နွေဦးတော်လှန်ရေးကာလ တိုင်းရင်းသားဒေသ အခြေအနေများ
လစဉ်အစီရင်ခံစာ (၂၀၂၄ ခုနှစ် နိုဝင်ဘာလ)
နွေဦးတော်လှန်ရေးကာလအတွင်း အာဏာရှင်စနစ်ဆန့်ကျင်ရေးကို အလွှာပေါင်းစုံမှ တိုင်းရင်းသား ပြည်သူများ၏ ပူးပေါင်းပါဝင်လှုပ်ရှားမှုများအား ဖက်ဒရယ်ဂျာနယ်-မြန်မာက လစဉ်လေ့လာပြုစု၍ ထုတ်ပြန် လျက်ရှိပါသည်။ ယခုစာတမ်းတွင် ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလအတွင်း အာဏာသိမ်းမှုနှင့် ဆက်စပ်သည့် ပဋိပက္ခများကြောင့် တိုင်းရင်းသားဒေသများတွင် တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်သားများနှင့် တော်လှန် ရေးရဲဘော်များနှစ်ဘက်ထိခိုက်သေဆုံးမှု၊ စစ်ကောင်စီ၏ထိုးစစ်ကြောင့် ပြည်သူ့အိုးအိမ်ပျက်စီးမှု၊ အရပ်သား ပြည်သူများသေဆုံးမှုနှင့် တော်လှန်ရေးတပ်ပေါင်းစုများ၏ သိမ်းပိုက်ရရှိခဲ့သည့် စစ်ကောင်စီတပ်စခန်းများ ကို စုစည်းတင်ပြ ထားပါသည်။
အပိုင်း (၁)
ပြည်နယ်ဒေသများအတွင်း စစ်ရေးနှင့် လုံခြုံရေး နောက်ဆက်တွဲ အခြေအနေများ
(က) တိုက်ပွဲအတွင်း နှစ်ဘက် သေဆုံးမှုများ
၂၀၂၄ခုနှစ်၊ နိုဝင်ဘာလအတွင်း တိုင်းရင်းသားဒေသများတွင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေး တပ်ဖွဲ့တို့အကြား ထိတွေ့ပစ်ခတ်မှု အကြိမ်ပေါင်း (၁၅၆) ကြိမ်ကျော်ရှိခဲ့ရာ ရခိုင်ပြည်တွင် (၄၀)ကြိမ်၊ ချင်းပြည်တွင် (၃၅) ကြိမ်၊ ကချင်ပြည်တွင် (၃၀) ကြိမ်၊ ရှမ်းပြည်တွင် (၁၆) ကြိမ်၊ ကရင်ပြည်တွင် (၁၅) ကြိမ်၊ မွန်ပြည်တွင် (၁၂) ကြိမ်၊ ကရင်နီပြည်တွင် (၈) ကြိမ် ဖြစ်ပွားကြောင်း မှတ်တမ်းတင်နိုင်ခဲ့သည်။
နိုဝင်ဘာလ တစ်လတာစစ်ပွဲအတွင်း သေဆုံးခဲ့သော စစ်ကောင်စီတပ်ဖွဲ့ဝင်များမှာ ကရင်ပြည်တွင် (၁၃၇) ဦး၊ ချင်းပြည်တွင် (၄၂) ဦး၊ ရခိုင်ပြည်တွင် (၅၅)ဦး၊ ကချင်ပြည်တွင် (၅၀)ဦး၊ ရှမ်းပြည်တွင် (၃၆)ဦး၊ ကရင်နီပြည်တွင် (၂၅)ဦး၊ မွန်ပြည်တွင် (၁၅)ဦးစသည်ဖြင့် စုစုပေါင်း (၃၆၀) ဦးခန့် နှင့် ပြည်သူ့တော်လှန်ရေး တပ်ဖွဲ့ ဘက်မှလည်း (၄၁) ဦးခန့် ကျဆုံးခဲ့ကြောင်း မှတ်တမ်းတင်နိုင်ခဲ့ပါသည်။
(ခ) တိုက်ပွဲဖြစ်ပွားမှု ဒေသများ
(၁) ကချင်ပြည်
ကချင်ပြည်တွင် ဗန်းမော်မြို့နယ်နှင့် မိုးမောက်မြို့နယ်အကြား၊ စစ်ကိုင်း-ကချင်အစပ်ဒေသရှိ အင်း တော်မြို့နယ်ဒေသများတွင် တိုက်ပွဲများပြင်းထန်လျက်ရှိပါသည်။
KIA နှင့် KPDF ပူးပေါင်းတပ်ဖွဲ့များသည် နိုင်ဝင်ဘာလ (၂၀)ရက်နေ့တွင် ကချင်ပြည်၏ နောက်ဆုံး လက်ကျန်နယ်စပ်ကုန်သွယ်ရေးဖြစ်သော ကံပိုင်တည် မြို့ကို အပြီးတိုင်သိမ်းပိုက်နိုင်ခဲ့သည်။ ထို့အပြင် KIA ပူးပေါင်းအဖွဲ့သည် စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်ရှိ စစ်ကေင်စီတပ်၊ ရှမ်းနီ အမျိုးသားများ တပ်မတော် (SNA) နှင့် ပျူစောထီး ပူးပေါင်းတပ်စွဲထားသည့် ရွှေတွင်းတပ်စခန်း၊ စိုင်းပန်ရွာ တပ်စခန်းကုန်းနှင့် ရာလာတီး တပ်စခန်းများကို နိုဝင်ဘာလ(၁၈)ရက်နေ့တွင် သိမ်းပိုက်နိုင်ခဲ့ပါသည်။ ထို့အပြင် တန်ဂူးပြည်သူ့စစ်အဖွဲ့ ထိန်းချုပ်ထားသော လန်ဆယ် (lanse) မြို့တစ်ခုလုံးကိုလည်း နိုဝင်ဘာ(၁၀) ရက်နေ့တွင် အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ပါသည်။ ထို့နောက်ဟုမ္မလင်းမြို့နယ်ရှိ ရှစ်မျက်နှာဘုရားကုန်းနှင့် ပန်ချယ် တပ်စခန်း နှစ်ခု ကိုလည်း နိုဝင်ဘာလ(၃)ရက်နေ့တွင် သိမ်းပိုက်နိုင်ခဲ့ပါသည်။ စစ်ကောင်စီသည် မိုးမောက်မြို့ကို ပြန်လည် ထိန်းချုပ်နိုင်ရန် အပြင်းအထန် ထိုးစစ်ဆင်လျက် ရှိပါသည်။
(၂) ချင်းပြည်
ချင်းပြည်ဒေသတွင် Chinland Council (CC) ကာကွယ်ရေးတပ်ဖွဲ့များ နှင့် စစ်ကောင်စီတို့သည် ဟားခါးမြို့နယ်နှင့် ထန်တလန်မြို့တို့တွင် တိုက်ပွဲများ ဖြစ်ပွားခဲ့ပါသည်။ ချင်းလဲန်းကောင်စီ ကာကွယ်ရေးတပ် ဖွဲ့များသည် ထန်တလန်မြို့နှင့် ဟားခါးမြို့အကြားရှိ စစ်ကောင်စီတပ်၏ point 3 တပ်ကုန်း ကို နိုဝင်ဘာလ(၂၂) ရက်တွင် သိမ်းပိုက်နိုင်ခဲ့ပါသည်။ CC ပူးပေါင်းတပ်များသည် Ruavazung တပ်စခန်း အပါအဝင် ဟားခါးမြို့နှင့် ထန်တလန်မြို့အကြား စစ်ကောင်စီတပ်စခန်း(၂) ခုကိုလည်း နိုဝင်ဘာလ(၃၀)ရက်တွင် သိမ်းပိုက်နိုင်ခဲ့ပါသည်။ ထို့အပြင် ချင်းညီနောင် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များကလည်း ချင်းညီနောင်စစ်ဆင် ရေးအဖြစ် စစ်ကောင်စီအခြေစိုက်စခန်းများနှင့် မြို့သိမ်းတိုက်ပွဲများကို ဖလမ်း နှင့် မင်းတပ် မြို့များတွင် ဖော်ဆောင်လျက်ရှိသည်။
(၃) ကရင်နီပြည်
ကရင်နီပြည်ဒေသတွင် KNDF၊ ကရင်နီဒေသအခြေစိုက် ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များနှင့် စစ်ကောင်စီတို့အကြား လွိုင်လင်လေးမြို့နယ်၊ ဖယ်ခုံမြို့နယ်၊ ရှမ်း-ကရင်နီ နယ်စပ်ဒေသ များတွင် တိုက်ပွဲများ ပြင်းထန်ခဲ့ပါသည်။
(၄) ကရင်ပြည်
ကရင်ပြည်ဒေသတွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)၊ ကရင်ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့(KPDF) ပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီတို့အကြား မူတြော်ခရိုင်၊ ခလယ်ထွီခရိုင်၊ မာနယ်ပလော ဒေသ၊ ကော့ကရိတ်မြောက်ပိုင်း နှင့် ညောင်လေးပင်ခရိုင် အတွင်းရှိ ဒေသအချို့တို့တွင် တိုက်ပွဲများ ဖြစ်ပွားခဲ့ ပါသည်။ ထို့အပြင် ကရင်ပြည်ဖာပွန်ခရိုင်အတွင်းရှိ ဒေသများတွင် တိုက်ပွဲများ ပြင်းထန်ခဲ့ပါသည်။ ကရင် ပြည်သူ့ကာကွယ်ရေးပူးပေါင်း တပ်ဖွဲ့များသည် မူတြော်ခရိုင်အတွင်းရှိ မာထောတပ်စခန်း ကို နိုဝင်ဘာလ(၂၂) ရက်တွင် သိမ်းပိုက်နိုင်ခဲ့ပါသည်။
(၅) မွန်ပြည်
မွန်ပြည်ဒေသတွင် မွန်ဒေသအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဝင်များဖြစ်သည့် မွန်ပြည်သစ်ပါတီ – NMSP AD နှင့် စစ်ကောင်စီတို့သည် မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ရေးမြို့နယ်၊ ကျိုက်ထိုမြို့နယ် စသည့် ဒေသများတွင် နှစ်ဘက် တိုက်ပွဲများ ဖြစ်ပွားခဲ့ပါသည်။
(၆) ရခိုင်ပြည်
ရခိုင်ပြည်တွင် အာရက္ခတပ်တော်(AA) အနေဖြင့် တောင်ကုတ်မြို့နယ်၊ အမ်းမြို့နယ်၊ ဂွမြို့နယ် နှင့် မောင်တောမြို့နယ်တို့ကို အလုံးစုံသိမ်းပိုက်နိုင်ရန်အတွက် ထိုးစစ်ဆင်လျက်ရှိပါသည်။ အာရက္ခတပ်တော် (AA) သည် ပဲပဒုံဂိတ်၊ အမှတ် ထပခ-၉၂၆(၉၂၆ ထောက်ပံ့နှင့် ပို့ဆေင်ရေးတပ်ခွဲ)၊ တထခ-၁၀ (အမှတ် ၁၀ တပ်ထိန်းတပ်ခွဲ)၊ အမ်းမြို့အခြေစိုက် ခမရ(၃၄၆)၊ ခမရ (၅၄၄)၊ ခမရ (၃၁၇)၊ အမ်းအမြောက်တပ်နှင့် အရိုး တောင်လက်နက်ကြီးစခန်းတို့ကို နိုဝင်ဘာလအတွင်း သိမ်းပိုက်နိုင်ခဲ့ပါသည်။ ထို့အပြင် တောင်ကုတ်မြို့ တစ်ခုလုံးအား ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ (၂၄) ရက်နေ့တွင် အလုံးစုံ ထိန်းချုပ်ထားနိုင်ခဲ့ပါသည်။
(၇) ရှမ်းပြည်
ရှမ်းပြည်ဒေသတွင် ရှမ်းပြည်တောင်ပိုင်း မောက်မယ်မြို့နယ်၊ ကွတ်ခိုင်မြို့နယ်၊ ရွာငံမြို့နယ် ဒေသ အချို့တို့တွင် စစ်ကောင်စီ၊ ပအိုဝ်းပြည်သူ့စစ်-PNO နဲ့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်- PNLA တပ်အကြား နိုင်ဝင်ဘာလအတွင်း တိုက်ပွဲများ ဖြစ်ပွားခဲ့ပါသည်။ ရှမ်းပြည်မြောက်ပိုင်း နောင်ချိုမြို့နယ် ဒေသအချို့တို့တွင်လည်း တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်-TNLA နဲ့ စစ်ကောင်စီတို့ကြား တိုက်ပွဲဆက်ပြင်းထန်ခဲ့ပါသည်။
အပိုင်း (၂)
အရပ်သားပြည်သူများအပေါ် တိုက်ပွဲ၏ အကျိုးအဆက်များ
(က) အရပ်သားပြည်သူ သေဆုံးမှု
၂၀၂၄ ခုနှစ် နိုဝင်ဘာလအတွင်း တိုင်းရင်းသားဒေသများတွင် စစ်ကောင်စီ၏ လေကြောင်းတိုက် ခိုက်မှု၊ အကြောင်းမဲ့လက်နက်ကြီးပစ်ခတ်မှု၊ မြေမြှုပ်မိုင်းကြောင့်ထိခိုက်မှု၊ တိုက်ပွဲအတွင်း ပစ်ခတ်မှုများနှင့် သတ်ဖြတ်ခံရမှုများကြောင့် အရပ်သားပြည်သူ (၁၂၈) ဦးထက်မနည်းသေဆုံးခဲ့ကြောင်း မှတ်တမ်းတင်နိုင် ခဲ့သည်။ ထိုသေဆုံးမှုများမှာ ရှမ်းပြည်တွင် (၅၅)ဦး၊ ရခိုင်ပြည်တွင် (၂၅)ဦး၊ ကချင်ပြည်တွင် (၂၀)ဦး၊ ကရင်နီပြည်တွင် (၁၂)ဦး၊ ချင်းပြည်တွင် (၉)ဦး၊ ကရင်ပြည်တွင် (၅)ဦး၊ မွန်ပြည်တွင် (၂)ဦး စသည်ဖြင့် အသီးသီး မှတ်တမ်းတင်နိုင်ခဲ့သည်။
(ခ) အိုးအိမ် ပျက်စီးမှု
၂၀၂၄ခုနှစ်၊ စက်တင်ဘာလအတွင်း တိုင်းရင်းသားဒေသအသီးသီးတွင် စစ်ကောင်စီ၏ မီးရှို့ ဖျက်ဆီးမှု၊ တိုက်ပွဲအတွင်းလက်နက်ကြီး ထိခိုက်ခံရမှုတို့ကြောင့် အရပ်သားနေအိမ် (၄၈၄)ကျော် ပျက်စီးခဲ့ ကြောင်း မှတ်တမ်းတင်နိုင်ခဲ့ပါသည်။ ချင်းပြည်တွင် နေအိမ် (၃၀၀)ကျော်နှင့် ရခိုင်ပြည်တွင် (၈၆)ကျော်၊ ရှမ်းပြည်တွင် (၅၀)ကျော်၊ ကရင်နီပြည်တွင် (၁၅)ကျော်၊ ကရင်ပြည်တွင် (၁၄)လုံးကျော်၊ ကချင်ပြည်တွင် (၁၅)လုံးကျော်၊ မွန်ပြည်တွင် (၆)လုံးကျော် စသည်ဖြင့် ပျက်စီးမှုအခြေနေများကို တွေ့ရှိခဲ့ရပါသည်။
ကိုးကားချက်များ –
၁) လွတ်လပ်သော ပြည်တွင်း သတင်းမီဒီယာများနှင့် တိုင်းရင်းသားသတင်းမီဒီယာများ
၂) တိုင်းရင်းသား လူ့အခွင့်အရေးအဖွဲ့များနှင့် အရပ်ဘက်အဖွဲ့အစည်းများ
၃) ဖက်ဒရယ်ဂျာနယ်-မြန်မာမှ မေးမြန်းချက်၊ စုစည်းချက်များ