အသွင်ကူးပြောင်းရေးဆိုင်ရာ တရားမျှတမှု အခန်းကဏ္ဍ (စကားဝိုင်းအနှစ်ချုပ်)
၁) အသွင်ကူးပြောင်းရေးဆိုင်ရာ တရားမျှတမှု ဆိုတာ ဘာလဲ။ ဘယ်လို အခြေအနေတွေမှာ ဖော်ဆောင် ကြလဲ။
ဆလိုင်း ထွန်းလင်းအောင် (မြန်မာနိုင်ငံလုံးဆိုင်ရာ ချင်းကျောင်းသားများသမဂ္ဂ)
စနစ်တစ်ခုကိုပြောင်းလဲလိုက်တဲ့ အခါမှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေရှိခဲ့တဲ့အတွက် ကျူးလွန်သူနဲ့ ကျူးလွန်ခံရသူကြားမှာ အတူယှဥ်တွဲနေထိုင်နိုင်ဖို့ ကြားဝင်ပြီး ညှိနှိုင်းပေးရတဲ့ ဖြစ်စဥ်တစ်ခုဖြစ်ပါတယ်။
နိုင်ငံတစ်နိုင်ငံ တိုင်းပြည်တစ်ခုက စနစ်တစ်ခုကိုပြောင်းလဲကျင့်သုံးတဲ့အခါ ကျူးလွန်မှုဖြစ်ပွားခဲ့တာတွေကို ပြန်ပြီးမှ ကူစားတဲ့ လုပ်ဆောင်ချက်တစ်ခုဖြစ်ပါတယ်။
နော်ဆဲဆဲ (စည်းရုံးရေးနှင့် နိုင်ငံရေးရှေ့ဆောင်ကိုယ်စားလှယ် WLB)
အသွင်ကူးပြောင်းရေးဆိုင်ရာ တရားမျှတမှုက အမှန်တရားကို ဖော်ထုတ်တာ၊ ဆုံးရှုံးနစ်နာခဲ့ရတာတွေကို ကူစားတာတွေကိုလုပ်တယ်။ လူ့အခွင့်ရေးချိုးဖောက်တာတွေ၊ ရာဇဝတ်မှုကျူးလွန်တာတွေကို တရားစွဲဆိုတာ၊ တရားမျှတမှုရအောင်လုပ်ဆောင်တာ၊ မတရားမှုကို အားပေးအားမြှောက်လုပ် တဲ့ institutions တွေကို ပြုပြင်ပြောင်းလဲရေးလုပ်တာ တွေကို မဟာဗျူဟာနဲ့ ဖန်တီးလုပ်ဆောင်သွားတာကို အသွင်ကူးပြောင်းရေးဆိုင်ရာ တရားမျှတမှုကိုလုပ်ဆောင်တယ်လို့ ဆိုပါတယ်။
စစ်ပွဲတွေ အပြင်းအထန် ဖြစ်နေတာကနေ ရပ်တန့်ပြီး နိုင်ငံပြုပြင်ပြောင်းလဲရေးကိုသွားမယ့် ကာလမှာ စတင်အကောင်အထည်ဖော်ရမှာဖြစ်ပါတယ်။
၂) ၂၀၁၀ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကာလမှာ အသွင်ကူးပြောင်းရေးဆိုင်ရာ တရားမျှတမှုကို အကောင် အထည် ဖော်ဖို့ ကြိုးစားခဲ့တာရှိလား။ ဘယ်လိုစိန်ခေါ်မှုတွေရှိခဲ့လဲ။
သဉ္ဖာရွှန်းလဲ့ရည် (NUCC (JCC-TJ)
၂၀၁၀ အသွင်ကူးပြောင်းရေး ကာလမှာတော့ အသွင်ကူးပြောင်းရေးဆိုင်ရာ တရားမျှတမှုကို အကောင်အထည်ဖော်ဖို့ အရပ်ဖက်အဖွဲ့အစည်းတွေ၊ လူ့အခွင့်အရေးအဖွဲ့အစည်းတွေ တောင်းဆိုခဲ့တာ အများကြီးရှိပါတယ်။ ကျမတို့ အမှတ်ရတာတော့ ကျောင်းသား သမဂ္ဂတွေရှိတယ်။ seven july အဆောက်အအုံ ဖြိုချခံရတာနဲ့ပတ်သက်ပြီး အသွင်ကူးပြောင်းရေးဆိုင်ရာ တရားမျှတမှုအတွက်တောင်းဆိုခဲ့တာ ရှိပါတယ်။
အဲ့လို တောင်းဆိုခဲ့လိုလည်း ထောင်သွင်းအကျဥ်းချတာတွေ ရှိခဲ့ပါတယ်။ ဘယ်လောက်ပဲ အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ နိုင်ငံရေးအကျဥ်းသားဟောင်းတွေက တောင်းဆို တောင်းဆို တစ်နိုင်ငံလုံးအဆင့်မှာ transitional justice နဲ့ပတ်သက်ပြီးတော့ ပြောရေးဆိုခွင့်မရခဲ့တာရှိပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ နောက်ပြန်တရားစွဲဆို ခွင့်မရှိစေရေး၊ အမျိုးသားရင်ကြားစေ့ရေး၊ ပြန်လည်ပူးပေါင်းရေးဆိုတဲ့လုပ်ငန်းစဥ်အောက်မှာ အသွင်ကူးပြောင်း ရေး ဆိုင်ရာ တရားမျှတမှုက ရေစုန်မျောခဲ့ရပါတယ်။
နော်ဆဲဆဲ (စည်းရုံးရေးနှင့် နိုင်ငံရေးရှေ့ဆောင်ကိုယ်စားလှယ် WLB)
၂၀၁၀ ကနေ ၂၀၂၀ အထိပြောရမယ်ဆိုရင် ပြည့်သူ့အစိုးရ၊ ဒီမိုကရေစီအစိုးရက အုပ်ချုပ်ရေး ယန္တရားတွေကို ပြန်လည်ရရှိလာတာဖြစ်တယ်။ အဲ့ဒီကာလကိုကြည့်မယ်ဆို ကျမတို့ အမျိုးသမီးများအဖွဲ့ချုပ် မြန်မာနိုင်ငံကနေ အဲ့ဒီကာလမတိုင်ခင်ကတည်းက အဲ့ဒီကာလမှာပြုလုပ်ရမယ့် အလုပ်တွေကို အများကြီးပြင်ဆင်မှုတွေ ပြုလုပ်ခဲ့တယ်။
ကျမတို့အနေနဲ့လည်း အရပ်သားအစိုးရတွေ ပြန်တက်လာပြီးဆိုတော့ အသွင်ကူးပြောင်းရေးဆို င်ရာ တရားမျှတမှုအတွက် တခုခုလုပ်မယ်လို့ မျှော်လင့်ခဲ့မိတယ်။ ကျမတို့ သုံးသပ်ကြည့်လိုက်တော့ ဒီကိစ္စကိုလုပ်ဆောင်မယ့်နိုင်ငံရေးစိတ်ဆန္ဒမရှိတာကိုတွေ့ခဲ့ရတယ်။ တဖွဲ့နဲ့တဖွဲ့ တိုက်ပွဲပိုမဖြစ်အောင်၊ လူ့အခွင့်အရေးချိုးဖောက်မှုတွေ မဖြစ်အောင် ကြိုတင်တားစီးကာကွယ်တာတွေလည်း မရှိခဲ့ဘူး။ အထူးသဖြင့် သက်ဆိုင်ရာတာဝန်ရှိတဲ့သူတွေက တရားမျှတမှုနဲ့ ငြိမ်းချမ်းရေးကို ပိုမိုပျက်ပြားစေတာတွေကို လုပ်ဆောင်ခဲ့တာတွေရှိတယ်။
၃) မြန်မာ့နွေဦးတော်လှန်ရေးမှာ အသွင်ကူးပြောင်းရေးဆိုင်ရာ တရားမျှတမှုကို ဖော်ဆောင်ဖို့ လိုနေပြီလား။ ဘယ်လိုဖော်ဆောင်ဖို့ လိုနေပြီလဲ။ ဘယ်သူတွေက အဓိက ဖော်ဆောင်ဖို့ တာဝန်ရှိလဲ။
ဆလိုင်း ထွန်းလင်းအောင် (မြန်မာနိုင်ငံလုံးဆိုင်ရာ ချင်းကျောင်းသားများသမဂ္ဂ)
နွေဦးတော်လှန်ရေးမှာ အသွင်ကူးပြောင်းရေးဆိုင်ရာ တရားမျှတမှုကို အကောင်အထည်ဖော်ဖို့လိုအပ်ပြီးလားဆိုရင် ကျနော့်အနေနဲ့တော့ လိုအပ်ပြီးလို့ ဖြေချင်ပါတယ်။ အသွင်ကူးပြောင်းရေးဆိုင်ရာ တရားမျှတမှုက တော်လှန် ရေးပြီးမှ လုပ်ရမယ့်ဖြစ်စဥ်တော့မဟုတ်ဘူး။ ဒီလုပ်ငန်းစဥ်ကို စလုပ်တဲ့ ဆီမှာ အဆင့် ၄ ဆင့်နဲ့ လုပ်ရတယ်။ ပထမက အမှန်တရားကိုရှာဖွေရတယ်။ ဒုတိယ အဆင့်က justice သဘောအရ အဲ့အပေါ်မှာ အပြစ်ယူရတဲ့ အပိုင်းတွေ တရားစွဲဆိုရတဲ့ အပိုင်းတွေလုပ်ရတယ်။
ကျူးလွန်ခံရတဲ့သူကို ပြန်ပြီးကူထုံးလုပ် ပေးရတယ်။ နောက်ဆုံးအဆင့်အနေနဲ့ institutional reform တွေ ဥပဒေပိုင်းဆိုင်ရာတွေကို ပြန်လည်ပြုပြင်ရတယ်။ ဖြစ်စဥ် ၄ ခုနဲ့ သွားနေရတာဖြစ်တဲ့အတွက် အခုချိန်မှာ အမှန်တရားကို စပြီး ရှာဖွေတာကိုတော့လုပ်သင့်တယ်။
အခုချိန်မှာက စစ်ကောင်စီတပ်က ကျူးလွန်တာ ဖြစ်ဖြစ် တော်လှန်ရေးဘက်က ကျူးလွန်တာ ဖြစ်ဖြစ် အမှန်တရားတွေကို မှတ်တမ်းမှတ်ရာတွေနဲ့ ထားထားဖို့လိုတယ်။ ဘယ်သူတွေမှာ တာဝန်ရှိလဲဆိုရင် ပြည်သူလူထု တစ်ရပ်လုံးမှာ တာဝန်ရှိတယ်လို့ ပြောလို့ရတယ်။ အဲ့ထဲမှာက အစုအဖွဲ့အနေနဲ့ခွဲလိုက်ရင်၊ ကျူးလွန်သူ၊ ကျူးလွန်ခံရသူ၊ အစိုးရနဲ့ အရပ်ဖက်အဖွဲ့အစည်းတွေက မဖြစ်မနေပါဝင်ဖို့လိုအပ်တယ်လို့ ပြောချင်ပါတယ်။
သဉ္ဖာရွှန်းလဲ့ရည် (NUCC (JCC-TJ)
ပြီးခဲ့တဲ့ အတိတ်ကာလမှာ ကျမတို့ လိုအပ်ချက်တွေအများကြီးရှိခဲ့တယ်။ အထူးသဖြင့် ပြောရမယ်ဆိုရင် Justice ပေါ့။ ပြောခွင့်မသာခဲ့ဘူး။ ၂၀၀၈ကလည်း ၂၀၀၈ နည်းအားဖြင့် ကျမတို့ နိုင်ငံကို အာဏာသိမ်းခဲ့တာဖြစ်ပါတယ်။ အာဏာသိမ်းမှုဖြစ်စဥ်မှာလည်း တရားမျှတမှုက ရေစုန်မျောခဲ့ပါတယ်။ ဒီနွေဦးတော်လှန်ရေးမှာဆိုရင်လည်း လူထုလူတန်းစားအားလုံးက တပြေးညီပါတယ်ခဲ့တယ်။ အဲ့ဒီမှာလည်း အနစ်နာခံခဲ့ရတာတွေအများကြီးရှိတဲ့ အတွက် ကျမတို့က နိုင်ငံရေးကို တဆင့်တက်ဖို့လိုပြီးဖြစ်တယ်။
နိုင်ငံရေး အဆင့်တက်မယ်ဆိုရင် ပြီးခဲ့တဲ့ကာလက အမှားတွေကို reflection ပြန်လုပ်ဖို့လိုပါမယ်။ 1988 မှာတော့ ဒီမိုကရေစီအရေးတောင်းဆိုခဲ့ကြတယ်။ ၂၀၂၁ မှာတော့ ဖက်ဒရယ်ဒီမိုကရေစီဆိုပြီးတောင်းဆိုလာကြတယ်။ တိုင်းရင်းသားအရေး၊ လူနည်းစုအရေးတွေကိုပါ တိုးတက်တောင်းဆိုလာကြတဲ့အတွက် ကျမတို့က transitional justice ကိုထိတွေ့ကိုင်တွယ်ဖို့လိုပြီး။ transitional justice နဲ့ပတ်သက်တဲ့ တောင်းဆိုမှုတွေကလည်း ကျည်ကျည်လောင်လောင် ထွက်လာဖို့လိုပြီး။ NUCC မှာလည်း transitional justice နဲ့ပတ်သက်ပြီး သီးခြား JCC တွေ ထားပြီးလုပ်ဆောင်လာတာတွေရှိတယ်။ ဒါကလည်း တစ်နိုင်ငံလုံးအဆင့်အနေနဲ့ပထမဆုံးလုပ်ဆောင်တာလို့ပြောလို့ရတယ်။
၄) လက်ရှိ တော်လှန်ရေးတပ်ဖွဲ့ တွေရဲ့ ထိန်းချုပ်နယ်မြေတွေမှာ အသွင်ကူးပြောင်းရေးဆိုင်ရာ တရားမျှတမှု လုပ်ငန်းစဉ်တွေကို စတင်အကောင်အထည်ဖို့ လိုပြီလား။ ဘယ်လိုပုံစံ စဉ်းစားပြင်ဆင်ထားသင့်လဲ။
နော်ဆဲဆဲ (စည်းရုံးရေးနှင့် နိုင်ငံရေးရှေ့ဆောင်ကိုယ်စားလှယ် WLB)
အသွင်ကူးပြောင်းရေးဆိုင်ရာ တရားမျှတမှုနဲ့ ပတ်သက်ရင် ပထမဆုံး သေချာစိစစ်လုပ်ဆောင်ရမှာဖြစ်ပါတယ်။ အဲ့ဒါမှ ဘယ်လူ့အခွင့်အရေးချိုးဖောက်မှု ရာဇဝတ်မှုတွေက ပြည်တွင်း ကဏ္ဍ၊ထိန်းချုပ်နယ်မြေတွေမှာ လုပ်လို့ရမလဲဆိုတဲ့ အမှုတွေနဲ့ ဘယ်အမှုတွေက နိုင်ငံတကာမှာ အရေးယူလို့ရမယ့်အမှုတွေဆိုတာကို သေချာစိစစ်ပြီးတော့ မှတ်တမ်းမှတ်ရာတွေနဲ့လုပ်ဆောင် ရမှာဖြစ်တယ်။
ကျမတို့ သိရသလောက်တော့ အသွင်း ကူးပြောင်းရေး တရားမျှတမှုကိုဖော်ဆောင်တဲ့အခါမှာ ခိုင်မာအားကောင်းတဲ့ ယန္ဆရားတွေရှိဖို့ လိုတယ်။တချို့က တိုက်နေရင်း ကိုယ့်နေမြေက local government တွေကိုလည်း ကောင်းအောင် လုပ်နေဆဲကာလတစ်ခု ဖြစ်တယ်လို့မြင်တယ်။ အဲ့ဒီလုပ်နေဆဲကာလမှာ တရားမျှတမှု ဖော်ဆောင် နိုင်ငံရေးက ခိုင်မာတဲ့ တရားစီရင်ရေးတွေနဲ့ ခိုင်မာတဲ့ မူဝါဒတွေရှိဖို့လိုတယ်။
ဒါ့အပြင် တချို့အမှုတွေက စစ်တပ်က ကျူးလွန်တာတွေပဲ မဟုတ်ပဲနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေကလည်း ကျူးလွန်နေတာတွေရှိတယ်။ ဒါတွေကိုလည်း တရားမျှတမှု ရှာဖွေဖို့တွေက လုပ်ဆောင်ဖို့လိုတယ်။
ဆလိုင်း ထွန်းလင်းအောင် (မြန်မာနိုင်ငံလုံးဆိုင်ရာ ချင်းကျောင်းသားများသမဂ္ဂ)
ကျနော်တို့ကတော့ စပြီးမှ အကောင်အထည် ဖော်ဖို့တော့လိုပါပြီး။အမှန်တရားတွေကို ရှာဖွေတဲ့ အပိုင်းကိုတော့ စပြီးမှ လုပ်ဖို့လိုပြီး။ လက်ရှိတော်လှန်ရေးအရွေ့ကိုပြန် သုံးသပ်ကြည့်ရင် တော်တော်များများနယ်မြေတွေက တော်လှန်ရေးတပ်ဖွဲ့တွေဆီကိုရောက်သွားပြီး။ တော်လှန်ရေးတပ်ဖွဲ့တွေဆီရောက်သွားတဲ့နယ်မြေတွေမှာ အုပ်ချုပ်ရေး ယန္တရား တွေလည်ပတ်နေနိုင်တာတွေလည်းရှိနေပြီး။ အုပ်ချုပ်ရေးအစုအဖွဲ့တွေကနေ ဒါကို စပြီး အကောင်အထည်ဖော်ဖို့လိုပြီးဆိုတာကို မီးမောင်းထိုးပြချင်ပါတယ်။
၅) အသွင်ကူးပြောင်းရေးဆိုင်ရာ တရားမျှတမှုကို စတင် အကောင်အထည်ဖော်ဖို့ဆိုရင် အဓိက အက္ခရာ ကျတဲ့ အရာက ဘာလဲ။ NUCC အနေနဲ့ ဒီကိစ္စအပေါ် ဘယ်လို စတင်ဖော်နေလဲ။ ဘာတွေက အဓိက စိန်ခေါ်မှု ဖြစ်နေလဲ။
သဉ္ဖာရွှန်းလဲ့ရည် (NUCC (JCC-TJ)
အသွင်ကူးပြောင်းရေးဆိုင်ရာ တရားမျှတမှုကို အချက်အလက်တွေစုရမယ်။တရားသူကြီးတွေလိုမယ်။ တရားရုံးတည်ဆောက်ဖို့ အတွက် ပိုက်ဆံတွေလိုမယ်ဆိုပြီး စဥ်းစားကြတာတွေများတယ်။ ကျမမြင်တာက ပစ္စည်းတွေ၊ အရင်းအမြစ်တွေ၊ ငွေကြေးတွေက စိတ်ဆန္ဒရှိရင် ဖြစ်လာတာပဲ။ စိတ်ဆန္ဒကသာလျှင် ဦးဆောင်နိုင်မယ်ဆိုရင် ကျန်တဲ့ infrastructure က ဖြစ်လာနိုင်ပါတယ်။ ကျမတို့ အဓိကလိုအပ်တာကတော့ political wills ဖြစ်ပါတယ်။ နိုင်ငံရေးစိတ်ဆန္ဒဖြစ်တယ်။ နိုင်ငံရေး စိတ်ဆန္ဒနဲ့ နိုင်ငံရေး အသိပညာနဲ့ နိုင်ငံရေး ရင့်ကျက်မှုရှိတယ်ဆိုရင် ကျန်တဲ့ infrastructure တွေ လူအင်အားတွေက အနောက်ကနေပါလာမှာဖြစ်တယ်။
၆) တော်လှန်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားနိုင်တဲ့ နယ်မြေတွေမှာ Non CDM ဝန်ထမ်းတွေကို နယ်မြေထဲက မောင်းထုတ်တာ၊ အိမ်ချိတ်ပိတ်အရေးယူတာတွေကို ပြုလုပ်တာတွေရှိခဲ့တယ်။ ဒီလို ပြုလုပ် လိုက်ခြင်းက တရားမျှတယ်လို့ ဆိုနိုင်မလား။ တရားမျှတမှု အစစ်အမှန်ရအောင် ဘယ်လို ပြုလုပ် သင့်သလဲ။
ဆလိုင်းထွန်းလင်းအောင် (မြန်မာနိုင်ငံလုံးဆိုင်ရာ ချင်းကျောင်းသားများသမဂ္ဂ)
Non CDM တွေကို အိမ်ချိတ်ပိတ်တာ၊ ကျေးရွာထဲက မောင်းထုတ်တာတို့ကို ကျနော့်အနေနဲ့ မှားတယ် မှန်တယ် ဆိုတာထက် လူကိုလူလိုပဲ မြင်ဖို့လိုပါတယ်။ ကျနော်တို့က နိုင်ငံတကာရဲ့ UDHR လိုမျိုးတွေ၊ ICSCR တို့လိုမျိုး နိုင်ငံတကာက သတ်မှတ်ထားတဲ့ လူတစ်ယောက်ရဲ့ စံနှုန်းတွေကို လိုက်နာဖို့ လိုပါတယ်။ Non CDM တွေကို နေအိမ်ချိတ်ပိတ်တာ ရွာထဲကနေ မောင်းထုတ်တယ်ဆိုတာ ကျနော် တဦးတစ်ယောက် အမြင်နဲ့ ပြောမယ်ဆိုရင် တရားမျှတမှုမရှိတာလို့ သုံးသပ်ပါတယ်။ Non cdm ပတ်သက်ပြီး တရားမျှတမှုဖော်ဆောင်ဖို့ဆိုရင် ကျနော်တို့မှာ မူဝါဒရှိဖို့လိုပါတယ်။ Non cdm မူဝါဒကို ကောင်းကောင်းရေးဆွဲပြီးမှ သူတို့နဲ့ သင့်လျော်တဲ့ ပစ်ဒဏ်ကို ကျနော်တို့ ပေးဖို့လိုပါတယ်။
နော်ဆဲဆဲ (စည်းရုံးရေးနှင့် နိုင်ငံရေးရှေ့ဆောင်ကိုယ်စားလှယ် WLB)
ကျမ အနေနဲ့က ဒါတော်လှန်ရေးကာလဖြစ်တယ်။ ကျမတို့ ကရင်မှာဆိုရင် တော်လှန်ရေးက နှစ်ပေါင်း ၇၀ ကျော်ပြီးဖြစ်တယ်။ ကျမတို့တော်လှန်ရေးလုပ်တာက ကရင်ခေါင်းဆောင်တွေက ကျမတို့ အကုန်လုံးတော်လှန်ရေးလုပ်ရမယ်ဆိုပြီး အတင်းအကြပ် လုပ်ခိုင်းတာမဟုတ်ဘူး။ တော်လှန်ရေးလုပ်တယ်ဆိုတာ ကိုယ့်ရဲ့ခံယူချက်၊ ကိုယ့်ရဲ့ moral၊ ကိုယ့်ရဲ့ရပ်တည်ချက်အပေါ်အခြေခံတယ်။ အဲ့ဒါမှသာ တော်လှန်ရေးလုပ်တာ ခိုင်ခိုင်မာမာနဲ့ရပ်တည်ပြီးလုပ်ဆောင်နိုင်မှာ။ တော်လှန်ရေးထဲပါဝင်လာဖို့ စည်းရုံးလို့ပဲရတယ်။
အတင်း အဓမ္မခိုင်းစေပြီးလုပ်ခိုင်းတာ မမှန်မကန်ဘူးလို့ ကျမမြင်တယ်။ ဒါပေမဲ့ တချို့ non cdm တွေက cdm ရဲ့ အချက်အလက်တွေပေး၊ cdm တွေရဲ့ မိသားစုတွေကို အသတ်ခံရတာ ဖမ်းဆီးခံရတာတွေကတော့ တမျိုးပေါ့။ ဒါတွေကို အချက်အလက်ကောက်ယူပြီးတော့ အခငချိန်မှာ မလုပ်နိုင်သေးရင်တောင် အသွင်ကူးပြောင်းရေးကာလမှာ လုပ်နိုင်ဖို့လိုပါတယ်။
၇) အသွင်ကူးပြောင်းရေးဆိုင်ရာ တရားမျှတမှုက ဘုံကောင်းကျိုး (common good) ကို ဖန်တီး ပေးနိုင် မလား။ ငြိမ်းချမ်းပြီး ဖွံ့ဖြိုးတိုးတက်တဲ့ လူ့ အဖွဲ့ အစည်းကို တည်ဆောက်နိုင်ဖို့ တော်လှန်ရေးထဲ ကနေ ဘုံကောင်းကျိုး ကို ဘယ်လို ရှာဖွေရမလဲ။
ဆလိုင်း ထွန်းလင်းအောင် (မြန်မာနိုင်ငံလုံးဆိုင်ရာ ချင်းကျောင်းသားများသမဂ္ဂ)
Transitional Justice က common good ကို ဖော်ဆောင်ပေးနိုင်လားဆိုတာ ကျနော်တို့လုပ်တဲ့ အပေါ်မှာလည်း အများကြီးမူတည်ပါတယ်။ ဦးသိန်းစိန်အစိုးရမှာလည်း transitional justice နဲ့ ပတ်သက်ပြီး အများကြီးလုပ်ခဲ့တာတွေရှိတယ်။ ရခိုင်ကိစ္စမှာဆို ဒေါ်အောင်ဆန်းစုကြည်လည်းပါဝင်တဲ့ ကော်မရှင်တွေ ဖွင့်ပြီးမှ စုံစမ်းစစ်ဆေးတွေလည်းလုပ်တာရှိတယ်။ ၂၀၁၇လောက်မှာ နေပြည်တော်မှာလည်း အစိုးရဝန်ထမ်းတွေအတွက် လယ်မြေတွေသိမ်းထားတာကို ပြန်ပေးဖို့ စုံစမ်းစစ်ဆေးတာတွေလည်းလုပ်ခဲ့တာရှိတယ်။ ကျောင်းသားတွေကို ဖမ်းတဲ့ကိစ္စတွေမှာလည်း ရှိတယ်။ လုပ်နေတာတွေတော့ရှိတယ်။ ဒါပေမဲ့လုပ်နေတာတွေက တရားမျှတမှုမရှိဘူး သူတို့ လိုရာဆွဲသွင်းပြီးလုပ်နေတာဖြစ်တဲ့အတွက် အရာမရောက်ဘူးလို့ဆိုနိုင်တယ်။
အခုတော်လှန်ရေးမှာလည်း အသွင်ကူးပြောင်းရေးဆိုင်ရာ တရားမျှတမှုကို ဖော်ဆောင်တဲ့အခါ တစ်ဦးတစ်ယောက်ချင်းဆီမှာ အရေးကြီးတာက တကယ့်တကယ်ကို တရားမျှတမှုဖော်ဆောင်ရမယ်ဆိုတဲ့ စိတ်အားထက်သန်မှုရှိဖို့လိုတယ်။ အဲ့လိုမှမဟုတ်ပဲ နာမည်ခံပဲ လုပ်မယ်ဆိုရင် ဘုံကောင်းကျိုးဆိုတာ မဖြစ်လာနိုင်ပါဘူး။ ကျူးလွန်သူတွေလည်း ကျူးလွန်မှုနဲ့ထိုက်သင့်တဲ့ ပြစ်ဒဏ်ရှိဖို့လိုသလို ကျူးလွန်ခံရသူတွေကိုလည်း ပြန်လည်ကုစားပေးဖို့လိုတယ်။
နော်ဆဲဆဲ (စည်းရုံးရေးနှင့် နိုင်ငံရေးရှေ့ဆောင်ကိုယ်စားလှယ် WLB)
ကျမတို့အသွင်ကူးပြောင်းရေးဆိုင်ရာတရားမျှတမှုကို ဖန်တီးတဲ့ အခါ ဖြစ်စဥ်နဲ့ အားလုံးကိုယ်စားပြုမှု ပါဝင်မှုကအရေးကြီးတယ်။ ကျမတို့ မြန်မာနိုင်ငံက မတူကွဲပြားတဲ့ ပဋိပက္ခ မျိုးစုံရှိတယ်။ ဒါ့အပြင် လုံးဝ အကြမ်ူဖက်မှုကို ဆန့်ကျင်တဲ့ ခံယူချက်တွေရှိရမှာဖြစ်သလို လူ့အခွင့်အရေး ချိုးဖောက်မှုကို လုံးဝ ဆန့်ကျင်တဲ့သူတွေဖြစ်ရမယ်။ ဒီခံယူချက်တွေမရှိဘူးဆိုရင် common good ရဖို့က လွယ်မှာ မဟုတ်ဘူး။ ကျမတို့ ရပ်တည်ချက်တူညီကြတဲ့သူတွေကိုစုစည်းပြီးတော့ အကောင်အထည်ဖော်ဆောင်ရွက်ရမှာဖြစ်ပါတယ်။ ကျရာ ကဏ္ဍ မှာလုပ်ဆောင်ရမှာဖြစ်ပါတယ်။ အသွင်ကူးပြောင်းရေးဆိုင်ရာ တရားမျှတမှုကိုလုပ်ဆောင်တဲ့ဆီမှာလည်း အမျိုူသမီးတွေရဲ့ အခန်း ကဏ္ဍ ကလည်းအရေးကြီးပါတယ်။ ဘယ် ပဋိပက္ခ မဆို အမျိုးသမီးတွေက အကြမ်းဖက်ခံရတာတွေအများဆုံးဖြစ်ပါတယ်။
သဉ္ဖာရွှန်းလဲ့ရည် (NUCC (JCC-TJ)
တရားမျှတမှုက ကျမတို့ အားလုံးရဲ့ ဘုံကောင်းကျိုးကိုဖြစ်စေသလား။ တချို့က ပြောကြတယ်။ သေပြီးသား လူတွေထက် ရှင်နေတဲ့လူတွေရဲ့ ကောင်းကျိုးကို ထည့်တွက်ပေးကြပါ။ ပြောချင်တာ တရားမျှတမှုကို အော်မနေနဲ့တော့။ တရားမျှတမှုကို အော်နေတာက ရှင်နေတဲ့သူတွေပိုပြီး နစ်နာတာပဲဖြစ်မယ့်လို့ဆိုကြတယ်။
ဒီအတိုင်းနားထောင်ကြည့်မယ်ဆိုရင်တော့ မှန်သလို ရှိပေမဲ့ တကယ်ရော စစ်စစ်မှန်မှန်တရားမျှတမှုကိုရမလား။ တကယ်ရော စစ်စစ်မှန်မှန် အသက်ရှင်နေတဲ့သူတွေကရော စစ်မှန်တဲ့ရှင်သန်မှုကိုရမလားပြန်တွေ့ရမလဲ။ ကျမတို့ နှစ်ပေါင်းများစွာဖိနှိပ်မှုတွေကြုံနေရတယ်။ ဒီမဖိနှပ်မှုတွေကနေ ပြစ်ဒဏ်ကင်းလွှတ်ခွင့်တွေရနေကြတယ်။ ဒီလူတွေက နောက်ထပ်ကျူးလွန်မှုတွေ မကျူးလွန်ဘူးလို့ ဘယ်သူတွေမှ အာမ မခံနိုင်ကြဘူး။ ၂၀၀၈ ကို မဖျက်ခဲ့ဘူးဆိုရင် ၂၀၀၈ ကို သုံးပြီးတော့ ဘယ်သူမှ အာဏာ မသိမ်းဘူးဆိုတဲ့ အာမခံမှုမျိုးကို ဘယ်သူပေးနိုင်မလဲဆိုတဲ့ မေးခွန်းမျိုးရှိပါတယ်။ တစ်ခေါက်မှားဖူးတဲ့သူက နောက်တစ်ခါမှားဖို့ တွေဝေမနေတော့ဘူး။
ပြစ်ဒဏ်ကင်းလွတ်ခွင့်ခံစားနေရတဲ့သူက နောက်တခါ ထပ်မှားဖို့ မခက်ခဲနေတော့ဘူး။ ရိုဟင်ဂျာ ဂျီနိုဆိုက်ဆိုရင် ဘယ်လောက်ပဲ hot issues ဖြစ်ခဲ့ဖြစ်ခဲ့ စစ်တပ်က အခုချိန်ထိ ပြည်သူတွေကို လေကြောင်းတိုက်ခိုက်နေတုန်းပဲ။ ပြည်သူထဲကပေါက်ဖွားလာတဲ့ ဒီစစ်တပ်ကို ပြုပြင်ပေးဖို့ တည့်မတ်ပေးဖို့က ကျမတို့ ပြည်သူတွေအထဲမှာပဲ တာဝန်ရှိပါတယ်။ ဒါတွေကို ပြည်သူတွေကလည်း အကောင်အထည် ဖော်ဆောင်ရွက်နေပါပြီး။ လမ်းခုလတ်ကို ရောက်နေပါပြီး။
တရားမျှတမှုက အားလုံးအတွက် ဘုံကောင်းကျိုးဖြစ်တယ်။ အခုလက်ရှိ အသက်ရှင်နေတဲ့ သူတွေအတွက်သာ မက သေဆုံးခဲ့တဲ့ ကျမတို့ရဲဘော် ရဲဖက်တွေအတွက်ပါ နောက်မျိုးဆက်တွေအတွက် ပါ ငြိမ်းချမ်းပြီးတော့ ရေရှည်တံ့တည့်တဲ့ အသိုင်းအဝိုင်း ကို ဆောင်ကျဥ်းပေးနိုင်မှာဖြစ်ပါတယ်။