ဓနုအမျိုးသားနေ့ နှင့် သူ့အတွေး သူ့အမြင်
ဖိုးထောင်(ရွာငံ)
ယနေ့ နတ်တော်လဆန်း(၈)ရက်နေ့မှာ ကျရောက်သော သတ္တမအကြိမ်မြောက် ဓနုတိုင်းရင်းသားတို့ရဲ့ အမျိုးသားနေ့ကို ကြိုဆိုနေကြသည့် ပိုစ့်(post)များအား တွေ့သောအခါ ရွာငံသား ဓနုတစ်ယောက် အနေနှင့် အံကို ပိုကြိတ်မိပါသည်။ ရင်နာနာနှင့် ကြည်နူးမိသည်ဟု ဆိုရမည်လား မသိ။
အမျိုးသားနေ့ရဲ့ အဓိပ္ပာယ် ကို ပိုစ့်(post)တင်သူတွေ သိကြပါသလား၊ အမျိုးသားနေ့ရဲ့ အနှစ်သာရကို ပိုစ့်(post)တင်သူတွေ သိရှိပါသလားဟု မေးပါက ဖြေဆိုနိုင်သူ ရှိနေမလားတော့ မဆိုတတ်ပါ။ ကိုယ့်အမျိုးအနွယ်ကို မချစ်သောသူဟူ၍ ရှိမည်မထင်ပါ။ သို့သော် ချစ်တတ်ကြဖို့တော့ လိုပါသည်။
၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်နေ့တွင် စစ်ကောင်စီက ပြည်သူ့အာဏာကို သိမ်းပိုက်ခဲ့သည်။ ၁၃၅ မျိုးသော တိုင်းရင်းသား မျိုးနွယ်စုအားလုံး၏ အချုပ်အချာအာဏာ အားလုံးကို လက်နက်အားကိုးဖြင့် စစ်ကောင်စီက မတရား သိမ်းပိုက်ခဲ့ရာ၌ ဓနုပြည်သူတို့၏ အာဏာ၊ ဓနုတို့၏ လွတ်လပ်ခွင့်တို့သည်လည်း ကျန်မနေခဲ့ပါ။ ကျန်ညီနောင်များကဲ့သို့ပင် လူ့အခွင့်အရေးများအားလုံး ဆုံးရှုံးခဲ့ပါသည်။
မတရား အာဏာသိမ်းခံရ၍ လမ်းပေါ်ထွက် ဆန္ဒထုတ်ဖော်ကြရာ၌ လည်း ကျွန်တော်တို့ ဓနုများ၊ ဓနုဒေသနေ ကျန်မျိုးနွယ်စုများ နောက်ကျန်၍ မနေခဲ့ပါ။ တစ်နိုင်ငံလုံးနည်းတူ မတရားမှုကို ယဉ်ကျေးစွာ ဆန္ဒထုတ်ဖော် တွန်းလှန်ခဲ့ကြပါသည်။
“စစ်အာဏာရှင် ပြုတ်ကျရေး ဒို့အရေး၊ ဒီမိုကရေစီရရှိရေး ဒို့အရေး၊ ပြည်သူ့အာဏာ ပြည်သူ့ပြန်ပေး၊ အရေးတော်ပုံ အောင်ရမည်” စသော ကြွေးကြော်သံများကို မကြွေးကြော်ဖူးသူဟူ၍ အလွန်နည်းပါး ပါလိမ့်မည်။ စစ်အာဏာသိမ်းမှု၏ နောက်ဆက်တွဲ ဆိုးကျိုးကို သိသူများဖြစ်ကြသော ပါတီစွဲမရှိသူ လူငယ်လူရွယ်များ၊ တက်ကြွလှုပ်ရှားသူများ ၊ မတရားမှုကို ဆန့်ကျင်လိုသူများ အားလုံးက အကြမ်းမဖက် လမ်းထွက် ဆန္ဒပြခဲ့ကြပါသည်။ အာဏာသိမ်းစကာလ တစ်နိုင်ငံလုံးနည်းတူ ဓနုပြည်သူများသည်လည်း သံပုံးတီးကာ စစ်အာဏာရှင်များကို မောင်းထုတ်ခဲ့ကြသည်ပဲဖြစ်ပါသည်။
သို့သော် စစ်ကောင်စီသည် ပြည်သူ့ဆန္ဒကို ဘယ်တုန်းကမှ အသိအမှတ်မပြုခဲ့သည်ဖြစ်ရာ အကြမ်းဖက် လမ်းစဉ်အတိုင်း မတရားသဖြင့် ပြည်သူများကို နှိပ်ကွပ်ခဲ့ပါသည်။ တစ်နိုင်ငံလုံးနည်းတူ ဓနုပြည်သူများ သည်လည်း သွေးမြေခခဲ့ရပါသည်။
ချွေးနည်းစာဖြင့်တည်ထောင်ထားခဲ့သော အိုးအိမ်များ ဆုံးရှုံးခဲ့ပါသည်။ ရွာငံသည် စစ်အာဏာရှင်များ၏ အနင်းအခံရဆုံး အနှိပ်စက်အခံရဆုံးဒေသတွင် ထိပ်ဆုံးမှ ပါဝင်ခဲ့ပါသည်။ စစ်ကောင်စီက ပဲရင်းတောင် ကျေးရွာအပါအဝင် ရွာငံဒေသခံများကို အကြောင်းမဲ့စွာသတ်ဖြတ်၊ အိမ်မီးရှို့၊ အိမ်ချိတ်ပိတ်စသော ရက်စက်မှုဒဏ်အခံရဆုံး ဒေသသည် ရွာငံဖြစ်ခဲ့ပါသည်။ ပင်းတယသည်လည်း စစ်ကောင်စီ၏ ယုတ်ကမ်းမှုဒဏ်မှ မလွတ်ကင်းခဲ့သလို ဟဲဟိုး၊ အောင်ပန်း၊ ကလော၊ တောင်ကြီး၊ မိုးကုတ်၊ နောင်ချို စသော ဓနုအများစုရှိရာ ဒေသများ၌လည်း စစ်ကောင်စီ၏ ညှင်းပမ်းမှုဒဏ်ကနေ ပြည်သူအားလုံး မလွတ်ကင်းခဲ့ပါ။
ယခုမူ ဓနုညီနောင်များရှိရာ နောင်ချိုဒေသသည် စစ်ကောင်စီ၏ အကြောင်းမဲ့ လေကြောင်းမှ ဗုံးကြဲ တိုက်ခိုက်မှုဒဏ်ကို မရှုမလှ ခံနေရဆဲ ဖြစ်ပါသည်။ အပြစ်မဲ့ ပြည်သူများ၏ အသက် အိုးအိမ် စည်းစိမ်များ ပျက်စီးခဲ့ရပါသည်။
ဓနုဒေသနေ ဓနု၊ တောင်ရိုး၊ ပလောင် ပအိုဝ်း၊ ဗမာ အင်သား စသည်တို့၏ အိုးအိမ်များ ဥပဒေမဲ့ တရားမျှတမှု ကင်းစွာဖြင့် စစ်ကောင်စီက မီးရှို့၊ ချိတ်ပိတ်၊ ဖျက်စီးမှုတို့အတွက် တရားမျှတမှုသည် ယခုချိန်ထိ မရရှိသေးပါ။ ဒေသနေ ဓနု၊ တောင်ရိုး၊ ပလောင် ပအိုဝ်း၊ ဗမာ၊ အင်းသား စသည်တို့၏ မိသားစုများကို စစ်ကောင်စီက ဥပဒေမဲ့ တရားမျှတမှုကင်းစွာဖြင့် သတ်ဖြတ်ခဲ့မှုများအတွက်၊ နှိပ်စက်ညှင်းပမ်းမှုများအတွက် တရားမျှတမှုသည် ယခုချိန်ထိ မရရှိသေးပါ။
နိုင်ငံအဝှမ်းမှ ပြည်သူစစ်စစ် အားလုံးတို့၏ သတ်ဖြတ်ခံရမှု၊ အနှိပ်စက်ခံရမှု၊ လူ့အခွင့်အရေး ဆုံးရှုံးမှုတို့ အတွက်လည်း တရားမျှတမှု သည် ယနေ့ချိန်ထိ မရရှိသေးပါ။
စစ်ကောင်စီ၏ မတရားပြုကျင့်မှုကို လက်နက်ကိုင် တော်လှန်နေကြသော တောတောင်များမှ လူငယ်လူရွယ်များသည် မိဘများ ရင်ခွင်သို့ ပြန်လည်ခိုလုံခွင့် မရရှိသေးပါ။ ဓနုဒေသအပါအဝင် နိုင်ငံအဝှမ်းမှာ ထောင်တွင်းမှာ မတရား အကျဉ်းကျခံနေရသူများ၊ ထွက်ပြေးတိမ်းရှောင်နေရသော ပရဟိတသမားများ၊ စစ်ဘေးရှောင်များ၊ အရပ်သားများ၊ နိုင်ငံ့အရေး လှုပ်ရှားသူများ၊ လူငယ်လူရွယ်များသည် မိဘများ ရင်ခွင်သို့ ပြန်လည်ခိုလုံခွင့် မရရှိသေးပါ။ တရားမျှတမှုသည် လုံးဝ မရရှိသေးပါ။
ထို့ကြောင့် ဓနုတိုင်းရင်းသားတို့ရဲ့ အမျိုးသားနေ့ကို ကြိုဆိုပါ၊ သို့သော် တရားမျှတမှု မရရှိသေးသည်ကိုတော့ မမေ့စေလိုပါ။ လွတ်လပ်မှု အစစ်အမှန်မရရှိသည်ကိုတော့ မမေ့စေလိုပါ။ ဓနုအလံတော်ကို ကိုင်ဆောင် လျှောက်လှမ်းရာမှာ တော်လှန်ရေး၌ အသက်ပေးသွားသော ဓနုအာဇာနည်များရဲ့သွေးစက်တွေ မခြောက်သေးသည်ကို မမေ့စေလိုပါ။
ဓနုအပါအဝင် တစ်နိုင်ငံလုံးရှိ မျိုးနွယ်စုအားလုံး ဖက်ဒရယ် ဒီမိုကရေစီရရှိရေး၊ စစ်အာဏာရှင် ပျက်သုဉ်းရေးများမှာ လူတိုင်းကိုယ်စီ တာဝန်ရှိနေပါကြောင်းနှင့် ထိုတာဝန်များကို နိုင်ရာနေရာမှ ထမ်းရွက်နိုင်ပါစေကြောင်း ဆန္ဒပြုအပ်ပါသည်။
နတ်တော်လဆန်း(၈)ရက်နေ့မှာကျရောက်သော ဓနုတိုင်းရင်းသားတို့ရဲ့အမျိုးသားနေ့ကို ကြိုဆိုရာမှာ တရားမျှတမှုအတွက် တာဝန်ကိုယ်စီယူကြခြင်းဖြင့် ကြိုဆိုသင့်ပါကြောင်း ထပ်လောင်း ဆန္ဒပြုအပ်ပါသည်။
ဖိုးထောင်(ရွာငံ)