အတွေးအမြင်

လားရှိုးဖဲချပ်နဲ့ ကိုးကန့်တပ်

သုဝဏ္ဏခွန် | အတွေးအမြင်

လားရှိုးဖဲချပ်နဲ့ ကိုးကန့်တပ်

သုဝဏ္ဏခွန် | အတွေးအမြင်

အပြင်ကို ပေါက်ထွက်လာတဲ့ တရုတ်နဲ့ ဝတပ်ရဲ့ အစည်းအဝေးမှတ်တမ်းဟာ မြန်မာ့ပြည်တွင်းရေးအပေါ် တရုတ်ရဲ့ ပေါ်ပေါ်ထင်ထင် ဝင်ရောက်စွတ်ဖက်နေမှုကို ဖော်ညွန်းရာ ရောက်ပါတယ်။ တရုတ်ဟာ စစ်အစိုးရအဆက်ဆက်နဲ့ သမိုင်းကြောင်းအရ ရှည်လျားတဲ့ ဆက်ဆံရေး‌တွေ ရှိတဲ့အတွက် ဒေါ်အောင်ဆန်းစုကြည်နဲ့ ၂၀၂၁ စစ်အာဏာသိမ်းပြီး‌နောက် ဖွဲ့စည်းလာတဲ့ အန်ယူဂျီအစိုးရကို မထောက်ခံ‌သလို စစ်ကောင်စီနေရာကို အစားထိုးဖို့ စဉ်းစားထားတာချက် လုံးဝ)မရှိပါဘူး။ ကိုးကန့်တပ်ဟာ ရှမ်းမြောက်နဲ့ တရုတ်နယ်စပ်တည်ငြိမ်ရေးအတွက် ခြိမ်းခြောက်နေတဲ့ ပြသာနာကောင်လို့ တရုတ်က သုံးနှုန်းပြောဆိုပါတယ်။ ဒါကြောင့် တရုတ်ဟာ နယ်စပ်တည်ငြိမ်ရေးကို ထိခိုက်အောင်လုပ်ဆောင်တဲ့ ကိုးကန့်တပ်ကို ရေဖြတ်၊ လျှပ်စစ်ဖြတ်၊ အင်တာနက်ဖြတ်၊ ထောက်ပို့ဖြတ်၊ လူအင်အားဖြတ် စတဲ့ ဖြတ်ငါးဖြတ်နည်းလမ်းနဲ့ ဖိအားပေးထားပါတယ်။ ကိုးကန့်တပ်အပေါ် ဖိအားပေးတဲ့ ဖြတ်ငါးဖြတ်အောင်မြင်ဖို့အတွက် ဂယ်ပေါက်ဖြစ်နေတဲ့ ဝတပ်ကိုလည်း ဖိအားပေးခြိမ်း‌ခြောက်ပြောဆိုပါတယ်။

တရုတ်ရဲ့ သံခင်းတမန်ခင်းပြောဆိုမှုတွေဟာ အထက်စီးဆန်လွန်းတဲ့အပြင် နိုင်ငံတစ်နိုင်ငံရဲ့ အချုပ်အခြာအာဏာပိုင်စိုးမှုကိုပါ ပေါ်ပေါ်ထင်‌ထင် ထိပါးစော်ကားတဲ့အထိ ဖြစ်ပါတယ်။ တရုတ်ဟာ သူကိုယ်တိုင် မြန်မာ့အရေးကို ပေါ်ပေါ်ထင်ထင် ဝင်ရောက်စွတ်ဖက်နေပေမယ့် အမေရိကန်နဲ့ အနောက်နိုင်ငံတွေ မြန်မာ့အရေးကို စွတ်ဖက်လာမှာကို စိုးရိမ်နေပါတယ်။

အထူးသဖြင့် အန်ယူဂျီအစိုးရနဲ့ ခုခံတော်လှန်ရေးအင်အားစုတွေကို အနောက်နိုင်ငံတွေရဲ့ လက်ဝေခံဖြစ်တယ်လို့ တရုတ်က နားလည်ယူဆထားပြီး တော်လှန်ရေးအင်အားစုတွေရဲ့ သိမ်းပိုက်ထိန်းချုပ်နယ်မြေ ပိုပြီးကျယ်ပြန့်လာမှာကို စိုးရိမ်နေပါတယ်။ ဒါကြောင့် ဝတပ်နဲ့ ကိုးကန့်တပ်ကို အန်ယူဂျီအစိုးရနဲ့ ဆက်ဆံရေးမလုပ်ဖို့နဲ့ ရှိထားတဲ့ ဆက်ဆံရေးကိုလည်း ဖြတ်တောက်ကြဖို့ ဖိအားပေးပြောဆိုနေတာပါ။

ဝတပ်နဲ့ တရုတ်ရဲ့ အစည်းအဝေးမှတ်တမ်း ပေါက်ထွက်လာမှုနဲ့ ပတ်သက်ပြီး သုံးသပ်ချက်အမျိုးမျိုးရှိ‌နေပေမယ့် တူညီတဲ့သုံးသပ်ချက်မှုတွေဟာ ရည်ရွယ်ချက်ရှိရှိနဲ့ အပြင်ကို ရောက်စေခဲ့တာလို့ သုံးသပ်ကြပါတယ်။ အစည်းအဝေးမှတ်တမ်းပါ အချက်အလက်တွေနဲ့ ပြောဆိုမှုတွေမှာ တရုတ်ရဲ့ ခြိမ်းခြောက်မှုအများအပြားပါနေတဲ့အပြင် လားရှိုးနဲ့ ပတ်သက်တဲ့ အနာဂတ်အလားအလာကိုလည်း တွေးဆစရာပါနေပါတယ်။

အစည်းအဝေးမှတ်တမ်းပါ ကိုးကန့်တပ်ရဲ့ ခေါင်းဆောင်က “လားရှိုးမြို့ကို ငါတို့သိမ်းနိုင်ရင် ငါတို့မှာ ညှိနှိုင်းဖို့အတွက် ဖဲချပ်ကြီးကြီးပိုရတယ်”ဆိုတဲ့ ဖြေကြားမှုဟာ စိတ်ဝင်စားစရာဖြစ်ပါတယ်။ ဒီအချက်ကို အလေး‌တင်ပြောဆိုဆွေးနွေးမှုတွေ မရှိနေပေမယ့် စစ်ကောင်စီရဲ့ ဗုံးကြဲတိုက်ခိုက်မှုကို ဆက်တိုက်ကြုံနေရတဲ့ လားရှိုးမြို့အတွက် ချဲ့ထွင်တွေးဆသင့်တဲ့အချက်ဖြစ်မယ်ထင်ပါတယ်။

တရုတ်ဟာ ကိုးကန့်တပ်အနေနဲ့ လားရှိုးမြို့ကို သိမ်းပိုက်ထိန်းချုပ်လိုက်တဲ့အပေါ် (လုံးဝ)သဘောမကျပါဘူး။ အထူးသဖြင့် စစ်ကောင်စီအတွက် အရေးကြီးတဲ့ ရမခလို စစ်တိုင်းတခုကို သိမ်းပိုက်လိုက်တာဟာ ရှမ်းမြောက်ဒေသမှာ ပြင်းထန်ရှည်ကြာတဲ့ နှစ်ဘက်ပဋိပက္ခကို ဖြစ်‌စေတယ်လို့ တရုတ်က နားလည်ထားပုံရပါတယ်။

စစ်ကောင်စီအနေနဲ့လည်း ရမခလို စစ်တိုင်းကို လက်လွတ်ရပြီးကတည်းက သူ့ရဲ့ မရှိတဲ့သိက္ခာတွေပါ ကျပြီးရင်းကျခဲ့ရတဲ့အပြင် တပ်ထောက်ခံသူတွေ‌ရဲ့ ‌ဆဲဆိုဝေဖန်မှုကိုပါ ခံလာနေရပါတယ်။ အဆိုးဆုံးကတော့ အမျိုးသားရေးအစွန်းရောက်ဆရာတော် ဝီရသူရဲ့ ရေစက်ချအမျှ‌ဝေခိုင်းတဲ့ တရားတွေဟာ စစ်ကောင်စီကို ပိုပြီးနာကျင်စေမှာပါ။ ဒါကြောင့် စစ်ကောင်စီဟာ မရှိတဲ့အရှက်ကို ပြန်ဆယ်ရေး၊ တပ်တွင်းစိတ်ဓာတ်မြင့်တင်ရေးတွေ လုပ်နိုင်ကောင်းရဲ့ ဆိုတာမျိုးနဲ့ လားရှိုးကို နေ့စဉ်ရက်ဆက် လေကြောင်းတိုက်ခိုက်မှုတွေကို လုပ်နေတာပါ။

စစ်ကောင်စီအနေနဲ့ လားရှိုးမြို့ကို ၎င်းတို့ ပြန်ပြီးမထိန်းချုပ်နိုင်ရင်တောင် ကိုးကန့်တပ်လက်ထဲကို အသာတကြည်နဲ့ ပေးလိုက်ပြီး အုပ်ချုပ်ရေးယန္တရားလည်ပတ်နိုင်တာကို ထိုင်ကြည့်နေမှာမဟုတ်ပါဘူး။ စစ်ကောင်စီဟာ မစားရတဲ့ အမဲသဲနဲ့ပက်ဆိုသလို လားရှိုးကိုလည်း အဲသည်အတိုင်းပဲ လေကြောင်းတိုက်ခိုက်မှုတွေကို ဆက်ပြီးလုပ်သွားဖို့ရှိပါတယ်။ တရုတ်အနေနဲ့ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကို အသံထွက်တားဆီးတာမျိုးမရှိပေမယ့် လားရှိုးမြို့ကို ထိန်းချုပ်ထားတဲ့ ကိုးကန့်တပ်ကိုတော့ ဖိအားအမျိုးမျိုးပေးနေပါတယ်။

တရုတ်ရဲ့ ဖိအားပေးမှုတွေကြောင့် ကိုးကန့်တပ်ဟာ အန်ယူဂျီအစိုးရနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေကို ထိတွေ့ဆက်ဆံမှုမပြုပါဘူးလို့ စာထုတ်ပြန်ရတဲ့အထိ ဖြစ်ခဲ့ပါတယ်။ ဒါ့အပြင် လောလောလတ်လတ်မှာ ကိုးကန့်တပ်ဟာ အမေရိကန်နဲ့ အနောက်နိုင်ငံတွေအပါအဝင် ဒေသတွင်း အာဆီယံနိုင်ငံတွေကို ထွက်ခွာတာမျိုး၊ ဆက်သွယ်တာမျိုး မလုပ်ကြဖို့ ကြေညာချက်ထုတ်ပြန်လာပါတယ်။

ကိုးကန့်ရဲ့ ထုတ်ပြန်မှုတွေဟာ တရုတ်ရဲ့ ဖိအားကြောင့်ဆိုတာ အားလုံးနားလည်ထားပြီးဖြစ်ပါတယ်။ ဆိုရရင် ကိုးကန့်တပ်ရဲ့ အခြေအနေဟာ တရုတ်ရဲ့ ဖိအားပေးမှု‌တွေကြောင့် ကျဉ်းထဲကြပ်ထဲကို ရောက်နေတာဖြစ်ပါတယ်။ လားရှိုးမြို့ကို စစ်ကောင်စီလက်ထဲ ပြန်မအပ်ရင် ကိုးကန့်တပ်နဲ့ ကိုးကန့်ဒေသဟာ ဖြတ်ငါးဖြတ်နဲ့ တရုတ်ရဲ့ ဖိအားကို ရေရှည်တောင့်ခံနိုင်ဖို့ မစွမ်းနိုင်ပါဘူး။ ဒါပေမယ့် ရမခလို စစ်တိုင်းတစ်ခုလုံးကို သိမ်းပိုက်နိုင်ပြီးမှ ရန်သူလက်ထဲ အလွယ်တကူ ပြန်ထိုးအပ်လိုက်ရင် ကိုးကန့်တပ်နဲ့ ခုခံတော်လှန်ရေးအင်အားစုအကြား ဆက်ဆံရေး ပိုပြီးကျဲလာနိုင်‌ပါတယ်။

စစ်ကောင်စီဟာ လေကြောင်းနဲ့ လားရှိုးကို အမျိုးမျိုးဖျက်ဆီးနေတဲ့အပြင် မိုင်းရယ်လို ခုခံတော်လှန်ရေးအင်အားစု‌တွေ ထိန်းချုပ်ထားတာမဟုတ်တဲ့ မြို့ကနေ ရမခ စစ်တိုင်းကို ပြောင်းရွေ့ဖွဲ့စည်းပြီး လားရှိုးမြို့ကို ပြန်လည်ထိန်းချုပ်နိုင်ရေး စစ်ကြောင်းထိုးဖို့ ပြင်ဆင်နေပါတယ်။ ဒါ့အပြင် စစ်ကောင်စီအနေနဲ့ လားရှိုးမြို့ကို ဝင်လာနိုင်တဲ့ တန့်ယန်းလမ်းကြောင်းကိုလည်း စစ်ကောင်စီရဲ့ ခွင့်ပြုချက်နဲ့ ဝတပ်က ထိန်းချုပ်ထားပါတယ်။

အစည်းအဝေးမှတ်တမ်းပါ ပြောဆိုမှုတွေအရ ဝတပ်ဟာ ကိုးကန့်တပ်နဲ့ စစ်ကောင်စီတပ်အကြား နှစ်ဦးနှစ်ဘက် အကျိုးအမြတ်ရဖို့အတွက်ပဲ လုပ်ပေးဖို့ စိတ်ဆန္ဒရှိ‌ပါတယ်။ ဒါပေမယ့် ဝတပ်ကိုယ်တိုင် တရုတ်ရဲ့ ဖိအားပေးခြိမ်းခြောက်မှုတွေခံနေရတဲ့အပြင် တရုတ်အလိုကျ စစ်ကောင်စီနဲ့ အလိုက်သင့် ဆက်ဆံနေရတဲ့အတွက် ဝခွင့်ပြုချက်နဲ့ စစ်ကောင်စီသာ လားရှိုးကို မြေပြင်ထိုးစစ် စနိုင်ရင် ကိုးကန့်တပ်အနေနဲ့ ရေရှည်ခုခံဖို့ မလွယ်နေပါဘူး။ အထူးသဖြင့် ကိုးကန့်တပ်ဖွဲ့ဟာ ဖြတ်ငါးဖြတ်နဲ့ တရုတ်ရဲ့ ဖိအားပေးမှုတွေ ရှိနေတဲ့အတွက် ခုခံနိုင်စွမ်း အကန့်အသတ်ရှိနိုင်ပါတယ်။ ဆိုရရင် ကိုးကန့်တပ်အနေနဲ့ လားရှိုးမြို့ကို ပြန်ပြီးလက်လွတ်ရဖို့ ရှိလာနိုင်ပါတယ်။

ကိုးကန့်တပ်အနေနဲ့ ဘယ်လိုမျိုးနိုင်ငံရေးအာမခံချက်တွေ၊ အပေးအယူတွေနဲ့ လားရှိုးကို လက်လွတ်မယ်ဆိုတာတော့ ဘယ်သူကမှ မသိနိုင်ပါဘူး။ ဒါပေမယ့် ခုခံတော်လှန်ရေးအင်အားစုတွေနဲ့ ပိုပြီးကင်းကွာသွားနိုင်တဲ့ နိုင်ငံရေးအပေးအယူမျိုး မဖြစ်ဖို့လိုပါတယ်။ ကိုးကန့်ခေါင်း‌ဆောင်ရဲ့ “လားရှိုးကိုသိမ်းနိုင်ရင် ညှိနှိုင်းရေးအတွက် ဖဲချပ်ကြီးကြီးရတယ်”ဆိုတာကို ပြန်ချိတ်ဆက်ပြီး သုံးသပ်ရင် ကိုးကန့်တပ်အနေနဲ့ အချိန်တခုမှာ လားရှိုးကို စားပွဲဝိုင်းပေါ်တင်ပြီး နိုင်ငံရေးအပေးအယူလုပ်မယ်ဆိုတဲ့ သဘောရောက်ပါတယ်။ ဘယ်လိုပဲဆိုဆို လားရှိုးကို လက်လွတ်တာနဲ့ တစ်ပြိုင်နက် ကိုးကန့်တပ်အပေါ်ထားတဲ့ ခုခံတော်လှန်ရေးအင်အားစုတွေရဲ့ ယုံကြည်မှုတွေဟာ ရုတ်ချည်းဆိုသလို ပြောင်းလဲသွားပါလိမ့်မယ်။

ရမခလို စစ်ကောင်စီအတွက် အရေးကြီးတဲ့ စစ်တိုင်းတခုကို လက်လွတ်တာသည် ရန်သူအတွက် ကြီးမားတဲ့ စိတ်ဓာတ်ခွန်အားကို ဖြစ်စေနိုင်ပါတယ်။ ဆိုရရင် လားရှိုးမြို့ လက်လွတ်ရေး၊ လက်မလွတ်ရေးသည် ကိုးကန့်တပ်နှင့် ကိုးကန့်ဒေသအတွက် ကျဉ်းထဲကြပ်ထဲအခြေအနေဖြစ်ပြီး ရွေးချယ်ရခက်ရတဲ့ ကိစ္စဖြစ်ပါတယ်။ ဒါပေမယ့်လည်း အစည်းအဝေးမှတ်တမ်းပါ ပြောဆိုမှုတွေအရ ကိုးကန့်တပ်ဟာ လားရှိုးမြို့ကို သိမ်းပြီး ထိန်းချုပ်လိုတဲ့ နိုင်ငံရေးဆန္ဒရှိကောင်းရှိနိုင်ပေမယ့် ကြုံလာနိုင်ချေရှိတဲ့ တရုတ်ရဲ့ဖိအားကို ကြိုတင်ထည့်သွင်းစဉ်းစားခဲ့ပြီး မြို့ကိုထိန်းချုပ်ထက် နိုင်ငံရေးစားပွဲဝိုင်းပေါ်တင်ပြီး အပေးအယူလုပ်လိုတာကို မြင်ရပါတယ်။ ဒါကြောင့် ကိုးကန့်တပ်အနေနဲ့ ကြီးကြီးမားမားကြုံနေရတဲ့ တရုတ်ရဲ့ ဖိအားကို အန်ယူဂျီနဲ့ ခုခံတော်လှန်ရေးအင်အားစုတွေ ဘယ်လိုမျိုး ထိရောက်အောင် တုန့်ပြန်ပေးနိုင်မလဲနဲ့ ကိုးကန့်အတွက် အသက်ရှုပေါက် ချောင်လည်အောင် ဘယ်လိုလုပ်ပေးနိုင်မလဲက လားရှိုးမြို့ ပြန်လည်လက်မလွတ်ရရေးအတွက် ပုစ္ဆာအချို့ဖြစ်ပါတယ်။

အန်ယူဂျီအနေနဲ့ အသက်ရှုပေါက် မဖန်တီးပေးနိုင်ရင် ကိုးကန့်တပ်အနေနဲ့ ကိုးကန့်ဒေသအတွက် လားရှိုးမြို့ကို နိုင်ငံရေးအပေးအယူလုပ်ပြီး မဖြစ်မနေ လက်လွတ်ရဖွယ်ရှိပါတယ်။ လက်လွတ်ဖို့လည်း စဉ်းစားထားသလို လက်လွတ်ရဖို့ အခြေအနေတွေလည်း နေ့စဉ်နဲ့အမျှ ဖြစ်ပေါ်ပြောင်းလဲနေပါတယ်။ နောက်ဆုံးအနေနဲ့ လားရှိုးမြို့ကို ပြန်လည်လက်လွတ်ရမှုဟာ တော်လှန်ရေးတစုံလုံးအပေါ် သက်ရောက်မှု ကြီးကြီးမားမားရှိနိုင်ပါတယ်။

သုဝဏ္ဏခွန် | Getty Images

Related Articles

Back to top button