အင်တာဗျူး

ရွေးကောက်ပွဲက စစ်ကောင်စီရဲ့ နိုင်ငံရေးထွက်ပေါက်လား

ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ - ALD ရဲ့ အထွေထွေအတွင်းရေးမှူး ဦးမျိုးကျော်နဲ့ တွေ့ဆုံခြင်း

ရွေးကောက်ပွဲက စစ်ကောင်စီရဲ့ နိုင်ငံရေးထွက်ပေါက်လား

ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ – ALD ရဲ့ အထွေထွေအတွင်းရေးမှူး ဦးမျိုးကျော်နဲ့ တွေ့ဆုံခြင်း

ဖက်ဒရယ်ဂျာနယ်၊ မြန်မာ

အောက်တိုဘာ ၁၃၊ ၂၀၂၄

Q. စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေး ဆွေးနွေးဖို့ဖိတ်ခေါ်တဲ့အပေါ် ထောက်ခံထားတဲ့ ပါတီ ၂၆ ခုကို ဘယ်လို သဘောထားမှတ်ချက်ပေးချင်ပါသလဲ။

ဒီ အုပ်စုတွေက စစ်တပ်က တစ်ဖက်လှည့်နဲ့ထောင်ခဲ့တဲ့ ပါတီတွေဖြစ်တယ်။ တစ်ဖက်မှာ ပြန်ပြီး မျက်နှာပြရင်တော့ တိုင်းရင်းသားအရေး၊ အမျိုးသား အရေးကို အရေခြုံတယ်။ နိုင်ငံရေးရပ်တည်ချက်တော့ ကွာသွားတယ်။ အဲ့ဒီပါတီတွေက စစ်တပ်အတွက် ဟို့ကတည်းက ထောင်ခဲ့တဲ့ ပါတီတွေ အများစုဖြစ်တယ်။

တချို့ ဒီဘက်က ပါတီငယ်တွေလည်းပါပါတယ်။ သူတို့ကလည်း အခွင့်အရေး ရမလားဆိုတဲ့ပုံစံမျိုးနဲ့ပေါ့။ ဒီပါတီတွေက တောက်လျှောက် ပြည်ခိုင်ဖြိုးပါတီက ထုတ်ပြန်တဲ့ အထဲမှာ ပါဝင်တယ်။ အဲ့ဒီပါတီတွေနဲ့ ကျနော်တို့ပါတီနဲ့က လုံးဝ ဆန့်ကျင်တယ်။ ကျနော်တို့က ပါတီ စထောင်ကတည်းက မြန်မာနိုင်ငံမှာ စစ်အာဏာရှင်ကို မလိုလားဘူး။ စစ်တပ်က အာဏာ ထိန်းတယ်လို့ပြောတယ်ဆိုပင်မဲ့ အာဏာသိမ်းတာပဲဖြစ်တယ်။ အာဏာသိမ်းထားတဲ့ စစ်ကောင်စီက ရွေးကောက်ပွဲ ကော်မရှင် အသစ်ဖွဲ့တယ်။ ပြန်ပြီးတော့ မှတ်ပုံတင်ခိုင်းတယ်။ ဒါကို ကျနော်တို့က ပါတီရဲ့ စည်းမျဉ်း စည်းကမ်းအရ လက်ခံလို့မရဘူး။

Q. စစ်ကောင်စီက အရင်က တိုင်းရင်းသားတပ်ဖွဲ့တွေ၊ နိုင်ငံရေးပါတီတွေကို ငြိမ်းချမ်းရေးဆွေးနွေးဖို့ ဖိတ်ခေါ်တယ်။ NUG နဲ့ PDF တွေတော့ မပါခဲ့ဘူးပေါ့။ အခုတော့ PDF တွေကိုပါ ထပ်ပြီး ဖိတ်ခေါ်လာတယ်။ ဒါက ဘယ်လို သဘောထားမျိုးလဲ။

အာဏာ balance လုပ်တဲ့အခါမှာ စစ်တပ်က အားနည်းနေတဲ့ အတွက် တစ်ဖက်ကို အလျော့ပေးပြီးလိုက် ညှိနှိုင်းရတယ်။ ဟိုတုန်းကဆိုလည်း AA တို့ဆို အကြမ်းဖက်လို့ ကြေညာထားတယ်။ နောက်ပိုင်းမှာ အကြမ်းဖက်ဆိုတဲ့ အသုံးနှုန်းကို ပြန်ဖြုတ်ပေးတယ်။ အခု အကြမ်းဖက်လို့ ကြေညာတယ်။ အခုတခါ ညှိနှိုင်းဖို့ ထပ်ခေါ်တယ်။ သူတို့မှာက မူတစ်ခုတည်းမဟုတ်ဘူး။ လိုရင် လိုသလို အလျော့အတင်းပြုလုပ်နေတာ။ ဒါတွေကိုကြည့်ပြီး ဒီကောင်က ငါတို့ကို အလျော့ပေးနေပြီးလို့ အထင်သေးလို့ မရသလို သတိကြီးစွာထားပြီး လုပ်ရမယ်။

Q. တစ်ဆက်တည်းမှာပဲပေါ့ လက်ရှိနိုင်ငံရေး အရွေ့က ဘယ်ဘက်ကို ဦးတည်သွားနိုင်လဲ။

မအလ နဲ့ အပေါင်းအပါတွေကတော့ သူတို့သွားချင်တဲ့ လမ်းကို ရအောင်ဆွဲတာပဲ။ အမှန်တော့ ရွေးကောက်ပွဲကလည်း အာဏာသိမ်းစဥ် သူတို့ ကြေညာချက်ရဲ့ နောက်ဆုံးမှာ ပါပြီးသားပဲ။ သူတို့က အာဏာသိမ်းချင်လို့ သိမ်းတာ။သူတို့ ဆက်ပြီးအုပ်ချုပ်ဖို့အတွက် သိမ်းတာ။ အဲ့လိုလုပ်ဖို့ အတွက်လည်း သူတို့က ကိုယ့်ပြည်သူတွေကို ချနင်း သတ်ဖြတ်ခဲ့တာပဲ။ ဒါပေမယ့် သူတို့ သွားချင်တဲ့ လမ်းကို ချောချောမွေ့မွေ့မရောက်တဲ့ အခါမှာ အပေးအယူလုပ်တာ၊ ဖိတ်ခေါ်တာ၊ ငြိမ်းချမ်းရေးဆွေးနွေးမှာ ဆိုတဲ့ စကားတွေဖြစ်လာတာပဲ။

Q. စစ်ကောင်စီက နိုင်ငံရေးထွက်ပေါက်အနေနဲ့ရော သူ့ရဲ့ ရွယ်ချက်ချက်ဖြစ်တဲ့ ရွေးကောက်ပွဲကို အကောင်အထည်ဖော်ဖို့ကြိုးစားနေတယ်။ တော်လှန်ရေးဘက်က အားလုံးကလည်း ဒါကို ဆန့်ကျင်ဖို့က လုံးဝသေချာတယ်။ လက်ရှိအချိန်မှာတော်လှန်ရေး အင်အားစုတွေဖြစ်တဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေ၊ PDF တွေရော၊ NUG ကရော ဘာတွေ လုပ်ဆောင်သင့်လဲ။ ဘာတွေကိုအကောင်အထည်ဖော်သင့်လဲ။

တိုင်းရင်းသားတော်လှန်ရေးအင်အားစုတွေကတော့ သူတို့ အလုပ် သူတို့လုပ်နေတာပဲ။ အခုမှ မဟုတ်ဘူး။ တိုင်းရင်းသားတော်လှန်ရေး အင်အားစုတွေက စပြီးလက်နက်ကိုင်တော်လှန်ကတည်းက သူတို့ယုံကြည်ရာ၊ သူတို့လူမျိုး၊ သူတို့ဒေသ အတွက် အလုပ်လုပ်နေကြတာပဲ။ ဒီဘက်ကိုရောက်လာတဲ့ တော်လှန်ရေး အဖွဲ့တွေ၊ NUG တို့ အနေနဲ့က သူတို့အလုပ်ကို သူတို့ လုပ်ဖို့လိုတယ်။ သူတို့ရဲ့ ဦးတည်ရာ၊ ဦးတည်ချက်က ဝေဝါးတယ်။ ရှင်ရှင်းလင်းလင်းမရှိဘူး။ အဲ့တော့ ကိုယ်လုပ်စရာရှိတဲ့ အလုပ် ကိုယ့်အလုပ်ကို လုပ်ဖို့လိုပါတယ်။

Related Articles

Back to top button