ချင်းပြည်အစိုးရ၏ အစိုးရလုပ်ငန်းများနှင့် တော်လှန်ရေးအရွေ့များ
Chinland Council ဒုဥက္ကဌ Pu Bawi Kung နဲ့ တွေ့ဆုံခြင်း
ဖက်ဒရယ်ဂျာနယ်၊ မြန်မာ
အောက်တိုဘာ ၂၁၊ ၂၀၂၄
၁။ ChinLand Council အနေနဲ့ ၂၀၂၄ ခုနှစ်အတွင်း ဘယ်လို တိုးတက်မှုတွေကို လုပ်ဆောင်နိုင်ခဲ့လဲ။
၂၀၂၄မှာကြတော့ ချင်းပြည်အဆင့်မှာ နိုင်ငံရေးဖော်ဆောင်မှုကော၊ အုပ်ချုပ်ရေးကော၊ တရားစီရင်ရေးကော၊ လွှတ်တော်ကော ဖော်ဆောင်နေပါတယ်။ နောက်ပြီးတော့မှ ဒေသန္တရအစိုးရမှာလည်း ပီပီပြင်ပြင်နဲ့ အုပ်ချုပ်ရေးကို ဖော်ဆောင်နိုင်ခဲ့ပြီလို့ ပြောလို့ ရပါတယ်။
၂။ လက်ရှိ ချင်းပြည်အတွင်းမှာ အုပ်ချုပ်ရေး လုပ်ငန်းတွေကို ဘယ်လို အကောင်အထည် ဖော်ဆောင်ရွက်နေတာ တွေရှိလဲ။
ကျနော်တို့က ဝန်ကြီးဌာနက ၁၄ခုရှိတယ်။ ဝန်ကြီးဌာနဝန်ဆောင်မှုကို သူတို့အတတ်နိုင်ဆုံး ပေးနေတယ်။ နောက်ပြီးတော့မှ အုပ်ချုပ်ရေးကြတော့ လက်ရှိပြည်ထဲရေးဝန်ကြီးဌာနကနေပြီးတော့မှ ဒေသန္တရအုပ်ချုပ်ရေးကို ဦးဆောင်ပြီးတော့မှ လည်ပတ်နေတာ တွေ့ရပါတယ်။ လွှတ်တော်ကတော့ ဥပဒေ ၅ခု ပြဌာန်းနိုင်ခဲ့ပါပြီ။ တရားရေး ကလည်းပဲ သူတို့ဆီမှာရောက်လာတဲ့၊ ချင်းပြည်အဆင့်မှာ ရောက်လာတဲ့ အမှုတွေကို ရာဇဝတ်ပဲဖြစ်ဖြစ်၊ တရားမပဲ ဖြစ်ဖြစ် တရားစီရင်နိုင်တာကိုလည်း ကျနော်တို့ တွေ့ရပါတယ်။
၃။ ချင်းပြည် အစိုးရပေါ်ပေါက်လာပုံနဲ့ ချင်းပြည်ဖွဲ့စည်းပုံအခြေခံဥပဒေ အသက်ဝင်ကျင့်သုံးနေပုံကို သိလိုပါတယ်။
ချင်းပြည်ဖွဲ့စည်းပုံ အခြေခံဥပဒေကတော့ ၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလ ၆ရက်နေ့မှာ အတည်ပြုပြီးသား ဖြစ်ပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေရှိတော့ ကောင်စီပေါ်လာတယ်။ ထို့နည်းလည်းကောင်းပဲ ကောင်စီကနေပြီးတော့မှ ချင်းပြည်အစိုးရအဖွဲ့ကို ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။ လွှတ်တော်ကိုလည်းပဲ အဲဒီအခြေခံဥပဒေအရ ပေါ်ပေါက်လာတယ်။ တရားရေးကလည်း အတူတူပါပဲ၊
အစောနာကပြောသလို အဲဒီအခြေခံဥပဒေအရပဲ ဒေသန္တရအစိုးရက ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။ လောလောဆယ်မှာ ဒေသန္တရအစိုးရကတော့ အားလုံး ၁၈ဖွဲ့ရှိပါတယ်။ ၉မြို့နယ်ကို ကျနော်တို့ အခြေမခံတော့ ပါဘူး။ ၉မြို့နယ်ကတော့ အဆင်မပြေဘူး။ အဲဒါကြောင့် ကျနော်တို့ လက်ရှိချင်းပြည်ရဲ့ ပကတိအခြေအနေအရ တော်လှန်ရေးရဲ့ အခြေအနေအရ တော်လှန်ရေးကာလမှာ ရေးဆွဲထားတဲ့ အခြေခံဥပဒေ ဖြစ်တယ်။ တော်လှန်ရေး ကာလမှာ အသုံးပြုမယ့် အခြေခံဥပဒေဖြစ်တဲ့အတွက် ချင်းပြည်ရဲ့ ရှိရင်းစွဲ ၉မြို့နယ်ကိုတော့ ကျနော်တို့ အခြေမခံတော့ဘူး။
အဲဒါကြောင့် ကျနော်တို့ မြို့နယ် ၇ခုနဲ့ ဟိုဖက်ကနိုင်ငံရေးအရ ကလေး၊ ဂန့်ဂေါ၊ ကဘော်ဖက်က KKG ခေါ်တာပေါ့။ အဲဒါရယ်၊ နောက်ပြီးတော့မှ အသစ်သောဒေသ ၁၀ခုပေါ့။ အဲဒါကတော့ မြို့နယ်နဲ့ အညီအမျှ ပါပဲ။ သူတို့က သီးသန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့် မြို့နယ်ပေါ့။ သူတို့အုပ်ချုပ်ရေးကို သူတို့ဖော်ဆောင်နိုင်တာ ဖြစ်ပါတယ်။ ဒါက ကျနော်တို့အခြေခံ ဥပဒေအရ ပေါ်ပေါက်လာတဲ့ အခင်းအကျင်း ဖြစ်ပါတယ်။
အဲဒီတော့ ချင်းပြည်ကတော့ အရင်ကလို မဟုတ်တော့ဘူး။ ပြောင်းလဲသွားပါပြီလို့ ကျနော်ပြောချင်ပါတယ်။
၄။ ချင်းပြည်အတွင်းနယ်မြေစိုးမိုးရေး၊ တရားဥပဒေစိုးမိုးရေး ကိုလည်း ဘယ်လောက်အထိ အကောင်အထည် ဖော်ဆောင်ရွက်နိုင်ပြီလဲ။
အထူးသဖြင့်ကတော့ ဟားခါးမြို့ပေါ်မှာက မလုပ်နိုင်သေးဘူး။ စစ်ကောင်စီ ရှိနေသေးတယ်။ အဲဒီလိုပဲ တီးတိန်မြို့ပေါ်၊ ဖလမ်း၊ မင်းတပ်၊ ကန်ပက်လက်လည်း ကျန်ခဲ့သေးတယ်။ ပလက်ဝကတော့ လောလောဆယ်မှာ AAက ဖော်ဆောင်နေတယ်လို့ ထင်တယ်။ ဒါပေမယ့် သူများပြည်နယ်မှာဆိုတော့ ပြည်သူတွေနဲ့ ကတောက်ကဆ ဖြစ်တော့ မဖော်ဆောင်နိုင်ဘူး။
လောလောဆယ်မှာတော့ တွန်းဇံမြို့နယ်မှာဆိုရင် ကောင်းကောင်း ဖော်ဆောင်နိုင်တယ်။ ဒေသလို့ခေါ်တဲ့ မြို့တွေဆီမှာတော့ ကျနော်တို့ ကောင်းကောင်းဖော်ဆောင်နိုင်တယ်။ ဥပမာ-ရိခေါ်ဒါရ်မြို့ဆိုတာက ဟွာလ်းငိုးရမ်း(Hualngoram)ဒေသ၊ လိုင်လင်းပီ၊ နောက်ပြီးတော့မှ ရေဇွာဆိုတဲ့ဟာက ဥပမာ-ဇိုတုန်ဒေသ၊ နရိန်ဆိုတဲ့မြို့က လောက်တူဒေသ အဲဒီလိုပုံစံမျိုး ကျွန်တော်တို့က သွားနေပါပြီ။ မြို့တိုင်းမှာကြတော့ ကျနော်တို့က အေးအေးဆေးဆေး ဖော်ဆောင်လို့ရတယ်။
သို့သော် မြို့နယ်ရဲ့ မြို့တွေမှာ ဟားခါးမြို့ပေါ်၊ ဖလမ်းမြို့ပေါ်၊ တီးတိန်မြို့ပေါ်၊ ကန်ပက်လက်မြို့ပေါ်၊ မင်းတပ်မြို့ပေါ် အဲဒီနေရာတွေမှာတော့ အကောင်အထည် မဖော်ဆောင်နိုင်သေးဘူးလို့ ကျနော်တို့ ဝန်ခံရမယ်။ ကျန်တဲ့နေရာကြတော့ အရင်တုန်းက ပုံမှန်အစိုးရနီးနီး ဖော်ဆောင်နိုင်နေပြီလို့ ပြောလို့ရပါတယ်။
၅။ ChinLand Council ရဲ့ လက်ရှိဆောင်ရွက်ချက်တွေနဲ့ ပတ်သက်ပြီး အဓိက စိန်ခေါ်မှုတွေက ဘာတွေဖြစ်မလဲ။ ချင်းဒေသက ပြည်သူတွေက ဘယ်လို ပြဿနာ တွေကို ရင်ဆိုင်နေရလဲ။
ပြည်သူတွေကော၊ ကျနော်တို့ နိုင်ငံရေးသမားတွေကော စိန်ခေါ်မှုကြီးကြီးမားမားကို ရင်ဆိုင်နေရတယ်။ ပထမ အချက်အနေနဲ့ စိန်ခေါ်မှုအကြီးမားဆုံးက ရခိုင်ပြည်နယ်မှာရှိတဲ့ ကျနော်တို့ညီအစ်ကိုတွေ AAတွေကနေ ကျနော်တို့ကို လာကျူးကျော်တဲ့အတွက် အဲဒါက စိန်ခေါ်မှု အကြီးမားဆုံးဖြစ်ပါတယ်။ နောက်ပြီးတော့ AAတွေနဲ့ တွဲပြီးတော့မှ သူတို့နိုင်ငံရေး အသက်ရှင်လို့ ရအောင်၊ နိုင်ငံရေး ကစားလို့ရအောင်၊ ချင်းပြည်ရဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ ပေါ်ပေါက်လာတဲ့ မဏ္ဍိုင်ကြီး ၃ရပ်နဲ့ ကောင်စီကို ဖျက်လိုဖျက်ဆီးလုပ်ချင်တဲ့ တချို့ပုဂ္ဂိုလ်တွေက နိုင်ငံရေးကစားနေတဲ့ အချိန်ဖြစ်တဲ့အတွက် ဒါကလည်း ဒုတိယစိန်ခေါ်မှု ဖြစ်ပါတယ်။
စစ်ကောင်စီရဲ့ စိန်ခေါ်မှုကတော့ အဲဒီလောက်မကြီးမားပါဘူး။ ကြာလာရင်တော့ ကျနော်တို့ သိမ်းသွားမှာပါ။ ဆိုတော့ စိန်ခေါ်မှု ၂ချက်ကို ကျနော်တို့ ကြုံတွေ့နေရတာ ဖြစ်ပါတယ်လို့ ပြောချင်ပါတယ်။
၆။ ရှေ့ဆက်ပြီး Chinland Council အနေနဲ့ ဘယ်လို လုပ်ငန်းစဉ်တွေကို ဦးစားပေး အကောင်အထည်ဖော် ဆောင်ရွက်သွားဖို့ရှိလဲ။
ကျနော်တို့ Chinland Council ကနေပြီးတော့မှ စစ်ရေးနဲ့ နိုင်ငံရေးကို ဟန်ချက်ညီညီ သွားရမယ်ဆိုတာ မူဝါဒချထားတာ ရှိပါတယ်။ စစ်ရေးနဲ့ နိုင်ငံရေးကို ဟန်ချက်ညီတဲ့နေရာမှာ ကျနော် တစ်ခုပြောမယ်။ ချင်းပြည်အစိုးရက ဝင်ငွေစုစုပေါင်း GDPရဲ့ ၆၅ရာခိုင်နှုန်းကို ကာကွယ်ရေးအတွက် အသုံးပြုပါတယ်။ အဲဒီတော့ စစ်ရေးကို ကျနော်တို့က တော်တော်လေး ဦးစားပေးပါတယ်။ ဘယ်နိုင်ငံမှာမရှိတဲ့ income ရဲ့ ၆၅ရာခိုင်နှုန်းကို စစ်ရေးအတွက် အသုံးပြုနေပါတယ်။ ဒါကြောင့် ဘာကိုဦးစားပေးနေသလဲဆိုတာ သိလိမ့်မယ်ထင်ပါတယ်။
၇။ နောက်ဆုံးအနေနဲ့ ဖြည့်စွက်ပြောကြားချင်တာရှိရင် ပြောပေးပါအုံး။
ချင်းပြည်မှာ ဘာဖြစ်နေသလိုဆိုတဲ့ဟာကို မြေပြင်မှာမသိတဲ့သူတွေအတွက် ပြောပြချင်တာ ရှိပါတယ်။ သိဖို့အတွက် မြန်မာနိုင်ငံမှာရှိတဲ့ နိုင်ငံရေးသမားတွေ၊ ပြည်သူတွေအားလုံး ကြိုးစားဖို့လိုမယ်။ ဆိုရှယ်မီဒီယာကနေ၊ အွန်လိုင်းကနေ ရေးနေတဲ့ဟာတွေကတော့ သိပ်မယုံဖို့ အရေးကြီးမယ်လို့ ကျနော်ထင်ပါတယ်။
မြန်မာနိုင်ငံမှာ တော်လှန်ရေးမှာ အခက်ခဲဆုံး နိုင်ငံရေးကစားဖို့ လွယ်ကူတာကတော့ ၂၁ရာစုမှာ ဆိုရှယ်မီဒီယာရဲ့ကောင်းကျိုးနဲ့ ဆိုးကျိုးကို ရောပြီးတော့မှ ခံစားနေရတဲ့အတွက် တကယ့်ဖြစ်စဉ် နိုင်ငံရေးအခင်းအကျင်းသည် ဘာဖြစ်နေသလဲ ဆိုတာကို မေးပြီးမှ ဘာမှမသိပဲနဲ့ အွန်လိုင်းကိုယုံပြီးမှ ပြောဆိုတာတို့၊ ဝေဖန်တာတို့၊ သုံးသပ်တာတို့၊ စိတ်ညစ်တာတို့၊ ပျော်တာတို့ဆိုတာကတော့ မကောင်းပါဘူး။
အဲဒါကြောင့် ချင်းပြည်ကို ဘာဖြစ်နေသလဲလို့ သိချင်တယ်ဆိုရင်တော့ ချင်းပြည်ကို လာလည်ကြပါ။ ကျနော်တို့ကတော့ မြေပြင်မှာ ရုံးတွေကောင်းကောင်းဖွင့်၊ ရုံးတက်ရုံးဆင်းနဲ့ အရင်ကပုံမှန်အစိုးရလို့မျိုး လည်ပတ်နေပြီဖြစ်တာကြောင့် လာလည်ကြပါလို့ ဖိတ်ခေါ်ချင်ပါတယ်။