပြောသမိုင်းအရ လက်ဆင့်ကမ်းကြပါတယ်။ အလိမ်ခံခဲ့ရတာ၊ သွေးခွဲခံခဲ့ကြရတာ တွေကလည်း မနည်းတော့ပါဘူး။ ဒီအချက်တွေနဲ့ ပတ်သက်ပြီး အများကြီး‌ပြောစရာရှိပေမဲ့ မရေးတော့ပါဘူး။ ဒါတွေကို သတိပြုမိစေချင်ရုံပါပဲ။

ဒုတိယအချက်တစ်ခုက NUG မှာ တိုင်းရင်းသားတချို့ကို ထည့်သွင်းထားပေမဲ့လို့ တကယ့် ဦးနှောက်က ဘယ်ကနေ ကိုင်တွယ်ထားသလဲဆိုတာ ဘယ်သူမှ သေချာ မသိနိုင်ပါဘူး။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကိုတောင် NUG ရဲ့ တချို့လူကြီးတွေက ၁၀၀ % ဖယ်ဖျက်ချင်ပုံ မပေါ်ဘူး။ ဒါကြောင့် “အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ” (National Unity Consultative Council -NUCC)နဲ့လည်း တစ်ခါတစ်လေပွတ်တိုက်မိကြတာတွေလည်း တွေ့လာရပါတယ်။

ဒါ့အပြင် အင်စတီကျူးရှင်း/အဖွဲ့အစည်းခိုင်မာမှုအပိုင်းမှာ နှစ်ပေါင်း(၇၀)ကျော် ဗမာလူမျိုးကြီး ဝါဒနဲ့အတူ စစ်တပ်ရဲ့ လူမဆန်သော လုပ်ရက်တွေကို ကြံ့ကြံ့ခံလာခဲ့ကြတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေလောက်တောင် ခိုင်မာမှုမရှိနိုင်တဲ့ ပေါ်လိုက်၊ ပျောက်လိုက် ဖြစ်နေတက်တဲ့ ဗမာ့လူမျိုးနိုင်ငံရေးခေါင်းဆောင်တွေနှင့် ရုတ်တရက်ကြီး ပေါ်ပေါက်လာတဲ့ ဒီလိုမျိုး ပုဂ္ဂိုလ်တွေ၊ အဖွဲ့အစည်းတွေကို (၇၅)% အထိတောင် အယုံအကြည်ရှိမလားဆိုတာ စဉ်းစားလို့ ရနိုင်မယ် ထင်ပါတယ်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေအနေနဲ့ မြန်မာနိုင်ငံမှာ လက်နက်ကိုင်ထားတဲ့သူ၊ မြေပြင်ကို တကယ်ထိန်းချုပ်နိုင်တဲ့သူကသာ အမြဲတမ်းအနိုင်ယူစမြဲ ဖြစ်တယ်ဆိုတာ သိထားကြတော့ သေနတ်ကိုင်ထားတဲ့ အင်အားစုကြီးနဲ့ အပေးမယူလုပ်မယ် ဆိုရင်တောင် သူတို့ စဉ်းစားမိလာနိုင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ မြန်မာ့နိုင်ငံရေးရဲ့ နိုင်ငံရေးပလ္လင်ပေါ်မှာ စကားပြောချင်ရင် လက်နက်အင်အားရှိမှ ဒီလိုအခွင့်အရေးရှိတယ်။ မဟုတ်ဘူးဆိုရင် စကစဘက်က သူတို့ကို ဂရုတောင် မစိုက်ဘူးဆိုတာကို သမိုင်းကနေ သင်ယူလာခဲ့ကြပြီးသား ဖြစ်ပါတယ်။

ဒါကြောင့် လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့အစည်းတွေက NUG အပေါ် ယုံကြည်မှုအပြည့် အဝမရှိဘူးဆိုရင် မြန်မာနိုင်ငံရဲ့ လက်ရှိဖက်ဒရယ်တပ်ပေါင်းစုဖွဲ့စည်းရေးနှင့် အနာဂတ် ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးက အလှမ်းဝေးနေဦးမှာပါ။

၂။ ယခုအချိန် ဖက်ဒရယ်တပ်ပေါင်းစုအဖြစ် မဖွဲ့စည်းနိုင်ရင် ဘယ်တော့ဖြစ်နိုင်မလဲ? တိုင်းရင်းသားလက်နက်ကိုင်တွေ ဘယ်လောက်အထိ သဘောထားကြီးနိုင်သလဲ?။

ဒီအချက်က မဖြစ်နိုင်ဆုံးအချက်ထဲက ဒုတိယအချက် ဖြစ်ပါတယ်။ ဥပမာ စကစကို မြန်မာနိုင်ငံကနေ အမြစ်ပြတ်ဖယ်ရှားနိုင်တယ် သို့မဟုတ် စကစနဲ့ ညှိနှိုင်းအောင်မြင်သွားတယ် ဆိုပါစို့။ ဖက်ဒရယ်ဒီမိုကရေစီကို အခြေခံတဲ့နိုင်ငံတော်သစ်ကို တည်ဆောက်ဖို့အတွက် “ပြန်လည် တပ်ပေါင်စုဖွဲ့စည်းရေး” အစီအစဉ်ကို လုပ်ဆောင်ရပါလိမ့်မယ်။ ဘာဖြစ်လို့လဲဆိုတော့ ကမ္ဘာပေါ်မှာ ဘယ်နိုင်ငံမဆို စစ်ဘက်ရေးရာကဏ္ဍဆိုရင် အမြဲတမ်း ပုံစံ(၂)မျိုးနဲ့ဘဲ သွားနေကြ တယ်လို့ ပြောလို့ရပါတယ်။ ဥပမာ လူမျိုးစုအခြေခံဖွဲ့စည်းထားတဲ့ ကာကွယ်ရေး၊ လွတ်မြောက်ရေးတပ်ဖွဲ့တွေဟာ “ပြည်နယ်” သို့ “ပြည်ထောင်စုတပ်မတော်သားများ” အဖြစ်သို့ ထပ်ဆင့် ပြန်လည်တာဝန် ထမ်းဆောင်တာ (သို့) တချို့က နယ်ခြားစောင့်အဖြစ် အတိုင်းအတာ တစ်ခုအထိ သီးခြားရပ်တည်ကြပေမဲ့ ပြည်ထောင်စုတပ်မတော်ရဲ့အမိန့်အောက်မှာပဲ ရှိနေကြ တာကို တွေ့မြင်နိုင်ပါတယ်။

တချို့က စစ်ဘက်ရေးရာကနေ အရပ်ဝတ်ဘက်လဲတာ သို့မဟုတ် အပြီးအပိုင် အနားယူသွားတာတွေလည်း ရှိကြပါတယ်။ အနာဂတ်မှာ မြန်မာပြည်နိုင်ငံရဲ့ နယ်မြေဖွဲ့စည်းမှုအား ပြည်နယ်/တိုင်းကို လူမျိုးကြီး(၈)မျိုးအရ ခွဲလိုက်တယ် ဆိုပါတော့။ ဥပမာအနေနဲ့ ချင်းပြည်နယ်နဲ့ ကချင်၊ ကရင်ပြည်နယ် (၃)ခုက လက်နက်ကိုင်တွေဖြစ်ကြတဲ့ KIA ဖြစ်ဖြစ်၊ CAN ဖြစ်ဖြစ်၊ KNU/A ဖြစ်ဖြစ် ပြည်နယ်/တိုင်းအတွင်းမှာ နယ်ခြားစောင့်တပ်အနေနဲ့ ဆက်လက်ရပ်တည်မလား? သို့မဟုတ် ပြည်ထောင်စုတပ်မတော်သားတွေအဖြစ် တပ်ဖွဲ့ပြန်လည် ပေါင်းစည်းရေးထဲကို ပါဝင်မလား? ဆိုတာ စဉ်းစားကြည့်ရင်တောင် မလွယ်ကူတဲ့ ကိစ္စပါ။

ဘာဖြစ်လို့လဲဆိုတော့ KIA၊ KNU နှင့် CAN ဆိုတဲ့ တပ်ဖွဲ့ကြီးတွေကို ဆယ်စုနှစ်ပေါင်းများစွာအထိ အစိုးရအသေးစားသဖွယ် စစ်တပ်ရဲ့ တိုက်ခိုက်မှုမှန်သမျှကို ကြံ့ကြံ့ခံရင်း ပျောက်ကွယ် သွားရတော့မယ့် အခြေအနေမျိုး ဖြစ်ပါတယ်။ ရာဂဏန်းကျော်ရှိတဲ့ လက်နက်ကိုင် အဖွဲ့အစည်းတွေကို ကိုင်တွယ်ညှိနှိုင်းဖို့အတွက် မလွယ်ကူနိုင်ပါဘူး။

တစ်ဖက်မှာလည်း ဖက်ဒရယ်ပြည်ထောင်စုကို တည်ဆောက်ကြတဲ့အခါ ပြည်သူက ရွေးကောက်တဲ့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့အစည်းတွေ၊ စစ်ဘက်ရေးရာသည်လည်းပဲ အရပ်သားရဲ့ အုပ်ချုပ်မှု၊ အမိန့်ပေးမှုအောက်မှာသာ ရပ်တည်ရပြီး၊ ပြည်နယ်တစ်ခု၊ ပြည်ထောင်စုတစ်ခုမှာ အမျိုးသားတပ်မတော်တစ်ခုတည်းပဲ အင်အားကျစ်လစ်စွာ တည်ရှိနေရာမှာ မို့လို့ဖြစ်ပါတယ်။

ဒါကြောင့် ဒီတပ်ပြန်လည်ပေါင်းစည်းရေးက မြန်မာနိုင်ငံအနေနဲ့ တိုင်းရင်းသားပေါင်းစုံရဲ့ အလိုဆန္ဒနဲ့အညီ ဖက်ဒရယ်ပြည်ထောင်စုအဆင့်နဲ့ စတင်လျှောက်လှမ်းနိုင်ခဲ့မယ်ဆိုရင်တောင် ယုံကြည်မှုတည်ဆောက်ရအုံးမှာဖြစ်သလို၊ တိုင်းရင်းသားတပ်ဖွဲ့တွေရဲ့ ခေါင်းဆောင်တွေက သဘောထားကြီးကြီး ရှိလာနိုင်မှ နှစ်ပေါင်း (၃၀)အတွင်း ဖြစ်ကောင်းဖြစ်လာနိုင်ပါတယ်။

၃။ နှစ်ပေါင်း (၈၀)နီးပါးလောက်တည်ဆောက်လာခဲ့လို့ ခိုင်မာကျစ်လစ်တဲ့ Institution တစ်ခုကို ရေတိုနှစ်များအတွင် အလုံးစုံ ဖြိုချနိုင်ဖို့ ဖြစ်နိုင်ခြေ ဘယ်လောက်ရှိသလဲ?။

၁၉၄၅ ခု မတ်လ ၂၇ နေ့ကတည်းက တိုင်းရင်းသားလူမျိုးပေါင်းစုံနဲ့ စတင်ဖွဲ့စည်း  ပေါက်ပေါက် လာခဲ့ပေမဲ့လို့၊ အာဏာရှင်တိုင်းရဲ့ အသုံးချခံ လက်ရှိ “မြန်မာ့တပ်မတော်”ဟာ မြန်မာနိုင်ငံမှာ နှစ်ပေါင်း (၈၀)နီးပါး တည်ရှိလာတဲ့ အခိုင်မာဆုံးသော အင်စတီကျူးရှင်းတစ်ခုဖြစ်တယ်လို့ ပြောလို့ ရပါတယ်။ ဒီလောက်ခိုင်မှာတဲ့ အင်စတီကျူးရှင်းတစ်ခုကို ၂၀၂၁ ခုနှစ်မှ ပေါက်ဖွား လာတဲ့ တော်လှန်ရေးအင်အားစုက တိုက်ဖျက်ပစ်ရမယ်ဆိုတဲ့ ဖြစ်နိုင်ခြေကို စဉ်းစားကြည့် တဲ့အခါ ဖြစ်နိုင်ခြေက အတော့်ကို နည်းပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီစစ်တပ်မှာ –  

၁။ ကိုယ်ပိုင် ဥပဒေ

၂။ ကိုယ်ပိုင် ဘဏ်

၃။ ကိုယ်ပိုင် ကျောင်း၊ တက္ကသိုလ် -ကိုယ်ပိုင်ပညာရေးစနစ်

၄။ ကိုယ်ပိုင် စီးပွားရေးလုပ်ငန်း

၅။ ကိုယ်ပိုင် နယ်မြေ

၆။ ကိုယ်ပိုင် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်း

၇။ ကိုယ်ပိုင် ရုပ်သံလွှင့်၊ ရေဒီယိုအသံအလွှင့်ဌာနများ

၈။ ကိုယ်ပိုင် ဆက်သွယ်ရေးကုမ္ပဏီ

၉။ ကိုယ်ပိုင် လက်နက်ထုတ်လုပ်စက်ရုံ

၁၀။ ကိုယ်ပိုင် ဆေးရုံ

၁၁။ နိုင်ငံတစ်ခုလုံးရဲ့ ကာကွယ်ရေးနှင့် ဥပဒေအကောင်အထည်ဖော်ဆောင်ရေး၊ ဝန်ထမ်းစိစစ် ခန့်အပ်ရေးတို့အထိ အခရာနေရာများ ယူထားခြင်း

…..စသဖြင့် မြန်မာအစိုးရအုပ်ချုပ်ရေးကဏ္ဍက အဓိကနေရာတွေကို ယူထားပါတယ်။ ဒီအခန်းကဏ္ဍ (၁၀)ခုလောက်မှာ ပါဝင်နေတဲ့သူတိုင်းကို ထုတ်ပစ်မှရတဲ့ အနေအထား ဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီအထဲမှာ ပါဝင်နေတဲ့သူတိုင်းနီးပါးက စစ်တပ်နဲ့ တစ်နည်း တစ်ဖုံဆက်စပ်နေကြပြီး၊ အများစုက သဘောထားခိုင်မာလွန်းတာ၊ စစ်တပ်နဲ့ တန်းတူ စိတ်သဘောထားရှိတဲ့သူတွေ ဖြစ်ကြလို့ပါပဲ။

သူတို့(စကစခေါင်းဆောင်များ)ခွင့်ပြုချက်မရှိဘဲ ဘာမှ မလုပ်နိုင်တဲ့ အရပ်သား တစ်ပိုင်း-စစ်တပ်တစ်ပိုင်းအုပ်ချုပ်ရေးစနစ်ကို ၂၀၁၁ ခုနှစ်မှာ ဦးသိန်းအစိုးရကို အုပ်ချုပ်ရေးနဲ့ တခြားအခန်းကဏ္ဍတွေကို လွှဲပြောင်းခဲ့ပေမဲ့လို့ အထက်ပါ အခန်းကဏ္ဍ(၁၀)ကတော့ သူတို့ လက်ထဲမှာပဲ ထားရှိခဲ့ကြပါတယ်။ အချက်(၃)၊ (၉)နှင့် (၁၀)တို့ကို သူတို့ ဆက်လက် ထိန်းချုပ် ထားလို့ ရပေမဲ့လို့ သူ့(စစ်ဘက်)မှ အရပ်သားအစိုးရကို လွှဲပြောင်းလို့ရတဲ့ ကျန်တဲ့လုပ်ငန်းတွေကို လွှဲပြောင်းပေးခဲ့တာမရှိပါဘူး။

ဒါကြောင့် မြန်မာနိုင်ငံဟာ ၂၀၁၁ ခုနှစ်ကတည်းကနေ ခိုင်မာတဲ့အစိုးရ(စစ်တပ်)နှင့် အခြေမခိုင်တဲ့ အရပ်သားအစိုးရဆိုပြီး၊ အစိုးရ(၂)ရပ်တည် ရှိလာခဲ့တာ အများစုက သိရှိပုံ မပေါက်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ တချို့တိုင်းရင်းသားတွေက ဒေါ်အောင်ဆန်းစုကြည်အစိုးကို တစ်ခုခု မလုပ်ပေးနိုင်တဲ့ အချိန်တိုင်းမှာ အပြစ်တင်ခဲ့ကြပါတယ်။ တကယ်တော့ အရပ်သားအစိုးရ နှစ်ရပ်စလုံးက မမြင်ရတဲ့ စစ်ဘက်ခေါင်းဆောင်တွေ ခွင့်မပြုဘဲ နိုင်ငံတော်နဲ့ သက်ဆိုင်တဲ့ အကြီးစား အလုပ်တွေကို ဘာတစ်ခုမှ လုပ်ဆောင်လို့ မရဘူးဆိုတာ မသိခဲ့ကြဘူး။ ဥပမာ-နိုင်ငံခြားသား တစ်ယောက် မြန်မာနိုင်ငံကို လာမယ်ဆိုရင် ကက(ကြည်း)ဆီ အရင်သတင်းပို့ ကြရပါတယ်။ 

နောက်တစ်ချက်က အစိုးရယန္တရားလည်ပတ်ဖို့အတွက် နိုင်ငံခြားက ချေးငွေတွေယူပြီး လည်ပတ်ခဲ့ရတာလည်း အရပ်သားအစိုးရဟာ ထင်သလောက်ခရီးမပေါက်ခဲ့တဲ့ အချက်တစ်ခု ဖြစ်နိုင်ပါတယ်။ ဒါကြောင့် အစိုးရဘတ်ဂျတ်ခွဲတမ်းတောင် မလောက်မငတဲ့ အနေအထားပါ။ ဒီလိုအခြေအနေကို ရိပ်မိသွားတဲ့ ချင်းပြည်နယ်က ဆောက်လုပ်ရေးဝန်ကြီးတောင် သူ့တာဝန် ကနေ နှုတ်ထွက်သွားခဲ့ပါတယ်။

ဒီလို စစ်တပ်က နောက်ကွယ်ကနေ ကိုင်တွယ်နေတာ (သို့) အရပ်သားအစိုးရ အထိန်းတော် လိုလိုရှိနေခဲ့တဲ့အပြင်၊ Civil Supremacy ဆိုတဲ့ ဦးဆောင်မှု အောက်မှာ ဘယ်တုန်းကမှ မရှိခဲ့တဲ့ အတွက်ကြောင့်ရယ် ဘယ်အချိန်မဆို စစ်တပ်က အာဏာသိမ်းလို့ရတဲ့ အခြေအနေမျိုးရှိနေခဲ့တာ ဖြစ်ပါတယ်။

ဒါကြောင့်မို့လို့ တိုင်းရင်းသားလက်နက်ကိုင်တွေအားလုံးနှင့် NUG ရဲ့ ကာကွယ်ရေးဝန်ကြီးဌာနတို့ က ပြတ်သားခိုင်မာမှု ဘယ်လောက်အထိရှိသလဲ?။ အခုစကစကို တိုက်ခိုက်နေကြတဲ့ အဖွဲ့အစည်းသေးသေးလေးတွေ အားလုံးကို စုပေါင်းအင်အား(collective force)အဖြစ် ဆင့်ကဲ အမိန့်ပေးစနစ်(chain of command)နဲ့ သေချာလည်ပတ်နိုင်မှ ဒီအင်စတီကျူးရှင်းကို ဖယ်ရှားပစ်နိုင်မဲ့ အနေအထားမှာ ရှိနေပါတယ်။ လက်နက်အားကိုးတဲ့ စကစကို စကားစစ်ထိုးလို့ ပြုတ်ကျမှာ မဟုတ်ဘူး။

ဒါ့အပြင် ဒီလို ကျစ်လစ်ခိုင်မာတဲ့ စစ်ဘက်အင်စတီကျူးရှင်းတစ်ခုကို ဘယ်လိုဖြိုချနိုင်မလဲ ဆိုတာကို မဟာဗျူဟာကျကျ စဉ်းစားနိုင်မှ အဖြေတွေ ထွက်လာကောင်း ထွက်လာနိုင်ပါတယ်။ ဒါပေမဲ့ လက်ရှိအနေအထားနှင့် NUG ရဲ့ ချဉ်းကပ်မှုပုံစံတွေနဲ့တော့ ဒီစစ်တပ်ကြီးကို တော်ရုံ ဖြိချဖို့ မလွယ်ကူဘူးဆိုတာကို ထောက်ပြလိုပါတယ်။ ချဉ်းကပ်မှုပုံစံမပြောင်းဘဲ ရလဒ်ကို ပြောင်းလဲဖို့ ကြိုးစားတာက နည်းနည်းလွဲနေတဲ့ အနေထားပါ။

၄။ မြောက်ပိုင်းအဖွဲ့ (၃)ဖွဲ့အခြေအနေ။

၁၀၂၇ စစ်ဆင်ရေးကို ၂၀၂၃ ခုနှစ် အောက်တိုဘာလ(၂၇)ရက်နေ့ကစပြီး မြောက်ပိုင်း ညီနောင်မဟာမိတ်သုံးဖွဲ့ဖြစ်ကြတဲ့ မြန်မာအမျိုးသား ဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA)၊ တအောင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော်(TNLA)နှင့် ရက္ခိုင့်တပ်တော် (AA)တို့က တခြားသောပြည်သူ့စစ်အဖွဲ့များနဲ့အတူ စကစကို တိုက်ခိုက်ပြီး ရှမ်းပြည်နယ် မြောက်ပိုင်းနယ်မြေ အတော်များများကို သိမ်းပိုက်နိုင်ခဲ့ကြပါတယ်။ အခုဆိုရင် ၁၀၂၇ ဒုတိယအဆင့် စစ်ဆင်ရေးအထိပင် လုပ်ဆောင်နိုင်ခဲ့ကြပြီးဖြစ်ပါတယ်။

ဒီ (၃)ဖွဲ့ဟာ ၂၀၂၁ ခုနှစ်နောက်ပိုင်း မြန်မာ့နွေဦးတော်လှန်ရေးနဲ့ ခပ်လှမ်းလှမ်းနေခဲ့တဲ့ အဖွဲ့အစည်းတွေဖြစ်ပေမဲ့လို့ အချိန်တစ်ခုရလာတာနဲ့အမျှ အခွင့်ကောင်းကို အမိအရ ဖမ်းယူနိုင်ခဲ့တဲ့အုပ်စုလို့ ဆိုနိုင်ပါတယ်။ ဒီအဖွဲ့အစည်းတွေထဲမှ တအောင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော်(TNLA)နှင့် ရက္ခိုင့်တပ်တော်(AA)တို့မှလွဲပြီး ကျန်တဲ့ (၁)ဖွဲ့ကတော့ ကွန်မြူနစ်တစ်ဝက်လို့ ခေါ်လို့ရတဲ့ အနေအထားမှာ ရှိပါတယ်။

ဘာဖြစ်လို့လဲဆိုတော့ သူတို့ရဲ့ ရည်မှန်းချက်ပန်းတိုင်ကို ချဉ်းကပ်တဲ့အခါ လက်တွေ့မြေပြင်မှာ လုပ်ငန်းအကောင် အထည်ဖော် ဆောင်(ဥပမာ-တရားစီရင်ရေး)တာ၊ စစ်ယူနီဖောင်းကအစ ကွန်မြူနစ်ဆန်နေတာ သိသာ ထင်ရှားလွန်းပါတယ်။  ဒါ့အပြင် တရုတ်လွှမ်းမိုးမှုလည်း အများဆုံးခံရတဲ့ အဖွဲ့အစည်း ဖြစ်မယ်လို့ ယူဆရပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် ဒီအဖွဲ့အစည်းတွေရဲ့ အောင်မြင်မှု ရရှိလာတဲ့ အပေါ် တော်လှန်ရေးပြည်သူတွေက မျှော်လင့်ချက်ကြီးစွာတဲ့ ကြိုဆိုခဲ့ကြပါတယ်။ မကြာမီ မန္တလေး၊ နေပြည်တော်အထိပါ သိမ်းနိုင်တယ်ဆိုတဲ့ ယူဆချက်တွေလည်း ရှိနေခဲ့ကြပါတယ်။

ဒါပေမဲ့ ဒီ ၁၀၂၇ စစ်ဆင်ရေးနဲ့အတူ ၎င်းစစ်ဆင်ရေးရဲ့ ရည်ရွယ်ချက်က ဘယ်အတိုင်းအတာ အထိလဲ?။ ဘာတွေအတွက်လဲ? ဆိုတဲ့ အချက်တွေက အဓိကကျမယ် ထင်ပါတယ်။ မြောက်ပိုင်းအဖွဲ့(၃)ခုထဲမှာ ရက္ခိုင့်တပ်တော်(အေအေ)က ညီနောင် (၂)ဖွဲ့နဲ့အတူ အတိုင်းအတာ တစ်ခုအထိ ပါဝင်တိုက်ကူပေးပေမဲ့၊ သူ့ရဲ့ အဓိက နယ်မြေက ရှမ်းမြောက်နဲ့ သီးသန့်တစ်နေရာမှာ ရှိတဲ့ ရခိုင်နဲ့ ပလက်ဝဒေသပါပဲ။ ရှမ်းမြောက်ဒေသအားလုံးနီးပါး လက်ဝယ်ရရှိပြီးတဲ့အခါ ညီနောင်(၂)ဖွဲ့ကလည်း သူတို့နယ်မြေအတွင် ပြန်လည်ထူထောင်ရေးနှင့် နယ်မြေတည်ငြိမ်ရေး လုပ်ငန်းတွေပဲ စတင်လုပ်ဆောင်ကြပါတော့တယ်။

ရက္ခိုင့်တပ်တော်ကလည်း ရခိုင်နဲ့ ပလက်ဝတို့မှာ အတော့်ကို ခရီးရောက်နေပြီ ဖြစ်ပါတယ်။ ဒါပေမဲ့ မေးစရာကတော့ မြန်မာ ပြည်သူတွေရဲ့ မျှော်လင့်ချက်ဖြစ်တဲ့ နေပြည်တော်သိမ်းပိုက်ရေး (သို့) မြန်မာ့စစ်အာဏာရှင် အမြစ်ပြတ်ချေမှုန်းရေးအတွက် ပြည်မဘက်မှာ ဆက်လက်ပြီး ခြေလှမ်း လှမ်းတာတွေတော့ မတွေ့ရသေးဘူး။ သူတို့ရဲ့ နယ်နိမိတ်တွေရဲ့ ပြင်ပဘက်ကို ထွက်မလာကြသေးလို့ ဆိုနိုင်ပါတယ်။

ဒီ(၃)ဖွဲ့အားလုံးသည် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)နဲ့လည်း ရေလိုက်ငါးလိုက် ရှိနေကြတာ ထက်တော့ ပိုမယ်မထင်ဘူး။ ဒီအဖွဲ့အစည်းတွေထဲမှာ MNDAA နှင့် AA တို့က NUG ကိုပင် သိပ်သဘောကျပုံ မရဘူး။ နောက် NUG ကို ပိုမကြိုက်စေတဲ့ တချို့သော အချက်တွေလည်း ရှိသေးတယ်။ NUG က ရခိုင်က ရိုဟင်ဂျာအရေးမှာ နိုင်ငံရေးအတွက် အသုံးချနေတယ်လို့ ရက္ခိုင့်တပ်တော်(အေအေ)က စွပ်စွဲခဲ့သလို၊ ၂၀၂၂ တုန်းက NUG ရဲ့ ရိုဟင်ဂျာအပေါ် မူဝါဒထုတ်ပြန်ကြေညာလိုက်တဲ့အချိန်မှာ အေအေရဲ့ အရပ်သား အုပ်ချုပ်ရေးအဖွဲ့ဖြစ်တဲ့ ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ်(ULA)က NUG ကို လုံးဝအသိအမှတ် မပြုကြောင်း statement တစ်စောင်တောင် ထုတ်ပြန်ခဲ့ပါသေးတယ်။

အမှန်တော့ စကစ၊ အေအေရော၊ NUG တို့ (၃)ဖွဲ့စလုံးက ရိုဟင်ဂျာတွေကို အသုံးနေကြတာလည်း ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ တကယ့်စစ်မြေပြင်မှာဆိုရင် စကစနဲ့ အေအေတို့က ပိုပြီးလက်တွေ့အသုံးချနေတာတွေ ရှိနိုင်တဲ့အတွက် နိုင်ငံတကာလူ့အခွင့်အရေးအဖွဲ့အစည်းတွေကလည်း ဒီအချက်နဲ့ပတ်သက်ပြီး ထုတ်ပြန်ချက်တွေ ပြုလုပ်ခဲ့ကြပါတယ်။

မကြာသေးမီကာလတုန်းက မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော်(MNDAA)လည်းပဲ ၎င်းရဲ့ Facebook စာမျက်နှာ ကနေတစ်ဆင့် ထုတ်ပြန်ချက် (၃)ခု ပြုလုပ်ခဲ့ပါတယ်။ အဲဒီမှာ NUG နဲ့ ပူးပေါင်းဆောင်ရွက်မှု မရှိဘူး ဆိုတဲ့အချက်ပါဝင်ခဲ့ပါတယ်။ နောက်ပိုင်း သူတို့ရဲ့ Post ကို ပြန်လည်ဖျက်ချသွားတယ်လို့ သိရပါတယ်။ ဒီအဖွဲ့(၃)ဖွဲ့ရဲ့ အဓိက စစ်ရေးရည်မှန်းချက်က သူတို့ သတ်မှတ်ထားတဲ့ နေရာတွေကို ရရင် စကစကို ဆက်တိုက်ဖို့ ရည်ရွယ်ချက်မရှိဘူးဆိုသာ အခုလောက်ဆိုရင် စာဖတ်သူတွေ သတိပြုမိလောက်ပါပြီ။

စကစကသာ သူတို့ သိမ်းပြီးတဲ့နေရာတွေကို ပြန်တိုက်ခိုက်မှသာ သူတို့က ခုခံစစ်အနေနဲ့ တိုက်ခိုက်ကြမှာပဲ ဖြစ်ပါတယ်။ NUG နဲ့ ဥပမာ CNA၊ KIA၊ KNU၊ KNDF အုပ်စုတွေရဲ့ နိုင်ငံရေးရည်မှန်းချက်တွေ အများစုတူကောင်းတူနိုင်ပေမဲ့ ဒီမြောက်ပိုင်းညီနောင်တွေရဲ့ နိုင်ငံရေးရည်မှန်းချက်က အတော်များများ မတူနိုင်တဲ့အတွက်၊ ရည်မှန်းချက်မတူတဲ့သူတွေက သူတို့ရည်မှန်းချက်ကိုယ်စီကိုသာ အာရုံစိုက်နေကြမှာပါပဲ။

အပေါ်မှာ ပြောသလို တိုင်းရင်းသားအဖွဲ့အစည်းအားလုံးရဲ့ ရည်ရွယ်ချက်က ဖက်ဒရယ် ပြည်ထောင်စုဖွဲ့မယ်ဆိုရင်တောင် သူတို့ရဲ့ ကိုယ်ပိုင်ပြည်နယ်အရေးကိုပဲ အဓိက အလေးပေးမှာ ဖြစ်ပါတယ်။ သူတို့နေမြေ၊ နယ်နိမိတ်ရရှိရေးသည်သာ အဓိကဖြစ်နေတဲ့အတွက် EAOs တွေက ဦးဆောင်ပြီးတော့ နေပြည်တော်ကို တိုက်မှာ မဟုတ်ဘူးဆိုတာ သေချာသိထားရပါမယ်။

ဒါပေမဲ့လို့ NUG က နိုင်ငံရေးအခန်းကဏ္ဍမှာ ခိုင်ခိုင်မာမာဦးဆောင်နိုင်ပြီး သူ့ရဲ့ ပေါင်းစပ်ထားတဲ့ တပ်ဖွဲ့တွေက ဆင့်ကဲကွက်ကဲမှုတစ်ခုအောက်မှာ ရှိနေပြီး၊ ပြည်မအဓိကနေရာတွေကို တိုက်ခိုက်နိုင်ဖို့အတွက်ပြင်ဆင်နေမှ၊ တိတိကျကျပြောရမယ်ဆိုရင် နေပြည်တော်တို့ကို မဟာဗျူဟာကျကျ၊ လက်နက်အင်အားပြည့်ဝစွာနဲ့ တိုက်ခိုက်တော့တဲ့ အချိန်မှ ညီနောင်(၃)ဖွဲ့အပြင်၊ တခြား EAOS အဖွဲ့ဝင်တွေက လာကူပေးနိုင်ပါတယ်။ ဒီအခြေအနေ မျိုးကိုယ်တော့ ရည်မှန်းချက်မတူညီသည့်တိုင် ဘယ်လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့အစည်း မဆို လက်ပိုက်ကြည့်နေမယ် မထင်ဘူး။

နိဂုံး

ဒီလိုခက်ခဲရှုပ်ထွေးလွန်းနဲ့ မြန်မာနိုင်ငံရဲ့ အခြေအနေတွေဟာ အတူညီတဲ့ နိုင်ငံရေးရည်မှန်းချက် တွေကြောင့် ဖြစ်ပါတယ်။ မြန်မာနိုင်ငံရှိ တိုင်းရင်းသားနက်ကိုင်အဖွဲ့အစည်းအားလုံးက စကစအမြစ်ပြုတ်အောင် တိုက်ဖို့ ရည်ရွယ်ချက် မရှိသလို၊ ၎င်းအဖွဲ့အစည်းတွေအားလုံးကို စစ်ဦးစီးချုပ်တစ်ဦးတည်း (သို့) စစ်ဦးစီးများအဖွဲ့ကို ဖွဲ့စည်းပြီး ၎င်းတို့ရဲ့ လက်အောက်ကနေမှ ဆင့်ကဲအမိန့်ပေးစနစ်နဲ့ စကစကို တိုက်ခိုက်ဖို့အတွက်လည်း ဘယ်တော့မှ လုပ်ဆောင်လို့ ရနိုင်တဲ့အနေအထားမှာ မရှိတဲ့အတွက် မြန်မာ့နိုင်ငံရေးပြဿနာကို ဖြေရှင်းဖို့က နတ်ဘုရားတောင် ဆင်းကယ်ပြီး မဖြေရှင်းပေးနိုင်ဘူးဆိုတဲ့ စကားက မှန်ကောင်းမှန်ပါလိမ့်မယ်။

ဒါကြောင့် NUG ရဲ့ နိုင်ငံရေးအရရော၊ စစ်ရေးမဟာဗျူဟာအရပါ ပထမဦးဆုံး ဗမာ့တိုင်းရင်းသားများကို အခြေခံတဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေကို ပေါင်းစပ်နိုင်ပြီး၊ ခိုင်မာတဲ့ တပ်ဖွဲ့ငယ်ကလေးတွေကို တပ်ရင်း၊ တပ်မဟာအဆင့်နဲ့ တည်ဆောက်ပြီး ဆင့်ကဲ အမိန့်ပေးစနစ်နဲ့ လက်နက်အင်အား ခိုင်ခိုင်မာမာရှိမှ အများစုသော တိုင်းရင်းသားအဖွဲ့အစည်း တွေရဲ့ ယုံကြည်မှုပိုမိုရရှိပြီး၊ သူတို့နဲ့အတူ ခိုင်မာတဲ့ နိုင်ငံရေးရည်မှန်းချက်တွေ တည်ဆောက်နိုင်မှသာလျှင် စကစနဲ့ စကားပြောနိုင်တဲ့အဆင့်ရှိလာပြီး၊ နေပြည်တောင်ကို အချိန်မရွေး ခြိမ်းခြောက်နိုင်တဲ့အဆင့် ရှိလာမှ မြန်မာ့နိုင်ငံရေးရဲ့ ကြီးမားတဲ့ အပြောင်းအလဲ ရောင်ချည် အစပြုလာမှာ ဖြစ်ပါကြောင်း ရေးသားလိုက်ရပါတယ်။

ဟန်နရီမင်း

Related Articles

Back to top button