ဒစ်ဂျစ်တယ်အာဏာသိမ်းမှု အပိုင်း ( ၂)
အတွဲ ၂၊ အပိုင်း ၁၁ ရဲ့ ခေါင်းစဥ်ဖြစ်တဲ့ ဒစ်ဂျစ်တယ်အာဏာသိမ်းမှုဆိုတဲ့ ဆွေးနွေးချက်ရဲ့ ဒုတိယပိုင်းမှာတော့ ဒစ်ဂျစ်တယ်လုံခြုံရေးကျွမ်းကျင်သူ မနန္ဒာက အာဏာသိမ်းပြီးနောက်ပိုင်း ကော်ပိုရိတ်တွေရဲ့ အခြေအနေနဲ့ ဒစ်ဂျစ်တယ်လွတ်လပ်မှုရဲ့ အရေးကြီးပုံကို ဆွေးနွေးထားပါတယ်။ ဆွေးနွေးထားတာရဲ့ ကောက်နုတ်ချက်တချို့ကတော့ …
“နိုင်ငံအတွင်းက ICT လုပ်ငန်းတွေကို ခွဲပြီးကြည့်ရင် inhouse လို့ ခေါ်တဲ့ ကိုယ့်ကော်ပိုရိတ်လုပ်ငန်းအတွက် ကိုယ်ကိုယ်တိုင် ဝန်ဆောင်မှုတွေ ဖန်တီးတဲ့ လုပ်ငန်းမျိုးက တခု၊ ဥပမာ ကိုယ့်ဝက်ဆိုက် ကိုယ့်ဟာကိုယ်လုပ်မယ်။ နောက်တခုကကျတော့ outsource သမားတွေ။ သူတို့ကကျတော့ ဝန်ဆောင်မှု ရောင်းစားတဲ့သူတွေ။ တခြားကော်ပိုရိတ်အတွက် ဝန်ဆောင်မှုပေးတယ်။ inhouse သမားတွေက သူတို့ကိုယ်တိုင် စနစ်တွေကို ထိန်းသိမ်းတာ ဖြစ်တဲ့အတွက် သူတို့ဒေတာတွေကို ကြိုက်သလို ထိန်းချုပ်ပြီးတော့ ဆောင်ရွက်လို့ရတယ်။ သို့သော် outsource သမားကျတော့ outsource လုပ်ငန်းက ကြီးလာလေလေ စစ်အစိုးရနဲ့ ဆက်စပ်မှု ရှိလေလေပဲ။ ICT လုပ်ငန်းတွေမှာဆိုရင် ရှေးကနဦးစကတည်းက စွန့်ဦးတီထွင်စီးပွားရေးဘဝကတည်းက စခဲ့တဲ့ ICT လုပ်ငန်းဆိုတာက ဝန်ကြီးဌာနတွေရဲ့ ဆော့ဝဲတွေ ဝန်ကြီးဌာနတွေ လုပ်ဆောင်နေတဲ့ လုပ်ငန်းစဥ်တွေမှာ သူတို့ support ပေးခဲ့တာ။ ဝန်ဆောင်မှုရောင်းခဲ့တဲ့ သူတွေပဲ ဖြစ်တယ်။ အဲဒီတော့ နဂိုကတည်းက ချိတ်ဆက်က ရှိနေပြီးသား။ အဲဒီချိန်မှာ ကော်ပိုရိတ်လုပ်ငန်းတွေအနေနဲ့ အာဏာသိမ်းမှုဖြစ်သွားတဲ့အတွက်ကြောင့် ဝန်ကြီးဌာနတွေကိုပေးနေတဲ့ ဝန်ဆောင်မှုတွေကိုအားလုံး ရပ်တန့်လိုက်ကြမလား။ ဒါသည် အကြီးမားဆုံး စိန်ခေါ်မှုလို့ ကျွန်မမြင်တယ်ပေါ့နော်။ အိုခေရပ်တန့်လိုက်မယ်ဆိုရင် ကိုယ့်အဖွဲ့အစည်း၊ ကိုယ့်အိုင်တီပညာရှင်ကို ဘယ်လောက်ထိ လုံခြုံရေးပြုလုပ်ပေးနိုင်မှာလဲ။ ကိုယ့်အချက်အလက်တွေက ဘယ်လောက်ထိ တဖက်ကို ရောက်နေပြီလဲ။ နောက်တခုက အစိုးရနဲ့ တိုက်ရိုက်လိုင်စင်ယူပြီး လုပ်ဆောင်တဲ့လုပ်ငန်းတွေ။ Internet Service Provider အကြီးတွေပေါ့။ ဒါတွေကတော့ ရှင်းတယ်။ နဂိုကကတည်းက စစ်ကောင်စီဆီမှာ လုပ်ငန်းလိုင်စင်လျှောက်ထားရတယ်။ ဆက်သွယ်ရေးဝန်ကြီးဌာနရဲ့ အောက်ထဲကနေ သွားရတဲ့အတွက်ကြောင့်မို့ ဘယ်အချိန်မှာပဲ ဖြစ်ဖြစ် ကြိုက်တဲ့ဒေတာတောင်းလို့ရတယ်၊ စစ်ဆေးလို့ရတယ်။”
“လူတယောက်အတွက် ရုပ်ပိုင်းဆိုင်ရာ လွတ်လပ်မှုအတွက် ရှိနေဖို့ အရေးကြီးသလို ဒစ်ဂျစ်တယ်လွတ်လပ်မှုကလည်း အရေးကြီးပါတယ်။ ဒစ်ဂျစ်တယ်ပေါ်မှာလည်း မကောင်းမှုရာဇဝတ်မှုတွေက အများကြီးရှိတယ်။ သို့သော်လည်း လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်၊ လွတ်လပ်စွာ သတင်းအချက်အလက်ရပိုင်ခွင့်၊ ရင်းမြစ်တွေ ရရှိခွင့်။ ဒီသုံးခုက အင်တာနက်လွတ်လပ်မှုရဲ့ အနှစ်သာရပဲ။ ဒီအချက်သုံးချက်သာ မရရှိဘူးဆိုရင် ကျွန်မတို့တွေ နောက်မျိုးဆက်တွေမှာ မှားယွင်းတဲ့အချက်အလက်တွေ ရရှိလာနိုင်တယ်။ အကျိုးဆက်တွေဟာ တော်တော်လေး ပြင်းထန်တယ်လို့ ကျွန်မက ယူဆတယ်”