ဖက်ဒရယ်ပြည်ထောင်စုစနစ်ထဲက ပြည်နယ် / ဖက်ဒရယ်ယူနစ်တို့ရဲ့ အခန်းကဏ္ဍ (စကားဝိုင်းအနှစ်ချုပ်)
Mu Maria (တွဲဖက်အတွင်းရေးမှူး-၁ | UKSY)
၁) ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရာမှာ ပြည်နယ် / ဖက်ဒရယ်ယူနစ်တို့ရဲ့ အခန်းကဏ္ဍ ဘယ်လောက် အရေးကြီးပါသလဲ။
မြန်မာနိုင်ငံကို ဖက်ဒရယ်နိုင်ငံ အဖြစ်လတည်ဆောက်ကြမယ်လို့ ကျမတို့ ကြွေးကြော်ကြတာဖြစ်တယ်။ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်တဲ့ အခါ ဖက်ဒရယ်ပြည်နယ်၊ ဖက်ဒရယ်ယူနစ်တွေက သိပ်ကို အရေးကြီးတဲ့ အခန်း ကဏ္ဍ မှာ ရှိတယ်။ ကျမတို့ ပင်လုံ သမိုင်းကိုပြန်ကြည့်မယ် ဆိုရင်တောင် ကျမတို့ ပြည်ထောင်စု တည်ဆောက်ကြမယ်။ သီးခြားဖြစ်နေတဲ့ ကချင်း၊ ချင်း၊ ရှမ်း စတဲ့ ပြည်နယ်တွေ ပေါင်းစုပြီး လွတ်လပ်ရေးယူကြမယ်။ သီးခြားတည်ရှိနေတဲ့ ပြည်နယ်တွေကို စီမံခန့်ခွဲတဲ့နေရာမှာ လွတ်လွတ်လပ်လပ် ရပ်တည်နေတဲ့ ပြည်နယ်တွေကို ယူနစ်တစ်ခုလို့ သတ်မှတ်လို့ရတယ်။ ဒီပြည်နယ်အတွင်းက ယူနစ်တွေကိုလည်း ထည့်သွင်း စဥ်းစားရမယ်။ အဓိက က မတူကွဲပြားမှုတွေ၊ လူမျိုးစုအလိုက် ကိုယ်ပိုင် အုပ်ချုပ်ခွင့်တွေက ဖက်ဒရယ်ရဲ့ အနှစ်သာရ ဖြစ်တယ်။ ဖက်ဒရယ်တည်ဆောက်တဲ့အခါ ပြည်နယ် ယူနစ်တွေရဲ့ အာဏာခွဲဝေမှုက သိပ်ကို အရေးကြီးပြီး ထည့်သွင်းစဥ်းစားရမှာဖြစ်ပါတယ်။
၂) အနာဂတ်ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်တဲ့အခါ အချုပ်အခြာအာဏာ၊ သွေးစည်း ညီညွတ်မှု၊ လူထုနှင့်အနီးကပ်ဆုံးအာဏာနှင့် အချိုးကျမှု အခြေခံမူများအတိုင်း လုပ်ပိုင်ခွင့်အာဏာခွဲဝေ ကျင့်သုံးမယ်လို့ ပြည်နယ်အားကောင်းရေးမှာ ပြည်ထောင်စု အားကောင်းရေး (Bottom-up Federalism)မူကို တိုင်းရင်းသားခုခံတော်လှန်ရေးအဖွဲ့အစည်းများက ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် စက်တင်ဘာ ၁၉ ရက်က ထုတ်ပြန် ထားပါတယ်။ သူတို့ပြောတဲ့ လုပ်ပိုင်ခွင့်အာဏာခွဲဝေ ကျင့်သုံးမယ်ဆိုတာကို ဘယ်လိုနားလည်နိုင်မလဲ။ ဖက်ဒရယ် နိုင်ငံတွေမှာ လုပ်ပိုင်ခွင့်အာဏာတွေကို ဘယ်လိုခွဲဝေကျင့်သုံးကြပါသလဲ။
တိုင်းရင်းသား ၉ ဖွဲ့ကတော အချိုးကျ အာဏာခွဲဝေမှုတွေနဲ့သွားသင့်တယ်။ အဓိက ပြည်နယ်အားကောင်းရေးကို တည်ဆောက်ကြမယ်ဆိုတာ ထုတ်ပြန်ခဲ့တာ ရှိတယ်။ နံပါတ် ၁ အနေနဲ့ပြောရင် ပြည်ထောင်စုအဆင့်မှာ FDC charter အနေနဲ့ သဘောတူထားတာရှိတယ်။ FDC ရဲ့ နိုင်ငံရေး လမ်းပြမြေပုံလို့ ပြောရမလား သဘောတူညီချက်နဲ့ သွားနေတာပေါ့။ FDC ပြည်ထောင်စုအဆင့်ကိုကြည့်မယ် ဆိုရင် NUCC မှာ ပြည်နယ်ကိုယ်စားပြုက နေပါလာတဲ့ သူတွေ တချို့က နုတ်ထွက်ခဲ့တာတွေရှိတယ်။ NLD ဆိုလည်း နုတ်ထွက်ခဲ့တာရှိတယ်။ စုစည်းမှုနဲ့ ကိုယ်စားပြုမှုက သိပ်အားမကောင်းခဲ့ဘူး။
တော်လှန်ရေးအောင်ပြီးမှ ဖက်ဒရယ်ကို ဆွေးနွေးကြမယ်ဆိုရင်လည်း အရမ်းနောက်ကျသွားလိမ့်မယ်။ အကယ်၍ နှစ်ပေါင်း ၇၀ အတွေ့အကြုံရှိပြီးသားဖြစ်တယ်။ အဲ့ဒါကြောင့်မို့ တိုင်းရင်းသားတွေက ကိုယ့်ပြည်နယ်မှာ တည်ဆောက်ပြီးမှ ပြည်ထောင်စုအဆင့်မှာ အားကောင်းဖို့ ဆက်သွားကြမှာဖြစ်တယ်။
ဖက်ဒရယ်တည်ဆောက်ဖို့ တိုင်းရင်းသားဘက်ကိုကြည့်မယ်ဆိုရင် ရှိတဲ့ ပြည်နယ်တွေကနေပြီး ပြည်နယ်ဖွဲ့စည်းပုံ တွေရေးဆွဲကြတယ်။ အခုက ပြည်ထောင်စုအဆင့်မှာ စုစည်းမှု အားမကောင်းနေတော့ ပြည်နယ် အားကောင်းရေး အရင်သွားကြမယ်။ အချုပ်အခြာ သူတို့ခွဲဝေကျင့်သုံးမယ်ဆိုတာက ပြည်နယ်ရဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ သတ်မှတ်ထားတဲ့ အုပ်ချုပ်ရေး တရားစီရင်ရေး ဥပဒေ ပြုရေး အာဏာတွေကို ဘယ်လို ကျင့်သုံးကြမလဲ ဆိုတာ ခွဲဝေရမယ်ဆိုတာ ဖြစ်တယ်။
၃) ၂၀၂၃ ခုနှစ် အောက်တိုဘာ ၃၁ ရက်နေ့က ထုတ်လွင့်တဲ့ ဘီဘီစီ မြန်မာပိုင်းရဲ့ မြန်မာ့နိုင်ငံရေးနဲ့ KIO / KIA ဒုဗိုလ်ချုပ်ကြီး ဂွမ်မော် ဆွေးနွေးခန်းမှာ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေး ကြိုးပမ်းမှုနဲ့ပတ်သက်ပြီး ၂၀၂၅ ခုနှစ် နောက်ဆုံးထားပြီး အဖြေရှာသင့်တယ်လို့ တိုင်းရင်းသား တော်လှန်ရေး အင်အားစုတွေဘက်က ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ဒေါ်အောင်ဆန်းစုဦးဆောင်တဲ့ NLD အစိုးရတို့ကို ၂၀၁၈ ခုနှစ်ကတည်းက ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးကို ဦးဆောင်ဖို့ အကြံပြု တိုက်တွန်းခဲ့တာရှိသလို အဲဒီတိုက်တွန်းတဲ့ အယူအဆကို လက်မခံဘဲ၂၀၂၅ ခုနှစ်လွန်သွားရင် အကြံပြုတိုက်တွန်းချက်အယူအဆက ပြောင်းသွားမယ်ဆိုပြီး သဘောထား ကို ပြောထားတာ တွေ့ရပါတယ်။ ဘာကြောင့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးက မြန်မာပြည်အတွက် အခုချိန်ထိ ကြီးမားတဲ့ ပြောင်းလဲမှု မရှိနိုင်သေးတဲ့ အတားအစီးက ဘာလဲ။ ဖက်ဒရယ်တည်ဆောက်ရေးအတွက် နောက်တဆင့်တိုးပြီး ဘယ်လိုချဉ်းကပ်သင့်တယ်လို့ မြင်သလဲ။
နှစ်ပေါင်းများစွာက ဘာလို့ ဖက်ဒရယ်ကို မတည်ဆောက်နိုင်သေးလဲ ဆိုတဲ့ဆီမှာ အဓိက အဟန့်အတား ဖြစ်နေတာက နှစ်ပေါင်းများစွာ အုပ်ချုပ်နေတာက စစ်တပ်ဖြစ်နေလို့ပဲဖြစ်တယ်။ ဦးနု ဆီကနေ ဦးနေဝင်း အာဏာ သိမ်းပြီးတဲ့ နောက်မှ ဖက်ဒရယ်ဆိုတာ ခွဲထွက်တယ်ဖြစ်တယ်လို့ ပြောတဲ့ဆီမှာ ပြည်သူတွေက နားမလည်ကြ တာရှိတယ်။
ပြည်သူတွေက ဖက်ဒရယ်ကိုတောင်းဆိုတဲ့အခါ စားပွဲဝိုင်းပေါ်မှာတောင်းဆိုလို့ မရလို့ လက်နက်ကိုင် လာကြတယ်။ လက်နက်ကိုင်တော့ သူပုန်တွေဖြစ်တယ်။ နှိမ်နင်း ရမယ် ဆိုပြီးဖြစ်လာတယ်။ ၂၀၁၅ NLD က အနိုင်ရတဲ့ ဆီမှာလည်း အဓိက အပစ်အခတ်တွေရပ်ပြီးတော့ စားပွဲပေါ်မှာ ဆွေးနွေးကြမယ်ဆိုတာ တွေရှိလာခဲ့တယ်။ ဒါလည်း မအောင်မြင်ခဲ့ဘူးလို့ ပြောလို့ရတယ်။ ဦးဆောင်တဲ့ သူတွေနဲ့ တိုင်းရင်းသား ပြည်သူတွေကြားမှာ ညှိနှိုင်းမှုတွေ မလုပ်နိုင်တာကြောင့် တည်ဆောက်လို့ မရတာဖြစ်တယ်။
ရှေ့လျောက်ဘယ်လို သွားသင့်လဲ ဆိုတော့ ပြည်နယ်တွေ တိုင်းရင်းသားတွေ အတွက် အာမခံချက်ရှိတဲ့ ဖက်ဒရယ်ဖွဲ့စည်းပုံကို အရေးတကြီး ဖော်ဆောင်ဖို့လိုတယ်။ပြည်ထောင်စုနဲ့ ပြည်နယ်မှာ အာဏာကို ဘယ်လို ခွဲဝေကျင့်သုံးမလဲ။ အမျိုးသားတန်းတူရေး ကိစ္စတွေမှာ ဘယ်လို အာမခံချက်ပေးမလဲ ဆိုတာ အရေးကြီးပါတယ်။
မောင်သုည (တည်ထောင်သူ – သုညဖက်ဒရယ်ပညာရေးဖောင်ဒေးရှင်း )
၁) အနာဂတ်ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်တဲ့အခါ ပြည်နယ်အားကောင်းရေးမှာ ပြည်ထောင်စု အားကောင်းရေး (Bottom-up Federalism) ကို ခိုင်ခိုင်မာမာ ကျင့်သုံးသွားမယ်လို့ တိုင်းရင်းသား ခုခံတော်လှန်ရေးအဖွဲ့အစည်းများက ပူးပေါင်းထုတ်ပြန်ထားတာ ရှိပါတယ်။ ဘာကြောင့် အခုကာလမှာ ထုတ်ပြန်ရ တာလို့ မြင်လဲ။ ဒီလိုထုတ်ပြန်လိုက်တာဟာ ကနေ့ဖက်ဒရယ် တည်ဆောက်ရေး လမ်းကြောင်းကို သွားနေတဲ့ အခင်းအကျင်းမှာ ဘယ်လောက်ထိ ကြီးမားတဲ့ သက်ရောက်မှု ရှိနိုင်မယ်လို့ထင်လဲ။
ကျနော့အနေနဲ့ bottom up federalism အပေါ်မှာ EROs တွေ စုပေါင်းကြေညာတာ ကောင်းတယ်လို့ ယူဆ ပါတယ်။ အနာဂတ် ဖက်ဒရယ်တည်ဆောက်ရေးအတွက် ကတိပေးတဲ့ ကြော်ငြာစာတမ်းမျိုးဆန်ပါတယ်။ ပြည်နယ်အားကောင်းရေးမှ ပြည်ထောင်စု အားကောင်းရေး ဆိုတဲ့ မျှခြေပုံစံဖြစ်တယ်လို့ ယူဆလို့ရပါတယ်။ ဘယ်ဖက်ဒရယ်နိုင်ငံမှာ မဆို လူထုနဲ့ အနီးစပ်ဆုံး အစိုးရကို အာဏာခွဲဝေရပါတယ်။ ကျနော်ကတော့ ဖက်ဒရယ် ပညာရေးနဲ့ ဆက်စပ်တွေးနွေးချင်ပါတယ်။
NUCC ကနေ ဖက်ဒရယ် ပညာရေးမှု ကို ထုတ်ပြန်ကြေညာထားပါတယ်။ ဗဟိုအဆင့်က ပြောတာကို လိုက်လုပ်ရတဲ့ top down မဟုတ်ပဲ ကျောင်းအဆင့်ကနေ တက္ကသိုလ်အဆင့်၊ ပြီးရင် မြို့နယ် အဆင့်တွေစုစည်းပြီးတော့ ပြည်နယ်အဆင့်၊ ပြည်နယ်အဆင့်က ပညာရေးကောင်စီတွေစုပေါင်းပြီး ဗဟို အဆင့်ကနေ ဖက်ဒရယ်ပညာရေးကောင်စီ ထပ်ဖွဲ့စည်းတဲ့ပုံစံက bottom up ဖြစ်တယ်။
အုပ်ချုပ်ရေးလည်း တူတူပါပဲ။ ဒေသန္တရ အစိုးရကလည်း သူ့လုပ်ပိုင်ခွင့်နဲ့သူဖြစ်ရမယ်။ ပြည်နယ် အစိုးရကလည်း သူ့လုပ်ပိုင်ခွင့်နဲ့ သူဖြစ်ရမယ်။ နောက်ပြီးတော့ ဗဟို ဖက်ဒရယ်အဆင့်ကလည်း သူ့လုပ်ပိုင်ခွင့်နဲ့ သူရှိပါမယ်။ နောက်တစ်ခုက ပြည်နယ် ပြည်ထောင်စု ပူးပေါင်းဆောင်ရွက်ရေး ကဏ္ဍတွေကလည်း ရှိကောင်းရှိလိမ့်မယ်။ ခြုံပြောရရင်တော့ ဒီ ထုတ်ပြန်ချက်က ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးအတွက် အားရ စရာပဲလို့ မြင်မိပါတယ်။
၂) ဒီလိုဆို ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရာမှာ အချုပ်အခြာ အာဏာ၏ မူလပိုင်ရှင်က ဘယ်သူတွေ ဖြစ်သင့်သလဲ။ မြန်မာနိုင်ငံရဲ့ ခေတ်အဆက်ဆက်တိုင်းမှာ အချုပ်အခြာအာဏာကို ဘယ်သူတွေက ဘယ်လိုပုံစုံမျိုး ကျင့်သုံးခဲ့ကြသလဲ။ အဲဒီလိုကျင့်သုံးခဲ့တဲ့ ကာလထဲမှာ ဘာတွေအပြောင်းအလဲ ဖြစ်သွားခဲ့သလဲ။
အချုပ်အခြာ အာဏာရဲ့ မူလပိုင်ရှင်ကိုပြောရမယ်ဆိုရင် ထူထုလူတန်းစားပေါင်းစုံ လူမျိုးပေါင်းစုံ အဖိနှိပ်ခံ ပြည်သူတွေပဲဖြစ်ပါတယ်။ ဒီမိုကရေစီ လူ့အခွင့်အရေး နဲ့ တရားမျှတတဲ့ ရွေးကောက်ပွဲတွေ ကင်းလွှတ် နေသရွေ့တော့ ကျနော်တို့ လူထုကို အချုပ်အခြာအာဏာရဲ့ ပိုင်ရှင်လို့ ပြောနေတာ လိမ်နေတယ်လို့ပဲမြင်တယ်။
၂၀၀၈ ဖွဲ့စည်းပုံမှာ တိုင်းပြည်ရဲ့ အချုပ်အခြာအာဏာ က ပြည်သူလို့ ပြောပေမယ့် စစ်ကောင်စီက မတရားအာဏာသိမ်းထားတာကလည်း ပြည်သူရဲ့ အချုပ်အခြာ အာဏာကို ရယူတာပဲဖြစ်တယ်။
တော်လှန်ရေး အင်အားစုတွေရဲ့ ထုတ်ပြန်ကြေညာချက်မှာပါတဲ့ ပြည်နယ်သူ ပြည်နယ်သားတွေက ပြည်ထောင်စုရဲ့ အချုပ်အခြာ အာဏာပိုင်ဖြစ်တယ်လို့ ပြောတာ မမှားပါဘူး။ ခေတ်အဆက်ဆက် စစ်အာဏာရှင်နဲ့ ဗမာ့ နိုင်ငံရေးသမားတွေပဲ အချုပ်အခြာအာဏာ ပိုင် လုပ်ထားကြတာပါ။
coming together ပုံစံနဲ့ တန်းတူရည်တူ ပြည်ထောင်စုကို တည်ထောင်ကြမယ် ဆိုရင် ပြည်နယ်ခေါင်းဆောင်တွေ ပြည်နယ်ကိုယ်စားပြု ပြည်သူတွေက ပြည်ထောင်စုရဲ့ တည်ထောင်သူတွေပဲဖြစ်တယ်။ ဒီခေါင်းဆောင်တွေက သက်ဆိုင်ရာ ဖက်ဒရယ်ယူနစ်နဲ့ တကွ ပြည်သူလူထုကို ကိုယ်စားပြုပြီးလာမှာ ဖြစ်တဲ့အတွက် ပြည်သူတွေ ပြည်နယ်သူ ပြည်နယ်သားတွေကသာ ပြည်ထောင်စုရဲ့ အချုပ်အခြာ အာဏာပိုင်တွေပဲ ဖြစ်တယ်လို့ ကျနော့်အနေနဲ့ ယူဆပါတယ်။ ဒါကိုက လက်ရှိမြေပုံပေါ်က ပြည်နယ်နဲ့ တိုင်းတွေကိုပဲကြည့်လို့မရဘူး။ နောင်အသစ်ပေါ်ထွန်းလာမယ့် ပြည်နယ်တွေကိုလည်း မျှော်လင့်ထားရပါမယ်။
၃) ဖက်ဒရယ်တည်ဆေက်နိုင်ရေး လမ်းကြောင်းပေါ်ကိုသွားနေတဲ့ မြန်မာပြည်အတွက် ပြည်ထောင်စုအဆင့်မှာ တော့ ဖက်ဒရယ်စနစ်ကို ကျင့်သုံးပြီးတော့ ပြည်နယ်အဆင့်မှာတော့ တပြည်ထောင်စနစ်ကို ကျင့်သုံးခွင့် ရှိပါ သလား။ နိုင်ငံတကာ ဖက်ဒရယ်နိုင်ငံတွေမှာ ဘယ်လိုကျင့်သုံးကြပါသလဲ။ သာဓကလေးနဲ့ ဆွေးနွေးပေးစေချင် ပါတယ်။ ဒီအကြောင်းအရာနဲ့ ဆက်စပ်ပြီး မြန်မာပြည် အနာဂတ်ပြည်ထောင်စု တည်ဆောက်ရေးတွက်ကို ဘယ်လိုထည့်သွင်း စဉ်းစားသင့်သလဲ။
ဒီမေးခွန်းနဲ့ ဆက်စပ်ပြီးဆွေးနွေးရရင်တော့ ဖက်ဒရယ်နိုင်ငံတွေမှာတော့ အားလုံးက ဒီမိုကရေစီစနစ်ကို ပဲ ကျင့်သုံးကြပါတယ်။ ချို့ယွင်းချက်အနေနဲ့တော့ ရှိနိုင်ပါတယ်။ တရုတ်မှာတော့ ပြည်မ ကြီးမှာ တစ်ပါတီ အာဏာရှင်စနစ်၊ ဟောင်ကောင်မှာတော့ အမည်ခံ ဒီမိုကရေစီနစ်ကို ကျင့်သုံးပါတယ်။ တောင်အာဖရိက မှာဆိုရင်တော့ ဒေသန္တရ အဆင့်မှာ တချို့သော ရိုးရာခေါင်းဆောင်တွေကို အသိအမှတ်ပြုထားတာတွေ ရှိပါတယ်။
အခုကာလ ကိုပဲပြောမယ်ဆိုရင် လွတ်မြောက်ထားတဲ့ ဒေသတွေမှာတော့ တပြည်ထောင်စနစ်နဲ့ပဲ အုပ်ချုပ်နေတာတွေ့ရပါတယ်။ တချိန်ချိန်ကျရင်တော့ ဒီမိုကရေစီစနစ်နဲ့ ဒေသန္တရ အစိုးရတွေဖြစ်လာမယ်လို့တော့ မျှော်လင့်တယ်။ တချို့ဒေသမှာဆိုရင်တော့ အရပ်ဘက် အုပ်ချုပ်ရေးနဲ့ ပတ်သတ်ပြီးပြောဆိုနေတာတွေကိုတော့ တွေ့ရပါတယ်။ ဘယ်နှစ်ခုနှစ်မှာ အရပ်သားအုပ်ချုပ်ရေး ဖြစ်အောင်ကြိုးစားမယ်ဆိုတာ တွေ့နေပါတယ်။
Salai Kipp (ပင်လုံသမိုင်းကြောင်းနှင့် ဖက်ဒရယ်ရေးရာကျွမ်းကျင်သူ)
၁) ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရာမှာ ပြည်နယ် / ဖက်ဒရယ်ယူနစ်တို့ရဲ့ အခန်းကဏ္ဍ ဘယ်လောက် အရေးကြီးပါသလဲ။
ကျနော် တို့ နိုင်ငံအတွက်ဆို ဖက်ဒရယ် တည်ဆောက်တဲ့ အခါ ဖက်ဒရယ်ယူနစ်တွေက သိပ်ပြီး အရေးကြီးပါတယ်။ ကျနော်တို့ က နှစ်ပေါင်းမြောက်များစွာ လွတ်လပ်ရေး ရကတည်းက ဖက်ဒရယ်စနစ်ကို တည်ထောင်ဖို့ ပျက်ကွက်ခဲ့ကြတယ်။ ပင်လုံမှာလည်း လက်မှတ်ရေးထိုးပြီး ဖက်ဒရယ် ပြည်ထောင်စုတည်ထောင်မယ်လို့ သန္နိဋ္ဌာန်ချ ခဲ့ပြီးတော့ ယနေ့အထိ မလုပ်နိုင်ခဲ့ကြဘူး။
နှစ် ၇၀ ကျော်သွားပြီး။ ဒါကြောင့်လည်း ဗမာပြည်သူတွေ အပါအဝင် ကျနော်တို့ တိုင်းရင်းသား ပြည်သူတွေပါ ဒုက္ခရောက်နေကြတာ။ နှစ်ပေါင်းမြောက်မြားစွာတောင်းဆိုလာကြတယ်။ ဖက်ဒရယ်ယူနစ်တွေအတွက် တိုင်းရင်းသားတွေက နိုင်ငံရေးနည်းနဲ့ တောင်းဆိုတာ မရတဲ့ နောက်ဆုံးမှာ လက်နက်ကိုင်လာတာ ဖြစ်တယ်။ အဲ့ ဒီ အချိန်မှာတော့ ဗမာညီကိုတွေက ဒါကို သိပ်နားမလည်ကြသေးဘူး။
ခေါင်းဆောင်တွေ ကိုယ်တိုင်က နားမလည်ကြဘူး။ လိုလည်း မလိုလားကြဘူး။ သူတို့က အတိတ်ပဲစွဲနေတာ။ အတိတ်ကာလမှာတုန်းက တစ်ပြည်ထောင် စနစ်နဲ့နေခဲ့တယ်လို့ စွဲနေတယ်။ ဒါကလည်း ဂျင်းတွေ မိထားတာကိုး။
လက်နက်ကိုင်တိုင်းရင်းသားတွေရဲ့ အခေါ်အဝေါ်နဲ့ ပြောရရင် မဟာဗမာ အင်စတီကျူးရှင်းတွေက အရမ်းကောင်းပြီးတော့ ရေးလိုက်တိုင်း ရေးလိုက်တိုင်း စာရေးဆရာက ပဲရေးရေး သမိုင်း ဆရာ ကလည်းရေးရေး ပြည်ထောင်စုကြီးက အစကတည်းကရှိတယ်။ ပုဂံခေတ်ကတည်းကရှိတယ်။ ဗမာမင်းတွေကပဲ အကုန်လုံးကို ထိန်းချုပ်ထားတယ်လို့ ရိုက်သွင်းထားတာကြောင့် သူတို့တွေက ဖက်ဒရယ်အစိုးရကို လက်မခံနိုင်ကြဘူး။ လုံးဝလည်း သူတို့ ခေါင်းထဲမှာ မရှိဘူး။ အတွေးအခေါ်ထဲမှာလည်း မရှိဘူးဖြစ်နေတယ်။
ဒါကြီးကိုပြောင်းလဲဖို့ ကြိုးစားတာကြောင့် ပြည်တွင်းစစ်ကြီးက ဖြစ်လာတာ နှစ် ၇၀ ကျော်တယ်။ အခုတော့ ဖက်ဒရယ်ဆိုတာကို ဘာမှ ထွေထွေထူးထူးပြောစရာမလိုတော့ပါဘူး။
၂) ဖက်ဒရယ်တည်ဆေက်နိုင်ရေး လမ်းကြောင်းပေါ်ကိုသွားနေတဲ့ မြန်မာပြည်အတွက် ပြည်ထောင်စုအဆင့်မှာ တော့ ဖက်ဒရယ်စနစ်ကို ကျင့်သုံးပြီးတော့ ပြည်နယ်အဆင့်မှာတော့ တပြည်ထောင်စနစ်ကို ကျင့်သုံးခွင့် ရှိပါ သလား။ နိုင်ငံတကာ ဖက်ဒရယ်နိုင်ငံတွေမှာ ဘယ်လိုကျင့်သုံးကြပါသလဲ။ သာဓကလေးနဲ့ ဆွေးနွေးပေးစေချင် ပါတယ်။ ဒီအကြောင်းအရာနဲ့ ဆက်စပ်ပြီး မြန်မာပြည် အနာဂတ်ပြည်ထောင်စု တည်ဆောက်ရေးတွက်ကို ဘယ်လိုထည့်သွင်း စဉ်းစားသင့်သလဲ။
ဖက်ဒရယ်နိုင်ငံထူထောင်တဲ့ အခါမှာတော့ ပြည်နယ်အတွင်းမှာတော့ လွတ်လပ်တဲ့ နိုင်ငံရေး စနစ်ကို မူအရ တော့ ရွေးချယ်ခွင့်ရှိပါတယ်။ ဒါပေမယ့် ဖက်ဒရယ်ကွန်စတီကျူးရှင်းနဲ့တော့ ဆန့်ကျင်လို့မရဘူး။ ကျနော်တို့က ဖက်ဒရယ် ဒီမိုကရေစီစနစ်ကို ထူထောင်မှာဖြစ်တဲ့အတွက် ဒီမိုကရေစီစနစ်တော့ ဆန့်ကျင်လို့မရဘူး။ ဒီခေတ်ဒီမှာတော့ တစ်ပြည်ထောင်စနစ်က တော်တော်လေး အားနည်းနေပြီး။ လုပ်လို့မရတော့ဘူး။
ဒေါက်တာပညာမွန် (အမှုဆောင်ဒါရိုက်တာ – တိုင်းရင်းသားလူမျိုးများရေးရာ စင်တာ(ENAC))
၁) အနာဂတ်ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်တဲ့အခါ ပြည်နယ်အားကောင်းရေးမှာ ပြည်ထောင်စု အားကောင်းရေး (Bottom-up Federalism) ကို ခိုင်ခိုင်မာမာ ကျင့်သုံးသွားမယ်လို့ တိုင်းရင်းသား ခုခံတော်လှန်ရေးအဖွဲ့အစည်းများက ပူးပေါင်းထုတ်ပြန်ထားတာ ရှိပါတယ်။ ဘာကြောင့် အခုကာလမှာ ထုတ်ပြန်ရ တာလို့ မြင်လဲ။ ဒီလိုထုတ်ပြန်လိုက်တာဟာ ကနေ့ဖက်ဒရယ် တည်ဆောက်ရေး လမ်းကြောင်းကို သွားနေတဲ့ အခင်းအကျင်းမှာ ဘယ်လောက်ထိ ကြီးမားတဲ့ သက်ရောက်မှု ရှိနိုင်မယ်လို့ထင်လဲ။
ကျနော်တို့ တိုင်းရင်းသားတွေက ပင်လုံစာချုပ်လက်မှတ်ထိုးကတည်းက ဖက်ဒရယ်တည်ဆောက်ဖို့ ကြိုးစား ခဲ့တယ်။ ပြီးတော့ Nca ခေတ်ကလည်းကြိုးစားခဲ့တယ်။ တစ်ခုမှအောင်မြင်မှု မရှိခဲ့ဘူး။ ၂၀၂၁ ခုနှစ် စစ်တပ်က အာဏာသိမ်းမှု ဖြစ်ပွားလာ ဖြစ်ပြီးမှ ဖက်ဒရယ်တည်ဆောက်ရေးက ပုံစံပြောင်းသွားခဲ့တယ်။ ကိုယ့်ဖက်ဒရယ်ယူနစ်ကို ကိုယ်အားကောင်းအောင် ပြန်ကြိုးစားနေတုန်းဖြစ်တယ်။
အမှန်တကယ်တော့ တိုင်းရင်းသားခေါင်းဆောင်တွေ လိုချင်တဲ့ ဖက်ဒရယ် က coming together ပေါ့။ အဲ့ဒီချိန်မှာ ဗဟို အစိုးရက တော်တော့ကို အာဏာရှိတဲ့ အတွက် ဆွေးနွေးတဲ့အခါမှာ coming together ကိုမလုပ်နိုင်ခဲ့ဘူး။ ဘာလို့ဆိုတော့ ယူနစ်တွေမှာ power မှ မရှိတာ။ ယူနစ်တွေမှာ power မရှိတဲ့ အခါ coming together ကဖြစ်ဖို့ခက်တယ်။ coming together ဖြစ်ဖို့ဆိုရင် ယူနစ်တွေမှာ အနည်းဆုံး semi independence ဖြစ်ဖို့လိုတယ်။ နိုင်ငံရေး အာဏာကိုယ့်လက်ထဲမှာ ရှိဖို့လိုတယ်။
self-determination က ကိုယ့်လက်ထဲမှာ ရှိမှ coming together လား holding together လား တည်ဆောက်လို့ရမှာဖြစ်တယ်။ အခု coup ပြီးမှ တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့တွေပေါင်းပြီး statement ထုတ်လိုက်တာဟာ ပြန်ပြီး commitment လုပ်လိုက်တယ်လို့မြင်တယ်။ ပြည်နယ်တွေအားကောင်းအောင် အားလုံးလက်တွဲလုပ်ဖို့ ပြန်လည်ပြီး commitment လုပ်တယ်လို့ မြင်တယ်။ NUG ကိုပြသတဲ့ statement လည်းဖြစ်တယ်။ တိုင်းရင်းသားတွေက bottom up federalism လုပ်မယ်။ NUG လည်းပါဝင်လို့ရအောင် ဖော်ပြတယ်လို့ မြင်ပါတယ်။
၂) အနာဂတ်ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်တဲ့အခါ အချုပ်အခြာအာဏာ၊ သွေးစည်း ညီညွတ်မှု၊ လူထုနှင့်အနီးကပ်ဆုံးအာဏာနှင့် အချိုးကျမှု အခြေခံမူများအတိုင်း လုပ်ပိုင်ခွင့်အာဏာခွဲဝေ ကျင့်သုံးမယ်လို့ ပြည်နယ်အားကောင်းရေးမှာ ပြည်ထောင်စု အားကောင်းရေး (Bottom-up Federalism)မူကို တိုင်းရင်းသားခုခံတော်လှန်ရေးအဖွဲ့အစည်းများက ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် စက်တင်ဘာ ၁၉ ရက်က ထုတ်ပြန် ထားပါတယ်။ သူတို့ပြောတဲ့ လုပ်ပိုင်ခွင့်အာဏာခွဲဝေ ကျင့်သုံးမယ်ဆိုတာကို ဘယ်လိုနားလည်နိုင်မလဲ။ ဖက်ဒရယ် နိုင်ငံတွေမှာ လုပ်ပိုင်ခွင့်အာဏာတွေကို ဘယ်လိုခွဲဝေကျင့်သုံးကြပါသလဲ။
ကျနော့ထင်မြင်ချက်ကတော့ လုပ်ပိုင်ခွင့်အာဏာက ဖက်ဒရယ်အစိုးရနဲ့ ပြည်နယ် အစိုးရကြားမှာ ဖက်ဒရယ် constitution ရေးဆွဲတဲ့အခါမှာ ဖော်ပြပြီးမှ လုပ်ပိုင်ခွင့်တွေကို ကျင့်သုံးလေ့ရှိတယ်။ အခုက ကြားကာလ ဖြစ်နေတဲ့ အတွက် အဲ့လို constitution တော့မရှိသေးဘူး။ ဒါပေမယ့် အခုမှာတော့ FDC Charter တစ်ခုရှိတယ်။ ခုလည်း transactional constitution တစ်ခုရေးဆွဲနေတယ်လို့ သိရပါတယ်။
အဲ့ဒီမှာ လုပ်ပိုင်ခွင့်အာဏာက ဘယ်ကနေ ချပြထားလဲ ဆိုတာ မသိသေးပါဘူး။ အခု ယူနစ် အစိုးရတွေလို့ပြောပြော EROs လို့ပြောပြော interim အစိုးရပဲပြောပြော FDC ထဲမှာဖော်ပြထားတဲ့ လုပ်ပိုင်ခွင့်တွေကို စပြီး ကျင့်သုံး တော့မယ်လို့ နားလည်ပါတယ်။
ဖက်ဒရယ်ယူနစ်တွေကို တည်ဆောက်ရင်းနဲ့ ကျင့်သုံးတော့မယ်။ သူတိုက အထူးသဖြင့် NUG ကို ရည်ရွယ်ပြီး ပြောတယ်လို့ထင်ပါတယ်။ NUG ကို ပြည်ထောင်စုအစိုးရလို့ သတ်မှတ်ရင် ပြည်နယ်တွေရဲ့ လုပ်ပိုင်ခွင့်အာဏာမှာ ဝင်ရောက်စွက်ဖက်လို့ မရဘူးလို့ အသိပေးလိုက်တဲ့ သဘောလည်းဖြစ်ပါတယ်။
၃) အထက်က ဆွေးနွေးချက်နဲ့ ဆန့်ကျင်ဘက်ဆွေးနွေးစရာလည်း ရှိနေပါတယ်။ ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ (၆) ရက်နေ့ကထုတ်လွင့်တဲ့ The Diplomat က မေးမြန်းထားတဲ့ အာရက္ခတပ်တော် စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ် နိုင်ရဲ့ အင်တာဗျူးမှာ ဗိုလ်ချုပ်ထွန်းမြတ်နိုင် ဘက်က ရခိုင်ပြည်ကို တပြည်ထောင်စနစ် အစိုးရတရပ် အနေနဲ့ ကျင့်သုံးသွားမယ် အစိုးရရဲ့ အုပ်ချုပ်ရေးစွမ်းရည်အပေါ်မှာ မူတည်ပြီးတော့ ဗဟိုချုပ်ကိုင်မှု လျော့ချရေးကို စဉ်းစား လုပ်ဆောင်သွားမယ် ဆိုတာမျိုး ပြောထားပါတယ်။ ရခိုင်အမျိုးသားခေါင်းဆောင် တဦးက အခုလိုကာလမှာ ဒီစဉ်းစားချက်ကို ထုတ်ပြောလာက ဘာကြောင့်လို့ ထင်ပါသလဲ။
- ဒီနေရာမှာ တချို့ကလည်း ရခိုင်ခေါင်းဆောင် ပြောထားသလို ကျင့်သုံးမယ်ဆိုရင် ဖက်ဒရယ် (ဗဟို)အစိုးရက ပြည်နယ်တွေကြား အငြင်းပွားမှုဖြစ်လာရင် ဝင်ဖြေရှင်းဖို့၊ ဝင်ရောက်စွက်ဖက်တာ လုပ်လို့ မရဘူးဆိုရင် အခက်တွေ့နိုင်ပြီး ပဋိပက္ခဘက်ကို ပိုဦးတည် သွားမယ်ဆိုပြီး စိုးရိမ်မှုလည်း ရှိပါတယ်။
- တဘက်ကလည်း တပြည်ထောင်စုအယူအဆကို လျော့ချနိုင်ဖို့ အနာဂတ် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက် ရာမှာ ပြည်ထောင်စု အစိတ်အပိုင်းအနေနဲ့ တည်ရှိနေတဲ့ ပြည်နယ် / ဖက်ဒရယ်ယူနစ် တွေကြား အချိုးမညီတဲ့ ဖက်ဒရယ်ယူနစ် စနစ်ပုံစံ ကျင့်သုံးခွင့်ပေးသင့် တယ်ဆိုပြီး အကြံပြုချက် ရှိပါတယ်။ ဘယ်လို မြင်ပါသလဲ။
ဒါက နိုင်ငံတကာမှာရော ကျနော်တို့ နိုင်ငံမှာပါတော်တော်ကို စဥ်းစားရမယ့် issue တစ်ခုဖြစ်တယ်။ ကမ္ဘာမှာ ကျနော်သိသလောက်တော့ ကျနော်တို့ နိုင်ငံမှာ တည်ဆောက်ရမယ် model မရှိသလောက်ဖြစ် နေတယ်။ အဖွဲ့အစည်းများတယ်။ တိုင်းရင်းသားတွေများတယ်။ နိုင်ငံရေး စနစ်တွေလည်း သီးခြားရှိတယ်။ သူတို့ရဲ့ အာဏာတည်ဆောက်ရေးအတွက်လို့ထင်တယ်။
လက်ရှိမှာ သူတို့က တော်လှန်ရေးတပ်ဖွဲ့တစ်ခုဖြစ်တယ်။ တိုက်ထားပြီးတော့မှ သူတို့ နယ်မြေတွေကို အာဏာခိုင်မာအောင် ဘယ်လို တည်ဆောက်မလဲ။ ပြီးတော့မှ သူတို့ တဖြည်းဖြည်း ဖြေလျော့လာမယ်။ power sharing လုပ်လာမယ်။ သူတို့ရဲ့ ကန့်သတ်ချက်ကိုတော့ ကျနော်တော့ မသိဘူး။
bottom up federalism က ယူနစ် တစ်ခုနဲ့ တစ်ခု နိုင်ငံရေး စနစ် မတူညီလည်း ဖြစ်နိုင်တယ်။ bottom up ကတော့ ကိုယ့်ဖြစ်ချင်တဲ့ နိုင်ငံရေး စနစ်ကို တည်ဆောက်ပြီးမှ ပြန်လည်ပေါင်းစည်းတာဖြစ်တယ်။ ကျနော်တို့ ဖက်ဒရယ်နိုင်ငံတည်ဆောက်တဲ့အခါမှာ နိုင်ငံရေး စနစ်မတူညီတဲ့ ယူနစ်တွေကို ဘယ်လိုပေါင်းစည်းမလဲဆိုတာ အဖြေရှာရမယ်။ အနီးစပ်ဆုံးကတော့ အိန္ဒိယ လို့ပဲပြောရမယ်။
ရခိုင်က one party စနစ်တည်ဆောက်ထားပြီးဆိုရင် ဖက်ဒရယ်တည်ဆောက်တဲ့ အခါမှာ ညှိနှိုင်းရမှာ ဖြစ်တယ်။ နိုင်ငံရေးစနစ်မတူတဲ့ ပြည်နယ်တွေနဲ့ ဘယ်လို accommodate လုပ်ကြမလဲ ဆိုတာ စဥ်းစားရမယ်။ တခြားယူနစ်ကလည်း ဒီယူနစ်အပေါ်မှာဘယ်လို သဘောထားရှိလဲ ဆိုတာကို ကျနော်တို့တွေ အများကြီး ဆွေးနွေးရတော့မှာဖြစ်တယ်။ ယူနစ်တွေက နိုင်ငံရေး စနစ်မတူပေမယ့် အာဏာခွဲဝေမှုတော့ ရှိနေဦးမှာပဲ။ နောက်ပြီး အခြေခံ လူ့အခွင့်အရေးအတွက် စည်းတစ်ခု ထားထားဖို့တော့ ရှိရပါမယ်။
၄) ၂၀၂၃ ခုနှစ် အောက်တိုဘာ ၃၁ ရက်နေ့က ထုတ်လွင့်တဲ့ ဘီဘီစီ မြန်မာပိုင်းရဲ့ မြန်မာ့နိုင်ငံရေးနဲ့ KIO / KIA ဒုဗိုလ်ချုပ်ကြီး ဂွမ်မော် ဆွေးနွေးခန်းမှာ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေး ကြိုးပမ်းမှုနဲ့ပတ်သက်ပြီး ၂၀၂၅ ခုနှစ် နောက်ဆုံးထားပြီး အဖြေရှာသင့်တယ်လို့ တိုင်းရင်းသား တော်လှန်ရေး အင်အားစုတွေဘက်က ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ဒေါ်အောင်ဆန်းစုဦးဆောင်တဲ့ NLD အစိုးရတို့ကို ၂၀၁၈ ခုနှစ်ကတည်းက ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးကို ဦးဆောင်ဖို့ အကြံပြု တိုက်တွန်းခဲ့တာရှိသလို အဲဒီတိုက်တွန်းတဲ့ အယူအဆကို လက်မခံဘဲ၂၀၂၅ ခုနှစ်လွန်သွားရင် အကြံပြုတိုက်တွန်းချက်အယူအဆက ပြောင်းသွားမယ်ဆိုပြီး သဘောထား ကို ပြောထားတာ တွေ့ရပါတယ်။ ဘာကြောင့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးက မြန်မာပြည်အတွက် အခုချိန်ထိ ကြီးမားတဲ့ ပြောင်းလဲမှု မရှိနိုင်သေးတဲ့ အတားအစီးက ဘာလဲ။ ဖက်ဒရယ် တည်ဆောက်ရေးအတွက် နောက်တဆင့်တိုးပြီး ဘယ်လိုချဉ်းကပ်သင့်တယ်လို့ မြင်သလဲ။
၂၀၁၈ မှာပြောတယ်ဆိုတော့ NLD အစိုးရကို ပြောတယ်လို့တော့ မြင်တယ်။ ဗဟိုအစိုးရက ဖက်ဒရယ်နိုင်ငံ မတည်ဆောက်ပေးနိုင်ဘူးဆိုရင် တစ်ခုခုကြိုးပမ်းတော့မယ် လို့ ဆိုတယ်လို့တော့ မြင်တယ်။ နောက်တစ်ချက်က လက်ရှိတော်လှန်ရေးမှာဆိုရင်လည်း KIO/KIA အနေနဲ့ ၂၀၂၅ လောက်မှာ သူတို့ပြည်နယ် တစ်ခုလုံးစာကို သိမ်းပိုက်နိုင်ပြီး သူတို့လိုချင်တဲ့ ဖက်ဒရယ်ပြည်နယ် ကို တည်ဆောက်လို့ ရပြီး။ သူ့တို့ရဲ့ အချုပ်အခြာအာဏာကို တည်ဆောက်နိုင်လောက်ပြီးလို့မြင်တယ်။
ဖက်ဒရယ်နိုင်ငံတည်ဆောက်ဖို့က ညှိနှိုင်းရတဲ့အခါမှာ ပြည်နယ်တွေမှာ အာဏာမရှိတာကြောင့်ဖြစ်တယ်။ စစ်တပ်အနေနဲ့လည်း ဟို့ကတည်းက မပေးတာကြောင့်ဖြစ်တယ်။ နွေဦးတော်လှန်ရေးမှာတော့ စစ်အာဏာရှင် ရှိသရွေ့ ဖက်ဒရယ်နိုင်ငံမဖြစ်ဘူးဆိုတဲ့ အခြေအနေတွေပြောင်းသွားပြီးဖြစ်တယ်။ စစ်အာဏာရှင်ကို ဖြုတ်ချနိုင်တဲ့ အချိန်မှာ ဖက်ဒရယ်နိုင်ငံတော်ကို တည်ဆောက်လာနိုင်မယ်လို့ထင်ပါတယ်။