တိုင်းရင်းသားများသတင်း

အပတ်စဉ် လူမျိုးပေါင်းစုံ သတင်းများစုစည်းတင်ပြခြင်း

(No. 95, November 26, 2024)

၁။ ပြည်သူများကို ငဲ့ညှာမှုကြောင့် စစ်ရေးပဋိပက္ခများအဆုံးသတ်ရေး တွေ့ဆုံဆွေးနွေးရန်အဆင့်သင့်ရှိဟု TNLA ထုတ်ပြန်
November 25, 2024
တရုတ်အစိုးရ၏ နယ်စပ်တည်ငြိမ်ရေး၊ တိုက်ပွဲရပ်စဲရေးကြိုးပမ်းမှုနှင့် စစ်ဘေးဒဏ်ဆိုးရွားစွာခံစားနေရသည့် ပြည်သူ များ၏ အကျိုးကို ငဲ့ညှာထောက်ထား၍ နှစ်ဖက်စစ်ရေး ပဋိပက္ခများ အဆုံးသတ်နိုင်ရန် တွေ့ဆုံဆွေးနွေးရန် အဆင် သင့်ရှိ ကြောင်း တအာင်း TNLA က သတင်းထုတ်ပြန်သည်။ နေ့စဉ်ရက်ဆက်ဖြစ်ပွားနေသော တိုက်ပွဲများတွင် စစ်တပ်၏ လေကြောင်း စစ်ရေးအပါအဝင် ပြင်းထန်သည့် တိုက်ပွဲကြောင့် စစ်ဘေးဒဏ်ဆိုးရွားစွာ ခံစားနေရသည့် ဒေသပြည်သူများ၏ အကျိုးကို ငဲ့ညှာ ထောက်ထား၍သော်လည်းကောင်း၊ နယ်စပ်တည်ငြိမ်ရေးနှင့်တိုက်ပွဲရပ်စဲရေးကြားဝင်ကြိုးပမ်းဆောင်ရွက်နေသည့် တရုတ်နိုင်ငံ ၏ ကြိုးပမ်းမှုကို လေးစားအသိအမှတ်ပြု၍ သော်လည်းကောင်း တွေ့ဆုံဆွေးနွေးရန် အဆင်သင့်ရှိကြောင်း၊ စစ်ရေးပဋိပက္ခများ ကို အဆုံးသတ်ပြီး တည်ငြိမ်အေးချမ်းသည့် နိုင်ငံရေး အခြေအနေ တည်ဆောက်ရန်အတွက် တရုတ်၏ ကြားဝင်စေ့စပ်မှုကို အပြု သဘောဆောင် ကောင်းကျိုးရှိသည့်အမြင်ဖြင့် အမြဲပူးပေါင်းဆောင်ရွက်ရန် ကြိုးပမ်းလျက်ရှိကြောင်း၊ ကောင်းမွန်သည့် ရလဒ် များရရှိစေရန် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း TNLA က ဆိုသည်။

မြောက်ပိုင်းညီနောင်မဟာမိတ် ၃ ဖွဲ့အနေဖြင့် ၁၀၂၇ စစ်ဆင်ရေး စတင်ချိန်မှစတင်၍ တအာင်းဒေသအတွင်း တိုက်ပွဲ များ ပြင်းထန်စွာ ဖြစ်ပွားလာသည်မှာ နှစ်ပတ်လည်လာခဲ့ပြီဖြစ်ကြောင်း၊ စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ စစ်စခန်းများ၊ စစ်ကြောင်း များကို မိမိတို့၏ မြို့ရွာနယ်မြေများဒေသများတွင် ကင်းစင်အောင် ဖယ်ရှားတိုက်ထုတ်နိုင်ခဲ့ပြီဖြစ်သော် လည်း စစ်တပ်က ပြည်သူ ကို ဦးတည်ပစ်မှတ်ထားကာ လေကြောင်းဖြင့် တိုက်ခိုက်နေသဖြင့် အပြစ်မဲ့ ပြည်သူလူထု စစ်ဘေးဒဏ်ပေါင်းစုံ ဆိုးရွားပြင်းထန် စွာ ခံစားနေရကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။ တအာင်းလူမျိုးများ အဖိနှိပ်ခံဘ၀မှ လွတ်မြောက်ရန်၊ တအာင်း ပြည်နယ်ရရှိရန်၊ လက်နက်ကိုင်တိုက်ပွဲဝင်ပြီး ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အာမခံသည့် ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံကို တိုင်းရင်းသား မြန်မာပြည်သူများနှင့်အတူတကွ တည်ဆောက်ရန်အမြဲတစေ ကြိုးပမ်းဆောင်ရွက်မည်ဖြစ်ကြောင်း၊ ပြည်သူကို ထောက်ထား ညှာတာခြင်းနှင့်အတူ မိမိကိုယ်ကို ခုခံကာကွယ်ပိုင်ခွင့် အခွင့်အရေးကိုကိုင်စွဲထားပြီး ပြဿနာအရပ်ရပ်ကိုဖြေရှင်းနိုင်ရေး တွေ့ဆုံ ဆွေးနွေး အဖြေရှာရန် TNLA က အဆင်သင့်ရှိကြောင်း ကြေညာချက် ထုတ်ပြန်ထားသည်။ Read in Full

၂။  AA ထိန်းချုပ်ထားသည့် ဆမီးမြို့တွင် ချင်းအမျိုးသမီးတစ်ဦး အဓမ္မပြုကျင့်ခံရ
 November 25, 2024
 အာရက္ခတပ်တော်(AA) ထိန်းချုပ်ထားသည့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ဆမီးမြို့တွင် ချင်းအမျိုးသမီးတစ်ဦး အဓမ္မ ပြုကျင့်ခံရပြီး ဆေးကုသမှုခံယူနေရကြောင်း ဒေသခံများထံက သိရှိရသည်။ အဓမ္မပြုကျင့်ခံရသည့် အမျိုးသမီးသည် ဆမီးမြို့ပေါ် တွင်နေထိုင်ကာ အသက် ၃၅ နှစ်အရွယ် ရှိ ကလေး သုံးဦး၏ မိခင်ဖြစ်ပြီး ၎င်း၏ခင်ပွန်းကွယ်လွန်ထားသည့်အတွက် ကျန်းမာရေး မကောင်းသည့် မိခင်နှင့်အတူ နေထိုင်သူလည်းဖြစ်သည်။ အဆိုပါ အမျိုးသမီးသည် ပြီးခဲ့သည့် နိုဝင်ဘာလ ၂၂ ရက်နေ့၊ မနက် ၇ နာရီဝန်းကျင်က ဟင်းထွက်ရှာစဥ် နေအိမ်သို့ ပြန်ရောက်ရှိလာခြင်းမရှိသည့်အတွက် ဒေသခံများက ရှာဖွေခဲ့ရာ နိုဝင်ဘာ ၂၃ ရက် နေ့ မနက်ပိုင်းက  မြက်ပင်များဖြင့် ဖုံးထား၍ သတိလစ်လျက် တွေ့ရှိခဲ့ကြောင်း သိရသည်။ “ရွာသားတွေက ပြန်ရောက်မလာလို့ ချက်ချင်းရှာဖွေ သေးတယ်။ အဲ့ဒီညမှာ ပြန်မတွေ့ပဲ နောက်နေ့မနက်မှာ စောချောင်းဝအနား မြက်ပင်နဲ့ဖုံးထားပြီး မျက်နှာတစ်ခု လုံး ကုပ်ခြစ်ဒဏ်ရာနဲ့ အဝတ်ဗလာ သတိလစ်နေလျက် ပြန်တွေ့တာ” ဟု  ဒေသခံတစ်ဦးက ပြောသည်။

အမျိုးသမီးကို ဆမီးမြို့ ဆေးရုံသို့ ပို့ဆောင်ထားပြီး ဆရာဝန်၏ ဆေးစစ်ဆေးချက်အရ အဓမ္မပြုကျင့်ခံရခြင်းဖြစ် ကြောင်း လက်ရှိအချိန်တွင် သတိပြန်လည်ရရှိသော်လည်း စကားမပြောနိုင်သေးကြောင်း သိရှိရသည်။ မုဒိမ်းမှုကျူး လွန်သူ တရားခံကို ယနေ့အချိန်အထိ ဖမ်းဆီးနိုင်ခြင်းမရှိဘဲ လွတ်မြောက်နေဆဲဖြစ်ကာ သက်ဆိုင်ရာ တာဝန်ရှိသူများအနေဖြင့် အမြန်ဆုံးဖမ်းဆီးပြီး အရေးယူပေးစေလိုကြောင်း ကျူးလွန်ခံရသူ၏ ဆွေမျိုးများက တောင်းဆိုထားသည်။ Read in Full

၃။ မထောစခန်းမှ ထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်ကို KNLA ကြားဖြတ်တိုက်လို့ ၁၀ ဦး သေဆုံး
 November 26, 2024
ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်၊ စစ်ကောင်စီရဲ့ မထောစခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) နဲ့ ပူးပေါင်းအဖွဲ့တွေက နိုဝင်ဘာ ၂၂ ရက်မှာ တိုက်ခိုက်သိမ်းပိုက်ပြီးနောက် စခန်းက ထွက်ပြေးသွားသူတွေကို ကြားဖြတ်တိုက် ခိုက်လို့ ၁၀ ဦး ထပ်သေဆုံးတယ်လို့ KNU တပ်မဟာ ၅ က မနေ့က သတင်းထုတ်ပြန်ပါတယ်။ KNLA နဲ့ ပူးပေါင်းတပ်တွေ တိုက် ခိုက်လို့ ထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်တွေဟာ ကစယ်သဲဖလယ်(တောင်းသုံးလုံး)နဲ့ ထွီသီးအူ (ခွေးသေ) ဘက်ကို တပ်ဆုတ် ပြေးချိန်မှာ ပူးပေါင်းအဖွဲ့တွေက ထပ်မံကြားဖြတ် တိုက်ခိုက်ခဲ့လို့ အသေအဆုံးများခဲ့တာလို့ တပ်မဟာ ၅ ထုတ်ပြန်ချက်က ဆိုပါ တယ်။ စစ်ကောင်စီအင်အား ၂၀ ခန့်ဟာလည်း ကစဥ့်ကလျား ထပ်မံဆုတ်ပြေးခဲ့ရပြန်တယ်လို့ ဆိုပါတယ်။

ဒီဖြစ်စဥ်မှာ RPG-7 တလက်နဲ့ ၎င်းကျည်ဖူး (၃၈)လုံး၊ ၈၁မမတစ်လက်နဲ့ ၎င်းကျည်သီး (၆) လုံး၊ MA-1(၉) လက်၊ MA-2 (၄) လက်၊ MA-3 (၄) လက်၊ MA-4 (၂) လက်၊ ငါးမြီးစက်လတ် (၁)လက်၊ ၆၀ မမပြောင်းရှည် (၂) လက်၊ ၆၀ မမပြောင်းတို (၂)လက်၊ ရှေ့ထွက်မြေမြှုပ်ဗုံး(၃)လုံး၊ ၆၀မမကျည်(၁၂၃)လုံး၊ G-3ကျည် (၆၀၀၀)တောင့်နဲ့ ဆက် စပ်ပစ္စည်းတွေ သိမ်းမိခဲ့တယ်လို့ သိရပါတယ်။ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၈) လက်အောက်ခံမှာ ခြေမြန် တပ်ရင်း ခမရ-၄၀၇၊ ခမရ-၄၀၈ နဲ့ ခမရ-၄၀၄ တပ်တွေ အခြေပြုတပ်စွဲထားတာလို့ မူတြော်ရဲ့ ထုတ်ပြန်ချက်က ဆိုပါတယ်။ ဒီစခန်းဟာ မဟာဗျူဟာအရ အရေးကြီးတဲ့စခန်း လို့ သိရပါတယ်။ ဖာပွန်မြို့ပတ်လည်မှာရှိတဲ့ စစ်ကောင်စီစခန်းတွေကို KNLA နဲ့ ပူးပေါင်းတပ်တွေဟာ ဆက်တိုက်သိမ်းယူနေ တာပါ။ မြို့နဲ့ ၁၀ မိုင်ခန့်ဝေးတဲ့ စစ်ကောင်စီရဲ့ ခေါပုတ်စခန်း၊ မြို့နဲ့ ၇ မိုင်ခန့်ဝေးတဲ့ ကူးဆိပ်စခန်းတို့ကို တော်လှန်ရေးပူးပေါင်း တပ်တွေဟာ ဒီလအတွင်းမှာ သိမ်း ပိုက်နိုင်ခဲ့ပြီး ယခု မထောစခန်းကိုလည်း သိမ်းပိုက်နိုင်ခဲ့တာပါ။ 

၄။ ကရင်နီပြည်နယ်၌ စစ်ကောင်စီ၏ စစ်ရာဇဝတ်မှုများကြောင့် အရပ်သားပြည်သူ ၂၅၀ ကျော်သေဆုံး၊ ၃၀၀ ကျော်ဒဏ်ရာရ
 November 25, 2024
ကရင်နီပြည်နယ်၌ စစ်ကောင်စီ၏ စစ်ရာဇဝတ်မှုများကြောင့် စစ်တပ်အာဏာသိမ်းအပြီး ၂၀၂၁ မှ ၂၀၂၄ အောက်တို ဘာအထိ အရပ်သားပြည်သူ ၂၅၀ ကျော်သေဆုံးပြီး ၃၀၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ကရင်နီပြည်ကြားကာ လ အုပ်ချုပ်ရေး ကောင်စီ (IEC)၏ အမျိုးသမီးနှင့်ကလေးသူငယ် ရေးရာဌာနကထုတ်ပြန်သည်။ (နိုဝင်ဘာ ၂၅ ရက်) ထုတ်ပြန်သည့် အချက် အလက်များအရ စစ်ကောင်စီသည် လေယာဥ်ဖြင့် တိုက်ခိုက်မှုကို လွန်စွာအသုံးပြုနေပြီး ယခုနှစ် အတွင်းပင် အမျိုးသမီးနှင့် ကလေးငယ် ၄၀ ထက်မနည်းသေဆုံးခဲ့ရသည်ဟု ဆိုသည်။ “အထူးသဖြင့် ကရင်နီပြည်နယ်မှာ လေယာဥ်ဗုံးကြဲမှုကြောင့် ကလေး သူငယ်ပေါင်း များစွာ အသက်ဆုံးရှုံးရပြီးမှ အခုဆိုရင် စိတ်ဒုက္ခတွေ၊ လူမှုရေး ဒုက္ခတွေအများအ ပြားကြုံတွေ့ရတဲ့ အခက်အခဲဆုံး အခြေ အနေဖြစ်တယ်”ဟု IEC ၏ ဒုတိယဥက္ကဌခွန်းဘီထူးက ပြောသည်။ ထို့အပြင် စစ်တပ်အာဏာသိမ်းပြီးနောက် ထိတွေ့ တိုက်ခိုက်မှုများကြောင့် ယခုနှစ်အောက်တိုဘာအထိ ကရင်နီပြည်နယ်၌ စစ်ဘေးရှောင်စခန်းပေါင်း ၄၀၀ကျော်ရှိပြီး ရွှေ့ပြောင်း နေထိုင်ရသည့်အိမ်ခြေ သုံးသောင်းခွဲထက်မနည်းရှိကြောင်းအသိပေးသည်။ ၅ နှစ်အောက်ကလေးငယ် တစ်သောင်းကျော် အပါ အဝင် ၁၈ နှစ်အောက် ကလေးသူငယ် သုံးသောင်းကျော်မှာ စစ်ဘေးရှောင်နေရသည်ဟု ဖော်ပြသည်။

ထို့အပြင် သုံးနှစ်ကျော်ကာလ စစ်ရှောင်နေရသည့် ကလေး သူငယ်များ၏ ပညာရေး၊ ကျန်းမာရေး၊ အစာအာဟာရနှင့် စိတ်ပိုင်းဆိုင်ရာကို ပြန်လည်ကုစားရေးအတွက် အထူးလိုအပ်ကြောင်း IEC ၏ အမျိုးသမီးနှင့် ကလေးသူငယ်ရေးရာဌာနက ပြော သည်။ တရားမဝင်အာဏာသိမ်းစစ်တပ်ကို အမြန်ဆုံးအရေးယူနိုင်ရေးအပါအဝင် ဦးစားပေးလုပ်ငန်းခုနစ်ချက်ကိုဝိုင်းဝန်း အကောင်အထည်ဖော်ရန်လည်း အရပ်ဖက်အဖွဲ့အစည်းများ၊ အလှူရှင်များနှင့်သံတမန်များကို တိုက် တွန်းထားသည်။ အမျိုးသမီး များ၊ ကလေးငယ်များနှင့် သက်ကြီးရွယ်အိုများကို အဓိကသေဆုံးစေသည့် လေကြောင်းပစ်ခတ်မှုကို တားဆီးနိုင်ရန် အီးယူ အပါ အဝင် သက်ဆိုင်ရာ နိုင်ငံများအနေဖြင့် လေယာဥ်ဆီတင်ပို့မှုကိုရပ်တန့်ပေး ရန်နှင့် လေယာဥ်ပျံသန်းမှု ကင်းလွတ်ဇုန် သတ်မှတ် ရန် တောင်းဆိုသည်။ စစ်ရှောင်အမျိုးသမီးများ၊ကလေးသူငယ်များ နှင့် ကိုယ်ဝန်ဆောင်မိခင်များအတွက် အထောက်အပံ့များလို အပ်နေသည်ဟုဆိုသည်။ ထို့အပြင် ရှင်သန်ကျန်ရစ်သူများနှင့် စစ်ပွဲကြောင့်နစ်နာဆုံးရှုံးသွားသူများ ဘဝပြန်လည်ထူထောင် ရေး နှင့် မသန်စွမ်းသူများ၊သက်ကြီးရွယ်အိုများအတွက် လုံခြုံရေးအကာအကွယ်၊လူမှုဖူလုံရေးနှင့် အခြားသောအရေးပေါ်အစီအမံ များအတွက် ဘဏ္ဍာငွေလိုအပ်ချက်ကို ပံ့ပိုးပေးရန်လည်း တောင်းဆိုသည်။ Read in Full

၅။ အာယုတောင်ဌာနေပြည်သူ့စစ်ရုံးကို ရေးဘီလူးအဖွဲ့ဝင်တိုက်၊ ပြည်သူ့စစ်ခေါင်းဆောင် ပြင်းထန်ဒဏ်ရာရ
 November 25, 2024
မွန်ပြည်နယ် ရေးမြို့နယ် အာယုတောင်ကျေးရွာအုပ်ချုပ်ရေးမှူးရုံးမှာ ဖွင့်လှစ်ထားတဲ့ အာယုတောင်ဌာနေ ပြည်သူ့စစ် ရုံးကို နိုဝင်ဘာ ၂၃ ရက်နေ့ မနက် ၈ နာရီခွဲအချိန်ခန့်မှာ ရေးဘီလူးအဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရ ပါတယ်။ အဲဒီတိုက်ခိုက်မှုကြောင့် နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှု မိနစ် ၂၀ နီးပါးအကြာဖြစ်ပွားခဲ့ပြီး အရပ် သားပြည်သူတွေပါထိ ခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ ရေးဘီလူးအဖွဲ့ခေါင်းဆောင်က အဲဒီပစ်ခတ်မှုအတွင်း အာယုတောင်ပြည်သူ့စစ်အဖွဲ့ဝင် ငါးဦးထိခိုက် သေဆုံးနိုင်ပြီး ပြည်သူ့စစ်ခေါင်းဆောင် လင်းဦးကတော့ လည်ပင်းနဲ့ဝမ်းဗိုက်တွေမှာ ပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ ပြောပါ တယ်။ ဒေသခံတွေအဆိုအရ နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှုအတွင်း ဒေသခံနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ပြည်သူ့ စစ်အဖွဲ့က အနည်းဆုံးသုံးဦးထက်မနည်း ထိခိုက်သေဆုံးနိုင်တယ်လို့ ဆိုကြပါတယ်။

ပစ်ခတ်မှုအတွင်း ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ ဌာနပြည်သူ့စစ်ခေါင်းဆောင် လင်းဦးကိုတော့ ရေးမြို့နယ်ပြည်သူ့ ဆေးရုံထံ ပို့ဆောင်ကုသထားတယ်လို့ စစ်ကောင်စီနဲ့နီးစပ်သူတွေထံက စုံစမ်းသိရှိရပါတယ်။ နှစ်ဖက်ပစ်ခတ်မှုပြီးနောက် အာယုတောင် အခြေစိုက် စစ်ကောင်စီတပ်က တပ်အင်အား ၅၀ ကျော်နဲ့ လာရောက်စစ်ဆေးမှုတွေ လုပ်ဆောင်သွားပါတယ်။ အင်အား ၇၀ နီးပါးရှိတဲ့ အာယုတောင်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး လင်းဦး ဦးဆောင်တဲ့ အာယုတောင် ပြည်သူ့စစ်အဖွဲ့ကို ပြီးခဲ့တဲ့ ဇူလိုင် ၂၄ ရက်နေ့က စစ်ကောင်စီက ရေးတပ်နယ်မှာ လက်နက်တပ်ဆင်ပေးခဲ့တာဖြစ်ပါတယ်။ အာယုတောင်ဌာနေပြည်သူ့စစ်အဖွဲ့ဟာ ရေးဒေသဖြစ်တဲ့ အာယုတောင်၊ နှင်းစုံ၊ ချောင်းတောင်တံတားတဝိုက်လှုပ်ရှားတာဖြစ်သလို စစ်ဆေးရေးဂိတ်တွေ ဖွင့်လှစ်ပြီး ငွေကြေးကောက်ခံတာတွေလည်း ရှိနေပါတယ်။ Read in Full

၆။ မိုင်းကိုင်က စခန်းနှစ်ခုကို RCSS ဝင်တိုက်ပြီး တပ်ဖွဲ့ဝင် ရှစ်ဦး ဖမ်းသွားတယ်လို့ SSPP ထုတ်ပြန်
 November 25, 2024
ရှမ်းပြည်တောင်ပိုင်း၊ မိုင်းကိုင်မြို့နယ်အတွင်းမှာရှိတဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော်(SSPP/SSA) ရဲ့ စခန်းနှစ်ခုကို RCSS က (နိုဝင်ဘာ ၂၅)မှာ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး တပ်ဖွဲ့ဝင် ရှစ်ဦးကို ဖမ်းဆီးသွားခဲ့တယ်လို့ SSPP က ထုတ်ပြန်ပါတယ်။ ဒီနေ့မနက်အစောပိုင်းက ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA) ဟာ အင်အား ၁၀၀ ခန့် စစ်ကြောင်းသုံးခုနဲ့ မိုင်းကိုင်မြို့နယ် တုံလောကျေးရွာအုပ်စု၊ ပန်ပွဲကျေးရွာအနီးမှာရှိတဲ့ SSPP စခန်းငယ်နှစ်ခုကို ဝင်တိုက်ခဲ့ပြီး နောက် တပ်ဖွဲ့ဝင် ရှစ်ဦးကို ဖမ်းသွားခဲ့တယ်လို့ ဆိုပါတယ်။ RCSS ဟာ SSPP ရဲ့ စခန်းသုံး မော်တော်ဆိုင်ကယ် လေးစီး၊ ကားတစ် စီး အပါအဝင် စခန်းတွေကိုလည်း မီးရှို့ဖျက်ဆီးသွားခဲ့တယ်လို့ SSPP ထုတ်ပြန်ချက်က ဆိုပါတယ်။

ဒါ့အပြင် ပန်ပွဲကျေးရွာက ရွာကော်မတီဝင်တစ်ဦး အိမ်ကိုလည်းဝင်ရောက်ဖျက်ဆီးခဲ့ပြီး အဖိုးတန်ပစ္စည်းတွေကို ယူသွား ကာ အိမ်ရှင်ဖြစ်သူကိုလည်း ပစ်သတ်ခဲ့တယ်လို့ SSPP ထုတ်ပြန်ချက်က ဆိုပါတယ်။ ပန်ပွဲကျေးရွာအတွင်းမှာ ဖွင့်လှစ်ထားတဲ့ ကုန်စုံဆိုင်ကိုလည်း RCSS တပ်ဖွဲ့ဝင်တွေက ဝင်ရောက်မွှေနှောက်ပြီး စားသောက်တွေ ယူသွားတဲ့အပြင် ရွှေ၊ ငွေတွေကိုလည်း ယူဆောင်သွားခဲ့တယ်လို့ ဆိုပါတယ်။ ဒီလုပ်ရပ်ဟာ ရှမ်းတပ်နှစ်ဖွဲ့ ပေါင်းစည်းရေးအတွက် တိုက်ပွဲမဖြစ်ရေး ထိန်းသိမ်းခဲ့ခြင်းကို RCSS က အခွင့်ကောင်းယူပြီး တပ်ဖွဲ့ဝင်နဲ့ ဒေသခံပြည်သူတွေကို ဖမ်းဆီးသတ်ဖြတ်တာ ဖြစ်တယ်လို့ SSPP က ထုတ်ပြန်ပါတယ်။ Read in Full

၇။ တောင်ကုတ်က စစ်ရှောင် ၄၀ ကျော် ပြန်လွတ်လာသော်လည်း  ၅ ဦးအား စစ်ကောင်စီက ဆက်လက် ဖမ်းဆီးထား
 November 25, 2024
ရခိုင်ပြည် တောင်ကုတ်မြို့နယ်မှ စစ်ရှောင် ဒေသခံများကို စစ်ကောင်စီတပ်က ဖမ်းဆီးထားခဲ့ရာတွင် ၄၀ ဦးကို ပြန် လည် လွတ်ပေးခဲ့သော်လည်း ၅ ဦးကို ဆက်လက် ဖမ်းဆီးထားကြောင်း ပြန်လည်လွတ်မြောက်လာသူများက ပြော သည်။  အာရက္ခ တပ်တော် AA နှင့် စစ်ကောင်စီတို့ တိုက်ပွဲများ ပြင်းထန် ဖြစ်ပွားနေသော တောင်ကုတ်မြို့နယ်အတွင်း ပိတ်မိနေသည့် ဒေသခံ အများအပြား ဘေးလွတ်ရာသို့ ထွက်ပြေးရာတွင် နိုဝင်ဘာ ၁၃ ရက်နေ့ ညပိုင်းတွင် ရိုးတောင်အလွန် ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်သည်။ ၎င်းတို့မှာ ရိုးတောင်အလွန် ဥသျှစ်ပင်တွင် ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်ပြီး ဥသျှစ်ပင် ရဲစခန်းတွင် တစ်ညတာ ဖမ်းဆီး စစ်ဆေးခံခဲ့ရပြီး နောက် နိုဝင်ဘာ ၂၄ ရက်နေ့ နံနက် ၁၀ နာရီခန့်က ပြန် လည်လွတ်မြောက်လာကြောင်း တောင်ကုတ် ဒေသခံတစ်ဦးက ပြောသည်။ “တောင်ကုတ်မှာ တိုက်ပွဲ အရမ်းပြင်းနေတော့ ဒေသခံတွေ တော်တော်များ မြို့ပေါ်က အလုံးအရင်းနဲ့ ထွက်ပြေးကြတယ်။ တော်တော်များများ ရိုးတောင်ကို ဖြတ်ကျော်ပြီးတော့ တောလမ်းကနေ ဖြတ်ရတာပါ။ အဲ့ဒီမှာ ရိုးအကျော်- ညောင်းကြီးအနား- ဥသျှစ်ပင်မှာ မနေ့ညက ဖမ်းဆီးခံခဲ့ရတာပါ။ ၄၀ ကျော်လောက်ကို ဒီနေ့ မနက်ပိုင်းက ပြန်လွတ်ပေးတယ်။ ဒါပေမယ့် ၅ ယောက်ကို ဖမ်းဆီးထိန်းသိမ်းထားတယ် “ဟုပြောသည်။

တိုက်ပွဲကြောင့် တောင်ကုတ်မြို့နယ်က ဒေသခံများသည်  တောင်ကုတ်ကနေ တစ်ဆင့် ရိုးတောင်အား ခြေကျင်းလမ်း လျှောက်၍ စစ်ရှောင်ရခြင်းဖြစ်ပြီး လမ်းခရီးတွင် ၁၀ ရက်ခန့်ကြာမြင့်ခဲ့ကြောင်း ပြန်လည်လွတ်မြောက်လာသူများကပြောသည်။  ယခုလွတ်မြောက်လာသူများထဲတွင် ကလေးသူငယ်များနှင့် အမျိုးသမီးများ၊သက်ကြီးပိုင်းများပါဝင်ပြီး လမ်းခရီးတွင် အစာရေစာ ပြတ်လပ်မှုများနှင့် ကြုံခဲ့ရကြောင်း လွတ်မြောက်လာသူတစ်ချို့က ဖွင့်ဟပြောဆိုသည်။ လက်ရှိ ပြန်မလွတ်သေးဘဲ ဖမ်းဆီးခံ ထားရသည့် လူငယ် ၅ ဦး၏ အမည်၊ အသက်၊ နေရပ်များကို  ဆက်လက် စုံစမ်းနေဆဲ ဖြစ်ပြီး ၎င်းတို့အားလုံးကို ဥသျှစ်ပင် ရဲစခန်း တွင် ဖမ်းဆီး ထိန်းသိမ်းထားကြောင်း သိရှိထားသည်။ ပြန်လွတ်လာသူထဲမှ အသက် ၃၈ နှစ်အရွယ်ရှိ အမျိုးသမီးတစ်ဦးက “၅ ယောက်ကတော့ အချုပ်ခန်းမှာ ရှိနေတယ်။ ပြန်မလွတ်သေးဘူး။ သူတို့လည်း တောင်ကုတ်ဖက်က စစ်ရှောင်ပြီး ထွက်ပြေး လာကြတာပါ။ ညီမတို့ မသိတာတွေက ဒီအရေအတွက်ထက်လည်း များနိုင်တယ်။ ဖမ်းဆီးခံထားရတဲ့ သူတွေအတွက် စိုးရိမ်မိ တယ်။ အဲ့ဒီအထဲက တစ်ချို့ဆိုရင် စခန်းထဲမှာ လနဲ့ချီကြပြီးလို့ သိရတယ်”ဟုပြောသည်။ တောင်ကုတ်မြို့ထဲက လူနေအိမ်အချို့ မှာ စစ်ကောင်စီဗုံးကြဲမှုကြောင့် မီးလောင်ပျက်စီးဆုံးရှုံးမှု ရှိသလို မြို့အတွင်း နှစ်ဖက်တိုက်ပွဲနှင့် လေကြောင်း ပစ်ခတ်မှုကြောင့် အရပ်သားများ နေ့စဉ်သေဆုံးမှုများ မြင့်တက်နေကြောင်းသိရသည်။ Read in Full

၈။ မိုင်းရယ်နဲ့ တန့်ယန်းမြို့ကို ကုန်ပစ္စည်းသယ်ခွင့် စစ်ကောင်စီ တင်းကျပ်
 November 25, 2024
ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုင်းရယ်နဲ့ တန့်ယန်းမြို့တွေကို ကုန်ပစ္စည်းသယ်ယူဖို့အတွက် စစ်ကောင်စီကခွင့်ပြုတဲ့ ထောက်ခံစာတွေပြနိုင်မှ သယ်ခွင့်ပြုတယ်လို့ ဒေသခံတွေက ပြောပါတယ်။ နိုဝင်ဘာလဆန်းပိုင်းကစပြီး ရှမ်းပြည်နယ်တောင် ပိုင်း တောင်ကြီးမြို့ကနေ စစ်ကောင်စီတပ်ထိန်းချုပ်ရာ မိုင်းရယ်၊ တန့်ယန်းမြို့တွေကိုသွားတဲ့ လမ်းတစ် လျှောက်က စစ်ကောင်စီ တပ်ဂိတ်တွေမှာ ထောက်ခံစာတွေ ပြနိုင်မှ ခွင့်ပြုတယ်လို့ မိုင်းရယ်ဒေသခံတစ်ဦးက ပြောပါတယ်။“စစ်ဗျူဟာက ထောက်ခံစာ ပါရမယ်။ ရဲစခန်းက ထောက်ခံစာ ပါရမယ်။ အဲဒီလိုမျိုးတွေ တောင်းတယ်။ ထောက်ခံစာမပါရင် ပေးမဖြတ်ဘူး။ ထောက်ခံစာပါ ရင်တောင် တစ်ခါတစ်လေ ဂိတ်တွေမှာရစ်နေတာပေါ့။ တော် တော်ခက်တယ်၊လုပ်ရကိုင်ရတာ”ရှမ်းပြည်နယ်တောင်ပိုင်း မိုင်းရှူး၊ တန့်ယန်းလမ်းမှာလည်း  စစ်ကောင်စီတပ်ဘက်က စစ်ဆေးမှုတွေ ပိုတင်းကျပ်လာတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မိုင်းရယ်နဲ့ တန့်ယန်းမြို့တွေဟာ ကိုးကန့်တပ်မတော်(MNDAA) သိမ်းပိုက်ထားတဲ့ လားရှိုးမြို့နဲ့ တစ်ဆက်တည်းရှိနေ တာကြောင့် အဲဒီမြို့တွေကို ကုန်စည်ဖြတ်တောက်ဖို့ စစ်ကောင်စီတပ်က တင်းကျပ်လိုက်တဲ့ အခြေအနေဖြစ်နိုင်တယ်လို့ ရှမ်းပြည်နယ် နိုင်ငံရေးလေ့လာသူ ကိုဖိုး၀ ကပြောပါတယ်။“မိုင်းရယ်နဲ့ တန့်ယန်းဘက်ကနေ လားရှိုးဘက်ကိုကုန်တွေ မရောက်အောင် ပိုတင်းကျပ်တဲ့ပုံစံလို့ ပြောလို့ရတယ်။ အခုက လားရှိုးကို ဘာကုန်မှ ပေးမသယ်တော့ဘူး၊ ဖြတ်တောက်ထားတယ်။ လမ်းတွေမှာလည်း တော်တော်လေးတင်းကျပ်လာတာကို တွေ့ရတယ်။ ဒါက စစ်ရေးအတွက် စစ် တပ်ဘက်က ပြင်ဆင်မှုတစ်ခုလို့ ပြောလို့ရတယ်” ၁၀၂၇ စစ်ဆင်ရေးကာလအတွင်းမှာ တန့်ယန်းမြို့ကို စစ်ကောင်စီတပ်နဲ့ UWSA “o” တပ်ဖွဲ့က ထိန်းချုပ်ထား ပြီး မိုင်းရယ်မြို့ကိုတော့ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA နဲ့ စစ်ကောင်စီတပ်က ပူးတွဲ ထိန်းချုပ်ထားပါတယ်။ မိုင်းရယ်မြို့ အထွက် ဟိုယကျေးရွာမှာတော့ စစ်ကောင်စီတပ်နဲ့ ကိုးကန့်တပ်မတော် (MNDAA) တပ်ဖွဲ့တွေကြား စစ်ရေးတင်းမာနေသလို မိုင်းရယ်နဲ့ နမ့်လန် လမ်းပိုင်းမှာလည်း တိုက်ပွဲတွေ မကြာခဏဖြစ်နေပါတယ်။ Read in Full

၉။ တောင်ကုတ်မြို့ထဲက တပ်စခန်းများအားလုံး တပ်မသို့ ဆုတ်ခွာ
 November 25, 2024
ရခိုင်ပြည် တောင်ကုတ်မြို့သိမ်းတိုက်ပွဲကို အာရက္ခတပ်တော် AA က ဆင်နွှဲနေပြီး စကခ ၅ တပ်မနှင့် တပ်ရင်းနှစ်ခုက လွဲပြီး တောင်ကုတ်မြို့ထဲက စစ်ကောင်စီတပ်စခန်းများ၊ အမြောက်စခန်းများကို ထိန်းချုပ်လိုက်ပြီဟု စစ်ရေးသတင်းရင်းမြစ်များ က ပြောသည်။ တောင်ကုတ်မြို့နှင့် စကခ ၅ တပ်မကို အဓိက ကာရံထားသော ပန်းမြောက်တောင် အမြောက်စခန်း၊ သဲခံတောင် အမြောက်စန်း၊ တက္ကသိုလ်မောင်းတံဂိတ်၊ တောင်ကုတ်တက္ကသိုလ် အမြောက်စခန်း၊ ဆီးကိုင်တောင် (နတ်မော်) တပ်စခန်း၊ အာလိန်ငါးဆင့်ကျောင်းတိုက် တပ်စခန်းနှင့် ဖုံညိုစစ်ရေးဂိတ်တို့ကို AA က နိုဝင်ဘာလ အစောပိုင်းတွင် ထိန်းချုပ်ပြီးနောက် တောင်ကုတ်မြို့ထဲသို့ ဝင်ရောက်ထိုးစစ်ဆင်ခဲ့သည်။ အဆိုပါ တပ်စခန်းများမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များမှာ တောင်ကုတ်မြို့ထဲရှိ ကိုင်းရှည်တံတား ဂိတ်၊ စည်ပင်ရုံး၊ KBZ ဘဏ်၊ အထက (၁) စာသင်ကျောင်း၊ မင်းမင်းရတနာရွှေဆိုင်၊ ဦးထွန်းကြွယ်တိုက်၊ တောင်ကုတ်ဟိုတယ်၊ ဂူတာကျောင်း၊ ကုတင် ၁၀၀ ဆေးရုံနှင့် ရဲစခန်းတို့ကို ဆုတ်ခွာပြီး ထပ်မံနေရာယူကာ AA ထိုးစစ်အားခုခံတိုက်ခိုက်ခဲ့သည်။ သို့သော် လည်း အာရက္ခတပ်တော် AA ၏ ဘက်ပေါင်းစုံထိုးစစ်ကို မခုခံနိုင်ခြင်းနှင့် စစ်ကောင်စီကလည်း စစ်ကူ အင်အား မပေးပို့နိုင်ခြင်းတို့ကြောင့် မြို့တွင်းရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များအားလုံးမှာ တပ်မ စကခ ၅ နှင့် ခမရ ၅၄၄, ၃၄၆ တပ် ရင်းသို့ ဆုတ်ခွာသွားပြီဟု သိရသည်။

” တောင်ကုတ် တက္ကသိုလ် အပါအဝင် မြို့ထဲက တပ်စခန်းတွေ၊ အမြောက်စခန်းတွေကို AA က ထိန်းချုပ်လိုက်ပြီလို့ ပြောလို့ရပါတယ်။ တချို့ တပ်စခန်းတွေက တပ်မဘက်သို့ ဆုတ်ခွာသွားပါတယ်။ တပ်မ စကခ ၅ နဲ့ ခမရ ၅၄၄ ၊ ခမရ ၃၄၆ တို့ဆို တာက ကပ်လျှက်ပါ။ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက မြို့ထဲမှာ မရှိသလောက်ဖြစ်သွားပါပြီ။ အားလုံး တပ်မထဲမှာ စုပြုံပြီး AA ရဲ့ ထိုးစစ်တွေကို ခုခံနေပါတယ်”ဟု ပြောသည်။ အာဏာသိမ်း စစ်ကောင်စီကလည်း လေကြောင်းပစ်ကူကလွဲပြီး မြေပြင်တပ် စခန်း များကို စစ်ကူအင်အား ပေးပို့နိုင်ခြင်းမရှိကြောင်းနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များမှာ ပြေးပေါက်မရှိဘဲ ပိတ်မိနေကြကြောင်းသိရ သည်။ “တောင်ကုတ်မှာ ကျန်နေသေးတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ တပ်မထဲမှာ ပိတ်မိနေကြပါပြီ။ စစ်ကောင်စီကလည်း လေကြောင်းပစ်ကူကလွဲပြီး တပ်ကူအင်အားနဲ့ ရိက္ခာတွေ မပေးပို့နိုင်ဘူး။ ထွက်ပြေးဖို့ကလည်း ပြေးပေါက်မရှိတော့ဘူး။ AA က အားလုံးကိုပိတ်ဆို့ထားတယ်။ လက်နက်ချအညံ့ခံရုံအပြင်မရှိတော့ဘူး။ စစ်ကောင်စီကတော့ တောင်ကုတ်မြို့ထဲကိုလေကြောင်း ပစ်တာ နေအိမ်တွေ အများအပြားမီးလောင် ဆုံးရှုံးသွားပါပြီ။ အထူးသဖြင့် သိမ်တောင်ရပ်ကွက်မှာ နေအိမ်တွေမရှိသလောက် ဖြစ်သွားပြီ” ဟု ပြောသည်။ တောင်ကုတ်မြို့ရှိ စကခ ၅ တပ်မနှင့် ခမရ ၅၄၄ တပ်ရင်း၊ ခမရ ၃၄၆ တပ်ရင်းတို့မှာ နောက်ဆုံးကျန် ရှိနေသေးသည့် တပ်မိသားစုအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင်များမှာ ၅၀၀ ခန့်သာ ရှိနိုင်တော့ကြောင်း သတင်းရင်း မြစ်များက ပြောဆိုကြသည်။ Read in Full

၁၀။ ကျိုက်ထိုပစ်ခတ်မှုအတွင်း ဖမ်းဆီးသတ်ဖြတ်ခံရတဲ့ အလွတ်တန်းသတင်းထောက်နေအိမ် ချိပ်ပိတ်ခံရ
 November 25, 2024
မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် လက်ပြကျေးရွာပစ်ခတ်မှုအတွင်း ဖမ်းဆီးသတ်ဖြတ်ခံရတဲ့ ကျိုက်ထိုအခြေစိုက် အလွတ်တန်းသတင်းထောက် ကိုထက်မြတ်သူနေအိမ်ကို စစ်ကောင်စီဘက်က လာရောက်ချိပ်ပိတ်သွားတယ်လို့ မိသားစုနဲ့ နီးစပ်သူတွေ ထံကနေ သိရပါတယ်။ စစ်ကောင်စီတပ်၊ ရဲနဲ့ အုပ်ချုပ်ရေးအဖွဲ့ဝင်တွေဟာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၂ ရက်နေ့ နေ့လည် ၁ နာရီအချိန် ခန့်မှာ လက်ပြကျေးရွာရှိ အလွတ်တန်းသတင်းထောက် ကိုထက်မြတ်သူ နေအိမ်ကို လာရောက်ချိပ်ပိတ်သွားတာပါ။ စစ်ကောင်စီ ကတော့ သေဆုံးသွားတဲ့ အလွတ်တန်းသတင်းထောက် ကိုထက်မြတ်သူ နေအိမ်ဟာ အကြမ်းဖက်အဖွဲ့အစည်းနဲ့ ပတ်သက်ဆက် နွယ်မှု ရှိတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ လာရောက်ချိပ်ပိတ်သွားတာပါ။ မိသားစုနဲ့နီးစပ်သူတွေကတော့ ချိပ်ပိတ်ခံရတဲ့ နေအိမ်ဟာ ကိုထက်မြတ်သူနဲ့ သူ့အမေပိုင်တဲ့ နေအိမ်မဟုတ်ဘဲ ဘိုးဘွားပိုင်နေအိမ်သာဖြစ်တယ်လို့ ပြောပါတယ်။

ပြီးခဲ့တဲ့သြဂုတ် ၂၁ ရက်နေ့ကလက်ပြကျေးရွာရှိ အလွတ်တန်းသတင်းထောက် ကိုထက်မြတ်သူ နေအိမ်ကို စစ်ကောင် စီတပ်က အင်အားအလုံးအရင်းနဲ့ ဝင်ရောက်စီးနင်းခဲ့တာပါ။ အဲဒီစီးနင်းမှုအတွင်း ကျိုက်ထိုတော်လှန်ရေးအင်အားစု KRF တပ်ဖွဲ့ ဝင် နှစ်ဦး၊ DVB CJ သတင်း ထောက် ကိုဝင်းထွဋ်ဦးနဲ့ အလွတ်တန်းသတင်းထောက် ကိုထက်မြတ်သူတို့ဟာ ဖမ်းဆီးခံရပြီးနောက် ပစ်သတ်ခံလိုက်ရပါတယ်။ ပစ်ခတ်မှုဖြစ်ပွားပြီး သုံးလကျော်ကြာမှာပဲ ကိုထက်မြတ်သူရဲ့ နေအိမ်ကို စစ်ကောင်စီတပ်က လာ ရောက်ချိပ်ပိတ်သွားတာ ဖြစ်ပါတယ်။ စစ်တပ်လော်ဘီတွေရဲ့ တယ်လီဂရမ်ချန်နယ်တွေမှာတော့ နေအိမ်ချိပ်ပိတ်ခံရတဲ့ ကိုထက်မြတ်သူရဲ့ မိခင် ဒေါ်စိုးစိုးခိုင်အား ကျိုက်ထိုနယ်မြေရဲစခန်းမှာ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၄၉ (က)၊ ၅၂ (က)၊ ၅၄ နဲ့အမှုဖွင့်အရေးယူထားတယ်လို့ ရေးသားဖော်ပြတာတွေ ရှိနေပါတယ်။ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကျိူက်ထိုမြို့ နယ်ထဲမှာ ဒီမိုကရေစီအရေးတက်ကြွလှုပ်ရှားသူတွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေရဲ့  နေအိမ် အလုံး ၃၀ ထက်မနည်း ချိပ်ပိတ်ခံထားရပါတယ်။ Read in Full

၁၁။ ပလက်ဝမြို့နယ်တွင် အာရက္ခ‌ပညာရေးစနစ် ဖော်ဆောင်ရန် ပြင်ဆင်နေဟုဆို
 November 25, 2024
ချင်းပြည်နယ် တောင်ပိုင်း၊ ပလက်ဝမြို့နယ်တွင် အာရက္ခတပ်တော် AA က အာရက္ခပညာရေးစနစ်ကို ဖော်ဆောင်ရန် ပြင်ဆင်နေကြောင်း ပလက်ဝဒေသခံများထံမှ သိရသည်။“ပလက်ဝမှာ လက်ရှိက အေအေရဲ့ အုပ်ချုပ်ရေးယန္ဒရား လည်ပတ်နေတယ်၊ ပြီးရင် ပညာရေးစနစ်ကိုလုပ်ဆောင်နေတာပေါ့နော်။ ဘယ်လိုမျိုးလုပ်မလဲဆို‌တာတော့ အတိအကျ မသိဘူး၊ လာမဲ့နှစ် ၂၀၂၅၊ တစ်လပိုင်းဆိုလို့ရှိရင် စပြီးလုပ်တော့မယ်ပေါ့နော်။ ဒီနှစ်ထဲမှာတော့ သူတို့ curriculum တွေ အကုန်လုံး ပြီးမယ်၊ ပုံနှိပ် တွေဘာတွေ အကုန်ရိုက်မယ်ဆိုတဲ့ဟာမျိုး ကိုတော့ သိရတယ်။” ဟု ပလက်ဝဒေသခံတစ်ဦးက ပြောသည်။ ထိုကဲ့သို့ အာရက္ခ ပညာရေးစနစ်ဖော်ဆောင်ရန်အတွက် ပလက်ဝမြို့နယ်အတွင်းရှိ ပညာရေးဝန်ထမ်း အငြိမ်းစားများအား လိုက်လံစည်းရုံးနေ ကြောင်းလည်း သိရသည်။ ပလက်ဝမြို့နယ်အတွင်းရှိ ဒေသခံများ သည် အာရက္ခတပ်တော်၏ ပညာရေးဖော်ဆောင်မည့် အစီစဉ် ကို လက်မခံကြသည့် အတွက် အိန္ဒိယ-မြန်မာနယ်စပ်ဘက်သို့ ထွက်ပြေးတိမ်းရှောင်သူများလည်း ရှိလာနေပြီဟု သိရသည်။

“ အဓိက ရခိုင်စာပေ၊ ရခိုင်သမိုင်းတွေသင်မယ်။ ပြီးတော့ ရခိုင်စကားကို အကုန်လုံးတတ်ရမယ်၊ ရခိုင်စကားနဲ့ပဲ အကုန်လုံး လွှမ်းမိုးရမယ် ဆိုတဲ့ပညာရေးစနစ်ပေါ့နော်။ ဒါကြောင့်လဲပဲ ပြည်သူလူထုတွေက လက်မခံလို့ မီဇိုရမ်ဘက် ထွက်ပြေးလာ ကြတာပေါ့” ဟု ခူမီးချင်းလူငယ်တစ်ဦးက ပြောသည်။ အာရက္ခတပ်တော် AA သည် ပလက်ဝမြို့ကို ယခုနှစ်ဆန်းပိုင်းတွင် အလုံး စုံသိမ်းပိုက်အုပ်ချုပ်ခဲ့ပြီးနောက်လာမည့် ၂၀၂၅ ခုနှစ်တွင် အာရက္ခပညာရေးစနစ်ကို စတင်အကောင်အထည်ဖော်ရန် ပြင်ဆင်နေ ခြင်းဖြစ်သည်ဟု သိရသည်။ Read in Full

၁၂။ လားရှိုးတွင် စစ်ကောင်စီက လေကြောင်းဗုံးကြဲတိုက်ခိုက်သဖြင့် သားအမိ ၃ ဦး သေဆုံး
 November 25, 2024
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကိုးကန့် MNDAA နဲ့ ပူးပေါင်းတပ်ဖွဲ့ သိမ်းပိုက် ထိန်းချုပ်ထားတဲ့ လားရှိုးမြို့နယ် နမ့်ပေါင်ရွာနဲ့ သံလွင်ရွာကို နိုဝင်ဘာ ၂၄ ရက်ည ၇ နာရီခွဲကျော်မှာ စစ်ကောင်စီတပ်က လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်လို့ သားအမိ ၃ ယောက် သေဆုံးကြောင်း ဒေသခံတွေ ရဲ့ ပြောပြချက် နဲ့ MNDAA ဘက်က ထုတ်ပြန်ချက်အရ သိရပါတယ်။ ဒေသခံ လူငယ်တယောက်က “ဘုရားကျောင်းတော့ မထိပါဘူး။ စာသင်ကျောင်းပါဗျ။ နမ့်ပေါင်မှာက ဖုန်းလိုင်း မရဘူး။ ထိတာ သားအမိ ၃ ယောက်။ အသက် က ငယ်သေးတယ်။ ကလေး တယောက်က ၆ နှစ် ပဲရှိသေးတယ်” လို့ ပြောပါတယ်။ စစ်ကောင်စီတပ်ဖွဲ့က နမ့်ပေါင်ရွာနဲ့ သံလွင် ရွာမှာတိုက်ပွဲဖြစ်ပွားတာမရှိဘဲနဲ့ နိုဝင်ဘာ ၂၄ ရက်နေ့ည ၇ နာရီခွဲဝန်းကျင်လောက်မှာ လေကြောင်းတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ ဒေသခံ အမျိုးသမီးတယောက်က”သံလွင်မှာ နှစ်လုံး၊ နမ့်ပေါင်မှာ တလုံးတဲ့။ နမ့်ပေါင်က ၂၉၁ စစ်ကောင်စီ တပ်စခန်းဟောင်း နားလို့ ပြောတယ်။ စာသင်ကျောင်းလား မသိဘူး။ တလုံးတည်းနဲ့ အဲ လောက်တောင် ကြေမွသွားတယ်။ သံလွင်မှာ ၃ ယောက်ထိတယ်။ နမ့်ပေါင်မှာတော့ လူထိတယ်လို့ မကြားဘူး” လို့ ပြောပါတယ်။

ဒဏ်ရာရရှိသူတွေက မိသားစုဖြစ်ပြီး ၆ နှစ်အရွယ် ကလေးငယ်တယောက်၊ အသက် ၄၀ အရွယ် ဖခင်နဲ့ အသက် ၃၈ နှစ် အရွယ် မိခင်တို့ဖြစ်တယ်လို့ လားရှိုး ပြန်လည်ထူထောင်ရေးရဲ့ လူမှုကွန်ရက်မှာ ဖော်ပြထားပါတယ်။ ဖခင်ဖြစ်သူရဲ့ ဦးခေါင်း ဒဏ်ရာကပြင်းထန်တာကြောင့် အရေးပေါ်ဆေးကုသမှုခံယူနေရကာ မိခင်ဖြစ်သူက ခြေထောက်နဲ့ခေါင်းမှာ မစိုးရိမ်ရ ဒဏ်ရာရရှိ ခဲ့ပြီး ပေါက်ကွဲသံကြောင့် နားတဖက်ကောင်းစွာ မကြားရတော့ကြောင်း သိရကာ အသက် ၆ နှစ်အရွယ် ကလေးငယ်က မျက်နှာနဲ့ ညာဘက်ဝမ်းဗိုက်၊ ပေါင်ထိပ်နား‌တို့မှာ ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။ လားရှိုးမြို့နယ်မှာ နိုဝင်ဘာ ၂၄ ရက်နေ့ည ၇ နာရီ ၄၃ မိနစ် အချိန်က လေကြောင်းတိုက်ခိုက်ခဲ့တဲ့ Yak-130 Fighter Jet တစီး မြောက်အရပ်ကနေ နေပြည်တော် အေလာလေတပ်သို့ ည ၈ နာရီ ၂၅ မိနစ်က ဆင်းသက်ခဲ့ပြီးနောက် ည ၇ နာရီ ၄၉ မိနစ် အချိန်က လေကြောင်းတိုက်ခိုက်ခဲ့တဲ့ ဒုတိယ Yak-130 Fighter Jet တစီး မြောက်အရပ်ကနေ နေပြည်တော် အေလာလေတပ်ကို ည ၈ နာရီ ၃၁ မိနစ်က ထပ်မံ ဆင်းသက်ခဲ့ကြောင်း National Air Scout မှာ ဖော်ပြထားပါတယ်။  Read in Full

၁၃။ တိုက်ပွဲငြိမ်နေတဲ့ ဝိုင်းမော်မြို့နယ် ရွာ ၂  ရွာကို စစ်ကောင်စီတပ် ဗုံးကြဲ
 November 25, 2024
ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်ထဲမှာတိုက်ပွဲဖြစ်ပွားခြင်းမရှိပေမယ့် မုတ်ကျိတ်၊နန့်ဝါကျေးရွာအနီးတဝိုက်စစ်ကောင်စီ တပ် ဗုံးကြဲတိုက်ခိုက်သွားတယ်လို့ ဝိုင်းမော်ဒေသခံတွေပြောပါတယ်။ နိုဝင်ဘာလ ၂၄ ရက်နေ့ ညနေပိုင်း ၄ နာရီဝန်း ကျင် Y – 12 လေယာဉ်အမျိုးအစားနဲ့ မုတ်ကျိတ်၊ နန့်ဝါကျေးရွာအနီး လေယာဉ်ဗုံး ၇ ကြိမ်ကြဲသွားတာကြောင့် အရပ်သားပြည်သူတစ်ဦးထိ ခိုက်ပြီး နေအိမ် ၃ လုံးပျက်စီးသွားတယ်လို့ ဝိုင်းမော်ဒေသခံ တစ်ဦး ပြောပါတယ်။“မနေ့ညနေ နန့်ဝါကျေးရွာမှာ လေယာဉ်ဗုံး လာကြဲတာ ၇ ကြိမ်လောက်ရှိတယ်။ နေအိမ် ၃ လုံးပျက်စီးသွားတယ်။ ပြည်သူတစ်ဦးက ဗုံးစထိလို့ ထိခိုက်ဒဏ်ရာရသွားတယ်။ အရမ်းကြီး စိုးရိမ်စရာတော့မရှိဘူး။ ပြီးရင် ဝိုင်းမော် ခလရ ၅၈ တပ်ရင်းကနေ လက်နက်ကြီးတွေ ပစ်ကူတယ်။ ဘယ်လို သတင်း တွေရထားတာလဲတော့မသိဘူး”လို့ပြောပါတယ်။ စစ်တပ်က ဗုံးကြဲတိုက်ခိုက်သွားတဲ့ မုတ်ကျိတ်၊နမ့်ဝါကျေးရွာတွေဟာ ရွာချင်း ဆက်ရှိတဲ့ရွာတွေဖြစ်ပြီး ပြည်သူ့စစ်နဲ့စစ်တပ်ဂိတ်အထိုင်ချထားတဲ့ ဝူယန်ကျေးရွာအထက်မှာရှိတဲ့ ရွာတွေဖြစ်ပါတယ်။ ဝိုင်းမော် မြို့နယ်ထဲမှာ တိုက်ပွဲငြိမ်သက်သွားတာ ၈ လခန့် ကြာမြင့်သွားပြီဖြစ်ပေမယ့် စစ်တပ်ဘက်နေ အရပ်သားပြည်သူတွေရှိတဲ့ ကျေးရွာတွေကို ဗုံးကြဲတိုက်ခိုက်နေတာဟာ တရုတ်နယ်စပ် ကန်ပိုင်တည်မြို့ကို လွက်လွတ်လိုက်ရတဲ့အတွက် ကျေးရွာဘက်ကို ပစ်မှတ်ထား ဗုံးကြဲတိုက်ခိုက်လာတာဖြစ်တယ်လို့ ပြည်သူတစ်ချို့ သုံးသပ်နေကြပါတယ်။ မနေ့က တစ်ရက်ထဲ ရွာ ၂ ရွာ ကို လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီးနောက် မနေ့ည ည ၁၀ နာရီဝန်းကျင်မှာတော့ ဝိုင်းမော်မြို့စောင့်တပ်ဖြစ်တဲ့ ခလရ ၅၈ တပ် ရင်းကနေလည်း အဲဒီကျေးရွာဘက်ကို လက်နက်ကြီးရမ်းသမ်းပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။

ဝိုင်းမော်မြို့နယ်ဘက်မှာ ပစ်ခတ်မှုဖြစ်နေတာနဲ့ ပတ်သက်ပြီး မြစ်ကြီးနားမြို့အထိ လက်နက်ကြီးသံတွေ ဆက်တိုက် ကြားရတယ်လို့ မြစ်ကြီးနားဒေသခံ တစ်ဦးက အခုလိုပြောပါတယ်။“မနေ့ ည ဝိုင်းမော်ဘက်မှာ လက်နက်ကြီးသံတွေ ပြန်ကြား နေရတယ်။ အသံကတော့ ဝိုင်းမော်ဘက်ခြမ်းပဲ ဒီမှာက ဖုန်းလိုင်းတွေလည်း မရတော့ ဘယ်ဘက်မှာ ဘာဖြစ်နေလဲတော့ မသိရ ဘူး”လို့ပြောပါတယ်။ လက်ရှိ စစ်ကောင်စီတပ် ဗုံးကြဲတိုက်ခိုက်နေတဲ့ ဝူယန် ၊ မုတ်ကျိတ်၊ နန့်ဝါ စတဲ့ ကျေးရွာတွေမှာ ပြီးခဲ့တဲ့ ဧပြီကတည်းက ဝိုင်းမော်မြို့နယ်ထဲမှာ တိုက်ပွဲတွေပြင်းထန်ခဲ့တာကြောင့် ဒေသခံပြည်သူအများပိုင်းက နီးစပ်ရာ စစ်ရှောင်စခန်း တွေမှာ တိမ်းရှောင်နေကြသလို ဒေသခံတစ်ချို့က  စားဝတ်နေရေးအခက်အခဲကြောင့် ကျေးရွာထဲကို ပြန်လာနေထိုင်ကြတဲ့ ဒေသခံတွေလည်းရှိပါတယ်။ Read in Full

၁၄။ ပုလော၊ ဇရပ်ဆိပ်ရွာမှာ လည်လှီးသတ်ခံထားရတဲ့အမျိုးသားအလောင်းတစ်လောင်းတွေ့
 November 25, 2024
စစ်ကောင်စီတပ် ရက်ရှည်အထိုင်ချခဲ့တဲ့ ပုလောမြို့နယ်၊ ဇရပ်ဆိပ်ရွာမှာ အသတ်ခံထားရတဲ့ အမျိုးသားအလောင်းတစ် လောင်းတွေ့ခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ အခုလ ၂၃ ရက်နေ့က လက်ပြန်ကြိုးတုပ်ပြီး လည်လှီးသတ် ဖြတ်ခံထားရ တဲ့ရုပ်အလောင်းတစ်လောင်းကို ဇရပ်ဆိပ်ရွာဘုန်းကြီးကျောင်းဝင်းအနီးမှာ မြေမြုပ်ထားတာတွေ့ခဲ့ရတယ်လို့ ဒေသခံတွေကဆို ပါတယ်။“အသက် ၃၀ ခန့်ရှိတဲ့ယောက်ျားတစ်ယောက်ပဲ။ တော်တော်လေးနှိပ်စက်ခံထားရတဲ့ပုံပြတ်ရှရာတွေလည်းတွေ့တယ်။ အလောင်းကတော်တော်ရုပ်ပျက်နေပြီ။”လို့ ရုပ်အလောင်းကိုမျက်မြင်တွေ့ခဲ့ရတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။ ရုပ်အလောင်း ကိုတွေ့တဲ့သူတွေကိုယ်တိုင်တူးဖော်ပြီး ဇရပ်ဆိပ်ရွာသင်္ချိုင်းမှာမီးသင်္ဂြိုလ်ပေးခဲ့တယ်လို့ ကူညီပေးရာမှာပါဝင်ခဲ့သူတွေ ကပြောပါ တယ်။ ဇရပ်ဆိပ်ရွာကနေစစ်ကောင်စီတပ်တွေထွက်ခွာသွားတဲ့အချိန် ရွာထဲပြန်ဝင်တဲ့ဒေသခံတွေကအဲဒီရုပ် အလောင်းကိုတွေ့ ခဲ့တာပါ။

အဲဒီစစ်ကောင်စီတပ်ဟာ ဒီကနေ့မနက်အစောပိုင်းက တပိုရွာတံတားနဲ့မနီးမဝေးမှာ  လက်ဖက်ရည်ဆိုင်ဖွင့်ထားတဲ့ အိမ် တေစ်ဆောင်ကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။“ဒီမနက် ထမင်း ကြော်စားနေတဲ့ အချိန်ကြီး မီးရှို့လိုက်တာ မီးခိုးတွေလည်းတွေ့တယ်။” လို့ ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။ လက်ရှိမှာတော့ တပိုရွာထဲ မှာရှိနေတဲ့ စစ်ကောင်စီစစ်ကြောင်းကို ဒေသတွင်း ပြည်သူ့ကာကွယ်ရေးတပ်တွေဘက်က ဒရုန်းနဲ့တိုက်ခိုက်နေတယ်လို့လည်း တော်လှန်ရေးရဲဘော်တွေဆီက သိရပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာလကတော့ ပုလောမြို့နယ်က အမျိုးသားနှစ်ဦးအပါအဝင် မြို့နယ်ရှစ်ခုက အရပ်သား ဆယ်ဦးကို စစ်ကောင်စီတပ်က သတ်ဖြတ်ခဲ့ပါတယ်။ Read in Full

၁၅။ တောင်ကြီးတွင် နိုဝင်ဘာလအတွင်း လူအယောက် ၁၀၀ ကျော် ပေါ်တာဆွဲခံရ
 November 26, 2024
ရှမ်းပြည်နယ်မြို့တော် တောင်ကြီးမှာ တန်ဆောင်တိုင် ကျင်းပခဲ့တဲ့ နိုဝင်ဘာ တလတာကာလအတွင်း ပေါ်တာဆွဲခံရသူ အယောက် ၁၀၀ ကျော် ရှိနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ညောင်ဖြူစခန်း၊ ရတနာသီရိ၊ စဝ်စံထွန်း၊ ရွှေတောင်၊ စိန်ပန်း၊ မင်္ဂလာဦး၊ ကံသာ၊ ကျောင်းကြီးစု၊ ဘုရားဖြူ စတဲ့ရပ်ကွက်တွေမှာ ညနက်တဲ့အချိန် မဟုတ်သေးဘဲ ပေါ်တာဆွဲတာတွေ ပြုလုပ်နေပြီး စုစုပေါင်း အယောက် ၁၄၀ ကျော်အထိ ပေါ်တာဆွဲခံရပါတယ်။ ဖမ်းဆီးခံရသူနဲ့ နီးစပ်သူတယောက်က “တနေရာ တည်းကနေ ၁၃ ယောက် ပေါ်တာဆွဲခံရတယ်၊ အဲဒီထဲမှာ လားရှိုးက စစ်ရှောင်တွေပါတယ်။ ပွဲမှာမဟုတ်ဘဲ တခြားနေရာတခုမှာ ဝိုင်းထိုင်ပြီး သောက်နေတဲ့အချိန် ပါသွားတာ” လို့ ပြောပါတယ်။ ပေါ်တာဆွဲခံရတဲ့အထဲမှာ မူးယစ်ဆေးဝါး သုံးစွဲသူတွေ၊ လားရှိုးနဲ့ ကရင်နီဘက်က စစ်ရှောင်လာသူတွေ၊ ဒေသခံတွေအပြင် Non CDM တွေရဲ့ သားတွေလည်း ပါဝင်တယ်လို့ သိရကာ ပေါ်တာဆွဲခံ ရပြီး စာရင်းအနေနဲ့ မသိရသူတွေလည်း ရှိနေတယ်လို့ သိရပါတယ်။

တန်ဆောင်တိုင်ကာလမှာ ပေါ်တာဆွဲခံရသူတချို့က ငွေကြေးပေးပြီး ပြန်ရွေးလို့ရပေမဲ့ ပွဲရက်နောက်ပိုင်း ဖမ်းဆီးခံရသူ တွေက ငွေကြေးပေးပြီး ပြန်ရွေးဖို့ခက်ခဲတယ်လို့ပြောပါတယ်။ ဒါ့အပြင်စစ်မှုထမ်းသူတွေကို ထောက်ပံ့ဖို့အတွက်ဆိုပြီး ရပ်ကွက် တွေထဲမှာ ငွေကြေးကောက်ခံတာတွေလည်း ရှိနေကာ အိမ်အခြေအနေအပေါ် မူတည်ပြီး ငွေကျပ် ၅၀,၀၀၀ ကနေ ၁၀၀,၀၀၀ ကျပ် အမျိုးမျိုးကွဲပြားတယ်လို့ ဆိုပါတယ်။ ဒေသခံ အမျိုးသမီးတယောက်က “ဒီမှာ လာမတောင်းဘူး။ အစည်းအဝေး ခေါ်ပြီးမှ တောင်းတာ၊ အိမ်အခြေအနေအပေါ် မူတည်ပြီးတော့ တောင်းတာ၊ ၅၀,၀၀၀ တို့ ၁၀၀,၀၀၀ တို့ ပေးရတယ်” လို့ ပြောပါတယ်။ စစ်ကောင်စီတပ်က နေရာဒေသအနှံ့အပြားက လူငယ်လူရွယ်တွေကို စစ်မှုထမ်းဖို့ ဆင့်ခေါ်တာတွေအပြင် ပေါ်ပေါ်ထင်ထင်ပေါ် တာဆွဲတာတွေကိုလည်း ပြုလုပ်လာတာဖြစ်ပါတယ်။ စစ်မှုထမ်းဥပဒေကြေညာပြီးနောက်ပိုင်း မြန်မာနိုင်ငံအနှံ့ကလူငယ်လူရွယ် အမျိုးသား ၂၀,၀၀၀ ကျော်အထိ စစ်မှုထမ်းဖို့ စေလွှတ်ခံနေရပြီး ခုလက်ရှိမှာ စစ်မှုထမ်းအပတ်စဥ် ၇ အထိ ရှိလာပြီလို့ ပေါ်တာ ဆွဲခံရတာနဲ့ ပတ်သက်ပြီး စောင့်ကြည့်လေ့လာသူတွေကတဆင့် သိရပါတယ်။ Read in Full

၁၆။ KIA က ကံပိုင်တည်နယ်စပ်ဂိတ်တွင် ကုန်အကန့်အသတ်ဖြင့် တင်ပို့ခွင့်ပြု
 November 25, 2024
ကချင် – တရုတ်နယ်စပ်ကုန်သွယ်ရေးမြို့ဖြစ်သည့် ကံပိုင်တည်ရှိ နယ်စပ်ဂိတ်ကို (KIA/KIO) က ကုန်ပစ္စည်းကန့် သတ်ချက်ဖြင့် ယနေ့နံနက်ပိုင်းတွင် ဖြတ်သန်းသွားလာခွင့်ပြုခဲ့ကြောင်း သိရသည်။ ကချင်လွတ်မြောက်ရေးအဖွဲ့ (KIA/ KIO) ထိန်းချုပ် ထားသည့် ကံပိုင်တည်နယ်စပ်ဂိတ်မှ တွင်းထွက်ပစ္စည်းများကို တင်ပို့ခွင့်ကန့်သတ်ထားပြီး တစ်သျှူးငှက်ပျောနှင့် ကောက်ပဲသီးနှံ များကို တင်ပို့ခွင့်ပြုထားသည်ဟု KIA တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။ “တွင်း ထွက်ပစ္စည်းတွေကိုတော့ ကျွန်တော်တို့ တားမြစ် ထားတယ်။ တရုတ်ဘက်ကနေတော့ ဒီဘက်ကို ဝင်ခွင့်ပိတ်ထားတယ်။ ပဲတို့၊ တစ်သျှူးငှက်ပျောတို့ ကုန်သည်တွေအများကြီး သိုလောင်ထားတာ သူတို့ရင်းနှီးထားတာလည်း နည်းတာမဟုတ်ဘူးလေ၊ အဲ့လိုကြောင့် ဖွင့်ပေးလိုက်တာဟုတ်တယ်” ဟုပြော သည်။ တရုတ်က မြေရှားသတ္တုအပါအဝင် ကုန်ပစ္စည်းမျိုးစုံတင်ပို့ရန်နှင့် နယ်စပ်ဂိတ်များအားလုံး သွားလာခွင့်ပြုရန် (KIA/KIO) ကို ဖိအားပေးသည့်အနေဖြင့် တရုတ်ဘက်မှ ကုန်တင်ယာဉ်များကို ထွက်ခွင့်ပိတ်ထားသည့်အပြင် ဆွေးနွေးညှိနှိုင်းမှုများလည်း ရှိနေကြောင်း သူကပြောသည်။

ထို့အပြင် နိုင်ငံကူးလက်မှတ် (ပတ်စပို့) ကိုင်ဆောင်ထားသည့် မြန်မာနိုင်ငံသားများကို တရုတ်နိုင်ငံမှ ထွက်ခွင့်ပြုထား သော်လည်း ဝင်ခွင့်ပိတ်ထားကြောင်း ကံပိုင်တည်မြို့ခံ အမျိုးသမီးတစ်ဦးက ပြောသည်။“မြန်မာနိုင်ငံသားအကုန်လုံးကိုတော့ တရုတ်ပြည်ဘက်ကနေ ထွက်ခွင့်ပေးတယ်။ ကံပိုင်တည်ကနေတော့ ပြန်ဝင်လို့ မရသေးဘူး။ ပတ်စပို့ရှိရင် တောင် တံဆိပ်တုံးထု ပေးတဲ့နေရာ မရှိတော့၊ သူတို့ (KIA/KIO) က လောလောဆယ် တရားဝင်မဖြစ်သေးတော့ လူတွေဝင်ထွက်ခွင့်မပြုသေးဘူးလို့ ကြားတယ်”ဟု ပြောသည်။ ကံပိုင်တည်နယ်စပ်ဂိတ်ကို တရုတ်က အောက်တိုဘာ ၁၈ ရက်နေ့မှစတင်ကာ ဖြတ်သန်းသွားလာခွင့် ပိတ်လိုက်သဖြင့် လက်ရှိ မြစ်ကြီးနားတွင် စက်သုံးဆီပြတ်လပ်နေပြီး လမ်းဘေးဆိုင်များတွင် တစ်လီတာ တစ်သောင်းခွဲမှ နှစ်သောင်းခန့်အထိ ပေးဝယ်နေရကြောင်း သိရသည်။ စစ်ကောင်စီလက်အောက်ခံ ဦးဇခုန်တိန့်ယိန်းဦးဆောင်သည့် နယ်ခြား စောင့်တပ်ဖွဲ့က ကြီးစိုးခဲ့သည့် ကံပိုင်တည်မြို့ကို KIA ပူးပေါင်းတပ်က ပြီးခဲ့သည့် နိုဝင်ဘာ ၂၀ ရက်ညက တိုက်ခိုက်သိမ်းပိုက်ခဲ့ ပြီးနောက် လေးရက်ခန့်အကြာတွင် တရုတ်နယ်စပ်ဂိတ်ရှိ ကုန်တင်ကားများကို ဖြတ်သန်းသွားလာခွင့်ပြုခဲ့ကြောင်း သိရသည်။  Read in Full

၁၇။ သံတွဲမြို့နယ်တွင် လေကြောင်းဗုံးကြဲမှုကြောင့် စစ်ဘေးရှောင်ကလေး ၁ ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ
 November 25, 2024
ရခိုင်ပြည်၊ သံတွဲမြို့နယ်၊ သစ်ငုတ်တိုကျေးရွာကို စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် အသက် ၁၈ နှစ်အောက် စစ်ဘေးရှောင်ကလေး ၁ ဦး သေဆုံးပြီး၊ ၃ ဦးဒဏ်ရာရရှိသွားကြောင်း သိရသည်။ နိုဝင်ဘာ ၂၄ ရက် နံနက် ၁၁ နာရီခွဲအချိန် လေကြောင်းဗုံးကြဲမှုကြောင့် မရိုးဘေးကျေးရွာမှ စစ်ဘေးရှောင် မောင်ခိုင်ဇော် (၁၆) နှစ် သေဆုံးပြီး၊ သစ်ငုတ်တို ကျေးရွာမှ မခိုင်ဇင်ထွေး (၁၈) နှစ်၊ ဦးသိန်းတင် (၄၉) နှစ်နှင့် ဦးတင်ရွှေ (၇၇) နှစ်တို့ ပြင်း ထန်ဒဏ်ရာရရှိကာ နေအိမ်အချို့လည်း ပျက်စီးသွားခဲ့သည်။“စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ ဗုံးတစ်လုံးလာချတယ်။ စစ်‌ဘေးရှောင်နေတဲ့ ကလေးတစ်ယောက် ပွဲချင်း ပြီး ဆုံးသွားတယ်။ သုံးယောက်တော့ ဒဏ်ရာ ပြင်းပြင်းထန်ထန်ရသွားတယ်” ဟု သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

သံတွဲမြို့နယ်တစ်ခုလုံးကို အာရက္ခတပ်တော်(AA)က အပြီးသတ်သိမ်းပိုက်ထားသော်လည်း စစ်ကောင်စီ၏ လေကြောင်း တိုက်ခိုက်မှုကြောင့် ဒေသခံများထိခိုက်သေဆုံးမှုမှာမြင့်တက်လာနေသည်။ နိုဝင်ဘာ ၁၀ ရက်ကလည်း သံတွဲမြို့ကို လေကြောင်း တိုက်ခိုက်မှုကြောင့် မြို့ခံအမျိုးသမီး ၂ ဦး သေဆုံးသွားခဲ့သည်။“ရခိုင်မှာ စစ်ကောင်စီက လေယာဉ်နဲ့ နေ့တိုင်းလာပစ်နေတော့ ဒေသခံတွေက လေကြောင်းအန္တရာယ်ကို တော်တော်လေးကို စိုးရိမ်နေရတယ်။ ပြည်သူတွေနေတဲ့ နေရာတွေကို ဦးတည်ပြီး တိုက်ခိုက်နေတာတွေက စစ်ကောင်စီရဲ့ လူမဆန်တဲ့လုပ်ရပ်ဖြစ်တယ်”ဟု ရခိုင်ဒေသခံတစ်ဦးက ပြောသည်။ တိုက်ပွဲများအတွင်း စစ်ကောင်စီ လေကြောင်းပစ်ခတ်မှုကြောင့် ဒေသခံများမှာ နေ့စဉ်နှင့်အမျှ သေဆုံးဒဏ်ရာရရှိမှု ရှိနေသည်။ 

၁၈။ မိုင်းလားဘက်ကို ဆန်နဲ့ စက်သုံးဆီမရောက်ဖို့ စစ်ကောင်စီတင်းကြပ်၊ ပမာဏများရင်သယ်ဆောင်ခွင့်ရရှိ
 November 25, 2024
ရှမ်းအရှေ့ ကျိုင်းတုံကနေ မိုင်းလားဘက်ကို ဆန်နဲ့ စက်သုံးဆီ မရောက်ဖို့စစ်ကောင်စီက ဝမ်တာပင်းဂိတ်ကနေတင်း တင်းကြပ်ကြပ် စစ်ဆေးနေပေမယ့် ပမာဏများရင် သယ်ဆောင်ခွင့် ရရှိနေတယ်လို့ ယာဉ်မောင်းတွေက ပြောပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းကပဲ NDAA မိုင်းလားဘက်ကိုသွားတဲ့ ခရီးသည်ကားတွေပေါ်မှာ ဆန်နဲ့ စက်သုံးဆီ တင်ဆောင်ခွင့်မပြုတော့ သလို ရှမ်းမြောက်ကိုတက်တဲ့ လမ်းမှန်သမျှ ဆန်နဲ့ စက်သုံးဆီသယ်ဆောင်ခွင့် ပိတ်ထားတာ ဖြစ်ပါတယ်။“ဆန်က အိတ်အသေး တစ်အိတ်လောက်ဆိုအဆင်ပြေအောင် ပြောနိုင်ရင် ရပေမယ့် စက်သုံးဆီ ကတော့ လုံးဝမရဘူး၊ ကားထဲအပြည့်ထည့် သယ်မှ ရတယ်”လို့ ယာဉ်မောင်းတစ်ဦးက ပြောပါတယ်။ တရုတ်နယ်စပ်ဂိတ်တွေကို ပိတ်တဲ့အထဲမှာ မိုင်းလား-တာလော့ဂိတ် ပါဝင်ပြီး တရုတ်ဘက်က ကုန်သယ်ခွင့်မရပဲ မြန်မာဘက်ကသစ်သီးဝလံတွေ အနည်းငယ် တင်ပို့လို့ရတယ်လို့ မိုင်းလား ဝမ်တုံရပ်နေသူ တစ်ဦးက ပြောပါတယ်။ ‘စက်သုံးဆီ မြန်မာဘက်က ပိတ်တယ်ဆိုပေမယ့် ဒီမှာ ဆီတစ်လီတာ ခြောက်ထောင်ဆိုတော့စျေး မတက်တဲ့သဘောပဲ၊ နည်းနည်းသာ မရတာ ကားအစီးလိုက်ဆို ရနေတဲ့သဘောပေါ့’လို့ပြောပါတယ်။

မိုင်းလားမှာ ပေါ်ဆန်းဆန် လေးပြည်ပါ တစ်အိတ်ကို တရုတ်ငွေယွမ် ၁၁၀ ရှိနေပြီး ကျိုင်းတုံပေါက်စျေးအရ ဆန်တစ် အိတ်ကို ကျပ် ခြောက်သောင်းခန့်ကွာဟပေမယ့် ဆန်စျေးအတက်အကျမရှိ တည်ငြိမ်နေတယ်လို့ ဆိုပါတယ်။ တရုတ်ဘက်က ပိတ်ပေမယ့်ကုန်ပစ္စည်းတွေ ကျိုင်းတုံကပြန်ဝင်နေတာရှိနေတယ်လို့လည်း ပြောပါတယ်။ ‘အရင်က ဝမ်တာပင်းဂိတ် ပိတ်လည်း ကုန်သည်တွေကတော့ ကိုယ့်နည်းကိုယ့်ဟန်နဲ့သွားနေကြတာပါ၊ တရုတ်ဘက်တကယ်ပိတ်ရင်သာမလွယ်တာ’လို့ ကျိုင်းတုံ ကုန် သည်တစ်ဦးကပြောပါတယ်။ ကျိုင်းတုံကနေ ၂၄ မိုင်ဝေးတဲ့ ဝမ်တာပင်း စစ်ဆေးရေးဂိတ်ဟာ အထူးဒေသ(၄) မိုင်းလား ထိန်းချုပ် နယ်မြေနဲ့ စစ်ကောင်စီတို့ထိန်းချုပ်ထားတဲ့ နယ်မြေအစပ် အဝင်အထွက်ဂိတ်ဖြစ်ပြီး အဲ့ဒီဂိတ်ကနေ မိုင်းမကို ၂၃ မိုင်၊ မိုင်းလားကို ၉ မိုင် ဝေးပါတယ်။ အလားတူ မန်ဝိန်းဂိတ်ကို ဖွင့်ပေးထားပေမယ့် တရုတ်ဖက်က ကုန်တွေသယ်ခွင့်မရသလို စစ်ကောင်စီ က လည်း ပိတ်ထားလို့ မြန်မာဘက်က ကုန်တွေ ပို့ခွင့်မရဘူးလို့ သိရှိရပါတယ်။ Read in Full

၁၉။ မသန်စွမ်းသူများ အရေးလုပ်ဆောင်နေသူတွေကို ၃ ရက်တာ စွမ်းရည်မြှင့်သင်တန်းပို့ချ
 November 25, 2024
ကရင်နီပြည် ၊ ဒီးမော့ဆိုအနောက်ခြမ်း တစ်နေရာမှာ မသန်စွမ်းသူများအရေး လုပ်ဆောင်နေတဲ့ ဓူဝံကြယ်နဲ့ မိုးဦးမေတ္တာ အဖွဲ့ ကို မသန်စွမ်းသူများအရေး ဆောင်ရွက်နေပေးနေတဲ့အဖွဲ့က နိုဝင်ဘာလ ၂၂ ရက်မှ ၂၄ ရက်နေ့အထိ ခေါင်းဆောင်ပိုင်းဆိုင် ရာ စွမ်းရည်မြှင့်တင်ရေး သင်တန်း ပို့ချပေးခဲ့တယ်လို့သိရပါတယ်။ “သင်တန်းကတော့ ခုန တုန်းကဖွဲ့ထားတဲ့ မသန်စွမ်းအဖွဲ့ နှစ်ဖွဲ့ကို စွမ်းရည်မြင့်တင် ပေးတဲ့သင်တန်းပါ။ သင်တန်းက (၃) ရက်‌ပေးပါတယ်။” လို့ မသန်စွမ်းအရေးလုပ်ဆောင် နေသူ အမျိုးသမီးတစ်ဦးက ပြောပါတယ်။ ကရင်နီဒေသမှာရှိတဲ့ မသန်စွမ်းသူများအရေးလုပ်ဆောင်ပေးတဲ့ အဖွဲ့ကို ၂၀၂၄ ခုနှစ်ရဲ့ နှစ် အစပိုင်းမှာ စတင်ဖွဲ့စည်းခဲ့တာဖြစ်ပြီး ကရင်နီပြည် တစ်ခုလုံးကိုတော့ မလွှမ်းခြုံနိုင်သေးဘူးလို့ သူကဆိုပါတယ်။ “ဒီဒေသမှာရှိ တဲ့ မသန်စွမ်းသူတွေရဲ့ အခွင့်အရေးတွေ မပြည့်အဝရဖို့၊ ပြည်သူလူထုနဲ့အတူတူ ပါဝင်လာနိုင်ဖို့ဆိုတာ သူတို့ရဲ့ပန်းတိုင်ဖြစ်တယ်။”လို့ သူကဆက်ပြောပါတယ်။

အသစ်ဖွဲ့စည်းထားတဲ့  မသန်စွမ်းအဖွဲ့တွေကို သူတို့ရဲ့ ရပ်ရွာနဲ့ဒေသတွေမှာ ရှိတဲ့ မသန်စွမ်းအရေးကိစ္စကို သူတို့ကိုယ် တိုင် ဦးဆောင်နိုင်ဖို့ ခေါင်းဆောင်မှုစွမ်းရည်မြင့်တင့်ပေးတာအပြင် ဝင်ငွေတိုးလုပ်ငန်းတွေ လုပ်နိုင်ဖို့အတွက် ရန်ပုံငွေပံ့ပို့ပေးတာ တွေကို လုပ်ဆောင်ပေးဖို့ ပြင်ဆင်ထားတယ်လို့ သိရပါတယ်။ “ဒီဘက်မှာတာဝန်ရှိသူတွေအနေနဲ့ တစ်ခုခုလုပ် တော့မယ်ဆိုရင် ဒီဒေသမှာရှိတဲ့ မသန်စွမ်းသူတွေရဲ့ အသံကိုလည်းနားထောင်ပေးဖို့ လိုတယ်ပေါ့နော်။ဘယ်လိုလုပ်ရင်ကောင်းမလဲဆိုတဲ့ သူတို့ရဲ့ အကြံပြုချက်ကို ယူခိုင်းစေချင်တယ်။” လို့ သူကပြောပါတယ်။ မသန်စွမ်းသူတွေရဲ့အခွင့်အရေးကို မြှင့်တင်နိုင်ဖို့ ကုလသမဂ္ဂက နှစ်စဥ် ဒီဇင်ဘာလ ၃ ရက်နေ့ကို ” အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများ နေ့” အဖြစ် ၁၉၉၂ ခုနှစ်မှာ သတ်မှတ်ပြဌာန်းခဲ့တာဖြစ်ပါတယ်။ Read in Full

၂၀။ ပြန့်ကျဲနေတဲ့ မဟာမိတ်တော်လှန်ရေးအင်အားစုတွေ PDF နဲ့ချိတ်ဆက်ပူးပေါင်းဖို့ NUG ဖိတ်ခေါ်
 November 25, 2025
နွေဦးတော်လှန်ရေးအတွင်း ပြန့်ကျဲနေတဲ့ မဟာမိတ်တော်လှန်ရေး အင်အားစုအသီးသီးကို PDF တပ်ရင်းတွေနဲ့ ချိတ် ဆက်ပူးပေါင်းပြီး ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်သစ် တည်ဆောက်ရေးအတွက် အတူကြိုးစားကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရ -NUG က ဖိတ်ခေါ်ပန်ကြားလိုက်ပါတယ်။“နွေဦးတော်လှန်ရေးအတွင်း ပြန့်ကျဲလျက်ရှိသော မဟာမိတ်တော်လှန်ရေး အင်အားစုအသီးသီးကိုလည်း အမျိုးသားညီညွတ်ရေးအစိုးရ၏ ပြည်သူ့ကာကွယ်ရေးတပ် မတော် (PDF)တပ်ရင်းများနှင့်အတူ ချိတ်ဆက်ပူးပေါင်းပြီး စစ်အာဏာရှင်ကို စုစည်းညီညွတ်အင်အားကြီးမားစွာဖြင့် စနစ်တကျတွန်းလှန်ရေးနှင့် ဖက်ဒရယ်ဒီမိုကရေ စီနိုင်ငံတော်သစ်တည်ဆောက်ရေးအတွက် အတူကြိုးစားကြရေး အမျိုးသားညီညွတ်ရေး အစိုးရအနေဖြင့် ဖိတ်ခေါ် ပန်ကြားရင်း (၁၀၄) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ ဂုဏ်ပြုသဝဏ်လွှာအားပေးပို့ အပ်ပါသည်” လို့ အမျိုးသားအောင်ပွဲနေ့ ဂုဏ်ပြုသဝဏ် လွှာမှာ ဖော်ပြပါတယ်။

NUG အနေနဲ့ စစ်အာဏာရှင်အောက်ကလွတ်မြောက်ပြီး ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကြီး ပေါ်ပေါက်တဲ့အထိ မဟာမိတ် တိုင်းရင်းသား တော်လှန်ရေးအင်အားစုတွေနဲ့ အတူတကွကျောချင်းကပ် ဆောင်ရွက်မယ်လို့လည်း ကတိပြုထားပါ တယ်။ ဒါ့အပြင် (၁၀၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ကို အကြောင်းပြုပြီး မြန်မာတနိုင်ငံလုံးရှိ ရဟန်းရှင်၊လူ၊ ကျောင်းသား၊ ပြည်သူတရပ်လုံးအပါအဝင် တိုင်းရင်းသားတော်လှန်ရေး တပ်ဖွဲ့တွေအားလုံး စည်းလုံးညီညွတ်စွာနဲ့ စစ်အာဏာရှင်စနစ်ကို အပြီး တိုင်ဖြိုဖျက်ပြီး သမိုင်းမော်ကွန်းအသစ်စိုက်ထူရေးထိုး တွန်းလှန်ကြဖို့ကိုလည်း NUG က တိုက်တွန်းထားပါတယ်။ 

၂၁။ ပုလောက တပိုရွာတွင် သုံးရက်ဆက် တိုက်ပွဲဖြစ်နေပြီး နေအိမ်တစ်လုံးမီးရှို့ခံရ
 November 26, 2024
ပုလောမြို့နယ်၊ တပိုကျေးရွာတွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတို့ သုံးရက်ဆက်တိုက် တိုက်ပွဲဖြစ်ပွားနေ ပြီးအရပ်သားနေအိမ်တစ်လုံး မီးရှို့ခံထားရကြောင်း ဒေသခံများထံမှသိရသည်။ တပိုကျေးရွာတွင် နိုဝင်ဘာလ ၂၃ ရက်နေ့မှစကာ စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့ တိုက်ပွဲဖြစ်ပွားနေခြင်းဖြစ်သည်။ နိုဝင်ဘာလ ၂၃ ရက်နေ့တွင် စစ်ကောင်စီ တပ်က တပိုရွာအတွင်းဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ပြီးနောက် နှစ်ဖက်ထိတွေ့တိုက်ပွဲ စတင်ဖြစ်ပွားခဲ့ကြောင်း ဒေသခံတစ်ဦးက ဆိုသည်။ ထိုနောက် နိုဝင်ဘာလ ၂၄ ရက်‌ နေ့လယ်ပိုင်းတွင် ကင်ပုန်းဝပ်ရန်လာသည့် စစ်ကောင်စီတပ်သားများကို စက်တော်ရာ ရွာအဝင်တွင် ပြည်သူ့ကာကွယ်ရေးအဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း ၎င်းက ပြောသည်။ စက်တော်ရာရွာမှာ တပိုရွာနှင့် မနီး မဝေးတွင်တည်ရှိပြီး မြိတ်-ထားဝယ်သွား ပြည်ထောင်စုလမ်းပေါ်တွင် တည်ရှိသည်။

ယင်းနောက် စစ်ကောင်စီတပ်က တပိုကျေးရွာအတွင်းသို့ ဒရုန်းဖြင့်ဗုံးနှစ်ကြိမ်ချ တိုက်ခိုက်ခဲ့ပြီး နှစ်ဖက်တိုက်ပွဲဆက် ဖြစ်ခဲ့ကြောင်း ဒေသခံနောက်တစ်ဦးက ဆိုသည်။ “ပကဖ က မိုင်းဆွဲလိုက်တယ်လို့ကြားတယ်။အထိအခိုက်တော့ မသိရသေးဘူး။ တိုက်ပွဲကတော့ နားလိုက် တိုက်လိုက် ဖြစ်‌နေတာပါ” ဟု ၎င်းကပြောသည်။ တိုက်ပွဲဖြစ်ပွားမှုအသေးစိတ်အခြေအနေနှင့် နှစ်ဖက် ထိခိုက်မှုအခြေအနေကိုမူ မသိရသေးပေ။ နိုဝင်ဘာလ ၂၅ ရက်နေ့ နံနက်တွင် တပိုရွာတံတားထိပ်ရှိ ဦးဆန်းပုနေအိမ်အား စစ်ကောင်စီတပ်က မီးရှို့ခဲ့ပြီးနောက် ယင်းတံတားအနီးတွင်တိုက်ပွဲဖြစ်ပွားနေကြောင်း ဒေသခံတစ်ဦးက ဆိုသည်။ “အရှို့ခံရတဲ့ အိမ်က လူမနေတာကြာပြီ။ ဟိုးအရင်တိုက်ပွဲတွေစဖြစ်ကတည်းက ရွာထဲဘက်ပြောင်းနေ‌တာကြပြီ။ အိမ်ထဲမှာ ဘာပစ္စည်းမှ မရှိတော့ဘူး”ဟု ၎င်းက ပြောသည်။ Read in Full

၂၂။ ထာဝရငြိမ်းချမ်းရေးတည်ဆောက်ရမည့်အချိန်ဟု စစ်ခေါင်းဆောင်က EAOs များကို ကမ်းလှမ်း
 November 25, 2024
မြန်မာပြည်တဝှမ်းလုံးတွင် စစ်ရေးရှုံးနိမ့်လာသည့် စစ်ခေါင်းဆောင်က တိုင်းရင်းသားလက်နက်ကိုင်များကို ထာဝရငြိမ်း ချမ်းရေး တည်ဆောက်ရမည့်အချိန်ဖြစ်သည်ဟု နိုဝင်ဘာလ (၂၅) ရက်နေ့တွင် ပြုလုပ်သည့် အမျိုးသားနေ့အောင်ပွဲတွင် ပြော သည်။ စစ်ကောင်စီအာဏာသိမ်းပြီး(၃)နှစ်ကျော်ကြာတွင် တော်လှန်ရေးတပ်များသည် မြို့ ပေါင်း (၈၀)ကျော်ကို သိမ်းယူထားနိုင် နေပြီး မြို့သိမ်းတိုက်ပွဲများ ဆက်လက်လုပ်ဆောင်နေချိန် စစ်ခေါင်းဆောင်က ယခုကဲ့ သို့ပြောဆိုလာခြင်းဖြစ်သည်။ စစ်ခေါင်း ဆောင်၏ သဝဏ်လွှာတွင် “ယခုအချိန်သည် တိုင်းရင်းသား ညီအစ်ကိုမောင်နှ မအချင်းချင်း ယုံမှားသံသယကင်းရှင်းပြီး မလိုလားအပ်သည့် အယူဝါဒများပယ်ဖျောက်ကာ တစ်ဦးနှင့်တစ်ဦး အပြန် အလှန်ယုံကြည်လေးစား ချစ်ခင်မှုများဖြင့်ပါဝင်လက်တွဲ၍ ထာဝရငြိမ်းချမ်းရေးတည်ဆောက်ရမည့်အချိန်ဖြစ်သည်။” ဟုပါရှိသည်။

အပြောနှင့် အလုပ်မညီသည့် စစ်ခေါင်းဆောင်သည် သဝဏ်လွှာတွင် ငြိမ်းချမ်းရေးတည်ဆောက်ရန်၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုစနစ်ကို တည်ဆောက်ရန် ပြောဆိုထားသော်လည်း လက်တွေ့တွင် မြို့ရွာများကို လေကြောင်းမှ ဗုံးကြဲခြင်း၊ လက်နက်ကြီးနှင့် ပစ်ခတ်ခြင်း၊ အရပ်သားများကို ဖမ်းဆီးသတ်ဖြတ်ခြင်းနှင့် နေအိမ်များကို မီးရှို့ခြင်း များဆက်တိုက် ပြုလုပ်နေခြင်းဖြစ်သည်။“တိုင်းရင်းသားအချင်းချင်း အပြန်အလှန်လေးစားခြင်း၊ နားလည်စာနာခြင်းတို့ဖြင့် တစ်ဦးနှင့်တစ်ဦးအကြား ပူးပေါင်းဆောင်ရွက်မှုများဖြစ်ပေါ်စေပြီး နားလည်မှုလွဲမှားခြင်းနှင့် ပဋိပက္ခများ လျှော့ချကာ တွေ့ဆုံ ဆွေးနွေးခြင်းဖြင့် ဖြေရှင်းနိုင်သည်။”ဟုလည်း စစ်ခေါင်း က ကမ်းလှမ်းလာသည်။ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းဖြင့် မဖြေ ရှင်းဘဲ လက်နက်ကိုင်၍ ဖြေရှင်းနေမည်ဆိုက လွတ်လပ်သော် လည်း မငြိမ်းချမ်းသည့်အခြေအနေကို ပေါ်ပေါက်စေမည်ဖြစ်သည် ဟု စစ်ခေါင်းဆောင်က ခြိမ်းခြောက်ပြောဆိုသည်။ စစ်ခေါင်းဆောင်၏ ကမ်းလှမ်းချက်တွင် တိုင်းရင်းသားလက်နက်ကိုင်များသာပါဝင်ပြီး NUG နှင့် ပြည်သူ့ကာကွယ်ရေးတပ်များကို ကမ်းလှမ်းချက် ပါဝင်ခြင်းမရှိသည်ကို တွေ့ရသည်။ 

၂၃။  မောင်တောတွင် ဟိန္ဒူစစ်ဘေးရှောင် တစ်ထောင်ခန့် အခက်အခဲဖြစ်နေ
 November 25, 2024
 ရခိုင်ပြည်၊ မောင်တောမြို့နယ်မြောက်ပိုင်းရှိ လောင်းဒုံမျှာစင်စစ်ဘေးရှောင်စခန်းတွင်ခိုလှုံနေကြသည့် ဟိန္ဒူဘာသာဝင် တစ်ထောင်ခန့်မှာ စားဝတ်နေရေးအကျပ်အတည်းနှင့်ရင်ဆိုင်နေရပြီး အကူအညီများလိုအပ်နေကြောင်းသိရသည်။ နိုင်ငံတကာ နှင့် ဒေသတွင်းအဖွဲ့အစည်းများ၏ ကူညီထောက်ပံ့မှု မရရှိသဖြင့် စားဝတ်နေရေးအခြေအနေ ဆိုးရွားလာနေပြီး ငတ်ပြတ်သူများ ရှိနေသည်ဟု စခန်းတာဝန်ရှိသူများထံမှသိရသည်။“ကြံရာကျပန်းလုပ်စားကြတယ်။ တောတောင်တက်တယ်။ ဈေးသွားပြီး ကူလီထမ်းတယ်။ စားရသူတွေရှိသလို၊ မတတ်နိုင်သူတွေ ငတ်ကြတယ်။ ရောဂါဖြစ်ရင်လည်း ဆရာဝန်မရှိဘူး။ ဆေးခန်းလိုတယ်။ ရေလိုတယ်။ စားဝတ်နေရေး သောက်စရာတွေ၊ အဝတ်အစားတွေလိုတယ်” ဟု စစ်ဘေးရှောင်စခန်း ကော်မတီဝင် ဦးမောင်လှထိန်က ပြောသည်။ အဆိုပါ ဟိန္ဒူစစ်ဘေးရှောင်များမှာ မောင်တောမြို့ ရပ်ကွက် ၁၊ ၃၊ ၄ နှင့် ရွှေဇား၊ အောင်ဗလ ကျေးရွာတို့မှ ဖြစ်ပြီး ပြီးခဲ့သည့် ဩဂုတ်လအတွင်း မြို့ပေါ်တိုက်ပွဲပြင်းထန်နေချိန် AA က ကယ်ထုတ်ထားခြင်းဖြစ်သည်။

ကုန်ဈေးနှုန်း အဆမတန် မြင့်တက်နေပြီး အလုပ်အကိုင်ရှားပါးခြင်း၊ ကူညီထောက်ပံ့မှုများ မရရှိသဖြင့် ဟိန္ဒူစစ်ဘေး ရှောင်များမှာ အခက်အခဲများစွာကို ရင်ဆိုင်နေကြရသည်။ ဆောင်းရာသီဖြစ်၍ အဝတ်အစားနှင့် အနွေးအထည်များလည်း အရေး ပေါ်လိုအပ်ပြီး စောင်မရှိသဖြင့် ဆာရီခြုံကာ အိပ်စက်နေရသည်ဟု စစ်ဘေးရှောင် ဘာချူးနာက ပြော သည်။“ရေအခက်အခဲ၊ အိပ်စရာအခက်အခဲရှိတယ်။ ပလက်စတစ်ပေါ်မှာ အိပ်ရာတယ်။ ဆာရီခြုံပြီးအိပ်ရတယ်။ ဒုက္ခတွေအများကြီးပဲ။ ကျန်တဲ့လူတွေ အားလုံးလည်း ဒုက္ခတွေနဲ့ ကူညီပေးဖို့လူမရှိဘူး” ဟု က ပြောသည်။ ကုလသမဂ္ဂဖွံ့ဖြိုးရေးအစီအစဉ် (UNDP) ၏ နိုဝင်ဘာ ၇ ရက်တွင်ထုတ် အစီရင်ခံစာတွင် ရခိုင်ပြည်အတွင်း လာမည့် ၂၀၂၅ ခုနှစ်မှာ အငတ်ဘေးကျရောက်နိုင်ပြီး လက်ရှိမှာပင် လူဦးရေ ၂ သိန်းလောက်မှာ အငတ်ဘေးဆိုက်မည့် အန္တရာယ်နှင့် ရင်ဆိုင်နေရသည်ဟု ဖော်ပြထားသည်။ Read in Full

၂၄။ ထားဝယ်ခရိုင်ရှိ PDF နှင့်ပကဖ တပ်ဖွဲ့ ၆ ခုပူးပေါင်းပြီး ခရိုင်တပ်ပေါင်းစုဖွဲ့စည်းကြောင်း ကြေညာ
 November 25, 2024
တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်အတွင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်(PDF)နှင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တပ်ဖွဲ့ များစုပေါင်းပြီး ထားဝယ်ခရိုင်တပ်ပေါင်းစု ဖွဲ့စည်းလိုက်ကြောင်း သက်ဆိုင်ရာတပ်ရင်းမှူးနှင့် တာဝန်ခံများလက်မှတ်ရေးထိုးပြီး (နိုဝင်ဘာ ၂၄ ရက်) တွင် ကြေညာသည်။ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီး ဌာန(MOD)၏ ညွှန်ကြားမှုအောက်ရှိ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ထားဝယ်ခရိုင်အမှတ်(၁)တပ်ရင်း၊ အမှတ် (၂)တပ်ရင်းနှင့် ထားဝယ်မြို့နယ်၊ သရက်ချောင်း မြို့နယ်၊ လောင်းလုံးမြို့နယ်နှင့် ရေဖြူမြို့နယ်များရှိ မြို့နယ်အလိုက် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)များပူးပေါင်း၍ ထားဝယ် ခရိုင်တပ်ပေါင်းစုကို အောက်တိုဘာ ၂၈ ရက်တွင် စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်ဟု အသိပေးသည်။ ထားဝယ်ခရိုင်အတွင်း၌ MOD ​၏ လက်အောက်ခံ PDF တပ်ရင်း (၂)ရင်းနှင့် မြို့နယ် ပကဖတပ်ဖွဲ့ လေးဖွဲ့ရှိရာ အဆိုပါ တပ်ဖွဲ့များအားလုံး စုပေါင်းလိုက်ခြင်း ဖြစ် သည်။ ” အရင်ကဆို PDF၊ ပကဖ ပူးပေါင်းပြီး စစ်ဆင်ရေးတွေလုပ်တာရှိပေမဲ့ သိပ်ပြီးတော့ထိရောက်မှုမရှိဘူးပေါ့။ အထူးသဖြင့် တိုက်ပွဲအတွင်း အမိန့်ပေးကွပ်ကဲတဲ့ အပိုင်းမှာ ပြဿနာရှိတာတွေ့ရတယ်။ အခု ပူးပေါင်းပြီး တပ်ပေါင်းစုဖွဲ့လိုက်တဲ့ခါကျတော့ စုဖွဲ့မှုအရ၊ စစ်ရေးအရ ပိုပြီး အားကောင်းလာမယ့်အပြင် တိုက်ပွဲအတွင်း အမိန့်ပေးကွပ်ကဲမှုကလဲ ပိုပြီးတော့ အားကောင်းလာ မယ်လို့ ယူဆပါတယ်”ဟု ထားဝယ်ခရိုင် အတွင်း စစ်ရေးလေ့လာနေသူတစ်ဦးက ပြောသည်။

ထိုကဲ့သို့ MOD လက်အောက်ရှိ ခရိုင်တစ်ခုအတွင်း တပ်ဖွဲ့များစုပေါင်းမှု အသိပေးကြေညာမှုမှာ ထားဝယ်ခရိုင်က ပထမ ဆုံးဖြစ်ကြောင်း ၎င်းကပြောသည်။ ထားဝယ်ခရိုင်တပ်ပေါင်းစုကို ထားဝယ်ခရိုင်အတွင်းရှိ လက်နက်ကိုင်တော်လှန်ရေး အင်အား စုများအားလုံးနှင့် ချိတ်ဆက်ဆောင်ရွက်နိုင်ရန်၊ အမိန့်တစ်ခုတည်းအောက် ပူးပေါင်းတိုက်ပွဲဝင်နိုင်ရန်အတွက် ဖွဲ့စည်းခြင်းဖြစ် ကြောင်း ဖော်ပြသည်။ ထို့ပြင် ဘုံရန်သူကို စုပေါင်းအားဖြင့် တွန်းလှန် တိုက်ခိုက်နိုင်ရန်နှင့် တူညီသောဘုံရည်မှန်းချက် အတိုင်း အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက်ဖွဲ့စည်းတည်ထောင်ခြင်းဖြစ်ကြောင်းထုတ်ပြန်သည်။ ထားဝယ်ခရိုင်တပ်ပေါင်း စုကို ထားဝယ်ခရိုင်အတွင်းရှိ တိုင်းရင်းသားလက်နက်ကိုင်အင်အားစုများ၊ ဒေသအခြေပြု လက်နက်ကိုင်အင်အားစုများ (Local PDF)၊ ထောက်ပို့အင်အားစုများ၊နိုင်ငံရေးအင်အားစုများ၊ သက်ဆိုင်ရာ ကဏ္ဍအလိုက် အင်အားစုများ၊ သတင်း မီဒီယာကွန်ယက် များအားလုံးနှင့် ပူးပေါင်းဆောင်ရွက်နိုင်ရန် ဆောင်ရွက်မည်ဟု ဆိုသည်။ Read in Full

၂၅။ ကန်ပိုင်တည်မြို့ ယခင်ထက်ကောင်းမွန်တဲ့ အုပ်ချုပ်ရေးစနစ်ဖော်ဆောင်မယ်လို့ KIO တာဝန်ရှိသူတွေပြော
 November 25, 2024
ကချင်လွတ်လပ်ရေးတပ်မတော် KIA သိမ်းပိုက်ထားပြီဖြစ်တဲ့ တရုတ်နယ်စပ် ကန်ပိုင်တည်မြို့တစ်ခုလုံးကို KIO အစိုးရရဲ့ အုပ်ချုပ်ရေးယန္တရားတွေ စတင်လည်ပတ်တော့မယ့် ကိစ္စနဲ့ ပတ်သက်ပြီး  KIO အရာရှိ တာဝန်ရှိသူတွေက ဒေသခံပြည်သူ တွေ နဲ့ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့တယ်လို့ ဒေသခံတွေကပြောပါတယ်။ မြို့အင်္ဂါရပ်နဲ့ ပြည်သူ့စုံတဲ့ အုပ်ချုပ်ရေးစနစ်တွေဖွဲ့စည်း ပြီး ယခင်အုပ်ချုပ်ခဲ့တဲ့ စနစ်ထက်ကောင်းမွန်ပြီး ပြည်သူတွေရဲ့ လိုအပ်ချက်တွေကိုဖြည့် ဆည်းကာ အုပ်ချုပ်ရေးယန္တရားစတင် လည်ပတ်တော့မှာဖြစ်တယ်လို့ ဒေသခံတွေနဲ့ ဆုံးမှုမှာ KIO အရာရှိတွေက ပြောဆိုသွားတယ်လို့ ကန်ပိုင်တည်ဒေသခံ တစ်ဦးက ပြောပါတယ်။“အုပ်ချုပ်ရေးလည်ပတ်ဖို့နဲ့ ပတ်သက်ပြီး ပြည်သူတွေနဲ့ တွေ့ဆုံပွဲလုပ်ခဲ့တယ်။ အုပ်ချုပ်ရေးဆိုက်တွေလည်း အကုန် ရောက်လာပြီလို့ပြောပါတယ်။ ဒီနေ့ရဲ့ တွေ့ဆုံမှုအခြေအနေက လူထုတွေနဲ့ တွေ့ဆုံပြီး သူတို့ရဲ့ အုပ်ချုပ်ဖို့ဖြစ်လာတဲ့ အခြေအနေ၊ အုပ်ချုပ်ရေးနဲ့ ပတ်သက်ပြီးတော့ အရင်က သူတွေမဟုတ်တော့ဘူး။ ကချင်အထူးဒေသ(၁) နေရာအားလုံးကို သူတို့ အုပ်ချုပ်သွားဖို့၊ သူတို့ရဲ့ သမိုင်းတွေကို အနည်းအကျဉ်းပြောပြတယ်။ မြို့နေရာတွေကို KIA က လုယူတာမဟုတ်ဘူး။ အရင်က KIO ရဲ့ အုပ်ချုပ်ရေးနယ်မြေတွေဖြစ်တယ် ဆိုပြီးပြောသွားတယ်”လို့ပြောပါတယ်။ KIO အရာရှိတွေနဲ့ ကန်ပိုင်တည်ဒေသခံပြည် သူတွေရဲ့ တွေ့ဆုံမှုမှာ တစ်လကျော်အတွင်းမှာပဲ KIA သိမ်းပိုက်လိုက်တဲ့ ကချင်အထူးဒေသ(၁) နေရာအားလုံးကို KIO အစိုးရရဲ့ ထိန်းချုပ်မှုအောက်မှာ အုပ်ချုပ်ရေးယန္တရားလည်ပတ်သွားတော့မှာဖြစ်တဲ့အတွက် ပြည်သူလူထုတွေ အားလုံးလက်တွဲ ပါဝင်ပေး ကြဖို့ အဓိကပြောဆိုသွားတယ်လို့ သိရပါတယ်။

ကန်ပိုင်တည်မြို့သိမ်းတိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေတဲ့ ဒေသခံပြည်သူတွေလည်း အားလုံး မြို့ထဲကို ပြန်ဝင် လာကြဖို့ KIO ပြောဆိုထားတယ်လို့လည်း ဒေသခံတွေပြောပါတယ်။ ဒါကြောင့် နိုဝင်ဘာလ ၂၅ ရက်နေ့ကစပြီး နယ်စပ်ဒေသ တွေမှာ စစ်ဘေးရှောင်နေကြတဲ့ ဒေသခံပြည်သူအများပိုင်းက မြို့ထဲကို ပြန်ဝင်လာကြပြီလို့သိရပြီးတော့ ဒေသခံပြည်သူတစ်ချို့ က ကန်ပိုင်တည်မြို့တစ်ခုလုံးကို KIA သိမ်းပိုက်လိုက်ကတည်းက မြို့ထဲကို ပြန်လာနေထိုင်ကြတယ်လို့ သိရပါတယ်။ နှစ်ပေါင်း ၅၀ ဝန်းကျင်အကြာ KIO/KIA အုပ်ချုပ်ရေးလက်အောက်မှာမရှိဖူးသေးတဲ့ ကန်ပိုင်တည်မြို့ဟာ ယခင်ကလို အုပ်ချုပ်ရေး ယန္တရား တွေ ပုံမှန်လည်ပတ်လာဖို့ရန်အတွက် အချိန်ကာလတစ်ခုက စောင့်ကြည့်ရအုံးမှာဖြစ်တယ်လို့ ကန်ပိုင်တည်ဒေသခံတစ်ဦးလည်း အခုလိုဆက်ဆိုပါတယ်။“သူတို့ပြောသွားတဲ့ ပုံစံကတော့ အရင်ကထက် ပိုကောင်းလာဖို့တော့ရှိတယ်။ ဘာလို့လဲဆိုတော့ အရင် က မရှိခဲ့ဖူးတဲ့ အုပ်ချုပ်ရေးစနစ်တွေလည်းပါတယ်။ ဒါပေမယ့်ပုံမှန်အတိုင်းဖြစ်ဖို့က နည်းနည်းလေးစိမ်းနေသေးတယ်လို့ပြောလို့ ရတယ်။ အဲဒါကတစ်ချက်ပေါ့လေ။ ကျနော်တို့ ဒေသကျတော့ ဒီအစိုးရနဲ့ တစ်ခါမှ မနေဖူးသေးဘူးလေနော်။ အခုက ချက်ချင်း ကြီး အစိုးရအပြောင်းအလဲကြီး ဖြစ်လာတယ်ဆိုတော့ ပြည်သူတွေအတွက်တော့ စောင့်ကြည့်ရအုံးမယ်လို့တော့ထင်တယ်”လို့ ပြောပါတယ်။ Read in Full

၂၆။အကြမ်းဖက်ခံရတဲ့ အမျိုးသမီးနဲ့ ကလေးငယ်တွေ တရားမျှတမှုရရှိရေးအတွက်ပူးပေါင်းပါဝင်ဖို့ KNWO ပြော
 November 25, 2024
ကရင်နီပြည်က နေရာဒေသအသီးသီးမှာ နည်းမျိုးစုံနဲ့ အကြမ်းဖက်ခံရတဲ့ အမျိုးသမီးနဲ့ ကလေးငယ်တွေအတွက် တရားမျှတမှုပြန်လည်ရရှိရေးအတွက် ကျေးရွာလူထုနဲ့တာဝန်ရှိသူတွေ ပူးပေါင်းပါဝင်ဖို့ လိုအပ်တယ်လို့ ကရင်နီအမျိုးသမီးအစည်း အရုံး (KNWO) ဥက္ကဌ မော်ဖရေမြာက ပြောပါတယ်။“အကြမ်းဖက်ခံရတဲ့ဟာကို တရားမျှတမှု ရှိဖို့ ကျမတို့ လုပ်ဆောင်တဲ့ နေရာ မှာ ကျူးလွန်တဲ့သူ နဲ့ ခံရသူ နှစ်ဦးနှစ်ယောက်တည်းမဟုတ်ဘဲ တရားဥပဒေအရ အလုပ်လုပ်နေတဲ့သူဆိုရင်လည်း ပူးပေါင်းပါဝင် ဖို့လိုအပ်သလို ပြီးတော့ သူတို့နေထိုင်တဲ့ရွာမှာလည်း သက်ဆိုင်ရာ ဥက္ကဌတို့ရပ်ကွက်မှူးတို့ကလည်း သူတို့ဒီအရေးကို ထည့်သွင်း စဥ်းစားဖို့ အရေးကြီးတယ်။”လို့ မော်ဖရေမြာက ဆိုပါတယ်။ နည်းမျိုးစုံသော အကြမ်းဖက်မှုတွေကို ခံနေရသူရှိတာကြောင့် နိုဝင်ဘာလ ၂၅ ရက်နေ့မှာ ကျရောက်တဲ့ “အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေးနေ့” ကစပြီး ၁၆ ရက်တာလှုပ်ရှားမှုမှာ လူထုတွေကို အသိပညာပေးအစီအစဉ် ပြုလုပ်သွားမယ်လို့ ဆိုပါတယ်။ ဖိုဝါဒ ကြီးစိုးမှုကြောင့် ဖြစ်ပေါ် လာတဲ့ အကြမ်းဖက်ခံရမှုအတွက် ဖိုဝါဒကြီးစိုးမှုကို အဆုံးသတ်ဖို့၊ အမျိုးသမီးနဲ့ ကလေးငယ်တွေအပေါ် နည်းမျိုးစုံအကြမ်း ဖက်မှု တွေအတွက် တရားမျှတမှု ဖော်ထုတ်ဖို့ စတဲ့အကြောင်းအရာတွေကို မျှဝေသွားမယ်လို့ ဆိုပါတယ်။

“အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေးနေ့” ၁၆ ရက်တာ လှုပ်ရှားမှုအစီအစဥ်ကို ထိုင်း-ကရင်နီနယ်စပ်က ကရင်နီဒုက္ခသည်စခန်းအမှတ် (၁) ၊ (၂ ) ၊ နယ်စပ် စစ်ရှောင်စခန်းတချို့အပါအဝင် ကရင်နီပြည်တွင်းက လွိုင်ကော် ၊ ဒီးမော့ဆို၊ ဖရူဆို ၊ မယ်စဲ့ စတဲ့မြို့နယ်တွေမှာ ဆောင်ရွက်သွားမယ်လို့ မော်ဖရေမြာက ဆက်ပြောပါတယ်။“ဆင်ခြင်မပေးနဲ့၊ အမျိုးသမီးများနှင့် မိန်းကလေးများအပေါ် အကြမ်းဖက်မှုများ ရပ်တန့်ရန်၊ စည်း လုံးညီညွတ်ရေး”စတဲ့ ဆောင်ပုဒ် နဲ့ အညီ ဆောင်ရွက်သွားမှာဖြစ်တယ်လို့လည်း ဆိုထားပါတယ်။ အခုလို နိုင်ငံရေးမတည်ငြိမ်တဲ့ကာလမှာ အကြမ်းဖက်မှု ပိုခံရတဲ့ အမျိုးသမီးနဲ့ အမျိုးသမီးငယ်တွေအတွက် အားလုံးပူးပေါင်းပါဝင်ပေးဖို့ကိုလည်း ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC)ရဲ့ အမျိုးသမီးနဲ့ကလေးသူငယ်ရေးရာဌာန၊ ဒု-ဌာနမှူး မော်သဲမာက IEC ကနေ ဦးဆောင်တဲ့ ၁၆ ရက်တာလှုပ်ရှားမှု ကမ်ပိန်း အစီအစဉ်မှာ တိုက်တွန်းပြောဆိုထားပါတယ်။ စစ်ရေး၊ နိုင်ငံရေးမတည်ငြိမ်မှုတွေရဲ့ ‌နောက်ဆက်တွဲအနေနဲ့ အမျိုးသမီးနဲ့ ဆယ် ကျော်သက်အမျိုးသမီးငယ်တွေမှာ မတူညီတဲ့ အကြမ်းဖက်မှုတွေ ခံနေရတာရှိပြီး အဆိုပါ အမျိုးသမီးတွေရဲ့ အခွင့်အရေးတွေကို ကာကွယ်ပေးဖို့နဲ့ လက် တွေ့လိုအပ်ချက်တွေ ဖြည့်ဆည်းပေးနိုင်ဖို့ လိုအပ်လျက်ရှိတယ်လို့ IEC က အသိပေးထားပါတယ်။ Read in Full

၂၇။ စစ်ကောင်စီတပ်က ပူတာအို – ခေါင်လန်ဖူးလမ်းတွင် အင်အားဖြည့်တင်းနေ
 November 26, 2024
KIA ပူးပေါင်းတပ်က ဆော့လော်မြို့နယ်ရှိ လန်ဆယ်ကျေးရွာကို တိုက်ခိုက်သိမ်းပိုက်ပြီးနောက် ခေါင်လန်ဖူးအနီး တစ်ဝိုက်ကို စစ်ကောင်စီတပ်က အင်အားဖြည့်တင်းမှုများ ပြုလုပ်လာကြောင်း သိရသည်။ ပူတာအို – ခေါင်လန်ဖူးလမ်းကြောကို အင်အားဖြည့်တင်းရန် ပြီးခဲ့သည့် နိုဝင်ဘာ တတိယပတ်မှစတင်ကာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀၀ ခန့်က လေယာဉ်ဖြင့် ပူတာအို မြို့သို့ ရောက်ရှိလာခြင်းဖြစ်ကြောင်း ပူတာအိုလေယာဉ်ကွင်းအနီးနေထိုင်သူ လူငယ်တစ်ဦးက ပြောသည်။“ဒီဘက်အခုတလော လေကြောင်းနဲ့ စစ်သားတွေအရမ်းတက်လာတယ်။ အောက်ပိုင်းကစစ်သားတွေ လေကြောင်းနဲ့လာပို့ပြီး ကားနဲ့ပြန်တက်သွား တာ။ ဘာလုပ်ဖို့လည်းတော့မသိဘူး ခေါင်လန်ဖူးနားက သိမ်းခံလိုက်ရလို့ အခြေအနေမကောင်းလို့နေမှာပေါ့” ဟုပြောသည်။ ခေါင်လန်ဖူးမြို့နှင့် လန်ဆယ်ကျေးရွာသည် ဂူဂဲလ်မြေပုံပေါ် အဖြောင့်တိုင်းတာချက်အရ မိုင်လေးဆယ်ခန့်ကွာဝေးသည်။ ပူတာအို-ခေါင်လန်ဖူးလမ်းတစ်လျှောက်တွင် စစ်ကောင်စီတပ်က အင်အားဖြည့်တင်းနေသည်မှာ နှစ်ပတ်ခန့်ရှိပြီဟု အဆိုပါလမ်း ကိုပုံမှန်အသုံးပြုလေ့ရှိသော အမျိုးသားတစ်ဦးက ပြောသည်။

“အင်အားစတိုးတာ နှစ်ပတ်လောက်တော့ရှိပြီ။ ခေါင်လန်ဖူး – ပူတာအိုလမ်းကြောဘက်မှာကတော့ ဂိတ်တွေမတိုး သေးဘူး ပုံမှန်ပါပဲ။ လူအင်အားကတိုးလာတယ်လို့တော့ကြားရတယ်။ အင်အားစတိုးတာ နှစ်ပတ်လောက်တော့ရှိပြီ” ဟုပြော သည်။ စစ်ကောင်စီစစ်ဆေးရေးဂိတ်မရှိသော်လည်း ပူတာအိုနှင့် ခေါင်လန်ဖူးကြားရှိ မဂွေဇတွင် ခေါင်လန်ဖူးပြည်သူ့စစ်တပ်ဖွဲ့ ဝင်များက ဖြတ်သွားဖြတ်လာပြည်သူများကို စစ်ဆေးရေးတင်းကြပ်လေ့ရှိကြောင်း သိရသည်။ ပြီးခဲ့သည့် နိုဝင်ဘာ ၁၇ ရက်နေ့ က ပူတာအိုမြို့ရှိ ခ.လ.ရ ၄၆ သို့ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် အောင်ဇော်ထွေး ရောက်ရှိခဲ့ပြီးနောက် မြို့တွင်း၊ မြို့ပြင် လုံခြုံရေးတင်းကြပ်ထားပြီး မူလာရှီးဒီတံတားအနီးရှိ စစ်ဆေးရေးဂိတ်တွင်လည်း အင်အားဖြည့်တင်းထားခဲ့ ကြောင်း သိရသည်။ လက်ရှိအချိန် ခေါင်လန်ဖူးဒေသတွင် ရာသီဥတုအလွန်အေးပြီး လမ်းပန်းဆက်သွယ်ရေးအခက်အခဲကြောင့် တိုက်ပွဲဖြစ်ပွားလာမည်ကို စိုးရိမ်ကြောင်း ခေါင်လန်ဖူးမြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။“အခုချိန်သာ တိုက်ပွဲဖြစ်လိုက်ရင် တော့ အေးကအေးတာနဲ့ အခြေအနေအရမ်းဆိုးနေမှာပဲ။ ပူတာအိုဘက်ပြေးဖို့လည်း မလွယ်ဘူး ဆက်သွယ်ရေးလမ်းကြော မကောင်းတော့။ လမ်းပြိုနေတာ ဖောက်ထားတာ မကြာသေးတော့ မိုးနည်းနည်းကျတာနဲ့ ပြိုနေတာလမ်းအရမ်းခက်တယ်။ အခြေအနေက ဘယ်လိုတွေထပ်ဆိုးမလဲ မတွေးတက်ဘူး တစ်နှစ်တစ်ခြားဆိုးလာတာ” ဟုပြောသည်။ 

၂၈။  တနင်္သာရီမှာ စစ်ကောင်စီ စစ်ကြောင်းက ဖမ်းသွားတဲ့ အရပ်သားတွေပြန်လွတ်လာ
 November 25, 2024
တနင်္သာမြို့နယ်မှာ စစ်ကောင်စီစစ်ကြောင်းကဖမ်းသွားတဲ့ ပြင်ဝန်းနဲ့ ရမ်းဖိုရွာက ဒေသခံလေးဦးပြန်လည်လွတ်မြောက် လာပြီလို့ ဒေသခံတွေဆီကသိရပါတယ်။ နိုဝင်ဘာ ၂၃ ရက်က တနင်္သာရီမြို့နယ် ဘန်းလမွတ်ကျေးရွာအုပ်စုကို စစ်ကြောင်းထိုးခဲ့ တဲ့စစ်ကောင်စီတပ်သားတွေကို တော်လှန်ရေးတပ်ဖွဲ့တွေဘက်က မိုင်းဆွဲတိုက်ခိုက်ပြီးနောက်မှာ အနီးနားရွာတွေကဒေသခံတွေ ကို ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။ စစ်ကြောင်းနဲ့အတူ ဖမ်းဆီးခေါ်ဆောင်သွားတဲ့ ပြင်ဝန်းနဲ့ ရမ်းဖိုရွာက အမျိုးသား (၄) ဦးကို နောက် တနေ့မနက် အစောပိုင်း ၃ နာရီဝန်းကျင်မှာ ပြန်လွှတ်ပေးခဲ့တာဖြစ်တယ်လို့ ဖမ်းဆီးခံရသူတွေနဲ့ နီးစပ်သူတွေဆီကသိရပါတယ်။ လွန်ခဲ့တဲ့နှစ်ရက် မနက် ၇ နာရီလောက်က ဇဝဲရွာအခြေစိုက် ခမရ (၅၅၆) က ထွက်လာတဲ့ စစ်ကောင်စီ စစ်ကြောင်းကို ဆင်ဒင် ရွာအလွန် ပြင်ဝန်းရွာအနီးမှာ တော်လှန်ရေးတပ်ဖွဲ့တွေဘက်က မိုင်းဆွဲတိုက်ခိုက်ခဲ့တာပါ။ မိုက်ဆွဲတိုက်ခိုက်ခံရပြီးနောက် မနက် ၈ နာရီဝန်းကျင်မှာ ပြင်ဝန်းရွာက နေအိမ်လေးဆောင်ကို မီးရှို့ဖျက်ဆီးခဲ့ပြီး မီးမရှို့ခင် နေအိမ်ထဲမှာရှိနေတဲ့ အသက် ၄၀ ဝန်းကျင် အရွယ် ပြင်ဝန်းရွာခံအမျိုးသား ၂ ဦးကို ဖမ်းဆီးခဲ့တယ်လို့ အဖမ်းခံရသူတွေနဲ့ နီးစပ်သူတွေဆီကသိရပါတယ်။ ဒီနောက် ရမ်းဖိုရွာ ဘက်ကို ဆက်လက်စစ်ကြောင်းထိုးတဲ့ စစ်ကောင်စီတပ်သားတွေဟာ ရမ်းဖိုရွာအနီးမှာ ရော်ဘာခြစ်နေတဲ့ အသက် ၄၀ ကျော် အမျိုးသားတစ်ဦးနဲ့ အသက် ၂၀ ဝန်းကျင်အရွယ် အမျိုးသားတစ်ဦးတို့ကို ထပ်မံဖမ်းဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

“အဲ့နေ့က ပြင်ဝန်းရွာက လူအများစုက တခြားရွာက နာရေးတစ်ခုကိုသွားကြတော့ ရွာထဲမှာ လူသိပ်မရှိဘူး။ သူတို့မီးရှို့ တဲ့အိမ်တွေထဲမှာရှိနေတဲ့ နှစ်ယောက်ကိုဖမ်းသွားတယ်။ နောက်လမ်းမှာတွေ့တဲ့ နှစ်ယောက်ကိုလည်း သူတို့လမ်း ကြောင်းတွေ သတင်းပေါက်မှာစိုးလို့ ထပ်ဖမ်းတဲ့ပုံပဲ။” လို့ အသက် ၄၀ ဝန်းကျင်အရွယ် ပြင်ဝန်းရွာဒေသခံအမျိုးသားတစ်ဦးက ဆိုပါတယ်။ ဒေသခံတွေကို ဖမ်းဆီးခေါ်ဆောင်သွားတဲ့ စစ်ကောင်စီတပ်သားတွေဟာ နိုဝင်ဘာ ၂၄ ရက်၊ မနေ့က မနက်အစောပိုင်း ၃ နာရီ ဝန်းကျင်က ရမ်းဖိုနဲ့ဘန်းလမွတ်ရွာကြားက တောထဲတစ်နေရာမှာ ဖမ်းဆီးထားသူတွေကို ပြန်လွှတ်ပေးခဲ့တာလို့လည်း အဖမ်းခံ ရသူတွေနဲ့ နီးစပ်သူက ပြောပါတယ်။“ဖမ်းလည်းဖမ်းခံရတယ်။ အိမ်လည်း မီးရှို့ခံရတယ်ဆိုတော့ သူတို့အခု တခြားနေရာကို ရှောင်သွားပြီဗျ” လို့ အဖမ်းခံရသူတွေနဲ့ နီးစပ်သူအမျိုးသားက ဆိုပါတယ်။ ပြင်ဝန်းရွာက နေအိမ်တွေကို မီးရှို့ဖျက်ဆီးပြီး ဒေသခံ တွေကို ဖမ်းဆီးခဲ့တဲ့ စစ်ကောင်စီစစ်ကြောင်းကတော့ ဒေသခံတွေကို ပြန်လွှတ်ပေးခဲ့တဲ့ မနေ့က မနက်ပိုင်းမှာပဲ ဇဝဲရွာအခြေစိုက် တပ်ရင်းကို တပ်ပြန်ဆုတ်သွားပြီ ဖြစ်တယ်လို့ ဒေသခံတွေနဲ့ မြေပြင်တော်လှန်ရေးရဲဘော်တွေရဲ့ ပြောပြချက်အရ သိရပါတယ်။ Read in Full

၂၉။ လုံခြုံရေးနဲ့ တော်လှန်ရေးပုံရိပ် ထိခိုက်စေတဲ့လုပ်ရပ်မှန်သမျှ IEC အရေးယူမယ်
 November 25, 2024
မူးယစ်ဆေးဝါးနဲ့ ရာဇဝတ်မှုအပါအဝင် IEC ရဲ့ တရားဝင်ခွင့်ပြုချက်မရှိသော လုပ်ငန်းရပ်များကို ယခုနှစ်၊ အောက်တို ဘာ လ ကစလို့ ရေတို၊ ရေလတ်၊ ရေရှည် စီမံချက်ချကာ အရေးယူဆောင်ရွက်သွားမယ်လို့ IEC ရဲ့ပြောရေးဆိုခွင့်ရှိ သူက ပြောပါတယ်။ လူထုတော်လှန်ရေး စတင်ခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖေါ်ဝါရီလကစလို့  ဒီနေ့(နိုဝင်ဘာ ၂၅) အထိ ကရင်နီပြည်မှာ KTV နဲ့ပတ်သက်ပြီး IEC အနေနဲ့ တရားဝင် ခွင့်ပြုထားတာမျိုးမရှိသေးပေမယ့် KTV ကြောင့်ဖြစ်ပေါ်လာတဲ့ အသံ ဆူညံမှုကနေအစပြုလို့  ရပ်ရွာလုံခြုံ ရေးကို ထိပါးခြိမ်းခြောက်တာ၊ ကရင်နီ လူမှုပတ်ဝန်းကျင် လူမှုအသိုင်းအဝန်းနဲ့ လူထုတော်လှန်ရေးပုံရိပ်ကို ညှိုးနွမ်းစေတာ မှန် သမျှကို လူမှုရေးရှုထောင့်ကနေရော ဥပဒေကြောင်းအရပါ ကိုင်တွယ်ဖြေရှင်း အရေးယူဆောင်ရွက်သွားမယ်လို့ IEC ရဲ့တာဝန်ရှိ သူက ပြောပါတယ်။ ဒေသတွင်း မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနဲ့ ပတ်သက်ရင်လည်း အသိပညာပေးလုပ်ငန်းတွေကို ကျယ်ကျယ် ပြန့်ပြန့် လုပ်ဆောင်နေတာရှိသလို ရှောင်တခင်စစ်ဆေးတာတွေအပါအဝင် အရေးပေါ်စီမံချက်တွေ ချမှတ်ပြီး ဥပဒေကြောင်းအရ အရေးယူဆောင်ရွက်တာတွေကို စဉ်ဆက်မပြတ် ဖော်ဆောင်နေတယ်လို့ပြောပါတယ်။

“ ချမှတ်ထားတဲ့ စီမံချက်တွေနဲ့အညီ KTV တွေ ၊ မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကား သုံးစွဲတာတွေအပြင် ပြည်သူ တွေရဲ့ လူမှုဘဝလုံခြုံရေးကို ခြိမ်းခြောက်နေတာ လူထုတော်လှန်ရေးကို ထိခိုက်အားလျော့စေတဲ့ လုပ်ရပ်တွေနဲ့ ရာဇဝတ်မှုတွေ ကို ကိုင်တွယ်ဖြေရှင်း အရေးယူဆောင်ရွက်မှာ ဖြစ်ပါတယ်”လို့ပြောပါတယ်။ IEC အနေနဲ့ စီမံချက်ကို အကောင်အထည်ဖော်တဲ့ အခါမှာ လူထုကိုဗဟိုပြုတဲ့ ကျေးရွာ/ရပ်ကွက်၊ ကျေးရွာအုပ်စု၊ မြို့နယ်အဆင့်ဆင့် အုပ်ချုပ် ရေးအစုအဖွဲ့တွေရဲ့ပါဝင်မှုကို အဓိက အခြေခံထားပြီး IEC ရဲ့ သက်ဆိုင်ဌာနတွေက ပူးပေါင်းပါဝင်မှာဖြစ်သလို ကရင်နီ တပ်ပေါင်းစုံ စစ်ဦးစီးအဖွဲ့နဲ့လည်း ညှိနှိုင်းပြီး ပူးပေါင်းလုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။ Read in Full

၃၀။ ရေဖြူတွင် အသက် ၇၀ ကျော်အမျိုးသားတစ်ဦးကို စစ်ကောင်စီတပ် ပစ်သ-တ်
 November 25, 2024
ရေဖြူမြို့နယ် သစ်တိုထောင့်ကျေးရွာအုပ်စု ကျောက်ဝှက်ကုန်းရွာတွင် အသက် ၇၆ နှစ်အရွယ် အမျိုးသားတစ်ဦးကို စစ်ကောင်စီတပ်က ပစ်သတ်ခဲ့ကြောင်းဒေသခံအချို့ကပြောသည်။ နိုဝင်ဘာလ ၂၄ ရက်နေ့ကဆိုင်ကယ်စီးလာသည့် ဦးဥာဏ်ရွှေ ကို စစ်ကောင်စီတပ်က ပစ်သတ်သွားခြင်းဖြစ်သည်ဟု ကျောက်ဝှက်ကုန်းရွာက ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။“အ လောင်းက ကျင်းထဲမှာ မြေနဲ့ဖုံးခဲ့တယ်။ အလောင်းကို နီးတဲ့နေရာဆွဲသွင်းပြီး ကျင်းဟောင်းထဲမှာ မြေနဲ့ဖုံးခဲ့တယ်၊ ထွက်ပြေးမခံ ဘဲ(ထွက်မပြေးဘဲ) ပုန်းနေတဲ့တစ်ယောက်က မြင်တာ၊ သူမြင်လို့ ကျွန်တော်တို့အကြောင်းစုံသိရတာ”ဟု အထက်ပါ အမျိုးသား ကပြောသည်။ ရေဖြူမြို့အနောက်ဘက်ကို စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်က နိုဝင်ဘာ ၂၄ ရက် မနက်ပိုင်းတွင် ကျောက်ဝှက်ကုန်းရွာဘက်ကို တောလမ်းအတိုင်း စစ်ကြောင်းထိုးလာချိန် ပြည်သူ့ကာကွယ်ရေးတပ်နှင့် နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ သည်ဟု ဒေသခံအချို့က ပြောသည်။

တိုက်ပွဲဖြစ်ပြီးနောက် မနက် ၁၀ နာရီခန့်တွင် ကျောက်ဝှက်ကုန်းရွာထဲကို သေနတ်ပစ်ဖောက်ဝင်လာပြီး ရွာထဲတွေ့သမျှ အမျိုးသမီး၊ အမျိုးသား၊ သက်ကြီးရွယ်အိုများနှင့် ကလေးငယ်များကို ရွာဘုန်းကြီးကျောင်းတွင် တစ်ညတာ ထိန်းသိမ်းထားသည် ဟု ဒေသခံအချို့က ပြောသည်။ စစ်ကောင်စီ ရွာထဲဝင်လာစဉ် ဆိုင်ကယ်စီးထွက်လာသည့် ဦးဉာဏ်ရွှေကို ပစ်သတ်ခဲ့ခြင်းဖြစ်ပြီး အလောင်းမြေမြှုပ်ထားသည့်နေရာကို နိုဝင်ဘာ ၂၄ ရက် ကတည်းကသိရှိသော် လည်း စစ်ကောင်စီတပ်က ရွာဘုန်းကြီးကျောင်း တွင် စခန်းချတပ်စွဲထားသဖြင့် ချက်ချင်းဖော်ယူ၍ မရခဲ့ဟု ဒေသခံများကဆိုသည်။ နံနက် ၈ နာရီကျော်တွင် ဦးဥာဏ်ရွှေ၏ အလောင်းကိုတူးဖော်ရာ ဦးခေါင်းသေနတ်ဒဏ်ရာ၊ ခြေသလုံး သေနတ်ဒဏ်ရာများ ရရှိထားသည်တွေ့ရပြီး နေ့လယ် ၁၂ နာရီတွင် မီး သင်္ဂြိုဟ်ပေးခဲ့သည်ဟုကူညီပေးခဲ့သူ အမျိုးသားကပြောသည်။ (နိုဝင်ဘာ ၂၅)မနက် ၅ နာရီခန့်တွင် ဘုန်းကြီးကျောင်းတွင် ထိန်း သိမ်းထားသည့်အရပ်သားများကို စစ်ကောင်စီတပ်စစ်ကြောင်းကပြန်လွှတ်ပေးခဲ့ပြီး လူငယ်အမျိုးသားများကို ကျခတ္တပင်အင်းရွာ ထိ စစ်ကြောင်းနှင့်အတူ ခေါ်ဆောင်သွားကြောင်း သိရသည်။ Read in Full

၃၁။ အမ်း – ပဒါန်းလမ်းမှာ စစ်ကောင်စီတပ်သားတွေ တိုက်ခိုက်ခံရ
 November 26, 2024
မကွေးတိုင်း၊ ငဖဲမြို့နယ်က အမ်း – ပဒါန်းလမ်းမပေါ်မှာ စစ်ယာဉ်တန်းကို လုံခြုံရေး ယူပေးတဲ့ စစ်ကောင်စီတပ်သားတွေ ကြားဖြတ်တိုက်ခိုက်ခံရပြီး သေဆုံးမှုရှိတယ်လို့ ဒေသခံတွေက ဒီနေ့ ပြောပါတယ်။ အဲဒီစစ်ယာဉ်တန်းဟာ နှစ်ဖက်တိုက်ပွဲပြင်း ထန်နေတဲ့ ရခိုင်ပြည်နယ်၊ အမ်းမြို့အခြေစိုက် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) ကို စစ်ကူသွားမဲ့ ယာဉ်တန်းတွေဖြစ်တယ် လို့ ဆိုပါတယ်။ ဒီတိုက်ခိုက်မှုကို နိုဝင်ဘာ ၂၅ ရက် မနေ့က လုပ်ခဲ့တာဖြစ်ပြီး စစ်ကောင်စီတပ်သား လေးဦး သေဆုံးတယ်လို့ ချင်း ကာကွယ်ရေးတပ် – CDF အရှိုအဖွဲ့က ထုတ်ပြန်ပါတယ်။ ငဖဲမြို့နယ်၊ ဂုတ်ကြီးကျေးရွာနားက တောရဘုန်းကြီးကျောင်းမှာ တပ်စွဲ ထားတဲ့ စစ်ကောင်စီတပ်သား အင်အား နှစ်ဆယ်ကျော်ကို အဲဒီလမ်းပိုင်းမှာ လုံခြုံရေးယူဖို့အတွက် ရောက်လာချိန် အမ်း-ပဒါန်း လမ်းမပေါ် ခွန်ဇူရွာလမ်းခွဲအရောက်မှာ တိုက်ခိုက်ခဲ့တာလို့ CDF အရှို တာဝန်ရှိသူ ဆလိုင်းရိုချင်းက ပြောပါတယ်။

“သူတို့က အမ်းမြို့ ဘက်ကို စစ်ကူသွားဖို့ ဒီလမ်းကို အသုံးပြုနေကြ၊ မနေ့က စစ်ကောင်စီ ယာဉ်တန်းတော့ မဟုတ်ဘူး၊ အဲဒီ ယာဉ်တန်းသွားနိုင်ဖို့ လုံခြုံရေးယူထားတဲ့ စစ်ကောင်စီတပ်သားတွေကို ခြုံခိုတိုက်တာပေါ့။ စစ်ကောင်စီ ယာဉ်တန်းက မနေ့ က ကားခြောက်စီးဖြတ်သွားတယ်” တိုက်ခိုက်မှုအတွင်း MA 1 အမျိုးအစားသေနတ် အပါအဝင် စစ်ဘက်ဆိုင်ရာ ပစ္စည်းတချို့ သိမ်းဆည်းနိုင်တယ်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာလ ၃၁ ရက်နေ့နဲ့ နိုဝင်ဘာ လ ၃ ရက်နေ့တွေမှာ အမ်းမြို့အခြေစိုက် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် (နပခ) လက်အောက်ခံ တပ်ရင်းကနေ ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်သား လေးဦးကို မကွေးတိုင်းနဲ့ ရခိုင်ပြည်နယ်အစပ်မှာ ချင်းကာကွယ်ရေးတပ် – CDF အရှို တပ်ဖွဲ့က ဖမ်းမိခဲ့ပါတယ်။ Read in Full

၃၂။ စစ်မှုထမ်းအပတ်စဉ် (၂)မှ တပ်သားသစ်တစ်ဦး လက်နက်ယူလာပြီး KNUထံ အလင်းဝင်
 November 25, 2024
စစ်ကောင်စီက စစ်မှုထမ်းဥပဒေအရ စစ်သားစုဆောင်းထားသည့် တပ်သားသစ်တစ်ဦး လက်နက်နှင့်အလင်းဝင်လာ ကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU) ကသတင်းထုတ်ပြန်သည်။ KNU ၏ ညောင်လေးပင်ခရိုင် ကျောက်ကြီးမြို့နယ် (လယ်ဒို မြိုနယ်) တပ်ရင်း (၉) နယ်မြေအတွင်း အာဏာသိမ်းစစ်ကောင်စီတပ် ခမရ(၅၈၉) တပ်ရင်း၌ တာဝန်ထမ်းဆောင်ခဲ့သည့် စစ်မှုထမ်းသင်တန်း အပတ်စဉ် (၂) တပ်သားကျော်မင်းအောင်သည် နိုဝင်ဘာ ၁၄ရက်တွင် အလင်းဝင်လာခြင်းဖြစ်သည်ဟုဆို သည်။ အဆိုပါတပ်သားသည် MA-3 (၁) လက်၊ ကျည်ဘောက် (၅) ခု၊ လက်ပစ်ဗုံး (၁) လုံး နှင့် ကျည် ၁၅၀တောင့် ပါလာခဲ့သည် ဟု ဆိုသည်။ လက်နက်နှင့် အလင်းဝင်လာသည့် တပ်သား ကျော်မင်းအောင်ကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A) တပ်ရင်း (၉)က ဆုငွေ ကျပ် ၁၀ သိန်း ပြန်ပေးအပ်ခဲ့သည်ဟု အသိပေးသည်။ ထို့အပြင် တနင်္သာရီတိုင်း ရေဖြူမြို့နယ် တွင်လည်း ရေဖြူအခြေစိုက် ခလရ(၂၇၃)တပ်ရင်းမှ တပ်သားသစ်များ အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ဦး ပြည်သူကာကွယ် ရေးတပ်မတော် ဒေါနတပ်ရင်းထံ အလင်းဝင်ခဲ့သည်။ အလင်းဝင်လာသူများသည် စစ်မှုထမ်း အပတ်စဉ် (၁)နှင့် အပတ် စဉ် (၂)မှ တပ်သားသစ်များ ဖြစ်ပြီး မောရ၀တီရေတပ်မှ အလင်းဝင်လာသည့် တပ်သားသည် လက်နက်ယူလာသည်ဟု ဒေါနစစ်ကြောင်း စစ်ကြောင်းမှူး စောဒါးကိုက ပြောသည်။

စစ်ကောင်စီက အတင်းအဓမ္မ စစ်သားစုဆောင်းထားသူများကိုရှေ့တန်း နယ်မြေများ၌ အသုံးပြုလာသည်ကို တွေ့ရ ကြောင်း ဒေါနစစ်ကြောင်း စစ်ကြောင်းမှူးက ပြောသည်။ ထို့ကြောင့် ပြည်သူများအနေဖြင့် စစ်ကောင်စီ၏အသုံးချမှုကို လက်မခံ ဘဲ တော်လှန်ရေးတပ်ဖွဲ့များနှင့် ဆက်သွယ်ပူးပေါင်းကြရန် လိုအပ်ကြောင်း ၎င်းက တိုက်တွန်းသည်။ “အကြမ်းဖက် မင်းအောင်လှိုင် ကတော့ မဟုတ်တဲ့နည်းနဲ့ စည်းရုံးပြီးတော့ လုပ်ဆောင်နေတာ အများကြီးရှိသလို ပြည်သူကို ပြည်သူချင်း ပြန်ပြီး အိုးမဲသုတ်ပြီး လက်နက်ကိုင်ပြီး တိုက်ခိုင်းတဲ့သဘော သက်ရောက်မှုရှိတယ်။ အဲဒါကြောင့် ပြည်သူ့တော်လှန်ရေးအဖွဲ့အစည်းမှာ လာရောက်ပြီး ကျနော်တို့နဲ့ ပူးပေါင်းပေးဖို့ အဲဒါ တိုက်တွန်းချင်ပါတယ်။ နိုင်ငံတဝန်းလုံးမှာ အကြမ်းဖက်စစ်ကောင်စီက ပြည်သူ တွေကို ပြန်ပေးဆွဲအတင်း အဓမ္မ စစ်သားစုဆောင်းပြီး အခုလိုမျိုး လုပ်နေတာတွေကိုလည်း ပြည်သူတွေအနေနဲ့ လက်မခံဖို့ ပေါ့”ဟု စစ်ကြောင်းမှူး စောဒါးကိုက ပြောသည်။ Read in Full

၃၃။ နယ်မြေထဲရှိစခန်းများ ဖယ်ခိုင်းရာမှ ထိုင်းစစ်တပ်နှင့် UWSA စစ်ရေးတင်းမာ
 November 25, 2024
ထိုင်းစစ်တပ်က “ဝ” ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) အား ထိုင်းနိုင်ငံပိုင်သည်ဟုဆိုသော နယ်မြေ အတွင်းရှိ စခန်းများ ဆုတ်ခွာရန်ပြောထားသော်လည်း UWSA ဘက်မှ ငြင်းဆန်မှုကြောင့် ထိုင်း-မြန်မာနယ်စပ် မယ်ဟောင် ဆောင် ခရိုင်အတွင်း စစ်ရေးတင်းမာနေကြောင်း Khaosod သတင်းဌာန၌ ဖော်ပြသည်။ ဒီဇင်ဘာ ၁၈ ရက်မတိုင်မီ ဆုတ်ခွာပေး ရန် ထိုင်းစစ်တပ်၏ တောင်းဆိုမှုအပေါ် UWSA က ၎င်းတို့ပိုင် နယ်မြေများ ဖြစ်သည့်အတွက် မဖယ်ပေးနိုင်ကြောင်း ငြင်းဆန် ထားခြင်းဖြစ်သည်။ Khaosod သတင်းအရ မြန်မာပြည် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များထဲမှ အင်အားအကြီးမားဆုံးဖြစ် သည့် UWSA သည် ထိုင်းဘုရင့်တပ်မတော်နှင့် ရင်ဆိုင်ရန် အဆင်သင့်ဖြစ်နေပြီး အမြောက်တပ်များ နေရာယူထားပြီဖြစ်ကာ တည်နေရာများကိုလည်း ဖော်ထုတ်ထားပြီးဖြစ်သည်ဟု ဆိုထား သည်။ Radio Free Asia ၏ ဖော်ပြချက်အရ ဒိုးဟွာမ၊ နောင်လောင်းစခန်းနှင့် အခြားစစ်အခြေစိုက်စခန်း ၅ နေရာသည် ထိုင်းနိုင်ငံပိုင် မဟုတ်သဖြင့် ဆုတ်ခွာပေးရန် တောင်းဆိုခြင်းကို လက်မခံနိုင်ကြောင်း UWSA က အခိုင်အမာ ဆိုထားသည်ဟုလည်း ရေးသားထားသည်။ 

ထိုင်းဘက်ကလည်း မြေပြင်တပ်များကို အထောက်အကူပေးရန်အတွက် အမြောက်တပ်များအား အဆိုပါဒေသအနီး တွင် နေရာယူထားပြီးဖြစ်ကြောင်း သိရသည်။ အဆိုပါ “ဝ” စခန်းများအား ထိုင်းစစ်တပ်က ဖယ်ရှားခိုင်းမှုအပေါ် UWSA ဘက်မှ အတည်ပြုပြီး ၎င်းတို့အနေဖြင့် စစ်ရေးပြင်ဆင်မှုမရှိဘဲ ပုံမှန်အခြေအနေသာဖြစ်ကြောင်း၊ ထိုင်းဘက်မှ အင်အားတိုးသည်ဟု သိရ ကြောင်း UWSA ပြောရေးဆိုခွင့်ရှိသူ ဦးညီရန်းက “ဝ” လူငယ်အသံကွန်ရက်ကို ဖြေထားသည်။ ထိုဖြစ်ရပ်မတိုင်ခင် နိုဝင်ဘာ ၁၈၊ ၁၉ ရက်တွင်လည်း UWSA ၏ အရာရှိ ၆ ဦးနှင့် ထိုင်းတော်ဝင်စစ်တပ် အရာရှိများသည် လူကုန်ကူးမှုတိုက်ဖျက်ရေး၊ မူးယစ် ဆေးဝါးတိုက်ဖျက်ရေး အပါအဝင် ထိုင်းနိုင်ငံ နယ်မြေအပေါ် UWSA ၏ ကျူးကျော်နေမှုကို ဖယ်‌ပေးရန် ဆွေးနွေးခဲ့ကြကြောင်း ထိုင်းသတင်းဌာနများ၌ ဖော်ပြထားသည်။ ယခုကဲ့သို့ နယ်မြေအငြင်းပွားမှုများသည် လွန်ခဲ့သည့် ဆယ်စုနှစ်တခုအကြာလောက် ကတည်းက ရှိခဲ့ကာ ထိုင်းဘက်မှ မကြာခဏဆိုသလို ဖယ်ရှားပေးရန် တောင်းဆိုလေ့ရှိကြောင်း သိရသည်။ 

မှတ်ချက်။          သက်ဆိုင်ရာ သတင်းမီဒီယာအသီးသီးမှ ကောက်နုတ်ဖော်ပြခြင်းဖြစ်ပါသည်။

Related Articles

Back to top button